← Chapters

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

အခန်း။ ၂၁၁

ဝေးကွာလှသော ဤမြေခြားအရပ်၌ ဆီးနှင်းစလေးများမှာ တိတ်ဆိတ်စွာပင် ဝဲလွင့်ကာ ကျဆင်းနေကြသည်။ ကျင်းနိုင်ငံနှင့် များစွာဝေးကွာလှသည့် ဤနေရာတွင် စုန်ယန်သည် နှစ်ပိုင်းပြတ်ကာ မြေခဏခဏတွင် လဲလျောင်းနေသော "ချန်ချွန်းခန်းမဆိုင်းဘုတ်ကလေးကို ကြည့်ရင်း အူကြောင်ကြောင်နှင့် အားကိုးရာမဲ့သလို ပြုံးလိုက်မိသည်။

ဒေါသထွက်ရမလားဆိုတော့လဲ ဒေါသထွက်ရန် မလိုအပ်ပေ။

သူသည် လောကအလယ်တွင် မုန်တိုင်းများကို ဖန်တီးခဲ့ဖူးသူ၊ သေခြင်းနှင့် ရှင်ခြင်းကြား၌ လျှောက်လှမ်းခဲ့သူ၊ နတ်ဆိုးဂိုဏ်းတစ်ခု၏ အရှင်သခင်အဖြစ် စံပယ်ခဲ့ဖူးသူ ဖြစ်သည်။ သာမန်လူသား မင်းညီမင်းသားများက သူ၏ခြေဖျားတွင် ဒူးထောက်ကာ သူ၏ဖိနပ်ကို မျက်နှာဖြင့် ပွတ်တိုက်ခဲ့ကြသည်ကို မြင်ဖူးသကဲ့သို့၊ တစ်ဂိုဏ်းလုံးက သူ့ကို ဘိုးဘေးသဖွယ် ရိုသေကိုးကွယ်ခဲ့ကြသည်ကိုလည်း ကြုံဖူးခဲ့သည်။ သူ၏ အကြည့်တစ်ချက်ဖြင့်ပင် အသက်ကို နှုတ်ယူနိုင်သကဲ့သို့ အပြင်ပန်း၌ ခိုင်ခံ့လှသည်ဟု ထင်ရသော ချူးနိုင်ငံတော်ဝင်မြို့တော်ကြီးကိုပင် ကလေးကစားစရာ အရုပ်လေးများအလား ဖြိုဖျက်ပစ်နိုင်သူပင်။

အဲဒီတော့ ဒေါသဆိုတာက ဘယ်ကနေ လာရမှာလဲ။ ငါ့အနေနဲ့ လုံးဝကို ဒေါသ မထွက်နိုင်တော့တာ…

ရုပ်သေးရုပ်လေးများကို တည်ဆောက်ခြင်းထက် ဖျက်ဆီးခြင်းက ပို၍ လွယ်ကူသော်လည်း လူသားတို့၏ မြို့တော်ကြီးမှာမူ အံ့သြဖွယ်ကောင်းသော နေရာတစ်ခု ဖြစ်သည်။ ယခုအချိန်တွင် သာမန်လူသားတို့ကို ဒုက္ခပေးနေသော ပြဿနာလေးများမှာ သူ့အတွက်တော့ ထူးခြားသော အတွေ့အကြုံသစ်တစ်ခုသဖွယ် ဖြစ်နေတော့သည်။

လောကီသားတို့၏ အချစ်၊ အမုန်း၊ အမျက်၊ အပြုံး၊ ဆင်းရဲခြင်းနှင့် ချမ်းသာခြင်း၊ လမ်းမထက်မှ ဆူညံသံများ၊ ခွဲခွာခြင်းနှင့် ပြန်လည်ဆုံစည်းခြင်းတို့၏ ဝမ်းနည်းဝမ်းသာမှုများမှာ အမှန်တကယ်ပင် ဆွဲဆောင်မှုရှိသော မှော်အတတ်များအလားပင်။

"ရှေးဟောင်း နတ်ဘုရားကြီးတွေ ဘာလို့ သာမန်လူတွေလို ဟန်ဆောင်ပြီး လောကီဖုန်မှုန့်တွေကြားထဲ နစ်မွန်းနေတတ်ကြလဲဆိုတာ အံ့သြစရာ မရှိပါဘူး။ ဒါက တကယ့်ကို ပျော်စရာကောင်းပြီး စိတ်အပန်းပြေစေတာကိုး..."

