အခန်း (၄၇၇-၄၇၈)
Vol. 35 Ch. 477-478
အခန်း ( ၄၇၇ ) - အားစိုက်ထုတ်မှုတစ်ဝက်ဖြင့် ရလဒ်နှစ်ဆရရှိခြင်း၊ ထုံဟွမ်နတ်သစ်သီး၏ အံ့ဖွယ်အကျိုးသက်ရောက်မှုနှင့် သတင်းအချက်အလက်များ ရယူခြင်း
နတ်ဆိုးဧကရာဇ်ကြီး၏ မိတ်ဆက်စကားသည် သာမန်မျှသာ ဖြစ်ပုံရ၏။ သူ၏စကားအရ ထုံဟွမ်နတ်သစ်သီးသည် တာအိုကို နားလည်သဘောပေါက်ရန် ကူညီပေးသည့် မြင့်မြတ်သောပစ္စည်းတစ်ခုမျှသာ ဖြစ်ကာ အထူးတလည် ထူးခြားပုံမရပေ။
သို့သော် ထုံဟွမ်နတ်သစ်သီး၏ အစွမ်းအာနိသင် အစစ်အမှန်မှာ မျက်နှာပြင်ပေါ်တွင် မြင်ရသကဲ့သို့ ရိုးရှင်းခြင်းမရှိကြောင်း ကုချန် သိထားလေသည်။
ပထမအချက်အနေဖြင့် အင်မော်တယ်ဘုရင်အဆင့်တွင် သာမန်မြင့်မြတ်သောပစ္စည်းများသည် မည်သည့်အကျိုးသက်ရောက်မှုကိုမျှ မပေးစွမ်းနိုင်တော့ပေ။ အင်မော်တယ်ဘုရင်တစ်ပါးကို အကျိုးသက်ရောက်နိုင်သောအရာများသည် အမှန်တကယ်ပင် သောင်းပြောင်းထွေလာထဲမှ တစ်ခုသာဖြစ်သော မြင့်မြတ်သည့်ပစ္စည်းများ ဖြစ်သည်။
ဤထုံဟွမ်နတ်သစ်သီးသည် အင်မော်တယ်ဘုရင်များအတွက် အကျိုးရှိရုံသာမက နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုများအပေါ်၌ပင် အကျိုးသက်ရောက်မှုအချို့ ရှိနေသေး၏။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ထုံဟွမ်နတ်သစ်သီး၏ စစ်မှန်သော အံ့ဖွယ်ကောင်းမှုကို နားလည်နိုင်ပေသည်။
ထို့အပြင် အင်မော်တယ်ဘုရင်တစ်ပါးသည် ဤထုံဟွမ်နတ်သစ်သီးကို စားသုံးပြီးနောက် ၎င်းတို့၏ ကောင်းကင်နှင့်မြေကြီး၏ တာအိုအပေါ် နားလည်သဘောပေါက်မှုကို ငါးဆယ် ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်၏။
ဤသည်မှာ စာရွက်ပေါ်တွင် ငါးဆယ်ရာခိုင်နှုန်း တိုးလာသည်ဟူသည့် ရိုးရှင်းသော ကိစ္စမျိုး မဟုတ်ပေ။
ပုံမှန်အားဖြင့် နားလည်ရန်ခက်ခဲသော အချို့သော တာအိုအတားအဆီးများသည် ဤထုံဟွမ်နတ်သစ်သီးကို စားသုံးပြီးနောက်တွင် အလွယ်တကူ နားလည်သဘောပေါက်သွားနိုင်ကာ စေ့စပ်သေချာစွာ ဆုပ်ကိုင်နိုင်သွားနိုင်၏။
မူလက အင်မော်တယ်ဘုရင်ကြီးအဆင့် နှင့် နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိရန် မျှော်လင့်ချက်မရှိတော့သော အချို့သော အင်မော်တယ်ဘုရင်များသည် ဤထုံဟွမ်နတ်သစ်သီး၏ အကူအညီဖြင့် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ဒုက္ခပေးနေခဲ့သည့် အတားအဆီးများ မျက်စိတစ်မှိတ်အတွင်း ပြိုကျသွား၍ ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ချောမွေ့စွာ ထိုးဖောက်ဝင်ရောက်သွားနိုင်ပေ၏။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤထုံဟွမ်နတ်သစ်သီး၏ အစွမ်းအာနိသင်ကို ရိုးရှင်းစွာပင် ခန့်မှန်း၍မရနိုင်ကြောင်း တွေ့မြင်နိုင်ပေသည်။
ဤသစ်သီးကို 'ထုံဟွမ်' ဟု အမည်ပေးထားသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
အကယ်၍ တစ်စုံတစ်ယောက်သည် ဤသစ်သီးကို မပြတ်တမ်း ဆက်တိုက် စားသုံးနိုင်မည်ဆိုပါက သာမန်အင်မော်တယ်ဘုရင်တစ်ပါးပင်လျှင် နတ်ဆိုးဧကရာဇ်တစ်ပါး၏ တာအိုကို ရရှိနိုင်မည် မဟုတ်လော။
" ဒီထုံဟွမ်နတ်သစ်သီးက နှိုင်းယှဉ်လို့မရနိုင်လောက်အောင်ကို အဖိုးတန်တယ်... အဲဒါက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရှေးဟောင်းနတ်ဆိုးဧကရာဇ်တစ်ပါးနဲ့ အလောင်းအစားလုပ်ရင်း ငါ နိုင်ခဲ့တဲ့ အရာပဲ "
သူ၏လက်ဖဝါးထဲရှိ ထုံဟွမ်နတ်သစ်သီးကို ကုချန်မှ စိုက်ကြည့်နေသည်ကို မြင်သောအခါ နတ်ဆိုးဧကရာဇ်ကြီးသည် ပြုံးလျက် ရှင်းပြလေသည်။
" ငါက ဒီထုံဟွမ်နတ်သစ်သီးကို စားသုံးဖို့... သင့်တော်တဲ့ အခွင့်အရေးတစ်ခုကို အမြဲရှာဖွေနေခဲ့ပေမယ့် ဘယ်တော့မှ မတွေ့ခဲ့ရဘူး.....
