အခန်း (၂၁၅-၂၁၆)
Vol. 22 Ch. 215-216
အခန်း။ ၂၁၅
တစ်ခါက သူသည် "ဇီးဖြူပွင့်နံ့လေးက သင်းပျံ့တာပဲ" ဟု ပြောဖူးပုံပင်။
အခြားတစ်ဖက်တွင်မူ ရွှမ်းယွမ်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် "ကျွန်မ ငွေတွေအများကြီး စုမိနေပြီ။ တကယ့်ကို အများကြီးပဲ အဖွားဆီကနေ ကျွန်မကိုယ်ကျွန်မ ရွေးနှုတ်ပြီးတာနဲ့..."
သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ရုတ်တရက် သတ္တိမွေးကာပြောတော့သည်။
"ဒီမြို့ကြီးက အခုဆိုရင် တော်တော်လေးကို ရုတ်ရုတ်သဲသဲ ဖြစ်နေပြီ။ ကျွန်မတို့... အတူတူ ထွက်သွားကြရင်ရော ဘယ်လိုလဲ မြို့ငယ်လေးတစ်မြို့ကို သွားကြမယ်လေ။ အဲဒီမှာဆိုရင် အခုလို ငွေတွေအများကြီး မလိုဘဲနဲ့ အေးအေးချမ်းချမ်း နေလို့ရတာပဲ။
ဒီကျင့်ကြံသူတွေနဲ့ မိစ္ဆာတွေက သိပ်ကို ကြောက်စရာကောင်းလွန်းတယ်။ တကယ့်ကို ကြောက်စရာကြီး။ သူတို့မျက်လုံးထဲမှာ ကျွန်မတို့က ပုရွက်ဆိတ်တွေလိုပဲ။ ကျွန်မတို့ သေသွားရင်တောင် ဘာမှအရာထင်မှာ မဟုတ်ဘူး။ အစိုးရကလည်း မထိန်းချုပ်နိုင်ဘူး။ သိုင်းလောကကလည်း မတတ်နိုင်ဘူး။ ဘယ်သူမှ မကူညီနိုင်ဘူး ကျွန်မ... ကျွန်မတို့..."
စကားမဆုံးမီမှာပင် သူမ၏ အသံမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
သူမ၏ သတ္တိများ ရုတ်တရက် ပျောက်ကွယ်သွားခြင်းကြောင့် မဟုတ်ပေ။ စကားလုံးများမှာ သူမ၏ နှုတ်ဖျားသို့ ရောက်ရှိနေပြီဖြစ်ရာ တစ်ဆက်တည်း ပြောဆိုရမည်သာ ဖြစ်သည်။
သို့သော်လည်း သူမ၏ အသံထက် ပိုမိုကျယ်လောင်ပြီး ကြောက်မက်ဖွယ်ကောင်းသော အသံကြီးတစ်ခုက သူမ၏ အသံကိုသာမက လူအားလုံး၏ အသံနှင့် မြို့တော်တစ်ခုလုံး၏ ဆူညံသံများကိုပါ ဖုံးလွှမ်းသွားခဲ့သည်။
၎င်းမှာ ဝံပုလွေတစ်ကောင်၏ ဟိန်းဟောက်သံပင်။
ထိုဟိန်းဟောက်သံမှာ လူသားတို့၏ သွေးကို ဆူပွက်စေလောက်သည်အထိ ပြင်းထန်လှသည်။ ထို့ပြင် နက်ရှိုင်းလှသော ကြောက်ရွံ့မှုများလည်း ပါဝင်နေ၏။ ကြောက်ရွံ့ခြင်းမှာ ကူးစက်
တတ်သော ရောဂါတစ်ခုကဲ့သို့ပင်။
လူဦးရေထူထပ်သော ချူးမြို့တော်ကဲ့သို့ နေရာမျိုးတွင် ထိုဟိန်းဟောက်သံမှာ ဆီအိုးထဲသို့ မီးပွားကျသကဲ့သို့ပင် တမဟုတ်ချင်း ပြန့်နှံ့သွားကာ မြို့တော်တစ်ခုလုံးကို ကြောက်ရွံ့မှု ပင်လယ်ပြင်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်တော့သည်။
ထိုကြောက်ရွံ့မှု ပင်လယ်ပြင်ကြီးထဲတွင် မြေပြင်မှနေ၍ ဧရာမ မိစ္ဆာအရိပ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ အမြင့်ပေ တစ်ရာ၊ တစ်ထောင်ကျော်အထိ ရှိပြီး ကောင်းကင်ယံသို့ တိုင်အောင် ထိုးတက်နေသော ထိုမိစ္ဆာအရိပ်ကြီး၏ လက်သည်းများမှာ မိုးကောင်းကင်ကိုပင် ဖုံးလွှမ်းထားလေတော့သည်။
စုန်ယန်သည် ခေါင်းကို လှည့်၍ ကြည့်လိုက်ကာ ထောင်ကရိန်းဂိုဏ်းရှိရာ အရပ်ဆီသို့ ဖြစ်နေ၏။
မြေခွေးနှင့် ဝံပုလွေတို့မှာ နောက်ထပ် စောင့်ဆိုင်းနိုင်စွမ်း မရှိတော့ချေ။
ခရမ်းရောင်နန်းတော်အဆင့်ရှိသော လူသားကျင့်ကြံသူတစ်ဦး ရောက်လာတော့မည်ကို သူတို့ သိထားကြသည်။ သို့သော် ထိုသူမှာ အချိန်အတော်ကြာသည်အထိ ပေါ်မလာခြင်းက မြေခွေးနှင့် ဝံပုလွေတို့ကို မှားယွင်းသော ခန့်မှန်းချက်များ ပေးမိသွားပုံပင်။