စုန်ယန်သည် သိုင်းလောကသားတို့ ရိုက်ခွဲသွားသော ဆိုင်းဘုတ်ပျက်ကို ကြည့်ရင်း ဒေါသထွက်မည့်အစား စိတ်အေးလက်အေးနှင့် ရယ်ချင်ပတ်ချင်ပင် ဖြစ်နေမိသည်။ နေ့စဉ်ရက်ဆက် ပရိယာယ်ကြွယ်ဝလှသော သတ္တဝါအိုကြီးများနှင့် ဦးနှောက်ချင်း ယှဉ်ပြိုင်နေရရာမှ တစ်နေ့တွင် ကလေးငယ်တစ်ဦးက မပြောပလောက်သော အကြောင်းပြချက်ဖြင့် ကိုယ့်ကို လာရောက်ရိုက်နှက်သကဲ့သို့ ခံစားလိုက်ရသောအခါ ဒေါသထက် စိတ်လက်ပေါ့ပါးမှုကိုသာ ပို၍ ခံစားရသည်။

စုန်ယန်သည် သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။

"လူသားတွေက နတ်ဘုရားဖြစ်ချင်ကြတယ်။ နတ်ဘုရားတွေကတော့ လူသားပြန်ဖြစ်ချင်ကြပြန်ရော။ သိုင်းလောကထဲ ရောက်ရင် ကိုယ့်ကိုယ်ကိုယ် မပိုင်တော့ဘူးလို့ ဆိုကြပေမဲ့ နတ်

ဘုရားဖြစ်ရတာက ပိုတောင် အားကိုးရာမဲ့စရာ ကောင်းသေးတယ်..."

သူသည် ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်လိုက်ပြီး ကျိုးပဲ့နေသော ဆိုင်းဘုတ်အပိုင်းအစများကို ကောက်ယူကာ ဆီးနှင်းများကို ခါချလိုက်သည်။ ထို့နောက် သန့်ရှင်းအောင် သုတ်သင်ရင်း ခပ်တိုးတိုး ကျိန်ဆဲလိုက်သေးသည်။

"ဒီရောဂါက မိစ္ဆာသားရဲကြောင့် ဖြစ်တာပဲဟာ။ အဲဒါကို ငါက ဘယ်လိုလုပ် ကုပေးနိုင်မှာလဲဘယ်လိုလုပ် ကုပေးနိုင်မှာလဲ။ ဟွန့်….."

ထို့နောက် ဆိုင်းဘုတ်ပျက်ကို ပွေ့ပိုက်ရင်း သီချင်းတစ်အေးအေးနှင့် မြည်တမ်းနေပြန်သည်။

"အို... ငါ့ဆိုင်းဘုတ်လေး ငါ့ဆိုင်းဘုတ်လေး..."

ခဏအကြာတွင် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် တုန်တုန်ရီရီနှင့် ရေရွတ်လိုက်ပြန်၏။

"သူတို့များ ငါ့ကို ထပ်ပြီး လာကလဲ့စားချေကြဦးမလား ဒီသိုင်းလူတွေက ဓားတဝင့်ဝင့်နဲ့ ဘာမှလည်း ပြောမရဆိုမရဘူး။ ငါ... ငါ အခုလောလောဆယ်တော့ သူတို့နဲ့ ဝေးရာကို ရှောင်နေတာ ပိုကောင်းလိမ့်မယ်"

နတ်သုဒ္ဓါရနံ့မျှော်စင်…

"နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလားဗျာ"

"ငွေသုံးကျပ်"

"နှစ်ကျပ်ရှစ်ပဲလောက်ဆိုရင်ရော အခုလည်း တော်တော် နောက်ကျနေပြီပဲဟာ..."

"ငွေသုံးကျပ်"

"ဟိတ်... အဒေါ်ကြီး အခုဟာက သန်းခေါင်ယံတောင် ကျော်နေပြီလေ။ ကျွန်တော်ကလည်း မှောင်မှ ရောက်လာတာမှ မဟုတ်တာ။ ဈေးလေး ဘာလေး နည်းနည်းလောက် ထပ်လျှော့ပေးလို့ မရဘူးလားဗျာ"

ဆိုင်ရှင်မိန်းမကြီးက မျက်လုံးကို တစ်ချက်လှန်ကြည့်လိုက်ပြီး စုန်ယန်ကို အကဲခတ်ကာ ပြောတော့သည်။

"ရှင်က ဒီကို ပုန်းဖို့လာတာ မဟုတ်ဘူးလား။ ဆရာဝန်လီရဲ့ နေရာက ကျွန်မတို့နဲ့ သိပ်ဝေးတာ မဟုတ်ဘူး။ ဟိုမှာ ဖြစ်ပျက်ခဲ့တဲ့ ဆူညံသံတွေက... ဘုန်း... ဘုန်း... ဘုန်း... နဲ့။ ကျွန်မကို နားမကြားဘူးလို့ ထင်နေတာလား အဘိုးကြီးရဲ့ ရှင့်ကို ဈေးပိုမတောင်းတာကတင် အိမ်နီးချင်းချင်း အားနာလို့ပဲ"

"နေပါဦး... ကျွန်တော်က ဆရာဝန်တစ်ယောက်ပါဗျ"

"တော်စမ်းပါ ရှင့်လက်နဲ့ ဘယ်သူ့ကို ကုနိုင်မှာမို့လို့လဲ"

"ကဲ... ထားပါတော့ ငွေသုံးကျပ်ဆိုလည်း သုံးကျပ်ပေါ့"

