အခန်း (၄၈၇-၄၈၈)
Vol. 35 Ch. 487-488
အခန်း ( ၄၈၇ ) - ဟွမ်သွမ့်အင်မော်တယ်ဘုရင်၊ လျှို့ဝှက်ဆန်းကြယ်သောခေါင်းတလားနှင့် ပွင့်လာသော ထောင့်တစ်နေရာ
မြင်ကွင်းမှာ အလွန်ကို ရုတ်တရက်ဆန်လွန်းလှသည်။
လေဟာနယ် အက်ကွဲသွားပြီးနောက် ၎င်းအတွင်းမှ ရှေးဟောင်းခေါင်းတလားတစ်လုံး ပြုတ်ကျလာကာ ကမ္ဘာလောကဆီသို့ ဆင်းသက်လာခဲ့လေသည်။
ထိုရှေးဟောင်းခေါင်းတလားကို မြင်လိုက်ရချိန်တွင် ဟွမ်ကျိုအာ၊ ကုချင်းရွဲ့၊ ယဲ့ယင်းယင်းနှင့် အခြားသူများအားလုံး၏ မျက်နှာပေါ်၌ ထူးဆန်းသော အမူအရာများ ပေါ်လွင်သွားကြ၏။
အကြောင်းမှာ လေဟာနယ်ထဲမှ ကျဆင်းလာသော ထိုရှေးဟောင်းခေါင်းတလားနှင့် သူတို့ဟာ အလွန်ပင် ရင်းနှီးကျွမ်းဝင်နေသောကြောင့်ဖြစ်သည်။ ၎င်းမှာ ထိုစဉ်က ဘိုးဘေး ကုချန် ကိုယ်တိုင် ကောင်းကင်တားမြစ်နယ်မြေအတွင်းမှ တူးဖော်ရရှိခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ခေါင်းတလားပင် မဟုတ်ပါလော။
ထိုလျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားသည် အင်မော်တယ်နယ်မြေမှ ဆင်းသက်လာခဲ့ခြင်းလော။
အမျိုးသမီးများသည် အသေးစိတ်အချက်အလက်များကို လွတ်သွားမည်စိုးသဖြင့် သူတို့ရှေ့ရှိ မြင်ကွင်းကိုသာ မျက်တောင်မခတ်ဘဲ စူးစိုက်ကြည့်နေကြသည်။
ရှေးဟောင်းခေါင်းတလား ကျဆင်းလာသည်နှင့်အမျှ အောက်ဘက်ရှိ အဆုံးအစမဲ့ ကျယ်ပြောလှသော ကောင်းကင်နန်းတော်အတွင်းမှ အင်မော်တယ်အစစ်အမှန်များနှင့် အင်မော်တယ်အရှင်သခင်များသည်လည်း ထိုအရာကို အာရုံခံမိသွားကြသည်ကို မြင်တွေ့လိုက်ရ၏။ သူတို့၏ အကြည့်များအားလုံး ခေါင်းတလားရှိရာဆီသို့ ရောက်သွားကြပြီး မျက်နှာပေါ်တွင် မသေချာမရေရာမှုများ အပြည့်ဖြစ်နေကြသည်။
ထိုရှေးဟောင်းခေါင်းတလားမှာ အဆုံးအစမရှိ လျှို့ဝှက်ဆန်းကြယ်နေ၏။ ၎င်း၏အဖုံးမှာ တင်းကျပ်စွာ ပိတ်ထားသော်လည်း ခေတ်ကာလများကို လွန်ဆန်နိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်တစ်ခုက သဘာဝအတိုင်း ထွက်ပေါ်နေကာ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားလေသည်။
ထို့အပြင် လျှို့ဝှက်ဆန်းကြယ်သော ထိုရှေးဟောင်းခေါင်းတလား၏အောက်၌ ကျယ်ပြောလှသော ရှေးဟောင်းမြစ်ကြီးတစ်စင်း ပေါ်လာသည်ကိုလည်း ခပ်ရေးရေး မြင်တွေ့နိုင်လေသည်။ ၎င်းမှာ အချိန်မြစ်၏ ပုံရိပ်ယောင်ပင်တည်း။
ရှေးဟောင်းခေါင်းတလား၏ ထွက်ပေါ်လာမှုက ၎င်း၏ ထူးခြားမှုနှင့် သာမန်မဟုတ်သော သဘာဝကို လူတိုင်း ချက်ချင်းပင် နားလည်သဘောပေါက်သွားစေ၏။
ထို့ကြောင့် အောက်ဘက်ရှိ အင်မော်တယ်အစစ်အမှန်များနှင့် အင်မော်တယ်အရှင်သခင်များစွာပင်လျှင် မည်သို့မျှ မတုံ့ပြန်ရဲကြဘဲ အဆုံးအစမဲ့ ကောင်းကင်နန်းတော်၏ အနက်ရှိုင်းဆုံးနေရာဆီသို့သာ ငေးကြည့်နေကြကာ ထိုနေရာရှိ တည်ရှိမှုတစ်ခုခုက ဆုံးဖြတ်ချက်ချလာမည့်အချိန်ကို စောင့်မျှော်နေကြပုံရသည်။
"ဟင်...! "
ကောင်းကင်နန်းတော်၏ အနက်ရှိုင်းဆုံးနေရာမှ အံ့ဩသွားသောအသံတစ်ခု ထွက်ပေါ်လာခဲ့၏။
" ဝုန်း...! "
နောက်တစ်ခဏတွင် တင့်တယ်ခမ်းနားလှသော ပုံရိပ်တစ်ခု ထိုကောင်းကင်နန်းတော်၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာလေသည်။
သူ၏ဆံပင်များမှာ ရွှေရောင်ဖြစ်၍ သူ၏အငွေ့အသက်မှာ လွန်စွာပြင်းထန်ကာ အထွတ်အထိပ်သို့ ရောက်ရှိနေ၏။ သူ၏ ခန္ဓာကိုယ်မှ သဘာဝအတိုင်း ထွက်ပေါ်နေသော ချီအငွေ့အသက်လေးကပင် နေ၊ လနှင့် ကြယ်များကို ရိုက်ချိုးနိုင်ကာ မိုင်ပေါင်းရာချီသော တောင်တန်းများနှင့် မြစ်များကို ဖျက်ဆီးပစ်ရန် လုံလောက်နေသည်။
" ဟွမ်သွမ့်အင်မော်တယ်ဘုရင်ကို အရိုအသေပေးပါတယ် "
ထိုပုံရိပ် ထွက်ပေါ်လာသောအခါ အောက်ဘက်ရှိ အင်မော်တယ်အစစ်အမှန်များနှင့် အင်မော်တယ်အရှင်သခင်များပင်လျှင် သူ့ရှေ့တွင် ဒူးထောက်ကာ ရိုသေစွာ ချီးမွမ်းစကား ဆိုလိုက်ကြသည်။
ဟွမ်သွမ့်အင်မော်တယ်ဘုရင်!
