← Chapters

အခန်း (၄၈၉-၄၉၀)

Vol. 35 Ch. 489-490

အခန်း (၄၈၉-၄၉၀)

Vol. 35 Ch. 489-490

‎အခန်း ( ၄၈၉ ) - ခေါင်းတလားထဲတွင် ရှိနေသောအရာ၊ ကောင်းကင်ပြင်ပမှ အမျိုးသမီး၊ ငါက ခေါင်းတလားရဲ့ ပိုင်ရှင်များလား

‎

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ သေဆုံးမှုသည် အမှန်တကယ်ပင် ဤလျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားကြောင့် ဖြစ်ကြောင်း ထင်ရှားသွားလေပြီ။

‎

‎

‎ခေါင်းတလားထဲမှ ထွက်ပေါ်လာသော အမည်းရောင်အလင်းတန်း တစ်စွန်းတစ်စသည် ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်အတွင်းရှိ သက်စွမ်းအင်အားလုံးကို ဖျက်ဆီးပစ်လိုက်၍ သူ့အား နတ်နှင့်လူတို့၏ ယိုယွင်းဆွေးမြည့်ခြင်းငါးပါးကို ခံစားရစေခဲ့သည်။

‎

‎

‎ဤကောင်းကင်နှင့် မြေကြီးပင်လျှင် ညစ်ညမ်းသွားခဲ့ကာ မရေမတွက်နိုင်သော ခေတ်ကာလများ ကြာမြင့်ပြီးနောက်တွင်ပင် ဤကဲ့သို့ ယိုယွင်းပျက်စီးနေသော အခြေအနေတွင် ကျန်ရစ်နေဆဲ ဖြစ်သည်။

‎

‎

‎ထို့အပြင် သူ၏ရင်ဘတ်ထဲရှိ အပေါက်ကြီးသည် ဟွမ်သွမ့်အင်မော်တယ်ဘုရင် သေဆုံးရခြင်း၏ အကြောင်းရင်း မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ရင်ဘတ်တွင် ပေါ်လာသော ထိုအပေါက်ကြီးမှာ ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ကြိုးပမ်းသည့် လုပ်ရပ်တစ်ခုသာ ဖြစ်ပေမည်။

‎

‎

‎ခေါင်းတလားအတွင်းရှိ ကြောက်မက်ဖွယ်ကောင်းမှုကြီးကို အာရုံခံမိပြီးနောက် သူ၏သေဆုံးမှုမှာ ရှောင်လွှဲ၍မရနိုင်တော့ကြောင်း နားလည်သွားသောအခါ သူသည် သူ၏ အင်မော်တယ်ဘုရင် နှလုံးသားကို ဆွဲထုတ်ကာ အပြင်သို့ ပစ်ထုတ်လိုက်ခြင်း ဖြစ်သည်။

‎

‎

‎ဖြစ်နိုင်သည်မှာ ထိုနှလုံးသားထဲတွင် ဟွမ်သွမ့်အင်မော်တယ်ဘုရင် သေရာမှ ပြန်လည်ရှင်သန်နိုင်မည့် နည်းလမ်း ရှိနေပေလိမ့်မည်။

‎

‎

‎" အဲ့ဒီခေါင်းတလားထဲမှာ တကယ်ပဲ ဘာရှိနေတာလဲ "

‎

‎

‎ယဲ့ယင်းယင်းမှ တီးတိုး ရေရွတ်လိုက်၏။

‎

‎

‎ထိုလျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားထဲတွင် မည်သည့်အရာရှိနေသဖြင့် ဟွမ်သွမ့်အင်မော်တယ်ဘုရင်က တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ကြောက်မက်ဖွယ် ရန်သူကြီးတစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ မျှော်လင့်ချက်မဲ့နေသော မျက်နှာအမူအရာမျိုး ဖြစ်သွားရသနည်းဆိုသည်ကို သူ နားမလည်နိုင်သေးပေ။

‎

‎

‎ထိုသူသည် အင်မော်တယ်ဘုရင်တစ်ပါးပင် မဟုတ်လော။

‎

‎

‎သို့သော် ခေါင်းတလားအတွင်းရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူသည် ခုခံရန် အတွေးပင် မရှိတော့ဘဲ သေဆုံးမည့် ကံကြမ္မာကို တိုက်ရိုက် လက်ခံလိုက်၍ သူ၏အင်မော်တယ်ဘုရင် နှလုံးသားကိုပင် ဆွဲထုတ်ကာ ဤအရေးပေါ်အစီအစဉ်ကို ချန်ထားခဲ့ရသည်။

‎

‎

‎" ဒါပေမယ့် အဲဒီခေါင်းတလားထဲမှာ ဘာမှမရှိတာ ရှင်းနေတာပဲလေ "

‎

‎

‎ဟွမ်ကျိုအာမှာလည်း တွေဝေနေမိ၏။

‎

‎

‎သူ အထက်ကောင်းကင်ဘုံတွင် ပြန်လည်နိုးထလာပြီးနောက် ထိုခေါင်းတလားထဲတွင် မည်သည့်အရာရှိသနည်းဟု ကုချန်အား မေးမြန်းခဲ့ဖူးသည်။

‎

‎

‎ကုချန်၏ အဖြေမှာလည်း ခေါင်းတလားမှာ လွတ်ဟာနေပြီး အတွင်း၌ မည်သည့်အရာမျှ လုံးဝမရှိဟုဆိုသည်။