အစကတော့ ဒီတစ်ကြိမ် နတ်ဆိုးဧကရာဇ်ရဲ့ နှလုံးသားကို ရရှိပြီးတဲ့နောက်မှာ... နတ်ဆိုးဧကရာဇ်ရဲ့ နှလုံးသားထဲက တာအိုကို နားလည်သဘောပေါက်ဖို့ ကြိုးစားတဲ့အခါ ဒီထုံဟွမ်နတ်သစ်သီးကို အသုံးပြုမယ်လို့ တွေးထားခဲ့တာ... အဲဒီလိုဆိုရင် အားစိုက်ထုတ်မှု တစ်ဝက်နဲ့ ရလဒ်နှစ်ဆ ရနိုင်မှာလေ.....
ဒါပေမယ့် အခုတော့... နတ်ဆိုးဧကရာဇ်ရဲ့ နှလုံးသားက မဖြစ်နိုင်တော့ဘူးဆိုတော့ ဒီထုံဟွမ်နတ်သစ်သီးက မင်းအတွက်ပဲ.....
တကယ်လို့ မင်း မလောဘူးဆိုရင် ပိုပြီး သင့်တော်တဲ့ အချိန်တစ်ခုရောက်မှ ဒီထုံဟွမ်နတ်သစ်သီးကို စားသုံးဖို့ စောင့်တာ ပိုကောင်းတယ်... အဲဒါက ပိုကောင်းတဲ့ ရလဒ်တွေကိုတောင် ပေးနိုင်တယ် "
နတ်ဆိုးဧကရာဇ်ကြီး၏ အသံတွင် နောင်တရမှု အရိပ်အယောင်အချို့ ပေါ်လွင်နေခဲ့၏။
ဤထုံဟွမ်နတ်သစ်သီး၏ အဖိုးတန်မှုသည် အခြားသော မြင့်မြတ်သည့် ပစ္စည်းများနှင့် တွဲဖက်အသုံးပြုနိုင်စွမ်း ရှိခြင်းတွင် တည်ရှိနေသည်။
ထိုနတ်ဆိုးဧကရာဇ်၏ နှလုံးသားကဲ့သို့ပင်။
နတ်ဆိုးဧကရာဇ်၏ နှလုံးသားအတွင်းရှိ တာအိုကို ရိုးရှင်းစွာ ခွဲခြမ်းစိတ်ဖြာရုံဖြင့် နတ်ဆိုးဧကရာဇ်ကြီးသည် တာအိုနားလည်သဘောပေါက်မှု၏ ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းခန့်ကိုသာ ရရှိနိုင်ပေလိမ့်မည်။
သို့သော် ထုံဟွမ်နတ်သစ်သီးနှင့်အတူ အသုံးပြုပါက စုပ်ယူရရှိသော တာအိုနားလည်သဘောပေါက်မှုသည် ၉၀ ရာခိုင်နှုန်းနှင့် အထက်ထိပင် မြင့်တက်သွားနိုင်၏။
ဤ ၁၀ ရာခိုင်နှုန်းခန့်မျှသော တိုးတက်မှုကို အထင်မသေးလိုက်ပါနှင့်။ နတ်ဆိုးဧကရာဇ်အဆင့်ရှိ တည်ရှိမှုတစ်ခုအတွက် တိုးတက်မှု အမှတ်တစ်မှတ်ချင်းစီတိုင်းသည် ရရှိနိုင်ရန် နှစ်ပေါင်း သန်းဆယ်ချီသော စုဆောင်းမှုမျိုး လိုအပ်နိုင်ပေသည်။
ထို့ကြောင့် ဤထုံဟွမ်နတ်သစ်သီးသည် နတ်ဆိုးဧကရာဇ်ကြီးအတွက်ပင်လျှင် လုံးဝကို ရှားပါးသော ရတနာတစ်ပါး ဖြစ်နေခဲ့၏။
သို့သော် ကုချန်အား စည်းရုံးနိုင်ရန်အတွက် နတ်ဆိုးဧကရာဇ်ကြီးသည် ဤထုံဟွမ်နတ်သစ်သီးကို ထုတ်ပေးရန် တုံ့ဆိုင်းမနေခဲ့ချေ။
၎င်းသည် အတူတူပင်ဖြစ်သော သဘောတရားတစ်ခုသာ ဖြစ်၏။ ကောင်းသော အကြောင်းတရားကို စိုက်ပျိုးလျှင် ကောင်းသော အကျိုးတရားကို ရိတ်သိမ်းရမည်ပင်။
သူ၏ ကြိုးပမ်းအားထုတ်မှုများနှင့် ဆယ်သောင်းချီသော နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရမှုများအားလုံးသည် ထိုရှာနာနတ်ဆိုးဧကရာဇ်၏ နှောင့်ယှက်မှုကြောင့် အချည်းနှီး ဖြစ်မသွားစေလိုပေ။
သူသည် ကုချန်ကို တည်ငြိမ်အောင် ထိန်းထားရမည်ဖြစ်ကာ သူ့အပေါ် ရန်ငြိုးတစ်ခုခု ဖြစ်ပေါ်လာခြင်းမှ တားဆီးရမည်ပင်။ ပေးဆပ်ရသည့် တန်ဖိုးက ကြီးမားလှလျှင်တောင်မှ ထိုက်တန်မှုရှိပေ၏။
နတ်ဆိုးဧကရာဇ်ကြီး၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကုချန်၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ချက်ချင်း ပေါ်လာခဲ့၏။
