← Chapters

အခန်း (၄၈၅-၄၈၆)

Vol. 35 Ch. 485-486

အခန်း (၄၈၅-၄၈၆)

Vol. 35 Ch. 485-486

‎အခန်း ( ၄၈၅ ) - အင်မော်တယ်ကမ္ဘာမှလား။ ပျက်စီးနေသောနယ်မြေနှင့် အဓိကပစ္စည်း

‎

‎

‎

‎ဟွမ်ကျိုအာ၏ ဇာစ်မြစ်မှာ အမြဲတမ်း ပဟေဠိတစ်ခု ဖြစ်နေခဲ့၏။

‎

‎

‎အတိတ်က ကုချန်သည် ကောင်းကင်ဘုံတားမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာမှ လျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားကို တူးဖော်တွေ့ရှိခဲ့စဉ်က ဟွမ်ကျိုအာသည် မြင့်မြတ်သော မူလအဆီအနှစ်တစ်ခုအတွင်း ချိပ်ပိတ်ခံထားရကာ ထိုခေါင်းတလားနှင့်အတူ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

‎

‎

‎အစပိုင်းတွင် ဟွမ်ကျိုအာကိုယ်တိုင်အပြင် ကုချင်းရွဲ့နှင့် အခြားသူများသည်လည်း ထိုခေါင်းတလားနှင့် ဟွမ်ကျိုအာတို့ နှစ်ခုစလုံးကို ကောင်းကင်ဘုံတားမြစ်နယ်မြေအတွင်း၌ ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် ဟွမ်ကျိုအာသည် အဆုံးမဲ့ကမ္ဘာ၏ ရှေးဟောင်းခေတ်ကာလမှ တည်ရှိမှုတစ်ခု ဖြစ်ရမည်ဟု ယုံကြည်ခဲ့ကြသည်။

‎

‎

‎ထို့ပြင် ကောင်းကင်ဘုံတားမြစ်နယ်မြေသည် အဆုံးမဲ့ကမ္ဘာအတွင်း၌ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့ခြင်း ဖြစ်သည်။

‎

‎

‎သို့သော် နောက်ပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေပြီးနောက်၌ပင် ဟွမ်ကျိုအာသည် သူ၏ဇာစ်မြစ်နှင့် ပတ်သက်သော မည်သည့် သဲလွန်စကိုမျှ ရှာမတွေ့ခဲ့ပေ။ ဤသည်က သူ၏ စစ်မှန်သော ဇာစ်မြစ်သည် အဆုံးမဲ့ကမ္ဘာနှင့် ဆက်စပ်မှု မရှိလေသလားဟု သူ့အား တွေးတောသွားစေခဲ့သည်။

‎

‎

‎ထို့နောက် ကောင်းကင်ဘုံတားမြစ်နယ်မြေသည် အတိတ်က ဟွမ်သွမ့်ပင်လယ်မှတစ်ဆင့် အဆုံးမဲ့ကမ္ဘာအတွင်းသို့ စီးဆင်းဝင်ရောက်လာခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဟွမ်ကျိုအာ သိရှိခဲ့ရသည်။

‎

‎

‎၎င်းသည် သူ၏ဇာစ်မြစ်မှာ လျှို့ဝှက်ဆန်းကြယ်၍ နားလည်ရခက်သော ဟွမ်သွမ့်ပင်လယ်နှင့် ဆက်စပ်နေကြောင်း ဆိုလိုခြင်း ဖြစ်နိုင်ပေသည်။

‎

‎

‎သို့သော် ဟွမ်သွမ့်ပင်လယ်ထဲတွင် သူနှင့် ပတ်သက်သော သဲလွန်စများကို ရှာဖွေရန်ဆိုသည်မှာ အလွန်အမင်း ခက်ခဲလှသည်မှလွဲ၍ အခြား ဘာဖြစ်နိုင်မည်နည်း။

‎

‎

‎ဟွမ်သွမ့်ပင်လယ်သည် အဆုံးအစမရှိ ကျယ်ပြောလှကာ အဆုံးမဲ့ကမ္ဘာ၏ အရွယ်အစားသည် ဟွမ်သွမ့်ပင်လယ်တစ်ခုလုံးနှင့် ယှဉ်လျှင် ဖုန်မှုန့်တစ်မှုန့်မျှပင် မရှိချေ။

‎

‎

‎ဤကျယ်ပြောလှ၍ အဆုံးအစမရှိသော ဟွမ်သွမ့်ပင်လယ်ထဲတွင် သူ၏ ဇာစ်မြစ်နှင့် ပတ်သက်သော သဲလွန်စများကို ရှာဖွေရန်မှာ ပင်လယ်ထဲ အပ်ကျ ရှာရသည်ထက်ပင် ပို၍ ခက်ခဲလှပေသည်။

‎

‎

‎ထို့အပြင် ဟွမ်သွမ့်ပင်လယ်ထဲတွင် လွန်စွာ အန္တရာယ်များသော တားမြစ်နယ်မြေများစွာလည်း ရှိနေသေးသည်။

‎

‎

‎အချို့သောနေရာများသည် ကုချန်ပင်လျှင် အလွယ်တကူ ဝင်ရောက်ရန် မရဲဝံ့ပေ။ ဟွမ်ကျိုအာဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။

‎

‎

‎ထို့ကြောင့် နောက်ပိုင်းတွင် ဟွမ်ကျိုအာသည် သူ၏ ဇာစ်မြစ်နှင့် ပတ်သက်သော သဲလွန်စများကို ရှာဖွေရန် သိပ်ပြီး စိတ်အားမထက်သန်တော့ဘဲ သူ၏စွမ်းအားများကို အဓိက မြှင့်တင်ရန်သာ အာရုံစိုက်ခဲ့လေသည်။

