← Chapters

အခန်း (၄၈၃-၄၈၄)

Vol. 35 Ch. 483-484

အခန်း (၄၈၃-၄၈၄)

Vol. 35 Ch. 483-484

‎အခန်း ( ၄၈၃ ) - နှစ်တစ်ရာ တံခါးပိတ်ကျင့်ကြံခြင်း၊ ဖူဝမ် ထွက်ပေါ်လာခြင်းနှင့် ယင်နှင့်ယန် တာအို

‎

‎

‎

‎" ကောင်းပြီ... မင်း ဒီကျန်နေတဲ့ အင်မော်တယ်ပစ္စည်းတွေကိုပါ ဆက်ပြီး ပေါင်းစည်းလိုက်တော့ "

‎

‎

‎အဆုံးမဲ့ဓား၏ အပြောင်းအလဲများကို စစ်ဆေးပြီးနောက် ကုချန်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ကာ ကျန်ရှိနေသော အင်မော်တယ်ပစ္စည်းများနှင့် မြင့်မြတ်သော လက်နက်များအားလုံးကို မျိုချရန် အဆုံးမဲ့ဓားအား အချက်ပြလိုက်၏။

‎

‎

‎အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံဟူသော အမာကျောဆုံး အရိုးကို ကိုက်ဝါးထားပြီးဖြစ်ရာ ကျန်ရှိနေသော အင်မော်တယ်ပစ္စည်းများနှင့် မြင့်မြတ်သော လက်နက်များကို ပေါင်းစည်းခြင်းသည် သဘာဝအတိုင်းပင် အဆုံးမဲ့ဓားအတွက် အားစိုက်ထုတ်စရာမလိုသော အလုပ်တစ်ခု ဖြစ်ပေသည်။

‎

‎

‎သို့သော် အင်မော်တယ်ပစ္စည်းများနှင့် မြင့်မြတ်သော လက်နက်များ၏ အရေအတွက် များပြားလွန်းမှုကြောင့် ဤမြင့်မြတ်သော ပစ္စည်းများကို အဆုံးမဲ့ဓားမှ လုံးဝ မျိုချပေါင်းစည်းရန် အချိန်အတိုင်းအတာတစ်ခုအထိ ယူရဖွယ်ရှိပေသည်။

‎

‎

‎ဤအချိန်ကာလသည် ကုချန်အနေဖြင့် တံခါးပိတ်ကျင့်ကြံရန်နှင့် ယခင်က နတ်ဆိုးဧကရာဇ်နှင့် တိုက်ပွဲမှ ရရှိလာသော အကျိုးအမြတ်များကို ချေဖျက်၍ နားလည်သဘောပေါက်ရန်အတွက် အတိအကျ သင့်တော်နေခဲ့၏။

‎

‎

‎ကံကြမ္မာပြောင်းပြန်လှန်အမွှေးတိုင်ကို ထွန်းညှိပြီးနောက် သူ၏အဆင့်မှာ မြင့်တက်သွားခဲ့၏။ ကံကြမ္မာပြောင်းပြန်လှန်အမွှေးတိုင် ငြိမ်းသွားပြီးနောက် သူ၏အဆင့် ပြန်လည်ကျဆင်းသွားသော်လည်း အသိအမြင်အချို့နှင့် တာအိုသဘောတရားများမှာတော့ ကျန်ရစ်နေဆဲ ဖြစ်သည်။

‎

‎

‎ဤသည်က တိုက်ပွဲပြီးဆုံးသည်နှင့် ကုချန် ချက်ချင်း တံခါးပိတ်ကျင့်ကြံရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။ သူသည် အချိန်တစ်စက္ကန့်မျှပင် အလဟဿ မဖြုန်းတီးနိုင်ချေ။ ယခင် အသိအမြင်များနှင့် တာအိုသဘောတရားများ ရှိနေသေးသည့် ဤအချိန်ကို အမိအရဆုပ်ကိုင်ကာ ကြိုးစားပမ်းစား ကျင့်ကြံ၍ ၎င်းတို့ကို မိမိ၏ကိုယ်ပိုင် အခြေခံအုတ်မြစ်အဖြစ် တတ်နိုင်သမျှ ပြောင်းလဲရမည် ဖြစ်သည်။

‎

‎

‎သို့မဟုတ်ပါက အချိန်ကြာလွန်းသွား၍ ဤအသိအမြင်များနှင့် တာအိုသဘောတရားများ တဖြည်းဖြည်း ပျောက်ကွယ်သွားပါက ၎င်းတို့ကို နားလည်သဘောပေါက်ရန် များစွာ ပိုမိုခက်ခဲသွားပေလိမ့်မည်။

‎

‎

‎ကုချန်၏ဒုတိယကိုယ်ပွား တံခါးပိတ်ကျင့်ကြံချိန်တွင် သူ၏ မူလခန္ဓာကိုယ်နှင့် တတိယခန္ဓာကိုယ်တို့သည်လည်း တစ်ချိန်တည်းမှာပင် တံခါးပိတ်ကျင့်ကြံခြင်းကို စတင်ခဲ့ကြသည်။

‎

‎

‎ကံကြမ္မာပြောင်းပြန်လှန်အမွှေးတိုင် ထွန်းညှိချိန်၌ သူသည် သုံးကိုယ်တစ်ကိုယ် အခြေအနေတွင် ရှိနေခဲ့သောကြောင့် နတ်ဆိုးနယ်မြေရှိ ဒုတိယကိုယ်ပွားသာမက မူလခန္ဓာကိုယ်နှင့် တတိယခန္ဓာကိုယ်တို့သည်လည်း ဤအဆင့်မြင့်တက်မှုမှ ဆောင်ကြဉ်းပေးသော တာအိုသဘောတရား အသိအမြင်များကို တစ်ပြိုင်နက်တည်း မျှဝေခံစားခဲ့ကြရသည်။