နတ်ဆိုးဧကရာဇ်ကြီး ပြောခဲ့သည်များကို ယခင်က သူ တွေးမထားခဲ့ဖူးချေ။
ဟုတ်၏။ ဤထုံဟွမ်နတ်သစ်သီးကို သူသည် နတ်ဆိုးဧကရာဇ်၏ နှလုံးသားနှင့် တွဲဖက်၍ အသုံးပြုနိုင်ပေ၏။
ပထမဆုံး ရှာနာနတ်ဆိုးဧကရာဇ်အား နတ်ဆိုးဧကရာဇ်၏ နှလုံးသားထဲမှ အသိအမြင်များကို လုံးဝ ခွဲခြမ်းစိတ်ဖြာခွင့်ပေးပြီးနောက် သူသည် ဤထုံဟွမ်နတ်သစ်သီးကို စားသုံးကာ နတ်ဆိုးဧကရာဇ်၏ နှလုံးသားထဲမှ ထိုအသိအမြင်အားလုံးကို စုပ်ယူမည် ဖြစ်သည်။
ဤသည်က သူ၏ "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" အပေါ် နားလည်သဘောပေါက်မှုကို မည်သည့်အတိုင်းအတာအထိ တိုးတက်သွားစေမည်နည်း။
၎င်းကို တွေးကြည့်ရုံမျှဖြင့် ကုချန်သည် သဲ့သဲ့မျှသော မျှော်လင့်တကြီး စောင့်စားမှုတစ်ခုကို ခံစားလိုက်ရ၏။
" ဒီလိုဆိုမှတော့ ကျွန်တော် အားနာမနေတော့ဘူး "
ကုချန်သည် စိတ်လှုပ်ရှားနေပြီဖြစ်ရာ ကျိန်းသေပေါက် သူသည် အားနာနေမည် မဟုတ်သလို တုံ့ဆိုင်းနေမည်လည်း မဟုတ်ချေ။ သူသည် ချက်ချင်း လက်ကိုမြှောက်လိုက်၍ နတ်ဆိုးဧကရာဇ်ကြီး လေဟာနယ်ထဲတွင် ထားရှိခဲ့သော ထုံဟွမ်နတ်သစ်သီးကို ယူလိုက်လေသည်။
ကုချန်မှ ထုံဟွမ်နတ်သစ်သီးကို ယူလိုက်သည်ကို မြင်သောအခါ နတ်ဆိုးဧကရာဇ်ကြီး၏ မျက်လုံးများ၏ နက်ရှိုင်းသော နေရာတွင် သိသာရန် ခက်ခဲသော သိမ်မွေ့သည့် နောင်တရမှုတစ်ခု ဖြတ်ပြေးသွားခဲ့၏။
ထို့နောက် ဤနောင်တရမှုသည် သက်တောင့်သက်သာရှိသော ဝမ်းမြောက်မှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤထုံဟွမ်နတ်သစ်သီးသည် နတ်ဆိုးဧကရာဇ်ကြီးအတွက် အမှန်တကယ်ပင် ရှားပါးသော ရတနာတစ်ပါး ဖြစ်သည်။ ယခု ၎င်းသည် ကုချန်၏ လက်ထဲသို့ ကျရောက်သွားပြီဖြစ်ရာ သူ အနည်းငယ် နောင်တရမိသည်မှာ သဘာဝကျ၏။
သို့သော် ကုချန်မှ ဤထုံဟွမ်နတ်သစ်သီးကို လက်ခံလိုက်ခြင်းက သူသည် အတိတ်က အဖြစ်အပျက်များကို ဆက်လက် တွယ်တာနေမည် မဟုတ်ကြောင်းကို ဆိုလိုရာ ၎င်းမှာ သူ ပေးဆပ်ခဲ့ရသော တန်ဖိုးနှင့် ထိုက်တန်ပေသည်။
" ကောင်းပြီ... ငါ ဒီထက်ပိုပြီး မနေတော့ဘူး... တစ်ခုခုဖြစ်ခဲ့ရင် ငါ့ကို အချိန်မရွေး လာရှာလို့ရတယ်.....
အဲဒီ ရှာနာနတ်ဆိုးဧကရာဇ်အတွက်လည်း မင်း စိတ်ပူစရာ မလိုပါဘူး... အဆုံးမဲ့ကောင်းကင်ဘုံရဲ့ အပြင်ဘက်မှာ ငါ့ရဲ့ နတ်အသိစိတ်စလေးကို အဆက်မပြတ် ဖြန့်ကျက်ထားမယ်... တကယ်လို့ အဲဒီ ရှာနာနတ်ဆိုးဧကရာဇ်က ဒီနေရာကို လာရဲတယ်ဆိုရင် ငါ ချက်ချင်း ခံစားသိရှိနိုင်တာမလို့ မင်းကို ကာကွယ်ပေးနိုင်တယ် "
နတ်ဆိုးဧကရာဇ်ကြီးသည် ပေါ့ပေါ့ပါးပါး စကားအနည်းငယ်ဆိုပြီးနောက် ထုံထျန်းနတ်ဆိုးတောင်သို့ ပြန်သွားလေ၏။
ကုချန်သည်လည်း သူ့အား ဆက်မထိန်းထားခဲ့ပေ။ ရှာနာနတ်ဆိုးဧကရာဇ်အနေဖြင့် နတ်ဆိုးဧကရာဇ်၏ နှလုံးသားထဲရှိ အကြောင်းအရာများကို လုံးဝ ခွဲခြမ်းစိတ်ဖြာနိုင်ရန် အချိန်အနည်းငယ် ယူရမည် ဖြစ်သော်ငြားလည်း သူ့၌ လုပ်စရာများစွာ ရှိနေသေး၏။
