← Chapters

အခန်း (၄၇၉-၄၈၀)

Vol. 35 Ch. 479-480

အခန်း (၄၇၉-၄၈၀)

Vol. 35 Ch. 479-480

‎အခန်း ( ၄၇၉ ) - ချန်ဝူး၏ ဦးနှောက်၊ အခွင့်အရေးကို စောင့်ဆိုင်းခြင်းနှင့် ဓားကို သွန်းလုပ်ရန် ပြင်ဆင်ခြင်း

‎

‎

‎

‎နတ်ဆိုးနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာမှ အငြိုးအတေး ကျဆင်းလာခဲ့၍ မျက်စိတစ်မှိတ်အတွင်းမှာပင် ရှာနာနတ်ဆိုးဧကရာဇ် ဆုတ်ခွာသွားခဲ့သည်။

‎

‎

‎၎င်းတို့နှစ်ခုကြားတွင် ဆက်စပ်မှုမရှိဟု ပြောရန် ခက်ခဲလှ၏။

‎

‎

‎အထူးသဖြင့် တိုက်ခိုက်သူများထဲမှ တစ်ဦးမှာ ကုချန်ဖြစ်နေခြင်းက ပို၍ပင် စိတ်ဝင်စားဖွယ် ကောင်းနေစေသည်။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် ကုချန်၌ နတ်ဆိုးဧကရာဇ်အဆင့်ကို ရင်ဆိုင်နိုင်စွမ်းရှိသော နောက်ဆုံးလက်နက်များ ရှိနေကြောင်းကို ဝိုးတဝါး ခန့်မှန်းမိခဲ့သည်။ ယခုအခါ ရှာနာနတ်ဆိုးဧကရာဇ်၏ သေချာစီစဉ်ထားသော အကြံအစည်ကြီး ရှိနေသော်ငြားလည်း သူသည် ကုချန်အား ဘာမျှမလုပ်နိုင်ခဲ့ပေ။ ဤသည်မှာ ရှာနာနတ်ဆိုးဧကရာဇ် သဘောကောင်းနေ၍လော။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးကတော့ ဤသည်ကို မည်သည့်အခါမျှ ယုံကြည်မည် မဟုတ်ပေ။

‎

‎

‎တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ကုချန်သည် ရှာနာနတ်ဆိုးဧကရာဇ်ကိုပင် ဟန့်တားနိုင်လောက်အောင် အစွမ်းထက်သော နောက်ဆုံးလက်နက်တစ်ခုကို ထုတ်ဖော်ပြသခဲ့ခြင်းပင် ဖြစ်၏။

‎

‎

‎ထိုသို့ဆိုလျှင် နတ်ဆိုးဧကရာဇ်တစ်ပါးကိုပင် ဟန့်တားနိုင်သည့် မည်ကဲ့သို့သော နောက်ဆုံးလက်နက်မျိုး ဖြစ်မည်နည်း။

‎

‎

‎ပုံရိပ်ယောင် မြင်ကွင်းမှတစ်ဆင့် သူ ယခုလေးတင် ခံစားသိရှိခဲ့ရသော အငြိုးအတေးစလေးကို တွေးမိသောအခါ နတ်ဆိုးဧကရာဇ်ကြီးသည် မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ပေ။

‎

‎

‎ယခုအခါ အခြေအနေမှာ အလွန် ရှင်းလင်းသွားခဲ့ပြီ ဖြစ်၏။

‎

‎

‎ထိုအငြိုးအတေး၊ နတ်ဆိုးနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာမှ ရှေးဟောင်းတည်ရှိမှုသည် ကုချန်၏ နောက်ဆုံးလက်နက်ပင် ဖြစ်သည်။

‎

‎

‎သို့မဟုတ်ပါက ရှာနာနတ်ဆိုးဧကရာဇ်မှ ကုချန်အား ပစ်မှတ်ထားချိန်တွင် ထိုအငြိုးအတေးသည် အဘယ်ကြောင့် ရုတ်တရက် ကျဆင်းလာရမည်နည်း။

‎

‎

‎ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိ၏။ ကုချန်သည် နတ်ဆိုးနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာရှိ ထိုတားမြစ်နယ်မြေမှ တည်ရှိမှုနှင့် ရှုပ်ထွေးနက်နဲသော ဆက်နွယ်မှုများ ရှိနေခြင်းပင် ဖြစ်သည်။

‎

‎

‎" ကုချန်မှာ ဒီလိုနောက်ခံမျိုး ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့မိဘူး "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် သူ၏ နဖူးမှ ချွေးအေးများကို သုတ်လိုက်ကာ ကံကောင်းသည်ဟု တိတ်တဆိတ် ခံစားလိုက်ရ၏။

‎

‎

‎ယခင်က ကုချန်နှင့် ရန်သူမဖြစ်ခဲ့သည်မှာ ကောင်းသောကိစ္စပင် ဖြစ်သည်။ ဤလူ၏ ဇာစ်မြစ်မှာ ဤမျှအထိ အံ့မခန်းဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ!