‎

‎

‎စွမ်းအားများကို မြှင့်တင်ခြင်းဖြင့်သာ အနာဂတ်တွင် သူ၏ဇာစ်မြစ်ကို ပိုမိုကောင်းမွန်စွာ စူးစမ်းနိုင်မည်ဖြစ်ကြောင်း ဟွမ်ကျိုအာ ကောင်းစွာ သိထားပေသည်။

‎

‎

‎အခြားအရာများကို မဆိုထားနှင့် အကယ်၍ သူ၏စွမ်းအားသာ မလုံလောက်ပါက ဟွမ်သွမ့်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာများသို့ပင် သူ ဝင်ရောက်နိုင်မည်မဟုတ်ရာ သူ၏ဇာစ်မြစ်ကို စုံစမ်းရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။

‎

‎

‎သို့သော် ယခု ဤအင်မော်တယ်ကမ္ဘာတွင် သူသည် ထူးဆန်းသော လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရ၏။ ၎င်းမှာ သူ၏ ဇာစ်မြစ်နှင့် ဆက်စပ်နေသည်လော။

‎

‎

‎" အစ်မ ကျိုအာရဲ့ ဇာစ်မြစ်က ဟွမ်သွမ့်ပင်လယ်က မဟုတ်ဘဲ အင်မော်တယ်ကမ္ဘာကများ ဖြစ်နေမလား "

‎

‎

‎ဖူဝမ်သည် မနေနိုင်စွာ ဝင်ရောက် ပြောဆိုလိုက်၏။

‎

‎

‎အင်မော်တယ်ကမ္ဘာတွင် သူ၏ ဇာစ်မြစ်နှင့် ပတ်သက်သော သဲလွန်စများကို ခံစားသိရှိရခြင်းက သူ၏ စစ်မှန်သော ဇာစ်မြစ်မှာ အင်မော်တယ်ကမ္ဘာမှဖြစ်ကြောင်း ဆိုလိုခြင်း မဟုတ်လော။

‎

‎

‎" အဲဒီလို ဖြစ်နိုင်ခြေ အရမ်းများတယ် "

‎

‎

‎ကုချင်းရွဲ့သည်လည်း ရုတ်တရက် သဘောပေါက်သွားသည့် အမူအရာမျိုး ပြသလိုက်၏။ အကြောင်းမှာ သူ၏ဆရာဖြစ်သူ ကောင်းကင်နတ်သမီး ရှောင်းယွဲ့ကို ရုတ်တရက် သတိရသွားသောကြောင့်ပင်။

‎

‎

‎ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ ကျန်ရစ်သော ဝိညာဉ်အပိုင်းအစတစ်ခု ပါဝင်သည့် လျှို့ဝှက်ဆန်းကြယ်သော သိုလှောင်လက်စွပ်ကို အဆုံးမဲ့ကမ္ဘာတွင် သူ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

‎

‎

‎သို့သော်လည်း ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် အင်မော်တယ်ကမ္ဘာမှ လာခဲ့ခြင်း ဖြစ်၏။

‎

‎

‎သူ၏ ဆရာကိုယ်တိုင် ပြောပြချက်အရ ဤသိုလှောင်လက်စွပ်သည် အဆုံးမဲ့ကမ္ဘာသို့ မရောက်ရှိမီ ဟွမ်သွမ့်ပင်လယ်ထဲတွင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ မျောပါနေခဲ့ပုံပင်။

‎

‎

‎ဤသည်မှာ ဟွမ်ကျိုအာ၏ အခြေအနေနှင့် တစ်ထပ်တည်းနီးပါး တူညီနေသည် မဟုတ်လော။

‎

‎

‎သူ၏ခန္ဓာကိုယ် အစစ်အမှန်သည် အင်မော်တယ်ကမ္ဘာတွင် ရှိနေခဲ့၍ နောက်ပိုင်းတွင် မျှော်လင့်မထားသော အခြေအနေအချို့ကြောင့် ဟွမ်သွမ့်ပင်လယ်ထဲသို့ မျောပါသွားခဲ့ကာ နှစ်ပေါင်းများစွာ လေလွင့်ပြီးနောက် နောက်ဆုံးတွင် အဆုံးမဲ့ကမ္ဘာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

‎

‎

‎" ငါ့ရဲ့ဇာစ်မြစ် အစစ်အမှန်က အင်မော်တယ်ကမ္ဘာကများလား "

‎

‎

‎မိန်းကလေးများ၏ ဆွေးနွေးပြောဆိုမှုများကို နားထောင်ရင်း ဟွမ်ကျိုအာကိုယ်တိုင်လည်း တိုးညင်းစွာ ရေရွတ်လိုက်မိကာ သူ၏စိတ်နှလုံးထဲတွင် ထိန်းချုပ်၍မရနိုင်သော စိတ်လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာခဲ့၏။

‎

‎

‎သူ၏ဇာစ်မြစ်ကို နားလည်နိုင်မည့် မျှော်လင့်ချက်သည် မျက်စိရှေ့မှောက်တွင် ရှိနေပြီဖြစ်ရာ ဟွမ်ကျိုအာအနေဖြင့် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

‎

‎

‎" အစ်မတို့... ညီမ သွားပြီး စုံစမ်းကြည့်ဖို့ လိုတယ်... အစ်မတို့ အရင် တခြားနေရာတွေကို သွားစူးစမ်းနှင့်လို့ ရပါတယ်... အဲဒီနောက်မှ ညီမ ပြန်ဆက်သွယ်လိုက်ပါ့မယ် "