"အဲဒီလူက ထွက်ပြေးသွားတာလား၊ ဒါမှမဟုတ် လုံးဝကို ရောက်မလာတာလား။ တကယ်လို့ ရောက်နေတယ်ဆိုရင်ရော ဘာလို့ ပေါ်မလာတာလဲ။ ဝိညာဉ်တံခါးပွင့်ဖို့က အချိန်သိပ်မလိုတော့ဘူးလေ။ ဘာဖြစ်လို့ သူ အခုထိ ပေါ်မလာသေးတာလဲ"
အမှန်စင်စစ် ဤနေရာရှိ မြေခွေးနှင့် ဝံပုလွေတို့မှာ သုံးနိုင်ငံမှ ရှေးဟောင်းစစ်သူကြီးများနှင့် အနည်းငယ် ကွဲပြားသည်။ အနည်းဆုံးတော့ ထိုဝံပုလွေမိစ္ဆာသည် သူ၏ အသံလှိုင်းတိုက်ကွက်ကို တစ်ခါမျှ မသုံးခဲ့ဖူးပေ။
ယခုမူ ၎င်းကို အနိုင်ဖဲတစ်ချပ်အဖြစ် တိုက်ရိုက် ထုတ်သုံးလိုက်သည်။
ထိုသို့ အသုံးပြုလိုက်ခြင်းမှာလည်း ထူးခြားသော ရလဒ်များကို ဖြစ်ပေါ်စေခဲ့သည်။ ကြောက်ရွံ့မှုများမှာ ပြင်းထန်စွာ လှုံ့ဆော်ခြင်း ခံလိုက်ရပြီးနောက် လုံပု၏ သွေးစွမ်းအင်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားကာ ပိုမိုကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအရိပ်ကြီးကို ဖန်တီးနိုင်ခဲ့သည်။
ဝမ်တွန်းဆိုင်ပိုင်ရှင်မှာ ကြောက်လန့်တကြားဖြင့် ကိုယ်လက်များ တောင့်တင်းနေသည်။
ရွှမ်းယွမ်မှာလည်း အလွန်အမင်း ကြောက်လန့်နေသဖြင့် စုန်ယန်၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားကာ ခန္ဓာကိုယ်မှာလည်း ထိန်းမရအောင် တုန်ရီနေသည်။
ကလေးများထဲတွင် အဟွိုင်မှလွဲ၍ ကျန်လေးဦးမှာ အရုပ်များကဲ့သို့ပင် လှုပ်ရှားနိုင်စွမ်းမရှိတော့ဘဲ ကောင်းကင်ယံကိုသာ ကြောက်ရွံ့စွာ ငေးကြည့်နေကြသည်။
"အား"
တစ်နေရာရာမှ ထွက်ပေါ်လာသော အော်ဟစ်သံများက ကြောက်မက်ဖွယ် အငွေ့အသက်များကို ပိုမိုပြင်းထန်စေသည်။
စုန်ယန်သည်လည်း လှုပ်ရှားခြင်းမရှိဘဲ ရပ်နေ၏။
သို့သော် သူ၏ မျက်လုံးများမှာ အထက်ကောင်းကင်ယံကိုသာ စေ့စေ့စပ်စပ် စိုက်ကြည့်နေသည်။ သူကိုယ်တိုင် သတ်မှတ်ထားသော အချိန်ကာလသို့ ရောက်ရန် တစ်နှစ်နီးပါးပင် လိုသေးသည်။
သို့သော်လည်း ယနေ့တွင်မူ ထန်းဖန်ကို ဖမ်းဆီးနိုင်လိမ့်မည်ဟု သူ ခံစားနေမိသည်။
ကောင်းကင်ယံထက်တွင် မိုးနတ်မင်းကြီး မူးယဉ်၍ ဗုံတီးနေသကဲ့သို့ မိုးခြိမ်းသံများမှာ အဆက်မပြတ် မြည်ဟည်းနေပြီး နားကွဲလုမတတ်သော ဆူညံသံများ ထွက်ပေါ်နေသည်။
အစီအရင်လက်နက်များမှ ထွက်ပေါ်လာသော ရောင်စုံအလင်းတန်းများမှာ ရုတ်တရက် ရွာကျလာသော မိုးစက်များအလား ထူထပ်စွာ ယှက်နွယ်နေပြီး ကောင်းကင်တစ်ခုလုံးကို ပန်းချီကားချပ်တစ်ခုအသွင် ဖန်တီးထားတော့သည်။
နေရောင်ခြည်များမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး မှောင်မိုက်သော တိမ်တိုက်များမှာ မြူခိုးများအလား ဖုံးလွှမ်းသွားသည်။ ပြာလွင်အေးစက်သော လေပြင်းများကြားတွင် မြေခွေးပေါက်လေးများ၏ ပုံရိပ်များသည် ဈေးအတွင်းမှ ထွက်ပေါ်လာပြီးနောက် ခြေနှစ်ဖက်ဖြင့်ဖြစ်စေ၊ လေးဖက်ထောက်၍ဖြစ်စေ ထောင်ကရိန်းဂိုဏ်းရှိရာ အရပ်သို့ အရပ်မျက်နှာအနှံ့မှ စုပြုံပြေးဝင်သွားကြတော့သည်။
တိုက်ပွဲမှာ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလောက်သည်အထိ ကြာမြင့်ခဲ့ပြီးနောက် ကောင်းကင်ယံကြီးမှာ ရုတ်တရက် လင်းလက်တောက်ပလာကာ ဆောင်းတွင်းမိုးကြိုးပမာ ပြင်းထန်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာသည်။
ပေတစ်ရာကျော်မြင့်သော မြေခွေးမိစ္ဆာအရိပ်ကြီး၏ ရှေ့တွင် ပေပေါင်းများစွာမြင့်မားသည့် ရွှေရောင်ချပ်ဝတ်တန်ဆာ ဆင်မြန်းထားသော နတ်ဘုရားပုံရိပ်ကြီးတစ်ခု မမျှော်လင့်ဘဲ ပေါ်ထွက်လာခဲ့သည်။