‎

‎

‎နတ်ဆိုးနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာရှိ ထိုကျယ်ပြောလှသော နတ်ဆိုးနယ်မြေကြီးသည် အသီးသီးသော နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုများအတွက်ပင် လုံးဝ တားမြစ်ထားသော နယ်မြေတစ်ခုပင် ဖြစ်၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော် အတိတ်က ထိုနတ်ဆိုးနယ်မြေကြီးအတွင်းသို့ ဝင်ရောက်စုံစမ်းရန် ကြိုးစားခဲ့သော နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုများ ရှိခဲ့ဖူးသောကြောင့်ပင်။

‎

‎

‎သို့သော် ရလဒ်အနေဖြင့် ထိုကျယ်ပြောလှသော နတ်ဆိုးနယ်မြေကြီးထဲသို့ ဝင်ရောက်ပြီး မကြာမီမှာပင် ၎င်းတို့သည် တိတ်ဆိတ်စွာ သေဆုံးသွားခဲ့ကြ၏။

‎

‎

‎၎င်းတို့သည် မသေဆုံးမီ သတင်းစကား တစ်စုံတစ်ရာ ပေးပို့ရန်ပင် အချိန်မရခဲ့ကြပေ။

‎

‎

‎နတ်ဆိုးနယ်မြေ တစ်ခုလုံးတွင် ယခင် မာရ်နတ်ဧကရာဇ် တစ်ပါးတည်းသာ ထိုကျယ်ပြောလှသော နတ်ဆိုးနယ်မြေကြီးထဲသို့ ဝင်ရောက်နိုင်ကာ အသက်ရှင်ကျန်ရစ်နိုင်ပေသည်။ အခြားသော နတ်ဆိုးဧကရာဇ်များမှာမူ ထိုအရည်အချင်းမျိုးပင် မရှိကြပေ။

‎

‎

‎အင်မော်တယ်-နတ်ဆိုး စစ်ပွဲအပြီးတွင် မာရ်နတ်ဧကရာဇ်သည် အရိပ်အယောင်မျှမကျန်ဘဲ ပျောက်ကွယ်သွားခဲ့၏။ မာရ်နတ်ဧကရာဇ်သည် နတ်ဆိုးနယ်မြေ အနက်ပိုင်းရှိ ထိုတားမြစ်နတ်ဆိုးနယ်မြေအတွင်းသို့ ဝင်ရောက်သွားခဲ့သလားဟု နတ်ဆိုးဧကရာဇ်ကြီးနှင့် အခြားသူများက ခန့်မှန်းခဲ့ကြသည်။

‎

‎

‎သို့သော် မည်သည့်နတ်ဆိုးဧကရာဇ်ကမျှ ထိုနေရာသို့ မဝင်ရောက်ရဲကြသောကြောင့် အရာအားလုံးသည် ခန့်မှန်းချက်များအဖြစ်သာ ကျန်ရစ်ခဲ့၏။

‎

‎

‎ယခုအခါတွင် ထိုကျယ်ပြောလှသော နတ်ဆိုးနယ်မြေကြီးနှင့် ဆက်စပ်နေပုံရသည့် ဒုတိယမြောက် တည်ရှိမှုတစ်ခု နတ်ဆိုးနယ်မြေတွင် ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။ နတ်ဆိုးဧကရာဇ်ကြီး အနေဖြင့် မည်သို့ မအံ့ဩဘဲ နေနိုင်မည်နည်း။

‎

‎

‎" တကယ်လို့ ဒီကလေးက အဲဒီနတ်ဆိုးနယ်မြေနဲ့ ဆက်စပ်နေတယ်ဆိုရင် ငါ့ရဲ့ ကြီးမားတဲ့ အခွင့်အရေးက သူ့အပေါ်မှာ ရှိနေဖို့ ပြဿနာမရှိတော့ဘူး! "

‎

‎

‎စိတ်သက်သာရာ ရသွားပြီးနောက် နတ်ဆိုးဧကရာဇ်ကြီးသည် အနည်းငယ် စိတ်လှုပ်ရှားလာခဲ့၏။

‎

‎

‎သူ၏ ကြီးမားသော အခွင့်အရေးသည် ကုချန်အပေါ်တွင် ကျရောက်မည်ဖြစ်ကြောင်း ကျောက်စိမ်းဖြူလိပ်ခွံမှ ညွှန်ပြနေခဲ့သည်။

‎

‎

‎သို့သော် ကုချန်၏ လက်ရှိအဆင့်နှင့် စွမ်းအားအရ သူသည် ထိုသို့သော ကြီးမားသည့် အခွင့်အရေးမျိုးကို ပံ့ပိုးပေးနိုင်မည် မဟုတ်ကြောင်းမှာ ထင်ရှားပေသည်။

‎

‎

‎သို့ရာတွင် ကုချန်သည် ထိုတားမြစ်နတ်ဆိုးနယ်မြေနှင့် ဆက်စပ်နေမည်ဆိုပါက အရာအားလုံးသည် အဓိပ္ပာယ်ရှိသွားပေလိမ့်မည်။

‎

‎

‎အတိတ်က နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုများသည် အဘယ်ကြောင့် အသက်ကိုပဓာနမထားဘဲ ထိုနတ်ဆိုးနယ်မြေကို စုံစမ်းရန် ကြိုးစားခဲ့ကြသနည်း။

‎

‎

‎၎င်းမှာ ရှေးဟောင်းဒဏ္ဍာရီများအရ ထိုနေရာတွင် နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုများကို အဆင့်တက်ရန် ကူညီပေးနိုင်သည့် ကြီးမားသော အခွင့်အရေးတစ်ခု ရှိနေသည်ဟု ဆိုထားသောကြောင့်ပင်!

‎

‎

‎ယခု ကုချန်သည် ထိုနတ်ဆိုးနယ်မြေနှင့် ဆက်စပ်နေပြီဖြစ်ရာ အနာဂတ်တွင် ထိုအခွင့်အရေးကို နတ်ဆိုးနယ်မြေထဲမှ ယူဆောင်လာ၍ သူ့အား ပေးနိုင်မည်ဆိုပါက ကျောက်စိမ်းဖြူလိပ်ခွံပေါ်ရှိ ဟောကိန်းသည် အမှန်တကယ် ဖြစ်လာမည်မဟုတ်လော!

