အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
Chapter 15
ကိုယ်လုပ်တော်ဝူသည် ထူးခြားသည့် စွမ်းရည်ဟူ၍ သိပ်မရှိလှသောကြောင့် ဤဇာတ်ဝင်ခန်းများကိုမူ သူမ သိပ်နားမလည်ခဲ့ပေ။ သူမသည် လည်ပင်းကို ဆန့်ထုတ်ကာ မြေပဲစေ့တစ်စေ့ကို ပါးစပ်ထဲ ပစ်ထည့်လိုက်ရင်း "အလှအပတဲ့လား၊ ကြည့်ရတာ ပျင်းစရာကောင်းမယ့်ပုံပဲ"
ကမ်းချန်ချန် : တကယ်ပဲ အဲဒီလောက်တောင် ဆိုးလို့လား
မကြာမီပင် ဇာတ်ခုံပေါ်ရှိ အမျိုးသမီး သရုပ်ဆောင်နှစ်ဦးက အဓိပ္ပာယ်နှစ်ခွထွက်စေသော အမူအရာများကို သရုပ်ဆောင်ပြနေသည်ကို မြင်လိုက်ရချိန်တွင်တော့ ထိုအရာသည် အမှန်ပင်ဖြစ်ကြောင်း သူမ သဘောပေါက်သွားတော့သည်။
ကိုယ်လုပ်တော်ဝူ၏လှောင်ပြောင်နေသော အကြည့်ကို ရင်ဆိုင်ပြီး ကမ်းချန်ချန်သည် ကိုယ်ကိုမတ်မတ်ထိုင်ကာ ပြုံးဖြီးဖြီး လုပ်ပြလိုက်သည်။
ဘယ်လောက်တောင် အဆင့်မြင့်လိုက်လဲ၊ အခုတော့ ငါ ပိုတောင် ကြည့်ချင်သွားပြီ။
ကိုယ်လုပ်တော်ဝူ အလှည့်ရောက်သောအခါ သူမက တူနှစ်လက် ပုံပြင်ကိုရွေးချယ်လိုက်သည်။ သူသည်လည်း သူမလိုပင် စာသားကို တိုက်ရိုက်အဓိပ္ပာယ်ကောက်ယူကာ အမှားလုပ်မိခြင်းဖြစ်မည်ဟု ကမ်းချန်ချန် သံသယဝင်မိသည်။
သို့သော် မည်သူထင်မည်နည်း ဤပြဇာတ်ရှိ သိုင်းပညာရှင် သရုပ်ဆောင်မှာ သံတူကြီးတစ်လက်ကို ကိုင်ဆောင်ကာ ချင်ရှီဟွမ်ကို လုပ်ကြံရန်ပြင်ဆင်နေခြင်း ဖြစ်နေလေသည်။
【ဘုရားရေ၊ ငါ့ရဲ့ သနားစရာ ဘိုးဘေးကြီးက ချက်ချက် လုပ်ကြံခံရတော့မှာလားထ ကျင်းခယ့်ရော ဘယ်ရောက်နေလဲ၊ နင်တို့နှစ်ယောက် အရင် မချကြဘူးလား】
ယင်ကျန်းလျှောက်လှမ်းလာချိန် သူမ၏ အတွေးသံများကို ကြားလိုက်ရသဖြင့် တိတ်တဆိတ် မပြုံးဘဲ မနေနိုင်တော့ပေ။
လူတိုင်းက အတော်လေးအံ့အားသင့်သွားကြပြီး လှည့်ကြည့်လာကြသည်။ ခြေချိတ်ထိုင်နေသော ကိုယ်လုပ်တော်ဝူမှာ အလျင်အမြန်ပင် သူမ ခြေထောက်များကို အောက်သို့ ပြန်ချလိုက်ရသည်။
ဖူကျင်းက "ဒီနေ့ အရှင်မင်းသား ဘာလို့ စောစောပြန်ရောက် လာရတာလဲ"
ယင်ကျန်း တည်ငြိမ်စွာပင် "ခမည်းတော် ဧကရာဇ်က ရာသီဥတု မကောင်းဘဲ လေပြင်းတွေတိုက်နေတာကို မြင်တော့ အားလုံးကို လူစုခွဲခိုင်းလိုက်လို့လေ"
"အရှင်မင်းသား ပြဇာတ်တစ်ပုဒ်လောက် ရွေးချယ်ကြည့်ချင်သေးလား" ဖူကျင်းက ဆက်မေးလေသည်။
အရက်အနည်းငယ် သောက်ထားသော ယင်ကျန်း၏ ဖြူဖွေး သော မျက်နှာထက်တွင် သွေးကြောလေးများမှာ နီရဲနေပြီး ပုံမှန်ထက် ပို၍ သက်သောင့်သက်သာ ရှိနေပုံရသည်။
"မရွေးတော့ဘူး၊ ကိုယ်တော် မင်းတို့နဲ့ပဲ အတူတူ ကြည့်တော့မယ်"
ကမ်းချန်ချန် :【ယင်ကျန်း ဒီနေ့ စိတ်ကြည်နေတာပဲ၊ အရင်လို အေးစက်စက်မျက်နှာကြီးနဲ့ သူ့ကို အကြွေးရှစ်သန်း တင်နေသလိုမျိုး မျက်နှာကြီး မဟုတ်တော့ဘူး၊ ဟုတ်တယ်... ဒါမှ ပုံမှန် ယဉ်ကျေးသိမ်မွေ့တဲ့ သခင်လေးပုံစံကိုး】
【သူ စိတ်ကြည်နေတုန်းလေး ငါဘေး မြှောက်ပင့်ပေးရင် ငါ့ကို လစာများ တိုးပေးမလား မသိဘူး】
ထိုစဉ် ယင်ကျန်းသည် သူမအနားသို့ လျှောက်လာပြီး ရုတ်တ ရက် သူ၏ လက်ဖဝါးကြီးဖြင့် သူမ မျက်နှာကို အုပ်ကိုင်ထားလိုက်ကာ "တိတ်တိတ်နေ"
ဤစကားကြောင့် လူတိုင်း ဆွံ့အသွားကြတော့သည်။
ပါးစပ် အပိတ်ခံထားရသော ကမ်းချန်ချန် :【ဘယ်သူက စကားပြောလို့လဲ၊ အရက်သမားကြီး... ငါ့နားက ဝေးဝေးနေစမ်းပါ】