‎

‎

‎ခန္ဓာကိုယ်သုံးခုစလုံး တစ်ချိန်တည်းတွင် နားလည်သဘောပေါက်ရန် ကြိုးစားနေခြင်းကြောင့် ဤတံခါးပိတ်ကျင့်ကြံခြင်းသည် သေချာပေါက် ကြီးမားသော အကျိုးအမြတ်များကို ရရှိစေမည် ဖြစ်၏။ အမှန်တကယ်တော့ ရှုထောင့်တစ်မျိုးမှ ကြည့်လျှင် ဤအချိန်မှ ရရှိလာသော အကျိုးအမြတ်များသည် အနာဂတ်တွင် သူရရှိမည့် နတ်ဆိုးဧကရာဇ်နှလုံးသားထဲမှ နတ်ဆိုးဧကရာဇ်၏ တာအိုသဘောတရားများထက် သိပ်ပြီးလျော့နည်းနေမည် မဟုတ်ချေ!

‎

‎

‎… … … …

‎

‎

‎အင်မော်တယ်ကမ္ဘာ... လဝိညာဉ် ကောင်းကင်ဘုံ... ကောင်းကင်ဘုံတားမြစ်နယ်မြေ အတွင်း၌.....

‎

‎

‎ကုချန် တံခါးပိတ်ကျင့်ကြံခဲ့သည်မှာ နှစ်တစ်ရာ ကြာလွန်သွားခဲ့ပြီ ဖြစ်၏။

‎

‎

‎ဤနှစ်တစ်ရာကာလအတွင်း အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းလာကြသော ကုမိသားစုဝင်များသည် အင်မော်တယ်ကမ္ဘာ၏ အခြေအနေကို နားမလည်ကြသေးဘဲ အစောပိုင်းတွင် ကောင်းကင်ဘုံတားမြစ်နယ်မြေအတွင်း၌သာ ရိုးသားစွာ နေထိုင်ကြကာ အပြင်သို့ မထွက်ခဲ့ကြချေ။

‎

‎

‎အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ကုဝူရှန့်သည် ကုမိသားစုဝင်များအား အပြင်ထွက်ကာ စူးစမ်းလေ့လာ စွန့်စားခွင့်ပေးရန် နောက်ဆုံးတွင် ဆုံးဖြတ်ခဲ့၏။ အင်မော်တယ်ကမ္ဘာသို့ ရောက်ရှိလာပြီးဖြစ်ရာ ကောင်းကင်ဘုံတားမြစ်နယ်မြေအတွင်း၌သာ အကန့်အသတ်မရှိ နေထိုင်နေခြင်းသည် ဖြေရှင်းနည်းတစ်ခု မဟုတ်ပေ။ ကုမိသားစုသည် အင်မော်တယ်ကမ္ဘာ တစ်ခုလုံးတွင် တိုးတက်မြင့်မား လာရမည် ဖြစ်၏။ ကုဝူရှန့်သည် ဤအချက်ကို ရှင်းလင်းလွန်းစွာပင် မြင်တွေ့ခဲ့သည်။

‎

‎

‎ထို့ကြောင့် ကုချန် တံခါးပိတ်ကျင့်ကြံပြီး ဆယ်နှစ်အကြာတွင် ကုဝူရှန့်သည် ကုမိသားစုဝင်များအား အပြင်သို့ သွားရောက်နိုင်ကြောင်း ညွှန်ကြားချက်များ စတင်ပေးခဲ့သည်။

‎

‎

‎" ညီမလေး ဖူဝမ် တံခါးပိတ်ကျင့်ကြံရာကနေ မထွက်လာသေးဘူးလား "

‎

‎

‎ကုချင်းရွဲ့၊ ယဲ့ယင်းယင်းနှင့် ဟွမ်ကျိုအာတို့သည် အတူတကွ ရပ်နေကြ၏။ သူတို့၏ အကြည့်များသည် ကောင်းကင်ဘုံတားမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာရှိ ကြီးမားလှသော ခန်းမကြီးဆီသို့ ဦးတည်နေကာ သူတို့၏ လှပသော မျက်လုံးများတွင် စိုးရိမ်မှု အရိပ်အယောင်တစ်ခု ပေါ်လွင်နေလေသည်။

‎

‎

‎မိန်းကလေးများ၏ မွေးရာပါ ပါရမီများသည် ကောင်းကင်ဘုံရှိ မျိုးဆက်သစ်များထဲတွင် အမြင့်မားဆုံး ဖြစ်နေခဲ့ပြီဖြစ်သည်။ အင်မော်တယ်ကမ္ဘာသို့ ရောက်ရှိလာကတည်းက သူတို့၏ အဆင့်တိုးတက်မှုများသည် တားဆီး၍မရနိုင်လောက်အောင် ဖြစ်လာခဲ့သည်။ နှစ်တစ်ရာပင် မပြည့်မီအချိန်အတွင်း မိန်းကလေးများအားလုံး၏ အဆင့်များသည် ထျန်းကျွင်းအဆင့်သို့ ထိုးတက်သွားခဲ့ပြီ ဖြစ်သည်။

‎

‎

‎ကျင့်ကြံခြင်း တိုးတက်မှု အနည်းငယ် နှေးကွေးသော ဖူဝမ်သည်လည်း နောက်ပိုင်းတွင် လူသားဧကရာဇ်တစ်ပါးအဖြစ် သွေးကြောနိုးထလာမှုကြောင့် သူ၏ကျင့်ကြံခြင်းသည် ခုန်ပျံကျော်လွှား တိုးတက်လာခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။ ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပင် သူသည် ကုချင်းရွဲ့နှင့် အခြားသူများကို အမီလိုက်နိုင်ခဲ့ကာ ထျန်းကျွင်းအဆင့်သို့ ဖောက်ထွက်ရန် နီးကပ်နေခဲ့ပြီ ဖြစ်သည်။