သို့သော် ယခုလေးတင် ကုချန်၏ဒုတိယကိုယ်ပွားသည် အင်မော်တယ်ကမ္ဘာသို့ သွားခဲ့စဉ်က ဟွမ်သွမ့်ပင်လယ်နှင့် အင်မော်တယ်ကမ္ဘာရှိ သူ၏ မူလခန္ဓာကိုယ်နှင့် တတိယခန္ဓာကိုယ်တို့ စုဆောင်းထားသော မြင့်မြတ်သည့်ပစ္စည်းများနှင့် အင်မော်တယ် အရင်းအမြစ်များ အားလုံးကိုပါ ယူဆောင်လာခဲ့၏။
ယခင်က သူသည် တတိယကိုယ်ပွားမှ ဤမြင့်မြတ်သည့် ပစ္စည်းများကို ပို့ဆောင်ပေးမည့်အချိန်ကို စောင့်ဆိုင်းရင်း နယ်မြေနှစ်ခုကြားရှိ နယ်စပ်သို့ သွားရန် ပြင်ဆင်နေခဲ့သည်။
သို့သော် အစီအစဉ်များသည် အပြောင်းအလဲများနှင့် အမီမလိုက်နိုင်ခဲ့ချေ။ ရှာနာနတ်ဆိုးဧကရာဇ်၏ ကိစ္စသည် သူ့အား ကိုယ်ခန္ဓာသုံးခုကို ပေါင်းစည်းရန်နှင့် ကံကြမ္မာပြောင်းပြန်လှန်အမွှေးတိုင်ကို အသုံးပြုရန် ဖိအားပေးခဲ့၏။ နောက်ပိုင်းတွင် နတ်ဆိုးနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာရှိ အခြေအနေကို စုံစမ်းစစ်ဆေးရာ၌ အကြွင်းမဲ့အရိပ်ခြောက်ပါးအဆောင်ကိုပင် သူ အသုံးပြုခဲ့ရသည်။
ဤအပြောင်းအလဲများ ဆက်တိုက်ဖြစ်ပေါ်မှုသည် ကုချန်၏ ယခင်အစီအစဉ်များကိုလည်း အနှောင့်အယှက် ဖြစ်စေခဲ့သည်။
သို့သော် ဒုတိယကိုယ်ပွား အင်မော်တယ်ကမ္ဘာသို့ သွားခဲ့သော အချိန်တိုလေးအတွင်းတွင် ကုချန်သည် သူ၏ မူလခန္ဓာကိုယ်နှင့် တတိယခန္ဓာကိုယ်တို့ စုဆောင်းထားသော အင်မော်တယ်ပစ္စည်းများ အားလုံးကို အဆင်ပြေစွာ ပြန်လည်ရယူနိုင်ခဲ့ကာ ဤခရီးစဉ်အတွက် သက်သာသွားစေခဲ့သည်။
" ဒီအကြွင်းမဲ့အရိပ်ခြောက်ပါးအဆောင်သာ စွမ်းအင် ပြန်လည်ဖြည့်တင်းဖို့ မလိုဘူးဆိုရင်... ငါက အတွေးတစ်ချက်လေးနဲ့ပဲ နယ်မြေနှစ်ခုကြားကို ခရီးသွားနိုင်တယ်... ဘာလို့ ဒီလောက်တောင် ဒုက္ခများနေရမှာလဲ "
ကုချန်သည် သက်ပြင်းချလိုက်ပြီးနောက် အဆုံးမဲ့ကောင်းကင်ဘုံရှိ သူ၏ယာယီနန်းတော်သို့ ပြန်သွားလေသည်။
သူ့တွင် လုပ်စရာများစွာ ရှိနေသေး၏။ ပထမဆုံး ရှာနာနတ်ဆိုးဧကရာဇ်နှင့် ဤတိုက်ပွဲမှ အသိအမြင်များကို ချေဖျက်ရန် တံခါးပိတ်ကျင့်ကြံရမည်ဖြစ်ကာ ဒုတိယအနေဖြင့် သူ၏ မူလခန္ဓာကိုယ်နှင့် တတိယခန္ဓာကိုယ်တို့ စုဆောင်းထားသော အင်မော်တယ်ပစ္စည်းများကို အသုံးပြု၍ အဆုံးမဲ့ဓားကို ပိုမို အားကောင်းလာစေရန်နှင့် ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ မြှင့်တင်ရန် ဖြစ်၏။
ကုချန် ထွက်သွားပြီးနောက် အခြားတစ်ဖက်တွင် နတ်ဆိုးဧကရာဇ်ကြီးသည်လည်း ထုံထျန်းနတ်ဆိုးတောင်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ထုံထျန်းနတ်ဆိုးတောင်၏ တောင်ထွတ်သို့ တက်ရောက်ပြီးနောက် နတ်ဆိုးဧကရာဇ်ကြီးသည် လုံးဝ တုံ့ဆိုင်းမနေခဲ့ချေ။ သူသည် လိပ်အိုကြီးကို ချက်ချင်းခေါ်ယူကာ သိလိုသည်များကို မေးမြန်းလိုက်၏။
" ငါ ထွက်သွားပြီးနောက်ပိုင်း အဆုံးမဲ့ကောင်းကင်ဘုံမှာ ဘာတွေဖြစ်ခဲ့တာလဲ... မင်း အာရုံခံမိလိုက်လား"
