← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း ၁၃၅: ဒါက တကယ်ပဲ မင်းရဲ့ သားလား...

ယွီဟုန်ထျန်းသည် ယွီတောက်ရွှမ်ကို ဂရုမစိုက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ကောင်းကင်ယံရှိ စူးချန်ကဲကို မော့ကြည့်လိုက်ကာ နောက်ထပ်စကားတစ်ခွန်းမျှ မပြောတော့ဘဲ တစ်ဖက်လူ၏ အမိန့်ကို စောင့်ဆိုင်းနေပုံရသည်။

နှစ်ပေါင်းရှစ်ထောင်တိုင်တိုင် နတ်ဘုရားအင်ပါယာတစ်ခု၏ အုပ်စိုးသူတစ်ဦးအဖြစ် ရပ်တည်ခဲ့သူအနေဖြင့် သူ့ထံတွင် သားသမီးတစ်ထောင် မရှိလျှင်ပင် အနည်းဆုံး ရှစ်ရာခန့် ရှိနေသည်။ ယွီတောက်ရွှမ်ကို သတ်ရန် မဆိုထားနှင့် သူ လိုချင်သော အကျိုးအမြတ်များကို ရရှိရန် သူတို့ အားလုံးကို သတ်ပစ်ရမည်ဆိုလျှင်ပင် သူသည် မျက်တောင်တစ်ခတ် ခတ်မည်မဟုတ်ချေ။

ယွီတောက်ရွှမ်က သူ့ကို သေလုနီးပါး ဖြစ်စေခဲ့သည်ကိုမူ ထည့်ပြောရန်ပင် မလိုတော့ပေ။

အကယ်၍ ထိုမဟာဧကရာဇ်၏ လက်အောက်ရှိ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်သုံးဦးထဲမှ တစ်ဦးဖြစ်သော စိတ်ဝိညာဉ်အရှင်သည် အမိန့်တစ်ခုရရှိပြီး မျိုးနွယ်စုတစ်ခုလုံးကို ရှင်းလင်းပစ်ခြင်းကို လမ်းတစ်ဝက်တွင် မရပ်တန့်ခဲ့လျှင် ယခု သူ ဤနေရာတွင် ရပ်နေနိုင်မည် မဟုတ်ချေ။

တစ်ချိန်တည်းမှာပင် ယွီဟုန်ထျန်းသည် စူးမိသားစု၏ ကြောက်မက်ဖွယ်ကောင်းမှုနှင့် အာဏာရှင်ဆန်မှုကို အမှန်တကယ် မျက်မြင်တွေ့ရှိခဲ့ရလေသည်။ တရားဝင် အမိန့်စာတစ်ခုကို ကိုင်ဆောင်ထားသော စိတ်ဝိညာဉ်အရှင်တစ်ပါးတည်းက ရွှီဟွာနတ်ဘုရားအင်ပါယာကို ခုခံနိုင်စွမ်း အနည်းငယ်မျှပင် မရှိစေခဲ့ချေ။

တံခါးပိတ်ကျင့်ကြံနေပြီး သက်ရှိများကို ဝါးမျိုခြင်းဖြင့် အသက်ဆက်နေရသော သူတို့၏ ရှေးဟောင်းဘိုးဘေးပင်လျှင် အသံတစ်သံမျှ မထွက်ရဲခဲ့ချေ။ ထို့ပြင် အကြောင်းအရင်းကို သူ ခန့်မှန်းမိသလောက် အောက်ဘုံတွင် သူ၏သားနှင့် စူးချုံး၏သားတို့ကြားရှိ ပဋိပက္ခတစ်ခု သက်သက်ဖြစ်ပြီး ထိုအရာက သူ၏အင်ပါယာ အတွင်းရှိ သက်ရှိအားလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်ခဲ့သည်။ ဤအာဏာရှင်ဆန်မှုအဆင့်မှာ သူ၏ရွှီဟွာနတ်ဘုရားအင်ပါယာထက် အဆပေါင်း မရေမတွက်နိုင်အောင် ပို၍အစွမ်းထက်သည်။

ဤအချိန်အခိုက်အတန့်တွင်....

လောကကြီးတခွင်လုံး ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့သည်။

သို့ရာတွင် စူးချန်ကဲသည် ယွီဟုန်ထျန်းနှင့် သူ၏ သားကို ဂရုမစိုက်ခဲ့ချေ။ သူသည် ကျန်းလင်းကို အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေခဲ့သည်။

တစ်ဖက်လူကို သူ အလွန်ရင်းနှီးပေ၏။ ကျန်းလင်းသည် သူ ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့သူဖြစ်ပြီး သူ့ဖခင်၏ သွေးသောက်ညီအစ်ကိုပင်။ ငယ်စဉ်ကတည်းက သူသည် စူးချုံး၏နောက်သို့ လိုက်ကာ ကောင်းကင်ဘုံများနှင့် ကမ္ဘာအသင်္ချေတလျှောက် လှည့်ပတ်သွားလာခဲ့သည်။ စူးချုံး မဟာဧကရာဇ် ဖြစ်လာပြီးနောက် ကျန်းလင်းသည်လည်း အမြင့်မြတ်ဆုံးနယ်ပယ်သို့ ဝင်ရောက်ခဲ့ပြီး မဟာဧကရာဇ် ၏အောက်တွင် အစွမ်းအထက်ဆုံးလူဟူသော ဂုဏ်ပုဒ်ကို ရရှိခဲ့သည်။ သူ့ထံတွင် ကြမ်းတမ်းသော ဒေါသရှိပြီး အခြေအနေများ သူ လိုချင်သည့်အတိုင်း မဖြစ်ပါက မိသားစုတစ်ခုလုံးကို အမြစ်ပြတ်သတ်ဖြတ်မည့် လူစားမျိုးပင်။

သို့ရာတွင် သူသည် စူးချန်ကဲအပေါ် အလွန် ကောင်းမွန်လေ၏။ သူ၏အစ်ကိုဖြစ်သူက သူ့ထက် အဆများစွာ ပိုမြင့်မားသော အလားအလာနှင့်ပါရမီကို ပြသခဲ့ချိန်တွင်ပင် ကျန်းလင်းသည် မည်သည့်အချိန်မျှ မပြောင်းလဲခဲ့ဘဲ သူ့ကို ရံဖန်ရံခါ အားပေးတတ်သည်။