‎

‎

‎ကုချန်မှ သူ့ကို လိမ်ညာမည်မဟုတ်ကြောင်း ဟွမ်ကျိုအာ သိထား၏။

‎

‎

‎သို့သော် အကယ်၍ ခေါင်းတလားမှာ အမှန်တကယ် လွတ်ဟာနေခဲ့လျှင် ဟွမ်သွမ့်အင်မော်တယ်ဘုရင်မှာ အဘယ်ကြောင့် ဤမျှလောက် ကြောက်ရွံ့နေခဲ့ရသနည်း။

‎

‎

‎သို့မဟုတ် ဤလျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားသည် ဟွမ်သွမ့်ကောင်းကင်ဘုံသို့ ဆင်းသက်လာစဉ်က အတွင်း၌ တစ်ခုခုရှိနေခဲ့သော်လည်း နောက်ပိုင်းတွင် ကောင်းကင်တားမြစ်နယ်မြေထဲသို့ မျောပါသွားချိန်၌မူ အတွင်းရှိအရာက ထွက်ပေါ်သွားခဲ့၍ လစ်ဟာသွားခဲ့သည်လော။

‎

‎

‎ဟွမ်ကျိုအာမှာ အလွန်ပင် တွေဝေရှုပ်ထွေးနေလေ၏။

‎

‎

‎သို့တိုင် သူတို့ရှေ့ရှိ မြင်ကွင်းမှာ ပျောက်ကွယ်မသွားသေးပေ။

‎

‎

‎ပုံရိပ်ထဲတွင် ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ ဆွေးမြည့်နေသော အလောင်းကြီး ကျဆင်းလာသည်နှင့်အမျှ ကမ္ဘာလောကကြီးသည်လည်း ကပ်ကမ္ဘာပျက်မည့် မြင်ကွင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

‎

‎

‎ဤအရာအားလုံးကို ဖြစ်ပေါ်စေခဲ့သော ရှေးဟောင်းခေါင်းတလားမှာမူ တည်ငြိမ်စွာဖြင့် ကောင်းကင်ထက်၌ ဆက်လက်လွင့်မျောနေကာ တစ်လက်မမျှပင် ရွေ့လျားခြင်းမရှိချေ။

‎

‎

‎" ဟင်...! "

‎

‎

‎ရုတ်တရက် ပုံရိပ်၏အပြင်ဘက်မှ အံ့ဩသွားသောအသံတစ်ခု ထွက်ပေါ်လာ၏။

‎

‎

‎ဟွမ်သွမ့်ကောင်းကင်ဘုံအတွင်းရှိ ကမောက်ကမဖြစ်မှုသည် အထွတ်အထိပ် တည်ရှိမှုတစ်ခု၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပုံပင်။

‎

‎

‎အမျိုးသမီးများ၏ အမြင်တွင် ပုံရိပ်ထဲရှိ အဆုံးအစမဲ့ ကောင်းကင်ဘုံကိုးခု၏ အထက်၌ ရေခဲကဲ့သို့ အေးစက်ခက်ထန်ကာ လမင်းကဲ့သို့ တည်ငြိမ်အေးချမ်းသော ပုံရိပ်တစ်ခု တိတ်ဆိတ်စွာ ရပ်နေလေသည်။

‎

‎

‎သူသည် မျက်လွှာကို အနည်းငယ်ချကာ ဟွမ်သွမ့်ကောင်းကင်ဘုံအတွင်းသို့ ကြည့်လိုက်၏။ သူ၏ အကြည့်များထဲတွင် သံသယနှင့် အံ့အားသင့်မှု တစ်စိတ်တစ်ပိုင်း ပါဝင်နေလေသည်။

‎

‎

‎နောက်တစ်ခဏတွင် သွယ်လျသော ကျောက်စိမ်းလက်တစ်ဖက်သည် ကောင်းကင်ပြင်ပမှ ဆင်းသက်လာ၍ ဤပြောင်းလဲမှုအားလုံးကို ဖြစ်ပေါ်စေခဲ့သော ရှေးဟောင်းခေါင်းတလားကို စူးစမ်းလေ့လာလိုသည့်အလား ရှေးဟောင်းခေါင်းတလားဆီသို့ လှမ်းလာလေသည်။

‎

‎

‎သို့သော် ထိုလက် ရှေးဟောင်းခေါင်းတလားအနီးသို့ မချဉ်းကပ်နိုင်မီမှာပင်.....

‎

‎

‎ရှေးဟောင်းခေါင်းတလားသည် လှုပ်ရှားသွားကာ ကောင်းကင်ထက်၌ ဆက်လက်လွင့်မျောမနေတော့ဘဲ အောက်ဘက်သို့ တည့်မတ်စွာ ကျဆင်းသွားလေသည်။

‎

‎

‎၎င်း ကျဆင်းသွားသည်နှင့်အမျှ အောက်ဘက်ရှိ လေဟာနယ်သည် ရေပြင်ကဲ့သို့ လှိုင်းထသွားကာ အက်ကွဲကြောင်းတစ်ခု ပွင့်လာလေ၏။

‎

‎

‎" ချွမ်! "

‎

‎

‎ထိုလက်သည် ရှေးဟောင်းခေါင်းတလား လေဟာနယ်ထဲသို့ မကျဆင်းမီ အချိန်မီ ဖမ်းဆုပ်နိုင်ရန် ကြိုးစားလိုသည့်အလား အရှိန်မြှင့်လိုက်၏။

‎

‎

‎သို့သော် ရှေးဟောင်းခေါင်းတလားမှာ လျင်မြန်လွန်းစွာ ကျဆင်းသွားခဲ့ရာ ထိုလက်ပိုင်ရှင်ပင်လျှင် ၎င်းကို မဖမ်းဆုပ်နိုင်ခဲ့ပုံပင်။သို့သော်လည်း နောက်ဆုံးတွင် သူ၏လက်ချောင်းများဖြင့် ခေါင်းတလားကို အနည်းငယ် ထိမိသွားကာ ခေါင်းတလားအား တိမ်းစောင်းသွားစေခဲ့၏။

