အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
🌻 Chapter 11
ကိုယ်လုပ်တော်လီသည် အလွန် ကြွားလုံးထုတ်တတ်သူ ဖြစ်သည်။ သို့ဖြစ်ရာ ဖူကျင်း အလုပ်များနေသဖြင့် တစ်လကျော်ခန့် ရပ်နားထားခဲ့သော မနက်ခင်းဂါရဝပြုခြင်း အစီအစဉ်ကို ပြန်လည်စတင်လိုက်သည်နှင့် တစ်ပြိုင်နက် သူမသည် နှင်းလုံးလေးကို ရင်ခွင်ထဲ အမြတ်တနိုး ထည့်ကာ အပြေးအလွှား ကြွားဝါရန် ရောက်ချလာတော့သည်။
[ဒီလောက်အေးခဲလွန်းတဲ့ ဆောင်းရာသီကြီးကို ကြောင်လေး အအေးမိပြီး နေမကောင်းဖြစ်သွားရင် ဘယ်လိုလုပ်မလဲ]
ကမ်းကော်ကော်၏ တိရစ္ဆာန်ချစ်တတ်သော အသိစိတ်က ချက်ချင်း နိုးကြားလာပြီး လီစဲ့ဖူ ရင်ဘတ်ထဲမှ ထိုနှင်းလုံးလေးကို စိုးရိမ်တကြီး အကဲခတ်နေမိသည်။
လီစဲ့ဖူကမူ လူတိုင်း သူမအား မနာလိုအားကျနေကြသည်ဟု ထင်မှတ်ကာ ကြောင်လေးကို ထပ်မံမြှောက်ကိုင်လိုက်ရင်း ကြွားဝါလေသည်။
"စတုတ္ထမင်းသား ပြောတာတော့ ဒါက လက်အောက်ခံနိုင်ငံတစ်ခုက ဆက်သထားတဲ့ အဖိုးတန်လက်ဆောင်တဲ့၊ ကျွန်မက ကြောင်လေးတွေကို ချစ်တတ်မှန်းသိလို့ ခမည်းတော်ဧကရာဇ်ဆီကနေ အထူးတလည် တောင်းပေးခဲ့တာလေ"
ထို့နောက် သူမသည် ကြောင်လေးကို အပေါ်သို့ မြှောက်ကိုင်ကာ နှုတ်ခမ်းလေးဆူလျက် အလွန်အမင်း ချစ်ခင်ယုယဟန်ဖြင့် မြှူလေသည်။
"ကြည့်ပါဦး၊ ကြည့်ပါဦး နှင်းလုံးလေးရယ်... သမီးလေးက သိပ်လှတာပဲကွယ်၊ မားမားက အာဘွားပေးမယ်နော်~"
အမှန်တွင်မူ လက်အောက်ခံနိုင်ငံက ဤကဲ့သို့ ရှားပါးကြောင်သုံးကောင်ကို ဆက်သခဲ့ခြင်းဖြစ်သည်။ ဧကရာဇ်မင်းမြတ်က စတုတ္ထမင်းသားမှာ ခွေးချစ်တတ်သူဖြစ်ကြောင်း သိထားသဖြင့် ကြောင်များကိုလည်း ကောင်းစွာ စောင့်ရှောက်နိုင်မည်ဟု တွေးတောခဲ့သည်။
ထို့ပြင် စတုတ္ထမင်းသားသည် မကြာသေးမီက တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နိုင်ခဲ့သောကြောင့် သူ့အား ဆုလာဘ်အဖြစ် တစ်ကောင် ချီးမြှင့်ခဲ့ခြင်းသာ ဖြစ်ပေသည်။
သို့သော် လီစဲ့ဖူ၏ ပုံကြီးချဲ့ထားသော ကြွားလုံးများက မနက်ခင်း အစည်းအဝေးတွင် အမှန်တကယ်ပင် သိသာထင်ရှားသော သက်ရောက်မှုရှိခဲ့ပေသည်။