စုန်ယန်သည် ငွေစများကို သေသေချာချာ ရေတွက်၍ ထုတ်ပေးလိုက်ပြီးနောက် အခန်းတစ်ခုအတွင်းသို့ ခေါ်ဆောင်ခြင်း ခံလိုက်ရသည်။

မကြာမီမှာပင် အခန်းတံခါး ပွင့်လာပြီး အနီရောင် ပါးလွှာသော ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမပျိုလေးတစ်ဦးသည် နွေးထွေးသော ကြမ်းပြင်ပေါ်သို့ ခြေဗလာဖြင့် တက်လှမ်းလာခဲ့သည်။ သူမသည် ကြောင်တစ်ကောင်ကဲ့သို့ ကျော့ရှင်းသော အမူအရာဖြင့် လျှောက်လှမ်းလာပြီးနောက် တစ်ချက်လှည့်၍ ကိုယ်ကို အသာအယာ နွဲ့လိုက်သည်။

ဂျောက် ခနဲ အသံနှင့်အတူ တံခါးမှာ ပိတ်သွားသည်။

သူမသည် သူမ၏ လက်ကလေးနှစ်ဖက်ကို နောက်ပစ်လိုက်ပြီး နုနယ်သော လက်ချောင်းလေးများဖြင့် တံခါးကို အမြန်ဆုံး ဂျောက်ချလိုက်သည်။ ထို့နောက် စုန်ယန်ကို ကြည့်ကာ တခစ်ခစ် ရယ်မောရင်း "ကျွန်မ ကတိမဖျက်ပါဘူး" ဟု ပြောလိုက်သည်။

စကားပြောနေရင်းနှင့်ပင် သူမသည် ကြောင်တစ်ကောင်အလား စုန်ယန်၏ ရှေ့သို့ ခုန်အုပ်တိုးကပ်လာကာ သူ၏ နားနားတွင် ချွဲနွဲ့သော အသံလေးဖြင့် တိုးတိုးလေး ပြောပြန်သည်။

"ကျွန်မ အိပ်ချင်နေပေမဲ့လည်း... ရှင့်ကို စိတ်ရောကိုယ်ပါ အဖော်ပြုပေးမယ်လို့ ကတိပေးထားပြီးသားဆိုတော့ အကောင်းဆုံး လုပ်ဆောင်ပေးပါ့မယ်။ ကတိဆိုတာ ကတိပဲလေ"

"မြန်မြန်... ဒါလေးက ဘယ်လောက်တောင် သက်သောင့်သက်သာရှိလဲဆိုတာ ခံစားကြည့်

လိုက်ပါဦး။ ဒါက အသစ်စက်စက် လဲထားတဲ့ ဝတ်စုံလေးပဲ။ တစ်နေ့ခင်းလုံး တစ်ခါမှ မဝတ်ရသေးဘူးနော်"

ညဉ့်ဦးယံ ကုန်လွန်သွားသောအခါ စုန်ယန်သည် အမွှေးနံ့သာများ သင်းပျံ့နေသော အလှနတ်သမီးလေးကို ရင်ခွင်ထဲပိုက်ကာ သက်သောင့်သက်သာဖြင့် အိပ်စက်နေသော်လည်း သူ၏ စိတ်ထဲတွင်မူ တစ်စုံတစ်ခုကို စဉ်းစားနေမိသည်။ မနေ့ညက ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များမှာ ပုံမှန်မဟုတ်ဘဲ ထူးခြားနေသဖြင့် ချူးနိုင်ငံ တော်ဝင်မြို့တော်အတွင်း တစ်စုံတစ်ရာ ဖြစ်ပျက်တော့မည်ကို သူ ရိပ်မိနေသည်။

မည်သို့ပင်ဆိုစေကာမူ မြေခွေးနှင့် ဝံပုလွေ မျိုးနွယ်စုများမှာ အထင်သေး၍ ရမည့်သူများ မဟုတ်ပေ။

ယခင်က နဂါးပြာဓားဂိုဏ်းတွင် ပုန်းအောင်းနေစဉ်အခါကလည်း အဖွားအိုဟူနှင့် စစ်သူကြီးကုတို့သည် ဝိညာဉ်ရွှေကျောက်တုံးကို ငါးစာအဖြစ် အသုံးပြုခြင်း၊ သူ၏ အမည်ကို အလွဲသုံးစားလုပ်ကာ ယုတ်မာမှုများ ပြုလုပ်ခြင်း၊ အားကောင်းသော မိစ္ဆာသားရဲများကို လွှတ်၍ သူရဲကောင်း သုံးဦးကို သတ်ဖြတ်ခြင်း စသည့် အဖုံဖုံသော နည်းလမ်းများဖြင့် သူ့အပေါ် ကြီးမားသော ဖိအားများကို ပေးခဲ့ဖူးသည်။