ဤသည်မှာ ထိုအင်မော်တယ်ဘုရင်၏ အမည်နာမလော။
" ဒီလူက..... "
ဟွမ်ကျိုအာသည် မြင်ကွင်းထဲမှ ဟွမ်သွမ့်အင်မော်တယ်ဘုရင်ဟုခေါ်သော မဟာတည်ရှိမှုကို ကြည့်လိုက်ပြီးနောက် လက်တွေ့တွင် ဆွေးမြည့်နေပြီဖြစ်သော အလောင်းကို မကြည့်ဘဲ မနေနိုင်ဖြစ်သွားသည်။
မြင်ကွင်းထဲမှ ဟွမ်သွမ့်အင်မော်တယ်ဘုရင်နှင့် သူတို့ရှေ့ရှိ အလောင်းမှာ တစ်ဦးတည်းပင်ဖြစ်ကြောင်း သိသာထင်ရှားနေသည်။
ဤမျှထူးဆန်းစွာ သေဆုံးသွားခဲ့ရသော အင်မော်တယ်ဘုရင်တစ်ပါး... ဤကိစ္စသည် ထိုလျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားနှင့် သက်ဆိုင်နေမည်လော။
ဟွမ်ကျိုအာသည် မည်သည့်အသေးစိတ်အချက်ကိုမျှ အလွတ်မခံရဲဘဲ သူ့ရှေ့ရှိ မြင်ကွင်းကိုသာ ဆက်လက်၍ မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေလေသည်။
" ရှေးဟောင်းခေါင်းတလားတစ်ခု... ဘယ်ကနေ ကျလာတာလဲ "
မြင်ကွင်းထဲတွင် ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် ရှေးဟောင်းခေါင်းတလားကို မော့ကြည့်လိုက်ကာ သူ၏အကြည့်များတွင် မသေချာမရေရာမှုများ ပြည့်နှက်နေ၏။
ဤနေရာမှာ ဟွမ်သွမ့်ကောင်းကင်ဘုံဖြစ်ပြီး သူ၏နန်းတော်လည်း ဖြစ်သည်။ သို့သော် ယခုအခါ ဤကဲ့သို့သော ရှေးဟောင်းခေါင်းတလားတစ်ခု ဤနေရာသို့ ဆင်းသက်လာခဲ့ရာ မည်သူ့လက်ချက် ဖြစ်မည်နည်း။
ထို့အပြင် ဤခေါင်းတလားထဲတွင် မည်သူ၏ အလောင်းကို မြှုပ်နှံထားခြင်း ဖြစ်မည်နည်း။
ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် ဤရှေးဟောင်းခေါင်းတလား၏ ရင်းမြစ်ကို တိတိကျကျ မသိသဖြင့် တွေဝေသွားသော်လည်း ရှေးဟောင်းခေါင်းတလားမှ ထွက်ပေါ်နေသော အငွေ့အသက်ကို ကြည့်ရုံမျှဖြင့် ၎င်း၏ သာမန်မဟုတ်သော ဇာစ်မြစ်ကို သူနားလည်နိုင်လေသည်။
လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းခေါင်းတလားကိုကြည့်ရင်း ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ အကြည့်များမှာ အေးစက်နေပြီးနောက် လက်ချောင်းကို တစ်ချက်ခေါက်လိုက်ရာ အင်မော်တယ်ဘုရင်၏ မြင့်မြတ်သောအစွမ်း တစ်စွန်းတစ်စသည် ရှေးဟောင်းခေါင်းတလားဆီသို့ တိုးဝင်သွားလေသည်။
မည်သူ၏ခေါင်းတလားက ဟွမ်သွမ့်အင်မော်တယ်ဘုရင်ဖြစ်သော သူ၏ခေါင်းပေါ်တွင် ရဲရဲတင်းတင်း ရှိနေရဲသနည်း။ ဤသည်မှာ သေချင်နေခြင်းပင် ဖြစ်သည်။
" ဝှစ်...! "
အင်မော်တယ်ဘုရင်၏ မြင့်မြတ်သောအစွမ်း တစ်စွန်းတစ်စ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေဟာနယ်တစ်ခုလုံး အလုံးစုံ ပြိုကွဲသွားကာ လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံး ပြာအဖြစ်သို့ ပြောင်းလဲသွားလေသည်။
