← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

Chapter 17

ချန်ကော်ကော်သည် အေးစက်စွာ ပြုံးလိုက်ပြီးနောက် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"နောက်ကျရင် အဲဒီပစ္စည်းတွေ အထဲကို ထပ်မယူလာခဲ့နဲ့တော့"

"ဟုတ်ကဲ့ပါရှင်"

ယွဲ့ယင်သည် ယွဲ့ယင်း၏ ဆိုးရွားလှသော ကံကြမ္မာကို တွေးမိပြီး သူမ မျက်နှာလည်းဖြူရော်သွား၏။ ကံကောင်းထောက်မစွာ ယွဲ့ယင်းသည် ဖြောင့်မတ်သူဖြစ်သောကြောင့် အပြစ်အားလုံးကို သူမကိုယ်တိုင်သာ ခံယူသွားခဲ့သည်။

---

နောက်တစ်နေ့ နံနက်တွင် ကြင်ယာတော်လီ၏ စိတ်အခြေ အနေမှာ စတင်ဆိုးရွားလာခဲ့သည်။

ကံကြမ္မာသည် သူမအတွက် အပူအပေါ် အပူဆင့်ပေးမည်ကို မည်သူ ကြိုသိနိုင်မည်နည်း။ သုံးနှစ်အရွယ်သာရှိသော ဟုန်ယွင် ဆော့ကစားနေစဉ် ကြောင်ဖြူကြီးကို ဒေါသထွက်အောင် လုပ်လိုက်သောကြောင့် ကလေးငယ်၏မျက်နှာပေါ်တွငိ သွေးစို့နေသော နက်ရှိုင်းသည့် ကုတ်ရာသုံးချက်ရထားလေသည်။

"အူးဝါး..."

ကလေးငယ်၏ငိုရှိုက်သံက အခန်းတွင်းတွင် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။ လီစဲ့ဖူသည် သားဖြစ်သူကိုကြင်နာယုယစွာ ရင်ခွင်ထဲထည့်ထားပြီး ချော့မြှူနေရာမှ အမိန့်ပေးလိုက်သည်။

"အစောင့်တွေ၊ အဲ့ဒီဉာဏ်မရှိတဲ့ တိရစ္ဆာန်ကို အခုချက်ချင်း ဆွဲထုတ်သွားပြီး သေတဲ့အထိ ရိုက်သတ်လိုက်စမ်း"

ယင်းလော့သည် အလျင်အမြန် ဒူးထောက်ချလိုက်ကာ အသည်းအသန် တောင်းပန်လေသည်။

"လီဖူကျင်းကျေးဇူးပြုပြီး သေချာစဉ်းစားပါဦးရှင်၊ ဒီကြောင်က ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ပေးသနားထားတာပါ၊ သူ့ကိုသာ သတ်လိုက်ရင် ကျွန်တော်မျိုးမတို့ ဘေးဒုက္ခကြီး ဆိုက်ရပါလိမ့်မယ်"

လီစဲ့ဖူသည် ဒေါသကြောင့် ဘာမှမမြင်တော့ပဲ "သူက ငါ့ရဲ့ ယွင်အာကိုတောင် အန္တရာယ်ပေးရဲတယ်၊ ယွင်အာက သုံးနှစ်ပဲ ရှိသေးတာ၊ အဲ့တိရစ္ဆာန်က ဘယ်လိုတောင်လုပ်ရက်ရတာလဲ၊ မြန်မြန်... သမားတော်ကို မြန်မြန်သွားခေါ်ပြီး ယွင်အာကို ဆေးထည့်ခိုင်းလိုက်စမ်း"

ယင်းလော့က ပြာပြာသလဲဖြင့် "ဖူကွေ့က ဒုတိယမင်းသားအတွက် နန်းတွင်းသမားတော်ကို သွားပင့်နေပါပြီ၊ လီဖူကျင်း စိတ်အေးအေးထားပါရှင်"

ဟုန်ယွင်သည် ယင်ကျန်း၏ တတိယမြောက်သားဖြစ်သော ကြောင့် တတိယမင်းသားဟု ခေါ်ဆိုရမည်ဖြစ်သည်။ ဒုတိယမင်းသား ဟုန်ဖန်သည် ငယ်ရွယ်စဉ်မှာပင် ကွယ်လွန်သွားခဲ့သည်။ ထိုစဉ်က လီစဲ့ဖူမှာ ရင်ကွဲမတတ် ငိုကြွေးခဲ့သော် လည်း ယင်ကျန်းသည် ဟုန်ဖန်ကို သူ့သားတော်များစာရင်းတွင် ထည့်သွင်းခြင်း မရှိခဲ့ပေ။

အဘယ့်ကြောင့်ဆို ထိုအချိန်က လီစဲ့ဖူးသည် ဒုတိယဖူကျင်းမဖြစ်သေးဘဲ သူမ အဆင့်အတန်းမှာ နိမ့်ကျနေသဖြင့် ကလေးကို ထိခိုက်စေမည်ဖြစ်သောကြောင့်ပင်။ ယင်ကျန်းသည် ဟုန်ဖန်အတွက် နန်းတွင်းထုံးစံများကို မချိုးဖောက်ခဲ့သော်လည်း ဤအခွင့်အရေးကိုအရယူကာ လီစဲ့ဖူအား ဒုတိယဖူကျင်းအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့ပေသည်။

