← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

Chapter 13

အမှန်တွင် သူမအား မကောင်းကြံလိုသည့် သူတို့၏ ရည်ရွယ် ချက်ကို ကမ်းချန်ချန် ကိုယ်တိုင်ပင် သတိမထားမိခဲ့ပေ။ သို့သော် လူဆိုသည်မှာ ပြဿနာတစ်ရပ် ပေါ်ပေါက်လာမှ လိုက်လံဖြေရှင်းရသည်ထက် ကြိုတင်ပြင်ဆင်ထားခြင်းက ပိုကောင်းသည် မဟုတ်ပါလား။

[ဒီတစ်ကြိမ် သူမ ငွေသိပ်မရလိုက်ဘူး၊ နောက်တစ်ကြိမ် ငွေပိုရလာရင် သူမရြဲ တခြားညီအစ်မတွေကို လက်ဆောင် ပြန်ပေးရမယ်၊ ပြီးခဲ့သည့်တစ်ခေါက်က သူတို့ပေးခဲ့တဲ့ လက် ဆောင်တွေက တော်တော်လေးကောင်းတယ်၊ ဘယ်လိုဖြစ်ဖြစ် လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ထိန်းသိမ်းထားဖို့က အရေးကြီးတယ် မဟုတ်လား]

ကိုယ်လုပ်တော်လီကတော့ အမှန်ပင် အချစ်ခံရသူဖြစ်သည်။ ယင်ကျန်းသည် နှစ်သစ်ကူးနေ့ မတိုင်မီ နေ့လယ်ခင်းတွင် သူမထံ လာရောက်လည်ပတ်ရန် အချိန်သက်သက် ချန်ထား ခဲ့သည်။ ကမ်းချန်ချန်မှာမူ ထိုအချိန်တွင် ကြောင်လေးကို ပြုစုရန် ကိုယ်‌လုပ်တော်လီ အဆောင်တွင်ရှိနေသည်။

လီစဲ့ဖူသည် ကမ်းချန်ချန်က သူမနှင့် စတုတ္ထမင်းသား၏ အချိန်များကို နှောင့်ယှက်နေသည်ဟု စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသော်လည်း မျက်နှာအမူအရာကိုမူ အနည်းငယ်မျှ မပျက်စေဘဲ သဘောထားကြီးပုံ ဟန်ဆောင်နေခဲ့သည်။

"အရှင်မင်းသားက ညီမတော်ကို အသစ်ရောက်လာတဲ့သူတွေကိုပိုဂရုစိုက်ပေးပါလို့ မိန့်ထားခဲ့တယ် မဟုတ်လား၊ ညီမတော်ရဲ့ ရင်ထဲမှာ အရှင်မင်းသား တစ်ယောက်တည်းပဲ နေရာယူထားတာကို အရှင်မင်းသား သဘောမကျဘူးဆိုတာ ညီမတော် သိပါတယ်၊ ကိုယ်လုပ်တော်ကမ်းကလည်း နှင်းလုံးလေးကို အရမ်းချစ်တတ်တော့ ညီမတော်ကပဲ သူ့ကို ခဏလာကြည့်ပေးဖို့ ဖိတ်ခေါ်လိုက်တာပါ"

ာင်ကျန်းက သူမ၏ လက်ဖဝါးနုနုလေးကို ဆုပ်ကိုင်လိုက်ရင်း "မင်းကို ကိုယ် ဘယ်တုန်းက သဘောမကျလို့လဲ၊ မင်းမှာ ဒီလောက် သည်းခံနားလည်ပေးနိုင်စွမ်း ရှိတာကို တကယ် ဝမ်းသာမိပါတယ်"

လီယွီဖူက သူ၏ရင်ခွင်ကျယ်ကြီးထဲသို့ တိုးဝှေ့လိုက်ကာ "အရှင်မင်းသားက သိပ်ဆိုးတာပဲ~"

ကမ်းချန်ချန် အရိုအသေပေးကာ သူတို့ကို ကျောခိုင်းလိုက်ပြီး ကြောင်ကိုသာဆက်၍ အစာကျွေးနေရင်း စိတ်ထဲမှ ညည်းညူနေမိတော့သည်။

[သူ ရုတ်တရက်ကြီး ပေါ်လာလို့ လန့်သွားတာပဲ၊ သူ့ကို မတွေ့ရတာ တစ်လကျော်နေပြီဆိုတော့ ရုပ်တောင် မေ့လုနီးပါးဖြစ်နေပြီ]