ထိုရွှေရောင်နတ်ဘုရားပုံရိပ်ကြီး ပေါ်လာသည်နှင့်အမျှ လူသားတို့၏ ကြောက်ရွံ့မှုများမှာလည်း တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားတော့သည်။ ထောင်ကရိန်းဂိုဏ်းအတွင်းမှလည်း စိတ်လှုပ်ရှားတက်ကြွနေသော အော်ဟစ်သံများ ဟိန်းထွက်လာ၏။
"ဂိုဏ်းစောင့် ဘိုးဘေးကြီး"
"ကရိန်း ဘိုးဘေးကြီး"
"ကရိန်း ဘိုးဘေးကြီး ထွက်လာပြီဟေ့"
"ဘိုးဘေးကြီး မသေသေးဘူးပဲ"
ဝမ်းသာအားရ အော်ဟစ်သံများကြားမှာပင် ထိုရွှေရောင်နတ်ဘုရားကြီးသည် ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထိုဓားချက်မှာ မြေခွေးမိစ္ဆာအရိပ်ကြီးကို တိုက်ရိုက်ခုတ်ပိုင်းလိုက်သဖြင့် မိစ္ဆာအရိပ်ကြီးမှာ ရုတ်တရက် သေးဝင်သွားတော့သည်။
ဤအခိုက်အတန့်မှာ လူတိုင်း၏ စိတ်နှလုံးထဲရှိ ကြောက်ရွံ့မှု အချုပ်အနှောင်များကို ဖြတ်
တောက်လိုက်သကဲ့သို့ပင်။ မြို့တော်တစ်ခုလုံးမှာ ပြန်လည်နိုးထ တက်ကြွလာခဲ့သည်။
စုန်ယန်၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားသော ရွှမ်းယွမ်၏ ကိုယ်ခန္ဓာမှာလည်း အရည်ပျော်သွားသကဲ့သို့ ပြေလျော့သွားပြီး ဘေးအန္တရာယ်မှ လွတ်မြောက်သွားသူတစ်ဦးအလား ကောင်းကင်ယံကို တောက်ပသော မျက်ဝန်းများဖြင့် ငေးကြည့်နေမိသည်။
ဘေးနားရှိ ဝမ်တွန်းဆိုင်ပိုင်ရှင်နှင့် အခြားစားသုံးသူများမှာမူ ရုတ်တရက် ဒူးထောက်ချလိုက်ကြပြီး အထက်သို့ မျှော်ကြည့်ကာ "စောင့်ရှောက်တော်မူပါ စောင့်ရှောက်တော်မူပါ။ နတ်ဘုရား ပွင့်လာပြီ" ဟု တိုးတိုးလေး ဆုတောင်းနေကြတော့သည်။
ရွှမ်းယွမ်သည်လည်း ဝမ်းသာလွန်း၍ မျက်ရည်များ ဝဲလာကာ ဒူးထောက်ရန် ပြင်လိုက်စဉ် စုန်ယန်က ဒူးမထောက်ဘဲ ရပ်နေသည်ကို မြင်သောအခါ အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ ထို့နောက် သူမသည် ကောင်းကင်ယံရှိ ရွှေရောင်နတ်ဘုရားကြီးကို ရိုသေစွာဖြင့် ဆက်လက်အာရုံပြုနေပြန်သည်။
အဟွိုင်က အလျင်အမြန်ပင် "ဦးလေးလီ... နတ်ဘုရားကို မစော်ကားမိပါစေနဲ့" ဟု သတိပေးလိုက်သည်။
စုန်ယန်သည် ခေါင်းကို ကုတ်လိုက်မိ၏။
ထိုသူတို့ ပြောဆိုနေသည်များကို သူ နားလည်သည်။ စေတနာနှင့် ပြောခြင်းလား၊ အငြိုးနှင့် ပြောခြင်းလားဆိုသည်ကိုလည်း သူ သိသည်။ ထိုစကားများထဲမှ စိုးရိမ်ပူပန်မှုများကို နားမကြားသူ မဟုတ်လျှင် မည်သူမဆို ခံစားမိနိုင်သည်။
ဒါပေမဲ့ ငါက ဘာကိစ္စ ဒူးထောက်ရမှာလဲ။
သူသည် သက်ပြင်းတစ်ချက် ပြင်းပြင်းချလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ သာမန်ဝမ်တွန်းဆိုင်ကလေးထဲမှနေ၍ အလင်းတန်းတစ်ခုအလား ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။
ပျံတက်သွားရင်းနှင့်လည်း "ထန်းဖန်... မင်းကတော့ကွာ တောက်... ဒီအတိုင်း ပုန်းနေလို့ မရဘူးလား ဘာလို့ လူတွေရှေ့မှာ နတ်ဘုရားလိုလို ဘာလိုလိုနဲ့ လာဟန်ဆောင်နေရတာလဲ။ ဟူး... တစ်နှစ်တောင် ကျန်သေးတာကို ငါ နေလို့မဝသေးဘူးကွ" ဟု ဆဲရေးတိုင်းထွာသွားသည်။
သူသည် ဆဲဆိုနေသော်လည်း လှုပ်ရှားမှုများမှာ နှေးကွေးခြင်းမရှိပေ။ သူ ကိုယ်ထင်ပြလိုက်
သည်နှင့်အမျှ သူ၏ပတ်ဝန်းကျင်တွင် ပုံရိပ်ပေါင်း ရာနှင့်ချီ၍ ပေါ်ထွက်လာပြီး ပုံရိပ်တိုင်းမှ သွေးနီရောင်နန်းတော်အဆင့်၏ နောက်ဆုံးအဆင့်ရှိ ကြောက်မက်ဖွယ် စွမ်းအင်များကို ထုတ်လွှတ်လိုက်ကြသည်။
