အခန်း (၄၈၁-၄၈၂)
Vol. 35 Ch. 481-482
အခန်း ( ၄၈၁ ) - စိတ်နေသဘောထား ရုတ်တရက် ပြောင်းလဲသွားခြင်း၊ ဇာတ်လမ်းအစအဆုံးနှင့် ရင်းနှီးနေသော ခံစားချက်
ထိုအငြိုးအတေးသည် အရာအားလုံးကို ဖြတ်သန်းသွားသည်မှာ တားဆီး၍မရနိုင်ပေ။ ၎င်းဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် အင်မော်တယ်ဘုရင် လက်နက်တစ်ခု ရှိနေခဲ့ရာ ၎င်းအတွင်းရှိ လက်နက်ဝိညာဉ်နှင့် လက်နက်ကိုယ်တိုင်မှာ ထွက်ပြေးရန် အချိန်ပင်မရလိုက်ဘဲ လုံးဝ ပျက်စီးသွားခဲ့ရ၏။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ စစ်မြေပြင်ရှိ အင်မော်တယ်ဘုရင်များ အားလုံးသည် ထိတ်လန့်တကြားဖြစ်သွားကြလျက် အလိုအလျောက် လူစုကွဲကာ ထွက်ပြေးကုန်ကြတော့သည်။
ပြေး! ပြေး!
ထိုအတွေးသည် မြင်ကွင်းထဲရှိ အင်မော်တယ်ဘုရင် အားလုံး၏ စိတ်နှလုံးထဲတွင် ဖြစ်ပေါ်လာခဲ့ကာ အင်မော်တယ်ဘုရင်ကြီးအဆင့် ရှိသူများပင်လျှင် ချွင်းချက်မရှိခဲ့ပေ။ ထိုအဆုံးမဲ့ ကမ္ဘာများ၏ စစ်မြေပြင်အမြင့်ဆုံးနေရာတွင် အင်မော်တယ်ဘုရင်အဆင့်ထက် ကျော်လွန်ကာ အင်မော်တယ်ဧကရာဇ်များအဖြစ် တည်ရှိနေကြသော ရှေးဟောင်းအငွေ့အသက်များပင်လျှင် ထိုအငြိုးအတေး၏ ကူးစက်ခြင်းခံရမည်ကို မလိုလားသည့်အလား ပထမဆုံး အချိန်မှာပင် ရှောင်ရှားသွားကြသည်ကို ဝိုးတဝါး မြင်တွေ့လိုက်ရ၏။
မြင်ကွင်းထဲရှိ အငြိုးအတေးကို ကြည့်ရင်း ကုချန် အနည်းငယ် လန့်ဖျပ်သွားကာ အနည်းငယ် ရင်းနှီးနေသကဲ့သို့လည်း ခံစားလိုက်ရသည်။
မကြာသေးမီက နတ်ဆိုးနယ်မြေကို စုံစမ်းစစ်ဆေးစဉ် အဆုံးမရှိ ကျယ်ပြောလှသော နတ်ဆိုးနယ်မြေကြီးတွင် သူ ခံစားသိရှိခဲ့ရသော အငြိုးအတေးသည် ယခု ရှေးဟောင်း အင်မော်တယ်-နတ်ဆိုး စစ်မြေပြင်တွင် ပေါ်ထွက်လာသော အငြိုးအတေးနှင့် မည်မျှအထိ ဆင်တူနေသနည်း။
ကွာခြားချက်ရှိမည်ဆိုလျှင် ရှေးဟောင်း အင်မော်တယ်-နတ်ဆိုး စစ်မြေပြင်တွင် ပေါ်ထွက်လာသော အငြိုးအတေးသည် နတ်ဆိုးနယ်မြေ၏ အဆုံးမရှိ အငြိုးအတေးလောက် အစွမ်းမထက်ခြင်းပင်။
သို့သော် ထိုသို့ဆိုလျှင်ပင် ရှေးဟောင်း အင်မော်တယ်-နတ်ဆိုး စစ်မြေပြင်တွင် ထွက်ပေါ်လာသော ဤအငြိုးအတေး၏ အနှစ်သာရသည် ဧကရာဇ်အဆင့်ကို ကျော်လွန်နေပုံရကာ အခြားသော မယုံကြည်နိုင်ဖွယ် အခြေအနေတစ်ခုသို့ ဝိုးတဝါး ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
အငြိုးအတေးသည် စစ်မြေပြင်ကို ဖြတ်သန်းသွားရာ အင်မော်တယ်ဘုရင်များ အားလုံး ရူးသွပ်စွာ ထွက်ပြေးနေကြ၏။ သူ၏ အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံဖြင့် နယ်ပယ်တစ်ခုကို ဖန်တီးထားသော ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင် တစ်ပါးတည်းသာ အင်မော်တယ်ဘုရင်တစ်ပါးနှင့် အသေအလဲ တိုက်ခိုက်နေခဲ့သည်။ သူသည် အလွန် ပြင်းထန်စွာ တိုက်ခိုက်နေခဲ့သောကြောင့် စစ်မြေပြင်ရှိ သူ၏ပတ်ဝန်းကျင် အခြေအနေများကို လုံးဝ သတိမထားမိတော့ပေ။
ချဉ်းကပ်လာသော အငြိုးအတေးကို ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင် သတိပြုမိချိန်တွင် အလွန် နောက်ကျနေခဲ့ပြီဖြစ်သည်။