လီစဲ့ဖူသည် တုန်ယင်နေသောအသံဖြင့် "ငါက ဘယ်လိုလုပ် စိတ်အေးနိုင်မှာလဲ၊ ဖန်အာတုန်းကလည်း ဒီအရွယ်မှာပဲ ဆုံးပါးသွားခဲ့တာ၊ သူ အဆင်ပြေမယ်လို့ ငါ ထင်ခဲ့တာလေ"

ယင်းလော့သည် သူမအား နှစ်သိမ့်ပေးရန် ပြင်လိုက်စဉ် ခြောက်နှစ်အရွယ် သမီးဖြစ်သူ ရုန်ကျဲက ပြေးဝင်လာပြီး မေးလိုက်သည်။

"မောင်လေး ဘာဖြစ်လို့လဲဟင်"

လီယွီဖူသည် ကြောင်ဖြူကြီးကို လက်ညှိုးထိုးပြကာ ဒေါသတကြီး ပြောလိုက်သည်။

"ဒါ အကုန်လုံး သူ့အပြစ်တွေချည်းပဲ၊ သူ့ကို ညှစ်ပစ်ပြီး အရေခွံခွာပစ်သင့်တယ်"

ရုန်ကျဲက ထိတ်လန့်တကြားဖြင့် "အဲဒါ အရမ်းရက်စက်လွန်းရာ မကျဘူးလား မယ်မယ်၊ သူ့ လက်သည်းတွေကိုပဲ ညှပ်လိုက်ပါလား"

လီစဲ့ဖူ မျက်နှာမှာ တောင့်တင်းသွားပြီးနောက် ရုန်ကျဲ၏ ခေါင်းကို သပ်ပေးလိုက်သည်။

"မေမေက ဒေါသထွက်လို့ ပြောလိုက်မိတာပါ၊ သမီးက ဘာလို့ အတည်ယူနေရတာလဲ"

ကြောင်ဖြူကြီးသည်လည်း သူ ပြဿနာရှာမိပြီဖြစ်ကြောင်း သိနေပုံရသည်။ သူ့ တစ်ကိုယ်လုံးမှာ အေးခဲသွားသကဲ့သို့ မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်နေပြီး နားရွက်များမှာ နောက်သို့ အနည်းငယ်ကျကာ ငြိမ်သက်နေသည်။ အကယ်၍ ကြောင်တွင် မျက်နှာအမူအရာသာရှိခဲ့လျှင် သူသည် အပြစ်ရှိသလို ခံစားနေရင်နေရ သူ‌ရှင်းပြတာနားထောင်ပေးဖို့ အော်ဟစ်မည့်ပုံပင်။

ဒုတိယမင်းသား၏ငိုသံ တိတ်သွားသည်နှင့်တပြိုင်နက် ထိုကြောင်ကြီးသည် ရုတ်တရက် လန့်နိုးသွားသည့်အလား သူ့ဖြူဖွေးသော နှုတ်ခမ်းမွေးများမှာ လှုပ်ခါလာပြီး အခန်းထဲတွင် အရူးတစ်ယောက်လို ဟိုဟိုဒီဒီ ခုန်ပေါက်ပြေးလွှားတော့သည်။ သူသည် တန်ဖိုးကြီး ပန်းအိုးများ၊ ကျောက်စိမ်းလက်ကောက်များနှင့် ဗီရိုပေါ်ရှိ လက်ဝတ်ရတနာများအားလုံးကို သူ့လက်သည်းများဖြင့် အကြမ်းပတမ်း တွန်းချလိုက်သည်။ သူသည် တစ်ခါတစ်ရံတွင် ဗီရိုကိုပင် အရှိန်ဖြင့် ဝင်တိုက်မိသဖြင့် ဗီရိုမှာ ပြုတ်ကျလာတော့မည့်အလားပင်။

"ဟိုမှာပဲ၊ မြန်မြန်... ဖမ်းစမ်း"

"သတိထား၊ သူ့ကို နာအောင်မလုပ်နဲ့"

အစေခံများသည် ယိုင်နေသော ဗီရိုကိုထိန်းရန် အပြေးအ လွှားသွားခဲ့သော်လည်း ကြောင်သည် စားပွဲပေါ်သို့ လျှပ်တစ် ပြက် ခုန်တက်သွားကာ ကြမ်းပြင်တစ်ခုလုံးတွငိ ကြွေကွဲများနှင့် ပြုတ်ကျနေသော လက်ဖက်ရည်အိုးမှ ရေများဖိတ်စင်နေသည်။

နှင်းလုံးလေးသည် လျင်မြန်သော ခြေလက်များနှင့် ပေါ့ပါးသွက်မှုများကို ပိုင်ဆိုင်ထားပေရာ အခန်းထဲရှိ အစေခံမ နှစ်ဦးနှင့် မိန်းမစိုးနှစ်ဦးတို့မှာ သူ့ကို မဖမ်းနိုင်သည့်အပြင် သူတို့ကိုယ်တိုင်သာ ခလုတ်တိုက်မိနေကြသည်။

ကလေးကို ရင်ခွင်ထဲ အတင်းပွေ့ပိုက်ထားသော လီယွီဖူနှင့် ရုန်ကျဲတို့မှာမူ ကြောက်လန့်တကြားဖြင့် ထောင့်တစ်နေရာ၌ ပုန်းနေကြသည်။

အစေခံမလေးနှစ်ယောက်မှာလည်း ထိုရုတ်တရက် ရူးသွပ်သွားသော ကြောင်ကြီးက သူတို့သခင်မကို အချိန်မရွေး ကုတ်သွားမည်ကို စိုးရိမ်လွန်းသဖြင့် ရှေ့မှမားမားမတ်မတ် ကာကွယ်ပေးထားရလေသည်။