နောက်တစ်စက္ကန့်တွင် ထိုပုံရိပ်အားလုံးမှာ ကမ္ဘာပျက်ကိန်း ဆိုက်ရောက်လာသည့် ဥက္ကာခဲအုပ်စုကြီးပမာ ထောင်ကရိန်းဂိုဏ်းရှိရာသို့ ပြေးဝင်သွားတော့သည်။ ထိုစွမ်းအားမှာ မြေခွေးမိစ္ဆာအရိပ်နှင့် ရွှေရောင်နတ်ဘုရားပုံရိပ်တို့ ပေါင်းစပ်ထားသည်ထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လှသည်။
အချိန်ကာလကြီးမှာ ရပ်တန့်သွားသကဲ့သို့ပင်။ ချူးမြို့တော်တစ်ခုလုံးနှင့် ထောင်ကရိန်းဂိုဏ်းမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
လွန်ခဲ့သော ခေတ္တမျှကပင် နတ်ဘုရားစင်စစ် ဆင်းသက်လာသကဲ့သို့ တန်ခိုးအာဏာကြီးမားလှသော ရွှေရောင်နတ်ဘုရားပုံရိပ်ကြီးမှာ တစ်ချက်တည်းနှင့်ပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်ပျက်စီးသွားပြီး မြူခိုးများအဖြစ် လွင့်စင်သွားတော့သည်။ ထိုရွှေရောင်ပုံရိပ်ကြီး ရှိခဲ့သော နေရာတွင်မူ လူနှစ်ဦး ပေါ်ထွက်လာခဲ့သည်။
ရိုးရိုးသာမန် ရုပ်ရည်ရှိသော်လည်း မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့် လက်နှစ်ဖက်ကို တွဲလောင်းချထားသည့် အမျိုးသားတစ်ဦးဖြစ်ကာ သူ့လက်ထဲတွင်မူ ကြိုးများဖြင့် တင်းတင်းကျပ်ကျပ် ချည်နှောင်ခံထားရသော ရွှေရောင်ချပ်ဝတ်နှင့် ကောင်လေးတစ်ဦး ပါလာခဲ့သည်။ ထိုကောင်လေးမှာမူ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော မျက်နှာထားဖြင့် ကောင်းကင်ယံ၌ ဟာလာဟင်းလင်း ဖြစ်နေတော့သည်။
အဝေးတစ်နေရာမှ မြေခွေးမိစ္ဆာနှင့် ဝံပုလွေမိစ္ဆာတို့မှာလည်း နောက်ဆုံးတွင် သတိပြန်ဝင်လာကြပြီး ရှေ့သို့ တိုးလာကြသည်။
ခေါင်းဆောင်ဖြစ်သော မြေခွေးမိစ္ဆာက ရိုသေစွာဖြင့် "ကျွန်တော်မျိုးတို့ရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ် ဂိုဏ်းစောင့် ဘိုးဘေးကြီး" ဟု လျှောက်တင်လိုက်သည်။
စုန်ယန်က နှာခေါင်းမှတစ်ဆင့် "ဟင်း" ခနဲ တစ်ချက် နှာမှုတ်လိုက်ပြီး သူ ဖမ်းဆီးထားသော ရွှေရောင်ချပ်ဝတ်နှင့် ကောင်လေးကို ဒေါသတကြီး စိုက်ကြည့်ကာ သက်ပြင်းချရင်း ကျိန်ဆဲလိုက်တော့သည်။
"မင်းလို လူမိုက်လေး"
အခန်း။ ၂၁၆
ရှုး... ရှုး... ရှုး
ရွှေရောင်ချပ်ဝတ်နှင့် လူငယ်မှာ လေထဲတွင် တွဲလောင်းအဆွဲခံထားရပြီး ခေတ္တမျှ ကြောင်အသွားပြီးနောက်မှ သတိပြန်ဝင်လာသည်။ သူသည် အနည်းငယ် ရုန်းကန်ကြည့်သော်လည်း သူ၏အစွမ်းစွမ်းအင်အားလုံး ဆုံးရှုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
ထို့နောက် "မင်းလို လူမိုက်လေး" ဟူသော စကားစုကို ပြန်လည်ကြားယောင်လာပြီးနောက် တစ်ကိုယ်လုံး တုန်တက်သွားကာ ရုတ်တရက် ပေါ်ထွက်လာသော မိစ္ဆာမျိုးနွယ်စု၏ ဘိုးဘေးကြီးကို မသိစိတ်ဖြင့် လှည့်ကြည့်လိုက်မိသည်။
စုန်ယန်သည် သူ၏မျက်နှာကို လက်ဖြင့်တစ်ချက် ပွတ်သပ်လိုက်ရာ ဆရာဝန်လီ၏ သာမန်
မျက်နှာမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး ဓားဒဏ်ရာများ ယှက်နွယ်နေသော မျက်နှာတစ်ခု ပေါ်ထွက်လာသည်။
ဤအခိုက်အတန့်တွင် သူသည် ကျန်းဟန့် အသွင်သို့ ပြောင်းလဲသွားခြင်းပင်။ ကျန်းဟန့်သည် မြေခွေးမိစ္ဆာတို့၏ ဖန်ဆင်းခြင်းအတတ်ကို မတတ်မြောက်သဖြင့် ဆေးဝါးဗေဒဆိုင်ရာ အသိပညာကို အသုံးပြု၍ သူ၏မျက်နှာကို အနည်းငယ် ပြုပြင်ပြောင်းလဲထားခြင်းသာ ဖြစ်သည်။
"စီနီယာ... ဟဲ... ဟဲ..."
