အခန်း (၂၁၇-၂၁၈)
Vol. 22 Ch. 217-218
အခန်း။ ၂၁၇
စုန်ယန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
ဟူရှီစုနှင့် ဝံပုလွေမိစ္ဆာတို့သည် နောက်တစ်ကြိမ် အရိုအသေပေးကြပြန်သည်။ ဝံပုလွေမိစ္ဆာက ခေါင်းကိုမော့၍ ဟိန်းဟောက်သံတစ်ခု ပေးလိုက်သောအခါ ထောင်ကရိန်းဂိုဏ်းကို အရပ်မျက်နှာအနှံ့မှ ဝိုင်းရံတိုက်ခိုက်နေကြသော မြေခွေးငယ်လေးများမှာ ဒီရေကျသွားသကဲ့သို့ပင် တစ်မဟုတ်ချင်း နောက်ဆုတ်သွားကြတော့သည်။
ဤဖြစ်ရပ်အားလုံးမှာ စုန်ယန်၏ "စိတ်မဝင်စားဘူး" ဟူသော စကားတစ်ခွန်းကြောင့်သာ ဖြစ်ပေါ်လာခြင်းပင်။ ခရမ်းရောင်နန်းတော်အဆင့်သို့ ရောက်ရှိနေသူတစ်ဦးအနေဖြင့် သူ၏ အဆင့်အတန်းမှာ အလွန်မြင့်မားသော နေရာသို့ ရောက်ရှိနေပြီဖြစ်သည်။
သူက မျက်မှောင်ကလေး တစ်ချက်ကြုတ်လိုက်ရုံဖြင့်ပင် အောက်ခြေရှိ လူများက သူ၏စိတ်အခြေအနေကို ခန့်မှန်းကြရပြီး သူ့ကို မစော်ကားမိစေရန် အထူးသတိထားကြရသည်။
သို့သော်လည်း စုန်ယန်သည် ထိုအတွက် ဂုဏ်ယူဝင့်ကြွားခြင်းမရှိပေ။ သူ၏စိတ်ထဲတွင်မူ "မြင့်လေ လေတိုက်ခံရလေ ထိပ်ဆုံးမှာ ရောက်နေရတာက အထီးကျန်လှချေကလား" ဟုသာ တွေးနေမိသည်။
သူသည် မျက်စိကို မှေးကာ မြေခွေးနှင့် ဝံပုလွေတို့ ဆုတ်ခွာသွားသည်ကို စောင့်ကြည့်ပြီးနောက် မေ့မြောနေသော ထန်းဖန်ကို ဆွဲယူကာ တောင်ပေါ်ရှိ ရှုခင်းကြည့် နားနေဆောင်တစ်ခုသို့ ဆင်းသက်လိုက်သည်။
သူသည် ခရမ်းရောင်နန်းတော်အဆင့်သို့ ရောက်နေသော်လည်း သူတစ်ပါး၏ နယ်မြေအတွင်းသို့ အလွယ်တကူ ကျူးကျော်ဝင်ရောက်ရန် မရည်ရွယ်ပေ။
မကြာမီမှာပင် အဝေးမှ ပုံရိပ်အချို့ ပျံသန်းလာကြပြီး သူ့ကို အဝေးမှပင် ဦးညွှတ်နှုတ်ဆက်ကြသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ကရိန်းတောင်ပံဝတ်ရုံကို ဝတ်ဆင်ထားသော သတ်လတ်ပိုင်းအမျိုးသားပင်။
"ထောင်ကရိန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် စီကုန်းလဲ့က ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်"
စုန်ယန်၏ အကြည့်မှာ ထောင်ကရိန်းဂိုဏ်းချုပ်ထံသို့ ရောက်ရှိသွားပြီးနောက် သူက အနည်းငယ် စိတ်ဝင်တစားရှိသော အမူအရာဖြင့် ပြောလိုက်သည်။
"မင်းတို့ဂိုဏ်းရဲ့ အစီအရင်အတတ် အမွေအနှစ်တွေက တော်တော်လေး စွဲမက်ဖို့ကောင်းတာပဲ။ ငါ အဲဒါကို ကြည့်ခွင့်ရမလား"
စီကုန်းလဲ့မှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် "ရပါတယ်... ရတာပေါ့ဗျာ" ဟု အလျင်အမြန် ပြန်ဖြေသည်။
ထို့နောက် သူသည် မြေပြင်ပေါ်တွင် မေ့မြောနေသော ထန်းဖန်ကို ဒေါသတကြီး စိုက်ကြည့်ကာ အေးစက်စွာ ဆိုလိုက်၏။
"ဒီသူခိုးလေးက ကျွန်တော်တို့ဂိုဏ်းရဲ့ ကရိန်းဘိုးဘေးအဖြစ် ဟန်ဆောင်ရဲတယ်။ တကယ့်ကို ယုတ်မာလွန်းတဲ့ကောင်ပဲ ကံကောင်းလို့သာ ဘိုးဘေးကြီး ဝင်ရောက်ကူညီပေးလို့ မဟုတ်ရင် ကျွန်တော်တို့အားလုံး အမှောင်ထဲမှာ ကျန်ရစ်နေဦးမှာပဲ"