ကုချန်သည် ရှာနာနတ်ဆိုးဧကရာဇ်၏ ဖမ်းဆီးမှုမှ မည်သို့လွတ်မြောက်လာခဲ့သည်ကို နတ်ဆိုးဧကရာဇ်ကြီးမှာ လွန်စွာ သိချင်နေခဲ့သော်လည်း ကုချန်မှ သူ့ကို အဖြေမပေးခဲ့ပေ။ ထို့ကြောင့် နတ်ဆိုးဧကရာဇ်ကြီးသည် ပြန်လာခဲ့၍ အိမ်စောင့်နေသော လိပ်အိုကြီးအနေဖြင့် သတင်းတစ်စုံတစ်ရာ သိထားသလားဟုသာ မေးမြန်းနိုင်တော့သည်။
အခန်း ( ၄၇၈ ) - အစီအရင်သက်ဝင်လာခြင်း၊ ဗေဒင်ပြန်လည်ဟောကိန်းထုတ်ခြင်းနှင့် ကုချန်၏ နောက်ဆုံးလက်နက်
" အဆုံးမဲ့ကောင်းကင်ဘုံမှာ ဘာတွေဖြစ်ခဲ့တာလဲ "
နတ်ဆိုးဧကရာဇ်ကြီး၏ မေးခွန်းကို ကြားသောအခါ လိပ်အိုကြီးသည် လုံးဝကို စိတ်ရှုပ်ထွေးသွားခဲ့၏။
" အရှင်က အခုလေးတင် အဆုံးမဲ့ကောင်းကင်ဘုံကို သွားခဲ့တာ မဟုတ်ဘူးလား... အဲ့ဒီမှာ ဘာဖြစ်ခဲ့လဲဆိုတာ အရှင်က ဘယ်လိုလုပ် မသိနိုင်ရတာလဲ..... "
လိပ်အိုကြီးအနေဖြင့် နားလည်ရန် ခက်ခဲနေခဲ့၏။
နတ်ဆိုးဧကရာဇ်ကြီးသည် အဆုံးမဲ့ကောင်းကင်ဘုံသို့ ယခုလေးတင် သွားခဲ့သည်မှာ ထင်ရှားနေပါလျက်နှင့် အဘယ်ကြောင့် ထိုနေရာတွင် ဘာဖြစ်ခဲ့သနည်းဟု သူ့ကို ပြန်မေးနေရသနည်း။
သူသည် ဤအချိန်တစ်လျှောက်လုံး ထုံထျန်းနတ်ဆိုးတောင်ပေါ်တွင်သာ နေထိုင်နေခဲ့ရာ အဆုံးမဲ့ကောင်းကင်ဘုံတွင် ဘာဖြစ်ခဲ့သည်ကို ဘယ်လိုလုပ် သိနိုင်မည်နည်း။
လိပ်အိုကြီး၏တုံ့ပြန်မှုကို မြင်သောအခါ နတ်ဆိုးဧကရာဇ်ကြီးသည် မျက်မှောင်ကျုံ့သွားကာ လိပ်အိုကြီးလည်း အမှန်တရားကို မသိကြောင်း သဘောပေါက်သွားရ၏။
သို့သော် သူ တစ်စုံတစ်ရာ မပြောရသေးမီမှာပင် လိပ်အိုကြီး၏ နှေးကွေးသော အသံကို ကြားလိုက်ရသည်။
" ကျွန်တော် ဘာမှတော့ မခံစားမိပေမယ့်... အရှင် ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ထုံထျန်းနတ်ဆိုးတောင်ရဲ့ အစီအရင်ကြီးက တစ်စုံတစ်ခုကို ခံစားသိရှိသွားသလိုမျိုး ခဏတာ အလိုအလျောက် သက်ဝင်လှုပ်ရှားလာခဲ့ပါတယ်.....
ဒါပေမယ့် အစီအရင်ကြီးက အရမ်းကြာကြာ အလုပ်မလုပ်ခဲ့ပါဘူး... ဝင်သက်ထွက်သက် နည်းနည်းလောက် ကြာပြီးနောက်မှာပဲ အလုပ်လုပ်တာ ရပ်သွားခဲ့တယ်... နတ်ဆိုးတောင်ရဲ့ အပြင်ဘက် ပတ်လည်မှာရှိတဲ့ အစီအရင်ကြီးက တစ်ခုခုများ မှားယွင်းနေသလားတော့ ကျွန်တော် မသိဘူး..... "
ထုံထျန်းနတ်ဆိုးတောင်ရဲ့ အစီအရင်ကြီးက အလိုအလျောက် သက်ဝင်လှုပ်ရှားလာခဲ့တယ်?
လိပ်အိုကြီး၏ ပြောပြမှုကို ကြားသောအခါ နတ်ဆိုးဧကရာဇ်ကြီးသည် ပထမ၌ အံ့အားသင့်သွားပြီးနောက် အကြည့်တို့ လေးနက်သွားလေ၏။
" အစီအရင်ကြီး အလုပ်လုပ်နေတဲ့အချိန်မှာ ထုံထျန်းနတ်ဆိုးတောင်ဆီကို သက်ရှိသတ္တဝါတစ်ယောက်ယောက် ချဉ်းကပ်လာတာကို မင်း အာရုံမခံမိဘူးလား... အဲဒီ ရှာနာနတ်ဆိုးဧကရာဇ်များ ရောက်လာတာလား"
" မဟုတ်ပါဘူး "
လိပ်အိုကြီးမှ သူ၏ခေါင်းကို ပတ်သာကဲ့သို့ အဆက်မပြတ် ခါရမ်းပြလေသည်။
" အစီအရင်ကြီး သက်ဝင်လာတဲ့အချိန်မှာ ထုံထျန်းနတ်ဆိုးတောင်ဆီကို ချဉ်းကပ်လာတဲ့ သက်ရှိသတ္တဝါ လုံးဝ မရှိခဲ့ပါဘူး... အစီအရင်ကြီးက ဘာလို့ အလိုအလျောက် သက်ဝင်လာသလဲဆိုတာတော့ ကျွန်တော် မသိပါဘူး "
ဒီ.....