ကိုယ်လုပ်တော်စုန့်က သူမ၏ လက်ဖက်ရည်ပန်းကန်လုံးကို စားပွဲပေါ်သို့ ရုတ်တရက် အသံမြည်အောင် ပြန်ချလိုက်သည်။ ထိုလက်ဖက်ရည်ကို သူမ ဆက်မသောက်နိုင်တော့ပေ။ လီစဲ့ဖူနှင့် ပုံမှန်အားဖြင့် ဆက်ဆံရေးကောင်းမွန်သော ကိုယ်လုပ်တော်ဝူပင်လျှင် ကြောင်လေးကို အနည်းငယ် မနာ လိုသော အကြည့်ဖြင့် ငေးကြည့်နေမိသည်။ သို့သော် သူမက ငယ်ရွယ်သူဖြစ်ရာ ထိုခံစားချက်များကို ဟန်လုပ်၍ ဖုံးကွယ်မထားနိုင်ချေ။
အစောက လီစဲ့ဖူမျက်နှာပေါ်ရှိ အမူအရာမှာ ကမ်းကော်ကော်အား သူမခေတ် အင်တာနက်တွင် မြင်ဖူးခဲ့သော ထူးဆန်းသည့် ဗီဒီယိုအချို့ကို သွား၍ သတိရစေသည်။ ဥပမာ- ချစ်စရာလေး၊ မားမားက သမီးလေးကို အသည်းယားလို့ ကိုက်စားပစ်ချင်နေပြီ၊ ဟီးဟီးဟီးဟီးဆိုသည့် ရူးကြောင် ကြောင် ဗီဒီယိုမျိုး ဖြစ်သည်။
ထို့ကြောင့် သူမသည် ပြုံးစိစိဖြစ်လာကာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ တစ်ချက် ရယ်လိုက်မိသည်။
လီစဲ့ဖူသည် သူမသည် မျက်နှာချင်းဆိုင်တွင် ထိုင်နေကာ မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး "ကိုယ်လုပ်တော်ကမ်း ဘာတွေ သဘောကျပြီး ရယ်နေတာလဲ"
ကမ်းကော်ကော် : "ဒီမနက် ကျွန်မရဲ့ အစေခံမလေး ပြောပြတဲ့ ဟာသတစ်ခုကို ရုတ်တရက် သတိရသွားလို့ပါ"
လီစဲ့ဖူ : "အိုး... ပြောပြပါဦး"
ကမ်းကော်ကော် : "ကျွန်မ အစ်မတော်ရဲ့ အချိန်တွေကို ထပ်အကုန်မခံချင်တော့ပါဘူး၊ အစ်မတော် ကြားချင်တယ်ဆိုရင် နောက်မှ ဟွာယုကို သီးသန့်လာပြောပြခိုင်းလိုက်ပါ့မယ်"
လီစဲ့ဖူက မကျေမနပ်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။
"ထားပါတော့၊ ငါ မကြားချင်တော့ဘူး"
ကမ်းကော်ကော်အနောက်တွင် ရပ်နေသော ဟွာယုမှာမူ သူမတို့၏ စကားကို ကြားသောအခါ မျက်ဝန်းများ အရောင်လဲ့သွားသည်။ အမှန်အတိုင်းပြောရလျှင် ကိုယ်လုပ်တော်လီ၏ အဆောင်မှာ အလွန်ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားသည်ဟု သူမ ကြားဖူးသည်မှာ ကြာပြီဖြစ်ရာ တစ်ခေါက်လောက်တော့ အရောက်သွားကြည့်ချင်နေမိသည်။
"နှမြောစရာပဲ..."