စုန်ယန်က လက်ကိုဝှေ့ယမ်းကာ "အပိုစကားတွေ ပြောမနေနဲ့တော့။ အဲဒီအစီအရင်အတတ် အမွေအနှစ်တွေကို သွားယူချေ။ ပြီးတော့ ဒီနေရာမှာ ငါ့ဆီက သတင်းစကားကို နေ့တိုင်းစောင့်ဖို့ ယုံကြည်စိတ်ချရတဲ့သူ တစ်ယောက်ယောက်ကိုလည်း လွှတ်ထားလိုက်" ဟု ပြောလိုက်သည်။
စီကုန်းလဲ့သည် ထန်းဖန်ကို ဆဲဆိုနေခြင်းကို ချက်ချင်းရပ်လိုက်ပြီး "ဟုတ်ကဲ့ပါ" ဟု ရိုသေစွာ ပြောလိုက်သည်။
စုန်ယန်က သူ့ကိုတစ်ချက်ကြည့်ကာ တည်ငြိမ်စွာပင် ဆက်ပြောလိုက်သည်။
"မင်းက ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေပြီဆိုတော့ ငါ့ကို အင်အားသုံးဖြေရှင်းအောင် လုပ်မိစေမယ့် မိုက်မဲတဲ့အပြုအမူမျိုးတွေ မလုပ်ပါနဲ့။
မျိုးဆက်တစ်ခုကို ဆက်လက်ရှင်သန်စေနိုင်မှသာ အနာဂတ်အတွက် မျှော်လင့်ချက် ရှိမှာပါ။ အမြင်တိုပြီး သည်းမခံနိုင်တာမျိုး မဖြစ်စေနဲ့။ ကြီးမားတဲ့ အရာတစ်ခုအတွက် အသေးအဖွဲလေးတွေကို စတေးနိုင်ရမယ်။ ကျင့်ကြံခြင်းလမ်းစဉ်နဲ့ အမွေအနှစ်ကို ထိန်းသိမ်းခြင်းဆိုတာ နိုင်ငံတစ်ခုကို အုပ်ချုပ်တာထက် ပိုမိုနက်ရှိုင်းသလို ဘယ်တော့မှလည်း ချောမွေ့နေမှာ မဟုတ်ဘူး။ ချက်ချင်းလက်ငင်း ရလဒ်တွေရဖို့... အတင်းအဓမ္မ မကြိုးစားနဲ့"
စီကုန်းလဲ့သည် ထပ်မံ၍ နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်ပြီး "ဘိုးဘေးကြီးရဲ့ ဆုံးမမှုကို စီကုန်း မှတ်သားလိုက်ပါပြီ။ စိတ်ချပါ ကျွန်တော် အဲဒီလို မိုက်မဲတဲ့အရာတွေကို လုံးဝမလုပ်ပါဘူး" ဟု ပြောလိုက်သည်။
ထို့နောက် သူသည် သူ၏နောက်ကွယ်ရှိ အကြီးအကဲများကို လှည့်ကြည့်ကာ အေးစက်စွာ ဆိုလိုက်ပြန်သည်။
"မင်းတို့ထဲက တစ်ယောက်ယောက်သာ အဲဒီလိုလုပ်ရဲရင် ထောင်ကရိန်းဂိုဏ်းရဲ့ သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး ငါကိုယ်တိုင် သတ်ပစ်မယ်"
မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများ ကျူးကျော်လာကတည်းက စီကုန်းလဲ့သည် ရလဒ်ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့သည်။ သို့သော် ၎င်းမှာ ယခုတိုက်ပွဲ၏ အရှုံးအနိုင် မဟုတ်ဘဲ ဂိုဏ်း၏ ကံကြမ္မာပင်။
အကယ်၍ ထန်းဖန်သည် ကရိန်းဘိုးဘေးအဖြစ် ဟန်ဆောင်ပြီး ယနေ့တိုက်ပွဲတွင် အနိုင်ရခဲ့လျှင်ပင် ၎င်းမှာ မိစ္ဆာမျိုးနွယ်စုများ၏ အာဃာတကို ပိုမိုနက်ရှိုင်းစေရုံသာရှိမည်ဖြစ်ပြီး တကယ့် မိစ္ဆာခရမ်းရောင်နန်းတော် အဆင့်တစ်ဦး ပေါ်လာသောအခါ ထောင်ကရိန်းဂိုဏ်းမှာ အစအနပင် ကျန်တော့မည် မဟုတ်ပေ။
ယခုမူ ဤကဲ့သို့သော လူသားခရမ်းရောင်နန်းတော် အဆင့်တစ်ဦး ပေါ်ထွက်လာပြီး ထောင်ကရိန်းဂိုဏ်းကို ကယ်တင်ပေးခြင်းမှာ တကယ့်ကို ကံကောင်းလှသည်။ ဤရလဒ်မှာ သူ တွေးထငထားသည်ထက်ပင် အဆပေါင်းများစွာ ပိုမိုကောင်းမွန်နေတော့သည်။
ရက်သတ္တပတ် နှစ်ပတ်ကျော် ကြာမြင့်ပြီးနောက်...