ကျန်းလင်းသည် သူ၏ တာအို အစောင့်အရှောက်ဖြစ်ရန် တောင်းဆိုခဲ့သော်လည်း သူ၏ဖခင်က ငြင်းပယ်ခဲ့ကြောင်း သူ၏မိခင် တစ်ချိန်က ပြောခဲ့သည်ကိုပင် သူ ကြားဖူးသည်။

ထိုအကြောင်းအရင်းကြောင့် ကျန်းလင်းသည် ရက်အနည်းငယ်ကြာအောင် ပြင်းထန်စွာ အရက်သောက်ခဲ့ကြောင်း သူ ကြားခဲ့ရသည်။

"ငါ အောက်ဘုံကို နှင်ထုတ်မခံရခင်မှာ အဖေက ငါ စိတ်ဝိညာဉ်နယ်မြေကို ပြန်လာပြီး အောက်ဘုံစမ်းသပ်မှုကို ငါ ကိုယ်တိုင် မအောင်မြင်မချင်း ဘယ်သူမှ ငါ့ကို ကူညီခွင့် မရှိဘူးလို့ ပြောခဲ့တာကို ငါ မှတ်မိတယ်..."

"ဦးလေးကျန်းက ဘာလို့ ဒီကို ရောက်နေတာလဲ..."

"ထူးဆန်းတယ်..."

စူးချန်ကဲက သူ၏စိတ်နှလုံးသားထဲတွင် တွေးတောလိုက်သည်။ ကျန်းလင်းက သူ့ကို အလိုလိုက်မှန်း သူ သိသော်လည်း သူ့ဖခင်၏ အမိန့်ကို မည်သို့မျှ ဖီဆန်မည် မဟုတ်ချေ။

နောက်တစ်စက္ကန့်တွင်...

သံမျှော်စင်တစ်ခုအလား အမျိုးသား၏ ထင်ယောင်ထင်မှားပုံရိပ်က ရွေ့လျားသွားပြီး စူးချန်ကဲ၏ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

"သခင်လေး ကြီးပြင်းလာပြီပဲ... တကယ်ကို အံ့ဩစရာပဲ... မင်းရဲ့အဖေ ဒီအသက်အရွယ်တုန်းက မင်းလောက် မတော်ခဲ့ဘူး..."

ကျန်းလင်းက အပြုံးတစ်ခုကို ပြသလိုက်ရာ သူ၏ ဂရုမစိုက်သော မျက်လုံးများတွင် ကြီးမားသော လေးစားမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။ သူက စူးချန်ကဲ၏ ပခုံးကို လှမ်းပုတ်ချင်ခဲ့သော်လည်း တစ်ခုခုကို သတိရသွားကာ သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်၏။

စူးချန်ကဲက ကျန်းလင်းကို ကြည့်ရင်း သူ၏ စိတ်နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရပြီး အပြုံးဖြင့် ခေါ်လိုက်သည်။

"ဦးလေးကျန်း..."

ထို့နောက် စူးချန်ကဲက သူ၏စိတ်နှလုံးသားထဲရှိ မေးခွန်းကိုမေးရန် ဟန်ပြင်လိုက်ချိန်တွင် ကျန်းလင်းက ခေါင်းခါယမ်းကာ ကြားဖြတ်ပြောဆိုသည်။

"အခုက အတိတ်ကို ပြန်ပြောဖို့ အချိန် မဟုတ်ဘူး... ဦးလေးကျန်းရဲ့ ဒီကိုယ်ပွားက အချိန်အကြာကြီးခံမှာ မဟုတ်ဘူး... မဟုတ်ရင် မင်းရဲ့ အဖေသိသွားရင် ငါ အပြစ်ပေးခံရလိမ့်မယ်..."

"ဒီတစ်ကြိမ် ငါ လှုပ်ရှားနိုင်တဲ့ အကြောင်းအရင်းက မင်းရဲ့အမေက မဟာဧကရာဇ်ရဲ့ တရားဝင် အမိန့်စာကို တိတ်တဆိတ် ယူလာခဲ့လို့ပဲ..."

ဤစကားကို ကြားသောအခါ စူးချန်ကဲ ကြောင်အမ်းသွားခဲ့သည်။ မယုံနိုင်လောက်အောင် လှပသော အမျိုးသမီးတစ်ဦး၏ ပုံရိပ်က သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့ပြီး သူမ၏အမူအရာသည် အလိုလိုက်သော ချစ်ခင်မှုများဖြင့်သာ ပြည့်နှက်နေပေ၏။ သူ ကြီးမားသော အမှားတစ်ခုကို ကျူးလွန်ခဲ့ချိန်တွင်ပင် သူမ တစ်ယောက်တည်းက သူ၏ရှေ့တွင် ရပ်တည်ကာ စူးမိသားစု တစ်ခုလုံးကို ရင်ဆိုင်ခဲ့သည်။

ဤအကြောင်းကို တွေးမိသောအခါ လွမ်းဆွတ်မှု အရိပ်အယောင်တစ်ခုက စူးချန်ကဲ၏ မျက်လုံးများတွင် အလိုအလျောက် စီးဆင်းသွားခဲ့ပြီး သူက ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။

"ဒါကြောင့်ကိုး... ဒါပေမဲ့ အဖေက ဒီလောက် ပေါ့ဆမှာလား..."

"ဟားဟား... တကယ်ပါပဲ... အဖေတစ်ယောက်ကို သူ့သားလောက် ဘယ်သူကမှ ကောင်းကောင်း မသိဘူး..."

ကျန်းလင်းက ရယ်မောလိုက်ပြီးနောက် ပြောလိုက်သည်။

"မင်းရဲ့ အဖေကို ငါ ကောင်းကောင်း သိတယ်... သူက အစပိုင်းမှာ မျက်ကွယ်ပြုထားပြီး အချိန်ကျမှ ဝင်ပါတာ ဖြစ်နိုင်တယ်... တကယ်တော့ မင်းရဲ့အမေက မဟာ ဧကရာဇ်ရဲ့ တရားဝင် အမိန့်စာကို တိတ်တဆိတ် မခိုးယူခဲ့ဘူးဆိုရင်တောင် ရွှီဟွာနတ်ဘုရားအင်ပါယာက အောက်ဘုံကို ဆင်းလာပြီး သက်ရှိတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ရဲတင်းတဲ့အတွက် ပြစ်ဒဏ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး..."