လီစဲ့ဖူက မတ်တတ်ရပ်ကာ ယင်ကျန်း လက်မောင်းတွင် တွယ်ခိုလိုက်ပြီး "အရှင်မင်းသား၊ ညီမတော်ရဲ့ဘေးမှာ ထိုင်မလား"
ယင်ကျန်းလည်း လီစဲ့ဖူ ဆွဲခေါ်မှုနောက် ပါသွားသည်။
အစက ဖူကျင်းသည် အလယ်တွင် တစ်ယောက်တည်းထိုင်နေပြီး လီစဲ့ဖူက သူမ၏ဘယ်ဘက်တွင် ရှိသည်။ ယခုမူ ယင်ကျန်းသည် လီစဲ့ဖူနှင့် ဖူကျင်းကြားတွင် ဝင်ထိုင်လိုက်ပြီး လီစဲ့ဖူဘက်သို့ အနည်းငယ် ပိုကပ်နေသဖြင့် ဖူကျင်းမှာ အနေရခက်သွားရသည်။
ယခင်ကဆို သူသည် ဒုတိယဖူကျင်းကို မည်မျှအချစ်ပိုခဲ့ပါစေ ပထမဖူကျင်းဖြစ်သော သူမအား ပေးသင့်ပေးထိုက်သော လေးစားမှုကိုအမြဲပေးခဲ့သည်။ ယခုမူ အရက်အနည်း ငယ် ဝင်သွားပြီးနောက် သူသည် ကိုယ့်ကိုယ်ကိုယ် မေ့လျော့သွားတာဖြစ်နိုင်၏ည။
ယောက်ျားတွေဆိုတာ ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းနေပါစေ၊ အချိန်တန်တော့ အချိုးတွေကပေါ်လာတာပဲ။
ဖူကျင်း မတ်တတ်ရပ်လိုက်ပြီး "အချိန်လည်း လင့်နေပြီ၊ လီမိသားစု ဇာတ်အဖွဲ့က ကပြအပြီး အိမ်ပြန်ကြတော့မယ်၊ ဒီနေ့ အရှင်မင်းသားက အားလုံးနဲ့ အတူတူအောင်ပွဲခံဖို့ ဒီမှာနေမှာဆိုတော့ ညီမတော်တို့ထဲက တစ်ယောက်ယောက်များ ကိုယ့်ရဲ့ အရည်အချင်းတစ်ခုခုကို ပြသချင်သေးလား"
【ငါက ဘာမှ မလုပ်တတ်ဘူး၊ ငါ့ကို မမေးနဲ့】
သူမ တက္ကသိုလ်မှာလည်း အရည်အချင်းပြိုင်ပွဲတွေကို အမုန်းဆုံးပဲ၊ အဲ့ဒီတုန်းက နည်းပြတွေက အနားယူချိန်တိုင်းမှာ လူစာရင်းခေါ်တက်တယ်။
【ပြီးတော့ သင်တန်းကျောင်းက ခေါင်းဆောင်တွေကလည်း အသစ်တွေကို အဲဒီလိုပဲ အနိုင်ကျင့်ကြတာ၊ ဘာလို့ ခေါင်း ဆောင်တွေ ကိုယ်တိုင်မလုပ်ပြရတာလဲ၊ ယင်ကျန်းသာ ဇာတ်ခုံပေါ်တက်ပြီး အရက်မူးနေတဲ့ပုံ သရုပ်ဆောင်ပြရင်တော့၊ အမလေး... တကယ့်ကို ကြည့်ကောင်းမယ့် မြင်ကွင်းပဲ】
ယင်ကျန်းသည် သူ့ နားထင်များကို ပွတ်သပ်လိုက်ရာ အရက်အရှိန် ပြယ်သွားပြီး ပိုသတိကပ်လာသည်။ သေချာတယ် ကမ်းချန်ချန်မှာ တကယ်ပြဿနာရှိနေပြီ။ သူမက မူလကမ်းချန်ချန် မဟုတ်တာလည်း ဖြစ်နိုင်တယ်။
လွန်ခဲ့သည့်ရက်အနည်းငယ်က လူတစ်ယောက်၏ ဝိညာဉ်သည် အခြားတစ်ယောက်နှင့် အစားထိုးခံရနိုင်ကြောင်း ဆရာတော် ဝမ်ကျွဲ့ပြောသည်ကို သူ ကြားဖူးသည်။ များသော အားဖြင့် ဝိညာဉ်နှစ်ခုသည် ဘုံဇာစ်မြစ်တစ်ခုတည်းမှ ဆက်စပ်နေသော်လည်း ကွဲပြားသော ဘဝဖြတ်သန်းမှု အတွေ့အကြုံများ ရှိကြသဖြင့် ၎င်းတို့ကို တူညီသော ဝိညာဉ်တစ်ခုဟု သတ်မှတ်၍ မရနိုင်ပေ။
ယင်ကျန်းသည် ယခင် ကမ်းချန်ချန်ကို သေချာမသိသော် လည်း ပုံမှန် ချင်းမင်းဆက် အမျိုးသမီးတစ်ဦးမှာ မည်သို့ဖြစ်သင့်သည်ကို သူ ကောင်းကောင်းသိသည်။ ရိုးသားစွာ ပြောရလျှင် သူမ၏အတွင်းစိတ်ကမ္ဘာကို သူ အလွန် သိချင်နေမိသော်လည်း လောလောဆယ် ထုတ်မေး၍မဖြစ်ပေ။
သူမသည် သေချာစွာ လေ့လာဖတ်ရှုရမည့် စာအုပ်တစ်အုပ်နှင့် တူနေပြီး ဤကဲ့သို့သော အရာများအတွက် ယင်ကျန်းတွင် စိတ်ရှည်သည်းခံမှု အလုံအလောက်ရှိလေသည်။
ဖူကျင်း အမေးစကားဆုံးသွားပြီးနောက် ကိုယ်လုပ်တော်လီမှာမူ စိတ်ဝင်စားဟန်မပြပေ။ မည်သို့ပင်ဆိုစေ သူမ အရည် အချင်းပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ အချစ်ခံရသူဖြစ်နေဆဲပင်။ ဒါကြောင့် သူမ ဘာလို့ ပင်ပန်းခံနေရမှာလဲ...