ကံကောင်းထောက်မစွာဖြင့် သူသည် အချိန်အခါ၊ နေရာဒေသနှင့် ရန်သူ၏ ပေါ့လျော့မှုကို အခွင့်ကောင်းယူနိုင်ခဲ့သောကြောင့်သာ ထိုမိစ္ဆာနှစ်ကောင်ကို လျင်မြန်စွာ သတ်ဖြတ်နိုင်ခဲ့ခြင်းပင်။

"အခုလည်း ဒီလိုကိစ္စမျိုး ပေါ်လာပြီဆိုမှတော့ ချူးနိုင်ငံထဲက မြေခွေးနဲ့ ဝံပုလွေတွေက တစ်ခုခု မလုပ်ဘဲ နေကြမှာမဟုတ်ဘူး။ ဒီကိစ္စရဲ့ နောက်ကွယ်မှာလည်း သူတို့ လက်ချက် ပါနေနိုင်တယ်။ ဒါဆိုရင်... ထန်းဖန်က ဘာများ လုပ်မှာလဲ။ ပြောရရင် ထန်းဖန်ကိုတော့ တော်တော်လေး စိတ်ဝင်စားမိတယ်။ ငါ့မှာ သူများထက်သာတဲ့ ပါရမီနဲ့ ဉာဏ်ပညာရှိတာကို ငါကသိပေမဲ့ ထန်းဖန်ကရော ဘယ်လိုလဲ။ သူက တကယ်ပဲ ကောင်းကင်ဘုံက မျက်နှာသာပေးထားတဲ့ ပါရမီရှင်လား ဒါမှမဟုတ် ရတနာတစ်ခုခုကို ပိုင်ဆိုင်ထားတာလား"

သူ စဉ်းစားနေစဉ်မှာပင် ရင်ခွင်ထဲရှိ အမျိုးသမီးလေးသည် အိပ်ရာမှ နိုးလာကာ ခပ်တိုးတိုး ညည်းတွားရင်း သူ့ကို စနောက်ကာ တစ်ချက် ရိုက်လိုက်သည်။

ထို့နောက် "ရှင်ကတော့ တကယ့် မိစ္ဆာပဲ။ ဒီလောက်အထိ ကြမ်းတမ်းလိမ့်မယ်လို့ မထင်ထားဘူး။ ကျွန်မရဲ့ အရိုးတွေတောင် ကျိုးတော့မလား အောက်မေ့ရတယ်။ ကဲ... အချိန်ပြည့်ပြီဆိုတော့ ကျွန်မ သွားရတော့မယ်" ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ရွှမ်းယွမ်သည် ကိုယ်ကို ဟိုဘက်လှည့်ကာ သူမ၏ ချည်ထိုးဖိနပ်လေးများကို ဝတ်ဆင်၍ အဝတ်အစားလဲကာ အပြင်သို့ ထွက်ခွာသွားတော့သည်။

စုန်ယန်သည်လည်း အင်အားအပြည့်ဖြင့် အိပ်ရာမှ ထလိုက်တော့သည်။

ခဏအကြာတွင် စုန်ယန်သည် ချန်ချွန်းခန်းမသို့ ပြန်ရောက်လာသောအခါ ရိုးသားသော စာရေးလေး ဖန်ယွီသည် ဆိုင်းဘုတ်ကို ကြည့်ကာ ကြောင်တောင်တောင်ဖြင့် ထိုင်နေသည်ကို မြငလိုက်ရသည်။

သူသည် "ဒါ... ဒါက..." ဟုသာ ခပ်တိုးတိုး ရေရွတ်နေမိသည်။

စုန်ယန်က ခြေလှမ်းကျဲကျဲဖြင့် လှမ်းလာပြီး "ဖန်ယွီ... မင်း ဘာတွေ ရပ်ကြည့်နေတာလဲ ဆိုင်းဘုတ်လုပ်တဲ့ ဆရာဆီ အမြန်သွားစမ်း။ ငါတို့ ဆိုင်းဘုတ်အသစ် တစ်ခု လိုတယ်" ဟု အမိန့်ပေးလိုက်သည်။

ဖန်ယွီဟု အမည်ရသော ထိုစာရေးလေးသည် အမြန်ပင် ခေါင်းညိတ်ပြကာ အပြင်သို့ ပြေးထွက်သွားတော့သည်။

တစ်နေ့လုံး အလုပ်ရှုပ်ပြီးနောက် ငွေကြေးအမြောက်အမြား အကုန်အကျခံကာ ချန်ချွန်းခန်းမဆိုင်းဘုတ်အသစ်ကို နောက်ဆုံးတွင် ချိတ်ဆွဲနိုင်ခဲ့သည်။

သို့သော်လည်း ဆိုင်၏ အရောင်းအဝယ်မှာမူ ပိုမို ဆိုးရွားလာခဲ့သည်။

ဖန်ယွီသည် အဖြစ်မှန်ကို သိရှိသွားပြီးနောက် “အဲဒီသိုင်းလောကသားတွေက မိစ္ဆာသားရဲရဲ့ အဆိပ်မိတာမဟုတ်ဘဲ မိသားစုဆရာဝန်က အရည်အချင်းမရှိလို့ အချိန်မီ မကယ်နိုင်ခဲ့တာဟုသာ သံသယဝင်နေတော့သည်။