အဆုံးတွင် နှင်းလုံးလေးသည် တံခါးကြားမှတစ်ဆင့်ထွက် ပြေးလွတ်သွားပြီး ရှုပ်ပွနေသော အရာများကိုသာ ချန်ထားခဲ့လေသည်။

ရုန်ကျဲသည် တံခါးကို လက်ညှိုးထိုးပြလျက် "ဘယ်လိုလုပ်ကြမလဲ၊ နှင်းလုံးလေး ထွက်ပြေးသွားပြီ၊ သူ ပျောက်သွားတော့မှာလား"

လီစဲ့ဖူမှာ ရူးမတက်ဒေါသထွက်နေရသည်။ ကြောင်များ သည် ဤမျှလောက် ဆိုးသွမ်းရိုင်းစိုင်းသော သတ္တဝါများဖြစ်ကြောင်း သူမ မသိခဲ့ပေ။ သူမက ဒေါသတကြီးဖြင့် "သူ အပြင်မှာ သေသွားရင် အကောင်းဆုံးပဲ၊ ဟွန့် .. ဒါတွေ အားလုံး ကမ်းကော်ကော်ရဲ့ အပြစ်တွေပဲ"

ရုန်ကျဲသည် ဇဝေဇဝါဖြစ်သွားပြီး အပြစ်ကင်းစင်စွာ မော့ကြည့်လိုက်သည်။

"ဒါက ကမ်းကော်ကော် ဘာဆိုင်လို့လဲဟင်"

လီယွီဖူက မကျေမချမ်းဖြင့် "သူသာ ဒီကြောင်ကို အခုလောက် အလိုလိုက်မထားရင် အခုလို ဆိုးသွမ်းနေပါ့မလား"

ကမ်းကော်ကော်သည် သူမကိုယ် သူမ သပ်ရပ်အောင်ပြင် ဆင်ပြီးနောက် လီစဲ့ဖူ ခြံဝင်းဘက်သို့ ထွက်လာခဲ့သော်လည်း လမ်းတွင် ရေများရွှဲနေသော နှင်းလုံးလေးကို အမှတ်မထင် တွေ့လိုက်ရသည်။

"ငါ့ရဲ့ အသည်းအသက်လေး! ဘာဖြစ်လာတာလဲ"

သူမသည် နှင်းလုံးလေးကို အလျင်အမြန် ကောက်ချီလိုက်ပြီး သူမ ကိုယ်ပိုင်ခြံဝင်းက ပိုနီးသည်ဟုတွေးကာ နှင်းလုံးလေးအား သူမဝတ်ရုံဖြင့်ပတ်၍ ကိုယ်ပိုင်ခြံဝင်းသို့ ပြန်လာခဲ့သည်။ ထို့နောက် ဟွာယုအား အခြေအနေကို စုံစမ်းရန် လွှတ်လိုက်သည်။

မကြာမီ ဟွာယုက ပြာပြာသလဲ ပြန်ရောက်လာပြီး "သွားပြီ၊ သွားပြီ ဒုတိယဖူကျင်းတော့ ရူးတော့မှာပဲ"

ကမ်းကော်ကော် "ဘာဖြစ်လို့လဲ"

ဤအချိန်တွင် နှင်းလုံးလေးသည် သန့်စင်ပြီးဖြစ်ကာ သူ့အမွေးများသည် ဖြူဖွေးချောမွတ်သွားပြီဖြစ်ပြီး ယွင်ကျွမ်းသည် သူလေးအား ကြက်သားနှင့် ဖရုံသီးဆန်ပြုတ် ကျွေးနေသည်။

ကမ်းချန်ချန် "နှင်းလုံးလေးက ဘာလို့ အခုလို ရုတ်တရက်ဖြစ်လာရတာလဲ"

ဟွာယုသည် လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီးမှ ပြောသည်။

"ကျွန်မလည်း မသိဘူး၊ မနက်စာစားပြီးတာနဲ့ နှင်းလုံးလေးရဲ့ ဗိုက်က ကျုံ့လာလို့ ဒုတိယမင်းသားလေးက သိချင်စိတ်နဲ့ လက်ညှိုးနဲ့ သွားထိုးလိုက်တာ အဲ့တာကို ကုတ်သွားတာတဲ့"

ကမ်းချန်ချန်က စိုးရိမ်တကြီး မေးလိုက်သည်။

"ဒုတိယမင်းသားလေး အဆင်ပြေရဲ့လား"

[ဒီခေတ်မှာ ခွေးရူးပြန်ကာကွယ်ဆေးမှ မရှိတာ၊ ဒါပေမဲ့ နှင်းလုံးလေးက အရမ်းလိမ္မာတာပဲ၊ အဲ့ဒီလိုဗိုင်းရပ်စ်တော့မရှိလောက်ပါဘူးနော်၊ ဒါပေမဲ့ ငါ ဖတ်ကြည့်တုန်းက ယုံကျန်းရဲ့သားတွေထဲမှာ လီမိသားစုကမွေးတဲ့ တတိယမင်းသားက အကြီးဆုံးလို့ပြောထားတော့ အိမ်တော်ထဲက ပထမနဲ့ ဒုတိယမင်းသားတွေက အနှေးနဲ့အမြန် သေရမှာပဲ၊ ဟင်း... သမိုင်းထဲကအတိုင်းမဖြစ်ဖို့ပြ မျှော်လင့်ရတော့မယ်]