‎

‎

‎ရှေးဟောင်းခေါင်းတလား တိမ်းစောင်းသွားသည်နှင့်အမျှ ၎င်းအတွင်းရှိ တစ်ခုခုသည် နေရာရွေ့သွားပုံရ၍ တိမ်းစောင်းနေသော ရှေးဟောင်းခေါင်းတလားထဲမှ ထွက်ကျလာကာ ခေါင်းတလားနှင့်အတူ လေဟာနယ်အက်ကွဲကြောင်းထဲသို့ ကျဆင်းသွားလေသည်။

‎

‎

‎ထိုခေါင်းတလားထဲမှ ကျဆင်းလာသောအရာကို မြင်လိုက်ရသောအခါ အမျိုးသမီးများအားလုံးမှာ အံ့အားသင့်မှုများ ပြည့်နှက်သွားကြ၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ခေါင်းတလားထဲမှ ကျဆင်းလာသောအရာမှာ ကြည်လင်တောက်ပနေသော မြင့်မြတ်သည့် မူလရင်းမြစ်တစ်ခု ဖြစ်နေသောကြောင့်ပင်။

‎

‎

‎ထိုမြင့်မြတ်သည့် မူလရင်းမြစ်အတွင်းတွင် လှပသောအမျိုးသမီးတစ်ဦးသည် မျက်လုံးများမှိတ်လျက် လဲလျောင်းနေကာ အသက်ဝင်နေသကဲ့သို့ ရှိလေသည်။

‎

‎

‎" အစ်မကျိုအာပဲ...! "

‎

‎

‎ဖူဝမ်သည် အာမေဍိတ်သံဖြင့် မရေရွတ်ဘဲ မနေနိုင်ဖြစ်သွား၏။ ပုံရိပ်ထဲရှိ မြင့်မြတ်သည့် မူလရင်းမြစ်အတွင်းမှ တည်ရှိမှုသည် ဟွမ်ကျိုအာပင် မဟုတ်ပါလော။

‎

‎

‎" ငါ ဖြစ်နေတာပဲ..... "

‎

‎

‎ဟွမ်ကျိုအာ၏ နှလုံးသားသည်လည်း တုန်လှုပ်သွား၏။ သူသည် ဤရှေးဟောင်းခေါင်းတလားနှင့်အတူ အထက်ကောင်းကင်ဘုံ၌ ပေါ်လာခဲ့ခြင်းဖြစ်သဖြင့် သူ၏ဇာစ်မြစ်မှာ ဤလျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားနှင့် ခွဲခြား၍မရနိုင်လောက်အောင် ဆက်စပ်နေမည်ဟု ယခင်ကတည်းက ခန့်မှန်းထားခဲ့ပြီး ဖြစ်သည်။

‎

‎

‎သို့သော် မြင့်မြတ်သည့် မူလရင်းမြစ်သည် သူပါဝင်နေသော ဤလျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားထဲမှ ကျဆင်းလာခဲ့သောအရာ ဖြစ်မည်ဟု သူ တစ်ခါမျှ စိတ်ကူးမယဉ်ခဲ့ဖူးချေ။

‎

‎

‎ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ လုပ်ရပ်ကြောင့်သာ မြင့်မြတ်သည့် မူလရင်းမြစ်သည် ခေါင်းတလားထဲမှ ထွက်ကျလာခဲ့ရခြင်း ဖြစ်သည်။

‎

‎

‎ဤသည်မှာ တစ်ချိန်က ခေါင်းတလားထဲတွင် မြှုပ်နှံထားခဲ့သောအရာသည် သူကိုယ်တိုင်ပင် ဖြစ်သည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလော။

‎

‎

‎ဟွမ်ကျိုအာမှာ အလွန်ပင် တွေဝေရှုပ်ထွေးသွားလေသည်။

‎

‎

‎ဤရလဒ်သည် သူ၏ စိတ်ကူးယဉ်နိုင်စွမ်းထက်ပင် ကျော်လွန်နေလေသည်။

‎

‎

‎အမျိုးသမီးများ အံ့အားသင့်ကာ တွေဝေနေကြချိန်တွင် ပုံရိပ်ထဲရှိ မြင်ကွင်းမှာ ပြီးဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သည်။

‎

‎

‎ထိုအမျိုးသမီးသည် ခေါင်းတလားကို မရယူနိုင်ခဲ့ဘဲ ခေါင်းတလား လေဟာနယ်ထဲသို့ ကျဆင်းသွားပြီးနောက် သွယ်လျသော ကျောက်စိမ်းလက်သည် ပြန်လည်ရုပ်သိမ်းသွားလေသည်။ သူသည် ခေါင်းတလား၏ တည်နေရာကို ဆက်လက် ခြေရာခံ၍ မရနိုင်တော့ကြောင်း သိထားသည့်အလား အချည်းနှီး ကြိုးပမ်းမှုများကို ဆက်မလုပ်တော့ချေ။

‎

‎

‎" ဧကရာဇ်... ဘာတွေဖြစ်ခဲ့တာလဲ..... "

‎

‎

‎ထိုအချိန်မှာပင် ပုံရိပ်ထဲရှိ ကောင်းကင်ပြင်ပမှ မထင်ရှားသော်ငြား ခမ်းနားကြီးကျယ်သော လှုပ်ခတ်မှုတစ်ခု ထွက်ပေါ်လာ၏။ သို့သော် ထိုအသံမှာ လွန်မင်းစွာ နက်နဲကျယ်ပြန့်လွန်းနေသဖြင့် အမျိုးသမီးများအဖို့ ချက်ချင်း နားလည်နိုင်ရန် ခက်ခဲနေခဲ့၏။