သို့သော် ထိုအင်မော်တယ်ဘုရင်၏ စွမ်းအားသည် ရှေးဟောင်းခေါင်းတလားအနီးသို့ ရောက်ရှိသွားသောအခါ အံ့မခန်းဖွယ်အရာတစ်ခု ဖြစ်ပေါ်လာ၏။ အင်မော်တယ်ဘုရင်၏ မြင့်မြတ်သောအစွမ်း တစ်စွန်းတစ်စသည် တိတ်ဆိတ်စွာ ပျောက်ကွယ်သွားကာ အရိပ်အယောင်မျှပင် မကျန်ရစ်ခဲ့ချေ။ ၎င်းကို ဖျက်ဆီးရန်ဆိုထားနှင့် ရှေးဟောင်းခေါင်းတလားကို အနည်းငယ်မျှပင် မထိခိုက်နိုင်ခဲ့ပေ။
" ဟင်..... "
ဤရလဒ်နှင့် ရင်ဆိုင်လိုက်ရသောအခါ ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် မျက်ခုံးပင့်လိုက်မိကာ အနည်းငယ် မယုံနိုင်စရာ ဖြစ်နေပုံရ၏။
သူထုတ်လွှတ်လိုက်သော မြင့်မြတ်သောအစွမ်း တစ်စွန်းတစ်စမျှသာ ဖြစ်သော်ငြား မည်သည့်ခေါင်းတလားကမျှ ယင်းကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
သို့သော် ဤခေါင်းတလား၏ ပတ်ပတ်လည်တွင် မယုံနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ရှိနေပုံရကာ သူ၏စွမ်းအားကို ချက်ချင်းပင် ပျောက်ကွယ်သွားစေခဲ့၏။
ဟွမ်သွမ့်အင်မော်တယ်ဘုရင်မှာ ယင်းကို လက်မခံဘဲ သူ၏စိတ်ဆန္ဒဖြင့် လေဟာနယ်အတွင်း ဟွမ်သွမ့်လက်ဝါးကြီးတစ်ခုကို စုစည်းလိုက်ကာ ခေါင်းတလားဆီသို့ ထပ်မံရိုက်ချလိုက်လေသည်။
ဤတစ်ကြိမ်တွင်မူ သူသည် အနည်းငယ် လေးနက်သွားကာ သူ၏စွမ်းအားတစ်စိတ်တစ်ပိုင်းကို အသုံးပြုခဲ့သော်လည်း ရလဒ်က သူ့ကို အံ့အားသင့်စေဆဲပင် ဖြစ်သည်။
ဧရာမ ဟွမ်သွမ့်လက်ဝါးကြီးသည် လျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားအနီးသို့ ရောက်ရှိသွားသောအခါ အရင်ကနှင့် ထပ်တူညီသော မြင်ကွင်းမျိုး ထပ်မံပေါ်ပေါက်လာခဲ့၏။ ဟွမ်သွမ့်လက်ဝါးကြီးမှာ ချက်ချင်း ပြိုကွဲသွားကာ လျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားကို အနည်းငယ်မျှပင် မထိခိုက်နိုင်ခဲ့ချေ။
" ဒီခေါင်းတလားထဲမှာ အင်မော်တယ်ဧကရာဇ်တစ်ပါးရဲ့ အလောင်း ရှိနေတာများလား "
ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ပေါ်လာကာ သူခန့်မှန်းတွေးတောမိသည့်အတိုင်း တီးတိုး ရေရွတ်လိုက်၏။
ဤဖြစ်နိုင်ခြေမှလွဲ၍ အခြားမည်သည့်အကြောင်းပြချက်ကိုမျှ သူစဉ်းစား၍ မရချေ။ သို့မဟုတ်ပါက သာမန်ခေါင်းတလားတစ်ခုက ဂုဏ်သိက္ခာကြီးမားသော အင်မော်တယ်ဘုရင်တစ်ပါး၏ တိုက်ခိုက်မှုကို မည်သို့လုပ်၍ ပျောက်ကွယ်သွားစေနိုင်မည်နည်း။
အင်မော်တယ်ဧကရာဇ်ရဲ့ အလောင်း.....
ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ မျက်လုံးများမှာ တောက်ပသွား၏။ အကယ်၍ ၎င်းသည် အမှန်တကယ်သာ ဖြစ်ခဲ့လျှင် သူ့အတွက် ကြီးမားလှသော ကံကောင်းမှုကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
မကြာမီမှာပင် ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် မတ်တတ်ရပ်လိုက်ကာ လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းခေါင်းတလားဆီသို့ ပျံသန်းသွားလေသည်။
ဤရှေးဟောင်းခေါင်းတလား၏ ဇာစ်မြစ်မှာ မည်သို့ပင်ဖြစ်စေကာမူ ယခုအချိန်တွင် သူ၏ ဟွမ်သွမ့်ကောင်းကင်ဘုံသို့ ဆင်းသက်လာပြီဖြစ်ရာ ဤကောင်းကင်ဘုံကို လွှမ်းမိုးအုပ်စိုးသူတစ်ဦးအနေဖြင့် ၎င်း၏ အစစ်အမှန်သဘာဝကို သွားရောက်စုံစမ်းရမည်မှာ သဘာဝပင် ဖြစ်သည်။
အကယ်၍ ယင်းသည် အင်မော်တယ်ဧကရာဇ်တစ်ပါး ပါရှိသော ရှေးဟောင်းခေါင်းတလားသာ အမှန်တကယ်ဖြစ်ခဲ့လျှင် သူ၏အိမ်တံခါးဝအထိ ရောက်လာသော ဤကဲ့သို့သော ကံကောင်းမှုကြီးကို သူမည်သို့ အလွတ်ခံနိုင်မည်နည်း။
ဤရှေးဟောင်းခေါင်းတလား၏ သာမန်မဟုတ်သော သဘာဝကို နားလည်ထားသောကြောင့် ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် အနီးသို့ ချဉ်းကပ်သွားသောအခါ အနည်းငယ်မျှ ပေါ့ဆခြင်းမရှိဘဲ လွန်စွာ သတိထားနေခဲ့၏။
သို့သော် ထူးဆန်းသည်မှာ ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် ရှေးဟောင်းခေါင်းတလားဆီသို့ ရောက်ရှိသွားသည်အထိ မည်သည့်အတားအဆီးကိုမျှ မကြုံတွေ့ခဲ့ရပေ။ ရှေးဟောင်းခေါင်းတလားကို မတိုက်ခိုက်သရွေ့ မည်သည့်သက်ရောက်မှုမျှ ရှိမည်မဟုတ်သကဲ့သို့ပင်။
" ဒီခေါင်းတလားထဲမှာ ဘာတွေရှိလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့..... "
ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ မျက်လုံးများမှာ အရောင်လက်သွားကာ သူ၏ရှေ့ရှိ ရှေးဟောင်းခေါင်းတလားကို စူးစိုက်ကြည့်လိုက်၏။
နောက်တစ်ခဏတွင် သူသည် သူ၏လက်ဝါးကို ဆန့်ထုတ်ကာ ရှေးဟောင်းခေါင်းတလား၏ အဖုံးပေါ်သို့ ဖိချလိုက်ပြီး ၎င်းကို ဖွင့်ကာ အတွင်းတွင် မည်သည့်အရာရှိသည်ကို ကြည့်ရှုရန် လုပ်လိုက်လေသည်။
" ဝုန်း...! "
ဟွမ်သွမ့်အင်မော်တယ်ဘုရင် အားပြုလိုက်သည်နှင့်အမျှ ခေါင်းတလားအဖုံးမှာ ဟိန်းထွက် တုန်ခါလာကာ ဘေးဘက်သို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားလေသည်။
ခေါင်းတလားအဖုံးမှာ လေးလံလွန်းကြောင်း ထင်ရှားနေ၏။ ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ စွမ်းအားဖြင့်ပင်လျှင် ယင်းကိုဖွင့်ရန် အလွန်ခက်ခဲနေခဲ့သည်။
သို့သော်လည်း ၁၅ မိနစ်ခန့် ကြာပြီးနောက် ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် ရှေးဟောင်းခေါင်းတလား၏ ထောင့်တစ်နေရာကို ဖွင့်နိုင်ခဲ့၏။
ရှေးဟောင်းခေါင်းတလား၏ ထောင့်တစ်နေရာ ပွင့်သွားသောအခါ ထိုသေးငယ်သော ကွက်လပ်ငယ်လေးထဲမှ အဆုံးအစမဲ့သော ဟွမ်သွမ့်ချီများ ချက်ချင်း ပန်းထွက်လာလေသည်။
" ပွင့်စမ်း...! "
အဆုံးအစမဲ့ ဟွမ်သွမ့်ချီများသည် အရာအားလုံးကို ဖုံးကွယ်သွားစေခဲ့ရာ ဟွမ်သွမ့်အင်မော်တယ်ဘုရင်ပင်လျှင် ထိုသေးငယ်သော ကွက်လပ်မှတစ်ဆင့် ရှေးဟောင်းခေါင်းတလားအတွင်း၌ မည်သည့်အရာရှိသည်ကို မမြင်နိုင်ခဲ့ချေ။
ထို့ကြောင့် သူသည် ရှေးဟောင်းခေါင်းတလား၏ အဖုံးကို အလုံးစုံမ၍ အတွင်းရှိ အရာအားလုံးကို ကြည့်ရှုနိုင်ရန် ရည်ရွယ်ချက်ဖြင့်သာ ဆက်လက်အားပြုနေရသည်။
" ဒိန်း...! ဒိန်း...! "