ထိုအငြိုးအတေးသည် အချိန်နှင့် လေဟာနယ်ကို လျစ်လျူရှုကာ အကွာအဝေး အားလုံးကို ဖြတ်ကျော်ပြီး အင်မော်တယ်ဘုရင် အများအပြားကို ပထမဆုံး ဖောက်ထွင်းသွားခဲ့ရာ သေးငယ်သော ဂယက်တစ်ခုသာ အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံကို ပွတ်တိုက်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံသည် အပိုင်းပိုင်းအစစ ကွဲအက်သွား၍ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည်လည်း ထိုအငြိုးအတေး၏ ဂယက်နှင့် ပွတ်တိုက်မိကာ သူ၏ခန္ဓာကိုယ်သည် ချက်ချင်း ပေါက်ကွဲသွားခဲ့၏။
အကယ်၍ သူသာ အကျပ်အတည်းအချိန်လေးအတွင်း အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံကို အသုံးပြု၍ သူ၏ရန်သူကို ချုပ်နှောင်ကာ သူ၏ ရှေ့တွင် ကာကွယ်ရန် နေရာပြောင်းရွှေ့၍ ဂယက်အချို့ကို လွှဲဖယ်မပစ်နိုင်ခဲ့ပါက ထိုအငြိုးအတေးနှင့် ပွတ်တိုက်မိရုံမျှဖြင့် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် မျက်စိတစ်မှိတ်အတွင်း ပြာအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ကာ သူ၏တည်ရှိမှု အရိပ်အယောင်တစ်ခုမျှပင် ချန်ရစ်နိုင်မည် မဟုတ်ပေ။
သို့သော် ထိုအငြိုးအတေး၏ ဂယက်အောက်တွင် သေဘေးမှ သီသီလေး လွတ်မြောက်လာခဲ့သော်လည်း ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ အခြေအနေမှာ လွန်စွာ ပုံမှန်မဟုတ် ဖြစ်သွားခဲ့၏။
ပေါက်ကွဲသွားသော သူ၏ခန္ဓာကိုယ်ကို ပြန်လည်ကုစားရန် ကြိုးစားနေစဉ် ကြေမွနေသော အသားနှင့် သွေးများထဲသို့ တစ်စုံတစ်ခု ပေါင်းထည့်ခံလိုက်ရပုံရ၏။ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ ကြေမွနေသော အသားနှင့် သွေးများထဲတွင် သွေးစွန်းနေသော မျက်လုံးများ အဆက်မပြတ် ထွက်ပေါ်လာ၍ သူ၏ခန္ဓာကိုယ်ကို ပြန်လည် ဖွဲ့စည်းလိုက်သောအခါ သူ၏ခန္ဓာကိုယ်သည် မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပုံရသည်ကို သူ တွေ့ရှိလိုက်ရသည်။
သူသည် အင်မော်တယ်ဘုရင်ချီများ မရှိတော့ဘဲ နတ်ဆိုးနယ်မြေရှိ အင်မော်တယ်ဘုရင်များထက်ပင် ပို၍ ယုတ်မာဆိုးသွမ်းသည့်ပုံစံ ပေါက်နေတော့သည်။
စုတ်ပြဲနေသော အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံသည် စစ်မြေပြင်ပေါ်သို့ အားပျော့စွာ ကျဆင်းသွားကာ အင်မော်တယ်ဘုရင် အများအပြား၏ ကြေမွနေသော အသားနှင့် သွေးများကို စုပ်ယူလိုက်ရာ ဖော်ပြ၍မရနိုင်သော အပြောင်းအလဲအချို့ ဖြစ်ပေါ်သွားလေ၏။
" အား... ... ...! "
ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ ပါးစပ်မှ နာကျင်သည်ကို အောင့်အည်းထားရသော ဟစ်အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်မှာ ကြီးမားလှသော နာကျင်မှုတစ်ခုကို ဖိနှိပ်ထားရသည့်အလားပင်။
သူ၏လက်များသည် ခေါင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၍ သူ၏ အငွေ့အသက်မှာ အလွန် မတည်မငြိမ်ဖြစ်နေကာ ရူးသွပ်တော့မည့်အလားပင် ဖြစ်နေ၏။ နောက်ဆုံးတွင် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် နာကျင်မှုကို အံကြိတ်ခံကာ လက်ကိုဆန့်ထုတ်၍ စုတ်ပြဲနေသော အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံကို ဆုပ်ကိုင်လိုက်ပြီး ရှုပ်ထွေးနေမှုကို အခွင့်ကောင်းယူကာ စစ်မြေပြင်မှ ပျောက်ကွယ်သွားတော့သည်။