‎

‎

‎ဟွမ်ကျိုအာသည် အလျင်စလို ပြောဆိုလိုက်၏။ သူသည် သူ၏စိတ်နှလုံးကို လှုပ်ရှားစေခဲ့သော နေရာသို့ သွားရောက်ကြည့်ရှုရန် အနည်းငယ် စိတ်မရှည် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

‎

‎

‎" ညီမနဲ့ပဲ အတူတူ သွားကြတာပေါ့ "

‎

‎

‎ယဲ့ယင်းယင်းမှ တုံ့ဆိုင်းမနေဘဲ ပြောဆိုလိုက်၏။

‎

‎

‎" လူတစ်ယောက် ပိုပါလာရင် ကာကွယ်မှုနဲ့ ဘေးကင်းမှု ပိုတိုးလာတာပေါ့... ညီမ တစ်ယောက်တည်း သွားရမယ်ဆိုရင် အစ်မတို့ စိတ်ချမှာ မဟုတ်ဘူး "

‎

‎

‎နှစ်ပေါင်းရာချီ အတူတကွ ဖြတ်သန်းလာခဲ့ကြပြီးနောက် မိန်းကလေးများသည် ညီအစ်မအရင်းများကဲ့သို့ ဖြစ်နေကြပြီဖြစ်သည်။ ယခု ဟွမ်ကျိုအာ၏ ဘဝအတွက် အရေးကြီးသော အခိုက်အတန့်နှင့် ရင်ဆိုင်နေရချိန်တွင် ယဲ့ယင်းယင်းနှင့် အခြားသူများက မည်သို့ ဘေးမှရပ်ကြည့်နေနိုင်မည်နည်း။

‎

‎

‎" ဟုတ်တယ်... တကယ်လို့ အန္တရာယ်တစ်ခုခုနဲ့ တကယ်ကြုံတွေ့ရရင် ညီမ တစ်ယောက်တည်း ရင်ဆိုင်ရတာထက် အားလုံး အတူတူ ရင်ဆိုင်တာက ပိုကောင်းပါတယ် "

‎

‎

‎ဖူဝမ်သည်လည်း ခေါင်းကို အဆက်မပြတ် ညိတ်လျက် ထောက်ခံလိုက်၏။

‎

‎

‎" ကောင်းပါပြီ "

‎

‎

‎ဟွမ်ကျိုအာသည် တစ်ခဏမျှ စဉ်းစားပြီးနောက် သဘောတူလိုက်လေသည်။

‎

‎

‎ယခုအခါ အခြေအနေများ ကွာခြားသွားပြီ ဖြစ်၏။ မူလက သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် စွမ်းအားသည် လွန်စွာမြင့်မားနေခဲ့၍ ကုချင်းရွဲ့၊ ယဲ့ယင်းယင်းနှင့် အခြားသူများထက် များစွာ သာလွန်နေခဲ့သည်။

‎

‎

‎သို့သော် ယခုအခါ မိန်းကလေးအားလုံး၏ အဆင့်များသည် အမီလိုက်လာနိုင်ခဲ့ပြီဖြစ်ရာ အကယ်၍ ဟွမ်ကျိုအာ အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရပါက သူတို့သည် အမှန်တကယ်ပင် အတော်လေး အကူအညီ ပေးနိုင်ပေလိမ့်မည်။

‎

‎

‎" ဒီလိုဆိုမှတော့ ထွက်သွားကြစို့ "

‎

‎

‎ဟွမ်ကျိုအာသည် မျက်လုံးများကိုမှိတ်၍ တစ်ခဏမျှ အာရုံခံလိုက်၍ သူ၏စိတ်နှလုံးကို လှုပ်ရှားစေခဲ့သော တည်နေရာအတိအကျကို အတည်ပြုပြီးနောက် သူသည် မိန်းကလေးများကို ခေါ်ဆောင်ကာ ထိုနေရာသို့ မရပ်မနား အပြေးအလွှား သွားရောက်ခဲ့လေသည်။

‎

‎

‎.........

‎

‎

‎ခရီးတစ်ခုကို ဖြတ်သန်းပြီးနောက် ဟွမ်ကျိုအာ၏ ဦးဆောင်မှုဖြင့် မိန်းကလေးများသည် အနည်းငယ် ယိုယွင်းပျက်စီး၍ လူသူကင်းမဲ့နေသော ကမ္ဘာတစ်ခုသို့ ရောက်ရှိလာခဲ့ကြ၏။

‎

‎

‎" ဒီနေရာက ဘယ်ကောင်းကင်ဘုံကလဲ... ဘာလို့ ဒီလောက်တောင် ယိုယွင်းပျက်စီးပြီး ဟောင်းနွမ်းနေရတာလဲ "

‎

‎

‎ထိုကမ္ဘာ၏ ယိုယွင်းပျက်စီးလျက် လူသူကင်းမဲ့နေသော မြင်ကွင်းကို ကြည့်ကာ ဖူဝမ်မှ မနေနိုင်စွာ ပြောဆိုလိုက်၏။

‎

‎

‎" တကယ်ပဲ နည်းနည်းတော့ ထူးဆန်းနေတယ် "

‎

‎

‎ကုချင်းရွဲ့သည် အသံကိုနှိမ့်၍ ပြောဆိုလိုက်ကာ သူ၏စိတ်နှလုံးထဲတွင်လည်း တိတ်တဆိတ် သတိဝင်နေခဲ့ပြီ ဖြစ်သည်။

‎

‎

‎သူတို့၏ လက်ရှိ စွန့်စားခရီးစဉ်အတွင်း အင်မော်တယ်ကမ္ဘာရှိ နေရာအများအပြားကို ဖြတ်သန်းသွားလာခဲ့ကြသော်လည်း မည်သည့်နေရာကမျှ ဤနေရာကဲ့သို့ ယိုယွင်းပျက်စီးနေခြင်း မရှိခဲ့ချေ။