‎

‎

‎" ဒီအခွင့်အရေး ငါ့လက်ထဲ ဘယ်တော့ ရောက်လာမလဲဆိုတာပဲ ငါ မသိတာ "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် အတော်လေး စိတ်အားထက်သန်နေခဲ့၏။

‎

‎

‎ဤနတ်ဆိုးနယ်မြေရှိ နတ်ဆိုးဧကရာဇ်များထဲတွင် သူသည် မကြာသေးမီကမှ တာအိုကို ရရှိခဲ့သူ အနည်းငယ်ထဲမှ တစ်ဦးဖြစ်သော်လည်း သူသည် နတ်ဆိုးဧကရာဇ်အဆင့်တွင် အတိုင်းအတာတစ်ခုအထိ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရပြီး ဖြစ်သည်။

‎

‎

‎ဤနတ်ဆိုးနယ်မြေရှိ နတ်ဆိုးဧကရာဇ်များထဲတွင် မည်သူက နတ်ဆိုးဧကရာဇ်အဆင့်ကို ကျော်လွန်၍ အဆင့်တက်ရန် အိပ်မက်မမက်ဘဲ နေမည်နည်း။

‎

‎

‎သို့သော် သမိုင်းတစ်လျှောက်လုံးတွင် နတ်ဆိုးဧကရာဇ်အဆင့်သည် နတ်ဆိုးနယ်မြေ၏ အကန့်အသတ်ဖြစ်ပုံပင်။ နတ်ဆိုးဧကရာဇ်အဆင့်မှ အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့သူ တစ်ဦးတစ်ယောက်မျှပင် မရှိခဲ့ချေ။

‎

‎

‎လျှို့ဝှက်ဆန်းကြယ်သော မာရ်နတ်ဧကရာဇ် တစ်ပါးတည်းသာလျှင် တစ်ခုတည်းသော ချွင်းချက် ဖြစ်၏။

‎

‎

‎မာရ်နတ်ဧကရာဇ် တည်ရှိနေခြင်းကလည်း နတ်ဆိုးနယ်မြေရှိ အသီးသီးသော နတ်ဆိုးဧကရာဇ်များ၏ စိတ်နှလုံးထဲမှ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေခဲ့သည်။

‎

‎

‎နတ်ဆိုးဧကရာဇ်အဆင့်မှ ဖောက်ထွက်ခြင်းသည် လမ်းဆုံးမဟုတ်ကြောင်းနှင့် ရှေ့ဆက်ရန် ဖြစ်နိုင်သေးကြောင်းကို မာရ်နတ်ဧကရာဇ် တည်ရှိနေခြင်းက အနည်းဆုံးတော့ သက်သေပြနေသည်ဟု သူတို့ ခံစားရရာ ဤမျှဆိုလျှင်ပင် လုံလောက်နေပြီပင်။

‎

‎

‎" ထားလိုက်ပါတော့... ဒီလောက်တောင် စောင့်ခဲ့ပြီးပြီပဲ... နောက်ထပ် နည်းနည်းလောက် ထပ်စောင့်ရတာ ဘာမှမဖြစ်ပါဘူး... ငါ့မှာ အချိန်တွေ အများကြီးရှိတယ်... စိတ်ရှည်လက်ရှည် စောင့်နိုင်ပါတယ် "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် ကိုယ်တိုင်လည်း နတ်ဆိုးဧကရာဇ်အဆင့်မှ ဖောက်ထွက်နိုင်မည့် အခွင့်အရေးကို လိုလားတောင့်တနေသော်ငြားလည်း သူ၏စိတ်နှလုံးထဲရှိ ဂနာမငြိမ်ဖြစ်မှုများကို အတင်းအကျပ် ဖိနှိပ်ရင်း တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်၏။

‎

‎

‎သို့သော် ဤအခွင့်အရေးသည် အတင်းအကျပ် ရယူနိုင်သော အရာမျိုး မဟုတ်ကြောင်းကို နတ်ဆိုးဧကရာဇ်ကြီး သိထားလေသည်။

‎

‎

‎အချိန်ကျလာသောအခါ ကောင်းချီးမင်္ဂလာများမှာ သဘာဝအတိုင်း ရောက်ရှိလာမည်သာ ဖြစ်သည်။

‎

‎

‎အချိန်တန်သောအခါမှသာ ဤအံ့မခန်း အခွင့်အရေးကို သူ ရိတ်သိမ်းရမည့် အချိန်ရောက်လာပေလိမ့်မည်။

‎

‎

‎.........

‎

‎

‎အဆုံးမဲ့ကောင်းကင်ဘုံ... ကုချန်၏ နန်းတော်အတွင်း၌.....

‎

‎

‎ကျယ်ပြောလှသော နန်းတော်ကြီးမှာ ဟာလာဟင်းလင်းဖြစ်နေကာ ကုချန် တစ်ယောက်သာ ရှိနေလေသည်။

‎

‎

‎ပြန်ရောက်ပြီးနောက် ကုချန်သည် ချီလျိုအား သူ အချိန်အတိုင်းအတာတစ်ခုအထိ တံခါးပိတ်ကျင့်ကြံတော့မည်ဖြစ်ကြောင်းနှင့် ထိုအချိန်အတွင်း ကိစ္စကြီးကြီးမားမား မရှိပါက သူ့အား မနှောင့်ယှက်ရန် ညွှန်ကြားထားခဲ့သည်။

‎

‎

‎ကုချန်၏အမိန့်ကို ရရှိပြီးနောက် ချီလျိုသည် ချက်ချင်း လှုပ်ရှားလိုက်ကာ ကုချန်၏ နန်းတော်ပတ်လည်ရှိ သက်ရှိသတ္တဝါအားလုံးကို ရှင်းလင်းလိုက်၍ မိုက်မဲသူတစ်စုံတစ်ယောက်မှ လာရောက်နှောင့်ယှက်ခြင်း မပြုနိုင်စေရန် ကုချန်၏ နန်းတော်အပြင်ဘက်ကို စောင့်ကြပ်ရန် ချီလျန်မျိုးနွယ်မှ သစ္စာရှိသော အကြီးအကဲအချို့ကို စေလွှတ်လိုက်၏။