ဤပုံရိပ်ယောင် မြင်ကွင်းသည် ဤနေရာအထိ ပေါ်လာပြီးနောက် ဝုန်းခနဲ ပြိုကွဲပျောက်ကွယ်သွားခဲ့၏။ သို့သော် မပြီးသေးပေ။ ချက်ချင်းဆိုသလိုပင် ဒုတိယမြောက် ပုံရိပ်ယောင် မြင်ကွင်းတစ်ခု ကုချန်၏ရှေ့တွင် ထပ်မံ ပေါ်ထွက်လာခဲ့၏။
ဒုတိယမြင်ကွင်းသည် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ တံခါးပိတ်ကျင့်ကြံရာ နေရာဖြစ်ပုံရသည်။ ကျယ်ပြောလှသော ကျင့်ကြံရာနေရာ၌ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် နာကျင်စွာဖြင့် တင်ပျဉ်ခွေထိုင်နေကာ စုတ်ပြဲနေသော အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံကို သူ၏ဘေးတွင် ပေါ့ပေါ့ဆဆ စိုက်ထားလေသည်။
" သေကုန်ပြီ... အကုန်သေကြလိမ့်မယ်... ဘယ်သူမှ အသက်ရှင်မှာ မဟုတ်ဘူး..... "
ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် သူ၏ခေါင်းကို ကိုင်ထား၏။ သူ၏ မျက်လုံးအများစုမှာ ရူးသွပ်မှုများဖြင့် ပြည့်နှက်နေကာ နောက်ဆုံး ရှင်းလင်းမှု အရိပ်အယောင်လေးတစ်ခုသာ ကျန်ရစ်တော့သည်။ ထိုရှင်းလင်းမှု အရိပ်အယောင်လေးသည်လည်း အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ဝါးမြိုခံနေရလေသည်။
" ဟားဟားဟား... သေခြင်းတရား... အားလုံး သေရလိမ့်မယ်... ထာဝရ တိတ်ဆိတ်ခြင်းကသာ နောက်ဆုံးအဆုံးသတ်ပဲ! "
ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် ရူးသွပ်စွာ ရေရွတ်နေခဲ့၏။ ထိုအငြိုးအတေးသည် သူ၏ အသိစိတ်ပင်လယ်ထဲတွင် သတင်းစကားအချို့ကို စိုက်ပျိုးပေးလိုက်ပုံရကာ ၎င်းမှာ သူ တဖြည်းဖြည်း ရူးသွပ်လာရခြင်း၏ အဓိက အကြောင်းရင်းပင် ဖြစ်သည်။
" မဟုတ်ဘူး... ငါအရှင်က ကျေနပ်လက်ခံမှာ မဟုတ်ဘူး! အချိန်ရှိသေးတယ်... ငါအရှင်က သေချာပေါက် ပိုသန်မာလာအောင် လုပ်မယ်... ကောင်းကင်ဘုံတွေကို ဖြတ်ကျော်ပြီး အောင်အောင်မြင်မြင် အသက်ရှင်ရပ်တည်ရမယ်! "
ရူးသွပ်မှုတစ်ကြိမ် ဖြစ်ပေါ်ပြီးနောက် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် အကြံတစ်ခု ရသွားပုံရကာ နာကျင်မှုကို အတင်းအကျပ် ဖိနှိပ်၍ အံကြိတ်လျက် တိုးညင်းစွာ ဟိန်းဟောက်လိုက်၏။
" သွား! ငါအရှင်အတွက် အင်မော်တယ်တစ်သောင်းမျှော်စင်က ဝမ်လုံကို သွားရှာချေ! "
...
ဤနေရာတွင် ဒုတိယမြောက် ပုံရိပ်ယောင် မြင်ကွင်းသည်လည်း ပျောက်ကွယ်သွားခဲ့၏။ ပုံရိပ်ယောင် မြင်ကွင်းနှစ်ခုစလုံး ပျောက်ကွယ်သွားကာ မြင်ကွင်းသစ်များ ထပ်မံဖြစ်ပေါ်လာခြင်း မရှိတော့ပေ။
ကုချန်သည် မြင်ကွင်းနှစ်ခု ပေါ်လာခဲ့သော နေရာကို ကြည့်လျက် အတွေးထဲ၌ နစ်မြုပ်သွားခဲ့၏။
သေချာပေါက်ပင် ဤမြင်ကွင်းနှစ်ခုတွင် ပထမမြင်ကွင်းသည် ရှေးဟောင်း အင်မော်တယ်-နတ်ဆိုး စစ်ပွဲအတွင်း ဤအင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံ၏ ဖြစ်ပေါ်လာမှု အစကို ဖော်ပြနေ၏။ တစ်ချိန်တည်းမှာပင် ၎င်းသည် နောက်ပိုင်းတွင် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ ကိုယ်ရည်ကိုယ်သွေး ရုတ်တရက် ပြောင်းလဲသွားရခြင်း အကြောင်းရင်းကိုလည်း ဖော်ပြနေလေသည်။