‎

‎

‎အခြားနေရာများသည် အင်မော်တယ်ချီများဖြင့် မပြည့်နှက်နေလျှင်တောင်မှ အနည်းဆုံးတော့ စည်ကားသိုက်မြိုက်နေတတ်သည်။

‎

‎

‎ဤနေရာတစ်ခုတည်းသာ ထိုယိုယွင်းပျက်စီးမှုနှင့် လူသူကင်းမဲ့နေမှု အငွေ့အသက်များ ထွက်ပေါ်နေကာ အင်မော်တယ်ကမ္ဘာ၏ ထူထပ်သော အင်မော်တယ်ချီများပင်လျှင် ဤခံစားချက်ကို ဖိနှိပ်ထားနိုင်ခြင်း မရှိခဲ့ပေ။

‎

‎

‎ဤကမ္ဘာတွင် 'ပြဿနာများ' ရှိနေသည်မှာ ထင်ရှားလှပေသည်။

‎

‎

‎ဤသည်ကို သဘောပေါက်သွားသောအခါ မိန်းကလေးအားလုံးသည် နိုးနိုးကြားကြား ဖြစ်သွားကြကာ ပေါ့ပေါ့ဆဆ မနေရဲကြတော့ဘဲ သတိကြီးစွာဖြင့် စောင့်ကြည့်နေခဲ့ကြသည်။

‎

‎

‎ဤကမ္ဘာသို့ ရောက်ရှိပြီးနောက် ဟွမ်ကျိုအာ၏ မျက်လုံးများသည် ပို၍ပင် စိတ်လှုပ်ရှားလာခဲ့၏။

‎

‎

‎အကြောင်းမှာ သူ၏ စိတ်နှလုံးလှုပ်ရှားမှုနှင့် ခေါ်ဆောင်နေသည့် ခံစားချက်တို့သည် အထွတ်အထိပ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေသောကြောင့်ပင်။

‎

‎

‎" ဒီနေရာပဲ! "

‎

‎

‎သူ၏စိတ်နှလုံးထဲမှ လမ်းညွှန်မှုအတိုင်း ဟွမ်ကျိုအာသည် နေရာတစ်ခုဆီသို့ ရုတ်တရက် ပျံသန်းသွားခဲ့၏။ ၎င်းမှာ ကောင်းကင်ဘုံ၏ အပြစ်ပေးမှုကို ခံထားရသည့်အလား ပြိုကျပျက်စီး၍ ဆွေးမြည့်နေသော ရှေးဟောင်း အဆောက်အအုံများ၏ အပျက်အစီးတစ်ခုဖြစ်ကာ ကျိုးပဲ့နေသော နံရံများနှင့် ပြိုကျနေသော အပျက်အစီးများ ပြည့်နှက်နေသော နေရာတစ်ခုသာ ကျန်ရစ်တော့သည်။

‎

‎

‎ဟွမ်ကျိုအာသည် ကျိုးပဲ့နေသော နံရံများအတွင်းရှိ တည်နေရာတစ်ခုကို ပစ်မှတ်ထားလိုက်ကာ အောက်သို့ စတင်တူးဖော်လေသည်။

‎

‎

‎ဤသည်ကို မြင်သောအခါ ကုချင်းရွဲ့နှင့် အခြားသူများသည်လည်း အရပ်မျက်နှာ အသီးသီးတွင် ရပ်လိုက်ကြ၍ ဟွမ်ကျိုအာအား သတိကြီးစွာဖြင့် စောင့်ကြပ်ပေးထားကြ၏။

‎

‎

‎ဟွမ်ကျိုအာသည် ရှေးဦးစွာ အားကြိုးမာန်တက် တူးဖော်လိုက်ပြီးနောက် တစ်စုံတစ်ခုကို ခံစားသိရှိသွားသည့်အလား သူ၏ရှေ့ရှိ လေဟာနယ်နယ်ပယ်ကို မသိစိတ်အလျောက် ဖောက်ထွင်းလိုက်လေသည်။

‎

‎

‎နောက်အခိုက်အတန့်တွင် လေဟာနယ်နယ်ပယ် ပြိုကွဲသွားကာ ကမ္ဘာသစ်တစ်ခုဆီသို့ ဦးတည်နေသော တံခါးပေါက်တစ်ခု ဟွမ်ကျိုအာ၏ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

‎

‎

‎၎င်းမှာ ပို၍ ယိုယွင်းပျက်စီးကာ သေဆုံးနေသော ကမ္ဘာငယ်တစ်ခုပင်။

‎

‎

‎ဤကမ္ဘာငယ်၏ အလယ်ဗဟိုတွင် ပို၍ ကြီးကျယ်ခမ်းနားသော ကောင်းကင်နန်းတော်ကြီးတစ်ခု ရပ်တည်နေသည်ကို ဝိုးတဝါး မြင်တွေ့နိုင်ပေသည်။

‎

‎

‎ထိုကောင်းကင်နန်းတော်သည်လည်း ကောင်းကင်ဘုံ၏ အပြစ်ပေးမှု တစ်ခုခုကို ခံထားရပုံပေါ်ကာ ကျိုးပဲ့နေသော နံရံများနှင့် ပြိုကျနေသော အပျက်အစီးများသာ ကျန်ရစ်တော့သည်။

‎

‎

‎သေချာပေါက်ပင် ဟွမ်ကျိုအာ၏ အကြည့်ကို အမှန်တကယ် ဆွဲဆောင်သွားခဲ့သည့် အရာမှာ ထိုကောင်းကင်နန်းတော်၏ အနက်ရှိုင်းဆုံးနေရာ၌ တည်ရှိနေသော အရာတစ်ခုပင် ဖြစ်သည်။