သူသည် နှုတ်မှ တစ်ခွန်းမျှ မပြောသော်လည်း သူ၏ အကြည့်များမှာ "ဆရာဝန်လီ... ခင်ဗျား တကယ်ပဲ တတ်ရဲ့လား" ဆိုသည့် စကားလုံးများကို မျက်နှာပေါ်တွင် ကပ်ထားသကဲ့သို့ပင်။

အခန်း။ ၂၁၂

စုန်ယန်က ဖန်ယွီ၏ ပုခုံးကို အသာအယာပုတ်ရင်း အလေးအနက်ထား၍ ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ်... ဒီချူးနိုင်ငံ တော်ဝင်မြို့တော်ထဲမှာ ငါ့ရဲ့ ဆေးကုသမှု အတတ်ပညာက အညံ့ဆုံးတော့ မဟုတ်တာ သေချာပါတယ်ကွာ"

ဤတစ်ကြိမ်တွင်မူ သူသည် လိမ်ညာပြောဆိုနေခြင်း မဟုတ်ပေ။ ဆေးဆရာလောကသို့ မဝင်ရောက်မီကပင် သူသည် ဤကိစ္စကို သေချာစူးစမ်းလေ့လာခဲ့ပြီးဖြစ်သည်။ ယခု သူ၏ အညံ့ဖျင်းဆုံးဆရာဝန်ဟု သမုတ်ခံထားရသည့် အဆင့်အတန်းမှာပင် ချူးမြို့တော်ရှိ ဆေးဆရာများထဲတွင် အလယ်အလတ်အဆင့်၌ ရှိနေသေးသည်။ သူဖော်စပ်ပေးသော ဆေးဝါးများသည် လူကို သေစေခြင်း မရှိသကဲ့သို့ ရောဂါကို ပိုမိုဆိုးရွားအောင် သို့မဟုတ် ကြန့်ကြာအောင်လည်း မလုပ်ဆောင်ပေ။ ထို့ပြင် မည်သူ့ကိုမျှ ငွေကုန်ကြေးကျများပြီး ဒေဝါလီခံရသည်အထိလည်း မပြုလုပ်ခဲ့ဖူးပေ။

ဆိုင်ရှင်ဖြစ်သူက ဤသို့ပြောဆိုလာသည့်အခါ ဖန်ယွီမှာ ဘာပြန်ပြောရမှန်းမသိဘဲ သက်ပြင်းကိုသာ အကြိမ်ကြိမ် ချနေမိသည်။

စုန်ယန်က "ဆိုင်ရဲ့ အရောင်းအဝယ် ဘယ်လိုပဲဖြစ်ဖြစ် မင်းရမယ့် လစာကိုတော့ အပြည့်ပေးမှာပါ" ဟု အာမခံချက် ပေးလိုက်မှသာ ဖန်ယွီသည် အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောတော့သည်။

သို့သော် ဆိုင်ထဲမှ ထွက်သွားချိန်တွင်မူ သူသည် ခေါင်းတခါခါဖြင့် သက်ပြင်းချနေဆဲပင်။ သူသည် မိသားစုကို လုပ်ကျွေးနေရသူဖြစ်ရာ အလုပ်အကိုင် တည်မြဲမှုကိုသာ လိုလားသည်။ လက်ရှိအခြေအနေကို ကြည့်ရသည်မှာ ချန်ချွန်းခန်းမကြီး မည်မျှအထိ ဆက်လက်ရပ်တည်နိုင်မည်ကို သူ အမှန်တကယ်ပင် မသိတော့ချေ။

မှောင်ရီပျိုးစပြုလာပြီဖြစ်သဖြင့် စုန်ယန်သည် ဆိုင်ပိတ်ရန် ပြင်ဆင်လိုက်သည်။ ထိုစဉ်မှာပင် အဝေးဆီမှ အလောတကြီး ပြေးလာသော ခြေသံများကို ကြားလိုက်ရသည်။ ဖန်ယွီသည် လမ်းကြားထဲမှနေ၍ မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ ပြေးလာနေခြင်းပင်။ သူသည် ဆိုင်ဖွင့်ထားဆဲဖြစ်သည်ကို မြင်လိုက်ရသောအခါ အရှိန်မထိန်းနိုင်ဘဲ ချော်လဲသွားပြီး ဆိုင်တံခါးခုံကို လေးဖက်ထောက်၍ အတင်းတိုးဝင်လာတော့သည်။

စုန်ယန်က သူ့ကို အမြန်ပင် ဆွဲထူလိုက်သည်။ ဖန်ယွီသည် အလွန်အမင်း ထိတ်လန့်နေသဖြင့် စကားပင် ကောင်းကောင်းမပြောနိုင်ဘဲ တံခါးဘက်သို့သာ ထပ်ခါတလဲလဲ ကြည့်ရင်း "ပိတ်... ပိတ်လိုက်ပါဦး..." ဟု တတွတ်တွတ် ပြောနေတော့သည်။