"ဒါကြောင့် ကောင်လေး... မင်းရဲ့အဖေ အပေါ်မှာ အငြိုးမထားပါနဲ့... သူက တကယ်တော့..."

ဤနေရာတွင် ကျန်းလင်းက တစ်စုံတစ်ခုမှ သတိပေးလိုက်သည့်အလား ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ထို့နောက် သူက ခေါင်းကုတ်ကာ ထပ်ဖြည့်ပြောလိုက်သည်။

"သခင်လေး... ငါ ထပ်မပြောတော့ဘူး... မင်းရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် ငါတို့ ပြန်ဆုံမယ့် နေ့က သိပ်မဝေးတော့ဘူးလို့ ဦးလေးကျန်း ယုံကြည်တယ်..."

စူးချန်ကဲက တစ်ခုခုကို နားလည်သွားသည့်အလား ကျန်းလင်းကို အံ့အားသင့်စွာ တစ်ချက်ကြည့်ပြီး သူ၏ခေါင်းကိုသာ အနည်းငယ် ညိတ်ပြလိုက်သည်။

အမှားလုပ်မိ၍ အပြစ်ပေးခံရခြင်းမှာ ပုံမှန်ပင်။ အလိုလိုက်ခံရသော ဒုတိယ မျိုးဆက် အမွေဆက်ခံသူတစ်ဦးသည် သူ၏ ပါရမီက သူ၏အစ်ကိုကို မယှဉ်နိုင်သောအခါ သောင်းကျန်းခြင်းမှာလည်း နားလည်ပေး၍ ရနိုင်သည်။

ယခု သူ့အနေဖြင့် ထိုမဟာဧကရာဇ်ဖခင်အပေါ် အငြိုးထားခြင်းကို ရပ်တန့်ခဲ့သည်မှာ ကြာမြင့်နေလေပြီ။

ကျန်းလင်းက စူးချန်ကဲကို ကြည့်ကာ နောက်ဆုံး၌ ပြောဆိုလိုက်သည်။

"သခင်လေး... ဦးလေးကျန်း အခု သွားတော့မယ်... စူးမိသားစုက သူ့ကို ဘယ်လောက်ပဲ ချီးကျူးနေပါစေ ဦးလေးကျန်းရဲ့ နှလုံးသားထဲမှာတော့ မင်းက အမြဲတမ်း အထူးချွန်ဆုံး ဖြစ်နေမှာပါ... ဟားဟားဟားဟား..."

ထိုစကားကို ပြောဆိုပြီးနောက် သူ၏ပုံရိပ် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။

သူ ထွက်သွားသည်ကို မြင်သောအခါ စူးချန်ကဲသည် များစွာမတွေးတော့ချေ။ သူသည် လက်ရှိအခြေအနေကို အရင်ဖြေရှင်းရန် လိုအပ်ပေ၏။

ရုတ်ချည်းဆိုသလိုပင်....

သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

သူ၏ပုံရိပ်သည် ယွီဟုန်ထျန်း၏ရှေ့တွင် ထွက်ပေါ်လာပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေသော ယွီတောက်ရွှမ်ကို ပေါ့ပေါ့ပါးပါး ငုံ့ကြည့်လိုက်သည်။

ဤအကြည့်သည် ယွီတောက်ရွှမ်ကို အရှက်ရစွာဖြင့် ခေါင်းငုံ့သွားစေခဲ့သည်။ ဤအချိန်အခိုက်အတန့်တွင် ပြင်းထန်သော တုန်လှုပ်မှုအပြီး၌ အမှန်တရားကို သူ တဖြည်းဖြည်း လက်ခံလာခဲ့လေပြီ။

သူ၏ ဂုဏ်ယူမှုနှင့် အထက်စီးဆန်မှုဆိုသောအရာများမှာ တစ်ဖက်လူကြောင့် လုံးလုံးလျားလျား ကြေမွသွားခဲ့သည်။ ယခုချိန်၌ သူသည် စူးချန်ကဲကို စေ့စေ့ပင် မကြည့်ရဲတော့ဘဲ သူ၏စိတ်နှလုံးသားထဲရှိ အရှက်ရမှုနှင့် အကြောက်တရားတို့က သူ့ကို အထိန်းအကွပ်မဲ့စွာ တုန်ရီနေစေခဲ့သည်။

ယွီဟုန်ထျန်း၏အမူအရာ ပြောင်းလဲသွားပြီး သူက ရိုသေလေးစားစွာဖြင့် လက်ပူးဆုပ်ကာ ပြောလိုက်သည်။

"သခင်စူး... ဒီခွေးမသားကို ဘယ်လို ဖြေရှင်းချင်ပါလဲ... သူ့ကို သတ်တာက သခင်ရဲ့ ဒေါသကို မပြေပျောက်စေဘူးဆိုရင် ကျွန်တော် ကိုယ်တိုင် လုပ်ပေးပါ့မယ်... ကျွန်တော့်ရဲ့ နတ်ဘုရားအင်ပါယာမှာ လူတွေကို နှိပ်စက်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်... သခင် စိတ်ကျေနပ်စေရမယ်လို့ ကျွန်တော် အာမခံပါတယ်..."

ဤစကားကို ကြားသောအခါ...

စူးချန်ကဲက ယွီဟုန်ထျန်းကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး တွေးတောလိုက်သည်။

"ဒါက တကယ်ပဲ မင်းရဲ့ သားလား...အဲ့ဒါက တကယ်ကို ရက်စက်တာပဲ..."

တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ယွီတောက်ရွှမ်၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုများ လုံးလုံးလျားလျား ပြိုလဲပျက်စီးသွားခဲ့သည်။ သူသည် အကြိမ်ကြိမ် ဦးတိုက်အရိုအသေပြုနေကာ သူ၏ခေါင်းမှ သွေးထွက်ပြီး အက်ကွဲသွားသည့်တိုင် မရပ်တန့်ခဲ့ချေ။

"သခင်စူး... ကျွန်တော် မှားသွားပါတယ်..."