‎

‎

‎အဆုံးမဲ့ ဆွေးမြည့်ပျက်စီးခြင်းနှင့် ဆုတ်ယုတ်ခြင်း အငွေ့အသက်များသည် ထိုကောင်းကင်နန်းတော်၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာနေရာ အနက်ရှိုင်းဆုံးနေရာရှိ ထိုအရာသည် ဤကမ္ဘာပေါ်ရှိ ဆွေးမြည့်ပျက်စီးခြင်းနှင့် ဆုတ်ယုတ်ခြင်း အားလုံး၏ အဓိက အကြောင်းရင်း ဖြစ်နေသည့်အလားပင်။

‎

‎

‎ထို့အပြင် ဤအရာသည် ဟွမ်ကျိုအာအား ဤနေရာသို့ ဆွဲဆောင်ခဲ့သည့် အဓိကအရာလည်း ဖြစ်ပေသည်။

‎

‎အခန်း ( ၄၈၆ ) - အင်မော်တယ်ဘုရင်၏ အလောင်းကောင်၊ ရှေးဟောင်းကျောက်တိုင် ပေါ်ထွက်လာခြင်းနှင့် လေဟာနယ်ထဲသို့ ကျဆင်းသွားသော ခေါင်းတလား

‎

‎

‎

‎" ညီမကို ဆွဲဆောင်နေတဲ့အရာက အဲဒီမှာရှိတယ် "

‎

‎

‎ဟွမ်ကျိုအာသည် ပျက်စီးနေသော ကောင်းကင်နန်းတော်၏ အလယ်ဗဟိုသို့ စိုက်ကြည့်နေကာ သူ၏မျက်လုံးများတွင်လည ဖုံးကွယ်၍မရနိုင်သော စိတ်လှုပ်ရှားမှုများ ရှိနေလေ၏။

‎

‎

‎" ငါတို့ အန္တရာယ်တစ်ခုခုကနေ ရှောင်ရှားနိုင်ဖို့ဆိုရင် ပိုနီးကပ်သွားလေလေ ပိုပြီး သတိထားရလေလေပဲ... "

‎

‎

‎ကုချင်းရွဲ့မှ အသံကို နှိမ့်၍ သတိပေးလိုက်၏။

‎

‎

‎" အွန်း... ညီမ သိပါတယ် "

‎

‎

‎ဟွမ်ကျိုအာမှ လေးနက်စွာ ခေါင်းညိတ်လိုက်၏။ သူသည် ဤအချက်ကို သိထားသောကြောင့် မျက်လုံးများကိုမှိတ်ကာ လျှို့ဝှက်ဆန်းကြယ်သော ကံကြမ္မာမဟာတာအိုနှင့် ဆက်သွယ်၍ အာရုံခံလိုက်ကာ တစ်စုံတစ်ရာ သိမြင်နိုင်မလားဟု ကြိုးစားကြည့်လေသည်။

‎

‎

‎ခဏအကြာတွင် ဟွမ်ကျိုအာသည် သူ၏ လှပသော မျက်လုံးများကို ဖွင့်လိုက်ကာ သေချာလွန်းသော လေသံဖြင့် ပြောဆိုလိုက်၏။

‎

‎

‎" ကျွန်မ အာရုံခံမိပြီ... အဲဒီမှာ ဘာအန္တရာယ်မှ မရှိဘူး "

‎

‎

‎" ကောင်းပြီ... ဒါဆို သွားကြည့်ကြစို့ "

‎

‎

‎ဟွမ်ကျိုအာမှ အန္တရာယ်မရှိဟု ပြောသည်ကို ကြားသောအခါ မိန်းကလေးများသည် တုံ့ဆိုင်းမနေတော့ပေ။ ဟွမ်ကျိုအာနှင့်အတူ ပျက်စီးနေသော ကောင်းကင်နန်းတော်ဆီသို့ သတိကြီးစွာဖြင့် ချဉ်းကပ်သွားကြသည်။

‎

‎

‎ကောင်းကင်နန်းတော်သည် ပျက်စီးယိုယွင်းနေကာ နှစ်သန်းပေါင်းများစွာ တည်ရှိနေခဲ့သည့်အလား ဆွေးမြည့်ပျက်စီးခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။ နန်းတော်၏ ဗဟိုချက်တွင် ထိုဆွေးမြည့်ပျက်စီးခြင်း အငွေ့အသက်မှာ ပို၍ပင် ပြင်းထန်နေကာ ဝိုးတဝါး မြူမည်းအလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားသောကြောင့် သေချာစွာ မမြင်နိုင်ပေ။

‎

‎

‎မကြာမီမှာပင် မိန်းကလေးများသည် ကောင်းကင်နန်းတော်ရှေ့သို့ ရောက်ရှိလာကြကာ မြူမည်းများ ဖုံးလွှမ်းနေသော နေရာဆီသို့ စတင်ဦးတည်သွားကြလေသည်။

‎

‎

‎အချိန်အနည်းငယ် ကုန်လွန်သွား၏။ ဟွမ်ကျိုအာ၏ ဦးဆောင်မှုဖြင့် သူတို့အဖွဲ့သည် မြူမည်းများ ဖုံးလွှမ်းနေသော နေရာအတွင်းသို့ နောက်ဆုံးတွင် ဝင်ရောက်သွားကြသည်။ ဟွမ်ကျိုအာ ပြောခဲ့သည့်အတိုင်းပင် လမ်းတစ်လျှောက် မည်သည့်အန္တရာယ်မျှ မကြုံတွေ့ခဲ့ရသဖြင့် မိန်းကလေးများသည် တိတ်တဆိတ် သက်ပြင်းချလိုက်မိကြ၏။