‎

‎

‎မိန်းကလေးများသည် အစက ဖူဝမ် အဆင့်တက်ပြီးနောက် အတူတကွ အပြင်သို့ စွန့်စားထွက်ခွာရန် စီစဉ်ထားခဲ့ကြသည်။ သို့သော် ယခု ဖူဝမ် တံခါးပိတ်ကျင့်ကြံပြီးနောက် အချိန်အတိုင်းအတာတစ်ခု ကြာမြင့်သွားခဲ့ပြီဖြစ်သော်လည်း သူ ထွက်မလာသေးသဖြင့် ကုချင်းရွဲ့မှာ အနည်းငယ် စိုးရိမ်နေမိသည်။

‎

‎

‎" စိုးရိမ်နေစရာ မလိုပါဘူး... ဒီတစ်ခေါက် တံခါးပိတ်ကျင့်ကြံခြင်းမှာ ညီမလေး ဖူဝမ်ရဲ့ အဆင့်တက်မှုကနေ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရလာလိမ့်မယ်လို့ ကျွန်မ ခံစားမိပါတယ်... အရမ်းကို ကံကောင်းတဲ့ အတိတ်နိမိတ်လို့ ပြောလို့ရတယ် "

‎

‎

‎ဟွမ်ကျိုအာမှ တုံ့ဆိုင်းမနေဘဲ ပြောဆိုလိုက်၏။

‎

‎

‎ဟွမ်ကျိုအာ၏အဖြေကို နားထောင်ပြီးနောက် မိန်းကလေးအားလုံးသည် တိတ်တဆိတ် သက်ပြင်းချလိုက်မိကြ၏။ ဟွမ်ကျိုအာသည် ကံကြမ္မာ မဟာတာအို၏ နက်ရှိုင်းစွာ မျက်နှာသာပေးမှုကို ခံရ၍ အတိုင်းအတာတစ်ခုအထိ ကံကောင်းခြင်းနှင့် ကံဆိုးခြင်းတို့ကို ခွဲခြားသိမြင်နိုင်စွမ်း ရှိကြောင်းကို သူတို့အားလုံး သိထားကြသည်။

‎

‎

‎အထူးသဖြင့် ကုချန်နှင့်အတူ အချိန်မြစ်၏ အဆုံးသတ်သို့ မတော်တဆ ဝင်ရောက်သွားခဲ့ပြီး ကံကြမ္မာအံစာတုံး၏ အမွေအနှစ်ကို ရရှိခဲ့သော နေ့မှစ၍ ကံကြမ္မာတာအိုအပေါ် သူ၏ နားလည်ဆုပ်ကိုင်နိုင်မှုသည် ပို၍ပင် ရှင်းလင်းလာခဲ့သည်။

‎

‎

‎ယခုတစ်ကြိမ် ဖူဝမ်၏ တံခါးပိတ်ကျင့်ကြံခြင်းတွင် မည်သည့်အန္တရာယ်မျှ မရှိဟု သူ ပြောထားပြီးဖြစ်ရာ ရလဒ်သည် ကျိန်းသေပေါက် များစွာ ကောင်းမွန်ပေလိမ့်မည်။

‎

‎

‎ဟွမ်ကျိုအာ၏စကားသံ ဆုံးသွားပြီး မကြာမီမှာပင် ဖူဝမ် တံခါးပိတ်ကျင့်ကြံနေသော ခန်းမအတွင်းမှ ကြီးမားကျယ်ပြန့်သော ယင်နှင့်ယန် စွမ်းအားတစ်ခုသည် ရုတ်တရက် ထိုးတက်လာခဲ့ကာ ကောင်းကင်ထက်တွင် မြင့်မားစွာ ချိတ်ဆွဲထားသော တောက်ပသည့် နေမင်းနှင့် လပြည့်ဝန်းကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

‎

‎

‎ထိုတောက်ပသော နေမင်းနှင့် လပြည့်ဝန်းသည် မဟာယင်နှင့် ယန်စွမ်းအားများဖြင့် ဖွဲ့စည်းထားကာ ကောင်းကင်ကြီးတစ်ခုလုံးအား တစ်ပိုင်းစီ သိမ်းပိုက် ပိုင်းခြားထားလေသည်။

‎

‎

‎သို့သော် နောက်အခိုက်အတန့်တွင် တောက်ပသော နေမင်းနှင့် လပြည့်ဝန်းသည် အလယ်ဗဟိုတွင် အချင်းချင်း တဖြည်းဖြည်း နီးကပ်လာလျက် ကောင်းကင်အား တစ်ဝက်စီ သိမ်းပိုက်ထားသော မဟာယင်နှင့် ယန်စွမ်းအားတို့သည် အမှန်တကယ်ပင် တဖြည်းဖြည်း ပေါင်းစည်းလာခဲ့ကာ ယင်နှင့် ယန် အပြန်အလှန် သက်ရောက်နေသော ဟွမ်သွမ့်အခြေအနေတစ်ခုကို ဖော်ပြနေလေသည်။

‎

‎

‎အချိန်ကုန်လွန်လာသည်နှင့်အမျှ တောက်ပသော နေမင်းနှင့် လပြည့်ဝန်းသည်လည်း တဖြည်းဖြည်း ပေါင်းစည်းသွားကာ ထိုက်ချီအဖြစ် ပြောင်းလဲသွား၍ ယန်အထဲတွင် ယင်ကို ဖက်တွယ်ထားကာ ယင်အထဲတွင် ယန်ကို စောင့်ကြပ်ထားလျက် သိမ်မွေ့သော ဟန်ချက်ညီမှုတစ်ခုကို ရရှိသွားခဲ့၏။