‎

‎

‎နောက်တစ်ခဏတွင် ပုံရိပ်ထဲရှိ ကောင်းကင်ဘုံကိုးခု၏ အပြင်ဘက်၌ ရပ်နေပုံရသော ထိုအမျိုးသမီးက သူ၏ သွယ်လျသော လက်ကို ညင်သာစွာ မြှောက်လိုက်၍ ပေါ့ပါးစွာပင် ပြန်ချလိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

‎

‎

‎ထို့နောက် ပုံရိပ်မှာ အသံကျယ်ကြီးတစ်ခုနှင့်အတူ ပြိုကွဲသွားလေသည်။

‎

‎

‎ထိုလက်ဖဝါးသည် ဟွမ်သွမ့်ကောင်းကင်ဘုံတစ်ခုလုံးကို လွှမ်းခြုံထားပြီးဖြစ်ကာ အဆုံးမဲ့တာအိုများကို ဖယ်ရှားလိုက်၍ ထိုရှေးဟောင်းကျောက်စာတိုင်အား ဆက်လက်၍ မှတ်တမ်းတင်ရန် မဖြစ်နိုင်အောင် ပြုလုပ်လိုက်ပုံပင်။

‎

‎

‎ပုံရိပ်မှာ ပျောက်ကွယ်သွား၍ အရာအားလုံး ရုတ်တရက် ရပ်တန့်သွားလေသည်။

‎

‎

‎သို့သော်လည်း အမျိုးသမီးများမှာ သူတို့ ယခုလေးတင် မြင်တွေ့ခဲ့ရသော မြင်ကွင်းများထဲတွင် နစ်မြောနေဆဲဖြစ်ပြီး သတိပြန်မဝင်နိုင်သေးပေ။

‎

‎

‎" အစ်မကျိုအာ... အစ်မက အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ခေါင်းတလားရဲ့ ပိုင်ရှင်များ ဖြစ်နေမလား "

‎

‎

‎ဖူဝမ်မှာ လျှာလေးထုတ်ကာ မခန့်မှန်းဘဲ မနေနိုင်ဖြစ်သွား၏။

‎

‎

‎အစက သူသည် ဟွမ်ကျိုအာမှာ ထိုလျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားနှင့်အတူ တိုက်ဆိုင်စွာ ပေါ်လာခြင်း ဖြစ်လျှင်ဖြစ် မဟုတ်လျှင် သူတို့ကြားတွင် ဆက်စပ်မှုတစ်ခုခု ရှိနေမည်ဟုသာ ထင်မှတ်ထားခဲ့သည်။

‎

‎

‎သို့သော် သူတို့ ယခုလေးတင် ကြည့်ရှုခဲ့ရသော ရှေးဟောင်းမြင်ကွင်းအရ ဟွမ်ကျိုအာ ပါဝင်နေသော မြင့်မြတ်သည့် မူလရင်းမြစ်မှာ ထိုခေါင်းတလားထဲမှ ထွက်ကျလာခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားနေ၏။

‎

‎

‎ဤသည်မှာ ဟွမ်ကျိုအာသာလျှင် ဤခေါင်းတလား၏ ပိုင်ရှင်ဖြစ်နိုင်ချေ အများဆုံးဖြစ်ကြောင်း ဆိုလိုနေခြင်း မဟုတ်ပါလော။

‎

‎

‎ခေါင်းတလား လွတ်ဟာနေခြင်းနှင့် ပတ်သက်၍မူ ဘာမျှ ထူးဆန်းခြင်း မရှိတော့ပေ။

‎

‎

‎ဟွမ်ကျိုအာသည် ရှေးဟောင်းခေါင်းတလားထဲမှ ထွက်လာခဲ့ပြီးဖြစ်ရာ ကျိန်းသေပေါက် အတွင်း၌ မည်သည့်အရာမျှ ကျန်ရစ်တော့မည် မဟုတ်ချေ။

‎

‎

‎ဤအရာအားလုံးမှာ လွန်စွာ ယုတ္တိရှိလှရာ အားနည်းချက်ဟူ၍ မရှိနိုင်ချေ။

‎

‎

‎အကယ်၍ မဖြေရှင်းရသေးသော အချက်တစ်ချက် ရှိနေသေးလျှင် ၎င်းမှာ ဟွမ်ကျိုအာ ပါဝင်နေသော ရှေးဟောင်းခေါင်းတလား၏ ဇာစ်မြစ်ပင် ဖြစ်သည်။

‎

‎

‎သို့သော် မြင်ကွင်း၏အစပိုင်းတွင် ဟွမ်ကျိုအာ ပါဝင်နေသော လျှို့ဝှက်ဆန်းကြယ်သည့် ခေါင်းတလားသည် အမည်မသိ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုမှနေ၍ အင်မော်တယ်နယ်မြေ၏ ဟွမ်သွမ့်ကောင်းကင်ဘုံအတွင်းသို့ ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ထို့ကြောင့် ထိုလျှို့ဝှက်ဆန်းကြယ်သောနေရာမှာ မည်သည့်နေရာဖြစ်သည်ကို မည်သူမျှ မသိကြပေ။

‎

‎

‎" ငါက ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ခေါင်းတလားရဲ့ ပိုင်ရှင်များ ဖြစ်နေမလား "

‎

‎

‎ဖူဝမ်နှင့် အခြားသူများ၏ ခန့်မှန်းချက်များကို နားထောင်ရင်း ဟွမ်ကျိုအာသည် ကိုယ့်ကိုယ်ကိုယ် ပြန်မမေးဘဲ မနေနိုင်ဖြစ်သွားရ၏။