‎

‎

‎ဤကဲ့သို့ ထူးဆန်းသောနေရာတွင် အကယ်၍ အန္တရာယ်သာ အမှန်တကယ် ရှိနေမည်ဆိုပါက သူတို့အနေဖြင့် ခုခံနိုင်မည်လားဆိုသည်မှာ ပြောရန် ခက်ခဲလှပေသည်။

‎

‎

‎" ဒါက..... "

‎

‎

‎မိန်းကလေးများ တဖြည်းဖြည်း ချဉ်းကပ်သွားပြီးနောက် နောက်ဆုံး၌ ထိုနေရာ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့၏။ ဟွမ်ကျိုအာနှင့် အခြားသူများသည် မြူမည်းများထဲရှိ အရာကို မြင်လိုက်ရသောအခါ မိန်းကလေးအားလုံး၏ မျက်လုံးများတွင် ထိတ်လန့်အံ့ဩမှုများ ပေါ်လွင်သွားလေသည်။

‎

‎

‎သူတို့ ဘာကို မြင်လိုက်ရသနည်း။

‎

‎

‎ထိုနေရာတွင် ရှေးဟောင်း အလောင်းကောင်ကြီးတစ်ခု လွင့်မျောနေသည်ပင်။

‎

‎

‎၎င်းမှာ လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော အလောင်းကောင်ဖြစ်ပြီး ရှေးဟောင်း ဘုရင်ဝတ်ရုံကို ဝတ်ဆင်ထားကာ ရွှေရောင်ဆံပင်များမှာ ခြောက်သွေ့ကာ အရောင်လွင့်နေ၏။ ခန္ဓာကိုယ်သည် အဆုံးမဲ့ ဆွေးမြည့်ခြင်း အငွေ့အသက်များဖြင့် လွှမ်းခြုံထားကာ မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားလျက် မြူမည်းများထဲတွင် လွင့်မျောနေ၏။

‎

‎

‎ဤအလောင်းကောင်၏ ရင်ဘတ်တွင် အမည်မသိ အရာတစ်ခုခုဖြင့် ထိုးဖောက်ခံထားရသည့်အလား ထိုးချင်းပေါက်‌ဖြစ်နေသည့် ကြီးမားသည့် အပေါက်ကြီးတစ်ခု ရှိနေသည်။

‎

‎

‎" အလောင်းကောင်..... "

‎

‎

‎ဟွမ်ကျိုအာသည် သူ၏ရှေ့ရှိ အလောင်းကောင်ကို ကြည့်လိုက်၏။ သူ၏အကြည့်များတွင် သံသယနှင့် အံ့အားသင့်မှုများ ပြည့်နှက်နေလေသည်။ သူ့အား ဤနေရာသို့ ဆွဲဆောင်ခဲ့သည့်အရာမှာ ဤကဲ့သို့သော အလောင်းကောင်ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ သို့သော် ဤအလောင်းကောင်သည် သူ၏ နောက်ခံ၊ ဇာစ်မြစ်တို့နှင့် ဘာများ သက်ဆိုင်နေသနည်း။

‎

‎

‎" ဒါက အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုရဲ့ အလောင်းဖြစ်မယ်ထင်တယ် "

‎

‎

‎ကုချင်းရွဲ့မှ လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။

‎

‎

‎ဤအလောင်းကောင်ထံမှ ပြန့်ကျဲနေသော အင်မော်တယ်ဘုရင်အဆင့် တုန်ခါမှုအချို့ကို သူ ခံစားမိလိုက်သည်။ ယွဲ့လင်အင်မော်တယ်ဘုရင်နှင့် ဆင်တူစွာပင် ဤသူသည်လည်း သက်ရှိထင်ရှားရှိစဉ်က အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခု ဖြစ်ခဲ့ပုံပင်။

‎

‎

‎အင်မော်တယ်ဘုရင်တစ်ပါး၏ အလောင်းဖြစ်ကာ ရင်ဘတ်တွင် ကြောက်မက်ဖွယ် ဒဏ်ရာတစ်ခု ရှိနေ၏။ သူ သက်ရှိထင်ရှားရှိစဉ်က ဘာတွေများ ကြုံတွေ့ခဲ့ရသနည်း။ ပုံပန်းသဏ္ဍာန်အရ သေစေလောက်သော ဒဏ်ရာမှာ ရင်ဘတ်မှ ဒဏ်ရာဖြစ်ပုံရသည်။ ခန္ဓာကိုယ်ပေါ်တွင် အခြားမည်သည့် ဒဏ်ရာမျှ မရှိဘဲ ချက်ချင်း အသတ်ခံလိုက်ရသည့်အလားပင်။ မျက်နှာပေါ်တွင်ပင် ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှု အရိပ်အယောင်များ ကျန်ရှိနေသေး၏။

‎

‎

‎အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုကို ဤကဲ့သို့ မျက်နှာအမူအရာမျိုး ဖြစ်သွားစေရန် ဘာတွေများ ဖြစ်ပျက်ခဲ့သနည်း။

‎

‎

‎" ဒီအင်မော်တယ်ဘုရင် အလောင်းထဲက အင်မော်တယ်ဘုရင်ချီတွေ အများစုက ပျောက်ကွယ်သွားပြီထင်တယ်... မဟုတ်ရင် ငါတို့ ဒီနေရာကို လုံးဝ ရောက်လာနိုင်မှာ မဟုတ်ဘူး "