ခေါင်းတလားအဖုံးမှာ ဖြည်းညင်းစွာ ရွေ့လျားသွားပြီး နောက်ဆုံးတွင် အနည်းငယ် ပွင့်သွားကာ ၎င်းထဲမှ ထွက်ပေါ်လာသော ဟွမ်သွမ့်ချီများမှာလည်း အတော်လေး နှေးကွေးသွားပုံရ၏။
ဤသည်ကို မြင်သောအခါ ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် ခေါင်းတလားအတွင်းသို့ အလျင်အမြန် ကြည့်လိုက်လေသည်။
သူ၏အကြည့်များထဲတွင် လှုပ်ခတ်နေသော စိတ်လှုပ်ရှားမှုများ ရှိနေဆဲပင်။
အကယ်၍ ဤခေါင်းတလားထဲတွင် အင်မော်တယ်ဧကရာဇ်အဆင့်ရှိသော တည်ရှိမှုတစ်ခုသာ အမှန်တကယ် ပါဝင်နေခဲ့လျှင် ဟွမ်သွမ့်အင်မော်တယ်ဘုရင်ဖြစ်သော သူသည် ဤတစ်ကြိမ်တွင် စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားလှသော ကံကောင်းမှုကြီးကို အမှန်တကယ် ကြုံတွေ့လိုက်ရခြင်းပင် ဖြစ်ပေလိမ့်မည်။
အခန်း ( ၄၈၈ ) - ခေါင်းတလားထဲမှ ကြောက်ရွံ့မှု၊ ဟွမ်သွမ့် ကျဆုံးခြင်းနှင့် အကြောင်းရင်းအားလုံး
ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် လွန်စွာစိတ်လှုပ်ရှားနေ၍ ဤသည်မှာ ကောင်းကင်ဘုံမှ ကျဆင်းလာသော ကံကောင်းမှုကြီးတစ်ခုဟု ခံစားနေရသည်။
ဤရှေးဟောင်းခေါင်းတလားကို စမ်းသပ်ကြည့်ခဲ့သော သူ၏ အကြိမ်အနည်းငယ်သော အားထုတ်မှုများအရ ဤခေါင်းတလားမှာ သေချာပေါက် သာမန်မဟုတ်ကြောင်းနှင့် ၎င်းအတွင်း မြှုပ်နှံထားသော တည်ရှိမှုမှာလည်း ထိုနည်းတူပင်ဖြစ်ကြောင်း သူသိထားသည်။
အကယ်၍ အင်မော်တယ်ဧကရာဇ်တစ်ပါး၏ အလောင်းသာ ဤခေါင်းတလားထဲတွင် အမှန်တကယ် မြှုပ်နှံထားခဲ့ပါက ဤအင်မော်တယ်ဧကရာဇ်နှင့်အတူ မြှုပ်နှံထားသော မြင့်မြတ်သည့်အရာများနှင့် အင်မော်တယ်ဧကရာဇ်၏ အလောင်း နှစ်ခုထဲမှ မည်သည့်အရာကိုပင် သူ ရရှိပါစေ ယင်းမှာ အတိုင်းအဆမသိ ကြီးမားလှသော ကံကောင်းမှုကြီးပင် ဖြစ်ပေလိမ့်မည်။
ခေါင်းတလားအဖုံး တစ်လက်မချင်းစီ ပွင့်လာသည်ကို မြင်လိုက်ရသောအခါ ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ မျက်လုံးများထဲရှိ စိတ်လှုပ်ရှားမှုမှာ ပို၍ပင် ပြင်းထန်လာခဲ့လေသည်။
သူ၏လှုပ်ရှားမှုများမှာ အနည်းငယ် စိတ်လောနေပုံရ၏။
အဘယ်ကြောင့်ဆိုသော် ဤရှေးဟောင်းခေါင်းတလားသည် သူ၏ ဟွမ်သွမ့်ကောင်းကင်ဘုံသို့ မည်သို့ပင် ဆင်းသက်လာခဲ့စေကာမူ ၎င်းရောက်ရှိလာခြင်း၏ အငွေ့အသက်ကို ကြာရှည်စွာ ဖုံးကွယ်ထားနိုင်မည် မဟုတ်ကြောင်း ဟွမ်သွမ့်အင်မော်တယ်ဘုရင်မှ သိထားသောကြောင့်ပင်။
မကြာမီမှာပင် အခြားကောင်းကင်ဘုံများမှ အင်မော်တယ်ဘုရင်များမှ ယင်းကို အာရုံခံမိသွားကာ ဤနေရာသို့ ဆင်းသက်လာကြပေလိမ့်မည်။
ထိုအချိန်ရောက်လျှင် ဤရှေးဟောင်းခေါင်းတလားအတွင်းရှိ ကံကောင်းမှုက မည်သူ့ထံပိုင်ဆိုင်မည်ကို ပြောရန် ခက်ခဲသွားပေမည်။
တကယ်တမ်းတွင် ဤခေါင်းတလားအတွင်းရှိ ကံကောင်းမှုသည် ကောင်းကင်ကိုလွန်ဆန်နိုင်လောက်အောင် ကြီးမားနေသည်ဖြစ်ရာ အင်မော်တယ်ဧကရာဇ်အဆင့်ရှိသော တည်ရှိမှုများ၏ စောင့်ကြည့်လေ့လာမှုများကို ဆွဲဆောင်နိုင်ခဲ့လျှင်ပင် အံ့ဩစရာ မဟုတ်ချေ။
ဤအချက်ကြောင့်ပင် ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် အနည်းငယ် စိတ်ပူနေပုံပင်။
သူသည် အင်မော်တယ်ဘုရင်တစ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်ထားသော်ငြား အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခု ပါဝင်ပတ်သက်နိုင်သည့် ဤကံကောင်းမှုကို သူ၏စွမ်းအားဖြင့် ကာကွယ်ရန်မှာ သေချာပေါက် မဖြစ်နိုင်ကြောင်း သူနက်နက်ရှိုင်းရှိုင်း သိထားလေသည်။
" ဝုန်း...! "