[တခါတလေလောက်တော့ နင်လေးတို့ အလိုက်တသိလေး နေပြလို့မရဘူးလား၊ ငါက ကြောင်ကို ပြုစုဖို့လာတာ၊ နင်တို့ ကြည်နူးနေတာကို ထိုင်ကြည့်ဖို့ လာတာမဟုတ်ဘူး]

[ဒါပေမဲ့ စဉ်းစားကြည့်တော့လည်း ဟုတ်ပါတယ်၊ ရှေးခေတ်က လူတွေက အစေခံတွေကို လူလိုမှ မဆက်ဆံကြတာ၊ ကြားဖူးတာတော့ သူတို့ ကြည်နူးနေချိန်မှာတောင် တခြားသူတွေရှေ့ ဖုံးကွယ်ဖို့ မလုပ်ကြဘူးတဲ့၊ ပြီးတော့ ကိုယ်လုပ် တော်ဆိုတာ အစေခံနဲ့ ဘာမှမကွာဘူးကိုး၊ သောက်ကျက် သရေမရှိတဲ့ ပဒေသရာဇ်စနစ်ကြီးပဲ]

ယင်ကျန်း မျက်မှောင်များ တွန့်ကွေးသွားသည်။ ဒီမိန်းမ ခေါင်းထဲမှာ ဘာတွေများ ရှိနေတာလဲ၊ ငါ တကယ်ကို ခွဲထုတ်ကြည့်ချင်လာပြီ။

သူသည် စိတ်ပြောင်းလွယ်တတ်သူ ဖြစ်သော်လည်း တစ်ဖက်တွင်မူ အလွန် အငြိုးကြီးသူဖြစ်သည်။ ကမ်းချန်ချန်ကို မြင် သည်နှင့် တစ်ပြိုင်နက် သူ မထွက်ခွာမီနေ့က သူမ ကျိန်ဆဲခဲ့သည်များကို ချက်ချင်းသပြန်သတိရလိုက်သည်။ သူထိုအရာကို အပြည့်အစုံ နားမလည်သော်ငြား သူမ အတော်လေး ရိုင်းစိုင်းခဲ့သည်တော့ သေချာသည်။

ယင်ကျန်းသည် လီစဲ့ဖူကို အပူပေးကုတင် စွန်းဆီသို့ ဆွဲခေါ်သွားကာ ထိုင်စေလိုက်သည်။ ထို့နောက် သူမ၏လက်ကို ယုယုယယကိုင်လျက် အခန်းထဲတွင် အခြားမည်သူမျှ မရှိသည့်အလား ဂရုတစိုက် မေးလိုက်သည်။

"ဖူအာ... ဒီတလော ဘယ်လိုနေလဲ၊ ယွင်အာလေးရော ဂျီကျနေသေးလား"

လီစဲ့ဖူက ချိုသာသော လေသံဖြင့် ပြန်လည်လျှောက်တင်လေသည်။

"အရှင်မင်းသားရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ညီမတော်က ကလေးတွေကို ထိန်းလိုက်၊ အားတဲ့အချိန် ကြောင်လေးနဲ့ ဆော့လိုက်နဲ့ဆိုတော့ အချိန်ကုန်တာတောင် မသိလိုက်ပါဘူး၊ နေ့တိုင်း အရှင်မင်းသားကို လွမ်းနေရတာလေး တစ်ခုပါပဲ"

ယင်ကျန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားသော်လည်း ဘာမျှ ဆက်မပြောပေ။ သူသည် သူမ၏ရင်ဘတ်ကိုသာ ထိုးဖောက်တော့မတတ် စူးရဲသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။

လီစဲ့ဖူမှာ ရှက်သွေးဖြာသွားပြီး ကမ်းချန်ချန်ကို ခိုးကြည့်ကာ နှုတ်ခမ်းလေးစူလျက် "အရှင်မင်းသား... ဘာတွေ ကြည့်နေတာလဲ၊ ဒီမှာ အပြင်လူ ရှိတယ်လေ"

[ငါလေး သည်းမခံနိုင်တော့ဘူး၊ ငါ အခူ ထွက်သွားသင့်လား၊ ကြောင်လေးကိုပါ တစ်ခါတည်း ခေါ်သွားရင်ကောင်းမယ်၊ ကြောင်လေးလည်း တတိယဘီလေး မဖြစ်ချင်လောက်ဘူး]

[ဒါပေမဲ့ ပြန်တွေးကြည့်တော့လည်း ဒီလို ပြည့်ပြည့်ဖောင်းဖောင်း အလှလေးတစ်ယောက်က ငါ့ကိုလာပြီး ချွဲနွဲ့နေရင် ငါကိုယ်တိုင်လည်း တောင့်ခံနိုင်မှာ မဟုတ်ဘူး]