အဆင့်အတန်း နိမ့်ကျသူများသာ ဤအခွင့်အရေးကိုဆုပ် ကိုင်၍ လူလုံးထွက်ပြရန် ကြိုးစားကြမည် ဖြစ်သည်။ ထို့ပြင် အသစ်ရောက်လာသူ သုံးဦးအနက် မည်သူက ပြိုင်ဆိုင်ချင်စိတ် ပိုများလဲဆိုသည်ကိုလည်း သူမ စောင့်ကြည့်ချင်သေးသည်။
ကမ်းချန်ချန်က ဘာမှမသိသလိုဖြင့် စပျစ်သီးများကိုသာ စားနေသည်။
ကိုယ်လုပ်တော်ဝူမှာမူ စိတ်အနှောင့်အယှက်ဖြစ်နေပုံရကာ
'ဒီလိုဖြစ်မယ်မှန်း သိရင် ငါ ပိုပြီး ပြင်ဆင်လာခဲ့မှာပေါ့' ဟု တွေးနေကြောင်း သူမ မျက်နှာတွင် ထင်ရှားစွာ ပေါ်လွင်နေသည်။
မျက်ဝန်းထဲတွင် မီးတောက်များ တလက်လက်တောက်လောင်နေသူမှာမူ ကိုယ်လုပ်တော်ချန်ပင်။ မျှော်လင့်ထားသည့်အတိုင်းပင် ကိုယ်လုပ်တော်ချန်က မတ်တတ်ရပ်ကာ လျှောက်တင်လေသည်။
"ဖူကျင်းကို လျှောက်တင်ပါတယ် ဝမ်အာက ပြီးခဲ့တဲ့ ရက်အနည်းငယ်က အကအသစ်တစ်ခု တီထွင်ထားလို့ အရှင်မင်းသားနဲ့ အစ်မတော်တွေအားလုံးကို တင်ဆက်ပြသချင်ပါတယ်"
ဖယောင်းတိုင်အလင်းရောင်အောက်တွင် သူမ၏ မျက်ဝန်းအိမ်များမှာ နီရဲနေပြီး နှုတ်ခမ်းများမှာလည်း အလွန်ဖြူဖျော့နေသဖြင့် အင်မတန် သနားစရာကောင်းပုံပေါက်နေသည်။
ယင်ကျန်း အနည်းငယ် စိတ်လှုပ်ရှားသွားကာ "ကောင်းပြီ၊ မင်းကတာကို မကြည့်ရတာတောင် တော်တော်ကြာပြီပဲ"
【ဝက်ခြေထောက်ကြီးက တွေ့တဲ့လူတိုင်းကို သဘောကျနေတော့တာပဲ၊ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကမှ သူနဲ့ လီစဲ့ဖူကို လိုက်ဖက်တယ်ဆိုပြီး ငါ တိတ်တိတ်လေး သဘောတူပေးနေတာကို】
【အင်း... သူတို့နှစ်ယောက်အတွက် နာမည်တောင် စဉ်းစားထားသေးတယ်၊ ကျန်းလီ၊ ကျန်းလီ... ဟားဟား၊ ငါက တကယ့် ပါရမီရှင်ပဲ】
ယင်ကျန်းသည် ကွယ်လွန်သွားပြီဖြစ်သော မိဖုရားကြီးရှောင်ယီရန်ကို ယခုလေးတင်မှ သတိရခဲ့ပြီး ယနေ့တွင် ကိုယ်လုပ် တော်ချန်၏မိတ်ကပ်ပြင်ဆင်မှုမှာလည်း မိဖုရားကြီးနှင့် ဆင်တူနေသဖြင့် သူ လွမ်းမိနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤအရူးမ ကမ်းချန်ချန်သည် စကားတစ်ခွန်းနှစ်ခွန်းဖြင့် သူ့ ခံစားချက်များကို ဖျက်ဆီးပစ်လိမ့်မည်ဟု မည်သူထင်မည်နည်း။ သူ သူမကို စူးရဲစွာထပ်မကြည့်ဘဲ မနေနိုင်တော့ပေ။
ကိုယ်လုပ်တော်ချန် ပြင်ဆင်ရန် လှည့်ထွက်သွားစဉ် ယင်ကျန်းက မေးလိုက်သည်။
"ကိုယ်လုပ်တော်ကမ်း... မင်းမှာရော ဘာအရည်အချင်းတွေ ရှိလဲ"
ကမ်းချန်ချန်မှာ ပါးစပ်ထဲရှိ သစ်သီးများနင်လုနီးပါးဖြစ်သွားသည်။ သူမ ပါးစပ်ထဲ ကျန်နေသော သစ်သီးများကို အတင်းမြိုချလိုက်ပြီး ရှက်ရွံ့သော မျက်နှာထားဖြင့် ပြာပြာသလဲ ပြောလေသည်။