ရှေးဟောင်းခေါင်းတလားမှာ တဖြည်းဖြည်း ပွင့်လာသလို ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ သိချင်စိတ်သည်လည်း အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။
ခေါင်းတလားထဲမှ ထွက်ပေါ်လာသော အငွေ့အသက်ကို သူ အာရုံခံနိုင်ခဲ့ရာ ယင်းမှာ အင်မော်တယ်ဘုရင်တစ်ပါးထက် သာလွန်နေသည်ဟု ခပ်ရေးရေး ခံစားလိုက်ရ၏။
အကယ်၍ ခေါင်းတလားထဲတွင် အင်မော်တယ်ဧကရာဇ်တစ်ပါးကို မြှုပ်နှံထားခြင်း မဟုတ်လျှင်တောင်မှ အဆင့်အတန်းတူညီသော တည်ရှိမှုတစ်ခု ဖြစ်နိုင်၏။
ထိုကဲ့သို့သော တည်ရှိမှုများသည် အင်မော်တယ်နယ်မြေအတွင်း၌ ထင်ရှားကျော်ကြားသော ဂုဏ်သတင်းများ အသီးသီး ရှိကြသည်။
အကယ်၍ ထိုကဲ့သို့သော တည်ရှိမှုတစ်ခုသာ ကျဆုံးသွားခဲ့လျှင် သူ့ကိုမဆိုထားနှင့် အင်မော်တယ်နယ်မြေတစ်ခုလုံးပင် ယင်းအကြောင်းကို ကြားဖူးထားလိမ့်ပေမည်။
သို့သော်လည်း ဤအဆုံးမဲ့ နှစ်ကာလများတစ်လျှောက်လုံး ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် အင်မော်တယ်နယ်မြေအတွင်းရှိ မည်သည့်အထွတ်အထိပ် တည်ရှိမှုမျှ ကျဆုံးသွားသည်ကို မကြားခဲ့ဖူးချေ။
ထိုသို့ဆိုလျှင် ဤခေါင်းတလားထဲတွင် မည်သူ့ကို မြှုပ်နှံထားခြင်း ဖြစ်မည်နည်း။
ခေါင်းတလားအဖုံး၏ ထောင့်တစ်နေရာ ပွင့်လာပြီး အတွင်းရှိ ဟွမ်သွမ့်ချီများ အနည်းငယ် ပျံ့နှံ့သွားသည်နှင့်တပြိုင်နက် ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် စိတ်မရှည်စွာဖြင့် သူ၏ ကောင်းကင်မျက်လုံးကို ဖွင့်ကာ ခေါင်းတလားအတွင်းသို့ ကြည့်ရှုလိုက်၏။
ထိုအကြည့်နှင့်အတူ သူ၏မျက်နှာမှာ ချက်ချင်း အေးခဲသွားလေသည်။
ဖော်ပြ၍မရနိုင်လောက်သော ကြောက်ရွံ့ထိတ်လန့်မှုတို့က သူ၏မျက်နှာပြင်ထက် ချက်ချင်းပင် လွှမ်းခြုံသွား၏။
ထိုကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့နေသော ခံစားချက်က ဟွမ်ကျိုအာနှင့် ကုချင်းရွဲ့အပါအဝင် အခြားသူများကိုပါ ဟွမ်သွမ့်အင်မော်တယ်ဘုရင် ဤမျှကြောက်ရွံ့သွားရလောက်အောင် မည်သည့်အရာကို မြင်တွေ့လိုက်ရသနည်းဟု သိချင်သွားစေခဲ့သည်။
သူသည် အစစ်အမှန် အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်သည်။
ဤရှေးဟောင်းခေါင်းတလားထဲတွင် အင်မော်တယ်ဧကရာဇ်တစ်ပါး၏ အလောင်းကို အမှန်တကယ် မြှုပ်နှံထားခဲ့လျှင်ပင် သူ့ကို ဤမျှအထိ ကြောက်ရွံ့သွားစေမည် မဟုတ်ချေ။
ဟွမ်ကျိုအာနှင့် အခြားသူများသည် ဟွမ်သွမ့်အင်မော်တယ်ဘုရင် မည်သည့်အရာကို မြင်တွေ့လိုက်ရမှန်း မသိခဲ့ကြပေ။
ခေါင်းတလားအတွင်းရှိ မြင်ကွင်းကို ကြည့်ရှုပြီးနောက် ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် အသိလွတ်သွားမတတ် ကြောက်ရွံ့သွားပုံရကာ ရုတ်တရက် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွား၍ သူ၏ပါးစပ်မှ နှိုင်းယှဉ်၍မရနိုင်လောက်အောင် စူးရှလှသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာလေသည်။
" ဟင့်အင်း...! "
ထိုနာကျင်ကြေကွဲဖွယ်ကောင်းသော ငိုကြွေးသံကြီးသည် ကောင်းကင်နှင့်မြေကြီးကြား ပဲ့တင်ထပ်သွားကာ အောက်ဘက်တွင် ဒူးထောက်နေကြသော အင်မော်တယ်အစစ်အမှန်များနှင့် အင်မော်တယ်အရှင်သခင်များကိုပင် အံ့အားသင့်စွာ မော့ကြည့်လာစေခဲ့၏။
သူတို့၏ အံ့အားသင့်နေသော အကြည့်များအားလုံး ဟွမ်သွမ့်အင်မော်တယ်ဘုရင်ဆီသို့ ရောက်သွားကြ၏။ သူတို့သည် ဖြစ်ပျက်သွားသည်များကို မသိကြပုံပင်။
" အား...! အား...! အား...! "