နွေဦးနှောင်းပိုင်း၏ တောင်တန်းကြီးများထဲတွင် ပုစဉ်းရင်ကွဲများ၏ အော်မြည်သံမှာ မိုးသည်းထန်စွာ ရွာသွန်းနေသည့်အလား မဆုံးနိုင်အောင် ဆူညံလျက်ရှိသည်။ သို့သော် တကယ့်တောင်ကျမိုးများ ကောင်းကင်ယံမှ ရွာသွန်းဖြိုးလာသည့်အခါတွင်မူ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်သွားပြီး ငြိမ်သက်အေးချမ်းသော မိုးစက်သံများကသာ တရားမှတ်နေသည့်အလား လွှမ်းမိုးသွားတော့သည်။
စုန်ယန်သည် သူ၏အလုပ်များကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးပြီဖြစ်ရာ အလျင်အမြန် ပြန်လည်သတင်းပို့ရမည် ဖြစ်သည်။
"ငါ့မှာလည်း ချူးနိုင်ငံအတွင်းမှာ အခွင့်အလမ်းလေးများ ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီလောက်အထိ ကြိုးစားနေတဲ့ငါ့ကို ဘယ်သူကများ အပြစ်ပြောရက်မှာလဲ"
ကလေးငိုသံသခင်ကိုယ်တိုင်ပင်လျှင် သူ၏အောင်မြင်မှုသတင်းကို ကြားရသောအခါ ချီးကျူးစကားဆိုခဲ့ပြီး သတ်မှတ်ချိန်ထက် နောက်မကျစေရန်သာ သတိပေးခဲ့သည်။
ထို့ကြောင့် သူသည် ဤနေရာ၌ ဆက်လက်နေထိုင်ခဲ့သည်။ ရောက်လေရာအရပ်မှာ အခွင့်အလမ်းရှာဟူသော စိတ်နေစိတ်ထားဖြင့် ယခုအခါ သူသည် တောင်ပေါ်ရှိ ရှေးဟောင်းနားနေဆောင်တစ်ခုတွင် ငြိမ်သက်စွာ ထိုင်နေရင်း အစီအရင်အတတ်၏ စစ်မှန်သော နားလည်မှုအမည်ရှိ ကျမ်းတစ်စောင်ကို စိတ်ရှည်လက်ရှည် ဖတ်ရှုကာ တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေသည်။
နဂါးပြာဓားဂိုဏ်း၏ အစီအရင်အတတ် အမွေအနှစ်မှာ ယွီရွှမ်းဝေး၏ လက်ထဲတွင်ရှိရာ သူ မရရှိခဲ့ပေ။ ရုပ်သေးဂိုဏ်း၏ စက်မှုတောင်ထွတ်တွင်လည်း နက်နက်ရှိုင်းရှိုင်း အမွေအနှစ်ရယ်လို့ မရှိဘဲ အပေါ်ယံအသိပညာနှင့် အကြွင်းမဲ့စွမ်းအင်ဆိုင်ရာ အခြေခံအချက်အချို့သာ ရှိကာ ၎င်းတို့မှာမူ ယခုအခါ စုန်ယန်၏ လက်ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ထန်းဖန်သည် နိုးလာခဲ့သည်မှာ ကြာလှပြီဖြစ်ပြီး သူ၏လက်များကိုလည်း သွေးအချုပ်အနှောင်ကြိုးထံမှ ရုန်းထွက်နိုင်ခဲ့သည်။ သို့သော် သူ၏စွမ်းအားမှာ ကျင့်ကြံခြင်းအဆင့်၏ အောက်ခြေအဆင့်သို့ ကျဆင်းသွားခဲ့ရာ သွေးနီရောင်နန်းတော်အဆင့်၏ စွမ်းအားများကို လုံးဝအသုံးမပြုနိုင်တော့ချေ။
သွေးအချုပ်အနှောင်ကြိုးသည် သွေးနီရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦး၏ သွေးစွမ်းအင်ကို လုံးဝခဲသွားအောင် ပြုလုပ်နိုင်စွမ်းရှိပြီး ထိုကြိုးကို ဖြည်နိုင်ရန်မှာ အနည်းဆုံး သွေးနီရောင်နန်းတော် အလယ်အလတ်အဆင့် စွမ်းအားရှိမှသာ ရနိုင်ပေလိမ့်မည်။
ပြင်ပမှ အကူအညီမပါဘဲ ထန်းဖန်အနေဖြင့် ထိုကြိုးကို ဖြည်နိုင်ရန်မှာ ကံကြမ္မာက သတ်မှတ်မထားခဲ့ပေ။ သို့သော် ဤကောင်လေးမှာ ကံကြမ္မာကို အရှုံးမပေးဘဲ အခွင့်အရေးရတိုင်း ထွက်ပြေးရန် ကြိုးစားနေဆဲပင်။ ဤခရမ်းရောင်နန်းတော် အကြီးအကဲမှာ သူ့ကို သတ်ရန် အစီအရင်မရှိကြောင်းကိုလည်း သူ သိထားသည်။
ယနေ့တွင်လည်း သူ လှုပ်ရှားလိုက်သည်နှင့် စုန်ယန်က သူ၏အကြံကို သိရှိသွားပြန်သည်။
"ထန်းလေး... မင်း ထွက်မပြေးခင် နေ့လယ်စာ အရင်စားဦးမလား ထောင်ကရိန်းဂိုဏ်းက နေ့တိုင်းပို့ပေးတဲ့ အစားအစာတွေက တော်တော်လေး ကောင်းတယ်နော်"
"ဟဲ... ဟဲဟဲ..."