[ဒါပေါ့... ကိုယ်လုပ်တော်ကြီးလို လူမျိုးကတော့ မဖြစ်နိုင်ဘူး၊ ယုံကျန်းလို လူမျိုးမှသာ သူမကို ကိုင်တွယ်နိုင်မှာ]

တတိယဘီးဆိုတာ ဘာကိုပြောတာလဲ၊ ယင်ကျန်း နားမလည်နိုင်အောင် ဖြစ်သွားသည်။

ထိုစဉ် အကင်းပါးသော အစေခံ ယင်းလော့မှာမူ အထိန်း တော်အား သခင်လေးဟုန်ယွင်ကို ခေါ်လာစေရန် အပြင်သို့ ထွက်သွားနှင့်လေသည်။

"အာ... အာ"

သုံးနှစ်အရွယ် ဟုန်ယွင်လေးမှာ စကားပီပီသသ မပြောတတ်သေးသော်လည်း စကားလုံးတစ်လုံးစီကိုမူ အသံထွက်နိုင်ပြီဖြစ်ရာ ထိုအသံလေးကပင် ယင်ကျန်းအား ပျော်ရွှင်စေရန် လုံလောက်နေပြီ ဖြစ်သည်။

ယင်ကျန်းက ဟုန်ယွင်လေးကို ပွေ့ချီကာ ပြုံးလျက်ပြော သည်။

"ခမည်းတော်လို့ ခေါ်လေကွယ်"

ဟုန်ယွင်လေးက မျက်လုံးဝိုင်းကြီးများ ပင့်ကြည့်ကာ "အာ... အာ"

ယင်ကျန်းက ထပ်ပြောသည်။

"ခမည်းတော်"

ကမ်းချန်ချန် : [ရယ်ရလွန်းလို့ သေတော့မယ်၊ ဒီမှာ ဘယ်သူက ဘယ်သူ့ကို ခမည်းတော်လို့ ခေါ်နေတာလဲ]

[ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် ယုံကျန်းမှာ ဒီလို ကလေးချစ်တတ်တဲ့ဘက်ရှိမယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး၊ နောင်တစ်ချိန်ကျရင် သူ့ညီအစ်ကိုတွေအပေါ် သူ ရက်ရက်စက် စက် လုပ်ခဲ့တာတွေကို တွေးကြည့်ရင်... ဟူး...]

နောင်တစ်ချိန် ? ညီအစ်ကိုတွေလား။ ယင်ကျန်း၏မျက်ဝန်းများ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

သူသည် ရုတ်တရက် ကမ်းချန်ချန်ထံသို့ အေးစက်စူးရှသော အကြည့်တစ်ချက် ပစ်လွှတ်လိုက်ပြီး မေးလိုက်သည်။

"ကိုယ်လုပ်တော်ကမ်း မင်း ဘာတွေ တွေးနေတာလဲ"

ကမ်းချန်ချန် လှည့်လာပြီး ရိုသေစွာလျှောက်တင်လေသည်။

"ကျွန်တော်မျိုးမ နှင်းလုံးလေးကိုပြုစုဖို့ပဲ အာရုံစိုက်နေတာပါ၊ အခု အရှင်မင်းသားလည်း ပြန်ရောက်နေပြီဆိုတော့ အစ်မတော်နဲ့ သီးသန့် အချိန်ပိုယူချင်မှာပေါ့၊ ဒါကြောင့် ကျွန်တော်မျိုးမကို ပြန်ခွင့်ပြုပါဦး"

ယင်ကျန်း ခေါင်းညိတ်လိုက်သည်နှင့် လီစဲ့ဖူလည်း စိတ်အေးသွားကာ သက်ပြင်းချလိုက်နိုင်သည်။ ကမ်းချန်ချန်က အတော်လေး အကင်းပါးသူ ဖြစ်သည်။

သူမသည် ငယ်ရွယ်ပြီး ကလေးဆန်လွန်းသော ကိုယ်လုပ်တော်ဝူနှင့် လုံးဝမတူချေ။ ပြီးခဲ့သည့်တစ်ခေါက်က ကိုယ် လုပ်တော်ဝူ ဤနေရာတွင် ရောက်နေခိုက် စတုတ္ထမင်းသား ဝင်လာခဲ့ရာ အကြောင်းပြချက်ပေးပြီး အလိုက်တသိ ထွက်သွားရမည့်အစား သူမကိုယ်တိုင်နှင့် စတုတ္ထမင်းသားအတွက် မုန့်များနှင့် သရေစာများကို ဆက်တိုက်ယူပေးနေခဲ့သည်။