ထို့နောက် ဟွမ်သွမ့်အင်မော်တယ်ဘုရင်မှာ အခြားမည်သည့်အရာကိုမျှ တွေးတောချိန်မရတော့ပုံပေါ်ကာ လွန်စွာနာကျင်ဖွယ်ကောင်းသော အော်ဟစ်သံကြီးကိုသာ ထုတ်လွှတ်လိုက်၍ သူ၏ညာဘက်လက်ဝါးကို ဆန့်ထုတ်ကာ သူ၏ရင်ဘတ်ထဲသို့ ပြင်းထန်စွာ ထိုးသွင်းလိုက်ပြီး သွေးသံရဲရဲ နှလုံးသားတစ်လုံးကို အစိမ်းသပ်သပ် ဆွဲထုတ်လိုက်လေသည်။
" ဒုတ်...! ဒုတ်...! "
ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေ၏။
၎င်းမှာ အင်မော်တယ်ဘုရင်တစ်ပါး၏ နှလုံးသားဖြစ်ကာ သူ၏ အခြေခံအုတ်မြစ်နှင့် အူတိုင်ပင်ဖြစ်သည်။ နှလုံးခုန်သံတစ်ချက်စီသည် ကမ္ဘာလောက၏ သွေးကြောခုန်နှုန်းကို နင်းချေနေသကဲ့သို့ ဖြစ်နေကာ ကောင်းကင်နှင့်မြေကြီးကို ၎င်းနှင့်အတူ ပဲ့တင်ထပ်သွားစေ၏။
ထိုနှလုံးသားကို ဆွဲထုတ်လိုက်ပြီးနောက် ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် တစ်ခဏမျှ တုံ့ဆိုင်းမနေဘဲ ထိုနှလုံးသားကို ဆုပ်ကိုင်ကာ အောက်ဘက်သို့ ချက်ချင်း ပစ်ချလိုက်လေသည်။
" ဝှစ်...! "
အင်မော်တယ်ဘုရင်၏ နှလုံးသားသည် ရုတ်တရက် လွင့်စင်သွားလျက် ကောင်းကင်နှင့်မြေကြီးထဲမှ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
ထိုအင်မော်တယ်ဘုရင်၏ နှလုံးသား လွင့်စင်မသွားမီ ထိုနှလုံးသားပေါ်တွင် အမွေးအတောင်သဏ္ဍာန် အင်မော်တယ်အမှတ်အသား အလွှာများ ထွက်ပေါ်လာ၍ ခိုင်မာသော အခွံတစ်ခုကဲ့သို့ အင်မော်တယ်ဘုရင်၏ နှလုံးသားကို အလယ်ဗဟို၌ တင်းကျပ်စွာ ထုပ်ပိုးသွားသည်ကို ခပ်ရေးရေး မြင်တွေ့ခဲ့ရလေသည်။
ဟွမ်သွမ့်အင်မော်တယ်ဘုရင်... သူ ဘာလုပ်နေတာလဲ။
ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ ကိုယ့်ကိုယ်ကိုယ် ပြန်လည်အနာတရဖြစ်စေသော အပြုအမူကို ကြည့်ရင်း သွယ်တန်းတည်ရှိနေသော အင်မော်တယ်နန်းတော်များအတွင်းရှိ အင်မော်တယ်အစစ်အမှန်များနှင့် အင်မော်တယ်အရှင်သခင်များအားလုံး အံ့အားသင့်ကာ ထိတ်လန့်သွားကြ၏။
ကြီးမြတ်သော ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် အဘယ်ကြောင့် ရုတ်တရက် ဝိညာဉ်ပူးကပ်ခံရသကဲ့သို့ ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်စေရသည်ကို သူတို့ နားမလည်နိုင်ကြပေ။
ထိုခေါင်းတလားထဲတွင် မည်သည့်အရာကို အတိအကျ မြှုပ်နှံထား၍ ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ အသိစိတ်ကို ထိခိုက်စေကာ ဤမျှ ယုံကြည်နိုင်ဖွယ်မရှိသော၊ နားလည်၍မရနိုင်သော လုပ်ရပ်များကို လုပ်ဆောင်စေခဲ့သနည်း။
မြင်ကွင်းထဲရှိ သက်ရှိအားလုံး အံ့အားသင့်နေချိန်တွင် နောက်ဆက်တွဲ ဖြစ်ပျက်သွားသောအရာက ဟွမ်သွမ့်အင်မော်တယ်ဘုရင် မည်သည့်အကြောင်းကြောင့် ဤသို့လုပ်ဆောင်ခဲ့သည်ကို သူတို့အား နားလည်သဘောပေါက်သွားစေခဲ့၏။
ခေါင်းတလားထဲမှ ထွက်ပေါ်လာသော အမည်းရောင်အလင်းတန်း တစ်စွန်းတစ်စကို လျှပ်တစ်ပြက် မြင်လိုက်ရကာ ထိုအလင်းတန်းသည် ဟွမ်သွမ့်အင်မော်တယ်ဘုရင်ကိုပင် တုံ့ပြန်ချိန် လုံးဝမပေးဘဲ သူ၏ခန္ဓာကိုယ်ထဲသို့ ချက်ချင်း တိုးဝင်သွားလေသည်။
အသက်တစ်ရှူစာမျှသာ ကြာမြင့်ပြီးနောက် မူလက သက်စွမ်းအင်များ ပြည့်ဝနေသော ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်သည် မျက်စိတစ်မှိတ်အတွင်း နှစ်သန်းရာချီ၍ အိုမင်းရင့်ရော်သွားသကဲ့သို့ ဖြစ်သွားကာ အရေပြားများ တွန့်လိမ်သွား၍ ရွှေရောင်ဆံပင်များမှာလည်း ခြောက်သွေ့သွားလေသည်။ သူ၏ သက်စွမ်းအင် ချီများမှာလည်း အဆုံးစွန်အခြေအနေထိ ခန်းခြောက်သွားကာ ပျက်စီးယိုယွင်းခြင်း အငွေ့အသက်များမှ အစားထိုး လွှမ်းခြုံသွားလေသည်။