ဟွာယုပြုံးပြီး ပြောလိုက်သည်။

"စိတ်မပူပါနဲ့ သခင်မလေး၊ ဒုတိယမင်းသားလေးအဆင် ပြေပါတယ်၊ မျက်နှာလေးနည်းနည်းခြစ်မိသွားတာပါ၊ နန်းတွင်းသမားတော်လည်း အခုဆို ရောက်နေလောက်ပါပြီ"

ကမ်းချန်ချန်သည် သက်ပြင်းချလိုက်ပြီး နှင်းလုံးလေး၏ ဗိုက်ကို ကြည့်ကာ စဉ်းစားလိုက်သည်။

"သန်ကောင်တွေ များနေတာလား၊ ဒါမှမဟုတ် မနက်စာ မှားစားမိလို့လား"

ဟွာယုက "မနက်က ကြင်ယာတော်က မင်းသားလေးကို နွားနို့တိုက်တုန်းက ရုတ်တရက် စိတ်ကူးပေါက်ပြီး နှင်းလုံးလေးကိုလည်း တစ်ပန်းကန် ကျွေးလိုက်တယ်တဲ့၊ နှင်းလုံးလေးက ကြိုက်တာတွေ့တော့ နွားနို့မုန့်ပါ ထပ်ကျွေးလိုက်တယ်လို့ ပြောကြတယ်"

ကမ်းချန်ချန် ဒေါသတကြီး ပြောလိုက်သည်။

"အဓိပ္ပာယ်မရှိတာ၊ လုံးဝ အဓိပ္ပာယ်မရှိတာပဲ၊ နှင်းလုံးလေးမှာ လက်တို့ အင်တိုလရင့်ရှိတယ်၊ အဲ့တာကြောင့် နွားနို့သောက်လို့ မရဘူးလေ၊ သူ ဘာလို့ နားမထောင်ရတာလဲ"

ဟွာယုနှင့် ယွင်ကျွမ်းတို့သည် မယုံနိုင်စွာဖြင့် စိုက်ကြည့်နေကြသည်။

"လက်တို့ အင်တိုလရင့်?"

ကမ်းချန်ချန်သည် သူမ စကားမှားသွားကြောင်း သိလိုက်ပြီး အလျင်အမြန် ပြင်ပြောလိုက်သည်။

"နှင်းလုံးလေးမှာ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိလို့ နို့ထွက်ပစ္စည်း စားလို့မရဘူးလို့ပြောတာ"

[ဒါကြောင့် ခုနက ငါ တွေ့တုန်းက ဗိုက်ကလေးကွေးပြီး သနားစရာ ကြည့်နေတာကိုး၊ အစားမှားစားမိတာပဲ]

မနေ့ညသည် ပွဲတော်ကျင်းပခဲ့သဖြင့် ညည့်နက်ခဲ့သောကြောင့် ဖူကျင်း ယနေ့တွင် (မင် နံနက်ခင်းဂါရဝပြုရန် လာစရာမလိုကြောင့် အမိန့်ပေးထားပြီးဖြစ်သည်။ သို့သော် ချန်ကော်ကော်သည် ဖူကျင်းထံသို့ လက်ဆောင်များနှင့်အတူ ရောက်လာခဲ့သည်။

ဖူကျင်းသည် ထိုနေရာတွင် ထိုင်နေပြီး သူမကို မြင်သောအခါ ပြုံးလိုက်သည်။

"ဘာကိစ္စများရှိလို့ ရောက်လာတာလဲ"

ချန်ကော်ကော်သည် ယွဲ့ယင် သယ်လာပေးသော အဝတ် အစားများကို လှမ်းယူလိုက်ပြီး "ဒါ အရှင်မင်းသား ကျွန်တော်မျိုးမကို ပေးသနားထားတဲ့ နှင်းပိုးချည် ဖဲအုပ်ပါ၊ ဒီပိတ်စနဲ့ ချုပ်ထားတဲ့ အဝတ်တွေက ပိုးဟပ်တောင်ပံလို ပါးလွှာပေမယ့် အရမ်းနွေးထွေးပြီး လှိုင်းလုံးတွေလို လှပတဲ့ ပန်းချီကွက်တွေ ပါပါတယ်၊ ကျွန်တော်မျိုးမကိုယ်တိုင် အဝတ်တစ်ထည် ချုပ်ကြည့်တာတော့ ဒီပိတ်စကတကယ်ကို သက်တောင့်သက်သာရှိတာ တွေ့ရပါတယ်၊ ကျွန်မတို့ အိမ်တော်မှာ ဖူကျင်းလို မွန်မြတ်တဲ့သူမှသာ ဒီလိုပိတ်စကောင်းမျိုးနဲ့ ထိုက်တန်တယ်လို့ တွေးမိလို့ ကျန်တာတွေကို ဖူကျင်းကိုပေးဖို့ ယူလာခဲ့တာပါ"

ဖူကျင်းသည် ပိတ်စကိုယူ၍ စစ်ဆေးကြည့်ပြီး ပြုံးလိုက်သည်။

"ဒါက တကယ့်ကို ကောင်းမွန်တဲ့ ပိတ်စပဲ၊ နင် ဒီလောက်တောင် သေချာစဉ်းစားပြီး လက်ဆောင်ပေးတာ အားနာစရာတော့ဖြစ်ပြီ"