ဤတစ်ခေါက် မင်းသား အခန်းထဲဝင်လာပြီးကတည်းက ကိုယ်လုပ်တော်ကမ်းကို တစ်ချက်တစ်ချက် ခိုးကြည့်နေသည် မဟုတ်ပါလား။ သူမ ကိုယ့်အိမ်ထဲ ကိုယ် ဝံပုလွေသွင်းမိသလိုတောင် ခံစားလိုက်ရသည်။

ဟွန့်... အားလုံးက အရှင်မင်းသားရဲ့ မိန်းမတွေ ဖြစ်နေရင် တောင်မှ ငါ့ပိုင်နက်ထဲမှာတော့ ဘယ်သူ့ကိုမှ မျက်နှာသာပေး မခံနိုင်ဘူး။

ကမ်းချန်ချန် လှည့်ထွက်သွားသည်။ တံခါးဝသို့ရောက်သော်အခါ သူမကိုယ် သူမ မကျေမနပ် ရေရွတ်မိပြန်သည်။

[ငါ ဘာတွေးတွေး နင့် အပူပါလို့လား၊ ငါက နင့်အဖေ ဒါမှမဟုတ် နင့်အမေမို့လို့လား၊ ဘာလို့ အချိန်တိုင်း ငါ တွေးတာတွေကို လိုက်ဂရုစိုက်နေရတာလဲ]

ထိုစဉ် ယင်ကျန်းက နောက်မှ လှမ်းအော်ခေါ်လိုက်သည်။

"ကမ်းချန်ချန်!"

ကမ်းချန်ချန် ရပ်တန့်သွားပြီးနောက် လှည့်ကြည့်ကာ ဟန်လုပ်ပြုံးပြလိုက်ရသည်။

"အရှင်မင်းသား၊ ဘာခိုင်းစရာ ရှိသေးလို့လဲရှင်"

လီစဲ့ဖူကလည်း ယင်ကျန်းကို နားမလည်နိုင်စွာ မော့ကြည့်နေပြီး ခပ်မတ်မတ်ထိုင်လိုက်သည်။

အရှင်မင်းသား ဘာလို့ ရုတ်တရက်ကြီး ဒေါသထွက်သွားရတာလဲ၊ ဒီဒေါသက ကမ်းချန်ချန်ကြောင့်လား၊ ဒါမှမဟုတ် အထဲမဝင်ခင်ကတည်းက စိတ်မကြည်မလင် ဖြစ်နေခဲ့တာလား ?

သူမသည် ယင်ကျန်းကို လုပ်ကျွေးပြုစုလာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး စံအိမ်တော်တွင် အလိုက် အထိုက်ဆုံးသူတစ်ဦးဟု သတ်မှတ်ခံရသော်လည်း သူ့စိတ်ကို အပြည့်အဝ နားလည်သည်ဟုတော့ အာမမခံရဲချေ။ သူ ကမ်းချန်ချန်အပေါ် ရုတ်တရက် ဒေါသထွက်သွားခြင်းမှာ အတော်လေး နားလည်ရခက်လှပေသည်။

တစ်ဖက်တွင်လည်း သူမ၏ အတွေးများကို သူကြားနိုင်သည်ကို ကမ်းချန်ချန် မရိပ်မိစေရန် ယင်ကျန်းက အကြောင်းပြချက်တစ်ခုကို အလျင်အမြန် ဖန်တီးလိုက်ရသည်။

"ပြီးခဲ့တဲ့တစ်ခေါက်က မင်းကို ကိုယ်တော် ကန်မိတုန်းက မင်း စိတ်ထဲကနေ ဘယ်လိုတွေးခဲ့လဲ"

[ငါက ဘယ်လိုတွေးရမှာလဲ၊ နင်က ငါ့ကို ကန်တယ်လေ၊ အဲဒါကို ငါက ကျေးဇူးတင်နေရဦးမှာလား]

သို့သော် ကမ်းချန်ချန်၏နှုတ်မှ ထွက်လာသော စကားများကမူ ပိုနှိမ့်ချနေပေသည်။

"ကျွန်တော်မျိုးမ ဘာမှ မတွေးဝံ့ပါဘူး၊ ပခုံးက ဒဏ်ရာလည်း ကျက်သွားပါပြီ၊ အရှင်မင်းသားအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာ၊ စိတ်မကောင်းဖြစ်တာမျိုး မရှိဖို့ မျှော်လင့်ပါတယ်"