ရွှေရောင်ချပ်ဝတ်နှင့် လူငယ်က အရှက်မရှိ ပြုံးဖြဲဖြဲလုပ်ရင်း "စီနီယာက ဘယ်က ကြွလာတာလဲဗျ ဘယ်လိုလုပ် ဒီလောက် မြန်မြန်ဆန်ဆန်ကြီး ပေါ်လာရတာလဲ" ဟု မေးလိုက်သည်။
"တကယ့်ကို ကပ်သီးကပ်သတ်နိုင်တဲ့ ကောင်လေးပဲ"
စုန်ယန်က ပြောလိုက်သည်။ ဤကောင်လေး မည်သို့ကြောင့် ဤမျှကြာအောင် ပုန်းအောင်းနိုင်ခဲ့သည်ကို စုန်ယန် အနည်းငယ် နားလည်သွားသည်။
ရွှေရောင်နတ်ဘုရားအဖြစ် အသွင်ပြောင်းပြီး လုံပုမြေခွေးတို့၏ လျှို့ဝှက်အတတ်ကို တိုက်ရိုက်ခုခံနိုင်ရုံတင်မကဘဲ ဤမျှ အရှက်မရှိဘဲ တည်ငြိမ်နေနိုင်သော စိတ်ဓာတ်မျိုး ရှိနေခြင်းကလည်း အံ့ဩစရာပင်။
သူသည် ထိုကောင်လေး၏ နဖူးကို တစ်ချက်ရိုက်လိုက်ပြီး "ကရိန်းဘိုးဘေးအဖြစ် ဟန်ဆောင်ပြီး မြေခွေးနဲ့ ဝံပုလွေတွေကို မောင်းထုတ်ချင်တယ်ပေါ့။ ထောင်ကရိန်းဂိုဏ်းကို အသုံးချပြီး မင်းအတွက် အချိန်ဆွဲခိုင်းနေတာလား။ ဟား... ပျော်ဖို့ကောင်းရဲ့လား ဘိုးဘေးကြီး ထန်းဖန်"
ရွှေရောင်ချပ်ဝတ်နှင့် လူငယ်မှာ ကြောင်အသွားပြီး သူ၏မျက်နှာပေါ်ရှိ ပြုံးဖြဲဖြဲ အမူအရာမှာလည်း နက်ရှိုင်းသော ကြောက်ရွံ့မှုများအဖြစ် ပြောင်းလဲသွားသည်။
သူ၏စိတ်ထဲမှလည်း ဒီမိစ္ဆာအိုကြီးက တကယ့်ကို ကြောက်စရာပဲ။ ငါ့အစီအစဉ်ကို သူ ဘယ်လိုမြင်သွားတာလဲဟု တိတ်တဆိတ် တွေးနေမိသည်။
ထိုအတွေးမှာ ခေတ္တမျှသာဖြစ်ပြီး ထန်းဖန်သည် အမြန်ပင် ခေါင်းကိုငုံ့ကာ "ထန်းလေးပါ... ဘိုးဘေးကြီးက ကျွန်တော့်ကို ထန်းလေးလို့ပဲ ခေါ်ပါဗျာ။ အဲဒါ ခေါ်လို့မကောင်းရင် ဖန်ကျိလို့ ခေါ်ရင်လည်း ရပါတယ်။ ဟုတ်တယ်... ကျွန်တော့်အဘိုးက ကျွန်တော့်ကို ဖန်ကျိ လို့ ခေါ်ရတာ သိပ်ဝါသနာပါတာ" ဟု ချွဲတေးတေး ပြောလိုက်ပြန်သည်။
စုန်ယန်က သူ့ကို ထူးဆန်းသလို ကြည့်ကာ "မင်းက မိစ္ဆာကျင့်ကြံသူလား" ဟု မေးလိုက်သည်။
ထန်းဖန်က ရယ်မောရင်း "ကျွန်တော်က စကားတတ်ရုံသက်သက်ပါဗျာ" ဟု ပြောလိုက်သည်။ ထို့နောက် သူက အမြန်ပင် ဆက်ပြောပြန်သည်။
"ဒါပေမဲ့ ကျွန်တော်က လူတိုင်းကို ဒီလိုပြောတာ မဟုတ်ပါဘူး။ စီနီယာက ကြည့်ရတာ သဘောကောင်းမယ့်ပုံ ပေါက်နေလို့ ကျွန်တော် အခုလို ပြောရဲတာပါ"
စုန်ယန်က ရုတ်တရက် ကြိုးကို တစ်ချက် ခါယမ်းလိုက်သည်။
ထန်းဖန်သည် တစ်ကိုယ်လုံး အင်အားများ လုံးဝကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရပြီး ခန္ဓာကိုယ်မှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်တော့မလို ဖြစ်လာကာ စကားပင် မပြောနိုင်တော့ပေ။ သူ၏ မျက်စိရှေ့တွင် မှောင်မိုက်သွားပြီး မူးမေ့လဲကျသွားတော့သည်။