ထန်းဖန်က အားနာနာဖြင့် ရယ်မောလိုက်ပြီး လက်မထောင်ပြကာ "ဒါကြောင့်လည်း စီနီယာက စီနီယာ ဖြစ်နေတာပေါ့။ ကျွန်တော့်ရဲ့ အတွေးတွေက စီနီယာ့မျက်စိထဲကနေ လုံးဝလွတ်မသွားဘူးပဲ"
စုန်ယန်က အစီအရင်အတတ် ကျမ်းကို ဖတ်နေရင်းနှင့်ပင် တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းရဲ့ ရွှေရောင်ချပ်ဝတ် နတ်ဘုရားအတတ်ဆိုတာက ဘာလဲ ငါ မင်းဆီကနေ ပညာအချို့ သင်ယူချင်လို့ပါ"
ထန်းဖန် : ...
ထိုအခိုက်အတန့်တွင် သူ နားလည်သွားခဲ့ပြီဖြစ်သည်။ သူ၏ရှေ့တွင် ထိုင်နေသော အဘိုးအိုကြီးမှာ အရှက်မရှိသည့်နေရာတွင် သူ့ထက် သာလွန်နေခြင်းပင်။ ဤကဲ့သို့သော အကြီးအကဲတစ်ဦး၏ လက်ထဲမှ ထွက်ပြေးရန်မှာ အိပ်မက်ဆိုးတစ်ခုကဲ့သို့ပင် ခက်ခဲလှပေလိမ့်မည်။
သူက အတင်းပြုံးကာ "ကျွန်တော်က စီနီယာ့ကို ဘယ်လိုလုပ် တပည့်အဖြစ် လက်ခံရဲပါ့မလဲဗျာ" ဟု ပြောလိုက်သည်။
စုန်ယန်က "ပညာသင်ယူခြင်းမှာ အရင်ရောက်သူ နောက်ရောက်သူရယ်လို့ မရှိဘူး။ ကျွမ်းကျင်သူကို ဆရာတင်ရတာပဲ။ ဒါကို ငါ ဘာလို့ မလုပ်နိုင်ရမှာလဲ" ဟု ပြောလိုက်သည်။
ထန်းဖန်ကလည်း ဤအကြီးအကဲ ပြောသည်မှာ မှန်သည်ဟု ခံစားလိုက်ရသည်။ ဤအဆင့်အတန်းမှာ အမှန်တကယ်ပင် သူ့ထက် သာလွန်လှသည်။ အရှက်မရှိခြင်းကိုပင် ဖြောင့်မတ်တည်ကြည်စွာ ပြောဆိုနိုင်ခြင်းမှာ နက်နက်ရှိုင်းရှိုင်း တွေးကြည့်လျှင် ဒဿနတစ်ခုပင် ပါဝင်နေသကဲ့သို့ပင်။
စုန်ယန်က ဆက်လက်၍ "တောင်ပင်လယ် မိစ္ဆာနိုင်ငံတော်ကို သွားရမယ့်လမ်းက တောင်တွေမြင့်ပြီး လမ်းတွေကလည်း အလွန်ဝေးလွန်းတယ်။ အနာဂတ်ကလည်း မသေချာဘူး" ဟု ပြောလိုက်သည်။
လေတိုက်နှုန်းကို ထိန်းချုပ်ခြင်းနှင့် တည်ငြိမ်စေခြင်းဆိုင်ရာ အခြေခံအစီအရင်များ၊ ရုပ်သေးယာဉ်များ ဒီဇိုင်းထုတ်ရန် လိုအပ်သည့် အခြေခံဗဟုသုတများမှာ သူ၏လက်ထဲတွင် ရှိနှင့်ပြီးသားဖြစ်သည်။ သို့သော် ထောင်ကရိန်းဂိုဏ်း၏ အစီအရင်အတတ်မှာမူ တကယ့်စစ်မှန်သော အမွေအနှစ်တစ်ခုပင်။
အခန်း။ ၂၁၈
"မင်းသာ တစ်ခုခုဖြစ်သွားရင် ဒီလျှို့ဝှက်အတတ်က ပျောက်ကွယ်သွားလိမ့်မယ်။ ဒါကြောင့် ငါ့ကိုပဲ လက်ဆင့်ကမ်းပေးခဲ့ပါ။ အနည်းဆုံးတော့ ငါက လူသားမျိုးနွယ်ပဲလေ။ နောက်ပိုင်းမှာ မင်းအတွက် ကလဲ့စားချေပေးတဲ့အနေနဲ့ မိစ္ဆာတွေကို ပိုပြီးသတ်ပေးနိုင်တာပေါ့"