စုန်ယန်သည် တံခါးကို အမြန်ပင် ပိတ်ချလိုက်၏။ ခဏအကြာတွင် ဖန်ယွီမှာ အနည်းငယ် စိတ်အေးသွားပြီးမှ "မိစ္ဆာ... မိစ္ဆာကြီးဗျ ကြောက်စရာကြီး..." ဟု ပြောလိုက်သည်။

စုန်ယန်က "ဘယ်လို မိစ္ဆာမျိုးလဲ" ဟု မေးလိုက်သည်။

ဖန်ယွီက တုန်တုန်ရီရီဖြင့် "မြေခွေးခေါင်းနဲ့ဗျ၊ လူတွေကို ဝါးမြိုနေတာ။ ပြီးတော့ ကျွန်တော့်ကို မော့ကြည့်လိုက်သေးတယ်။ သူ့ရဲ့ ပါးစပ်တစ်ခုလုံးမှာလည်း သွေးတွေ စိုရွှဲနေတာပဲ"

စုန်ယန်သည် တုန်လှုပ်သွားဟန်ဖြင့် တစ်ချက် တွန့်သွားမိသည်။ သူတို့နှစ်ဦးလုံး ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။ စုန်ယန်သည် အဝေးတစ်နေရာသို့ မျက်မှောင်ကြုတ်၍ စိုက်ကြည့်နေမိ၏။ သူ၏ ရိုးသားလှသော စာရေးလေးပင် မြေခွေးမိစ္ဆာနှင့် တိုးခဲ့သည်ဆိုလျှင် မနေ့ညက အဖြစ်အပျက်များက အမှန်တကယ်ပင် အကျိုးသက်ရောက်မှု ရှိခဲ့ခ့င်းပင်။ အနည်းဆုံးတော့ ဤဒေသရှိ မိစ္ဆာများက လှုပ်လှုပ်ရှားရှား ဖြစ်လာကြပြီဖြစ်သည်။

ဤဒေသတွင် အခြေစိုက်သော ထောင်ကရိန်းဂိုဏ်းသည် နဂါးပြာဓားဂိုဏ်းကဲ့သို့ မြင့်မြတ်သော ကျင့်ဝတ်စံနှုန်းများ မရှိသော်လည်း ချူးနိုင်ငံ တော်ဝင်မြို့တော်တွင် အခြေစိုက်ထားသဖြင့် နိုင်ငံတော်စောင့်ရှောက်ရေးဂိုဏ်းဟူသော တာဝန်ဝတ္တရားတော့ ရှိသည်။ မြေခွေးမိစ္ဆာများ ဆူပူသောင်းကျန်းလာပါက သူတို့ ဝင်ရောက်ဖြေရှင်းရမည်သာ။

မနေ့ညက တစ်စုံတစ်ယောက်သော ကျင့်ကြံသူကြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပုံပဲ။ အဲဒါကြောင့် မြေခွေးနဲ့ ဝံပုလွေတွေက သူတို့ ရင်ဆိုင်နိုင်စွမ်း ရှိမရှိဆိုတာကို အခြေအနေ လာကြည့်နေကြတာပဲ။

စုန်ယန်က တွေးတောနေမိသည်။

"ရှောင်ဖန်... ဒီည အိမ်မပြန်နဲ့တော့"

"ဒါပေမဲ့ ကျွန်တော့်ရဲ့ အမေအိုကြီးရယ် ဇနီးနဲ့ ကလေးတွေရယ်က အိမ်မှာလေဗျာ။ ကျွန်တော် မပြန်လို့ ဘယ်ဖြစ်မလဲ"

"ဒါဆို ငါ လိုက်ပို့ပေးမယ်"

စုန်ယန်က သက်ပြင်းချရင်း ပြောလိုက်သည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် ရှောင်ဖန်သာ တစ်ကိုယ်တည်း ထွက်သွားပါက မြေခွေးမိစ္ဆာ၏ စားသောက်ခြင်းကို ခံရပြီး ပြန်လမ်းမရှိတော့မှာ သေချာသည်။

"ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"စောဒက တက်မနေနဲ့တော့ သွားကြမယ်။ လမ်းကြောင်းပြောင်းပြီး သွားကြတာပေါ့"

"ဆရာဝန်လီ... မကြောက်ဘူးလား"

"ကြောက်တာပေါ့ကွာ"

"အော်... အော်... ကျွန်တော်လည်း ကြောက်တယ်ဗျာ..."