ချန်ကော်ကော်သည် သူမ၏ ခံစားချက်များကို ဖုံးကွယ်ရန် မျက်လွှာချလိုက်ပြီး "ကျွန်တော်မျိုးမအပေါ် ထားရှိတဲ့ ဖူကျင်းရဲ့ ကျေးဇူးတရားတွေ အားလုံးကို ကျွန်တော်မျိုးမ မှတ်မိပါတယ်၊ အရှင်မင်းသားက အစတုန်းက ကျွန်တော်မျိုးမကို မနှစ်သက်ခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ ဖူကျင်းက မနေ့ညက ကျွန်တော်မျိုးမကို အခွင့်အရေး တစ်ခုပေးခဲ့လို့ပါ"

ဖူကျင်းလည်းအလိုက်သင့် နှစ်သိမ့်ပေးလိုက်သည်။

"အဲ့အတွက် အရှင်မင်းသားကို အပြစ်မတင်ပါနဲ့၊ သူ ဒေါသထွက်သွားလို့ဖြစ်မှာပါ"

🌻 Chapter 18

ကိုယ်လုပ်တော်ချန်သည် မျက်လွှာပင့်ကြည့်ကာ မေးလိုက်သည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝမ်အာနားမလည်နိုင်သေးတာလေး ရှိနေလို့ပါ၊ ယွဲ့ယင်း ဘာလို့ အဲဒီလို လုပ်ခဲ့ရတာလဲဆိုတာ ကျွန်မ တကယ်ကို စဉ်းစားလို့မရဘူး၊ ကျမ သူ့ကို ကောင်း ကောင်းသိတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် သခင်နဲ့ အစေခံဖြစ်ခဲ့ပေမယ့် သူမရဲ့ကံကြမ္မာက တကယ်ကို... ဟူး"

သူမ စကားမဆုံးမီမှာပင် အသံတိမ်ဝင်ကာ ငိုရှိုက်လာတော့သည်။

ဖူကျင်းက သူမအား လက်ကိုင်ပဝါကမ်းပေးလိုက်ရင်း စိတ်မကောင်းဟန်ဖြင့် ဆိုလေသည်။

"ငါသာ ဒီကိစ္စကို တာဝန်ယူဖြေရှင်းရမယ်ဆိုရင် သေချာ ပေါက်သက်ညှာပြီး ကိုင်တွယ်မိမှာ အမှန်ပဲ၊ ဒါပေမဲ့ ကံကြမ္မာကမျက်နှာသာ မပေးခဲ့ဘူးလေ၊ အဲဒီနေ့က ငါ့ကို ညစာစားဖို့ ဖိတ်ထားတော့ အပြန်နောက်ကျသွားခဲ့တယ်၊ ဘယ်သူကများ အရှင်မင်းသားဆီ သွားတိုင်လိုက်မှန်းကို မသိတာ"

ကိုယ်လုပ်တော်ချန်က ရှေ့သို့ အနည်းငယ်ကိုင်းညွှတ်လိုက် ကာ "ဝမ်အာ ကြားတာတော့ အဲဒီနေ့က အရှင်မင်းသားက ကိုယ်လုပ်တော်ကမ်းရဲ့အဆောင်ကနေ ဒေါသတကြီးနဲ့ ထွက်လာပြီး ကျန်းတာ့နျန်ကို သေချာစုံစမ်းဖို့ အမိန့်ပေးခဲ့တယ်ဆိုပဲ၊ သတင်းက သူမရဲ့အဆောင်ကနေများ ပေါက်ကြားသွားတာများလား"

ဖူကျင်း မျက်မှောင်ကြုတ်သွားသည်။

"ကိုယ်လုပ်တော်ကမ်းရဲ့အဆောင်မှာ ဟွာယုဆိုတဲ့ အစေခံမလေးတစ်ယောက်ရှိတယ်၊ သူက အမြဲတမ်းကောက်ကျစ်ပြီး မျက်စိရှင်တယ်၊ ပါးစပ်ကလည်း စာကလေးထက်တောင် သွက်သေးတယ်၊ ဒီစံအိမ်တော်ထဲမှာ သူ စုံစမ်းလို့မရတဲ့ ကိစ္စဆိုတာ မရှိသလောက်ပဲ၊ ဒါပေမဲ့ ယွဲ့ယင်း အချည်းနှီးသေသွားရတာတော့မဟုတ်ဘူး၊ သူမရဲ့ ဆယ်နှစ်အရွယ် မောင်လေးရှိတယ်‌လေ၊ နာမည်က စုဖေးရှန်းလို့ခေါ်တာ ထင်တယ်၊ သူက အဆင့်နိမ့် အစေခံဘဝကနေ အရှင်မင်းသားရဲ့အပါး တော်မြဲအဖြစ် ပြောင်းရွှေ့ခံလိုက်ရတယ်လေ၊ ဒါ တကယ့် နေရာကောင်းပဲ"

ဤစကားကို ကြားသောအခါ ကိုယ်လုပ်တော်ချန် တစ်စုံတစ် ရာကို သဘောပေါက်သွားလေသည်။

ယွဲ့ယင်းကို ဖမ်းဆီးရန် လူများကို ကိုယ်တိုင်ဦးဆောင်ကာ အငိုက်ဖမ်းခဲ့သူမှာ ဖူကျင်းပင် ဖြစ်သော်လည်း သူမသည် ဖူကျင်းကို မုန်းတီးရန်မဝံ့ရဲခဲ့ချေ။