"ကျေးဇူးပြုပြီး..."

"တခြားလူတွေကို အထင်သေးခဲ့တာ ကျွန်တော်ပါ... ကျွန်တော်က ပုရွက်ဆိတ်ပါ... ကျွန်တော်က ပုရွက်ဆိတ်ပါ..."

"ကျေးဇူးပြုပြီး... သခင်က သနားညှာတာပြီးတော့ ကျွန်တော်ရဲ့အသက်ကို ချမ်းသာပေးပါ..."

ဤအချိန်အခိုက်အတန့်တွင် သေခြင်းတရား ခြိမ်းခြောက်မှုကို ရင်ဆိုင်ရချိန်၌ ယွီတောက်ရွှမ် တွင် ဂုဏ်သိက္ခာ မရှိတော့ချေ။ ယခင်က မောက်မာသော နတ်ဘုရားအင်ပါယာ မင်းသား နှင့် လုံးလုံးလျားလျား ကွဲပြားနေပြီး အသက်ချမ်းသာပေးရန် ရူးသွပ်စွာ တောင်းပန်ခြင်းကိုသာ သူ သိတော့သည်။

သူ မသေချင်ခဲ့ချေ။ အထူးသဖြင့် နှစ်ပေါင်းများစွာကြာအောင် ချမ်းသာကြွယ်ဝမှုကို ခံစားခဲ့ရပြီးနောက် အသက်ရှင်ရခြင်းမှာ မည်မျှထိ ကောင်းမွန်ကြောင်း သူ သိထားသည်။

သို့ရာတွင် မျှော်လင့်ချက်ရှိသော အသံတစ်သံမျှ သူ မကြားရသေးသဖြင့် ယွီတောက်ရွှမ် ပို၍ပင် ထိတ်လန့်လာခဲ့သည်။ သူသည် ယွီဟုန်ထျန်း၏ ဧကရာဇ်ဝတ်ရုံကို ဆုပ်ကိုင်ကာ ငိုကြွေးလိုက်သည်။

"အဖေ... ကျွန်တော်က အစကတည်းက အောက်ဘုံကို မသွားချင်ခဲ့ဘူး... ကျွန်တော် မသွားချင်ခဲ့ဘူး..."

'အဖေ...ကျွန်တော့်ကို ဧကရီကို ဖမ်းဖို့ အောက်ဘုံကို သွားခိုင်းတာ အဖေလေ'ဟု သူ ပြောချင်ခဲ့သည်။

ငါက ဘာလို့ ဒီအတွက် အပြစ်တင်ခံရတာလဲ...

"ဟင်..."

သို့ရာတွင် ယွီဟုန်ထျန်းထံ၌ အမူအရာ ကင်းမဲ့နေခဲ့သည်။ စူးချန်ကဲသည် သဘောတူခြင်းလည်းမရှိ၊ ငြင်းပယ်ခြင်းလည်း မရှိသည်ကို မြင်သောအခါ သူ တစ်ခုခုကို နားလည်သွားပြီး လက်ပူးဆုပ်ကာ ပြောလိုက်သည်။

"အဲ့ဒါဆိုရင် ဒီခွေးမသားကို စီရင်တာက သခင် စူးရဲ့သဘောအတိုင်းပါပဲ... အချိန်မရှိတော့တာကြောင့် ကျွန်တော့်ရဲ့ကိုယ်ပွားက သခင့်ကို ဆက်ပြီးတောင်းပန်လို့ မရတော့ပါဘူး... သခင် ပြန်လာတဲ့အချိန်မှာ ခွင့်လွှတ်ပေးဖို့အတွက် တောင်းပန်ဖို့ သခင်ရဲ့တံခါးပေါက်ကို ကျွန်တော် သေချာပေါက် လာခဲ့ပါ့မယ်..."

ထိုစကားနှင့်အတူ သူ၏ပုံရိပ်သည်လည်း နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

စူးချန်ကဲသည် ယွီဟုန်ထျန်း ပျောက်ကွယ်သွားသော နေရာကို တစ်ချက်ကြည့်ပြီး တွေးတောလိုက်သည်။

'သူက လျှိုရူယန်အကြောင်း မပြောသွားဘူး... သူ့ရဲ့ ရည်ရွယ်ချက်ကို ငါ မသိဘူးလို့ သူ ထင်နေတာလား...ဒါမှမဟုတ် လျှိုရူယန်ရဲ့နောက်မှာ စူးမိသားစု ရှိနေတယ်ဆိုတာကို သိသိကြီးနဲ့ သူက ဆက်ပြီးလှုပ်ရှားဖို့ ရည်ရွယ်ထားတုန်းပဲလား...'

သို့ရာတွင် သူ ထိုကိစ္စအကြောင်းကို ပေါ့ပေါ့ပါးပါးသာ တွေးတောလိုက်သည်။

အမှန်အားဖြင့် ရွှီဟွာနတ်ဘုရားအင်ပါယာ၏ အတွေးများသည် မည်သို့ဖြစ်နေပါစေ အရေးမကြီးချေ။

ဆန့်ကျင်ဘက်အနေဖြင့် တစ်ဖက်လူက ဆက်လက်၍ သေလမ်းရှာပြီး နောက်မဆုတ်ရန် သူ မျှော်လင့်မိသည်။ အကယ်၍ သူ၏ဂျူနီယာညီမလေးထံတွင် အန္တရာယ် မရှိပါက တာဝန်များကို သူ မည်သည့်နေရာ၌ သွားရှာနိုင်မည်နည်း...

"အဖေ..."

ယွီတောက်ရွှမ်က ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်လိုက်ပြီး သူ၏စိတ်နှလုံးသား ချက်ချင်းဆိုသလိုပင် အောက်ခြေအထိ ထိုးကျသွားခဲ့သည်။ တွန့်လိမ်ပြီး ရူးသွပ်သော အကြည့်တစ်ခုက သူ၏မျက်လုံးများတွင် လင်းလက်သွားပြီး သူ အမှန်တကယ်ကို ဟိန်းဟောက်လိုက်၏။

"သေသင့်တဲ့ အဖိုးကြီး..."

အခန်း ၁၃၆ :ယွီဟုန်ထျန်း က သူ့ကို... သူ့ကို "သခင်" လို့ ခေါ်ခဲ့တာလား...