ကိုယ်လုပ်တော်ချန် သူမ၏ မောက်မာမှုကို ဘေးဖယ်ထားကာ လီစဲဖူအား အောက်ကျို့၍ ထောက်ခံလိုက်သည်။
"ကြည့်ရတာ မင်းသားက ညီမတော်ကို တကယ် အလိုလိုက်တာပဲနော်"
လီစဲ့ဖူက သူမအား တစ်ချက်ကြည့်လိုက်သည်။ ပုံမှန်အား ဖြင့် ၎င်းကို သူမ အထင်သေးသော်လည်း ယခုအခါ မြှောက် ပင့်ပေးနေသဖြင့် သဘောကျသွားကာ အလိုက်သင့်လေး ပြန်ပြောလိုက်သည်။
"ဟုတ်တာပေါ့၊ ဘာပဲဖြစ်ဖြစ် ငါတို့က အိမ်ထောင်သက်ရင့် ဇနီးမောင်နှံတွေပဲဟာ၊ ငါ့ကိုသာ အလိုမလိုက်ရင် ဘယ်သူ့ကို သွားအလိုလိုက်ရမှာလဲ"
အိမ်ထောင်သက်ရင့် ဇနီးမောင်နှံဟူသော စကားက ဖူကျင်း ၏နားထဲတွင် အတော်လေး ကလန့်တိုက်သွားစေသည်။ ဖူကျင်းက အေးစက်စက် လေသံဖြင့် "ဒါက ဧကရာဇ်မင်းမြတ် ချီးမြှင့်ထားတာဆိုတော့ သေချာဂရုစိုက်ရမယ်နော်"
လီစဲ့ဖူက "အစ်မတော် ပြောတာ မှန်ပါတယ်၊ ညီမတော် သေချာပေါက် ဒီကြောင်လေးကို ဝဖြိုးပြီး ကျန်းမာရေးကောင်းပြီး သက်တမ်းရှည်ရှည် နေနိုင်အောင် သေချာ ပြုစုပျိုးထောင်သွားမှာပါ"
ကမ်းကော်ကော်က အချိန်ကိုက် ဝင်ပြောလိုက်သည်။
"အမွေးရှည်တဲ့ ကြောင်မျိုးစိတ်တွေက အအေးလည်း ကြောက်တတ်တယ်လို့ ကြားဖူးတယ်၊ ဒါကြောင့် ဆောင်းရာ သီမှာ အအေးဒဏ်ကနေ ကာကွယ်ဖို့နဲ့ အအေးမပတ်အောင် ခြေဖဝါးက အမွေးတွေကို ပုံမှန် ညှပ်ပေးတာ အကောင်းဆုံးပဲ၊ ပြီးတော့ ဆောင်းရာသီမှာ အပြင်ကို သိပ်မခေါ်သွားဖို့လိုတယ်၊ အပူချိန် ရုတ်တရက် ပြောင်းလဲတာက သူ့ကျန်းမာ ရေးအတွက် မကောင်းဘူး၊ တကယ်လို့ အပြင်ထွက်ဖြစ်ရင်တောင်..."
"တော်စမ်း"
လီစဲဖူက မျက်မှောင်ကြုတ်ကာ ဆူပူလိုက်သည်။
"နင့်ကိုယ် နင် အကုန်သိတယ်လို့ ထင်နေတာလား၊ နင့်မိသားစု အခြေအနေနဲ့ ဒီလောက် အထက်တန်းကျတဲ့ ကြောင်မျိုးကို မွေးဖို့ အခွင့်အရေးရောရှိလို့လား"
ကမ်းကော်ကော်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ကျွန်မ လျှောက်ပြောနေတာ မဟုတ်ပါဘူး ဝက်သားမစားဖူးရင်တောင် ဝက်ပြေးတာတော့ မြင်ဖူးကြတယ် မဟုတ်လား၊ ပြီးတော့ ကျမ ဂျိုင်းယန့်ပန်ဒါတွေကိုတောင် မွေးဖူးတယ်!၊ အဲဒီသတ္တဝါတွေက ဘယ်လောက်တောင် အဖိုးတန်ပြီး နုနယ်လဲ သိလား၊ ဒါတောင် ကျွန်မက မီးခိုးရောင် ပန်ဒါ၀တုတ် တုတ်လေး တစ်ကောင်ဖြစ်လာအောင် ပြုစုပျိုးထောင်နိုင်ခဲ့သေးတာ"