‎

‎

‎ကောက်ချက်ချရလျှင် ဤသည်မှာ အမှန်တကယ်ပင် အကျိုးအကြောင်း အဆီလျော်ဆုံးပင်။

‎

‎

‎ဒါပေမဲ့လဲ... ဒါက အမှန်တရား ဖြစ်နိုင်ပါ့မလား။

‎

‎အခန်း ( ၄၉၀ ) - အနာဂတ်အတွက် ချန်ထားခဲ့ခြင်း၊ စွန့်စားသွားလာလိုစိတ်၊ တံခါးပိတ်ကျင့်ကြံရာမှ ထွက်ပေါ်လာသော ကုချန်

‎

‎

‎

‎ဟွမ်ကျိုအာမှာ တိတ်ဆိတ်နေလေသည်။

‎

‎

‎ထိုရှေးဟောင်းမြင်ကွင်းထဲတွင် သူမြင်တွေ့ခဲ့ရသမျှသည် သူ၏အတိတ်နှင့်ပတ်သက်သော သံသယအချို့ကို ဖြေဖျောက်ပေးနိုင်ခဲ့သော်လည်း အရေးအကြီးဆုံး မေးခွန်းကိုမူ မဖြေရှင်းနိုင်သေးပေ။

‎

‎

‎ယင်းမှာ ဤလျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားသည် မည်သည့်နေရာမှ ရောက်ရှိလာသနည်း ဆိုသည်ပင်။

‎

‎

‎၎င်းသည် အင်မော်တယ်နယ်မြေမှလော သို့မဟုတ် ပို၍လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်သော အခြားနေရာတစ်ခုခုမှလော။

‎

‎

‎ထိုခေါင်းတလားထဲတွင် မည်သူ့ကို မြှုပ်နှံထားခဲ့သနည်း။

‎

‎

‎သူကိုယ်တိုင်လား ဒါမှမဟုတ် အခြားတစ်ယောက်ယောက်လား။

‎

‎

‎ရှေးဟောင်းခေါင်းတလားထဲတွင် မြှုပ်နှံထားသူမှာ သူကိုယ်တိုင် မဟုတ်ကြောင်း ဟွမ်ကျိုအာ ခပ်ရေးရေး ခံစားနေရ၏။ သို့မဟုတ်ပါက ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် မျှော်လင့်ချက်မဲ့ကာ ရူးသွပ်သွားမည်မဟုတ်သလို ရှင်သန်ရန် မျှော်လင့်ချက်တစ်စွန်းတစ်စလေးအတွက် သူ၏ ကိုယ်ပိုင် အင်မော်တယ်ဘုရင်နှလုံးသားကိုပင် ဆွဲထုတ်ပစ်လိမ့်မည် မဟုတ်ချေ။

‎

‎

‎သို့သော် ခေါင်းတလားထဲတွင် မြှုပ်နှံထားသူမှာ သူမဟုတ်ဘဲ အခြားတစ်ယောက်သာဆိုလျှင် ထိုသူက မည်သူဖြစ်နိုင်မည်နည်း။

‎

‎

‎မေးခွန်းပေါင်းများစွာသည် ဟွမ်ကျိုအာ၏ စိတ်ထဲတွင် ဝဲလှည့်နေကာ တစ်ခဏမျှ စဉ်းစား၍မရအောင် ဖြစ်နေစေသည်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ ဤခရီးစဉ်သည် အကျိုးမရှိဖြစ်မသွားခဲ့ပေ။ ယခုလေးတင် ပေါ်လာခဲ့သော ရှေးဟောင်းမြင်ကွင်းသည် ဟွမ်ကျိုအာအတွက် အချက်တစ်ချက်ကို သက်သေပြနိုင်ခဲ့၏။

‎

‎

‎ယင်းမှာ သူနှင့် ဤလျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားကြားတွင် ရှုပ်ထွေးနက်နဲသော ဆက်စပ်မှုတစ်ခု အမှန်တကယ် ရှိနေသည် ဆိုခြင်းပင်တည်း။

‎

‎

‎" တကယ်လို့ ငါတို့ မြင်ကွင်းထဲက အမျိုးသမီးကို ရှာတွေ့နိုင်မယ်ဆိုရင် ဒီရှေးဟောင်းခေါင်းတလားရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မယ်ထင်တယ် "

‎

‎

‎တိတ်ဆိတ်နေခဲ့သော ကုချင်းရွဲ့မှ ရုတ်တရက် ဝင်ပြောကာ ဟွမ်ကျိုအာအား အကြံပြုလိုက်၏။

‎

‎

‎" မြင်ကွင်းထဲက အမျိုးသမီးရဲ့ တုံ့ပြန်ပုံအရဆိုရင် သူက ဒီခေါင်းတလားနဲ့ပတ်သက်ပြီး နားလည်ထားတာ သေချာတယ်... သူ့ကိုသာ ရှာတွေ့ရင် နင့်ရဲ့ မေးခွန်းအချို့ကို သူ ဖြေပေးနိုင်လိမ့်မယ် "

‎

‎

‎ပုံရိပ်ထဲရှိ အမျိုးသမီးသည် ရှေးဟောင်းခေါင်းတလားကို ပထမဆုံးအကြိမ် ထိတွေ့ရန် ကြိုးစားရာတွင် မအောင်မြင်ခဲ့ပြီးနောက် ပြတ်သားစွာ လက်လျှော့ရန် ရွေးချယ်ခဲ့၏။ ဤသည်မှာ သူ့အနေဖြင့် ဤရှေးဟောင်းခေါင်းတလားအကြောင်းကို ကြိုတင်သိရှိထားပြီးဖြစ်၍ ဆက်လက်ကြိုးစားနေလျှင်လည်း အချည်းနှီးသာဖြစ်မည်ကို သိထားကြောင်း ရှင်းလင်းစွာ ပြသနေလေသည်။