‎

‎

‎ယဲ့ယင်းယင်းမှ အသံကိုနှိမ့်၍ ပြောဆိုလိုက်လေ၏။

‎

‎

‎အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုတွင် သူ အလိုအလျောက် ထုတ်လွှတ်လိုက်သော ချီစွမ်းအင်ပင်လျှင် သာမန်သတ္တဝါများ ခံနိုင်ရည်ရှိသည့် အရာမျိုးမဟုတ်ဘဲ စစ်မှန်သော အင်မော်တယ်များပင် မခံနိုင်ပေ။ ထျန်းကျွင်းအဆင့် ကျင့်ကြံခြင်းသာရှိသော မိန်းကလေးများကို ဆိုဖွယ်ရာပင် မရှိတော့ချေ။

‎

‎

‎ကံကောင်းစွာဖြင့် ဤအင်မော်တယ်ဘုရင်၏ အလောင်းကောင်အတွင်းရှိ အင်မော်တယ်ဘုရင်ချီများ အများစုမှာ ပျောက်ကွယ်သွားခဲ့ပြီးဖြစ်ရာ မိန်းကလေးများကို ဤနေရာသို့ ချဉ်းကပ်ခွင့် ရစေခဲ့ခြင်း ဖြစ်သည်။

‎

‎

‎" ဟိုမှာကြည့်! ဒီအလောင်းကောင်အောက်မှာ တစ်ခုခု ရှိနေသလိုပဲ! "

‎

‎

‎ထိုအခိုက်အတန့်တွင် မျက်စိလျင်သော ဖူဝမ်မှ အင်မော်တယ်ဘုရင် အလောင်းကောင်၏ အောက်ဘက်သို့ လက်ညှိုးထိုးပြရင်း ရုတ်တရက် ပြောဆိုလိုက်၏။

‎

‎

‎မိန်းကလေးများသည် အလျင်အမြန် သေချာကြည့်လိုက်ကြရာ အင်မော်တယ်ဘုရင်၏ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာကြီးမှတစ်ဆင့် အောက်တွင် ဖိမိနေပုံရသော အရာတစ်ခုကို ဝိုးတဝါး မြင်လိုက်ရသည်။

‎

‎

‎၎င်းမှာ အင်မော်တယ်ဘုရင်၏ အလောင်းကောင်အောက်တွင် ဖိမိနေသော ရှေးဟောင်းကျောက်တိုင်တစ်ခု ဖြစ်ပုံရပြီး ထောင့်တစ်နေရာကိုသာ မြင်နေရကာ ဤကျောက်တိုင်ပေါ်တွင် ဘာတွေ မှတ်တမ်းတင်ထားသည်ကို သူတို့ ရှင်းလင်းစွာ မမြင်နိုင်ပေ။

‎

‎

‎" ရှေးဟောင်းကျောက်တိုင်..... "

‎

‎

‎ဟွမ်ကျိုအာသည် အံ့အားသင့်သွားကာ တစ်ချိန်တည်းမှာပင် အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။

‎

‎

‎သူ့ကို ဤနေရာသို့ ဆွဲဆောင်ခဲ့သည့်အရာမှာ ဤအင်မော်တယ်ဘုရင်၏ အလောင်းကောင်မဟုတ်ဘဲ အလောင်းကောင်အောက်တွင် ဖိမိနေသော ရှေးဟောင်းကျောက်တိုင်များ ဖြစ်နေလေမလော။ အရာနှစ်ခု ထပ်တူကျနေခြင်းကြောင့် ဤအင်မော်တယ်ဘုရင်၏ အလောင်းကောင်မှ သူ့ကို ဆွဲဆောင်နေသည်ဟု သူ အထင်မှားခဲ့ခြင်းများလော။

‎

‎

‎" ငါ ကြည့်ကြည့်ရအောင် "

‎

‎

‎ဟွမ်ကျိုအာသည် သူ၏ သွယ်လျသော လက်လေးကို ညင်သာစွာ မြှောက်လိုက်ပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ထိန်းချုပ်ကာ အင်မော်တယ်ဘုရင်၏ အလောင်းကောင်ကို ရွှေ့ရန် ကြိုးစားလိုက်၏။ ဤလုပ်ငန်းစဉ်အတွင်း မျှော်လင့်မထားသော အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် သူသည် သတိကြီးစွာဖြင့် စောင့်ကြပ်နေခဲ့သည်။

‎

‎

‎သို့သော် မျှော်လင့်ထားသော အပြောင်းအလဲများ ဖြစ်မလာခဲ့ပေ။ အင်မော်တယ်ဘုရင်၏ အလောင်းကောင်ကို သူ အလွယ်တကူ ရွှေ့လိုက်နိုင်ပြီး ၎င်းအောက်ရှိ ရှေးဟောင်းကျောက်တိုင် ပေါ်ထွက်လာ၏။

‎

‎

‎ရှေးဟောင်းကျောက်တိုင် ပေါ်လာသောအခါ ဟွမ်ကျိုအာ၏ စိတ်နှလုံးထဲရှိ လှုပ်ရှားနေမှုသည် မျက်စိတစ်မှိတ်အတွင်း အထွတ်အထိပ်သို့ ရောက်ရှိသွားရကာ နောက်ဆုံးတွင် သူ့အား အတည်ပြုနိုင်စေခဲ့၏။ သူ့အား ဤနေရာသို့ ဆွဲဆောင်ခဲ့သည့်အရာမှာ အင်မော်တယ်ဘုရင်၏ အလောင်းကောင်မဟုတ်ဘဲ ၎င်း၏အောက်တွင် ဖိမိနေသော ရှေးဟောင်းကျောက်တိုင်သာ ဖြစ်သည်။