ဘယ်သူက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး စိတ်မကောင်းဖြစ်နေလို့လဲ၊ မင်း အမှားကို မင်း ပြန်သုံးသပ်မိလားလို့ မေးနေတာကွ။ ရင်ကျန်းမှာ ဒေါသထောင်းခနဲ ထွက်သွားသည်။

ဒါပေါ့၊ သူမရဲ့ အတွေးတွေကို ကြည့်ရသလောက်တော့ သူမ လုံးဝ မသုံးသပ်မိဘူးဆိုတာ သေချာတယ်။

ယင်ကျန်း အသက်ပြင်းပြင်း ရှူလိုက်ပြီး ခက်ထန်စွာပြောလေသည်။

"မင်းအမှားကို မင်းသိတယ်ဆိုမှတော့ အမျိုးသမီးများအတွက် လိုက်နာဖွယ်ရာများစာအုပ်ကို နောက်ထပ် ဆယ်ခေါက် ကူးရေးပြီး အမြန်ဆုံးလာပို့ချေ"

ကမ်းချန်ချန် အံ့သြသွားသည်။

"ဒါပေမဲ့... ကျွန်တော်မျိုးမက အစ်မတော်ရဲ့ နှင်းလုံးလေးပြုစုဖို့ ကူညီပေးရဦးမယ်လေ"

ယင်ကျန်း မျက်လုံးကို ပင့်လိုက်သည်။

"မင်း နေ့တိုင်း ထမင်းစားနေတာနဲ့ ရေမသောက်ပဲနေလို့လား"

ကမ်းချန်ချန် စကားလုံးတိုင်းကို ရှင်းလင်းပြတ်သားစွာ ပီပီသသ ဖြေလိုက်သည်။

"သောက်ပါတယ်"

[ရေမသောက်ရင် ရေငတ်သေမှာကို လူတိုင်း သိတာပဲဟာ]

🌻 Chapter 14

ယင်ကျန်း ခပ်အေးအေးပင် ပြောသည်။

"မင်းက ငယ်ပါသေးတယ်၊ အလုပ်များများပိုလုပ်ရတာက လေ့ကျင့်မှုတစ်မျိုးပဲ"

သူမသည် အိမ်ရှေ့မင်းသား သူမအား ယခုလေးတင်မှ ပြောခဲ့သည်များကို မသိစိတ်ထဲမှ ပြန်လည်တွေးလိုက်မိသည်။

[ဟွမ်ရှီရန်တောင် ဒီလိုစကားမျိုး ပြောမှာမဟုတ်ဘူး၊ နင်က ငါ့ကို စာကူးခိုင်းချင်တာလား၊ အနည်းဆုံးတော့ ဆုလေး ဘာလေး ချလေ]

[ပြီးတော့ ဆယ်ခေါက်တဲ့၊ ငါလေးနေရာမှာ ဝင်ကြည့်ပါဦး၊ စတုတ္ထမင်းသား ငယ်ငယ်က အပြစ်ပေးမခံခဲ့ရဘူးလား]

ယင်ကျန်းသည် ဟွမ်ရှီရန်ဆိုသည်မှာ မည်သူမှန်း မသိသော် လည်း ဒေါသထွက်နေလျက်နှင့် ပေါက်ကွဲခွင့်မရသော သူမ မျက်နှာထားကို မြင်လိုက်ရချိန် ယင်ကျန်းမှာ ချက်ချင်း လန်းဆန်းသွားသလို ခံစားလိုက်ရသည်။

သူမ၏လစဉ်ထောက်ပံ့ကြေးကို ဖြတ်တောက်လိုက်ပါက သူမ ပိုနာကျင်ရမည်ကို သူ ကောင်းကောင်းသိသော်လည်း သူမမိသားစု နောက်ခံအခြေအနေမှာ အနည်းငယ် ထူးခြားနေသည်။ အကယ်၍ သူမ ထောက်ပံ့ကြေးကိုသာ သူ ဖြတ်တောက်လိုက်ပြီး ပြီးခဲ့သည့်အကြိမ်ကကဲ့သို့ လမ်းဘေးတွင် သူမသာ သတိလစ်သွားပါက သူ့ စံအိမ်တော်သည် ကိုယ်လုပ် တော်အပေါ် နှိပ်စက်နေသည်ဟု ပြင်ပလူများက ထင်မြင်သွားစေမည် မဟုတ်ပါလား။