‎

‎

‎သူ၏ တံခါးပိတ်ကျင့်ကြံရာ နေရာသို့ ပြန်ရောက်ပြီးနောက် ကုချန်သည် တရားထိုင်ရန် အလျင်စလို မပြုလုပ်ခဲ့ဘဲ ရှေးဦးစွာ သူ၏ လက်ကိုဝှေ့ယမ်းကာ ယခုတစ်ကြိမ် အင်မော်တယ်ကမ္ဘာမှ သူ ယူဆောင်လာခဲ့သော မြောက်မြားစွာသော ကောင်းကင်သတ္တုများကို ထုတ်ယူလိုက်သည်။

‎

‎

‎ကောင်းကင်သတ္တု အပိုင်းအစများ တစ်ခုပြီးတစ်ခု ပေါ်လာသည်နှင့်အမျှ ကမ္ဘာလောကသည် ရောင်စုံ အံ့ဖွယ်အရောင်အသွေးများဖြင့် ချက်ချင်း ပြည့်နှက်သွားခဲ့၏။

‎

‎

‎၎င်းတို့မှာ မတူညီသော ကောင်းကင်သတ္တုများမှ ထုတ်လွှတ်လိုက်သည့် အလင်းရောင်များပင် ဖြစ်သည်။

‎

‎

‎၎င်းတို့ထဲတွင် ဓာတ်ကြီးငါးပါး၏ စွမ်းအားများ ပါဝင်သော ကောင်းကင်ပစ္စည်းများအပြင် လေနှင့် လျှပ်စီးစွမ်းအားများ ပါဝင်သော ကောင်းကင်သတ္တုများလည်း ပါဝင်၏။ အချိန်နှင့် လေဟာနယ် စွမ်းအားများ ပါဝင်သော ကောင်းကင်သတ္တုများပင် ထိုအထဲတွင် ခိုအောင်းနေသေးသည်။

‎

‎

‎ဤကောင်းကင်သတ္တုများသည် ကုချန်၏ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ စုဆောင်းထားခဲ့မှု၏ ရလဒ်ဟု ဆိုနိုင်ပေသည်။

‎

‎

‎အချို့ကို ဟွမ်သွမ့်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာများတွင် သူကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

‎

‎

‎အချို့မှာ အင်မော်တယ်တစ်သောင်းမျှော်စင်ကို ဖျက်ဆီးပြီးနောက် ထိုနေရာမှ သူ လုယူခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် လဝိညာဉ် ကောင်းကင်ဘုံ၌ အခြေချပြီးနောက် သူ့အတွက် ရှာဖွေပေးရန် ယွဲ့လင်အင်မော်တယ်ဘုရင်ကို ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ဤအထဲတွင် အင်မော်တယ်ကမ္ဘာ၌ ချန်းရှီအင်မော်တယ်ဘုရင်နှင့် ဝမ်ထျန်းအင်မော်တယ်ဘုရင်တို့ကို သတ်ဖြတ်ပြီးနောက် သူ ရရှိခဲ့သော ပစ္စည်းများလည်း ပါဝင်သည်။

‎

‎

‎သေချာပေါက်ပင် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်ကို သတ်ဖြတ်ပြီးနောက် သူရရှိခဲ့သော အင်မော်တယ်ဘုရင် တိုက်ပွဲဝင်ရတနာဖြစ်သည့် ထိုကျိုးပဲ့နေသော အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံလည်း ပါဝင်ပေသည်။

‎

‎

‎ဤနှစ်များအတွင်း သူ၏ ရရှိမှုအားလုံးကို ကုချန် ထုတ်ယူလိုက်သောအခါ လေဟာနယ်ထဲတွင် အသံတစ်သံ ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။

‎

‎

‎နောက်အခိုက်အတန့်တွင် တောက်ပသော အလင်းတန်းတစ်ခု လင်းလက်သွားကာ လေဟာနယ် ပြိုကွဲသွား၍ အဆုံးမဲ့ဓားသည် ကုချန်၏ရှေ့တွင် ချက်ချင်း ထွက်ပေါ်လာခဲ့၏။ ၎င်းသည် အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်ကဲ့သို့ သူ၏ပတ်လည်တွင် လှည့်ပတ်နေကာ ၎င်း၏ဓားဖျားမှာလည်း အဆက်မပြတ် တောက်ခေါက်နေရာ အဆုံးမဲ့ဓား၏ စိတ်လှုပ်ရှား၍ ဂနာမငြိမ်ဖြစ်နေသော စိတ်အခြေအနေကို ဖော်ပြနေပုံရ၏။

‎

‎

‎" ကောင်းပါပြီ... ကောင်းပါပြီ... အရမ်းကြီး လောမနေပါနဲ့... ဒါတွေ အားလုံးက မင်းအတွက်ချည်းပါပဲ "

‎

‎

‎အဆုံးမဲ့ဓား၏ စိတ်လှုပ်ရှားနေသော ပုံစံကို ကြည့်ရင်း ကုချန်သည် ရယ်မောကာ ခေါင်းခါလိုက်၏။ ဤကောင်းကင်သတ္တု မြင့်မြတ်သော ပစ္စည်းများကို အစကတည်းက အဆုံးမဲ့ဓားအတွက် သူ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူ၏စွမ်းအားများ တိုးတက်လာသည်ဖြစ်ရာ သာမန် အင်မော်တယ်ဘုရင် မြင့်မြတ်သော လက်နက်တစ်ခုသာ ဖြစ်သည့် အဆုံးမဲ့ဓားသည် အနည်းငယ် မလုံလောက်တော့ပေ။