ပထမမြင်ကွင်းတွင် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် အစက အင်မော်တယ်ချီများ ပြည့်ဝနေသော အင်မော်တယ်ကမ္ဘာမှ ပုံမှန် အင်မော်တယ်ဘုရင်တစ်ပါးသာ ဖြစ်ပြီး နောက်ပိုင်းတွင် ကုချန် မြင်တွေ့ခဲ့ရသော ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်နှင့် လုံးဝ ကွဲပြားခြားနားကာ လူနှစ်ယောက်ကဲ့သို့ ဖြစ်နေ၏။
ပြောင်းလဲမှုအားလုံးသည် စစ်မြေပြင်ကို ဖြတ်သန်းသွားသော ထိုနက်ရှိုင်းလှသည့် အငြိုးအတေးကြောင့် ဖြစ်ပေါ်လာရခြင်းပင်။ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် ထိုအငြိုးအတေး၏ တိုက်ခတ်ခြင်းကို ခံရပြီးနောက် ၎င်း၏လွှမ်းမိုးမှုကို ခံခဲ့ရကာ သိမ်မွေ့သော အပြောင်းအလဲများစွာကို ကြုံတွေ့ခဲ့ရ၏။
" အင်မော်တယ်တစ်သောင်းမျှော်စင်... ဝမ်လုံအင်မော်တယ်အရှင်..... "
မြင်ကွင်းထဲရှိ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ ညွှန်ကြားချက်များကို ပြန်လည်အမှတ်ရရင်း ကုချန်သည် တွေးတောနေခဲ့၏။
အောက်ကမ္ဘာတွင် ထိပ်တန်းဆေးလုံးများ ရိတ်သိမ်းရခြင်း၏ ဇာတ်လမ်းအစအဆုံးမှာ ယခုအခါ ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။ ရွှယ်ကျန်းဖြစ်စေ၊ အင်မော်တယ်တစ်သောင်းမျှော်စင်ဖြစ်စေ သို့မဟုတ် သူ၏နောက်ကွယ်ရှိ ဝမ်လုံအင်မော်တယ်အရှင်ဖြစ်စေ သူတို့အားလုံးသည် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင် လက်ထဲမှ နယ်ရုပ်များသာ ဖြစ်ကာ အောက်ကမ္ဘာကို ရိတ်သိမ်းသည့် ကိစ္စသည်လည်း ဤရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်မှ ထုတ်ပြန်သော အမိန့်တစ်ခုသာ ဖြစ်ပေသည်။
ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ ပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပေါ်ရခြင်း အကြောင်းရင်းမှာ ထိုနေ့က ရှေးဟောင်း အင်မော်တယ်-နတ်ဆိုး စစ်မြေပြင်တွင် ထိုအငြိုးအတေး၏ တိုက်ခတ်ခြင်းကို ခံခဲ့ရပြီးနောက် သူ၏ကိုယ်ရည်ကိုယ်သွေး လုံးဝ ပြောင်းလဲသွားခဲ့ခြင်းကြောင့် ဖြစ်သည်။
ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် ထိုအငြိုးအတေးထံမှ သတင်းစကားအချို့ကို ရရှိခဲ့၍ သူ၏ကိုယ်ရည်ကိုယ်သွေးကို ရုတ်တရက် ပြောင်းလဲသွားစေကာ အောက်ကမ္ဘာကို ရိတ်သိမ်းသည်အထိ အလွန်ဆိုးရွားသော လုပ်ရပ်ကိုပင် ပြုလုပ်ရန် ဖြစ်စေခဲ့သည်။
ဂုဏ်သိက္ခာရှိသော အင်မော်တယ်ဘုရင်တစ်ပါးသည် ယခုအခါ လွန်စွာ စိုးရိမ်ပူပန်နေ၍ မိမိ၏စွမ်းအားကို မြှင့်တင်ရန်အတွက် ကမ္ဘာနယ်ပယ် အမျိုးမျိုးကို ရိတ်သိမ်းသည်အထိပင် ဖြစ်လာခဲ့၏။ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်ကို ဤမျှအထိ စိတ်ပျက်အားငယ်သွားစေရန် ထိုအငြိုးအတေးထဲတွင် မည်ကဲ့သို့သော သတင်းစကားမျိုး ပါဝင်နေသနည်း။
ကုချန်သည် မျက်မှောင် ကျုံ့သွားခဲ့၏။ ထိုအခိုက်အတန့်တွင် ယခုလေးတင်က ဒုတိယမြင်ကွင်းထဲရှိ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ တစ်ကိုယ်တော် ရေရွတ်သံကို သူ ရုတ်တရက် သတိရသွားလေသည်။
ထိုစကားများကို သူ ယခင်က တစ်နေရာရာတွင် ကြားခဲ့ဖူးသကဲ့သို့ပင်!