ထန်းဖန်က သက်ပြင်းကို လေးလေးပင်ပင်ချလိုက်ပြီး ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။ "ကျွန်တော်က မပြောချင်လို့ မဟုတ်ပါဘူး စီနီယာ ဒါပေမဲ့ အဲဒါက တစ်ခါသုံးပုတီးစေ့လေး တစ်စေ့ပဲလေ။ အဲဒီထဲမှာ ရှေးဟောင်းကျင့်ကြံသူတွေ ချန်ထားခဲ့ပုံရတဲ့ ဆန်းကြယ်တဲ့ စွမ်းအားတွေ ပါဝင်နေတာပါ။ စီနီယာလည်း သိမှာပါ... ရှေးဟောင်းကျင့်ကြံသူတွေမှာ ထူးဆန်းတဲ့အရာတွေ အများကြီး ရှိတတ်တယ်ဆိုတာလေ"
"အင်း..."
စုန်ယန်က ပြန်ထူးလိုက်သော်လည်း ထပ်မံ၍ မမေးမြန်းတော့ပေ။ ဤကောင်လေးမှာ အလွန်လည်လွန်းလှသည်။ သူ၏ သိုလှောင်အိတ်ထဲတွင် အခြေခံစွမ်းအင်ကျောက်ခဲအချို့နှင့် အစီအရင်လက်နက်အချို့သာ ရှိပြီး ထိုနေ့က မြင်တွေ့ခဲ့ရသည့် ရွှေရောင်ချပ်ဝတ်နတ်ဘုရား၏ စွမ်းအားမျိုး လုံးဝမတွေ့ရချေ။
ထို့ပြင် ထိုစွမ်းအားမှာ သွေးနီရောင်နန်းတော်အဆင့်၏ သွေးမျိုးဆက်စွမ်းအားမျိုး မဟုတ်ဘဲ ထူးဆန်းသော လျှို့ဝှက်အတတ်တစ်ခုနှင့် ပိုတူနေသည်။
တစ်ခါသုံး ပုတီးစေ့စွမ်းအား ဟုတ်လား။ ငါ့ကို သုံးနှစ်သားကလေးများ မှတ်နေလား။
မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများ၏ လိုက်လံဖမ်းဆီးမှုအောက်တွင် ထန်းဖန် ဤမျှကြာအောင် ပုန်းအောင်းနိုင်ခဲ့ခြင်းမှာ ဤဆန်းကြယ်သော လျှို့ဝှက်အတတ်ကြောင့် ဖြစ်လိမ့်မည်ဟု စုန်ယန် ခန့်မှန်းမိသည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူသည် စီကုန်းလဲ့ကို မေးမြန်းခဲ့ဖူးသည်။ စီကုန်းလဲ့သည်ပင် ထန်းဖန်၏ လျှို့ဝှက်အတတ်အကြောင်းကို မသိရှိဘဲ ဤလူငယ်သည် ဂိုဏ်းအတွင်း၌ မည်သူမှန်းမသိအောင် နေထိုင်ခဲ့သည့် ပါရမီရှင်တပည့်တစ်ဦးသာ ဖြစ်ကြောင်း၊ အရေးကြီးသော အချိန်တွင်မှ ထိုသို့ စွမ်းဆောင်လာလိမ့်မည်ဟု မမျှော်လင့်ထားကြောင်းသာ ပြောပြခဲ့သည်။
ကလေးငိုသံသခင်က လိုချင်တပ်မက်နေသော ထန်းဖန်၏ ခန္ဓာကိုယ်အတွင်းမှ သွေးစွမ်းအားမှာ တောင်ရွှေ့မျောက်ဝံဟု ခေါ်သည့် သွေးနီရောင်နန်းတော်အဆင့် မိစ္ဆာသွေးမျိုးဆက် တစ်မျိုးဖြစ်သည်။ ဤ တောင်ရွှေ့မျောက်ဝံမှာ တောင်ပင်လယ်မိစ္ဆာမျိုးနွယ်စုမှ မည်သည့်မိစ္ဆာသွေးနှင့်မျှ မတူဘဲ အလွန်ရှားပါးလှသော မိစ္ဆာသွေးမျိုး ဖြစ်သည်။