‎

‎

‎အကယ်၍ သူ့ကိုသာ ရှာတွေ့နိုင်ခဲ့လျှင် ဟွမ်ကျိုအာ၏ မေးခွန်းအချို့ကို ဖြေကြားပေးနိုင်ပေလိမ့်မည်။

‎

‎

‎" ဖြစ်နိုင်ပါတယ်လေ..... "

‎

‎

‎ဟွမ်ကျိုအာသည် သက်ပြင်းဖွဖွချကာ ပြောဆိုလိုက်၏။

‎

‎

‎မြင်ကွင်းထဲမှ အမျိုးသမီးကို ရှာဖွေရန်ဆိုသည်မှာ မည်မျှလွယ်ကူမည်နည်း။

‎

‎

‎ထိုမြင်ကွင်းထဲတွင် ဖော်ပြထားသော အချိန်ကာလမှစ၍ မရေမတွက်နိုင်သော နှစ်ကာလများ ကုန်လွန်ခဲ့ပြီကို ဆိုဖွယ်ရာပင် မရှိတော့ချေ။

‎

‎

‎ထို့ပြင် အင်မော်တယ်နယ်မြေမှာ အဆုံးအစမရှိ ကျယ်ပြောလှ၏။ ဤမျှကြီးမားလှသော အင်မော်တယ်နယ်မြေအတွင်း လူတစ်ယောက်ကို ရှာဖွေရခြင်းမှာ သမုဒ္ဒရာထဲ၌ အပ်ရှာရသည်ထက် အဆသန်းပေါင်းများစွာ ပိုမိုခက်ခဲပေလိမ့်မည်။

‎

‎

‎ထို့အပြင် ပုံရိပ်ထဲမှ အမျိုးသမီးသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း ထင်ရှားနေ၍ ဟွမ်သွမ့်အင်မော်တယ်ဘုရင်ထက်ပင် ပို၍စွမ်းအားကြီးမားလေသည်။ ထိုကဲ့သို့သော တည်ရှိမှုမျိုး၏ သွားလာလှုပ်ရှားမှုများမှာ ပို၍ပင် လျှို့ဝှက်နက်နဲကာ ခန့်မှန်းရခက်ပေ၏။ သူ၏ နန်းတော်တည်ရှိရာနေရာကိုပင် သာမန်သက်ရှိများ သွားရောက်နိုင်မည် မဟုတ်ချေ။

‎

‎

‎မည်သို့ပင်ဆိုစေ အနည်းဆုံးတော့ ဤသည်မှာ သဲလွန်စတစ်ခုပင်။

‎

‎

‎ဟွမ်ကျိုအာသည် နောင်တစ်ချိန်တွင် ထိုအမျိုးသမီးနှင့် ဆုံတွေ့နိုင်ရန် မျှော်လင့်လျက် မြင်ကွင်းထဲမှ သူ၏အငွေ့အသက်ကို ရင်ထဲ၌ ခိုင်မာစွာ မှတ်သားထားလိုက်ရုံသာ တတ်နိုင်တော့သည်။

‎

‎

‎" ကဲ... ဒီက ငါ့ကိစ္စတော့ ပြီးသွားပြီ... နောက်ထပ် တခြားနေရာတွေကို သွားပြီး စူးစမ်းလေ့လာဦးမယ် "

‎

‎

‎ဟွမ်ကျိုအာသည် သူ၏စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်၍ ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းတို့အား ပြုံးပြကာ ပြောဆိုလိုက်သည်။

‎

‎

‎သူ၏ဇာစ်မြစ်ကို စုံစမ်းရန်မှာ မရိုးရှင်းသကဲ့သို့ အလျင်စလိုလုပ်၍ မရကြောင်း သူသိထား၏။ ယခုအချိန်တွင် သဲလွန်စတစ်ခု ရရှိထားခြင်းကပင် အလွန်ကောင်းမွန်နေပြီ ဖြစ်သည်။

‎

‎

‎...

‎

‎

‎လဝိညာဉ် ကောင်းကင်ဘုံရှိ ကောင်းကင်တားမြစ်နယ်မြေအတွင်း၌.....

‎

‎

‎ကုဝူရှန့်သည် မျက်လုံးများကို အနည်းငယ်မှိတ်ထားကာ အဆုံးမဲ့တာအိုများကို နားလည်သဘောပေါက်ရန် တံခါးပိတ်ကျင့်ကြံနေ၍ အင်မော်တယ်အစစ်အမှန်အဆင့်သို့ တက်လှမ်းရန် နောက်ဆုံးအကြိမ် ပြင်ဆင်မှုများကို လုပ်ဆောင်နေလေသည်။

‎

‎

‎အင်မော်တယ်နယ်မြေသို့ ရောက်ရှိလာပြီးနောက် လွန်ခဲ့သော နှစ်တစ်ရာအတွင်း ကုချင်းရွဲ့နှင့် အခြားသူများ၏ တိုက်ခိုက်ရေးစွမ်းအားသည် ထျန်းကျွင်းအဆင့်သို့ ရောက်ရှိအောင် ထိုးဖောက်ကျော်လွှားနိုင်ခဲ့ကြသည်။ ကုမိသားစု၏ ဘိုးဘေးတစ်ဦးအနေဖြင့် ကုဝူရှန့်သည်လည်း သဘာဝကျကျပင် အားယားနေခဲ့ခြင်း မရှိချေ။