အခန်း ( ၄၈၂ ) - လူတိုင်းက ပဟေဠိဖြစ်နေခြင်း၊ အားလုံး ရူးသွပ်နေခြင်းနှင့် အဆုံးမဲ့ဓားနယ်ပယ်
" အားလုံး သေရလိမ့်မယ်... ထာဝရတိတ်ဆိတ်ခြင်းကသာ နောက်ဆုံးအဆုံးသတ်ပဲ "
ဤစကားများကို ကုချန် ယခင်က ကြားဖူးခဲ့လေသည်။
ဟွမ်သွမ့်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာများကို စူးစမ်းရှာဖွေစဉ် အဆုံးမရှိသော အလောင်းကောင်ကြီးအတွင်း ကုချန် တွေ့ဆုံခဲ့ရသည့် ငွေစက္ကူများ မီးရှို့နေသော လျှို့ဝှက်ဆန်းကြယ်သည့် အဘိုးအိုကြီး ပြောခဲ့သောစကားပင် ဖြစ်၏။
ထိုဧရာမ အလောင်းကောင်ကြီးပင်ဖြစ်ဖြစ်၊ ၎င်း၏ လက်ဝါးထဲတွင် ထာဝရတိတ်ဆိတ်နေသော စကြဝဠာရာပေါင်းများစွာပင်ဖြစ်ဖြစ် အားလုံးဟာ ထိုအဘိုးအို၏ စကားကို သက်သေပြနေသကဲ့သို့ ရှိပေသည်။
ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ တစ်ကိုယ်တော်ရေရွတ်သံမှာ ထိုအဘိုးအိုကြီး၏ စကားနှင့် တစ်ထပ်တည်း ဖြစ်နေခဲ့သည်။
ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် တစ်စုံတစ်ခုကို မြင်တွေ့ခဲ့ရခြင်း သို့မဟုတ် သိရှိခဲ့ရခြင်းကြောင့် ထိုအဘိုးအိုကြီးနှင့် တစ်ထပ်တည်းတူညီသော စကားများကို ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ကောက်ချက်ချနိုင်ပေသည်။
ထိုမျှမကသေးပေ။
ယခင်က သူသည် ရှေးဟောင်းခေါင်းတလားကို စီးနင်းကာ အချိန်မြစ်၏ အဆုံးသတ်သို့ မရောက်မီ ရှီမိုကောင်းကင်အရှင်နှင့် ကြုံတွေ့ခဲ့ဖူး၏။
ထိုအချိန်က ရှီမိုကောင်းကင်အရှင်သည် အချိန်မြစ်ထဲတွင် လမ်းပျောက်နေခဲ့ကာ သူ မည်သည်တို့ကို မြင်တွေ့ခဲ့၊ ကြုံတွေ့ခဲ့ရသည်ကို သေချာမသိရှိတော့ဘဲ ရူးသွပ်လုနီးပါး ဖြစ်သွားခဲ့၏။ သူ ပြောခဲ့သော စကားများသည်လည်း ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်နှင့် အဘိုးအိုကြီးတို့၏ စကားများနှင့် တစ်ထပ်တည်းပင်။
" ထာဝရ တိတ်ဆိတ်ခြင်းကသာ နောက်ဆုံးအဆုံးသတ်ပဲ! "
" သူတို့အကုန်လုံးက ပဟေဠိဖန်တီးရှင်တွေပဲ... သေချာလေး ရှင်းရှင်းလင်းလင်း မပြောနိုင်ကြဘူးလား "
ကုချန်သည် အနည်းငယ် ကူကယ်ရာမဲ့သလို ဖြစ်သွားခဲ့၏။
သူ နားမလည်နိုင်ခဲ့ချေ။ ဤလူများသည် သေချာ ရှင်းရှင်းလင်းလင်း မပြောနိုင်ကြဘူးလော။
ရှင်းလင်းစွာ ရှင်းပြနိုင်သော ကိစ္စများကိုပင် သူတို့သည် ပဟေဠိဖန်တီးရှင်များအဖြစ် တမင်တကာ ဝိုးတဝါးပြောဆိုနေကြကာ သူ့အား ခန့်မှန်းရန် မဖြစ်နိုင်အောင် လုပ်နေကြသည်။
သေချာပေါက်ပင် အခြားသော ရှင်းလင်းချက်တစ်ခုလည်း ရှိနေသေး၏။ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုသည် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်နှင့် အခြားသူများအပေါ် အမည်မသိ လွှမ်းမိုးမှုတစ်ခု သက်ရောက်ခဲ့၍ သူတို့၏ စိတ်နှလုံးနှင့် စကားပြောဆိုမှုများကို ထိခိုက်စေကာ အမှန်တရားကို မပြောနိုင်အောင် တားဆီးထားခြင်း ဖြစ်ပေမည်။
ပထမဆုံး အဘိုးအိုကြီး၊ ထို့နောက် ရူးသွပ်နေသော ရှီမိုကောင်းကင်အရှင်၊ ပြီးသည့်အခါ ယခု ရူးသွပ်နေသော ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်.....