‎

‎

‎ပုံမှန်အားဖြင့် ကုချန်သည် တိုက်ပွဲအတွက် အဆုံးမဲ့ဓားကို ထုတ်သုံးလေ့ သိပ်မရှိချေ။

‎

‎

‎အကယ်၍ အဆုံးမဲ့ဓားကို နောက်ကောက်မကျစေလိုပါက ၎င်းကို ပို၍ အစွမ်းထက်သော မြင့်မြတ်သည့် လက်နက်တစ်ခုဖြစ်လာအောင် သူ သွန်းလုပ်ရန် လိုအပ်ပေသည်။

‎

‎

‎ယခု သူသည် ကောင်းကင်ပစ္စည်းများကို အချိန်ကြာမြင့်စွာ စုဆောင်းထားခဲ့ပြီးပြီဖြစ်ရာ ၎င်းတို့ကို အသုံးပြု၍ အဆုံးမဲ့ဓားကို အဆင့်မြှင့်တင်ပေးရန် အချိန်ရောက်လာပြီ ဖြစ်သည်။

‎

‎အခန်း ( ၄၈၀ ) - တိုက်ပွဲဝင်အလံကို ပေါင်းစည်းခြင်း၊ အင်မော်တယ်နှင့် နတ်ဆိုး စစ်မြေပြင်၊ ရှေးဟောင်းမကောင်းဆိုးဝါး

‎

‎

‎

‎ချွင်...! ချွင်...!

‎

‎

‎အဆုံးမဲ့ဓားသည် အဆက်မပြတ် တုန်ခါမြည်ဟည်းနေ၍ လေဟာနယ်ထဲတွင် စီတန်းထားသော များပြားလှသည့် အင်မော်တယ်ပစ္စည်းများသည် ၎င်း၏မျက်စိထဲ၌ အရသာရှိသော ဟင်းလျာများကဲ့သို့ ဖြစ်နေကာ မျှော်လင့်တကြီး ဖြစ်နေစေ၏။

‎

‎

‎ကုချန်ကသာ အမိန့်မပေးရသေးလျှင် အဆုံးမဲ့ဓားသည် စိတ်မရှည်စွာဖြင့် ရှေ့သို့ပြေးထွက်သွားကာ ဤအင်မော်တယ်ပစ္စည်းများ အားလုံးကို ၎င်း၏ကိုယ်ထည်ထဲသို့ ပေါင်းစည်းပစ်ခဲ့သည်မှာ ကြာလှပြီဖြစ်သည်။

‎

‎

‎အဆုံးမဲ့ဓားသည် အင်မော်တယ်ဘုရင်အဆင့်ရှိ မြင့်မြတ်သောလက်နက်တစ်ခု ဖြစ်နေခဲ့ပြီဖြစ်ရာ ဤအင်မော်တယ်ပစ္စည်းများကို ပေါင်းစည်းရာတွင် ကုချန်၏ ထိန်းချုပ်မှု မလိုအပ်တော့ဘဲ သူ့အလိုလို ပြုလုပ်နိုင်နေပြီဖြစ်သည်။

‎

‎

‎" ဒီအင်မော်တယ်ပစ္စည်းတွေကို ပေါင်းစည်းဖို့ မလောပါနဲ့ဦး... ပထမဆုံး ဒီအင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံကို မင်းရဲ့ခန္ဓာကိုယ်ထဲကို ပေါင်းစည်းဖို့ အရင်ကြိုးစားကြည့်လိုက် "

‎

‎

‎ကုချန်သည် သူ၏လက်ကို မြှောက်လိုက်ကာ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်ကို သတ်ဖြတ်ပြီးနောက် သူရရှိခဲ့သော အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံကို ခေါ်ယူလိုက်၍ အဆုံးမဲ့ဓား၏ ရှေ့သို့ ပစ်ချပေးလိုက်၏။

‎

‎

‎ထိုအင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံသည် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင် ဂုဏ်ယူဝင့်ကြွားခဲ့ရသော တန်ဖိုးကြီးရတနာတစ်ခုဖြစ်ကာ ၎င်း၏ အစွမ်းအာနိသင်သည် သာမန် အင်မော်တယ်ဘုရင် လက်နက်များထက် များစွာ သာလွန်ပေသည်။

‎

‎

‎အကယ်၍ ကုချန်၏စွမ်းအားသာ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်ထက် များစွာ သာလွန်မနေခဲ့ပါက ဤတိုက်ပွဲဝင်အလံ တစ်ခုတည်းနှင့်ပင် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် တိုက်ပွဲ၏ ရလဒ်ကို အဆုံးအဖြတ်ပေးကာ ကုချန်ကို အနိုင်ယူနိုင်မည် ဖြစ်သည်။

‎

‎

‎သို့သော် ထိုအင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံ၏ အလုပ်လုပ်ပုံမှာ အလံထဲတွင် ပါဝင်နေသော အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များကို နယ်ပယ်တစ်ခုအဖြစ် ပြောင်းလဲကာ ရန်သူကို ပိပိတ်လှောင်၍ မလှုပ်ရှားနိုင်အောင် ပြုလုပ်ခြင်းဖြစ်သည်။

‎

‎

‎ဤသည်မှာ ကုချန်၏ 'အချိန်နှင့်လေဟာနယ် ပျက်သုဉ်းခြင်း ကျင့်စဉ်' နှင့်လည်း အနည်းငယ် ဆင်တူနေပေသည်။

‎

‎

‎ထို့ကြောင့် ဤအင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံသည် ကုချန်အတွက် သိပ်ပြီး အသုံးမဝင်လှပေ။

‎

‎

‎ယခုအခါ သူသည် အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုကိုပင် ရင်ဆိုင်နိုင်နေပြီဖြစ်ရာ ဤအင်မော်တယ်ဘုရင်အဆင့် တိုက်ပွဲဝင်ရတနာသည် သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုပင် ဖြစ်နေတော့သည်။