"ငါယိုးမသား အဖိုးကြီး..."

"ငါ့ကို အောက်ဘုံကို ဆင်းခိုင်းတာ မင်းဆိုတာ အသိသာကြီးလေ..."

"တောက်... မင်းရဲ့သားတွေ စအိုမပါဘဲ မွေးလာပါစေ..."

နံဘေးမှနေ၍ ဤရက်စက်သော ကျိန်တဲစကားများကို နားထောင်ရင်း စူးချန်ကဲ ရယ်မောခြင်းကို အောင့်မထားနိုင်ခဲ့ချေ။

မည်မျှထိ ချစ်စရာကောင်းသော မိသားစုလေး ဖြစ်သနည်း...

တစ်ချိန်တည်းမှာပင်....

သဘာဝလွန်ဖြစ်စဥ် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

အထီးကျန်ကောင်းကင် မြို့တော် နောက်တစ်ကြိမ် ပြန်လည်၍ ထွက်ပေါ်လာသည်။

မြေပြင်၌ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ကျန်ရှိနေဆဲပင်။ ကြီးမားသော တိုက်ပွဲကြီးအပြီးတွင် မြေကြီးသည် မီတာရာပေါင်းများစွာအထိ နစ်ဝင်သွားခဲ့သည်။ ကောင်းကင်ယံမှ အောက်သို့ ကြည့်လိုက်လျှင် ထိုနေရာသည် ကြောက်မက်ဖွယ်ကောင်းသော ဧရာမ မီးတောင်ဝကြီးတစ်ခုအလားပင်။

ဤသည်မှာ အမျိုးသမီး သူတော်စင်၏ ဟင်းလင်းပြင် ပိတ်လှောင်မှုကြောင့်သာ သက်သာရာရခဲ့ခြင်းဖြစ်သည်။ အကယ်၍ ထိုသို့မဟုတ်ပါက အဖိုးအိုရွှမ်နှင့် စူးချန်ကဲတို့၏ တိုက်ခိုက်မှုသည် အထီးကျန်ကောင်းကင် မြို့တော်တစ်ခုလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်မည်ဖြစ်ပြီး အပြစ်ကင်းသော အသက်ပေါင်း မည်မျှထိ သေဆုံးသွားမည်ကို မည်သူ သိမည်နည်း။

ဤအချိန်အခိုက်အတန့်တွင် မြေပြင်ပေါ်ရှိ အမျိုးသား သူတော်စင်၏ အလောင်းအပြင် ဒူးထောက်ပြီး အဆက်မပြတ် တောင်းပန်နေသော ယွီတောက်ရွှမ်လည်း ရှိနေသည်။

"ပြီးသွားပြီ..."

"အဲ့ဒါက အိပ်မက်တစ်ခုလား..."

"မဟုတ်ဘူး... အဲ့ဒါ အစစ်ပဲ..."

"အဲ့ဒီ နတ်ဘုရားလို တည်ရှိမှုတွေကတောင် သခင်စူးရဲ့ရှေ့မှာ ဦးညွှတ်ပြီး ဝပ်တွားနေကြတယ်... သခင်စူးက တကယ်တော့ ဘယ်သူလဲ..."

"ဒါက 'ချောက်ကမ်းပါးကြီးထဲကို မင်း စိုက်ကြည့်လိုက်တဲ့အချိန်မှာ ချောက်ကမ်းပါးကြီးကလည်း မင်းဆီကို ပြန်ကြည့်နေတယ်' ဆိုတဲ့ ဆိုရိုးစကားကို တကယ်ကြီး အပြည့်အဝ ဖော်ပြနေတာပဲ..."

"အဲ့ဒါဆို... ငါတို့ အစကတည်းက မှားခဲ့တာပေါ့..."

"အစစ်အမှန် အစွမ်းထက်ပုဂ္ဂိုလ်က တကယ်တော့ သခင်စူးပဲ..."

သဘာဝလွန်ဖြစ်စဥ်ကို မျက်မြင်တွေ့ရှိခဲ့သော လူအုပ်ကြီးမှာ အိပ်မက်တစ်ခုမှ နိုးထလာသည့်အလား သတိပြန်လည်လာကြသည်။ သို့ရာတွင်ထိုမြင်ကွင်းမှာ သူတို့၏စိတ် နက်ရှိုင်းသောနေရာ၌ ရှင်းလင်းစွာ ထွင်းထုခံထားရပြီး သူတို့ မည်သည့်အချိန်မျှ မေ့ပျောက်နိုင်မည် မဟုတ်သော အရာတစ်ခုပင်။

လီဖိုကျွင်းသည် စူးချန်ကဲကို နောက်တစ်ကြိမ် ကြည့်လိုက်သောအခါ လေးစားမှုအပြင် သူ၏ အရိုးတွင်းမှလာသော အကြောက်တရားတစ်ခုလည်း ရှိနေခဲ့သည်။

နောက်တစ်စက္ကန့်တွင်....

သဘာဝလွန်ဖြစ်စဥ်၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် သတိလစ်သွားသည်မှာ ကြာပြီဖြစ်သော ရှောင်မေ့ကို သူ မြေပြင်ပေါ်တွင် ချထားလိုက်သည်။ သူသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ အသေးစား စားသောက်ဆိုင်တစ်ခုကို ထုတ်ယူလိုက်ပြီး စိတ်ဝိညာဉ်စွမ်းအားဖြင့် ထိုအရာကို အသက်သွင်းလိုက်၏။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် မှော်ရတနာ စားသောက်ဆိုင်တစ်ခုက လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့လေသည်။

"သခင်... သခင် စူး... ကျေးဇူးပြုပြီး ထိုင်ပါ..." လီဖိုကျွင်းက စူးချန်ကဲ၏နံဘေးတွင် နှိမ့်ချရို့ကျိုးစွာ ဦးညွှတ်အရိုအသေပြုလိုက်သည်။

သူသည် ပုံမှန်အားဖြင့် မည်မျှထိ ဂရုမစိုက်တတ်ပါစေ သူသည် စူးချန်ကဲကို ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦးအဖြစ်သာ ဆက်လက်၍ မဆက်ဆံနိုင်တော့ချေ။

သူ့ရှေ့ရှိ ဤလူငယ်လေး၌ သူ၏စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်သော နောက်ခံတစ်ခု ရှိကြောင်း သူ သိထားသည်။ ထိုလူငယ်လေးသည် စစ်မှန်သော နတ်ဘုရားတစ်ပါးပင်။ စူးချန်ကဲက ပေါ့ပေါ့ပါးပါး ထိုင်လိုက်ပြီး တီးတိုးပြောလိုက်သည်။

"မင်း သွားပြီးတော့ မင်းရဲ့ဒဏ်ရာတွေကို ကုသလို့ရပြီ..."