ကြီးမြတ်သော အိမ်တော်ကြီးများ၏ထုံးစံအတိုင်း နှစ်သစ်ကူးနေ့တွင် ယင်ကျန်းသည် ဧကရာဇ်မင်းမြတ်နှင့်အတူ ဘိုးဘေးများအား ကန်တော့ရန် အရုဏ်မတက်မီကတည်းက နန်းတော်သို့ ထွက်ခွာသွားခဲ့သည်။

ယင်ကျန်းသည် ညစာစားပွဲ တက်ရောက်ရန် နန်းတော်ထဲတွင်ပင် ညအိပ်မည်ဖြစ်ပြီး စံအိမ်တော်ရှိ နှစ်သစ်ကူးအခမ်း အနားများကိုမူ ကြင်ယာတော်ကြီးက ဦးစီးကျင်းပမည် ဖြစ်သည်။

ယခုနှစ်တွင် ကိုယ်လုပ်တော်သစ်သုံးဦး ရောက်ရှိလာသဖြင့် ပိုစည်ကားမည်ဖြစ်သည်။ ဖူကျင်းသည် အကောင်းဆုံးဇာတ်သဘင်အဖွဲ့တစ်ဖွဲ့ကို ငှားရမ်းထားပြီး နေ့လယ် တစ်နာရီတွင် စတင်ကပြမည် ဖြစ်သည်။

ဇာတ်ခုံပေါ်တွင် အရည်အချင်းရှိသော ပညာတတ်လူငယ်နှင့် အလှမယ်လေးအဖြစ် ဝတ်ဆင်ထားသော သရုပ်ဆောင်များက သီဆိုရွတ်ဖတ်နေကြရာ ကမ်းချန်ချန်မှာ မည်သည့်ပြဇာတ်ဖြစ်ကြောင်းကို သေချာမသိသော်လည်း စိတ်၀င်စားစွာ ကြည့်ရှုနေမိသည်။ ထိုစဉ် ရှေ့တန်းတွင် ထိုင်နေသော လီစဲ့ဖူက သူမ၏ သံသယများကို ဖြေရှင်းပေးနိုင်ရန် မေးခွန်းတစ်ခုကို မေးလိုက်သည်။

"အစ်မတော်... ဒီလို ပျော်ရွှင်စရာကောင်းတဲ့ အချိန်မှာ ဘာဖြစ်လို့ 'လေတံခွန်ကြောင့်ဖြစ်ရသော အမှားများ' ကို ကခိုင်းနေရတာလဲ"

ဖူကျင်း "ဒီနေ့ ငါတို့ လီမိသားစု ဇာတ်အဖွဲ့ကို ဖိတ်ထားတာ၊ 'လေတံခွန်ကြောင့်ဖြစ်ရသော အမှားများ' ပြဇာတ်က ကွယ် လွန်သွားပြီဖြစ်တဲ့ သူတို့ရဲ့ဇာတ်အဖွဲ့ခေါင်းဆောင် လီယုရေးခဲ့တဲ့ အကောင်းဆုံး ဇာတ်ညွှန်းဖြစ်ပြီး သူတို့ရဲ့ အထင်ကရ ပြဇာတ်လည်း ဖြစ်တယ်"

[လီယုလား? သူက နာမည်ကြီးတဲ့ချင်မင်းဆက် စာရေးဆရာကြီးမလား]

ကမ်းချန်ချန် သူမ၏ လက်များကို ပွတ်သပ်လိုက်ပြီး အလွန် စိတ်လှုပ်ရှားသွားသည်။ သူမသည် ယုံကျန်း ဧကရာဇ်ကို လူချင်းတွေ့ရုံသာမက လီယုတိုက်ရိုက် တပည့်များ၏ဖျော်ဖြေမှုကိုပါ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခွင့် ရနေပေသည်။

အကယ်၍ နှစ်အနည်းငယ်ကြာပြီးနောက် သူမ ခေတ်သစ်လူ့အဖွဲ့အစည်းသို့ ကံကောင်းထောက်မစွာ ပြန်လည်ရောက်ရှိသွားပြီး ဤနေရာရှိ အရာအားလုံးက အိပ်မက်တစ်ခုသာဖြစ် ကြောင်း သိလိုက်ရလျှင်တောင်မှ သူမမှာ ကြွားစရာတွေ အများကြီးရှိနေသည်။

လီစဲ့ဖူ အထင်သေးသော အမူအရာဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"ဒါပေမဲ့ အခုလောလောဆယ် ဟုန်မိသားစု ဇာတ်အဖွဲ့က အကျော်ကြားဆုံးဆိုတာ အားလုံး အသိပဲလေ၊ ဥပမာ သူတို့ကပြတဲ့ ထာဝရအသက် နန်းတော် ပြဇာတ်ဆိုရင် အဆိုကောင်းတဲ့အပြင် စာသားတွေကလည်း လှပပြီး ခံစားချက် အပြည့်ပါတယ်၊ ဒီလို အဆင့်နိမ့် အပျော်တမ်း ဇာတ်အဖွဲ့တွေထက် အများကြီးပိုသာတယ်"