စုန်ယန်သည် သူ၏ရှေ့ရှိ မြေခွေးနှင့် ဝံပုလွေတို့ကို တစ်ချက်ကြည့်လိုက်ကာ လက်ကိုမြှောက်၍ သိုလှောင်အိတ်အတွင်းမှ မြေခွေးခေါင်းပုံ ထွင်းထုထားသော လမ်းသန်းမိစ္ဆာနိုင်ငံတော် သွားလာခွင့်အမိန့်ပြားကို ထုတ်ယူ၍ ပြသလိုက်သည်။ ၎င်းမှာ ကလေးငိုသံသခင်ထံမှ ရရှိထားသော တောင်ပိုင်းနယ်မြေမှ တောင်ပင်လယ်မိစ္ဆာနိုင်ငံတော်သို့ သွားလာခွင့်အမိန့်ပြားပင်။
မျက်နှာချင်းဆိုင်ရှိ မြေခွေးနှင့် ဝံပုလွေတို့သည် ထိုအမိန့်ပြားကို မြင်လိုက်ရသောအခါ သံသယဝင်ရန် အကြောင်းမရှိတော့ပေ။
သူတို့၏ မျိုးနွယ်စုမှ ဘိုးဘေးတစ်ဦး မဟုတ်သော်လည်း ဤသူမှာ အမှန်တကယ်ပင် အစွမ်းထက်လှသော ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခြင်းပင်။
ဝံပုလွေမိစ္ဆာသည် သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး စုန်ယန်၏ နောက်ကွယ်ရှိ ထောင်ကရိန်းဂိုဏ်းကို ကြည့်ကာ သွားရည်များကျနေတော့သည်။ သူ၏မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အလင်းတန်းများ ယှက်သန်းနေပြီး ယနေ့တွင် ထိုဂိုဏ်းတစ်ခုလုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဝါးမြိုရန် အသင့်ပြင်ထားဟန်တူသည်။
ထောင်ကရိန်းဂိုဏ်းမှ ကျင့်ကြံသူများ၏ မျက်နှာမှာလည်း ချက်ချင်းပင် ပျက်သွားကြတော့သည်။
သူတို့သည် မြေခွေးနှင့် ဝံပုလွေ မိစ္ဆာမျိုးနွယ်နှစ်ခုလုံးကိုပင် မခုခံနိုင်သဖြင့် အသည်းအသန်ဖြစ်နေရသည်ကို ယခုကဲ့သို့ မတွေးဆနိုင်လောက်အောင် အစွမ်းထက်သည့် ရှေးဟောင်းခရမ်းရောင်နန်းတော် မိစ္ဆာအိုကြီးပါ ပေါ်ထွက်လာပြီဆိုလျှင် တိုက်နေရန်ပင် အကြောင်းမရှိတော့ပေ။
ရှေ့ဆုံးမှ ဆံပင်ဖြူအဖိုးအို အကြီးအကဲနှစ်ဦးမှာမူ ဒေါသတကြီး စိုက်ကြည့်နေကြပြီး သေဖို့ရာ အသင့်ပြင်ထားဟန်ဖြင့် ခိုင်မာစွာ ရပ်တည်နေကြသည်။
မြေခွေးမိစ္ဆာမှာမူ မူလအသွင်သို့ ပြန်လည်ပြောင်းလဲလိုက်ပြီး စုန်ယန်ကို နောက်တစ်ကြိမ် အရိုအသေပေးလိုက်သည်။
စုန်ယန်က တည်ငြိမ်စွာပင် "အဒေါ် တစ်ဆယ့်လေး... မင်းရဲ့ နာမည်ကြီးလှတဲ့ ဂုဏ်သတင်းကို ငါ ကြားဖူးတာ ကြာပါပြီ" ဟု ပြောလိုက်သည်။
ချူးမြို့တော်အတွင်း တစ်နှစ်ခွဲကျော်ကြာ နေထိုင်ခဲ့သော ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသတစ်ဦးအနေဖြင့် "အဒေါ် တစ်ဆယ့်လေး" ဟူသော အမည်ကို သူ ဘယ်လိုလုပ် မကြားဖူးဘဲ နေမှာလဲ။
ထိုအမည်မှာ မြေခွေးအဘွားအို သို့မဟုတ် အဘွားအိုနီတို့ကဲ့သို့ပင် ရိုသေလေးစားစွာ ခေါ်ဝေါ်သော အမည်တစ်ခု ဖြစ်သည်။