‎

‎

‎မည်သို့ပင်ဖြစ်စေ ဤစုတ်ပြဲနေသော တိုက်ပွဲဝင်အလံ၏ တန်ဖိုးသည် အခြားသော အင်မော်တယ်ပစ္စည်းများထက် များစွာ သာလွန်နေဆဲ ဖြစ်သည်။

‎

‎

‎အကယ်၍ အဆုံးမဲ့ဓားသည် ၎င်းကို အောင်မြင်စွာ ပေါင်းစည်းနိုင်ပါက မျှော်လင့်မထားသော ရလဒ်များကို ရရှိမည်မှာ သေချာလှသည်။

‎

‎

‎" ဝုန်း...! "

‎

‎

‎ကုချန်၏အမိန့်ကို ကြားသောအခါ အဆုံးမဲ့ဓားသည် သဘာဝအတိုင်းပင် သံသယဝင်မနေခဲ့ချေ။ ၎င်း၏ဓားသွားပေါ်တွင် ပါးစပ်တစ်ခုကဲ့သို့ ရှည်လျားကျဉ်းမြောင်းသော အဟိုက်တစ်ခု ပထမဆုံး ပွင့်ဟလာခဲ့၏။ နောက်အခိုက်အတန့်တွင် အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံသည် အထဲသို့ ဆွဲသွင်းခံလိုက်ရကာ ထိုအဟိုက်ထဲသို့ ကျဆင်းသွားတော့သည်။

‎

‎

‎" ဝုန်း...! "

‎

‎

‎အင်မော်တယ်ဘုရင် တိတိုက်ပွဲဝင်အလံ အဆုံးမဲ့ဓားထဲသို့ ဝင်ရောက်သွားသည်နှင့်တပြိုင်နက် အဆုံးမဲ့ဓား၏ ဓားကိုယ်ထည်သည် ချက်ချင်း ပြင်းထန်စွာ တုန်ခါလာတော့၏။

‎

‎

‎အဆုံးမဲ့ဓားသည် မီးရဲရဲတောက်နေသော သံပူပြားတစ်ခုကို မြိုချလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ ၎င်း၏ဓားတစ်လက်လုံးမှာ အဆက်မပြတ် တုန်ခါနေခဲ့သည်။

‎

‎

‎" မင်းရဲ့ အစွမ်းကုန်သုံးပြီး သန့်စင်လိုက်ပါ... ငါ မင်းကို ကူညီပေးမယ် "

‎

‎

‎ကုချန်မှ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ အဆုံးမဲ့ဓား၏ လက်ကိုင်ကို ဆုပ်ကိုင်လိုက်၏။ သူ၏ တည်ငြိမ်သော အသံကြောင့် အဆုံးမဲ့ဓား၏ တုန်ခါမှုများသည် ချက်ချင်းပင် အနည်းငယ် လျော့ကျသွားခဲ့လေသည်။

‎

‎

‎ဤအင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံကို ပေါင်းစည်းခြင်းသည် အခြားသော အင်မော်တယ်ပစ္စည်းများကို ပေါင်းစည်းသကဲ့သို့ ရိုးရှင်းမည်မဟုတ်ကြောင်းကို ကုချန် ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သည်။

‎

‎

‎သို့သော် အစကတည်းက အဆုံးမဲ့ဓား၏ တုံ့ပြန်မှုက ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

‎

‎

‎" သတ်! သတ်! သတ်! "

‎

‎

‎နားကွဲမတတ် သတ်ဖြတ်ဟစ်အော်သံများသည် အဆုံးမဲ့ဓားထဲမှ အဆက်မပြတ် ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့၏။

‎

‎

‎၎င်းမှာ အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံထဲတွင် ပါဝင်နေသော အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များ ဖြစ်ပြီး ယခုအခါ အဆုံးမဲ့ဓား၏ စုပ်ယူမှုနှင့် ပြန်လည်ဖွဲ့စည်းမှုကြောင့် တဖြည်းဖြည်း ယိုစိမ့်ထွက်ပေါ်လာကာ ရှေးဟောင်းဓားတစ်လက်လုံးထဲသို့ စိမ့်ဝင်သွား၍ အဆုံးမဲ့ဓားကို 'ပေါက်ကွဲ' သွားစေရန် ကြိုးစားနေသည့်အလားပင်။

‎

‎

‎အကယ်၍ သာမန် အင်မော်တယ်ဘုရင် လက်နက်တစ်ခုသာဆိုလျှင် အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံမှ ဤမျှကြမ်းတမ်းသော သတ်ဖြတ်လိုစိတ်များ၏ တိုက်စားခံရမှုကြောင့် လုံးဝ ပေါက်ကွဲပျက်စီးသွားခဲ့သည်မှာ ကြာလှပြီဖြစ်သည်။

‎

‎

‎သို့သော် အဆုံးမဲ့ဓားသည် မည်သို့ပင်ဆိုစေ ကုချန်၏ ကိုယ်ပိုင်လက်နက် ဖြစ်၏။ ၎င်းတွင် ကုချန် ပေါင်းထည့်ပေးထားသော တာအိုအသိအမြင်အချို့ ပါဝင်ကာ အဆုံးမဲ့တာအိုမီးဖိုထဲတွင် သန့်စင်ခံထားရပြီး ဖြစ်သည်။

‎

‎

‎ထို့အပြင် ဤနှစ်များအတွင်း နတ်ဆိုးနယ်မြေ၌ ကုချန် ရရှိခဲ့သမျှသော အင်မော်တယ်ပစ္စည်းများ အားလုံးကို အဆုံးမဲ့ဓားထဲသို့ ပေါင်းစည်းထားခဲ့ပြီး ဖြစ်၏။

‎

‎

‎ထို့ကြောင့် ယခုအခါ အဆုံးမဲ့ဓား၏ အနှစ်သာရသည် သာမန် အင်မော်တယ်ဘုရင် လက်နက်များထက် များစွာ သာလွန်နေပြီဖြစ်ရာ အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံပင်လျှင် ၎င်းကို မထိခိုက်စေနိုင်တော့ပေ။