ကမ်းချန်ချန် : [ဟွန့် အဆင့်မရှိတာလား၊ အဲဒီ စောက်ချိုးမပြေတဲ့ ဧကရာဇ်လီလုံကျီရဲ့ အတုအယောင်အချစ်က ဘာတွေများ ကောင်းနေလို့လဲ၊ တကယ်တော့ ယန်ယုဟွမ်မရှိရင်တောင် သူက လီယုဟွမ်တို့၊ ဝမ်ယုဟွမ်တို့ကို ရှာတွေ့မှာပဲ မဟုတ်လား]

ကြင်ယာတော်ကြီးက လက်ဖက်ရည်ကို ဖြည်းညင်းစွာ တစ်ငုံသောက်လိုက်ပြီးမှ တည်ငြိမ်စွာ ပြန်ဖြေလေသည်။

"ဟုန်မိသားစုဇာတ်အဖွဲ့ကို အိမ်ရှေ့မင်းသားရဲ့ စံအိမ်တော်က ဖိတ်ထားပါတယ်၊ ငါတို့ သူတို့ကို သဘောကျရင်တောင် အိမ်ရှေ့မင်းသားကိုကျော်ပြီး ခေါ်လို့မရဘူးလေ၊ ပြီးတော့ လူကြီးမင်းဟုန်ကပြီးခဲ့တဲ့ နှစ်အနည်းငယ်က ဒီပြဇာတ်နဲ့ ဧကရာဇ်မင်းမြတ်ကို စော်ကားမိထားတယ်၊ ဧကရာဇ်မင်းမြတ်က ခွင့်လွှတ်ပေးခဲ့ပေမယ့်လည်း သူက လုံခြုံတဲ့အနေ အထားမှာ မရှိသေးဘူး"

ကိုယ်လုပ်တော်စုန့် " 'လေတံခွန်ကြောင့်ဖြစ်ရသော အမှားများ' က အရည်အချင်းရှိတဲ့ ပညာတတ်လူငယ်နဲ့ အလှမယ်လေးဆိုတဲ့ ရိုးအီနေတဲ့ ဇာတ်လမ်းပုံစံမျိုးဖြစ်ပြီးတော့ ရွှမ်ကျုံး ဧကရာဇ်နဲ့ ယန်ကွေ့ဖေးတို့လို အစွန်းရောက်တဲ့ ရိုမန်တစ်ဆန်မှုနဲ့ မယိမ်းယိုင်တဲ့ သစ္စာတရားတွေ မပါပေမယ့် ဒီပြဇာတ်က တော်တော်ရယ်ရပြီး လေးနက်မှုရှိတယ်၊ ကဗျာရေးနိုင်တဲ့ မိန်းမတစ်ယောက်က ဘယ်လိုလုပ် ဆွဲဆောင်မှုမရှိဘဲ နေပါ့မလဲ၊ အလှအပရော အရည်အချင်းပါမရှိရင် သူမရဲ့ ခင်ပွန်းကတောင် သူမကို လက်ထပ်ချင်မှာ မဟုတ်ဘူး၊ ရုပ်ပဲရှိပြီး အရည်အချင်းမရှိရင် နောက်ဆုံးတော့ ခင်ပွန်းဖြစ်သူရဲ့ မနှစ်သက်တာကို ခံရမှာ အသေအချာပါပဲ"

လီစဲ့ဖူ တွေးလိုက်သည်မှာ သူမသည် လှပပြီး အချစ်ခံရသူဖြစ်သောကြောင့် သူတို့နှင့်ပြိုင်မငြင်းချင်သောကြောင့် လျစ်လျူရှုထားလိုက်သည်။ ထို့ကြောင့် သူမသည် အေးစက်စက် နှာမှုတ်လိုက်ပြီး ပြဇာတ်ကိုသာ ဆက်ကြည့်ရန် မောက်မာစွာ မေးစေ့ကို မော့ထားလိုက်သည်။

ဖူကျင်း "ငါ ပြဇာတ်တစ်ပုဒ်ပဲ ရွေးထားရသေးတယ်၊ နောက် ထပ် ဘာကြည့်ချင်ကြသေးလဲ၊ ညီမတော်စုန့်... နင် ရွေးလိုက်လေ"