သုံးယောက်စလုံးသည် ရူးသွပ်နေသည့် အခြေအနေတွင် အဆုံးသတ်ခဲ့ကြ၏။ အကယ်၍ သူတို့သည် မမြင်နိုင်သော ကြီးမားလှသည့် စွမ်းအားတစ်ခု၏ လွှမ်းမိုးမှုကို မခံရဘူးဟု ပြောမည်ဆိုပါက ကုချန် လုံးဝ ယုံကြည်မည် မဟုတ်ချေ။
သို့သော် ဤဖြစ်နိုင်ခြေကို တွေးမိသောအခါ ကုချန်အား တိတ်တဆိတ် သတိဝင်သွားစေခဲ့သည်။
အကယ်၍ သူသာ အလွန်တရာ နက်ရှိုင်းစွာ စုံစမ်းစစ်ဆေး၍ အမှန်တရားအချို့ကို သိရှိသွားပါက ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ လွှမ်းမိုးမှုကို ခံရကာ သူလည်း ရူးသွပ်သွားနိုင်သည့် ဖြစ်နိုင်ခြေကို ကာကွယ်ထားရမည်ပင်။
သူ၏ လက်ရှိ စွမ်းအားဖြင့် ဤစွမ်းအား၏ လွှမ်းမိုးမှုကို သူ မတားဆီးနိုင်ပုံမပေါ်ပေ။
အဘယ်ကြောင့်ဆိုသော် ဟွမ်သွမ့်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာရှိ ဧရာမ အလောင်းကောင်ကြီး၏ စွမ်းအားသည် သာမန် အင်မော်တယ်ဧကရာဇ်များ သို့မဟုတ် နတ်ဆိုးဧကရာဇ်များထက် များစွာ သာလွန်နေမည်မှာ သေချာသောကြောင့်ပင်။ ထိုဧရာမ အလောင်းကောင်ကြီး၏ ပိုင်ရှင်ပင်လျှင် ဤအရာအားလုံးကို မခုခံနိုင်ခဲ့ချေ။ ကျင့်ကြံခြင်းအဆင့်သည် ဧကရာဇ်အဆင့်သို့ပင် မရောက်သေးသော ကုချန်က မည်သို့ တားဆီးနိုင်မည်နည်း။
" အံ့ဩစရာ မဟုတ်တော့ဘူးပဲ..... "
ကုချန်သည် တိုးညင်းစွာ ရေရွတ်လိုက်၏။ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်ကို သူ မသတ်ဖြတ်မီက ထိုသူသည် အင်မော်တယ်ကမ္ဘာနှင့် နတ်ဆိုးနယ်မြေ နှစ်ခုစလုံး၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်ကို ပိုင်ဆိုင်ထားကြောင်း ခြိမ်းခြောက်စကားများ ပြောဆိုခဲ့သည်ကို သူ ရုတ်တရက် သတိရသွား၏။
ထို့အပြင် ထိုသူ၏လေယူလေသိမ်းအရ အင်မော်တယ်ကမ္ဘာရှိ အင်မော်တယ်ဧကရာဇ် အများအပြားသည် သူနှင့် ဆက်စပ်နေပုံရကာ သူ့အား တိတ်တဆိတ် အာရုံစိုက်နေကြပုံရသည်။
အကယ်၍ ဤရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် ထိုအငြိုးအတေးကြောင့် တစ်စုံတစ်ခုကို အမှန်တကယ် သိရှိထားခြင်း၊ လျှို့ဝှက်ချက်တစ်ခုခုကို သိမ်းဆည်းထားခြင်း ရှိမည်ဆိုပါက သူသည် အင်မော်တယ်ကမ္ဘာရှိ အသီးသီးသော အင်မော်တယ်ဧကရာဇ်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
ထို့အပြင် ထိုအငြိုးအတေး၏ နားလည်ရခက်၍ အစွမ်းထက်သော သဘာဝကြောင့် ထိုအင်မော်တယ်ဧကရာဇ်များပင်လျှင် ၎င်းကို တိတ်တဆိတ် သတိထားနေကြကာ မဆင်မခြင် မလှုပ်ရှားရဲခြင်း ဖြစ်နိုင်ပေသည်။
ဤသည်က ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်ကို ဤအချိန်တစ်လျှောက်လုံး ကောင်းစွာ အသက်ရှင်နေနိုင်စေခဲ့ခြင်း ဖြစ်သည်။ သို့သော် အမှန်တကယ်တွင်မူ ထိုအင်မော်တယ်ဧကရာဇ်များသည် သူ့အား ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်း မရှာတွေ့သေးသောကြောင့်သာ ဖြစ်ပေမည်။
မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် သူတို့၏မှတ်ဉာဏ်များကို ဝိညာဉ်ရှာဖွေခြင်းမှတစ်ဆင့် စူးစမ်းရန် မဖြစ်နိုင်တော့ပေ။