‎

‎

‎သူသည် အဆုံးမဲ့ကမ္ဘာတွင် ဧကရာဇ်အဆင့်သို့ ရောက်ရှိခဲ့ပြီးနောက် တာအိုနှင့်ပတ်သက်သော ထိုးထွင်းသိမြင်မှုများစွာကို စုဆောင်းနိုင်ခဲ့သည်။ ယခု အင်မော်တယ်နယ်မြေသို့ ရောက်ရှိလာသောအခါတွင်မူ သူသည် တားဆီး၍မရနိုင်လောက်အောင် ဖြစ်လာကာ သူ၏ကျင့်ကြံခြင်းအဆင့်မှာလည်း အဆမတန် တိုးတက်လာခဲ့၏။ အင်မော်တယ်နယ်မြေသို့ ရောက်ရှိပြီး မကြာမီမှာပင် သူသည် ထျန်းကျွင်းအဆင့်သို့ ထိုးဖောက်ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်သည်။

‎

‎

‎ယခု နှစ်တစ်ရာ ကြာပြီးနောက် သူသည် ထျန်းကျွင်းအဆင့်၏ အထွတ်အထိပ်တွင် ရပ်တည်နေပြီး အင်မော်တယ်တက်လှမ်းခြင်းသို့ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

‎

‎

‎သူ ဤမျှ လျင်မြန်စွာ ကျင့်ကြံနိုင်ရခြင်းမှာ သူကိုယ်တိုင်၏ အရည်အချင်း တစ်စိတ်တစ်ပိုင်းသာ ပါဝင်ကြောင်း ကုဝူရှန့် ကောင်းစွာ သိရှိထား၏။ အဓိကအကြောင်းရင်းမှာ ဘိုးဘေး ချီးမြှင့်ထားသော မြင့်မြတ်သည့် သယံဇာတပစ္စည်းများနှင့် အင်မော်တယ်ကျင့်စဉ်များကြောင့်သာ ဖြစ်သည်။

‎

‎

‎ထိုကဲ့သို့သော အခွင့်ကောင်းများမရှိပါက သူ၏ တိုးတက်မှုသည် မည်သို့လုပ်၍ ဤမျှ လျင်မြန်နိုင်မည်နည်း။

‎

‎

‎" ဧကရာဇ်အဆင့်ရောက်ဖို့က အရမ်းခက်ခဲနေတုန်းပဲ... ဒါပေမယ့် နောက်ဆုံးတော့ ငါ အင်မော်တယ်တက်လှမ်းခြင်းကို ရရှိတော့မယ် "

‎

‎

‎ကုဝူရှန့်သည် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်၏။ သူ၏အသံတွင် နောင်တရနေမှု အနည်းငယ် ပါဝင်နေလေသည်။

‎

‎

‎ဘိုးဘေး ကုချန်ထံမှ ဧကရာဇ်အဆင့် တည်ရှိနေကြောင်း သိရှိပြီးကတည်းက ကုဝူရှန့်သည် ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် ကြိုးစားခဲ့သော်လည်း လျှို့ဝှက်ချက်ကို မည်သည့်အခါမျှ ဆုပ်ကိုင်နိုင်ခြင်း မရှိခဲ့ပေ။ ဧကရာဇ်အဆင့်သို့ ထိုးဖောက်ကျော်လွှားရန်မဆိုထားနှင့် သဲလွန်စတစ်ခုမျှပင် မရခဲ့ချေ။

‎

‎

‎ဤရလဒ်က သူသည် ဧကရာဇ်အဆင့်သို့ ထိုးဖောက်ကျော်လွှားနိုင်မည့် 'အရည်အချင်း' မရှိသူဖြစ်ကြောင်း ရှင်းလင်းစွာ နားလည်သွားစေခဲ့၏။

‎

‎

‎အဆုံးမဲ့ကမ္ဘာတစ်ခုလုံးတွင် မရေမတွက်နိုင်သော နှစ်ကာလများ ကြာမြင့်ပြီးနောက် လူသားဧကရာဇ်နှင့် ဘိုးဘေးဟူသော ဧကရာဇ်အဆင့် တည်ရှိမှု နှစ်ခုသာ ပေါ်ထွက်ခဲ့ခြင်းက ဧကရာဇ်အဆင့်၏ တန်ဖိုးမှာ မည်မျှမြင့်မားကြောင်း သက်သေပြရန် လုံလောက်နေလေသည်။

‎

‎

‎ဧကရာဇ်အဆင့်သို့ ထိုးဖောက်ကျော်လွှားရန် မျှော်လင့်ချက်မရှိတော့ကြောင်း နားလည်သွားပြီးနောက် ကုဝူရှန့်သည် ပြတ်သားစွာ လက်လျှော့လိုက်ပြီး အင်မော်တယ်တက်လှမ်းခြင်းအတွက် စတင်ပြင်ဆင်ခဲ့လေသည်။

‎

‎

‎ကုမိသားစု၏ ဘိုးဘေးတစ်ဦးအနေဖြင့် ကုချန်ပြီးလျှင် ကုမိသားစုတွင် ဒုတိယမြောက် အရေးအကြီးဆုံးပုဂ္ဂိုလ်အနေဖြင့် သူသည်လည်း ဖိအားများကို ခံစားနေရသည်။

‎

‎

‎ဘိုးဘေး၏ စွမ်းအားများ မြင့်မားလာသည်နှင့်အမျှ ကုမိသားစုအပေါ်သို့ ယခင်လောက် အမြဲတစေ စောင့်ကြည့်နိုင်တော့မည် မဟုတ်ကြောင်း ကုဝူရှန့် ကောင်းစွာ သိထားလေသည်။