ဤစကားကြောင့် လူတိုင်း ရယ်မောသွားကြသည်။ ဖူကျင်းပင် မနေနိုင်ပဲ ၀င်ပြောလေသည်။
"အစ်မတော်တော့ သူပြောတာလည်း အကျိုးကြောင်းသင့်တယ်လို့ထင်တယ်၊ ညီမတော်... နင် သူ့စကားကို နားမထောင်ရင်တောင် ကြောင်လေး ဒုက္ခမရောက်ရအောင် ကျွမ်းကျင်တဲ့ ကြောင်ထိန်းတစ်ယောက်ကို ရှာထားတာ ပိုကောင်းမယ်"
လီစဲဖူက ပြန်လည်ချေပသည်။
"ဟွန်း... ကြောင်တွေဆိုတာ အစေခံတွေလိုပဲ၊ သခင်နဲ့တူတဲ့ အိမ်မွေးတိရစ္ဆာန်ပေါ့၊ ကျွန်မ ကြောင်လေးက အရမ်းကျန်း မာတာ၊ ကိုယ်လုပ်တော်ချန်... နင်ရော အဲ့ဒီလို မထင်ဘူးလား"
ထိုစကားကြောင့် ကိုယ်လုပ်တော်ချန်၏ မျက်နှာမှာ ဖြူလျော့သွားသည်။ သူမက အနေခက်စွာဖြင့် အပြုံးတစ်ခုကို ကို့ယို့ကားယား ပန်ဆင်လျက်
"အစ်မတော် ပြောတာ မှန်ပါတယ်"
လီစဲဖူ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သို့သော် နှင်းလုံးလေးက သူမမျက်နှာကို မထောက်ချေ။ သူမ စကားပြောအပြီး မကြာမီ ကြောင်လေးက နှာချေချလိုက်သည်။
ထို့နောက် နှစ်ကြိမ်ဆက်တိုက် ထပ်နှာချေပြန်သည်။
လီစဲဖူဘေးရှိ အစေခံများက နှင်းလုံးလေးကို အလျင်အမြန် ပွေ့ချီလိုက်ကြသည်။ အစေခံတစ်ဦးက နှာရည်သုတ်ပေးပြီး နောက်တစ်ဦးက စောင်ဖြင့် ထွေးပတ်ကာ ရင်ခွင်ထဲ အမြန်ထည့်ထားလိုက်သည်။
လီစဲဖူသည် ကမ်းကော်ကော်ကို စူးရဲစွာ လှမ်းကြည့်လိုက်ပြီး အံကြိတ်ကာပြောလေသည်။
"အဲ့တာ နင်ပြောလို့ဖြစ်တာဟဲ့”
🌻 Chapter 12
ကြောင်လေးမှာ ကြမ်းတမ်းသော ခရီးစဉ်ကြောင့် ပင်ပန်းနွမ်းနယ်နေပြီးသားဖြစ်ရာ ယခုလို အေးစက်သော လေကြမ်းဒဏ်ကြောင့် ရုတ်တရက် နေမကောင်းဖြစ်သွားခြင်းပင်။
သူလေးသည် တစ်နေ့တခြား ပိန်ချုံးလာပြီး မျက်လုံးများ ချိုင့်ဝင်ကာ အစားအသောက်လည်း ပျက်သွားသည်။ သူလေး မျက်လုံးများမှလည်း မျက်ရည်များ အဆက်မပြတ် စီးကျနေပြီး အော်ဟစ်သံလေးကပင် တိုးဖျော့နေတော့သည်။
-----
လီစဲဖူ အလွန် စိုးရိမ်ပူပန်သွားပြီး အခန်းထဲရှိ အစေခံများကို လက်ညှိုးထိုးကာ ဒေါသတကြီး ပြောလေသည်။