ဤဖြစ်ရပ်မှတစ်ဆင့် သူမသည် ဖူကျင်း၏အင်အားစုတွင် တရားဝင် လက်အောက်ခံတစ်ဦးဖြစ်လာခဲ့လေသည်။

သူမ ဖူကျင်း၏အဆောင်မှထွက်လာချိန်တွင် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ သူမမျက်ဝန်းအိမ်၌ မျက်ရည်များ ရစ်သိုင်းလာသည်။

ညကောင်းကင်ယံတွင် မြင့်မားစွာ ထွန်းလင်းတောက်ပလျက် သက်ရှိအားလုံးကို ငုံ့ကြည့်နေသည့် ဂုဏ်ယူဝင့်ကြွားဖွယ် လမင်းကြီးကဲ့သို့ သူမ နေထိုင်ချင်ခဲ့သော်လည်း လက်ရှိအ ခြေအနေများမှာ သူမ ထိန်းချုပ်မှုအောက်တွင်ရှိမနေခဲ့ပေ။

ယခု သူမလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ခိုင်မာ သော ကျောထောက်နောက်ခံတစ်ယောက်ကို ရှာဖွေမှီခိုရန်သာ။

အစက ဖူကျင်းကို ကျောထောက်နောက်ခံအဖြစ်မှီခိုရန် ရည်ရွယ်ခဲ့သော ကမ်းချန်ချန်မှာမူ ယခုအခါ ကြောင်ခိုးမှုဟူသော အရှုပ်တော်ပုံကြီးအတွင်း သက်ဆင်းရတော့မည် ဖြစ်သည်။

ဤကိစ္စသည် ယင်ရှန်နှင့် ယင်ကျန်းတို့ စံအိမ်တော်သို့ဝင်လာချိန်မှ စတင်ကာအစပျိုးခဲ့ခြင်း ဖြစ်လေသည်။

နှစ်သစ်ကူးနေ့ မတိုင်မီက မင်းသားများအားလုံးအလွန် အလုပ်များခဲ့ကြသော်လည်း ပွဲတော်ကာလအတွင်း ငါးရက်တာ အားလပ်ရက်ရရှိခဲ့ကြသည်။

ဒါပေါ့၊ အားလပ်ရက်က အားလပ်ရက်ဖြစ်ပေမယ့် ယင်ကျန်းကတော့ အလုပ်ကြိုးစားသူ တစ်ယောက်ဖြစ်နေဆဲပဲ။

"ဟားဟား... စတုတ္ထနောင်တော်၊ နောင်တော်ရဲ့ စံအိမ်တော်မှာ ပန်းချီကားတစ်ချပ်လိုလှပတဲ့ မက်မွန်ပန်းတွေ အပြည့်ပွင့်နေတယ်လို့ ကြားတယ်၊ အခု အားလပ်ချိန်လေးရတုန်း မျက်စိအစာကျွေးဖို့ သွားကြည့်ရအောင်"

"ငါတို့က ညီအစ်ကိုတွေပဲ ဘာလို့ အဲ့လောက် ယဉ်ကျေးနေရတာလဲ"

ညီအစ်ကိုနှစ်ဦးသည် အရေးကြီးကိစ္စများ ဆွေးနွေးပြီးမှ မက်မွန်ပန်းများကို သွားကြည့်ရန် ရည်ရွယ်လျက် ယင်ကျန်း၏စာကြည့်ဆောင်ဆီသို့ လျှောက်လာခဲ့ကြသည်။ ထိုစဉ် မိန်းမစိုးတစ်ဦးက သူတို့ရှေ့မှ အပြေးအလွှား ဖြတ်သွားလေသည်။

"ရပ်စမ်း၊ မင်းက... ဖူကွေ့အာလား"

ယင်ကျန်း အေးစက်သော လေသံဖြင့် ဟန့်တားလိုက်သည်။

ဖူကွေ့အာ ချက်ချင်း ဒူးထောက်ချလိုက်ပြီး "အရှင်မင်းသား၊ အသက်ကို ချမ်းသာပေးတော်မူပါ၊ ကျွန်တော်မျိုး နန်းတွင်းသမားတော် သွားပင့်ဖို့ အလောတကြီး ဖြစ်နေလို့ပါ၊ မမြင်ဟန်ဆောင်ပြီး ထွက်သွားတာမဟုတ်ရပါဘူး"

ယင်ကျန်းက လှောင်ပြုံးပြုံးလိုက်ပြီး "မင်း မလုပ်ရဲဘူးဆိုတာ ငါ သိတယ်၊ ပြောစမ်း... ဘယ်သူ နေမကောင်းဖြစ်လို့လဲ"

"ဒုတိယမင်းသားလေးပါဘုရား၊ ကြောင်ကုတ်ခံရလို့ မျက်နှာမှာ သွေးထွက်နေတဲ့ ကုတ်ရာတွေ အများကြီးရသွားလို့ပါ"

ယင်ကျန်း မျက်မှောင်ကြုတ်သွားသည်။

"မင်းတို့ ဘာလို့ သေချာဂရုမစိုက်ကြတာလဲ၊ မြန်မြန်သွားတော့..."