ထို့အပြင် ရှေးဟောင်း အင်မော်တယ်-နတ်ဆိုး စစ်ပွဲအပြီးတွင် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင် အင်မော်တယ်ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာကတည်းက သူ၏လုပ်ရပ်များသည် အမြဲတမ်း ထူးဆန်းနေခဲ့၏။ ထိုအင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများသည် သူ့အား တိတ်တဆိတ် စောင့်ကြည့်ခြင်းအားဖြင့် သူ၏ လုပ်ရပ်များ၏ အဓိပ္ပာယ်ကို ခန့်မှန်းရန် အလိုရှိခဲ့ခြင်း ဖြစ်နိုင်ပေသည်။
သို့သော် ဤရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် နောက်ဆုံးတွင် သူ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်။
ဤသည်ကို တွေးမိသောအခါ ကုချန်၏မျက်ခုံးများမှာ အနည်းငယ် မတွန့်ချိုးဘဲ မနေနိုင်ခဲ့ချေ။
အကယ်၍ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို သိမ်းဆည်းထားသောကြောင့် အင်မော်တယ်ကမ္ဘာ၏ အသီးသီးသော အင်မော်တယ်ဧကရာဇ်များ၏ တိတ်တဆိတ် စောင့်ကြည့်ခြင်းကို ခံခဲ့ရသည်ဟူသော သူ၏ ခန့်မှန်းချက်သာ အမှန်တကယ် မှန်ကန်နေခဲ့မည်ဆိုပါက ဤရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်ကို သူ သတ်ဖြတ်ချိန်တွင် မည်သည့် အင်မော်တယ်ဧကရာဇ်ကမျှ အဘယ်ကြောင့် ဝင်ရောက်မစွက်ဖက်ခဲ့သနည်း။
ထို့နောက်ပိုင်းတွင်လည်း အရာအားလုံးမှာ တည်ငြိမ်နေခဲ့ကာ ကုချန်နှင့် စာရင်းရှင်းရန် မည်သည့် အင်မော်တယ်ဧကရာဇ်မျှ ရောက်မလာခဲ့ချေ။
အင်မော်တယ်ကမ္ဘာ၏ ထိုအင်မော်တယ်ဧကရာဇ်များသည် ဘာတွေကိုများ တိတ်တဆိတ် ကြံစည်နေကြသနည်း။
ကုချန်သည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သော်လည်း နောက်ပိုင်း၌ အဆုံးမဲ့ဓားတွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများက သူ၏အာရုံကို လွှဲပြောင်းသွားစေခဲ့သည်။
အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံ လုံးဝ ပြိုကွဲသွားသည်နှင့်အမျှ ၎င်း၏ အနှစ်သာရ အားလုံးသည် အဆုံးမဲ့ဓားထဲသို့ စုပ်ယူခံလိုက်ရ၏။
နောက်ဆုံးအခိုက်အတန့်တွင် အဆုံးမဲ့ဓားထဲသို့ ပေါင်းစပ်သွားသကဲ့သို့ ပျောက်ကွယ်သွားသော အနက်ရောင်အလင်းတန်းတစ်ခု လင်းလက်သွားသည်ကိုပင် ကုချန် မြင်တွေ့လိုက်ရသည်။
" ချွင်...! ချွင်...! "
ကြည်လင်ပြတ်သားသော ဓားမြည်သံတစ်ခုသည် အဆုံးမဲ့ဓားအတွင်းမှ ထွက်ပေါ်လာခဲ့၏။ အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံကို ပေါင်းစည်းပြီးနောက် အဆုံးမဲ့ဓား၏ အကြမ်းဖျင်း အရည်အသွေးသည် သိသိသာသာ တိုးတက်လာပုံရ၏။ သာမန် အင်မော်တယ်ဘုရင်အဆင့် မြင့်မြတ်သော လက်နက်များသည် ၎င်းနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်တော့ပေ။
ဓားအလင်းရောင်သည် မျက်စိကျိန်းမတတ် တောက်ပနေ၏။ အဆုံးမဲ့ဓားသည် ကုချန်၏ ပတ်လည်တွင် ကခုန်နေကာ သူ၏ တိုးတက်မှုများနှင့် စွမ်းရည်အသစ်များကို မိဘဖြစ်သူအား ကြွားလုံးထုတ်နေသည့် ဂုဏ်ယူနေသော ကလေးငယ်တစ်ဦးကဲ့သို့ ချစ်ခင်မြတ်နိုးဖွယ်ကောင်းသော ဓားမြည်သံကို ထုတ်လွှတ်နေလေသည်။
" မင်း ခုနက တစ်ခုခု မှားယွင်းနေတယ်လို့ မခံစားရဘူးလား "
ကုချန်သည် အဆုံးမဲ့ဓားထဲသို့ ဝင်ရောက်သွားသော အနက်ရောင်အလင်းတန်းကို တွေးနေမိဆဲဖြစ်ရာ စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်၏။
" ချွင်... ...! "
အဆုံးမဲ့ဓားသည် ၎င်း၏ခေါင်းကို ခါယမ်းပြလိုက်ကာ မည်သည့်အရာမျှ မှားယွင်းနေသည်ဟု မခံစားရကြောင်း ဖော်ပြလေသည်။