လိပ်အိုကြီး၏ အဖြေကြောင့် နတ်ဆိုးဧကရာဇ်ကြီး၏ စိတ်နှလုံးမှာ တင်းကျပ်သွားခဲ့ကာ သူ၏ မျက်နှာအမူအရာမှာလည်း ပို၍ပင် လေးနက်လာခဲ့၏။
ထုံထျန်းနတ်ဆိုးတောင် ပတ်လည်ရှိ အစီအရင်ကြီးကို သူကိုယ်တိုင် ချထားခဲ့ခြင်း ဖြစ်ရာ အစီအရင်ကြီး ပျက်စီး၍ အလိုအလျောက် သက်ဝင်လာသည်ဟူသော ကိစ္စမျိုး ရှိနိုင်မည် မဟုတ်ပေ။
ကျရောက်လာတော့မည့် အကျပ်အတည်းတစ်ခုကို ခံစားသိရှိရချိန်တွင်သာ အစီအရင်ကြီးသည် အလိုအလျောက် သက်ဝင်လာမည် ဖြစ်၏။
ထို့ပြင် ထိုရှာနာနတ်ဆိုးဧကရာဇ်သည် ယခုလေးတင် အဆုံးမဲ့ကောင်းကင်ဘုံတွင် ရှိနေခဲ့၍ ကုချန်အား ပစ်မှတ်ထားရန် ကြိုးစားနေခဲ့မည် ဖြစ်ရာ သူ၏ထုံထျန်းနတ်ဆိုးတောင်သို့ လာရောက်ရန် အချိန်ရနိုင်မည် မဟုတ်ပေ။
အကြောင်းပြချက်မှာလည်း အလွန်ပင် ရိုးရှင်းလှ၏။
ထုံထျန်းနတ်ဆိုးတောင်အား နတ်ဆိုးဧကရာဇ်အဆင့် အစီအရင်ကြီးဖြင့် ကာကွယ်ထား၏။ ထိုရှာနာနတ်ဆိုးဧကရာဇ်အနေဖြင့် ဤအချက်ကို မသိရန်မှာ မဖြစ်နိုင်ပေ။
ထို့အပြင် သူသည် ကုချန်အား သတ်ဖြတ်ရန် ရည်ရွယ်၍ ဤမျှကြီးမားသော အကြံအစည်ကြီးကို ချမှတ်ထားခဲ့ရာ ကုချန်အား မသတ်ဖြတ်မီ သူသည် ထုံထျန်းနတ်ဆိုးတောင်အတွက် အတွေးများနှင့် မည်သို့ အာရုံလွှဲခံရနိုင်မည်နည်း။
ထို့ကြောင့် ထုံထျန်းနတ်ဆိုးတောင်၏ အစီအရင်ကြီးကို သက်ဝင်လှုပ်ရှားစေခဲ့သော တည်ရှိမှုသည် အခြားသူတစ်ဦးဦးသာ ဖြစ်ရမည်။
ထိုသူသည် မည်သူဖြစ်သည်နှင့် သူနှင့်
ရှာနာနတ်ဆိုးဧကရာဇ်တို့ ပူးပေါင်းထားသလား ဆိုသည်မှာ နတ်ဆိုးဧကရာဇ်ကြီး အစိုးရိမ်ဆုံးသော အရာပင် ဖြစ်သည်။
ယောင်ဧကရာဇ်များ ဖြစ်နေနိုင်မလား?
နတ်ဆိုးဧကရာဇ်ကြီးသည် အစီအရင်ကြီးထဲတွင် ပိတ်မိနေစဉ်က ရှာနာနတ်ဆိုးဧကရာဇ် ထုတ်ပြခဲ့သော ယောင်ဧကရာဇ်၏ တာအိုအဆောင်ကို ပြန်လည်အမှတ်ရကာ မျက်မှောင် ကျုံ့သွားခဲ့၏။
ရှာနာနတ်ဆိုးဧကရာဇ်မှ ယောင်ဧကရာဇ်၏ တာအိုအဆောင်ကို ရရှိနိုင်ခြင်းနှင့် ယောင်ဧကရာဇ်နှင့် ပူးပေါင်းကာ သူ့အား ရင်ဆိုင်ခြင်းတို့သည် လုံးဝ ကွဲပြားခြားနားသော အယူအဆနှစ်ခု ဖြစ်သည်။
အကယ်၍ ဤအရာကို မရှင်းလင်းနိုင်ပါက နတ်ဆိုးဧကရာဇ်ကြီးသည် အေးချမ်းစွာ အနားယူ စားသောက်နိုင်မည် မဟုတ်တော့ပေ။
" ငါ နားလည်ပြီ... မင်း သွားလို့ရပြီ "
နတ်ဆိုးဧကရာဇ်ကြီးသည် တည်ငြိမ်စွာပင် နေ၍ လိပ်အိုကြီးကို အရင်ဆုံး ထွက်သွားခိုင်းလိုက်၏။ ထို့နောက် ထုံထျန်းနတ်ဆိုးတောင်၏ အစီအရင်ကြီးအား အလိုအလျောက် သက်ဝင်အလုပ်လုပ်စေခဲ့သည့် ပုန်းကွယ်နေသော ထိုပုဂ္ဂိုလ်မှာ မည်သူဖြစ်ကြောင်းကို သိရှိရန် ဗေဒင်ပြန်လည်ဟောကိန်းထုတ်ရန် ပြင်ဆင်လျက် သူ၏ ကျောက်စိမ်းဖြူလိပ်ခွံကို ချက်ချင်း ထုတ်ယူလိုက်၏။
" ဝုန်း...! "
အဆီအနှစ် သွေးတစ်စက်သည် ကျောက်စိမ်းဖြူလိပ်ခွံပေါ်သို့ ကျဆင်းသွားကာ ၎င်းကို ကြက်သွေးရောင် အနည်းငယ် စွန်းထင်းသွားစေ၏။
နောက်အခိုက်အတန့်တွင် ကျောက်စိမ်းဖြူလိပ်ခွံသည် ကျောက်စိမ်းရောင် အလင်းတန်းသဲ့သဲ့များဖြင့် တောက်ပလာကာ လေဟာနယ်နယ်ပယ်ရှိ ကံကြမ္မာ ကြိုးတန်းများသည် အဆွဲခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။ ဝိုးတဝါးနှင့် ပုံရိပ်ယောင် ရုပ်ပုံလွှာတစ်ခု ကျောက်စိမ်းဖြူလိပ်ခွံထဲမှ ထွက်ပေါ်လာကာ နတ်ဆိုးဧကရာဇ်ကြီး၏ ရှေ့တွင် မပီမသ ပြသလာခဲ့သည်။
အနည်းငယ် ဝိုးတဝါးဖြစ်နေသော မြင်ကွင်းထဲတွင် အဆုံးမရှိသော နတ်ဆိုးချီများဖြင့် ဖုံးလွှမ်းနေ၍ အဆုံးမဲ့ အမှောင်ထုထဲတွင် ခိုအောင်းနေသော ဧရာမ သားရဲကြီးတစ်ကောင်နှင့် တူနေလေသည်။
ဒါက.....