မြေခွေးမိစ္ဆာမှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် အလောတကြီးပင် "ကျွန်မရဲ့ အမည်က ဟူရှီစုပါ။ ဒီကလေးတွေက သူတို့ဘာသာသူတို့ အဒေါ် တစ်ဆယ့်လေးလို့ လျှောက်ခေါ်ကြတာပါ။ ဘိုးဘေးကြီးအနေနဲ့ ရှီစုလို့ပဲ ခေါ်နိုင်ပါတယ်။ အဒေါ်လို့ ထည့်ခေါ်တာက ကျွန်မအတွက် တကယ့်ကို ဂုဏ်ငယ်စေပါတယ်" ဟု ပြန်လည်လျှောက်တင်လိုက်သည်။
ထိုအချိန်တွင် မြေခွေးမိစ္ဆာ၏ ညာဘက်လက်သည်းမှာ သူမ၏ ပုခုံးကို အုပ်ထားဆဲပင်။ နှင်းပမာဖြူဖွေးနေသော အမွှေးများကြားတွင် သွေးများ စိုရွှဲနေပြီး သူမ၏ ပုခုံးထက်၌ သွေးနီရောင် ပန်းတစ်ပွင့် ပွင့်နေသကဲ့သို့ ဖြစ်နေသည်။
ဟူရှီစုက ဆက်လက်၍ "ဒီနေ့ ဒီသူခိုးလေးလက်ချက်နဲ့ ကျွန်မ အသတ်ခံရလုနီးပါး ဖြစ်ခဲ့ရတာပါ။ ဘိုးဘေးကြီး ကူညီလိုက်လို့သာ ကျွန်မ အသက်ရှင်ခွင့်ရတာမို့။ ဒီအသက်သခင်ကျေးဇူးကို တစ်သက်လုံး မှတ်ထားပါ့မယ်" ဟု ပြောလိုက်သည်။
ထို့နောက် သူမသည် ထောင်ကရိန်းဂိုဏ်း၏ နောက်ကျောဘက်ကို တစ်ချက်ကြည့်လိုက်ပြီး "ဘိုးဘေးကြီးအနေနဲ့ ဒီကိစ္စကို ဘယ်လိုမျိုး ကိုင်တွယ်ဖို့ အစီအရင်ရှိပါသလဲ" ဟု မေးလိုက်တော့သည်။
စုန်ယန်က ပြန်မေးလိုက်သည်။
"မင်းတို့ကကော ဘယ်လိုကိုင်တွယ်ချင်လို့လဲ"
ဝံပုလွေမိစ္ဆာက ရက်စက်ကြမ်းကြုတ်စွာ ဟိန်းဟောက်လိုက်၏။
"ဒါပေါ့... အကုန်လုံးကို ဝါးမြိုပစ်ရမှာပေါ့"
စုန်ယန်ကမူ အေးစက်စွာပင် ပြောလိုက်သည်။
"ငါ အဲဒါကို စိတ်မဝင်စားဘူး။ ငါ ဒီကိုလာတာ လူတစ်ယောက်ကို ဖမ်းဖို့ပဲ။ အချိန်ကလည်း စောပါသေးတယ်။ အဲဒီလူကို ဖမ်းမိပြီးရင် ငါ ချူးနိုင်ငံအနှံ့ လှည့်လည်ဖို့တောင် စဉ်းစားထားတာ"
ဝံပုလွေမိစ္ဆာမှာ ကြောင်အသွားပြီး သူ၏ ရက်စက်သော အငွေ့အသက်များမှာလည်း တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။
ဟူရှီစုမှာ ဒဏ်ရာရရှိထားသကဲ့သို့ လုံပုစွမ်းအားကို အတင်းအဓမ္မ အသုံးပြုခဲ့ခြင်းကြောင့်လည်း စွမ်းအားများ အတော်လေး လျော့နည်းနေသည်။ ထို့ပြင် ထောင်ကရိန်းဂိုဏ်းအတွင်း၌လည်း သွေးနီရောင်နန်းတော် အလယ်အလတ်အဆင့် ကျင့်ကြံသူ အများအပြား ရှိနေသေးသည်။
ဤနေရာမှာ သူတို့၏ နယ်မြေဖြစ်ရာ မည်သည့် ဝှက်ဖဲများ ရှိနေဦးမည်ကို မည်သူမှ မသိနိုင်
ပေ။
တကယ်လို့ ခရမ်းရောင်နန်းတော်အဆင့်ရှိတဲ့ ဒီမိစ္ဆာအိုကြီးသာ ဝင်မပါဘူးဆိုရင် သူတို့ ဘယ်လိုလုပ် တိုက်နိုင်မှာလဲ။
ထို့ပြင် "စိတ်မဝင်စားဘူး" ဟူသော စကားတစ်ခွန်းကပင် ဤခရမ်းရောင်နန်းတော် ကျင့်ကြံသူ၏ သဘောထားကို ဖော်ပြနေပြီးဖြစ်သည်။ ဤကဲ့သို့သော ရှေးဟောင်းမိစ္ဆာကြီး၏ သဘောထားကို မည်သူမျှ လျစ်လျူမရှုရဲကြပေ။
ရုတ်တရက်ပင် ဟူရှီစုသည် ဝံပုလွေမိစ္ဆာကို မျက်ရိပ်ပြလိုက်သည်။ ခုနကတင် စိတ်လှုပ်ရှားစွာ ပြင်ဆင်နေသော ဝံပုလွေမိစ္ဆာမှာ မမျှော်လင့်ဘဲ သက်ပြင်းတစ်ချက်ချကာ နောက်သို့ ဆုတ်သွားတော့သည်။