"ကျွန်တော်မျိုးမ... အဟွတ် အဟွတ်၊ ကျွန်တော်မျိုးမလည်း အရှင်မင်းသားနဲ့ တခြားအစ်မတော်တွေ ပျော်ရွှင်အောင် အရည်အချင်းတစ်ခုခု ပြချင်တာပါပဲ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်မျိုးမမှာ ပါရမီလည်း မပါသလို၊ ဘာကျွမ်း ကျင်မှုမှလည်း မရှိပါဘူး၊ ပြီးခဲ့တဲ့ ခြောက်လလုံးလုံး ဒီအကြောင်းကို တွေးမိတိုင်း အပြစ်ရှိသလို ခံစားရပြီး စိတ်မသက်မသာ ဖြစ်ရလွန်းလို့ ထမင်းလည်း မစားနိုင်၊ ရေလည်း မသောက်နိုင် ဖြစ်ခဲ့ရပါတယ်"
【ဒီတစ်ခါတော့ ငါ နည်းနည်းလွန်သွားပြီ ထင်တယ်၊ ငါ သရုပ်ဆောင်ပညာ မသင်ခဲ့ရတာ နှမြောစရာပဲ၊ မဟုတ်ရင် တစ်မိနစ်အတွင်း မျက်ရည်တွေကျလာအောင် လုပ်ပြီး သနားစရာကောင်းအောင် ပြီးပြည့်စုံအောင် သရုပ်ဆောင်ပြလိုက်မှာ】
【ဟွန်း၊ အရည်အချင်းပြရမယ်ဟုတ်လား၊ ယုံကျန်း ဧကရာဇ်မင်းမြတ်ကိုယ်တိုင်ပဲ မင်းသားကိုးပါး ထီးနန်းလုပွဲအကြောင်း ပြဇာတ်တစ်ခု သရုပ်ဆောင်ပြပါလား၊ အဲဒါဆို တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ပြကွက်ကြီး ဖြစ်လာမှာ သေချာတယ်】
မျှော်လင့်ထားသည့်အတိုင်းပင် သူမ၏အလွန်အကျွံ စကားများကြောင့် လူတိုင်းမှာ အနည်းငယ် အနေရခက်သွားကြသည်။
လီစဲ့ဖူက အထင်သေးစွာဖြင့် "နှစ်သစ်ကူးနေ့မှာဘာလို့ ဒီလို စိတ်ပျက်စရာ စကားတွေ ပြောနေရတာလဲ၊ အရည်အချင်း မရှိရင် သွားသင်လေ၊ နင်က အရမ်းတုံးတာပဲ"
ဖူကျင်းက ဝင်ဟန့်သည်။
"ကဲ တော်ကြပါတော့၊ ပျော်ရွှင်စရာ အချိန်ဆိုတာသိနေရင်လည်း အကြောင်းမဲ့ဒေါသထွက်မနေကြနဲ့လေ"
🌻 Chapter 16
ကမ်းချန်ချန် သူမ၏အရက်ခွက်ကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်ကာ ပြုံးလျက်ဆိုလိုက်သည်။
"အရှင်မင်းသားနဲ့ အစ်မတော်တွေအားလုံး ကျွန်မကို ခွင့်လွှတ်ပေးကြပါ၊ ကျွန်မမှာ ဘာအရည်အချင်းမှ မရှိပေမယ့် ဟာသတော့ ပြောတတ်ပါတယ်၊ အစ်မတော်ချန် ကပြပြီးရင် ဟာသနားထောင်ချင်သေးတယ်ဆိုရင် ကျွန်မ ပြောပြဖို့ ဝန်မလေးပါဘူး"
အခြားသူများအားလုံးက သူမ၏နောက်ပြောင်တတ်သော အသွင်အပြင်ကြောင့် ရယ်မောနေကြသော်လည်း ယင်ကျန်းမှာမူ ထိတ်လန့်မှုများထဲ နစ်မြုပ်နေဆဲဖြစ်သည်။
မင်းသားကိုးပါး ထီးနန်းလုပွဲလား၊ ဒါ ဘယ်လို ပြဇာတ်မျိုးလဲ။
သူ့ရဲ့ ညီအစ်ကိုတွေနဲ့ ခမည်းတော်အကြောင်းကို ရည်ညွှန်းနေတာများလား၊ သူ့ရဲ့အစ်ကိုတော် အိမ်ရှေ့မင်းသားက အိမ်ရှေ့မင်းသားနေရာမှာ သက်သောင့်သက်သာ ထိုင်နေဆဲပဲလေ၊ ဒီမိန်းမ ရူးသွားတာလား။