‎

‎

‎တစ်ချိန်တည်းမှာပင် ခန်းမကြီးထဲမှ ဧရာမ အငွေ့အသက်တစ်ခု ထွက်ပေါ်လာသလို ဖူဝမ်၏ သေးသွယ်သော ခန္ဓာကိုယ်လေးသည်လည်း ကောင်းကင်ယံသို့ ပျံတက်သွားကာ အမြင့်တစ်နေရာတွင် ရပ်တန့်လိုက်၏။

‎

‎

‎ထိုက်ချီသည်လည်း အောက်သို့ ဆင်းသက်လာ၍ ဖူဝမ်၏မျက်ခုံးနှစ်ခုကြားသို့ ပေါင်းစည်းဝင်ရောက်သွားခဲ့လေသည်။ ထိုအခိုက်အတန့်တွင် ဖူဝမ်၏ဆံပင်များသည် စင်စစ် ရွှေရောင်အဖြစ် ပြောင်းလဲသွား၍ ပြည့်ဝသော နေစွမ်းအားများ စီးဆင်းနေကာ သူ၏မျက်ခုံးနှစ်ခုကြားတွင် အေးချမ်းသော မဟာယင်စွမ်းအားများ စီးဆင်းနေ၏။ ထိုနေရာတွင် ယင်နှင့် ယန်တို့ ဆုံစည်းနေရာ လျှို့ဝှက်ဆန်းကြယ်၍ အေးချမ်းလှပေသည်။

‎

‎

‎" အစ်မ ချင်းရွဲ့... စီနီယာအစ်မ ယဲ့ယင်းယင်းနဲ့ အစ်မ ကျိုအာ! "

‎

‎

‎ဖူဝမ်သည် မျက်လုံးများကို ဖွင့်လိုက်ရာ သူ့အား စောင့်ဆိုင်းနေသော မိန်းကလေးသုံးယောက်ကို ချက်ချင်း မြင်တွေ့လိုက်ရလေသည်။ သူ၏မျက်နှာလေးပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။ သူသည် သူ၏တုန်ခါမှုများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် မိန်းကလေးသုံးယောက်၏ ဘေးသို့ ဆင်းသက်လာခဲ့သည်။

‎

‎

‎" အခုဆို ညီမလေးက တကယ်ကို လူသားဧကရာဇ်တစ်ပါးနဲ့ တူသွားပြီပဲ "

‎

‎

‎ကုချင်းရွဲ့သည် ဖူဝမ်၏ခေါင်းလေးကို ပွတ်သပ်ရင်း ပြုံးကာ ပြောဆိုလိုက်၏။ ယခုလေးတင် ဖူဝမ်၏ အဆင့်တက်ခြင်းမှ ထွက်ပေါ်လာသော အငွေ့အသက်မှာ သူ့အား လူသားဧကရာဇ်ကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရစဉ်ကကဲ့သို့ အနည်းငယ် ခံစားလိုက်ရစေသည်။

‎

‎

‎" ကျွန်မက ဘိုးဘေးရဲ့ မြင့်မြတ်တဲ့စွမ်းအားလောက်တော့ သေချာပေါက် မကောင်းသေးပါဘူး "

‎

‎

‎ဖူဝမ်သည် လျှာလေးထုတ်လျက် ပြုံးရွှင်စွာဖြင့် ပြောဆိုလိုက်သည်။

‎

‎

‎အသက်အရွယ်အရပြောရလျှင် သူသည် အမှန်တကယ်တော့ မငယ်တော့ပေ။ သို့သော် သူ၏အဆင့်ရှိ တည်ရှိမှုတစ်ခုအတွက် ဖူဝမ်၏အသက်သည် အငယ်ဆုံးဖြစ်နေသေးသည်ဟု ဆိုနိုင်ပေသည်။

‎

‎

‎ကုချန်၏ ကယ်တင်ခြင်းခံရပြီးကတည်းက ဖူဝမ်သည် ကောင်းကင်ဘုံတားမြစ်နယ်မြေအတွင်း၌သာ နေထိုင်ကာ ကြိုးစားပမ်းစား ကျင့်ကြံနေခဲ့ခြင်းကြောင့် သူ၏စိတ်နေစိတ်ထားသည် အမှန်တကယ်တွင် ဆယ်ကျော်သက်အရွယ် လူသားမိန်းကလေးတစ်ဦးနှင့် ဘာမျှ ကွာခြားမှု မရှိပေ။

‎

‎

‎" မဟာယင်နဲ့ ယန်စွမ်းအား... ဒီလမ်းစဉ်နှစ်ခုထဲက တစ်ခုခုကို နားလည်သဘောပေါက်ရင်ကိုပဲ အရှင်သခင်နေရာကို ရောက်ရှိနိုင်တယ်... ဒါပေမယ့် လူသားဧကရာဇ်ကတော့ ယန်စွမ်းအားရော မဟာယင်စွမ်းအားကိုပါ နားလည်သဘောပေါက်ပြီး... တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ခဲ့လို့ အဆုံးမဲ့ကမ္ဘာမှာ ပထမဆုံး ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခု ဖြစ်လာခဲ့တာပဲ.....