သူ၏ရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ နတ်ဆိုးဧကရာဇ်ကြီးမှာ လန့်ဖျပ်သွားခဲ့၏။ ဤမြင်ကွင်းသည် အနည်းငယ် ရင်းနှီးနေသကဲ့သို့ သူ ခံစားရသော်လည်း ၎င်းကို ယခင်က မည်သည့်နေရာတွင် မြင်တွေ့ခဲ့ဖူးကြောင်းကို တစ်ခဏမျှ သူ ပြန်လည်မမှတ်မိနိုင်ဖြစ်နေခဲ့သည်။
နောက်အခိုက်အတန့်တွင် မြင်ကွင်းသည် ထပ်မံပြောင်းလဲသွားကာ အဆုံးမဲ့ကောင်းကင်ဘုံ၏ အထက်သို့ ရောက်ရှိသွားပုံရ၏။
အဆုံးမဲ့ကောင်းကင်ဘုံ တစ်ခုလုံးသည် အဆုံးမရှိသော နတ်ဆိုးဧကရာဇ်ချီများဖြင့် လွှမ်းခြုံခံထားရသည်။ နတ်ဆိုးဧကရာဇ်ကြီးပင်လျှင် ဤပုံရိပ်မှတစ်ဆင့် အဆုံးမဲ့ကောင်းကင်ဘုံအတွင်း၌ ဘာတွေဖြစ်ပျက်နေသည်ကို မမြင်နိုင်ခဲ့ပေ။
သို့သော် ပုံရိပ်ထဲရှိ နတ်ဆိုးဧကရာဇ်ချီများသည် ရှာနာနတ်ဆိုးဧကရာဇ်ဖြစ်ကြောင်းကို သူ အာရုံခံနိုင်ပေသည်။
ရှာနာနတ်ဆိုးဧကရာဇ် တစ်ဦးတည်း၏ အငွေ့အသက်သာ.....
နတ်ဆိုးဧကရာဇ်ကြီးသည် သူ၏ရှေ့ရှိ ပုံရိပ်ယောင် မြင်ကွင်းကို စူးစိုက်ကြည့်နေလေသည်။
သို့သော် နောက်တစ်ခဏတွင် အရာအားလုံး ပြောင်းလဲသွားခဲ့၏။
အဆုံးမဲ့ကောင်းကင်ဘုံအတွင်း မူလက ရှာနာနတ်ဆိုးဧကရာဇ်ပိုင်ဆိုင်သော အငွေ့အသက်မှာ ချက်ချင်း ပျောက်ကွယ်သွားကာ နက်ရှိုင်းလှသော အငြိုးအတေးတစ်ခုသာ အဆုံးမဲ့ကောင်းကင်ဘုံအပေါ်သို့ ရုတ်တရက် ကျဆင်းလာခဲ့လေသည်။
ထိုအငြိုးအတေး၏ တည်ရှိမှုကို သူ ခံစားမိသောအခါ ပုံရိပ်ယောင် ပုံရိပ်မှတစ်ဆင့် မြင်နေရသည်ပင် ဖြစ်လင့်ကစား နတ်ဆိုးဧကရာဇ်ကြီးသည် ကြောက်ရွံ့တုန်လှုပ်မှုတစ်ခုကို ခံစားနေရဆဲပင်!
၎င်းသည် နတ်ဆိုးဧကရာဇ်အဆင့်ကို ကျော်လွန်နေသော ထိတ်လန့်ဖွယ်ရာ အငွေ့အသက်တစ်ခုဖြစ်ရာ နတ်ဆိုးဧကရာဇ်ကြီးကို အလိုအလျောက် တုန်လှုပ်သွားစေခဲ့၏။
ဒီအငွေ့အသက်က.....