မကြာမီမှာပင် စုန်ယန်သည် သူ၏ စာရေးလေးကို တွဲကူကာ လမ်းပြမှန်အိမ်ကို ကိုင်မြှောကလိုက်ပြီး နှစ်ဦးသား တုန်တုန်ရီရီဖြင့် ဆိုင်တံခါးအပြင်ဘက်သို့ ထွက်ခွါခဲ့ကြတော့သည်။

စုန်ယန်အနေဖြင့် ဘေးအန္တရာယ်များကို တမင်တကာ ရှောင်ရှားနေရန် သို့မဟုတ် သူ၏ စိတ်

ဝိညာဉ်အာရုံကို ဖြန့်ကျက်ထားရန်ပင် မလိုအပ်ပေ။ သူ၏ အာရုံခံစားမှုသက်သက်ဖြင့်ပင် လမ်းမထက်ရှိ အန္တရာယ်များကို အလွယ်တကူ ရှောင်ကွင်း၍ သွားနိုင်သည်။

"ခရမ်းရောင်နန်းတော်အဆင့်ကို တက်လှမ်းပြီးတဲ့နောက်မှာတော့ ကျင့်ကြံသူရဲ့ စိတ်ဝိညာဉ်နဲ့ ရုပ်

ခန္ဓာက သာမန်လူသားတွေရဲ့ အဆင့်ကို ကျော်လွန်သွားပြီလေ။ အဲဒီတော့ ဒီလို အသေးအဖွဲ ဘေးအန္တရာယ်လေးတွေက ငါ့ကို ဘယ်လိုလုပ် ခြိမ်းခြောက်နိုင်မှာလဲ"

သူသည် ဖန်ယွီကို အိမ်တံခါးဝအထိ လိုက်လံပို့ဆောင်ပေးခဲ့ရာ ဖန်ယွီမှာ ကျေးဇူးတင်စကားများကို အထပ်ထပ် ပြောတော့သည်။ ဖန်ယွီ၏ စိတ်ထဲတွင်မူ "ဝင်ငွေအနည်းငယ် လျော့နည်းပါစေဦးတော့။ ဒီဆိုင်ရှင်နောက်ကိုပဲ အမြဲကပ်နေပြီး ချန်ချွန်းခန်းမ မပိတ်အောင်ပဲ ကြိုးစားတော့မယ်" ဟူသော အတွေးတစ်ခုသာ ရှိတော့သည်။

စုန်ယန်သည် လှည့်ထွက်လာခဲ့၏။ သူ၏ လက်ထဲတွင် သွေးကဲ့သို့ နီမြန်းသော မှန်အိမ်ကလေးတစ်လုံး ရှိနေသည်။ ဆောင်းဦးနှောင် ညဉ့်လေညင်းအောက်တွင် မှန်အိမ်ကလေးမှာ ယိမ်းထိုးနေသည်။

နံရံတစ်ခုသာ ခြားသော လမ်းကြားများထဲတွင် မိစ္ဆာများ သောင်းကျန်းနေပြီး သိုင်းလောက၏ သတ်ဖြတ်မှုများ ရှိနေနိုင်သော်လည်း သူလျှောက်လှမ်းနေသော လမ်းမှာမူ အေးချမ်းဆိတ်ငြိမ်လျက် ရှိနေ၏။ လမ်းတစ်လျှောက်တွင် စုန်ယန်သည် မိစ္ဆာငယ်လေးများစွာကို အာရုံခံမိသည့်အတွက် သူ၏ အစောပိုင်း ခန့်မှန်းချက်ဖြစ်သော မြေခွေးနှင့် ဝံပုလွေတို့ လှုပ်ရှားလာပြီဟူသော အချက်မှာ အမှန်ပင် ဖြစ်လာခဲ့သည်။

ရက်အနည်းငယ်အကြာ ညဉ့်နက်ပိုင်းတွင်...

စုန်ယန်သည် ဝက်အရေခွံပြုလုပ်ပြီးနောက် အခန်းထဲ၌ လဲလျောင်းနေစဉ် အပြင်ဘက် ကောင်းကင်ယံထက်မှ ယုတ်မာသော ရယ်မောသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။ ထို့နောက် အမျိုးသားတစ်ဦး၏ အသံမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

"ဒီည ငါ ထန်းဖန် ကောင်းကင်ကို ဆန့်ကျင်ပြမယ်။ မင်းတို့ ထောင်ကရိန်းဂိုဏ်းက ဘာမို့လို့လဲ"

ချက်ချင်းဆိုသလိုပင် ပြင်းထန်သော တိုက်ပွဲသံများ ထွက်ပေါ်လာသည်။ စုန်ယန်သည် ဝင်းထဲသို့ ပြေးထွက်လာပြီး အဝေးတစ်နေရာမှ တိုက်ပွဲကို စိတ်ဝင်တစား ကြည့်ရှုနေမိသည်။ မြေခွေးနှင့် ဝံပုလွေတို့၏ နည်းပရိယာယ်မှာ တကယ်တော့ ရိုးရှင်းသည်။