‎

‎ညီမလေးအနေနဲ့ လူသားဧကရာဇ်ရဲ့ လမ်းစဉ်ကို တစ်ဆင့်ချင်းစီ လိုက်နာနေသရွေ့... အနာဂတ်မှာ တာအိုကို အောင်မြင်ပြီး ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ပါတယ် "

‎

‎

‎ယဲ့ယင်းယင်းမှ အားပေးသည့် အပြုံးဖြင့် ပြောဆိုလိုက်၏။

‎

‎

‎လူသားဧကရာဇ်သည် သခင်ကုချန်မှလွဲ၍ ရှေးခေတ်ကာလကတည်းက အဆုံးမဲ့ကမ္ဘာတွင် မွေးဖွားလာခဲ့သော တစ်ဦးတည်းသော ပါရမီရှင်တစ်ဦး ဖြစ်ပေသည်။ သူ၏ ပါရမီနှင့် ထူးချွန်မှုသည် သက်ရှိအားလုံးထက် သာလွန်ပေသည်။

‎

‎

‎အတိတ်က လူသားဧကရာဇ်သည် မဟာယင်နှင့် နေမင်း၏ တာအိုကို အားကိုးကာ အရှင်သခင်အဆင့်၏ အချုပ်အနှောင်များကို ချိုးဖျက်၍ တာအိုကို အောင်မြင်ကာ ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ခဲ့သည်။

‎

‎

‎တူညီသော လမ်းစဉ်ကို လျှောက်လှမ်းနေသည့် ဖူဝမ်သည်လည်း ဤအရာကို အောင်မြင်နိုင်၍ လူသားဧကရာဇ်၏ ဂုဏ်ကျက်သရေကို ပြန်လည် ရှင်သန်လာစေနိုင်ကောင်းပေသည်။

‎အခန်း ( ၄၈၄ ) - မိန်းကလေးလေးယောက် ထွက်ခွာသွားခြင်းနှင့် ရှင်းပြရခက်သော ခံစားချက်တစ်ခု

‎

‎

‎

‎" ဒီလိုပဲ မျှော်လင့်ပါတယ် "

‎

‎

‎ဖူဝမ်မှ ခပ်ဖွဖွ ပြုံးလိုက်ကာ ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ မေးမြန်းလိုက်၏။

‎

‎

‎" အစ်မတို့က ဒီတစ်ခေါက် စွန့်စားခရီးစဉ်အတွက် ဘယ်ကိုသွားမယ်ဆိုတာ အတိအကျ ဆုံးဖြတ်ပြီးပြီလား "

‎

‎

‎သူ စကားပြောလိုက်သည်နှင့်တပြိုင်နက် ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းတို့၏ မျက်နှာအမူအရာများမှာ မသိမသာ ပြောင်းလဲသွားခဲ့သည်။

‎

‎

‎သူတို့သည် စွန့်စားခရီး အတူတကွ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြသည်မှာ မှန်သော်လည်း သွားရမည့် နေရာအတိအကျ မရှိခဲ့ပေ။

‎

‎

‎မည်သို့ပင်ဆိုစေ သူတို့သည် အင်မော်တယ်ကမ္ဘာသို့ အထက်ကောင်းကင်ဘုံနှင့်အတူ ယခုမှ ရောက်ရှိလာခဲ့ခြင်းဖြစ်ရာ အင်မော်တယ်ကမ္ဘာ၏ တိကျသော အခြေအနေများနှင့် ပတ်သက်၍ လုံးဝ အမှောင်ကျနေဆဲပင်။

‎

‎

‎လွန်ခဲ့သော ဆယ်နှစ်တာကာလအတွင်း အင်မော်တယ်ကမ္ဘာ၏ တိကျသော အခြေအနေများကို မိတ်ဆက်ပေးထားသည့် ယွဲ့လင်အင်မော်တယ်ဘုရင် ယူဆောင်လာသော ရှေးဟောင်းမှတ်တမ်းအချို့မှတစ်ဆင့် လက်ရှိ အင်မော်တယ်ကမ္ဘာ၏ အခြေအနေကို အကြမ်းဖျင်း နားလည်ထားခဲ့သော်လည်း ယင်းမှာ စာအုပ်များထဲမှ သင်ယူထားခဲ့ခြင်းသာ ဖြစ်သည်။

‎

‎

‎သူတို့သည် အင်မော်တယ်ကမ္ဘာထဲသို့ အမှန်တကယ် စွန့်စားမထွက်ခဲ့ဖူးချေ!

‎

‎

‎သို့သော် ဘယ်သွားရမည်ကို မသိလျှင်တောင်မှ ဤပြဿနာက ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းတို့ကို အခက်မတွေ့စေခဲ့သည်မှာ ထင်ရှားပေသည်။

‎

‎

‎မိန်းကလေးနှစ်ယောက်စလုံးသည် တိုက်ဆိုင်စွာပင် ဟွမ်ကျိုအာထံသို့ လှည့်ကြည့်လိုက်ကြ၏။

‎

‎

‎စွန့်စားခရီး ဘယ်သွားရမလဲ။ အဆင်သင့်ရှိနေတဲ့ လမ်းပြကောင်းတစ်ယောက် ရှိမနေဘူးလား။

‎

‎

‎ကုချင်းရွဲ့ရော ယဲ့ယင်းယင်းပါ ဟွမ်ကျိုအာနှင့်အတူ စွန့်စားထွက်ခွာခဲ့ရသော သူတို့၏ အတိတ်က အတွေ့အကြုံများကို မှတ်မိနေကြဆဲ ဖြစ်သည်။

‎

‎

‎ကံကြမ္မာမဟာတာအို၏ မျက်နှာသာပေးမှုကို ခံထားရသော ဟွမ်ကျိုအာသည် မည်သည့် နေရာကိုမျှ အတိအကျ ထောက်ပြရန် မလိုအပ်ပေ။ သူသည် မမြင်တွေ့ရသော လမ်းညွှန်မှုများကို လိုက်နာရုံဖြင့် မရေမတွက်နိုင်သော ကံကောင်းခြင်းများနှင့် အကျိုးကျေးဇူးများကို သဘာဝအတိုင်း ရရှိနိုင်မည် ဖြစ်သည်။

‎

‎

‎" ညီမကိုလား "

‎

‎

‎ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းတို့၏ အကြည့်များကို မြင်သောအခါ ဟွမ်ကျိုအာသည် ပထမ၌ အံ့အားသင့်သွားပြီးနောက် မိန်းကလေးနှစ်ယောက်၏ ဆိုလိုရင်းကို နားလည်သွားပုံရကာ ရှက်ရွံ့စွာ ပြုံးလိုက်လေသည်။