"နင်တို့တွေ ပေါ့ဆလို့ အခုလို ဖြစ်ရတာ၊ ဒါလေးသာ တစ်ခုခုဖြစ်ရင် နင်တို့အားလုံး အသက်နဲ့ပြန်ပေးဆပ်ရမယ်"
အစေခံများနှင့် မိန်းမစိုးများမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ ယင်းလော့က သတ္တိမွေးကာ ပြောလေသည်။
"သခင်မ... အပြင်မှာ ဒီကြောင်ကို ပြုစုပေးနိုင်မယ့်သူ အခုလောလောဆယ် ရှာမတွေ့နိုင်ဘူး၊ သမားတော်ကလည်း ဆေးပြင်းသွားရင် ကြောင်လေးကို ထိခိုက်မှာစိုးလို့ ဆေးမပေးရဲဘူး ဖြစ်နေတယ်၊ ကျွန်မတို့ ကိုယ်လုပ်တော်ကမ်းကို မေးကြည့်ရင်ရော"
လီစဲဖူ မျက်လုံးများ ပြူးကျယ်သွားပြီး "သူ့ကို ဘာကိစ္စသွားမေးရမှာလဲ"
ယင်းလော့က "အဲဒီနေ့ကလေ ကိုယ်လုပ်တောကမ်းပြောတာကို ကြည့်ရင် သူက ဒီလိုကြောင်မျိုး မွေးတဲ့အကြောင်း အများကြီး သိပုံရတယ်၊ တစ်ချက်လောက် စမ်းကြည့်ရအောင်လား သခင်မရယ်၊ အဆင်ပြေသွားရင် အားလုံး ဝမ်းသာရမှာပဲ၊ အဆင်မပြေလို့ တစ်ယောက်ယောက်က အပြစ်တင်လာရင်လည်း ကျမတို့ အပြစ်တွေကို ခွဲယူလိုက်ကြတာပေါ့"
ဤစကားများက လီစဲဖူ၏စိတ်ကို အမှန်တကယ်ပင် လှုပ်ခတ်သွားစေသည်။ သူမ၏ အလောတကြီးဖြစ်နေမှုမှာ ချစ်စရာကောင်းသော ကြောင်လေးနှင့် မခွဲခွာရက်၍လည်းပါသော်လည်း ပိုအရေးကြီးသည်မှာ ဤကြောင်မျိုးမှာ အလွန် အဖိုးတန်လှပေသည်။
တစ်ကောင်မှာ လတ်တလော မျက်နှာပေးအခံရဆုံးဖြစ်သော ကိုယ်လုပ်တော်ယီထံတွင်ရှိပြီး နောက်တစ်ကောင်မှာ အိမ်ရှေ့ မင်းသားကြင်ယာတော်တွင်ရှိသည်။ သို့သော် မည်သည့်ကြောင်မျှ ဒုက္ခမရောက်ခဲ့ကြချေ။
သူမဆီက ကြောင်လေးမှာ အရင်ဆုံး တစ်ခုခုဖြစ်သွားခဲ့ရင် သွားပြီပဲ။
ထို့ကြောင့် လီစဲ့ဖူသည် ကမ်းကော်ကော်ကို အလျင်အမြန် ဆင့်ခေါ်လိုက်သည်။
လီစဲ့ဖူသည် အကူအညီတောင်းနေရသော်လည်း အရှိန်အဝါကိုတော့ မလျှော့ချေ။ သူမ၏လက်ဖြင့် စားပွဲကို ခေါက်လျက်
"ကမ်းကော်ကော်... နင့်အပြစ်ကို နင်သိလား"
ကမ်းကော်ကော်မှာ သဘာဝကျကျပင် နားမလည်နိုင်ဖြစ်သွားသည်။
"ကျွန်မ ဘာအမှားလုပ်မိလို့လဲ မသိပါဘူး"