သို့သော် သူသည် သူ့ ခံစားချက်များကို မပေါ်လွင်စေရန် ဟန်ဆောင်သည်ကို ကျင့်သားရနေသူဖြစ်ရာ လူအများရှေ့တွင် ဘာမှမပြောဘဲ မည်သည့် မင်းသားကိုးပါးဖြစ်နိုင်သနည်းဟု တိတ်တဆိတ် တွက်ချက်နေမိသည်။
ဤရက်ပိုင်း ကမ်းချန်ချန်နှင့် သိရှိမှုများအရ သူ သံသယတစ်ခုဝင်လာသည်။ သူမသည် အနာဂတ်ကို သိနေနိုင်သည် ဟူ၍ပင်။ ထိုအရာတွင် သက်သေအထောက်အထားခိုင်လုံစွာ မရှိသေးသဖြင့် သူ ဆက်လက် စောင့်ကြည့်ရန်လိုအပ်သေးသည်။
ကိုယ်လုပ်တော်ချန်၏အကမှာ သဘာဝကျကျပင် အလွန်ကောင်းမွန်လှပြီး လေထုမှာလည်း သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်ကကဲ့သို့ပင် ဖြူစင်ပြီးအပြစ်ကင်းစင်ကာ အိပ်မက်ဆန်လှသည်။
ထိုစဉ်က သူမသည် အေးစက်သော လရောင်အောက်တွင် တစ်ကိုယ်တည်း ရပ်နေခဲ့သည်။ သူမသည် မိန်းမငယ်လေးတစ်ဦးသာ ဖြစ်သော်လည်း ကျက်သရေရှိစွာ ကခုန်နေစဉ် သူမ၏ အမူအရာမှာ လွမ်းဆွေးနေပြီး မျက်ဝန်းများတွင် ချစ်ခင်မြတ်နိုးမှုများ ပြည့်နှက်နေကာ သူ့ ရင်ထဲတွင် နက်ရှိုင်းသော ထင်မြင်ချက်ကို ချန်ရစ်ထားခဲ့သည်။
အကပြီးဆုံးသွားသောအခါ ယင်ကျန်းမှာ ကြက်သေသေလျက် ငေးမောနေသည်ကို လူတိုင်း ရှင်းလင်းစွာမြင်တွေ့လိုက်ရသည်။
ကိုယ်လုပ်တော်ချန် ကျေနပ်စွာပြုံးလိုက်သည်။ ယွဲ့ယင်း နှင်ထုတ်ခံရပြီးကတည်းက သူမသည် လျစ်လျူရှုခံခဲ့ရသည်။ မီးဖိုချောင်မှ အစေခံများကပင် သူမအား အေးစက်နေသော အစားအစာများလာပို့ရဲသည်အထိ အခြေအနေ ဆိုးရွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမတွင် အရှင်မင်းသားကို ဆွဲဆောင်နိုင်လောက်သည့် အရည်အချင်းအချို့ ရှိနေသေးသည်။
ကိုယ်လုပ်တော်စုန့်က "သိတဲ့သူဆို ဒါကို ညီမတော် ကတယ်လို့ပဲထင်ကြမှာပေမယ့် မသိတဲ့သူတွေဆိုရင် လနတ်သမီးလေး ကောင်းကင်ဘုံကနေ ဆင်းသက်လာတယ်လို့ပဲ ထင်ကြမှာ"
ကိုယ်လုပ်တော်ချန်က ရယ်မောလျက် "အစ်မတော်စုန့်ကလည်း မြှောက်လွန်းပါပြီ"
ကိုယ်လုပ်တော်လီ အံ့ကြိတ်ကာ "ဒါက တုန့်ရှီက ယီရှီကို အတုခိုးနေသလိုပဲ၊ အကုန်လုံးက ဟန်ဆောင်ပန်ဆောင်နဲ့ လုပ်ကြံဖန်တီးထားကြီးကို၊ နှင်းလုံးလေး ကကွက်နည်းနည်းလောက် ကပြရင်တောင် အရမ်းလှနေမယ်လို့ ကျွန်မ ယုံကြည်တယ်"
ကမ်းချန်ချန် နှင်းလုံးလေး၏ပုံစံကို မြင်ယောင်ကြည့်လိုက်သည်။
【ဒီစကားက နည်းနည်းတော့ကြမ်းပေမယ့် တကယ်လို့ နှင်းလုံးလေးသာ အရည်အချင်းလာပြမယ်ဆိုရင်တော့၊ ဝါး... ငါ သေချာပေါက် ကြည့်ချင်မိမှာပဲ】
【နှင်းလုံးလေးလည်း အခုပိုကျန်းမာလာပြီ၊ နောက်ရက်နည်းနည်းနေလို့ နေသာတဲ့ရက်ကျရင် အပြင်ခေါ်သွားပြီး ဆော့လို့ရမလားဆိုတာ လီစဲ့ဖူကို မေးကြည့်ရမယ်】