‎

‎

‎" ညီမလည်း စွန့်စားခရီး ဘယ်သွားရမလဲဆိုတာ တကယ်မသိဘူး... ဒါပေမယ့် အစ်မတို့မှာလည်း အကြံဉာဏ်မရှိဘူးဆိုရင်တော့ ညီမနဲ့အတူ လျှောက်သွားကြတာပေါ့ "

‎

‎

‎" ကောင်းပြီ... ကောင်းပြီ! "

‎

‎

‎ဟွမ်ကျိုအာ၏စကားကို ကြားသောအခါ ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းတို့ စကားမပြောရသေးမီမှာပင် ဖူဝမ်မှ အလျင်အမြန် ခေါင်းညိတ်လိုက်၏။

‎

‎

‎သူသည်လည်း ဟွမ်ကျိုအာနှင့်အတူ စွန့်စားခရီး ထွက်ခဲ့ဖူးသောကြောင့် အပေါ်ယံတွင် အနည်းငယ် 'ရှုပ်ထွေး' နေပုံရသော ထိုအစ်မသည် အမှန်တကယ်တော့ စစ်မှန်သော ကံကောင်းခြင်းများကို ယူဆောင်လာပေးသူဖြစ်ရာ နေရာအတိအကျ မလိုအပ်ဘဲ ပေါ့ပေါ့ပါးပါး လျှောက်သွားနေရုံဖြင့် မျှော်လင့်မထားသော အကျိုးအမြတ်များကို ရရှိစေနိုင်ကြောင်း သိထားပေသည်။

‎

‎

‎" ဒါဆို သွားကြစို့! "

‎

‎

‎မိန်းကလေးအားလုံး သဘောတူသည်ကို မြင်သောအခါ ဟွမ်ကျိုအာသည် တုံ့ဆိုင်းမနေဘဲ အလွယ်တကူ လက်ခံလိုက်၏။

‎

‎

‎ထို့နောက် မိန်းကလေးများသည် ကောင်းကင်ဘုံတားမြစ်နယ်မြေမှ အတူတကွ ထွက်ခွာသွားကြလေသည်။

‎

‎

‎" အစ်မ ချင်းရွဲ့တို့လည်း ထွက်သွားကြပြီပဲ..... "

‎

‎

‎ကောင်းကင်ဘုံတားမြစ်နယ်မြေ အတွင်း၌ ကုယိုသည် ထွက်ခွာသွားသော ချင်းရွဲ့နှင့် အခြားသူများ၏ ကျောပြင်ကို ကြည့်ရင်း တစ်ခုခု ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။

‎

‎

‎သူတို့ အင်မော်တယ်ကမ္ဘာသို့ ရောက်ရှိလာခဲ့သည်မှာ နှစ်တစ်ရာ ကြာလွန်သွားခဲ့ပြီ ဖြစ်သည်။

‎

‎

‎ထို့အပြင် ဤနှစ်တစ်ရာကာလအတွင်း ကောင်းကင်ဘုံရှိ အပြောင်းအလဲများသည် အင်မော်တယ်မတက်လှမ်းမီ ရွာသူကြီး ကုရှန်မင် သူ့အား ပေးခဲ့သော ညွှန်ကြားချက်များကိုလည်း အတည်ပြုပေးနေခဲ့၏။

‎

‎

‎အင်မော်တယ်ကမ္ဘာသို့ ရောက်ရှိပြီးနောက် ဘိုးဘေး ကုဝူရှန့်၏ညွှန်ကြားချက်အရ ကောင်းကင်ဘုံရှိ ကုမိသားစုသည် အဖွဲ့လိုက်ခွဲ၍ အပြင်သို့ စတင်ထွက်ခွာလာခဲ့ကြပြီး ကုမိသားစုဝင် အများအပြားသည် အပြင်ဘက်တွင် အိမ်ထောင်ပြုကာ သားသမီးများ မွေးဖွား၍ အခြေချ စည်ပင်လာခဲ့ကြသည်။

‎

‎

‎အကယ်၍ ဤလက်ရှိအနေအထားအတိုင်း ဆက်သွားမည်ဆိုပါက နှစ်တစ်ထောင်မပြည့်မီ အချိန်အတွင်း ကုမိသားစုသည် အင်မော်တယ်ကမ္ဘာတစ်ဝန်းလုံးတွင် မျိုးဆက်ခွဲများစွာ ရှိလာမည်ပင်။

‎

‎

‎ထို့ပြင် အချိန်များ ကုန်လွန်လာသည်နှင့်အမျှ အပြင်ဘက်တွင် ပြန့်ကျဲနေသော ကုမိသားစု မျိုးဆက်ခွဲများသည် ပို၍ပို၍ များပြားလာမည်ကို ကြိုတင်မြင်တွေ့နိုင်ပေသည်။

‎

‎

‎ထို့အပြင် အထက်ကောင်းကင်ဘုံ အင်မော်တယ်ကမ္ဘာသို့ ရောက်ရှိပြီးနောက် ကိုယ်တိုင်ကိုယ်ကျ လာရောက်လည်ပတ်ခဲ့သော အမျိုးသမီး အင်မော်တယ်ဘုရင်၏ လုပ်ရပ်များကလည်း အင်မော်တယ်ကမ္ဘာ၌ ကုမိသားစု ထွန်းတောက်လာခြင်းသည် ရှောင်လွှဲ၍မရသော ကိစ္စတစ်ခုဖြစ်ကြောင်း ကုယိုအား နားလည်သွားစေခဲ့သည်။

‎

‎

‎အနာဂတ်တွင် ရွာသူကြီး ပြောခဲ့သကဲ့သို့ အင်မော်တယ်ကမ္ဘာ၌ ကုမိသားစု မျိုးဆက်ခွဲများစွာ တည်ရှိလာမည်မှာ သေချာလှပေသည်။