အဆုံးမဲ့ဓား၏တုံ့ပြန်မှုကို မြင်သောအခါ ကုချန်သည် သူ၏သံသယများကို ယာယီ ဘေးဖယ်ထားလိုက်၍ အဆုံးမဲ့ဓားရှိ အပြောင်းအလဲအသစ်များကိုသာ စောင့်ကြည့်လိုက်တော့သည်။
လေဟာနယ်နယ်ပယ်အတွင်းမှတစ်ဆင့် သတင်းစကားတစ်ခုသည် အဆုံးမဲ့ဓားမှတစ်ဆင့် ကုချန်၏အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်လာခဲ့ရာ သူ၏မျက်နှာပေါ်တွင် အနည်းငယ် အံ့အားသင့်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ထိုစုတ်ပြဲနေသော အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံကို ဝါးမြိုပြီးနောက် အဆုံးမဲ့ဓားသည် တစ်ဖက်လူ၏ စွမ်းရည်ကိုပါ အမှန်တကယ် ဝါးမြိုကာ ပေါင်းစည်းလိုက်နိုင်၍ 'အဆုံးမဲ့ဓားနယ်ပယ်' ဟုခေါ်သော စွမ်းရည်အသစ်တစ်ခုကို ရရှိသွားခဲ့လေသည်။
ဤသည်မှာ အလိုအလျောက် သက်ဝင်သည့် စွမ်းရည်ဖြစ်ရာ တက်ကြွစွာ အသက်သွင်းရန် မလိုအပ်ပေ။
အနာဂတ်တွင် ကုချန်သည် တိုက်ပွဲ၌ အဆုံးမဲ့ဓားကို အသုံးပြုသောအခါ အဆုံးမဲ့ဓား၏ မိုင်တစ်သန်း ပတ်လည်အတွင်း၌ ဤအဆုံးမဲ့ဓားနယ်ပယ်သည် အလိုအလျောက် ဖြစ်ပေါ်လာမည် ဖြစ်သည်။
အဆုံးမဲ့ဓားနယ်ပယ်အတွင်း၌ ဓားအလင်းတန်းများ ကန့်လန့်ဖြတ် ဖြတ်သန်းသွားလာနေကြကာ ဓားအလင်းတန်းတစ်ခုစီတိုင်းတွင် အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များ ပါဝင်နေ၏။
သတ်ဖြတ်လိုစိတ်များ စုစည်းလာသည်နှင့်အမျှ ၎င်းသည် အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံနှင့် ဆင်တူသော ဟန့်တားမှုတစ်ခုကို ဖြစ်ပေါ်လာစေမည် ဖြစ်သည်။ သို့သော် အသစ်ပေါင်းစည်းထားသော အဆုံးမဲ့ ဓားအလင်းရောင်ကြောင့် ၎င်း၏ အစွမ်းအာနိသင်သည် အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံကို တိုက်ရိုက် အသက်သွင်းသည်ထက်ပင် ပို၍ အားကောင်းနေပေသည်။
အဆုံးမဲ့ဓားနယ်ပယ်အတွင်းရှိ ရန်သူများ အားလုံးသည် ၎င်း၏သက်ရောက်မှုကို ခံရမည် ဖြစ်သည်။
အဆုံးမဲ့ဓား၏ လက်ရှိ စွမ်းရည်ဖြင့် အကယ်၍ ကုချန်သာ အဆုံးမဲ့ဓားကို အပြည့်အဝ အသက်သွင်းလိုက်ပါက ဖြစ်ပေါ်လာမည့် အဆုံးမဲ့ဓားနယ်ပယ်သည် သာမန် အင်မော်တယ်ဘုရင်တစ်ပါးကို လုံးဝ လှုပ်ရှား၍မရအောင် ချုပ်နှောင်ထားနိုင်ပေသည်။
အင်မော်တယ်ဘုရင်ကြီးအဆင့် ရှိသူပင်လျှင် လှုပ်ရှားမှုများ အလွန်အမင်း နှေးကွေးသွားမည်ဖြစ်ရာ ပစ်မှတ်တစ်ခုနှင့် ဘာမျှ ကွာခြားတော့မည် မဟုတ်ပေ။
သာမန် အင်မော်တယ်ဘုရင်တစ်ပါးမှ ဤအဆုံးမဲ့ဓားကို ရရှိသွားလျှင်ပင် သာမန် အင်မော်တယ်ဘုရင်များကို ချေမှုန်းရန်နှင့် အင်မော်တယ်ဘုရင်အဆင့်တွင် ရှုံးနိမ့်မှုမရှိဘဲ ရပ်တည်နိုင်ရန် လုံလောက်နေပြီဟု ဆိုနိုင်ပေသည်။
ကုချန်ကို ပို၍ အံ့အားသင့်သွားစေခဲ့သည်မှာ သေချာပေါက် ထိုအချက်ပင် ဖြစ်၏။
ဤသည်မှာ အဆုံးမဲ့ဓားနယ်ပယ် စွမ်းရည်၏ အကန့်အသတ် မဟုတ်သေးချေ။
အဆုံးမဲ့ဓား၏ အနှစ်သာရများ တိုးတက်လာသည်နှင့်အမျှ အဆုံးမဲ့ဓားနယ်ပယ်အတွင်းရှိ ဓားအလင်းရောင်နှင့် သတ်ဖြတ်လိုစိတ်များသည်လည်း ပို၍ ပို၍ အားကောင်းလာမည်ပင်။
နောင်တစ်ချိန်တွင် အဆုံးမဲ့ဓားသည် အင်မော်တယ်ဧကရာဇ် လက်နက်တစ်ခုအဖြစ်သို့သာ ပြောင်းလဲနိုင်ခဲ့ပါက ၎င်းမှ ထုတ်လွှတ်မည့် အဆုံးမဲ့ဓားနယ်ပယ်သည် အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများကိုပင် သက်ရောက်မှု ပေးနိုင်စွမ်း ရှိလာမည်ပင် ဖြစ်သည်။