‎

‎

‎အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံ၏ ပြင်းထန်သော တုံ့ပြန်မှုသည် အဆုံးမဲ့ဓား၏ မာနကိုလည်း ဆွပေးလိုက်ရာ ၎င်းကို ပို၍ပင် မကျေမနပ် ဖြစ်သွားစေ၏။ ၎င်း၏ ကိုယ်တွင်းမှ အဆုံးမဲ့ ဓားချီများ ရုန်းကြွလာကာ ထိုစုတ်ပြဲနေသော အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံကို အရိပ်အယောင်ပင် မကျန်အောင် လုံးဝ ဆုတ်ဖြဲပစ်လိုက်လေသည်။

‎

‎

‎ဤလုပ်ငန်းစဉ်အတွင်း ကုချန်သည် အေးစက်သော အကြည့်များဖြင့်သာ စောင့်ကြည့်နေခဲ့၍ ဝင်မပါခဲ့ပေ။

‎

‎

‎အဆုံးမဲ့ဓားအတွက် ဤသည်မှာ စမ်းသပ်မှုတစ်ခု ဖြစ်၏။ အကယ်၍ ၎င်းသာ အောင်မြင်စွာ ကျော်လွှားနိုင်ပါက နဂါးတံခါးကို ခုန်ကျော်သွားသော ငါးတစ်ကောင်ကဲ့သို့ ကြီးမားလှသော အသွင်ပြောင်းလဲမှု အကျိုးကျေးဇူးကို ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်သည်။

‎

‎

‎အကယ်၍ သူသာ မဆင်မခြင် ဝင်ရောက်စွက်ဖက်လိုက်ပါက အဆုံးမဲ့ဓားကို ဤအခွင့်အရေးနှင့် လွဲချော်သွားစေမည် ဖြစ်၏။

‎

‎

‎ထို့အပြင် လက်ရှိအခြေအနေကို ကြည့်ရလျှင် အဆုံးမဲ့ဓားသည် 'မိမိကိုယ်ကို ရပ်တည်နိုင်စွမ်း' ရှိနေသည်မှာ ထင်ရှားပေသည်။

‎

‎

‎သူသည် ဘေးမှရပ်ကြည့်နေ၍ မျှော်လင့်မထားသော မတော်တဆမှုများ မဖြစ်ပေါ်လာစေရန် ကာကွယ်ပေးရန်သာ လိုအပ်သည်။

‎

‎

‎အချိန်များသည် တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်လွန်သွားခဲ့၏။

‎

‎

‎အဆုံးမဲ့ဓား၏ မျက်နှာပြင်တွင် ရစ်ဝဲနေသော သတ်ဖြတ်လိုစိတ်များသည် ပို၍ ပို၍ ထူထပ်လာခဲ့လေသည်။

‎

‎

‎အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံသည် ဆက်လက်၍ တောင့်ခံထားနိုင်ခြင်း မရှိတော့ဘဲ အဆုံးမဲ့ဓားထဲရှိ ဓားချီများ၏ ဆုတ်ဖြဲမှုကြောင့် မကြာမီတွင် အပိုင်းပိုင်း ပြတ်တောက်သွားကာ လုံးဝ ပြိုကွဲသွားတော့မည်ဖြစ်ကြောင်းကို ကုချန် ခံစားမိလိုက်၏။ ၎င်းမှာ အချိန်ယူရမည့် ကိစ္စတစ်ခုသာ ဖြစ်သည်။

‎

‎

‎သို့သော် အဆုံးမဲ့ဓားသည် အောင်မြင်စွာ ပေါင်းစည်းနိုင်တော့မည်ဟု ထင်မှတ်ကာ ကုချန် စိတ်လျှော့လိုက်ချိန်မှာပင် မျှော်လင့်မထားသော အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့၏။

‎

‎

‎စုတ်ပြဲနေသော တိုက်ပွဲဝင်အလံသည် အဆုံးမဲ့ဓား၏ ဓားချီများကြောင့် ဆုတ်ဖြဲခံလိုက်ရချိန်တွင် ဖောက်ထွင်း၍မရနိုင်လောက်အောင် နက်မှောင်နေသော အမှောင်ထုတစ်စသည် အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံ၏ ပေါက်ပြဲနေသော နေရာမှ ရုတ်တရက် ထွက်ပေါ်လာကာ အဆုံးမဲ့ဓားရော ကုချန်ကိုပါ မျက်စိတစ်မှိတ်အတွင်း လွှမ်းခြုံသွားခဲ့လေသည်။

‎

‎

‎ဒါ ဘာလဲ?

‎

‎

‎သူ၏ပတ်လည်ရှိ အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံမှ ထွက်ပေါ်လာသော မြူမည်းများကို ခံစားရသောအခါ ကုချန်သည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့၏။

‎

‎

‎ဤအင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံကို ရရှိပြီးနောက်ပိုင်းတွင် သူသည် တစ်ကြိမ် စူးစမ်းရှာဖွေခဲ့ဖူးသော်လည်း ဘာကိုမျှ မတွေ့ရှိခဲ့ရပေ။

‎

‎

‎သို့ဆိုလျှင် ဤထူထပ်သော မြူမည်းများက ဘယ်ကနေ ရောက်လာသနည်း။

‎

‎

‎ကုချန် အံ့ဩနေစဉ်မှာပင်.....