‎

‎

‎ဤသည်ကို တွေးမိသောအခါ သဲ့သဲ့မျှသော ဖိအားတစ်ခုသည် ကုယို၏စိတ်နှလုံးထဲတွင် လွှမ်းမိုးလာခဲ့၏။

‎

‎

‎သူသည် ကုချင်းရွဲ့၊ ယဲ့ယင်းယင်း၊ ဖူဝမ်နှင့် အခြားသူများကဲ့သို့ မဟုတ်ချေ။

‎

‎

‎ကုချင်းရွဲ့သည် ဘိုးဘေး၏ အတန်ဖိုးထားရဆုံးသော မျိုးဆက်ဖြစ်ရာ သူ့အား ကာကွယ်ပေးရန် စစ်မှန်သောအင်မော်တယ်အဆင့် သခင်တစ်ဦးလည်း ရှိ၏။ ယဲ့ယင်းယင်းနှင့် ဖူဝမ်တို့သည်လည်း ဘိုးဘေး၏ ကိုယ်ပိုင်တပည့်များပင် ဖြစ်ကြသည်။

‎

‎

‎ကုမိသားစု၏ အနာဂါတ်မှာ မည်သို့ပင်ဖြစ်ပါစေ ဤမိန်းကလေးများ၏ အနာဂတ်မှာ အကန့်အသတ်မရှိဖြစ်ရန် ကံကြမ္မာပါလာပြီးသားပင်။

‎

‎

‎ကုယိုသည် ဘိုးဘေး ကုဝူရှန့်၏ တန်ဖိုးထားမှုကို ခံရသော်လည်း သူ၏ပါရမီသည် ကုမိသားစု၏ မျိုးဆက်သစ်များကြားတွင် ကြည့်မည်ဆိုပါက အထူးတလည် တောက်ပနေခြင်း မရှိပေ။

‎

‎

‎လက်ရှိတွင် ကုမိသားစု၌ အဖွဲ့ဝင်အနည်းငယ်သာရှိ‌၍ သူသည် ဘိုးဘေး၏ရှေ့တွင် နေရာတစ်နေရာ ရရှိထားနိုင်ဆဲဖြစ်သော်လည်း အနာဂတ်တွင် ကုမိသားစု ပိုမိုကြီးမားလာသည်နှင့်အမျှ ပါရမီရှင်များ ပိုမို မွေးဖွားလာမည်ဖြစ်ရာ ထိုအချိန်ရောက်လျှင် သူသည် ယနေ့ကဲ့သို့သော အဆင့်အတန်းမျိုး ရှိတော့မည်မဟုတ်သည်မှာ သဘာဝပင်။

‎

‎

‎ထို့အပြင် သူကိုယ်တိုင်အပြင် ကုမိသားစုရွာ မျိုးဆက်ကိုလည်း သူ ထောက်ပံ့ကူညီပေးရန် လိုအပ်ပေသေးသည်။

‎

‎

‎ယခုအခါ ကုမိသားစုရွာ မျိုးဆက်တစ်ခုလုံးအတွက် တာဝန်ကို ထမ်းဆောင်ရန် သူ တစ်ယောက်တည်းသာ ရှိတော့သည်။

‎

‎

‎" ရွာသူကြီး ပြောတာ တကယ် မှန်တယ်... အင်မော်တယ်ကမ္ဘာကို ရောက်ပြီးတဲ့နောက် ငါ ပိုပြီး ကြိုးစားရမယ် "

‎

‎

‎ကုယို သက်ပြင်းချလိုက်၏။ သူ၏ ကိုယ်ပိုင် အနာဂတ်အတွက်ပင်ဖြစ်စေ ကုမိသားစုရွာ၏ အနာဂတ်အတွက်ပင်ဖြစ်စေ သူ အနည်းငယ်မျှပင် ပေါ့ဆရဲမည် မဟုတ်ပေ!

‎

‎

‎... ... ... ...

‎

‎

‎" ဟိုဘက်ကို သွားကြစို့ "

‎

‎

‎ကောင်းကင်ဘုံတားမြစ်နယ်မြေမှ ထွက်ခွာပြီးနောက် ဟွမ်ကျိုအာသည် သူ၏ လှပသော မျက်လုံးများကို ဉီးစွာ အနည်းငယ် မှိတ်လိုက်၍ တစ်ခဏမျှ အာရုံခံလိုက်ကာ လမ်းကြောင်းတစ်ခုကို လက်ညှိုးထိုးပြ၍ အကြံပြုလိုက်၏။

‎

‎

‎ဖူဝမ်နှင့် အခြားသူများ ထင်ထားသည့်အတိုင်းပင် ဟွမ်ကျိုအာသည် စွန့်စားခရီး ဘယ်သွားရမည်ကို အတိအကျ မသိခဲ့ပေ။ သူသည် ဆုံးဖြတ်ချက်ချရန်အတွက် မမြင်တွေ့ရသော နေရာမှ ကံကြမ္မာ၏ ရွေးချယ်မှုများကိုသာ လိုက်နာခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ယခင်အတိုင်းပင် ကုချင်းရွဲ့နှင့် အခြားသူများသည် ဟွမ်ကျိုအာ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ရန် အကြောင်းပြချက် မရှိခဲ့ပေ။ ထို့ကြောင့် မိန်းကလေးများသည် ဟွမ်ကျိုအာ၏ ညွှန်ပြမှုအတိုင်း အတူတကွ ခရီးဆက်ခဲ့ကြလေသည်။

‎

‎

‎ဤခရီးစဉ်သည် တစ်နှစ်နီးပါး ကြာမြင့်ခဲ့၏။

‎

‎

‎ဤတစ်နှစ်တာကာလအတွင်း မိန်းကလေးများသည် ရပ်တန့်လိုက် သွားလိုက်ဖြင့် ခရီးသွားခဲ့ကြ၍ လဝိညာဉ် ကောင်းကင်ဘုံ၏ လွှမ်းခြုံထားသော နယ်မြေမှ ထွက်ခွာကာ အခြားသော ကောင်းကင်ဘုံများသို့ပင် ရောက်ရှိခဲ့ကြသည်။