သူတို့က ထန်းဖန်အဖြစ် ဟန်ဆောင်ဖို့ ဖန်ဆင်းခြင်းအတတ်ကို စပြီးအသုံးပြုနေပြီလား။

သူသည် ခေတ္တမျှ ကြည့်ရှုနေပြီးနောက် အခန်းထဲသို့ ပြန်ဝင်ကာ ဝိညာဉ်စွမ်းအင်ကြည့်မှန်စေ့ကို ယူဆောင်၍ အဝေးမှ အကဲခတ်လိုက်သည်။ ကောင်းကင်ယံရှိ တိမ်တိုက်နီများမှာ ပိုမိုနက်မှောင်လာသည်ကို သူ မြင်လိုက်ရသည်။ သို့သော် ထိုသို့ အရောင်ရင့်လာခြင်းမှာ တစ်လွှာချင်း ထပ်နေခြင်းကြောင့်ပင်။

ဤသည်မှာ ချူးနိုင်ငံတော်ဝင်မြို့တော်အတွင်းရှိ အဆင့်မြင့်ကျင့်ကြံသူအားလုံးမှာ တစ်ဦးပြီးတစ်ဦး ထောင်ကရိန်းဂိုဏ်းရှိရာ အရပ်သို့ စုပြုံသွားကြပြီဖြစ်ကြောင်း ဖော်ပြနေခြင်းပင်။ ထန်းဖန်သည်လည်း ထိုနေရာသို့ ဦးတည်သွားနေမည်မှာ သေချာလှသည်။

သူတို့လည်း ငါနဲ့ အကြံတူပုံပဲ။ ထောင်ကရိန်းဂိုဏ်းကို အကာအကွယ်လုပ်ပြီး မြေခွေးနဲ့ ဝံပုလွေတွေကို ခုခံဖို့ ကြံစည်နေကြတာပဲ။

ငါးများ ပိုက်ကွန်ထဲသို့ စုပြုံတိုးဝင်လာကြသည်ကို မြင်ရသဖြင့် စုန်ယန်မှာ ကျေနပ်နေသော်လည်း အလျင်စလို မလုပ်ဆောင်ဘဲ တိုက်ပွဲသံများကြားမှာပင် အေးအေးလူလူ အိပ်စက်လိုက်တော့သည်။

နောက်တစ်နေ့တွင်...

နတ်သုဒ္ဓါရနံ့မျှော်စင်မှာ အလွန်အမင်း ထိတ်လန့်သွားသဖြင့် ဆိုင်ပင် မဖွင့်တော့ချေ။ စုန်ယန်၏ ချန်ချွန်းခန်းမတွင်လည်း အရောင်းအဝယ်မှာ အလွန်ပင် ဆိုးရွားနေသည်။ ရှောင်ဖန်မှာ ဆေးခန်းတွင် ခဏမျှ နေပြီးနောက် မမှောင်မီမှာပင် စုန်ယန်က သူ့ကို အိမ်ပြန်လွှတ်လိုက်သည်။

ဤအခြေအနေမှာ ရက်အနည်းငယ်အထိ ကြာမြင့်ခဲ့သည်။ တစ်နေ့တွင် နေဝင်ရီတရောအချိန်၌ စုန်ယန်သည် ငွေစအချို့ကို ယူဆောင်၍ သားသတ်ဆိုင်သို့ ဝက်အရေခွံဝယ်ရန် ထွက်လာခဲ့သည်။ လမ်းအနည်းငယ်မျှ လျှောက်ပြီးနောက် လမ်းကြားတစ်ခု၏ ထောင့်တွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို သူ မြင်လိုက်ရသည်။

စိမ်းပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော သွယ်လျကျော့ရှင်းသည့် အမျိုးသမီးတစ်ဦးသည် အနံ့အသက်မကောင်းသော လမ်းကြားတစ်ခု၌ ရပ်နေသည်။ သူမ၏ လက်ထဲတွင် အကြမ်းထည်မုန့်များ ထည့်ထားသော ခြင်းတောင်းတစ်လုံး ရှိနေသည်။

ထိုလမ်းကြားထဲတွင် အခြားသူများလည်း ရှိနေဟန်တူသည်။ စုန်ယန်က အနားသို့ တိုးကပ်၍ ကြည့်လိုက်သောအခါ မည်းညစ်ပေရေနေသော တောင်းရမ်းစားသောက်သူ ကလေးငယ် ငါးဦးကို မြင်လိုက်ရသည်။ ကလေးအားလုံးမှာ အသားအရေ မည်းညစ်နေသဖြင့် ကျား၊ မ ခွဲခြားရန်ပင် ခက်ခဲလှသည်။

ထိုကလေးများကို အကြမ်းထည်မုန့်များ ဝေငှနေသူမှာ အခြားသူမဟုတ်ဘဲ သခင်မလေး ရွှမ်းယွမ်ပင်။ တစ်စုံတစ်ဦး ချဉ်းကပ်လာသည်ကို မြင်သောအခါ ကလေးငယ်များမှာ ထိတ်လန့်သွားကြပြီး အရှေ့ဆုံးမှ ခပ်ကြီးကြီး ကောင်လေးတစ်ဦးမှာ ခါးကြားမှ လက်ကိုင်မပါသော ဓားမြှောင်အစုတ်တစ်ခုကိုပင် ဆွဲထုတ်လိုက်တော့သည်။

All Chapters