‎

‎

‎ရှေးဟောင်းကျောက်တိုင် ပေါ်ထွက်လာသည်နှင့် မိန်းကလေးများသည် အလျင်အမြန် ကြည့်လိုက်ကြ၏။ ဤကျောက်တိုင်သည် လွန်စွာ ရှေးကျလှ၏။ ၎င်း၏ မျက်နှာပြင်ပေါ်ရှိ ထွင်းထုချက်များသည် ပျက်လုနီးပါး မှေးမှိန်နေ၏။ သို့သော်ငြားလည်း ဝိုးတဝါး ကောက်ကြောင်းတစ်ခုကို မြင်နိုင်သေးသည်။

‎

‎

‎ထိုကောက်ကြောင်းပေါ်တွင် အင်မော်တယ်ဘုရင်၏ သွေးများစွာ စွန်းထင်းနေပြီး ကြောက်မက်ဖွယ်ကောင်းကာ ဆွဲဆောင်မှုရှိနေ၏။

‎

‎

‎မိန်းကလေးများအားလုံး၏ အကြည့်များ ရှေးဟောင်းကျောက်တိုင်ပေါ်သို့ စုဆုံသွားသောအခါ ၎င်းမှာ ရုတ်တရက် အသက်ဝင်လာခဲ့ကာ မျက်နှာပြင်ပေါ်တွင် ခြောက်သွေ့လုနီးပါး ဖြစ်နေသော အင်မော်တယ်ဘုရင်၏ သွေးများသည် ရှေးဟောင်းကျောက်တိုင်ပေါ်မှ စီးကျလာ၍ မယုံနိုင်လောက်အောင် ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက်လာခဲ့၏။

‎

‎

‎" ဝုန်း! "

‎

‎

‎အဆုံးမဲ့တာအိုများ ဆူပွက်လာကာ ဤရှေးဟောင်းကျောက်တိုင်နှင့် ချိတ်ဆက်သွားကြ၏။ နောက်အခိုက်အတန့်တွင် မိန်းကလေးများသည် သူတို့၏နားထဲ၌ ဟိန်းဟောက်သံတစ်ခုကိုသာ ကြားလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် ပုံရိပ်ယောင် ရှေးဟောင်းမြင်ကွင်းတစ်ခု သူတို့၏မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့၏။

‎

‎

‎" ဒါက ကောင်းကင်ကျောက်တိုင်ပေါ်မှာ ထွင်းထု ဖုံးကွယ်ထားတဲ့ အဆုံးမဲ့တာအို စွမ်းအားတွေကို ဒီအင်မော်တယ်ဘုရင်ရဲ့ သွေးက အသက်သွင်းလိုက်လို့ အတိတ်က မြင်ကွင်းတစ်ခု ပြန်ပေါ်လာတာလား "

‎

‎

‎ယဲ့ယင်းယင်းမှ တွေးတော ခန့်မှန်းလိုက်ကာ ပြောဆိုလိုက်၏။

‎

‎

‎အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ပုံရိပ်ယောင် မြင်ကွင်းသည် ပိုမို ရှင်းလင်းလာပြီး နောက်ဆုံးတွင် လူတိုင်းရှေ့၌ အပြည့်အဝ ပေါ်ထွက်လာခဲ့၏။

‎

‎

‎မြင်ကွင်းသည် ဤကမ္ဘာ၏ ရှုခင်းများကို ဖော်ပြနေဆဲပင်။ သို့သော် မြင်ကွင်းထဲရှိ ကောင်းကင်နန်းတော်သည် စည်ကားသိုက်မြိုက်နေပြီး အင်မော်တယ် အလင်းတန်းများ ဖြတ်သန်းသွားလာနေကာ ကောင်းကင်ရုံးတော်တစ်ခုကဲ့သို့ အမြင့်တစ်နေရာတွင် တည်ရှိနေ၍ အရပ်မျက်နှာ အားလုံးကို ဖိနှိပ်ထားသည့် ကြီးမားကျယ်ပြန့်သော အငွေ့အသက်များကို ပိုင်ဆိုင်ထားလေသည်။

‎

‎

‎ထိုကောင်းကင်နန်းတော်အတွင်း၌ စစ်မှန်သော အင်မော်တယ် အများအပြား ဝင်ထွက်သွားလာနေကြကာ အင်မော်တယ်အရှင်များက တာအိုကို ဆွေးနွေးနေကြသည်ကိုပင် ဝိုးတဝါး မြင်တွေ့ရကာ တည်ငြိမ်အေးချမ်း၍ သဟဇာတဖြစ်နေလေ၏။

‎

‎

‎ဤမြင်ကွင်းက မရေမတွက်နိုင်သော နှစ်ပေါင်းများစွာက ဤကမ္ဘာ၏ အခြေအနေကို ဖော်ပြနေခြင်းလော။ ဟွမ်ကျိုအာနှင့် အခြားသူများ စိတ်ထဲတွင် ခန့်မှန်းနေစဉ်မှာပင် မြင်ကွင်း၌ ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့၏။

‎

‎

‎" ဘုန်း! "

‎

‎

‎ကောင်းကင်ဘုံကိုးခု အထက်တွင် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက် ပွင့်ဟလာခဲ့ကာ လေဟာနယ်နယ်ပယ်သည်ပင် မှန်တစ်ချပ်ကဲ့သို့ ပြိုကွဲသွား၏။

‎

‎

‎နောက်အခိုက်အတန့်တွင် ရှေးဟောင်းခေါင်းတလားတစ်ခုသည် ထိုလေဟာနယ် အက်ကွဲကြောင်းမှ ပြုတ်ကျလာကာ ကမ္ဘာအတွင်းသို့ ကျဆင်းလာခဲ့လေ‌သည်။

‎

All Chapters