‎

‎

‎မိန်းကလေးများ သွားရာနေရာတိုင်းသည် လူသူအရောက်အပေါက် နည်းပါးလှသော်လည်း နှစ်တစ်သောင်းကြာ အမြစ်တွယ်နေသော ရှေးဟောင်းဆေးဖက်ဝင်အပင်များ၊ မြင့်မြတ်သော ပစ္စည်းများ၊ ဝေးလံခေါင်ဖျားသော နေရာများတွင် ပြန့်ကျဲနေသည့် အင်မော်တယ်အဆင့် ပစ္စည်းများနှင့် အခြားအရာများကို ရှင်းပြရခက်လောက်အောင်ပင် သူတို့ အမြဲတစေ ရှာဖွေတွေ့ရှိခဲ့ကြသည်။

‎

‎

‎ထိုရတနာများကို ရယူရာတွင် မည်သည့် အားစိုက်ထုတ်မှုမျှ မလိုအပ်ခဲ့ဘဲ လမ်းပေါ်တွင် ပိုက်ဆံကောက်ရသကဲ့သို့ပင် ရိုးရှင်းလှ၏။

‎

‎

‎ကံကောင်းခြင်းများ ပေါက်ကွဲထွက်လာသကဲ့သို့ ဖြစ်နေသော ထိုအတွေ့အကြုံသည် ဤခရီးစဉ်အတွက် 'လမ်းပြ' မှန်ကန်စွာ ရွေးချယ်ခဲ့သည်မှာ သေချာလှကြောင်း ပြသနေရာ ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းတို့အား အာမေဍိတ်သံများပင် ထွက်ပေါ်လာစေခဲ့သည်။

‎

‎

‎ဟွမ်ကျိုအာ ရှိနေသဖြင့် ကံကောင်းခြင်းများသည် အလကားရသည့်အလား သူတို့ဆီသို့ ပစ်သွင်းခံနေရကာ မောင်းထုတ်၍မရနိုင်ပင် ဖြစ်နေခဲ့သည်။

‎

‎

‎အကယ်၍ ဤသည်မှာ အခြားတစ်ယောက်ယောက်သာဆိုလျှင် ဤကဲ့သို့ ကောင်းကင်ကို အန်တုသော ကံကောင်းခြင်းမျိုးကို ဘယ်မှာ သွားရှာတွေ့နိုင်မည်နည်း။

‎

‎

‎ခရီးအနည်းငယ် ဆက်သွားပြီးနောက် ဟွမ်ကျိုအာ၏ မျက်နှာအမူအရာသည် ရုတ်တရက် မသိမသာ ပြောင်းလဲသွားခဲ့၏။

‎

‎

‎" ဒီခံစားချက်က..... "

‎

‎

‎ရုတ်တရက် သူ၏စိတ်နှလုံးထဲတွင် ထူးဆန်းသော လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာခဲ့လေရာ ဟွမ်ကျိုအာမှာ တိုးညင်းစွာ ရေရွတ်လိုက်မိလေသည်။

‎

‎

‎ထိုလှုပ်ရှားမှုက သူ၏စိတ်နှလုံးကို အဆက်မပြတ် တုန်လှုပ်သွားစေခဲ့၏။

‎

‎

‎" အစ်မ ကျိုအာ... ဘာဖြစ်လို့လဲ "

‎

‎

‎မျက်စိလျင်သော ဖူဝမ်သည် ဟွမ်ကျိုအာ၏ ပုံမှန်မဟုတ်သော အခြေအနေကို သတိပြုမိသွားကာ အလျင်အမြန် မေးမြန်းလိုက်၏။

‎

‎

‎" ဘာမှမဖြစ်ပါဘူး..... "

‎

‎

‎ဟွမ်ကျိုအာသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် မိန်းကလေးများကို ရှင်းပြလိုက်၏။

‎

‎

‎" ဒီနေရာကို ရောက်လာချိန်မှာ စိတ်ထဲမှာ ရုတ်တရက် လှုပ်ရှားမှုတစ်ခု ဖြစ်လာပြီး နေရာတစ်ခုကို လမ်းညွှန်နေသလိုပဲ... အဲဒါက ညီမရဲ့ ဇာစ်မြစ်နဲ့ ဆက်စပ်နေပုံရတယ် "

‎

‎

‎ဟွမ်ကျိုအာရဲ့ ဇာစ်မြစ်နဲ့ ဆက်စပ်နေတယ်?

‎

‎

‎ဟွမ်ကျိုအာ၏စကားကို ကြားသောအခါ မိန်းကလေးအားလုံး အံ့အားသင့်သွားကြ၏။

‎

‎

‎ဟွမ်ကျိုအာ နိုးထလာကတည်းက သူ၏ကိုယ်ပိုင်ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးရန် မည်သည့်အခါကမျှ လက်မလျှော့ခဲ့ဘူးဟု ဆိုနိုင်ပေသည်။

‎

‎

‎သို့သော် နှစ်ပေါင်းများစွာ ကြာပြီးနောက် သူသည် မည်သည့်အရာကိုမျှ မတွေ့ရှိခဲ့ရချေ။

‎

‎

‎ယခုအခါ ဤအင်မော်တယ်ကမ္ဘာတွင် ဟွမ်ကျိုအာမှ သူ၏ကိုယ်ပိုင်ဇာစ်မြစ်နှင့် ဆက်စပ်နေသည့် လှုပ်ရှားမှုတစ်ခုကို အမှန်တကယ် ခံစားသိရှိလိုက်ရသည်လော။

‎‎

All Chapters