လီဖိုကျွင်းသည် ဆက်လက်၍ အစေခံချင်ခဲ့သော်လည်း စူးချန်ကဲ၏အမိန့်ကို မဖီဆန်ဝံ့ချေ။ သူသည် ချက်ချင်းဆိုသလိုပင် ရိုသေလေးစားစွာ လက်ပူးဆုပ်ပြီး ပြောလိုက်၏။

"ဟုတ်ကဲ့ပါ..."

အကယ်၍ ယခင်ကဆိုလျှင် စူးချန်ကဲကို မြှောက်ပင့်ရန် သူ ကြိုးစားခဲ့မည်ဖြစ်သော်လည်း ယခုအချိန်၌ သူ မလုပ်ဝံ့တော့ချေ။

ဤဖြစ်စဉ်တစ်ခုလုံးကို ကြောင်အမ်းအမ်း အမူအရာဖြင့် ကြည့်နေခဲ့သော ယွမ်ရှန်းဂိုဏ်း ၏ ဂိုဏ်းခေါင်းဆောင်က ယခုအချိန်၌ စိတ်သက်သာရာရမှု အရိပ်အယောင်တစ်ခုကို ပြသလိုက်သည်။

"ငါ သဘောပေါက်သင့်တာ... ထိုက်ချင်ဂိုဏ်းက ဒီလို ကြောက်ဖို့ကောင်းတဲ့ ပါရမီမျိုးရှိပြီး ကောင်းကင်ကိုဆန့်ကျင်နိုင်တဲ့ ပါရမီရှင်တစ်ယောက်ကို ဘယ်လိုလုပ်ပြီး ပြုစုပျိုးထောင်ပေးနိုင်မှာလဲ..."

"ဟူး... အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေကို လွှမ်းမိုးဖို့ ငါ တစ်ချိန်က စိတ်ကူးယဉ်ခဲ့ဖူးတယ်... အဲ့ဒီတည်ရှိမှုတွေရဲ့ မျက်လုံးထဲမှာ ဒါက ပုရွက်ဆိတ်တွေကြားက ရယ်စရာကောင်းတဲ့ တိုက်ပွဲတစ်ခုထက် မပိုဘူးဆိုတာကို ငါ မသိခဲ့ဘူး..."

"ထားလိုက်ပါတော့..."

"အရေးမကြီးတော့ပါဘူး..."

သူသည် အမှန်တကယ်ကို စူးချန်ကဲထံသို့ လျှောက်လှမ်းသွားပြီး သူ၏ ကံကြမ္မာကို လက်ခံလိုက်သည့်ပုံ ပေါက်နေသည်။ ဤအခြေအနေတွင် ထွက်ပြေးရန်ပင် သူ မစဉ်းစားတော့ချေ။ သူ ဘယ်ကို ပြေးနိုင်မည်နည်း။

စူးချန်ကဲက သူ့ကို တစ်ချက်ကြည့်လိုက်သည်... "..."

ဘုန်း...

ကျန်းကျစ်ယွမ်က ဒူးနှစ်ဖက်လုံး ထောက်ကာ ဝပ်တွားလိုက်ပြီး ပြောဆိုသည်။

"ယွမ်ရှန်းဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ဒီနိမ့်ကျတဲ့ ကျန်းကျစ်ယွမ်က သခင်ကို အရိုအသေပေးပါတယ်... ကျွန်တော့်ရဲ့အသက်အတွက် ကျွန်တော် မတောင်းဆိုပါဘူး... သခင် သနားညှာတာပြီး ယွမ်ရှန်းဂိုဏ်းကို ချမ်းသာပေးဖို့ပဲ ကျွန်တော် တောင်းဆိုပါတယ်..."

ဘုန်း...

ဘုန်း...

ဘုန်း...

ဦးညွှတ်ပြီး အသက်ချမ်းသာပေးရန် တောင်းပန်သည့် အသံများက ပတ်ဝန်းကျင်တွင် ဆက်လက်၍ မြည်ဟီးနေခဲ့သည်။

"သခင်စူး... ကျေးဇူးပြုပြီးတော့ ကျွန်တော်ရဲ့အသက်ကို ချမ်းသာပေးပါ... ကျွန်တော် တောင်းပန်ပါတယ်..."

ရှင်သန်လိုသည့်ဆန္ဒကြောင့် တွန်းအားပေးခံရသဖြင့် ယွီတောက်ရွှမ်သည် အသက်ရှင်နေရန် မည်သည့်အခွင့်အရေးကိုမဆို ဆုပ်ကိုင်ထားခဲ့သည်။ သူ တစ်ခုခုကို တွေးမိပြီး နှိမ့်ချကာ မျက်နှာလိုမျက်နှာရလုပ်သော အပြုံးတစ်ခုဖြင့် စူးချန်ကဲ၏ရှေ့တွင် အလျှင်အမြန် ဒူးထောက်လိုက်သည်။

"သခင် စူး... စဥ်းစားကြည့်ပါအုံး... ကျွန်တော် သခင့်ကို တကယ်တော့ ဘာအန္တရာယ်မှ မပေးခဲ့ပါဘူး... ကျွန်တော် သတ်ခဲ့တဲ့သူတွေက ပုရွက်ဆိတ်တွေ သက်သက်ပါပဲ... သူတို့က သခင်နဲ့ ဘာမှမဆိုင်ပါဘူး..."

"သူက သခင့်ရဲ့ ဂျူနီယာညီမလေးမှန်း ကျွန်တော် မသိခဲ့ပါဘူး... သခင့်ကို ဒါမှမဟုတ် သခင့်ရဲ့ ဂျူနီယာညီမလေးကို နောက်တစ်ကြိမ် တွေ့ရင် ကွေ့ရှောင်သွားပါ့မယ်လို့ ကျွန်တော် ကတိပေးပါတယ်..."