ယင်ကျန်း ကမ်းချန်ချန်ကို ကြည့်ကာ မေးလိုက်သည်။
"ကိုယ်လုပ်တော်ကမ်း... မင်းရဲ့ ဟာသက ဘယ်မှာလဲ"
ကိုယ်လုပ်တော်ဝူက ဝင်ပြောသည်။
"နင် မစဉ်းစားရသေးဘူး မဟုတ်လား"
ကမ်းချန်ချန် မတ်တတ်ရပ်ကာ လည်ချောင်းရှင်းလိုက်ပြီး ပြောလေသည်။
"ဟိုးရှေးရှေးတုန်းက လောက်ကောင်တောင်ဆိုတာ ရှိတယ်၊ အဲဒီတောင်ပေါ်မှာ လောက်ကောင် ဘုရားကျောင်းတစ်ကျောင်း ရှိတယ်၊ ဘုရားကျောင်းအနောက်ဘက်မှာ လောက် ကောင် တဲအိမ်လေးရှိပြီး အဲဒီမှာ ဇနီးမောင်နှံနှစ်ယောက် နေကြတယ်၊ ခင်ပွန်းဖြစ်သူက နှစ်တိုင်း စာမေးပွဲကျတက်တယ်၊ ဒါနဲ့ ဇနီးသည်က ကြက်တွေကို ကြက်ခြံထဲမှာနေ့တိုင်း စာရေးဖို့ အတင်းခိုင်းတယ်၊ သေချာ မလေ့ကျင့်ရင် စပါးမကျွေးဘဲ လောက်ကောင်တွေပဲ ကျွေးမယ်လို့ ခြိမ်းခြောက်တယ်၊ ခင်ပွန်းသည်က နားမလည်နိုင်ဖြစ်သွားပြီး ဘာလုပ်နေတာလဲလို့ မေးတော့ ဇနီးဖြစ်သူက ကြက်တွေကို လေ့ကျင့်ပေးနေတယ်လို့ ပြန်ဖြေတယ်"
သူမသည် တမင်သက်သက် စကားရပ်လိုက်ပြီး လက်ဖက် ရည် တစ်ငုံသောက်လိုက်ရာ လူတိုင်းက သူမကိုသာ စိုက်ကြည့်နေကြသည်။ ကိုယ်လုပ်တော်ဝူက "ကြက်တွေကို ဘာလို့ လေ့ကျင့်ပေးနေတာလဲ၊ သူ ရူးနေတာလား"
ကမ်းချန်ချန် ပြုံးလျက် ပြန်ဖြေသည်။
"သူ့ခင်ပွန်းကလည်း အဲဒီမေးခွန်းကိုပဲ မေးခဲ့တာ၊ ဘာပဲဖြစ်ဖြစ် ကြက်ဆိုတာ အသားစားဖို့၊ ဥဥဖို့၊ တွန်ဖို့ပဲ တက်တာ၊ ဘာလို့ ကြက်တွေကို စာရေးခိုင်းရတာလဲပေါ့"
ဤနေရာသို့ ရောက်သောအခါ ယင်ကျန်း အသက်အောင့်ထားလိုက်မိပြီး မကောင်းသောခံစားချက်တစ်ခုမှာ သူ့ ရင်ထဲသို့ တိုးဝင်လာသည်။
သူ မျှော်လင့်ထားသည့်အတိုင်းပင် ကမ်းချန်ချန်က ဆက်ပြောလေသည်။
"အဲ့မိန်းမက ဘယ်လိုပြန်ဖြေလဲဆိုတော့ မိန်းမဆိုတာ ယောင်္ကျားနောက်လိုက်ရတာလေ၊ ယောင်္ကျားက ကြက်ဖြစ်ဖြစ်၊ ခွေးဖြစ်ဖြစ်လိုက်ရမှာပဲ၊ ကြက်တောင် စာကောင်းကောင်းရေးနိုင်ရင် ငါလည်း ရေးနိုင်ပြီပေါ့ မဟုတ်ဘူးလားတဲ့"
【ဟွန့် တကယ်က လောက်ကောင်တောင် စကားဝှက်ပဲ၊ ပြောင်းပြန်လှန်လိုက်ရင် သီလသုံးပါးနဲ့ ကျင့်ဝတ်လေးပါး မရှိခြင်းလို့ အဓိပ္ပါယ်ရတယ်၊ အဲဒါက အမျိုးသမီးများအတွက် လိုက်နာဖွယ်ရာများ စာအုပ်ရဲ့အနှစ်သာရပဲ မဟုတ်လား၊ ငါ့ကို အမြဲ စာကူးခိုင်းတဲ့အတွက် နင် ပြန်ခံစမ်း ဟီးဟီး】
ယင်ကျန်း၏မျက်နှာ တင်းမာသွားပြီး နှုတ်ခမ်းကိုတင်းတင်း စေ့ကာ တိတ်ဆိတ်နေလိုက်သည်။ သေချာတာပေါ့၊ သူမက ငါ့ကို တည့်တည့်ပြောနေတာပဲ၊ ရဲတင်းလိုက်တာ!