လီစဲ့ဖူ : "လွန်ခဲ့တဲ့ ရက်အနည်းငယ်က မနက်ခင်း အစည်း အဝေးမှာ နင့်ရဲ့ နှင်းလုံးလေးကို ကျိန်ဆဲခဲ့တယ်လေ၊ အခု ငါ့နှင်းလုံးလေး အမြဲတမ်းနေမကောင်းဖြစ်နေတယ်၊ နင့်ကြောင့် သူ ဒီလို ဒုက္ခရောက်နေရတာ မဟုတ်ဘူးလား"
ကမ်းကော်ကော် ပြန်ထိုင်ချလိုက်ပြီး နှိမ့်ချစွာ ပြန်ပြောလိုက်သည်။
"အစ်မတော်က မတရား စွပ်စွဲတာပဲ၊ ကျွန်မက ကြောင်လေးကို စိတ်ပူလို့ ပြောပြရုံသက်သက်ပါ၊ ပေါ်တင်ကျိန်ဆဲဖို့ နေနေသာသာ ကွယ်ရာမှာတောင် မကျိန်ဆဲရဲပါဘူး၊ ဧကရာဇ်မင်းမြတ်က ဒီလိုကိစ္စမျိုးတွေကို အမုန်းဆုံးဆိုတာ လူတိုင်းသိတာပဲ၊ ကျွန်မတို့ ဒီလိုပြောနေတာက စတုတ္ထမင်းသားအတွက် ပြဿနာရှာပေးနေသလို ဖြစ်မနေဘူးလား"
လီစဲ့ဖူ ပြောစရာစကားစပျောက်သွားပြီး သူမနှင့် ဆက်၍ အခြေအတင် ပြောမနေချင်တော့ချေ။
"နင့်ထက် ရာထူးကြီးတဲ့သူအနေနဲ့ ငါက နင့်ကို ခိုင်းပိုင်ခွင့်ရှိတယ်၊ အခု ငါ့ရဲ့ နှင်းလုံးလေး နေမကောင်းဖြစ်နေတယ်၊ သူ့ကို ကုဖို့ နင့်မှာ နည်းလမ်းရှိလား"
ကမ်းကော်ကော်က ခပ်တိုးတိုး ပြောလိုက်သည်။
"ကျွန်မ တစ်ချက် ကြည့်ကြည့်မယ်"
[ငါက သမားတော်မှ မဟုတ်တာ၊ ကြောင်လေး နေမကောင်းဖြစ်နေတာကို ဘာလို့ ငါ့လာမေးနေရတာလဲ]
သူမ အတွင်းခန်းသို့ ဝင်သွားရာ မျက်လုံးတစ်ဝက်ပိတ်လျက် လှဲနေသော နှင်းလုံးလေးကို တွေ့လိုက်ရသည်။ သနားစရာ ကြောင်လေးမှာ မျက်လုံးပင် ကောင်းကောင်း မဖွင့်နိုင်တော့ချေ။
ကမ်းကော်ကော်သည် ကြောင်လေး၏ ယုံကြည်မှုရစေရန် ပထမဦးစွာ ကြောင်လေး၏ကျောကို ညင်သာစွာ သပ်ပေးလိုက်ပြီးနောက် နွေးထွေးစိုစွတ်သော တဘက်ကို အသုံးပြု၍ မျက်လုံးမှ နှာရည်များကို သန့်စင်ပေးလိုက်သည်။
အစေခံများမှာ ပျင်းရိနေခြင်း မဟုတ်ပဲ ကြောင်လေးမှာ အလွန်ဒေါသကြီးပြီး သန့်ရှင်းရေးလုပ်ပေးမည့်သူတိုင်းကို ကုတ်ခြစ်တတ်ခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် သန့်ရှင်းရေးလုပ်လေ သူ့နှာရည်များ ပိုထွက်လေဖြစ်သဖြင့် ၎င်းတို့လည်း သန့်ရှင်းရေးလုပ်ပေးမှု နည်းပါးသွားခြင်း ဖြစ်သည်။
သို့သော် ကမ်းကော်ကော်က နှင်းလုံးလေး၏ယုံကြည်မှုကို အလွယ်တကူ ရယူနိုင်ခဲ့သည်ကို လူတိုင်း သတိပြုမိလိုက်ကြသည်။