ထန်းဖန် အဖမ်းခံရပုံမှာလည်း တော်တော်လေး ရယ်စရာကောင်းလှသည်။ ဤကောင်လေးမှာ သူ၏ ကျင့်ကြံခြင်းအဆင့် တက်လှမ်းနိုင်ခဲ့သဖြင့် အလွန်အမင်း ဝမ်းသာသွားကာ ကောင်းကင်ယံသို့ မော့၍ ဟိန်းဟောက်လိုက်ရာ မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများ စေလွှတ်ထားသော စုံစမ်းရေးတမန်က တိုက်တိုက်ဆိုင်ဆိုင် ကြားသွားခဲ့ခြင်းပင်။
မျောက်ဝံ၏ ဟိန်းဟောက်သံမှာ အလွန်ကျယ်လောင်လှပြီး တောင်ပြိုသံကြီးနှင့်ပါ ယှဉ်တွဲနေခဲ့သည်။ ၎င်းမှာ မြေခွေးမိစ္ဆာမျိုးနွယ်စု၏ အာရုံစိုက်မှုကို ချက်ချင်းရရှိသွားပြီး လူလွှတ်၍ စုံစမ်းစစ်ဆေးရာမှ တောင်နက်ထဲတွင် ပေတစ်ဆယ်ကျော် ရှည်လျားသော အမွှေးအမျှင်တစ်ခုကို တွေ့ရှိခဲ့ကြသည်။ စစ်ဆေးကြည့်သောအခါ တောင်ရွှေ့မျောက်ဝံဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းပင်။
တောင်ရွှေ့မျောက်ဝံသွေးသည် ချန်ဝမ်ဝိညာဉ်တံခါးထဲမှ မိစ္ဆာရတနာတစ်ခုကို ထုတ်ယူရာတွင် အလွန်တန်ဖိုးရှိပြီး ထူးကဲသော မိစ္ဆာသွေးမျိုး ဖြစ်သည်။ ချန်ဝမ်မြေခွေးသွေးလောက် မကောင်းသော်လည်း တော်တော်လေး အသုံးဝင်လှသည်။
ယင်းတီနှင့် စကားပြောရာမှ စုန်ယန် သိရှိခဲ့ရသည်မှာ ချန်ဝမ်ဝိညာဉ်တံခါးမှာ အလွန်အရေးကြီးကြောင်းနှင့် မိစ္ဆာများ ရှာဖွေနေသော သင့်တော်သည့် သွေးပိုင်ရှင်များမှာ သူနှင့် ထန်းဖန်သာမက အခြားသူများစွာ ရှိနေသေးကြောင်းပင်။ ထို့ကြောင့်လည်း ဤခက်ခဲရှည်လျားသော တာဝန်ကို သူ့ထံသို့ လွှဲအပ်ခဲ့ခြင်းပင်။
တောင်ရွှေ့မျောက်ဝံသွေးမျိုးဆက်ကို ရှာဖွေတွေ့ရှိပြီးနောက် ရှုပ်ထွေးသော ဖြစ်ရပ်များစွာ ဖြစ်ပွားခဲ့ပြီးနောက်တွင် ထန်းဖန်ဟူသော အမည်မှာ မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများ၏ အာရုံစိုက်မှုကို အပြီးအပိုင် ရရှိသွားခဲ့ခြင်းပင်။
သူတို့နှစ်ဦး အပြန်အလှန် စကားပြောနေကြစဉ်မှာပင် ဝေးကွာသော အရပ်မှ အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုသည် လေထဲတွင် ဝဲပျံလျက် နားနေဆောင်အပြင်ဘက်သို့ သိမ်မွေ့စွာ ဆင်းသက်လာခဲ့သည်။ သူမသည် ကြည့်ရသည်မှာ ဆွဲဆောင်မှုရှိပြီး ခန့်ညားထည်ဝါသော အမျိုးသမီးကျင့်ကြံသူတစ်ဦးပင်။
ဤအမျိုးသမီးကျင့်ကြံသူမှာ ဖန်းချင်းမုန်းဖြစ်ပြီး ထောင်ကရိန်းဂိုဏ်းရှိ အိမ်ထောင်မရှိသေးသော လူငယ်မျိုးဆက် ကျင့်ကြံသူအားလုံးနီးပါး၏ အိမ်မက်သူရဲကောင်းမလေးပင်။