ကိုယ်လုပ်တော်စု့န်နှင့် ဖူကျင်းတို့လည်း သဘောပေါက်သွားကြပြီး ကမ်းချန်ချန်ကို မျက်လုံးအပြူးသား စိုက်ကြည့်နေကြသည်။ သူမကို အကင်းပါးသူဟု သူတို့ ထင်ခဲ့သော်လည်း သူမ ထိုသို့လုပ်လာလိမ့်မည်ဟု မည်သူထင်မည်နည်း။
ကိုယ်လုပ်တော်လီမှာမူ ကမ်းချန်ချန် ပြောသွားသော ဟာသကို နားထောင်ရန် စိတ်မဝင်စားပေ။ သူမသည် ကိုယ်လုပ် တော်ချန်ကိုသာ တစ်ချက်တစ်ချက် လှမ်းကြည့်နေမိပြီး သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာ အမှန်တကယ်ပင် ဆွဲဆောင်မှုရှိပြီး သူမအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနေသည်။
သို့သော် သူမမှာ ကလေးသုံးယောက်မွေးထားပြီးသည့်တိုင် ဤကဲ့သို့ ကောင်းမွန်သော ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်သေးရာ ကိုယ်လုပ်တော်ချန်ထက်များစွာ ပိုကောင်းသည်ဟုသာ မှတ်ယူလိုက်သည်။
ကိုယ်လုပ်တော်ချန်မှာ ဟန်ဆောင်လျက် "မိန်းမတစ်ယောက်က ကြက်ကိုစာရေးဖို့ အတင်းအကျပ် ခိုင်းတယ်ဆိုရင် အဲ့ဒီကြက်က အဲဒီမိန်းမအပေါ် အငြိုးတစ်ခုခုရှိနေလို့လား"
ယင်ကျန်း မျက်လုံးကိုပင့်ကာ သူမကို ကြည့်လိုက်သည်။ သူမသာ နောက်တစ်ခါ မရိုမသေလုပ်ရဲရင် သူလည်း သဘောထားကြီးနေတော့မှာ မဟုတ်ဘူး။
【အို ဒုက္ခပါပဲ၊ သူ့ကို လှောင်ပြောင်ဖို့ ကြိုးစားရင်းနဲ့ ငါ့ကိုယ်ငါလည်း စော်ကားမိသလိုဖြစ်သွားပြီ၊ ငါက တကယ့် ဝက်ဦးနှောက်ပဲ】
【နေဦး၊ ကိုယ်လုပ်တော်ချန် ပြောလိုက်တာက...၊ သူမတောင် နားလည်ရင် ယုံကျိန်းက ဘယ်လိုလုပ်နားမလည်ဘဲ နေပါ့မလဲ】
ယင်ကျန်း အေးစက်စက်သာ ရယ်မောလိုက်သည်။
ဟက်...
ကမ်းကော်သည် ယင်ကျန်း မျက်ဝန်းထဲမှ နှင်းခဲပမာ အေးစက်စူးရှသော အကြည့်တို့ကို ရင်ဆိုင်လိုက်ရချိန်၌ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသော ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။ သူမသည် သနားစရာပုံလေး ဟန်ဆောင်လိုက်ပြီး တုန်ယင်သောလေသံဖြင့် ပြောလိုက်လေသည်။
"ကျွန်တော်မျိုးမက အဲ့ကြက်မလေးရဲ့ပိုင်ရှင်ဆိုရင် သခင်အပေါ် သစ္စာရှိတဲ့ ကြက်မလေးကို ဘယ်လိုလုပ်အငြိုးထားရက်မှာလဲ၊ ဒါပေမဲ့ သခင်ကို မျက်နှာသာပေးဖို့ တောင်းဆိုနိုင်ခွင့်သာရှိပြီး တစ်နေ့ပြီးတစ်နေ့ စာလုံးတစ်လုံးတည်းကိုပဲ ထပ်တလဲလဲ မရေးရဘူးဆိုရင် ကြက်မလေးက သူ့သခင်ကို ပိုပြီးကျေးဇူးတင်မိမှာပါ"
[ငါ ဒီလောက်တောင် အောက်ကျနောက်ကျခံပြီး ပြောမှတော့ ယုံကျိန်း တစ်ခုခုရိပ်မိသွားရင်တောင် ငါ့ကို အပြစ်မယူလောက်ပါဘူး]
ယင်ကျန်း မေးကြောများ တောင့်တင်းသွားပြီး သူ့မျက်လုံးထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားသည် သတ္တိကျမရှိပဲနဲ့ လာလှောင်ချင်နေသေးတယ်။
ဝူကော်ကော်မှာမူ သူတို့ပြောနေသည်ကို သဘောပေါက်ခြင်း မရှိပေ။ ထိုဟာသအား မည်သူမျှ ရယ်မောခြင်းမရှိသဖြင့် သိပ်ရယ်စရာမကောင်းဟုသာ သူမ ထင်လိုက်သည်။
ထို့ကြောင့်ပင် စပ်စုချင်စိတ်ဖြင့် "ဒါပေမဲ့ အဲ့မိန်းမ စာရေးတတ်တော့ရော ဘာများ အသုံးကျမှာမို့လို့လဲ၊ နိုင်ငံတော်စာမေးပွဲ သွားဖြေမှာမှ မဟုတ်တာ"
ကမ်းကော်ကော်က မျက်စိတစ်ဖက် မှိတ်ပြလိုက်ရင်း
"စာကလေးတစ်ကောင်က ဟင်္သာဖိုရဲ့ ရည်မှန်းချက်ကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ"
စာကလေး? ဟင်္သာ ? သူပဲ အတွေးလွန်နေတာလား၊ ဒီမိန်းမက သူ့အတွေးတွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ? ဤသည်မှာ သူ၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်ဖြစ်ပြီး သူအရင်းနှီးဆုံးဖြစ်သော မင်းသား ၁၃ ကိုပင် ဖွင့်ဟပြောဖူးခြင်းမရှိသေးပေ။