လီစဲဖူက မနာလိုသော လေသံဖြင့်
" အချိုတော့သပ်တတ်သားပဲ"
ကမ်းကော်ကော်က ပြောသည်။
"ဒီကြောင်ကို ကြည့်ရတာ အတွင်းအပူများနေတဲ့ပုံပဲ၊ အသားချည်းပဲ ကျွေးပြီး ပေါ့ပေါ့ပါးပါး အစားအစာတွေ အလုံ အလောက် မကျွေးဘဲ နေတာလား၊ ဒီလိုကြောင်မျိုးတွေက အစာအိမ် နူးညံ့တယ်... ဒါကြောင့် သူတို့ရဲ့ အစားအသောက်က ပေါ့ပေါ့ပါးပါး ဖြစ်သင့်တယ်"
ဤစကားကြောင့် အခန်းထဲရှိ လူအားလုံး ဆွံ့အသွားကြသည်။ အမှန်ပင် လီစဲဖူကိုယ်တိုင်က အသားကြိုက်သူဖြစ်ရာ ကြောင်လေးကိုလည်း ငါးနှင့် အသားများသာ အဓိက ကျွေးလေ့ရှိသည်။
အမှန်တွင် သမားတော်ကလည်း ထိုအရာမျိုး ခပ်ဆင်ဆင် ပြောခဲ့ဖူးသည်။ သို့သော် သမားတော်မှာ သွယ်ဝိုက်၍ ပြောခဲ့သဖြင့် လီစဲဖူက မယုံကြည်ခဲ့ပေ။
လီစဲဖူ သူမကို တစ်ချက်ကြည့်လိုက်သည်။
"ကောင်းပြီလေ၊ နင်က ဘာပဲဖြစ်ဖြစ် အားနေတာပဲဟာ၊ တစ်နေ့ နှစ်ကြိမ် ဒီကိုလာပြီး အစာလာကျွေးပေး"
ကမ်းကော်ကော် နှုတ်ခမ်းကို စူကာ "ဒီကြောင်က ဧကရာဇ်မင်းမြတ်ရဲ့ လက်ဆောင်ဆိုတော့ အရမ်းအဖိုးတန်တယ်၊ အစ်မတော်က အပြင်မှာ ကြောင်ထိန်း တစ်ယောက်ငှားမယ်ဆိုရင်တောင် ဈေးပေါမှာ မဟုတ်ဘူး မလား"
[ငါ အလကားတော့ အလုပ်မလုပ်ပေးနိုင်ဘူး]
လီစဲ့ဖူ လက်ကောက်ဝတ်မှ ကျောက်စိမ်းလက်ကောက်တစ်ကွင်းကို ချွတ်လိုက်ပြီး ပြောလေသည်။
"ရော့... ဒါပေမဲ့ သေချာ ဂရုမစိုက်ရင်တော့ စတုတ္ထမင်းသားဆီ ငါ တိုင်မယ်မှတ်"
[ငါ့ကို တိုင်မယ်တဲ့လား၊ ဟွန်း... ဒီလောက် အရွယ်ရောက်နေတဲ့ မိန်းမကြီးက ကလေးလို တိုင်တောနေတုန်းပဲ]
ကမ်းကော်ကော် မယူသေးဘဲ မေးလိုက်သည်။
"ကျွန်မက ပိုက်ဆံပဲလိုနေတာ၊ အစ်မတော်ရဲ့ဒီလက်ကောက် ကို အပြင်က အပေါင်ဆိုင်မှာ ငွေသွားလဲဖို့ တစ်ယောက် ယောက်ကို အကူအညီတောင်းလိုက်ရင် အစ်မတော် စိတ်ဆိုးမှာ မဟုတ်ပါဘူးနော်"
လီစဲဖူ ဒေါသထွက်သွားသည်။
"နင် လုပ်ရဲရင် လုပ်ကြည့်လေ"
ကမ်းကော်ကော်က သူမကို မျက်လုံးဝိုင်းကြီးများဖြင့် အပြစ်ကင်းစင်ဟန် စိုက်ကြည့်နေသည်။ လီစဲဖူ အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောလေသည်။
"ယင်းလော့... သူ့အတွက် ငွေတုံးနှစ်ဆယ် သွားယူပေး လိုက်"