လီစဲ့ဖူ ဒေါသက ထပ်မံ ထွက်ပေါ်လာပြန်သည်။

"ကျွန်မက ဒုတိယဖူကျင်းဖြစ်နေတာကို သူက ဘယ်လိုလုပ် အရင် ရွေးခွင့်ရှိတာလဲ"

ဖူကျင်း သူမကို လှည့်ပင်မကြည့်ဘဲ ဇာတ်ခုံပေါ်ရှိ သရုပ် ဆောင်များကိုသာ အကြည့်မခွာဘဲ ပေါ့ပေါ့ပါးပါးပြောလေသည်။

"ညီမတော် အခုလေးတင် လီမိသားစုဇာတ်အဖွဲ့ကို သဘောမကျဘူးလို့ ပြောခဲ့တယ် မဟုတ်လား၊ အဲဒီလိုဆိုမှတော့ ငါလည်း အတင်းအကျပ် မကြည့်ခိုင်းချင်တော့ပါဘူး"

ကိုယ်လုပ်တော်စုန့် သူမလက်ထဲရှိ ဇာတ်ညွှန်းကို လှန်လှောကြည့်ရင်း ပြောသည်။

"ကျွန်မက သူတို့ရဲ့ ပြဇာတ်အားလုံးကို သဘောကျတယ်၊ ဒီနှစ် အသစ်ရောက်လာတဲ့ ညီမငယ်တွေ ရှိတယ်ဆိုတော့ သူတို့ကို အရင် ရွေးခိုင်းလိုက်ရင်ရော"

အဘွားချွေ့ သူမထံမှ ဇာတ်ညွှန်းကို ယူကာ ကမ်းချန်ချန်ထံသို့ သွားပေးလေသည်။

ကမ်းချန်ချန်မှာ ဝမ်းသာသွားသော်လည်း စိုးရိမ်မကိင်းဖြစ်သွားသည်။ သူမသည် ဇာတ်ညွှန်းကို လှမ်းယူလိုက်သော် လည်း ရိုကျိုးစွာပြောလေသည်။

"ကျွန်မက ဘယ်လိုလုပ် လက်ခံရဲမှာလဲ၊ အစ်မတော်တို့ပဲ အရင်ရွေးလိုက်ပါလား"

လီစဲ့ဖူ အဝေးမှနေ၍ နှုတ်ခမ်းထော်ကာ "ဟန်ဆောင်မနေပါနဲ့၊ နင့်မျက်နှာက ပြုံးဖြီးနေတာပဲ၊ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး မဟုတ်လား"

ကမ်းချန်ချန် : "..."

[အစ်မကြီး၊ ငါ နင့်ကို ဘာမှ ပြဿနာမရှာဖူးဘူး ထင်တယ်နော်၊ ဒါက အနောက်ဆောင်မှာမဟုတ်ဘူး၊ နည်းနည်းတော့ သင့်သင့်မြတ်မြတ် မနေသင့်ဘူးလား၊ ကောင်းပြီ၊ နင်က ငါ့ရဲ့ အထက်လူကြီးဖြစ်သလို ငါ့ရဲ့ ငွေရှင်ကြီးမို့ သည်းခံလိုက်ပါ့မယ်]

"ဒါလေး ကောင်းမယ်နဲ့တူယ်၊ လှပမွှေးကြိုင်တဲ့"

သူမသည် ရှေးဟောင်းစာပေများကို နားမလည်သဖြင့် ဇာတ်ညွှန်းတစ်ခုလုံးရှိ မည်သည့်ဇာတ်ဝင်ခန်း၏ ဇာတ်လမ်းကိုမျှ သေချာမသိသောကြောင့် မျက်စိအစာကျွေးရန် ရည်ရွယ်ကာ နာမည်ဖတ်ရုံနှင့် ဖတ်လို့ကောင်းမည့်အရာကို ရမ်းသန်းရွေးချယ်လိုက်ခြင်း ဖြစ်သည်။

သို့စော် သူမ ဤသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဖူကျင်း၊ ကိုယ်လုပ်တော်စုန့်၊ လီစဲ့ဖူနှင့် ကိုယ်လုပ်တော်ချန်တို့အားလုံးက သူမကို ထူးဆန်းသောအကြည့်များဖြင့် ဝိုင်းကြည့်လာကြပြီး လူတိုင်းနှုတ်ဆိတ်သွားကာ သူမနှင့်အနည်းငယ် ခပ်ခွာခွာ ရွှေ့ထိုင်လိုက်ကြလေတော့သည်။

All Chapters