ယင်ကျန်းမျက်လုံးများက သတ်ဖြတ်ချင်စိတ်များကိန်း အောင်းနေသည့်အလား အန္တရာယ်ရှိစွာ ကျဉ်းမြောင်းသွားခဲ့သည်။ လေထုတစ်ခုလုံးလည်း တင်းမာသွားရသည်။
ဝူကော်ကော်သည်လည်း မကျေမနပ်ဖြင့် ထပ်မေးရန်ပြင်လိုက်သော်လည်း ယင်ကျန်းထံမှ ထွက်ပေါ်လာသော စကားသံကြောင့် ရပ်တန့်သွားရသည်။
"တော်တော့၊ ဒီနေ့အတွက် ဒီလောက်ဆို တော်ပြီ၊ ကမ်းကော်ကော် မင်းက တကယ့်ကို အပြောအဆို ထက်လွန်းနေပါလား"
ကမ်းကော်ကော် ခိုး၍ သက်ပြင်းချလိုက်မိသည်။
"ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းသား"
ထိုညက ယင်ကျန်းတစ်ယောက် ချန်ကော်ကော်၏ အိပ်ဆောင်၌ အိပ်စက်ခဲ့လေသည်။
နောက်တစ်နေ့ မနက်စောစောတွင် ချန်ကော်ကော်သည် ယင်းကျန်းအား လိုက်လံပို့ဆောင်ပြီးနောက် သက်ပြင်းမချဘဲမနေနိုင်ခဲ့ပေ။
ယွဲ့ယင် စိုးရိမ်တကြီး မေးလာသည်။
"သခင်မလေး ဘာဖြစ်လို့လဲ"
ချန်ကော်ကော်သည် အပူပေးအုတ်ကုတင်တွင် တစ်ဖက်စီဖြစ်နေသော ခေါင်းအုံးနှင့် စောင်နှစ်စောင်ကိုသာ ဆွေးမြေ့စွာ လှမ်းကြည့်လိုက်သည်။
ယွဲ့ယင်၏မျက်နှာမှာ နီရဲသွားပြီး နားလည်သွားတော့သည်။ သူမမှာ မနေ့ညတုန်းက အနီးကပ်ခစားခဲ့ရသော အစေခံဖြစ်သဖြင့် ထိုအကြောင်းကို မည်သို့မသိဘဲ နေမည်နည်း။
ယွဲ့ယင် ချက်ချင်းပင် နှစ်သိမ့်ပေးလိုက်သည်။
"သခင်မလေး စိတ်မပူပါနဲ့၊ အနှေးနဲ့အမြန်ဆိုသလို အရှင်မင်းသားက သခင်မလေးကို ကြင်နာမှုတွေ ပြလာမှာပါ"
ချန်ကော်ကော်သည် လက်နှစ်ဖက်ကို တင်းကြပ်စွာ ဆုတ်ထားလျက် အခန်းထဲသို့ ဖြည်းညှင်းစွာ ပြန်လျှောက်သွားကာ ထိုင်ချလိုက်သည်။
"အရှင်မင်းသားက အရင်တုန်းက ကြင်ယာတော်လီ တစ် ယောက်တည်းကိုပဲ အရေးပေးခဲ့တယ်လို့ ငါကြားဖူးတယ်၊ နန်းတော်ထဲက ကြင်ယာတော်တစ်ယောက်တည်းကိုပဲ မျက်နှာသာပေးရင် ပြဿနာတွေ တက်လာမယ်ဆိုပြီး ဆူပူကြိမ်းမောင်းလို့သာ နောက်ထပ် ကိုယ်လုပ်တော် သုံးယောက်ကို ထပ်ယူခဲ့တာတဲ့"
ယွဲ့ယင်က "ဒါက ကြင်ယာတော်လီဘက်က တမင်သက် သက်လွှင့်ထားတဲ့ ကောလာဟလ ဖြစ်မှာပါ၊ ယောက်ျားဆိုတာက ငယ်ရွယ်လှပတဲ့ မိန်းကလေးတွေကို သဘောကျကြတာ သဘာဝပဲလေ၊ အထူးသဖြင့် သခင်မလေးက နတ်သမီးလေးတစ်ပါးလို လှတာကိုး၊ အရှင်မင်းသား သခင်မလေးကို ပထမဆုံးအကြိမ် မြင်တုန်းက သူ့မျက်လုံးတွေ မှင်သက်သွားတာ ကျွန်မ ကောင်းကောင်းကြီး မှတ်မိသေးတယ်"
ယွဲ့ယင်သည် ချန်ကော်ကော်၏ကိုယ်ပိုင်အစေခံဖြစ်ပြီး ယင်ကျန်းထံမှ သူမကိုယ်တိုင် အထူးတောင်းဆိုထားသူ ဖြစ်ပေသည်။
ချန်ကော်ကော်က တွေးတွေးဆဆဖြင့် "နင်ပြောတာ မှန်တယ်၊ အဲဒီနေ့က ငါ ကပြဖျော်ဖြေနေတုန်းက သူ့မျက်လုံးတွေကို သတိထားမိလိုက်တယ်၊ အဲ့မျက်လုံးထဲမှာ အရမ်းကို ပြင်းထန်တဲ့ ခံစားချက်တွေ ရှိနေခဲ့တယ်၊ ငါ့ရဲ့ အကကြောင့် သူ စိတ်လှုပ်ရှားသွားပုံပဲ"
ယွဲ့ယင်သည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ချန်ကော်ကော် ၏ခြေထောက်များကို ညင်သာစွာ နှိပ်နယ်ပေးရင်း ပြုံးလိုက်သည်။
"ကျွန်မကို မေးမယ်ဆိုရင်တော့ မင်းသားက သခင်မလေးကို အိမ်တော်ထဲ ခေါ်လာဖို့အတွက် အစေခံအုပ်စုထဲက တခြားအစေခံ နှစ်ယောက်ကို ရွေးပေးခဲ့တယ်လေ၊ ကမ်းကော်ကော်ကိုဆို ကြည့်ပါဦး၊ မင်းသားက သူနဲ့ ညအတူတူတောင် မအိပ်သေးဘူး"
"သူ အအေးပတ်ပြီး သေမလိုဖြစ်တာတောင် မင်းသားက သွားမကြည့်ခဲ့ဘူးလေ၊ သူမကို နည်းနည်းတောင် ဂရုမစိုက်တာ ရှင်းနေတာပဲ"