ဤအငွေ့အသက်ကို ခံစားမိသောအခါ နတ်ဆိုးဧကရာဇ်ကြီးသည် ထိတ်လန့်သွား၍ နောက်ဆုံးတွင် တစ်စုံတစ်ခုကို အမှတ်ရသွားသကဲ့သို့ ဖြစ်သွား၏။
သို့သော် နောက်အခိုက်အတန့်တွင် ထိုအငွေ့အသက်သည်လည်း တစ်စုံတစ်ခုကို ခံစားသိရှိသွားပုံရကာ ပုံရိပ်ယောင် ပုံရိပ်ကို ထိုးဖောက်၍ ချောင်းကြည့်နေသူ နတ်ဆိုးဧကရာဇ်ကြီးအား သတိပြုမိသွားသည့်အလား နတ်ဆိုးဧကရာဇ်ကြီးထံသို့ တိုက်ရိုက် ပြေးဝင်လာတော့၏။
" ဒုက္ခပဲ! "
ဤသည်ကို မြင်သောအခါ နတ်ဆိုးဧကရာဇ်ကြီးသည် ချက်ချင်း လန့်ဖျပ်သွား၍ သူ၏လက်ကို အလျင်အမြန် ဝှေ့ယမ်းကာ ဤဗေဒင်ဟောခြင်းကို အတင်းအကျပ် ရပ်တန့်ရန် လုပ်ဆောင်လိုက်၏။
သို့သော် ထိုအငြိုးအတေး၏ စွမ်းအားသည် အလွန်အားကောင်းလွန်းလှသည်။ ၎င်းသည် နားလည်ရခက်သော ခံစားချက်အချို့ကို ခြေရာခံကာ နတ်ဆိုးဧကရာဇ်ကြီး၏ တည်နေရာကို တင်းကျပ်စွာပစ်မှတ်ထားလိုက်၍ စိတ်ကူးနှင့် အစစ်အမှန်ကြားရှိ နယ်နိမိတ်မှ ဖောက်ထွက်ကာ နတ်ဆိုးဧကရာဇ်ကြီး၏ ခန္ဓာကိုယ်ကို ပစ်မှတ်ထားလေတော့သည်။
" ပျက်စမ်း! "
နတ်ဆိုးဧကရာဇ်ကြီးသည် အလွန်ထိတ်လန့်သွားကာ သူ၏စိတ်နှလုံးများပင် တဒိတ်ဒိတ် ခုန်နေခဲ့၏။ သူသည် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ အဆီအနှစ် သွေးစက်အနည်းငယ်ကို ဆက်တိုက် အတင်းအကျပ် ထုတ်ယူလိုက်၏။ ၎င်းတို့အားလုံးသည် ကျောက်စိမ်းဖြူလိပ်ခွံပေါ်သို့ ကျဆင်းသွားကာ သူ၏မျက်နှာသည်လည်း ချက်ချင်းပင် အနည်းငယ် ပို၍ ဖြူရော်သွားခဲ့၏။
ဤနတ်ဆိုးဧကရာဇ်၏ အဆီအနှစ် သွေးစက်အနည်းငယ်၏ အကူအညီဖြင့် ကျောက်စိမ်းဖြူလိပ်ခွံသည် မျက်စိတစ်မှိတ်အတွင်း ခိုင်မာသွားခဲ့ကာ ၎င်း မျက်နှာပြင်မှ အလင်းရောင်များ ထွက်ပေါ်လာသည့် အရိပ်အယောင်မျိုး မရှိတော့ဘဲ ပုံရိပ်ယောင် မြင်ကွင်းသည်လည်း ပြိုကွဲပျောက်ကွယ်သွားခဲ့လေသည်။
ပုံရိပ်ယောင် ပုံရိပ်များ ပျောက်ကွယ်သွားသည်နှင့်အမျှ ထိုနက်ရှိုင်းလှသော အငြိုးအတေးသည်လည်း ပစ်မှတ်ကို ဆုံးရှုံးသွားပုံရကာ အရိပ်အယောင်မျှမကျန်ဘဲ ပျောက်ကွယ်သွားခဲ့၏။
" အဲဒီနေရာပဲ... အဲဒီနေရာပဲ..... "
နတ်ဆိုးဧကရာဇ်ကြီးသည် တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်ကာ သူ၏နဖူးမှ ချွေးအေးများ အဆက်မပြတ် စီးကျလာခဲ့၏။
နည်းနည်းလေးပဲ... နည်းနည်းလေးပဲ လိုတော့တာ!
ထိုအငြိုးအတေး၏ တိုက်ခိုက်မှုကိုသာ ခံခဲ့ရမည်ဆိုပါက ရလဒ်သည် မည်သို့ဖြစ်မည်ကို နတ်ဆိုးဧကရာဇ်ကြီး ကောင်းစွာ သိထားပေသည်။
ယခုလေးတင် သူ မြင်တွေ့ခဲ့ရသော ထိုပုံရိပ်သည် အဘယ်ကြောင့် ဤမျှ ရင်းနှီးနေရသနည်း။ ၎င်းသည် နတ်ဆိုးနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာ၊ နတ်ဆိုးဧကရာဇ်များအတွက်ပင် တားမြစ်နယ်မြေဖြစ်သော ထိုထိတ်လန့်ဖွယ်ရာ နယ်မြေ မဟုတ်ပါလော။
ထိုအငြိုးအတေးသည် ထိုနတ်ဆိုးနယ်မြေကြီးမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
" ဒါဆို ရှာနာက... အဲဒီထိတ်လန့်ဖွယ်ရာ အငွေ့အသက် ချဉ်းကပ်လာတာကို အာရုံခံမိလို့ အလျင်စလို ထွက်ပြေးသွားတာပေါ့.....
ပြီးတော့ ငါ့ရဲ့ ထုံထျန်းနတ်ဆိုးတောင်ရဲ့ အစီအရင်ကြီးကလည်း ဒီအငွေ့အသက် ကျဆင်းလာတာကို အာရုံခံမိလို့ အလိုအလျောက် သက်ဝင်ပြီး အလုပ်လုပ်သွားတာလား "
တစ်ခဏအတွင်းမှာပင် နတ်ဆိုးဧကရာဇ်ကြီးသည် အဖြစ်အပျက်များ၏ အစဉ်လိုက်ဖြစ်စဉ်တစ်ခုလုံးကို သူ ရှင်းလင်းစွာ သိသွားပြီဟု ယုံကြည်လိုက်၏။
ဤအငြိုးအတေးသည် တကယ်ကို အားကောင်းလွန်းလှသည်။ ၎င်းသည် ထုံထျန်းနတ်ဆိုးတောင်ကို ပစ်မှတ်မထားသော်လည်း အဝေးရှိ အဆုံးမဲ့ကောင်းကင်ဘုံ၌ ကျဆင်းလာမှုကပင် အစီအရင်ကြီးကို အာရုံခံမိစေကာ အလိုအလျောက် အသက်ဝင်လာစေခဲ့၏။
နတ်ဆိုးဧကရာဇ်ကြီးသည် သူ ယုံကြည်ရန် ခက်ခဲသော ဖြစ်နိုင်ခြေတစ်ခုကို ချက်ချင်း တွေးမိသွားလေသည်။
ဒီအငြိုးအတေးက.....
ကုချန်ရဲ့ နောက်ဆုံးလက်နက်များ ဖြစ်နေနိုင်မလား?!