ဟူရှီစုသည် ထောင်ကရိန်းဂိုဏ်းအထက်၌ ဝဲပျံရင်း အေးစက်စွာ ဆိုလိုက်၏။
"ဘိုးဘေးကြီးက မင်းတို့နဲ့ မျိုးနွယ်တူဖြစ်ပြီး မင်းတို့အပေါ် အညှိုးအတေးမထားချင်ဘူး။ ဒါကြောင့် ဒီနေ့တော့ ဘိုးဘေးကြီးရဲ့ မျက်နှာကို ထောက်ထားပြီး မင်းတို့ရဲ့ အသက်တွေကို ချမ်းသာပေးလိုက်မယ်။ ထောင်ကရိန်းဂိုဏ်းရဲ့ မျိုးဆက်ကိုလည်း ဆက်လက်ရှင်သန်ခွင့် ပေးလိုက်မယ်
ဒါပေမဲ့ ဒီနေ့ကစပြီး ချူးနိုင်ငံက ငါတို့ မြေခွေးနဲ့ ဝံပုလွေ မျိုးနွယ်စုတွေရဲ့ လက်အောက်ခံ နယ်မြေဖြစ်သွားပြီ။ နှစ်စဉ်နှစ်တိုင်း အခွန်အတုတ်တွေ မပျက်မကွက် ဆက်သရမယ်။ မဟုတ်လို့ကတော့... နောက်တစ်ကြိမ်မှာ မင်းတို့ အခုလို ကံကောင်းတော့မှာ မဟုတ်ဘူး"
ဆံပင်ဖြူ အကြီးအကဲနှစ်ဦးမှာ ဒေါသတကြီးဖြင့် စကားပင် မပြောနိုင်ဖြစ်နေစဉ် ကရိန်းတောင်ပံဝတ်ရုံကို ဝတ်ဆင်ထားသော သတ်လတ်ပိုင်းအမျိုးသားတစ်ဦးက အနောက်မှ ထွက်လာခဲ့သည်။ သူသည် ကောင်းကင်ယံသို့ လက်အုပ်ချီ၍ ဦးညွှတ်လိုက်ပြီး "ထောင်ကရိန်းဂိုဏ်းက နားလည်ပါပြီ။ အထက်တမန်တော်ရဲ့ ညွှန်ကြားချက်အတိုင်း သေချာပေါက် လိုက်နာဆောင်ရွက်ပါ့မယ်" ဟု ပြောလိုက်သည်။
ထို့နောက် သူသည် စုန်ယန်ဘက်သို့လည်း လှည့်၍ လက်အုပ်ချီကာ "ဘိုးဘေးကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်" ဟု ပြောပြန်သည်။
ဟူရှီစုသည် စုန်ယန်ကို တစ်ချက်ကြည့်ကာ "ကျွန်မ ရှီစုကို ဘိုးဘေးကြီးအနေနဲ့ ထပ်မံညွှန်ကြားစရာ တစ်ခုခု ရှိပါသေးသလား" ဟု မေးလိုက်သည်။
စုန်ယန်သည် ထိုမြေခွေးမိစ္ဆာကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပြီး တမင်တကာပင် လေသံကို နူးညံ့အောင် ပြုပြင်၍ "ဒဏ်ရာကို ဂရုစိုက်ပြီး ကုသပါ" ဟု ပြောလိုက်သည်။
ဟူရှီစုက "ဘိုးဘေးကြီးလည်း ဂရုစိုက်ပါ" ဟု ပြန်လည်လျှောက်တင်ပြီးနောက် "တချို့သော လူသားတွေကို ကျွန်မတို့ မျက်စိထဲ မထည့်ပါဘူး။ ဘိုးဘေးကြီး ကာကွယ်စောင့်ရှောက်ချင်တဲ့သူ ရှိရင်လည်း အဲဒီအတိုင်းသာ ဖြစ်ပါစေ။ ဘိုးဘေးကြီးရဲ့ စကားက ကျွန်မတို့ မြေခွေးနဲ့ ဝံပုလွေ မျိုးနွယ်စုတွေရဲ့ လက်အောက်ခံနိုင်ငံတွေမှာ ဧကရာဇ်ရဲ့ အမိန့်တော်အတိုင်း အာဏာတည်စေရပါမယ်။
ဒီလို အသေးအဖွဲ ကိစ္စလေးတွေက ကျွန်မတို့ကြားမှာ ဘာအက်ကြောင်းမှ ဖြစ်လာစေမှာ မဟုတ်ပါဘူး။ ကျွန်မ အထက်လူကြီးဆီကနေ သတင်းအချို့ ရထားပြီး ဘိုးဘေးကြီးရဲ့ နောက်ကြောင်းကိုလည်း အနည်းအကျဉ်း သိထားပါတယ်။ ဘိုးဘေးကြီး နားလည်မှု လွဲမှာစိုးလို့... ဒီနေရာမှာပဲ အတိအလင်း ရှင်းပြလိုက်တာပါ"