ဖူကွေ့အာ အလျင်အမြန် ပြေးထွက်သွားသည်။ သူသည် နန်းတွင်းသမားတော်ကျန်းကို ပင့်ခေါ်လိုက်သည်။

သမားတော်ကျန်းမှာ အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်က လီစဲ့ဖူ ခေါင်းကိုက်ဖျားနာဖြစ်တိုင်း သူ့ကိုသာ မကြာခဏ ပင့်ခေါ်ပြသလေ့ရှိသည်။ ယနေ့တွင် သူသည် တာဝန်ချိန်မဟုတ်သောကြောင့် အိမ်တွင်သာ ရှိနေခြင်းဖြစ်သည်။

ယင်ရှန်က "စတုတ္ထနောင်တော်... ယွင်အာလေး ဒုက္ခရောက်နေတယ်ဆိုတော့ သူ့ဆီ အရင်သွားကြည့်ရအောင်လေ၊ ကလေးရဲ့ ကျန်းမာရေးက ပိုအရေးကြီးတယ် မဟုတ်လား"

သို့သော် ယင်ကျန်းကမူ "ဟေ့... အဲဒီလိုတော့ မရဘူးလေ၊ ကလေး ကြောင်ကုတ်ခံရတာလေးလောက်ကို ဒီလောက် အရေးတယူ လုပ်နေရင် မသင့်တော်ဘူး၊ အလုပ်ကိစ္စ အရင်ဆွေးနွေးကြတာပေါ့"

ယင်ရှန်သည် သူ့ စတုတ္ထနောင်တော်၏အကျင့်စရိုက်ကို ကောင်းစွာ သိထားသူဖြစ်သည်။ သူသည် လီစဲ့ဖူ၏အချစ်ဆုံး သားတော်လေးဖြစ်လျှင်တောင် အလုပ်ကိုသာရှေ့တန်း တင်နေဆဲဖြစ်ရာ ဤအချက်က အမြဲတစေ ယင်ရှန်ကို စိတ်ရှုပ်ထွေးအောင်လုပ်နိုင်သည်။

သူတို့နှစ်ဦးစကားပြောအပြီးတွင် ကျန်းတာ့နျန်က သမား တော်ကျန်းကို လိုက်ပို့နေသည်ကို တွေ့ရသဖြင့် ယင်ကျန်းက မေးလိုက်သည်။

"ဘယ်လိုနေလဲ"

သမားတော်ကျန်း "အရှင်မင်းသား၊ ဆေးကို ခုနစ်ရက် လိမ်းပြီးမှ အခြေအနေ စောင့်ကြည့်ရပါမယ်၊ ဒုတိယမင်းသားလေးမှာ တခြားထူးခြားတဲ့ ပြောင်းလဲမှု မရှိဘူးဆိုရင်တော့ စိတ်ချရပါပြီ"

ယင်ကျန်းသည် ဤသမားတော်မှာ အမြဲတစေ သတိထားတတ်ပြီး ခုနစ်ဆယ်ရာခိုင်နှုန်း သေချာမှသာ စကားကို ဟုတ်တိပတ်တိ ပြောလေ့ရှိကြောင်းသိထားသဖြင့် သူ ဤသို့ပြောမှသာ အနည်းငယ် စိတ်အေးသွားရသည်။

သူနှင့် ယင်ရှန်တို့ အဆောင်ထဲသို့ ဝင်လာကြသည်။ လီစဲ့ဖူသည် စတုတ္ထမင်းသားရောက်လာသည်ဟု ကြားသဖြင့် တံခါးဝတွင် မျက်ရည်များ စီးကျလျက် စောင့်ကြိုနေလေသည်။

ယင်ကျန်း သက်ပြင်းချလိုက်ပြီး "ယွင်အာ ဘာမှမဖြစ်ပါဘူး၊ ဘာလို့ ဒီလောက် ငိုယိုနေရတာလဲ"

လီစဲ့ဖူသည် ရင်ကျန်းရှေ့တွင် ထပ်မံ ဒူးထောက်လိုက်ကာ မျက်ရည်များကို ထိန်းထားပြီး

"အရှင်မင်းသား ကျွန်မက ယွင်အာလေးအတွက်တင် ငိုနေတာမဟုတ်ပါဘူး၊ ဒီမနက် အရမ်းဆိုးရွားတဲ့ ကိစ္စတစ်ခု ဖြစ်သွားလို့ပါ"

ယင်ရှန်မှာ တူဖြစ်သူကိုသာ စိတ်ပူနေပြီး စည်းကမ်းချက်များကိုတင်းကျပ်စွာ လိုက်နာတတ်သဖြင့် လီစဲ့ဖူကို တစ်ချက်မျှပင် မကြည့်ခဲ့ပေ။ သို့သော် ဤစကားကို ကြားသောအခါ လူငယ်ပီပီ စပ်စုချင်စိတ်များပေါ်လာကာ "မရီးတော်၊ ဘာဖြစ်လို့လဲ"

ယင်ကျန်းက လီစဲ့ဖူကို တွဲထူပေးရင်း "မငိုပါနဲ့တော့၊ မြန်မြန် ပြောပြစမ်းပါ"

"အရှင်မင်းသား ချီးမြှင့်ထားတဲ့ နှင်းလုံးလေး ပျောက်သွားလို့ပါ" လီစဲ့ဖူ ပြန်ဖြေသည်။

ယင်ကျန်းမှာ အံ့အားသင့်သွားပြီး "ဘာပြောတယ်"