ကမ်းကော်ကော်၏မျက်နှာထားမှာ ချက်ချင်းဆိုသလို ပြုံးရွှင်သွားပြီး "ကျေးဇူးတင်ပါတယ် အစ်မတော်ရယ်၊ အစ်မတော် သိပ်ကို ရက်ရောတာပဲ၊ ဒါကြောင့်လည်း မင်းသားရဲ့ အချစ်ကိုရထားတာနေမှာ"
ကမ်းကော်ကော်သည် အဆောင်သို့ ပြန်ရောက်သောအခါ အစေခံလေးယောက်နှင့် မိန်းမစိုးနှစ်ယောက်ကို ခေါ်ယူကာ တစ်ဦးလျှင် ငွေနှစ်တုံးစီ ပေးလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောသည်။
"ငါ့နောက်လိုက်လို့ ချမ်းသာပြီး အာဏာရလာမှာ မဟုတ်ပေမယ့် ငါက သစ္စာရှိတဲ့သူပဲ၊ ငါ အသားစားရရင် နင်တို့လည်း ဟင်းရည်သောက်ရမယ်၊ တခြားအဆောင်တွေကိုကူးပြောင်း ဖို့ စိတ်ကူးမယဉ်ကြနဲ့၊ စံအိမ်တော်ရဲ့ စည်းကမ်းတွေကို ဘေးဖယ်ထားဦး၊ နင်တို့တခြားဆီသွားရင်တောင် သူတို့က နင်တို့ကို ယုံကြည်ပါ့မလား၊ အလုပ်ကို သေချာကြိုးစားကြ... တကယ်လို့ လိမ္မာပါးနပ်ပြီး ကောင်းကောင်းနေမယ်ဆိုရင် နောက်ပိုင်း ဆုချတဲ့အခါ နင်တို့က တခြားသူတွေထက် အမြဲ ရှေ့ပြေးနေမှာ၊ အလုပ်မလုပ်ဘဲ အချိန်ဖြုန်းချင်တာ ဒါမှမဟုတ် တခြားရည်ရွယ်ချက် ရှိနေမယ်ဆိုရင်တော့ ဆုမရမယ့်အပြင် ငါ့ရဲ့ ပြင်းထန်တဲ့ အပြစ်ပေးတာကိုပါ ခံရမယ်၊ နားလည်လား..."
ထိုစကားများက ယခင်က မကောင်းသောစိတ်ကူးရှိဖူးသူ များ၏ နှလုံးသားကို ဆီပူအိုးထဲ ထည့်ကြော်လိုက်သကဲ့သို့ ပူလောင်သွားစေသည်။ သခင်မလေးက တကယ်ပဲ တစ်ခုခုကို ရိပ်မိသွားတာလား၊ ဒါမှမဟုတ် ဟန်ရေးပြနေတာလားဆိုတာ သူတို့ဝေခွဲမရဖြစ်နေတော့သည်။
ဟွာယုက "သခင်မလေး ပြောတာ မှန်ပါတယ်၊ တစ်ယောက် ယောက်က ကျွန်မလည်ပင်းကို ဓားနဲ့ထောက်ရင်တောင် သခင်မလေးကို သစ္စာဖောက်မှာ မဟုတ်ပါဘူး၊ သခင်မလေး ဒုက္ခရောက်ရင် ကျွန်မတို့အတွက် ဘာအကျိုးရှိမှာမို့လို့လဲ"
အခြားသူများကလည်း အလျင်အမြန် ကတိပေးလိုက်ကြသည်။
ကမ်းကော်ကော် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူမ၏ ကြင်နာမှုနှင့် တင်းမာမှုပေါင်းစပ်ထားသော ဟန်ပန်ကြောင့် သူမကိုယ် သူမ စစ်သူကြီးတစ်ယောက်၏ အငွေ့အသက်မျိုး ရရှိသွားသလိုပင် ခံစားလိုက်ရသည်။