ခရမ်းရောင်နန်းတော်အဆင့် အကြီးအကဲ၏ လက်အောက်တွင် ရှိနေသူဖြစ်ရာ စီကုန်းလဲ့သည် ပေါ့ပေါ့ဆဆ မလုပ်ရဲဘဲ ဖန်းချင်းမုန်းကို စေလွှတ်ခဲ့ခြင်းပင်။ ၎င်းမှာ ဖန်းချင်းမုန်း၏ ရုပ်ရည်လှပမှုနှင့် သူမ၏ သွေးနီရောင်နန်းတော်အဆင့် အစောပိုင်း ကျင့်ကြံခြင်းကြောင့်သာမက သူမတွင် ယခင်က မှတ်တမ်းကောင်းတစ်ခု ရှိခဲ့သောကြောင့်လည်း ဖြစ်သည်။
ဖန်းချင်းမုန်းသည် မူလက ထောင်ကရိန်းဂိုဏ်း၏ သာမန်ပြင်ပတပည့်တစ်ဦးသာ ဖြစ်
သော်လည်း တစ်ကြိမ်တွင် ကရိန်းဘိုးဘေးကြီး၏ သတိပြုမိခြင်းကို ခံခဲ့ရကာ ကျင့်ကြံခြင်းဆိုင်ရာ လမ်းညွှန်မှုများ ရရှိခဲ့ပြီး အတွင်းတပည့်အဖြစ် တိုးမြှင့်ခံခဲ့ရသည်။ သူမသည် ကရိန်းဘိုးဘေး၏ ယုံကြည်မှုကို အလဟဿမဖြစ်စေဘဲ သွေးနီရောင်နန်းတော်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကာ ဂိုဏ်း၏ အငယ်ဆုံး အကြီးအကဲ ဖြစ်လာခဲ့သည်။
စကားချိုသာပြီး လူကြီးမိဘများကို မည်သို့ စိတ်ကျေနပ်အောင် ထားရမည်ကို ကျွမ်းကျင်
သည့်အပြင် ထက်မြက်သော ဦးနှောက်နှင့် အစွမ်းရှိသူဖြစ်ရာ သူမက အသင့်တော်ဆုံး ရွေးချယ်မှုပင်။
လူတိုင်း၏ အမြင်တွင် စုန်ယန်မှာ ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိသော မိစ္ဆာအိုကြီးတစ်ဦး ဖြစ်နေသော်လည်း သူ၏ အစစ်အမှန်သက်တမ်းမှာ ၃၉ နှစ်သာ ရှိသေးကြောင်း မည်သူမျှ မသိကြချေ။ ဤသက်တမ်းအရ ကျင့်ကြံခြင်းလောကတွင် ဘိုးဘေးဟု အခေါ်ခံရဖို့ ဝေးစွ ဖန်းချင်းမုန်းနှင့် တွေ့လျှင်ပင် အဒေါ်ဖန်းဟု ခေါ်ရမည့် အခြေအနေ ဖြစ်သည်။
သို့သော်လည်း ယခုအခါ အဒေါ်ဟု ခေါ်ရမည့် ထိုအမျိုးသမီး ကျင့်ကြံသူမှာ မိန်းကလေးငယ်
တစ်ဦးအလား ဟန်ဆောင်လျက် လန်းဆန်းတက်ကြွသော လေသံဖြင့် ချိုသာစွာ ခေါ်လိုက်သည်။
"ဘိုးဘိုးကျန်း... ကျွန်မ ဘိုးဘိုးဆီကို နောက်တစ်ခါ လာလည်ပြန်ပြီနော်"
စုန်ယန်သည်လည်း ဤအဒေါ်ကြီးကို မြေးမလေးတစ်ဦးအား အလိုလိုက်သော ဘိုးဘိုးတစ်
ဦး၏ လေသံမျိုးဖြင့် ပြန်လည်ထူးလိုက်သည်။
"ချင်းမုန်းလေး... ဒီကို ဘာကိစ္စနဲ့ ထပ်ရောက်လာပြန်တာလဲ"
ဖန်းချင်းမုန်းက "တောင်တံခါးဝမှာ ဘိုးဘိုးကို ရှာနေတဲ့သူတွေ ရှိနေလို့ပါ။ သူတို့က ချန်ချွန်းခန်းမက လာတာလို့ ပြောတယ်..."