‎

‎

‎မြူမည်းများသည် ရုတ်တရက် စုစည်းသွားကာ ဝိုးတဝါးအခြေအနေတွင် နားကွဲမတတ် သတ်ဖြတ်ဟစ်အော်သံများ ကုချန်၏နားထဲ၌ ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့လေသည်။

‎

‎

‎သူ၏ပတ်လည်တွင် အဆုံးမရှိ ကြီးကျယ်ခမ်းနားသော တိုက်ပွဲမြင်ကွင်းတစ်ခု အမှန်တကယ် ပေါ်ထွက်လာခဲ့၏။

‎

‎

‎၎င်းမှာ အဆုံးမဲ့ကမ္ဘာများကို စစ်မြေပြင်အဖြစ်ထားကာ နယ်ပယ်ပေါင်းစုံကို အလှဆင်မှုအဖြစ် ပြုလုပ်ထားသော အင်မော်တယ်ဘုရင်များ အချင်းချင်း စစ်ခင်းနေသည့် ကြမ်းတမ်းသော စစ်မြေပြင်တစ်ခု ဖြစ်သည်။ အင်မော်တယ်ဘုရင်များ အချင်းချင်း ပြင်းထန်စွာ တိုက်ခိုက်နေကြသည်မှာ သူတို့၏ သတ်ဖြတ်ဟစ်အော်သံများသည် နှစ်သန်းပေါင်းများစွာကို ဖြတ်ကျော်၍ အဆုံးမဲ့ အချိန်နှင့် လေဟာနယ်ကို ဖြတ်သန်း ပဲ့တင်ထပ်နေသည့်အလားပင်။

‎

‎

‎သူ၏ပတ်လည်ရှိ စစ်မြေပြင်မြင်ကွင်းကို မြင်လိုက်ရသောအခါ ကုချန်၏စိတ်ထဲတွင် အတွေးတစ်ခု ချက်ချင်း ပေါ်လာခဲ့၏။ ဤသည်မှာ ရှေးဟောင်းစစ်ပွဲ၊ အင်မော်တယ်-နတ်ဆိုး စစ်မြေပြင် ဖြစ်ပုံရ၏။

‎

‎

‎စစ်မြေပြင်ပေါ်တွင် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် လွင့်ပျံနေသော အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံကို ကိုင်ဆောင်ကာ အင်မော်တယ်ဘုရင်တစ်ပါးနှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်ကို မြင်တွေ့လိုက်ရ၏။

‎

‎

‎အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံ၏ မျက်နှာပြင်တွင် မည်သည့် ပျက်စီးမှုမျှ မရှိဘဲ သွေးစွန်းရာ အနည်းငယ်သာ ရှိလေသည်။

‎

‎

‎သို့သော် ပုံရိပ်ယောင်ထဲတွင် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင် ကိုင်ဆောင်ထားသော တိုက်ပွဲဝင်အလံသည် ယခု ကုချန် ပိုင်ဆိုင်ထားသော အလံနှင့် တစ်ထပ်တည်းဖြစ်ကြောင်း မြင်တွေ့နိုင်သော်လည်း ယခုလက်ရှိ အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံမှာမူ လွန်စွာ စုတ်ပြဲနေခဲ့ပြီ ဖြစ်သည်။

‎

‎

‎" သတ်! "

‎

‎

‎ပုံရိပ်ယောင်ထဲတွင် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် ဒေါသအမျက်များ ထွက်နေ၍ သူ၏သတ်ဖြတ်လိုစိတ်များသည်လည်း ကောင်းကင်အထိပင် ထိုးတက်နေလေသည်။

‎

‎

‎သူသည် လက်ထဲရှိ အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံကို ဝှေ့ယမ်းကာ ရှေ့သို့ ဆက်တိုက် တိုက်ခိုက်သွား၍ တစ်ဖက် အင်မော်တယ်ဘုရင်အား အဆက်မပြတ် ဆုတ်ခွာသွားစေရန် ဖိအားပေးနေခဲ့သည်။

‎

‎

‎ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ အနီးတွင်လည်း အင်မော်တယ်ဘုရင် အများအပြားသည် တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်နေကြ၏။

‎

‎

‎လေဟာနယ်နယ်ပယ် ပြိုကွဲသွား၍ ကောင်းကင်ဘုံများအားလုံး ကျဆင်းသွားခဲ့လေသည်။

‎

‎

‎ဤသည်မှာ အလွန် ကြေကွဲဖွယ်ကောင်းသော စစ်ပွဲတစ်ခု ဖြစ်လာရန် ဖန်တီးထားခြင်းပင် ဖြစ်သည်။ အတိတ်က သမိုင်းဝင် မြင်ကွင်းကို တွေ့မြင်ရရုံမျှဖြင့် ကုချန်၏ စိတ်နှလုံးထဲတွင် အဆုံးမဲ့ ကြီးကျယ်ခမ်းနားမှု ခံစားချက်တို့ ပြည့်နှက်သွားခဲ့၏။

‎

‎

‎ဤအင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံထဲတွင် အဘယ်ကြောင့် ဤကဲ့သို့သော စွမ်းအားများ ပါဝင်နေရသနည်းဟု ကုချန် တွေးတောနေစဉ်မှာပင် ‌မျှော်လင့်မထားသည်များ ဖြစ်ပေါ်လာခဲ့၏။

‎

‎

‎ထူထပ်သော မြူမည်းများဖြင့် ဖွဲ့စည်းထားသည့် ပုံရိပ်ယောင်ထဲတွင် ကြီးမားလှသော အငြိုးအတေးတစ်ခုသည် စစ်မြေပြင်ကို ဖြတ်သန်းတိုက်ခတ်သွားခဲ့၏။ ၎င်း ဖြတ်သန်းသွားရာ နေရာတိုင်းရှိ ဒြပ်ရှိ၊ ဒြပ်မဲ့ အရာအားလုံးသည် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

‎

‎

‎ထိုအငြိုးအတေး ဖြတ်သန်းတိုက်ခတ်သွားသောအခါ ဘုရင်အဆင့် တည်ရှိမှု အားလုံးသည်ပင် ရူးသွပ်စွာ ထွက်ပြေးကုန်ကြတော့သည်။

‎

All Chapters