အကယ်၍ ဧကရီ၏ စီနီယာအစ်ကိုမှာ စူးမိသားစုမှ မဟာဧကရာဇ်၏ သားတော်ဖြစ်ကြောင်း သူ သိခဲ့လျှင် ယခုထက် သတ္တိ အဆတစ်ရာပေးလျှင်ပင် သူ လာဝံ့မည် မဟုတ်ချေ။

ကံကောင်းထောက်မစွာဖြင့် ထိုအရာများအနက် တစ်ခုမျှ မဖြစ်သေးချေ။

စူးချန်ကဲသည် ကောင်းကင်ဧကရာဇ်တစ်ပါး၏ သားတော်ဖြစ်ပြီး မြင့်မြတ်သော အဆင့်အတန်း ရှိသောကြောင့် သူ့ကို စော်ကားမိခဲ့သော်လည်း သူ့ကို တကယ်တမ်း အန္တရာယ် မပေးခဲ့မိကြောင်း ယွီတောက်ရွှမ်က တွေးလိုက်သည်။ ဧကရီသည် စူးချန်ကဲ၏ဂျူနီယာညီမလေး ဖြစ်လျှင်တောင်မှ သူ လှုပ်ရှားရန် အခွင့်အရေး မရခဲ့သေးချေ။ အောက်ကမ္ဘာမှ ပုရွက်ဆိတ် အနည်းငယ်ကိုသာ သူ သတ်ခဲ့လေ၏။ သူ၏ အမြင်တွင် စူးချန်ကဲသည်လည်း ထိုနည်းတူ ဖြစ်ရမည်ဖြစ်ပြီး ပုရွက်ဆိတ်များ၏အသက်များကို ဂရုစိုက်မည် မဟုတ်ချေ။ ထိုအချက်သည် သူ၏ မျှော်လင့်ချက် ရောင်ခြည်လေး ဖြစ်လာနိုင်သလော....

လွန်ကဲသော မျှော်လင့်ချက်မဲ့မှုထဲတွင် ရှိနေသော လူများသည် မြင်းသေတစ်ကောင်ကို အသက်ရှင်သန်ရန်အတွက် ကုသရန် ကြိုးစားရင်း အလွန်အသိဉာဏ်မဲ့ပုံ ပေါက်နေကာ မည်သည့်အရာကိုမဆို ကြိုးစားကြပေလိမ့်မည်။ ယွီတောက်ရွှမ်၏ ရောက်ရှိလာမှုက ကျန်းကျစ်ယွမ် ကို ချက်ချင်းဆိုသလိုပင် နံဘေးသို့ တွန်းထုတ်လိုက်၏။

"ဒူးထောက်ဖို့ တန်းစီလေကွာ ငါယိုးမသားရဲ့..."

ကျန်းကျစ်ယွမ်သည် ဒေါသထွက်သွားပြီး တိုက်ခိုက်တော့မည့်ဆဲဆဲ ဖြစ်နေသည်။ ယွီတောက်ရွှမ်သည် သူ့ကို အချိန်ကြာမြင့်စွာ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပြီး တစ်ဖက်လူသည် ယခုအချိန်၌ မသန်မစွမ်းတစ်ဦး ဖြစ်နေပြီဖြစ်ရာ ပါးရိုက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည် ရှိမည် မဟုတ်ချေ။

သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင်...

ဝုန်း...

ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား မီးတောက်များ ဖြာထွက်နေသော ပုံရိပ်တစ်ခုက ဦးစွာဆင်းသက်လာခဲ့သည်။

ထိုသူမှာ စိုးရိမ်ပူပန်မှုများဖြင့် လောင်ကျွမ်းနေသော လျှိုရူယန်ပင်။

သူမ စောစော ရောက်လာသင့်သော်လည်း သူတော်စင်တစ်ပါးက ဟင်းလင်းပြင်ကို ပိတ်လှောင်ထားခဲ့လေသည်။ သူမ၏ အမျိုးမျိုးသောနည်းလမ်းများနှင့် ထိုက်ချင်ဂိုဏ်း၏ နတ်ဘုရားမီးတောက်နယ်ပယ် ကျင့်ကြံသူများမှ အကူအညီဖြင့်ပင် အသက်ရှူချိန်သုံးဆယ်ခန့် ကြာမြင့်ခဲ့သည်။ ထိုအချိန်ပမာဏမှာ တိုတောင်းသော်လည်း ထိုအချိန်အတွင်း၌ စူးချန်ကဲသည် အကြိမ်ပေါင်း ဆယ်နှင့်ချီ၍ အသတ်ခံရနိုင်ကြောင်း သူမ သိထားသည်။

သူ အနည်းငယ်ခန့် ပို၍ကြာကြာ တောင့်ခံထားနိုင်ပါစေဟု သူမ၏စိတ်နှလုံးသားထဲတွင် ဆုတောင်းနေခဲ့သည်....

နည်းနည်းလေး ပိုပြီးတော့ပေါ့...

သို့ရာတွင် လျှိုရူယန်သည် သူမ၏ရှေ့ရှိ မြင်ကွင်းကို မြင်သောအခါ နေရာတွင်ပင် အေးခဲသွားခဲ့သည်။ သူမ၏ လှပသော မျက်လုံးများထဲရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် အံ့အားသင့်မှုဖြင့် တဖြည်းဖြည်း အစားထိုးခံလိုက်ရပြီး သူမ၏စိတ်ကူးယဉ်တွေးတောနိုင်စွမ်းကို လုံးလုံးလျားလျား ပြောင်းပြန်လှန်ပစ်လိုက်သည်။

ထိခိုက်ဒဏ်ရာ ရမထားသော စူးချန်ကဲ၏ရှေ့တွင် ဒူးထောက်နေသော ပုံရိပ်ကို သူမ မြင်လိုက်ရပြီးနောက် သူ မည်သူမည်ဝါဖြစ်ကြောင်းကို မှတ်မိသွားခဲ့သည်။

သူသည် မင်းသားဝတ်ရုံကို ဝတ်ဆင်ထားပြီး ရွှီဟွာနတ်ဘုရားအင်ပါယာ၏ ရွီဟွာအင်မော်တယ်သင်္ကေတကို ပန်းထိုးထားသည်။

မည်သည်ကြောင့် ဤသို့ ဖြစ်နိုင်မည်နည်း...