လီစဲ့ဖူသည် မျက်ရည်များကို လက်ကိုင်ပဝါဖြင့် သုတ်လိုက်ပြီးနောက် ဆက်ပြောလေသည်။

"အဲဒီကြောင်လေး စံအိမ်တော်ကို ရောက်လာကတည်းက အဆောင်တစ်ခုလုံးက သူ့ကို အဖိုးတန်ရတနာလေးလို ယုယထားခဲ့တာပါ၊ ဒါပေမဲ့ ဒီမနက်ကျတော့ ဘာဖြစ်သွားမှန်း မသိဘူး၊ ရုတ်တရက် သောင်းကျန်းပြီး ယွင်အာလေးကို ကုတ်ရုံတင်မကဘူး၊ အခန်းထဲက ကြွေထည်ပစ္စည်းတွေ အများကြီးကိုပါ ခွဲပစ်လိုက်တယ်၊ အဲဒါတွေအားလုံးက အရှင်မင်းသား ပေးသနားထားတဲ့ လက်ဆောင်တွေချည်းပါပဲ၊ ကျွန်မကိုယ်တိုင် အမြဲတမ်းသုတ်သင်ရှင်းလင်းနေကျပါ၊ အခု ဒါတွေ ကွဲသွားတော့ ကျမ နှလုံးသားပါကွဲအက်သွားသလို ခံစားရတယ်... အဟင့်ဟင့်..."

ယင်ရှန်မှာ ကြောင်ပျောက်သွားသည်ဟူသော စကားကို ကြားသောအခါ သိပ်ဂရုမစိုက်တော့ဘဲ ဟုန်ယွင်လေးကိုသာ အာရုံစိုက်နေလိုက်တော့သည်။

ယင်ကျန်း "လူလွှတ်ရှာခိုင်းပြီးပြီလား"

လီစဲ့ဖူက "ရှာခိုင်းပြီးပါပြီ၊ ယင်းလော့ပြောတာတော့ ဒီနေ့ ကိုယ်လုပ်တော်ကမ်းက ကျွန်မ အဆောင်အပြင်ဘက်ကနေ နှင်းလုံးလေးကိုခေါ်သွားတယ်တဲ့၊ အခုလေးတောင် ကမ်းချန်ချန်က သူ့ရဲ့ ကိုယ်ပိုင်အစေခံကိုလွှတ်ပြီး ဒီက အခြေအနေ လာမေးခိုင်းသေးတယ်၊ သူမက ကြောင်ကို တမင်ခိုးသွားတာလား ဒါမှမဟုတ် တခြား ရည်ရွယ်ချက်တစ်ခုခု ရှိနေလို့လားဆိုတာ ကျွန်မလည်း မသိတော့ပါဘူးရှင်"

ယင်ကျန်း မျက်မှောင်ကြုတ်လျက် "တခြား ဘာရည်ရွယ် ချက် ရှိနိုင်ဦးမှာလဲ"

ထိုစဉ် ယင်းလော့က အချိန်ကိုက် ဝင်ရောက်လျှောက်တင်လေသည်။

"အရှင်မင်းသား... ကိုယ်လုပ်တော်ကမ်းဆီမှာ ထူးခြားတဲ့ အစွမ်းတချို့ ရှိနေပုံရပါတယ်၊ နှင်းလုံးလေးက အရမ်းဒေါသကြီးပြီး သူစိမ်းတွေနဲ့ ထိတွေ့တာကို မကြိုက်ပါဘူး၊ ကျွန်မတို့ ညီမတော်တောင် သူ့ကို ပွေ့ချီနိုင်ဖို့ သုံးရက်တောင် အချိန်ယူခဲ့ရတာပါ၊ ဒါပေမဲ့ နှင်းလုံးလေးနဲ့ သူ ပထမဆုံး တွေ့တဲ့နေ့မှာတင် သူမက နှင်းလုံးလေးကို အစာကျွေးနိုင်နေခဲ့တယ်၊ နှင်းလုံးလေးကလည်း သူမစကားကို အရမ်းနား ထောင်တယ်၊ ကျွန်တော်မျိုးမကြားဖူးတာတော့ တိရစ္ဆာန်လေးတွေကို ထိန်းချုပ်နိုင်တဲ့ မိစ္ဆာပညာတစ်မျိုး ရှိတယ်ဆိုပဲ..."

"ရောင့်တက်လှချည်လား!"

ယင်ကျန်း ဒေါသတကြီး အော်ဟောက်လိုက်သည်။

ယင်းလော့လည်း ချက်ချင်းဒူးထောက်ချလိုက်ပြီး လီစဲ့ဖူကဆက်ပြောသည်။

"နင် အစေခံဖြစ်ပြီး ဘယ်လိုလုပ် ဒီလိုအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောရဲရတာလဲ၊ ကိုယ့်ပါးကိုယ် ပြန်ရိုက်စမ်း"

ယင်းလော့သည် ချက်ချင်းပင် သူမပါးကို အကြိမ်အနည်း ငယ် ပြန်ရိုက်လိုက်သည်။ ယင်ကျန်းမှာ "သူမကို ကိုယ်တော့်ရှေ့ အခုချက်ချင်းသွားခေါ်ခဲ့"

ယင်းလော့၏စကားများမှာ လုံးဝအဓိပ္ပာယ်မရှိလှသော် လည်း ကမ်းချန်ချန်၏ အတွင်းစိတ်အတွေးများကို သူကိုယ် တိုင် ကြားနိုင်စွမ်းရှိနေသည်ကို ထောက်ကာ သူမထံတွင် အမှန်ပင် ထူးဆန်းသောပြဿနာတစ်ခုခု ရှိနေသလားဟု သံသယဝင်သွားမိသည်။

All Chapters