သူမက အသေးစိတ်ကို ဆက်မပြောတော့ဘဲ "အမျိုးသမီးတစ်ယောက်နဲ့ ကလေးငါးယောက်ပါ။ သူတို့က ဘိုးဘိုးအကြောင်းကို ပြောနေတာကြောင့် ကျွန်မလည်း သဘောအတိုင်း မလုပ်ရဲဘဲ သူတို့ကို အရင်ဆုံး နားနေခိုင်းထားပါတယ်"
စုန်ယန်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး ဘာမှပြန်မပြောသေးပေ။ ဖန်းချင်းမုန်းမှာလည်း စိတ်ရှည်လက်ရှည်ပင် စောင့်ဆိုင်းနေ၏။
အတော်ကြာမှ စုန်ယန်က ရုတ်တရက် ပြောလိုက်သည်။
"မင်းတို့ ထောင်ကရိန်းဂိုဏ်းက တောင်ဘက်ကိုပြောင်းပြီး ဂိုဏ်းခွဲတစ်ခု တည်ထောင်ဖို့ စီစဉ်နေတယ်လို့ စီကုန်းလဲ့ဆီက ကြားတယ်။ ဟုတ်လား"
ဖန်းချင်းမုန်းက အသာအယာ သက်ပြင်းချရင်း "ဟုတ်ပါတယ်။ ကျွန်မတို့မှာ တခြားရွေးချယ်စရာ မရှိလို့ပါ။ မိစ္ဆာမျိုးနွယ်စုတွေက မြောက်ဘက်မှာ ဓားတစ်လက်လို အမြဲရှိနေတာ။ ကျွန်မတို့လို ဂိုဏ်းငယ်လေးတွေက သူတို့ကို မဆန့်ကျင်နိုင်တော့ တိမ်းရှောင်ဖို့ပဲ စီစဉ်ရတာပေါ့။ အကယ်၍ တစ်နေ့မှာ ဘေးအန္တရာယ် ကျရောက်လာခဲ့ရင်တောင် ဂိုဏ်းရဲ့ အနှစ်သာရတွေ ကျန်ရစ်ခဲ့ပြီး မျိုးဆက်မပြတ်သွားအောင်လို့ပါ"
စုန်ယန်က ရယ်မောလိုက်ပြီး "ဒီလောက် အရေးကြီးတဲ့ လျှို့ဝှက်ချက်ကို ငါ့ကို တိုက်ရိုက်ပြောပြတာလား"
ဖန်းချင်းမုန်းကလည်း တခိခိရယ်လျက် "ဒါက ဘိုးဘိုးကျန်း ဖြစ်နေလို့လေ" ဟု ပြောလိုက်သည်။
သူတို့ စကားပြောနေကြစဉ် ဘေးနားမှ ပျို့အန်သံကြီး ထွက်ပေါ်လာသည်။
ထန်းဖန်က လှောင်ပြောင်သရော်သော အမူအရာဖြင့် "နတ်သမီးဖန်းရယ်... ဂိုဏ်းထဲမှာတော့ သိပ်ကို မာနကြီးပြီး အေးစက်ပြနေပြီးတော့ အခုကျမှ ဘာလို့ ဒီလောက်တောင် အမူအရာတွေ ပိုနေရတာလဲ"
သို့သော်လည်း ဖန်းချင်းမုန်းနှင့် စုန်ယန်တို့ နှစ်ဦးလုံးက သူ့ကို လှည့်မကြည့်ဘဲ လျစ်လျူရှုထားကြသည်။
စုန်ယန်သည် ဖန်းချင်းမုန်းကို စူးစိုက်ကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။
"အဲဒီ အမျိုးသမီး၊ မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေး လေးယောက်ဆိုတာကို ငါ မသိဘူး။
ဒါပေမဲ့ မင်းတို့ရဲ့ တောင်ဘက်ကို ပြောင်းရွှေ့မယ့် အစီအရင်ကတော့ တော်တော်ကောင်းပါတယ်။ အမြန်ဆုံးသာ လုပ်လိုက်ကြ။ ငါ ဒီမှာ နောက်နှစ် နွေရာသီအထိပဲ အများဆုံး နေမှာမို့ အချိန်သိပ်မကျန်တော့ဘူး"
ဖန်းချင်းမုန်း၏ မျက်ဝန်းများမှာ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ခေါင်းညိတ်လိုက်သည်။ "နားလည်ပါပြီ ဘိုးဘိုး။ ဂိုဏ်းရဲ့ တောင်ဘက်ပြောင်းရွှေ့ရေး အစီအရင်ကို တကယ်ပဲ အရှိန်မြှင့်ဖို့ လိုအပ်နေပြီ။ ကျွန်မ ချက်ချင်းပဲ သွားပြီး စီစဉ်လိုက်ပါ့မယ်"
ထို့နောက် သူမသည် နောက်ဆုတ်ကာ ထွက်ခွာသွားတော့သည်။
ထန်းဖန်မှာမူ အံ့အားသင့်စွာဖြင့် စုန်ယန်ကို ကြည့်ကာ ပြောလိုက်သည်။
"ဒါဆိုရင် စီနီယာက တကယ့်လူကောင်းတစ်ယောက်ပဲ။
စီနီယာက အဲဒီခြောက်ယောက်ကို သေချာပေါက် သိနေတာပဲ။ ဒါပေမဲ့ သူတို့ကို ဘေးမသင့်စေချင်လို့ မသိသလို ဟန်ဆောင်လိုက်တာ မဟုတ်လား"