ရွှီဟွာနတ်ဘုရားအင်ပါယာမှ လူများသည် အမြဲတစေ မယုံနိုင်လောက်အောင် မောက်မာကြပြီး မင်းသားနေရာကို ယူနိုင်သူတစ်ဦးသည် ဝှက်ဖဲများစွာနှင့် အထူးပါရမီအရည်အချင်းရှိသူပင်။ သူသည် မည်သည်ကြောင့် ဤကဲ့သို့ အရိုက်ခံရပြီး သူ၏အရှိန်အဝါအားလုံး ပျောက်ကွယ်သွားကာ နေရာတွင် ဤမျှထိ နှိမ့်ချစွာ ဒူးထောက်ပြီး အသက်ချမ်းသာပေးရန် တောင်းပန်နေရသနည်း။

သူ၏ တာအိုအစောင့်အရှောက်က မည်သည့်နေရာ၌ ရှိနေသနည်း...

သူ ခေါ်လာသော သူတော်စင်နယ်ပယ် ကျင့်ကြံသူများက မည်သည့်နေရာ၌ ရှိနေသနည်း...

မည်သည်ကြောင့် ဤသို့ ဖြစ်နိုင်မည်နည်း...

"သခင် စူး... သခင်ကို ကယ်ဖို့ ကျွန်တော်တို့ လာပြီ..."

ယောင်ရှင်းယဲ့က အော်ဟစ်လိုက်ကာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မှော်စာလုံးများသည် ဖျက်ဆီးခြင်း အလင်းရောင်ဖြင့် လင်းလက်နေပေ၏။

"ငါ့ရဲ့ထိုက်ချင်ဂိုဏ်းက သူတော်စင်သားတော်ကို ဘယ်သူ ထိရဲလဲ..."

"သတ်..."

တောင်ထိပ်သခင်ယန်လော့က ပို၍ ရိုးရှင်းပြီး စကားလုံး တစ်လုံးတည်းကိုသာ အသုံးပြုခဲ့သည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် နတ်ဘုရားမီးတောက်နယ်ပယ် ကျင့်ကြံသူ လူအုပ်ကြီးသည် ရုတ်တရက် ဆင်းသက်လာခဲ့ပြီး တစ်ယောက်စီတိုင်းတွင် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေခဲ့သည်။ သို့ရာတွင် သူတို့ရှေ့ရှိ မြင်ကွင်းကို မြင်သောအခါ သူတို့ အားလုံး နေရာတွင်ပင် အေးခဲတောင့်တင်းသွားခဲ့ကြသည်။

သူတော်စင်တစ်ပါး၏ ဖိအားအောက်တွင် စူးချန်ကဲ သေလုနီးပါး ဖြစ်နေသည်ကို တွေ့ရမည်ဟု သူတို့ မျှော်လင့်ထားခဲ့သည်။ ထိုအစား သူသည် စားသောက်ဆိုင်တစ်ခု၏ အပြင်ဘက်တွင် တည်ငြိမ်စွာ ထိုင်နေပြီး အလွန်ရင်းနှီးသော မျက်နှာတစ်ခုက သူ၏နံဘေးတွင် ဒူးထောက်နေလေ၏။

ကျန်းကျစ်ယွမ်...

ယွမ်ရှန်းဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်...

နတ်ဘုရားမီးတောက်နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်..

"သူတို့က ဘာလုပ်နေကြတာလဲ..."

"ကျန်းကျစ်ယွမ်က ဘာလို့ သခင်စူးရဲ့ရှေ့မှာ ဒူးထောက်နေရတာလဲ..."

"သူတော်စင်နယ်ပယ် ကျင့်ကြံသူက ဘယ်မှာလဲ... စိတ်ဝိညာဉ်နယ်မြေက လူတွေကရော ဘယ်မှာလဲ..."

မြင့်မြတ်အရှင်ရွှမ်ကျိသည်လည်း ဇဝေဇဝါဖြင့် ကြည့်နေခဲ့လေသည်။ ထို့နောက် နင်ဖူယောင်နှင့် မင်းသမီး ဟွမ်ယွဲ့တို့ ဆင်းသက်လာခဲ့ကြသည်။

"သူပဲ..."

"အဲ့ဒီ နတ်ဆိုး..."

မင်းသမီးဟွမ်ယွဲ့က စူးချန်ကဲ၏ရှေ့တွင် ဒူးထောက်ပြီး တောင်းပန်နေသော ယွီတောက်ရွှမ် ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။ သူမ၏အမူအရာကို အံ့အားသင့်မှုသက်သက်အဖြစ် ဖော်ပြ၍ မရနိုင်တော့ချေ။

ဤအချိန်၌...

လီဖိုကျွင်းသည် လျှိုရူယန်ထံသို့ လိမ္မာပါးနပ်စွာ ချဥ်းကပ်လာပြီး ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်သည်။ ထို့နောက် နောက်ရှိ လူတိုင်း ကြားနိုင်သောအသံဖြင့် ချဲ့ကားခြင်း သို့မဟုတ် ချန်လှပ်ထားခြင်း မရှိဘဲ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူ ပြန်လည်ပြောပြလိုက်၏။

"နတ်ဘုရားမီးတောက်နယ်ပယ် ကျင့်ကြံသူ တစ်ယောက်က သူတော်စင်သုံးယောက်ကို သတ်လိုက်တာလား..."

မြင့်မြတ်အရှင်ရွှမ်ကျိ၏ စဥ်းစားတွေးတောနိုင်မှုများ ချက်ချင်းရပ်တန့်သွားခဲ့သည်။

တခြားတောင်ထိပ်သခင်များသည်လည်း ကြောင်အမ်းအမ်းဖြင့် နေရာတွင် မတ်တတ်ရပ်နေခဲ့ကြလေသည်။ ထိုလူများအနက် လျှိုရူယန်သည် အံ့အားအသင့်ဆုံးပင်။

"ဘာ..."

"ယွီဟုန်ထျန်းက သူ့ကို... သူ့ကို သခင်လို့ ခေါ်ခဲ့တာလား..."

All Chapters