" ဟား... ဟား... "
ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် သူ၏လက်ဝါးကို မြှောက်လျက် ရုန်းကန်ချင်နေဆဲပင်။
သို့သော် ထိုအမည်းရောင်အလင်းတန်း တစ်စွန်းတစ်စသည် နိမိတ်မကောင်းသော ဖော်ပြ၍မရနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားများကို သယ်ဆောင်လာသကဲ့သို့ ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအင်အားလုံးကို ကြီးမားသော စွမ်းအားဖြင့် ဖျက်ဆီးပစ်လိုက်ရာ သူ့ကို ဆွေးမြည့်ခြောက်သွေ့နေသော အလောင်းတစ်လောင်းအဖြစ် ပြောင်းလဲသွားစေလျက် အားပျော့စွာ ပြိုလဲသွားစေခဲ့သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ပုံရိပ်ထဲရှိ သက်ရှိအားလုံးမှာ ပထမ၌ အံ့အားသင့်သွားပြီးနောက် ထိတ်လန့်တုန်လှုပ်သွားကြ၏။
ထိုသူသည် ဟွမ်သွမ့်အင်မော်တယ်ဘုရင် ပင်။
ထိုအမည်းရောင်အလင်းတန်း တစ်စွန်းတစ်စ၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရရုံမျှဖြင့် အနည်းငယ်မျှပင် ခုခံနိုင်စွမ်းမရှိဘဲ အလောင်းတစ်လောင်းအဖြစ် ပြိုလဲသွားခဲ့ရသည်။
ထိုခေါင်းတလားထဲတွင် မည်ကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှု ရှိနေသနည်း။
" ပြေးကြ...! "
မရေမတွက်နိုင်သော သက်ရှိများသည် တစ်ခုခု မှားယွင်းနေကြောင်း အာရုံခံမိပုံရကာ ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ အလောင်း ကောင်းကင်ဘုံမှ ကျဆင်းလာသည်နှင့်တပြိုင်နက် နေရာမှ ထွက်ခွာရန် ကြိုးစားကြ၍ အပြင်ဘက်သို့ ရူးသွပ်စွာ ထွက်ပြေးကြလေသည်။
သို့သော် အားလုံး နောက်ကျသွားခဲ့လေပြီ။
ဟွမ်သွမ့်အင်မော်တယ်ဘုရင် သေဆုံးသွားသည်နှင့်အမျှ ထိုအမည်းရောင်အလင်းတန်း တစ်စွန်းတစ်စသည် သူ၏ခန္ဓာကိုယ်မှ ပြန်လည်ထွက်ပေါ်လာကာ မျက်တောင်တစ်ခတ်စာမျှ မကြာမီမှာပင် ဟွမ်သွမ့်ကောင်းကင်ဘုံ တစ်ခုလုံးကို ရိုက်ခတ်သွားလေသည်။
" ဝှစ်...! "
ပျက်စီးယိုယွင်းခြင်း စွမ်းအားသည် အရာအားလုံးကို ချက်ချင်း လွှမ်းမိုးဝါးမျိုသွားလေ၏။
သက်ရှိအားလုံး၏ လှုပ်ရှားမှုများအားလုံး အေးခဲသွားပြီးနောက် သူတို့၏ခန္ဓာကိုယ်များမှာ ဖုန်မှုန့်များကဲ့သို့ လွင့်စင်သွားကာ အရိပ်အယောင်မျှပင် မကျန်ရစ်ဘဲ ပျောက်ကွယ်သွားလေသည်။
ဆက်တိုက်တည်ရှိနေသော ခမ်းနားကြီးကျယ်လှသည့် ရှေးဟောင်းကောင်းကင်နန်းတော်များပင်လျှင် ထိုအမည်းရောင်အလင်းတန်း၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရပြီးနောက် နှစ်ပေါင်းသန်းရာချီ၍ တည်ရှိနေခဲ့သကဲ့သို့ အားလုံး ဆွေးမြည့်ပျက်စီးသွားကာ ပြိုကျပျက်စီးနေသော နံရံများနှင့် အပျက်အစီးများကိုသာ ချန်ရစ်ခဲ့လေသည်။
အဆုံးအစမဲ့သော ပျက်စီးယိုယွင်းခြင်း စွမ်းအားများက မျက်စိတစ်မှိတ်အတွင်း ကမ္ဘာလောကတစ်လျှောက် သောင်းကျန်းသွားကာ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်၏။
ပုံရိပ်ထဲရှိ ထိုမြင်ကွင်းကို မြင်တွေ့ပြီးနောက် ဟွမ်ကျိုအာနှင့် ကုချင်းရွဲ့အပါအဝင် အခြားသူများ၏ စိတ်ထဲတွင် ကြီးမားလှသော ထိတ်လန့်တုန်လှုပ်မှုကြီးကို မခံစားရဘဲ မနေနိုင်ဖြစ်သွားကြသည်။
ဤသည်ကို မြင်တွေ့လိုက်ရမှသာ ဟွမ်သွမ့်အင်မော်တယ်ဘုရင် မည်သို့ သေဆုံးသွားခဲ့ရသည်၊ သူ၏ရင်ဘတ်ထဲရှိ အပေါက်ကြီး မည်သို့ဖြစ်ပေါ်လာခဲ့ရသည်နှင့် ကောင်းကင်နှင့်မြေကြီးမှာ မည်သည့်အကြောင်းကြောင့် ဤမျှလောက် လူသူကင်းမဲ့လျက် ပျက်စီးယိုယွင်းနေရသည်ဆိုသည်တို့ကို သူတို့ နောက်ဆုံးတွင် နားလည်သဘောပေါက်သွားကြလေတော့သည်။