‎

‎

‎ကုမိသားစု၏ ဒုတိယခေါင်းဆောင်တစ်ဦးအနေဖြင့် သူသည် ကုမိသားစုတစ်ခုလုံးကို စီမံခန့်ခွဲရမည့် တာဝန်ကို သဘာဝကျကျပင် ထမ်းဆောင်ရမည် ဖြစ်သည်။

‎

‎

‎သို့သော် လက်ရှိ ကုမိသားစုအတွင်း၌ ပါရမီရှင်များစွာ ရှိနေလေသည်။

‎

‎

‎ဖီးနစ်ဧကရာဇ်နှင့် ကျန်းထျန်းရှေးဟောင်းဧကရာဇ်တို့ကို ဆိုဖွယ်ရာပင် မရှိတော့ချေ။ သူတို့သည် အင်မော်တယ်နယ်မြေသို့ ရောက်ရှိလာပြီးနောက် ထျန်းကျွင်းအဆင့်သို့ လျင်မြန်စွာ ထိုးဖောက်ကျော်လွှားနိုင်ခဲ့ကြပြီး ယခုအခါ အင်မော်တယ်အစစ်အမှန်အဆင့်ဆီသို့ တက်လှမ်းနေကြပြီ ဖြစ်သည်။

‎

‎

‎ကောင်းကင်နတ်သမီး ရှောင်းယွဲ့ဆိုလျှင် လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက အင်မော်တယ်အစစ်အမှန် နေရာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

‎

‎

‎ကုချင်းရွဲ့၊ ယဲ့ယင်းယင်းနှင့် ဖူဝမ်တို့ကဲ့သို့သော မျိုးဆက်သစ်လူငယ်များပင်လျှင် ယခုအခါ ထျန်းကျွင်းအဆင့်၏ စွမ်းအားများကို ပိုင်ဆိုင်ထားကြပြီဖြစ်ရာ မကြာမီ သူ့ကိုပင် အမီလိုက်နိုင်တော့မည်ပင်။

‎

‎

‎မျိုးဆက်သစ်လူငယ်များ၏ ကျင့်ကြံခြင်းကပင် သူ့ကို အမီလိုက်ကာ ကျော်လွန်တော့မည်ကို မြင်တွေ့နေရရာ ကုဝူရှန့်အနေဖြင့် မည်သို့ စိတ်မပူဘဲ နေနိုင်မည်နည်း။

‎

‎

‎ထို့အပြင် သူ၏စွမ်းအားများ အချိန်ကြာမြင့်စွာ တိုးတက်မလာဘဲ အခြားသူများ၏ နောက်တွင် ကျန်ရစ်နေခဲ့ပါက ဘိုးဘေးအတွက် ကုမိသားစုကို သူမည်သို့ သေချာစွာ စီမံခန့်ခွဲ၍ လေးစားမှုကို ရယူနိုင်မည်နည်း။

‎

‎

‎ထို့ကြောင့် အင်မော်တယ်နယ်မြေသို့ ရောက်ရှိလာကတည်းက ကုဝူရှန့်သည် ကြီးမားသော ဖိအားများအောက်တွင် ရှိနေခဲ့ကာ တစ်ခဏမျှပင် ပေါ့ဆရန် မရဲခဲ့ချေ။

‎

‎

‎" ငါလည်း အပြင်ထွက်ပြီး စူးစမ်းလေ့လာသင့်တယ်... အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကြားမှာ ကိုယ့်ကိုယ်ကိုယ် သွေးဆူအောင်လုပ်ပြီး ငါ့ရဲ့ အလားအလာတွေကို လှုံ့ဆော်ရမယ် "

‎

‎

‎ကုဝူရှန့်သည် အနည်းငယ် စိတ်လှုပ်ရှားသွားဟန်ဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်၏။

‎

‎

‎ယခင်က အဆုံးမဲ့ကမ္ဘာတွင်ရှိစဉ်ကမူ အဆုံးမဲ့ကမ္ဘာတစ်ခုလုံး၌ စူးစမ်းလေ့လာရန် တန်ဖိုးရှိသော နေရာမရှိသဖြင့် သူသည် ကောင်းကင်တားမြစ်နယ်မြေအတွင်း၌သာ အမြဲနေထိုင်ခဲ့ရသည်။

‎

‎

‎သို့သော် ယခု အထက်ကောင်းကင်ဘုံသည် အင်မော်တယ်နယ်မြေသို့ တက်လှမ်းလာပြီဖြစ်ရာ အင်မော်တယ်နယ်မြေကြီးမှာ အဆုံးအစမရှိ ကျယ်ပြောလှကာ မရေမတွက်နိုင်သော အန္တရာယ်များနှင့် အခွင့်အရေးများ ရှိနေ၏။ သူ၏ လက်ရှိအဆင့်နှင့် ကျင့်ကြံခြင်းသည် အင်မော်တယ်နယ်မြေအတွင်း၌ လုံးဝကို အားနည်းလွန်းလှသည်။

‎

‎

‎ထိုကောင်မလေး ချင်းရွဲ့ပင်လျှင် ဖူဝမ်၊ ယဲ့ယင်းယင်းနှင့် အခြားသူများနှင့်အတူ စူးစမ်းလေ့လာရန် အပြင်ထွက်နေပြီ ဖြစ်သည်။ သူသည်လည်း ကုမိသားစုအတွင်း၌သာ အမြဲတမ်း ပုန်းအောင်းမနေနိုင်တော့ချေ။

‎

‎

‎ကုဝူရှန့်သည် စိတ်လှုပ်ရှားနေလျက် ဘိုးဘေး တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာချိန်တွင် သူ၏ အကြံအစည်ကို တင်ပြရန် တွေးတောနေစဉ်မှာပင် တည်ငြိမ်သော အသံတစ်ခု သူ၏နားထဲသို့ ရုတ်တရက် ထွက်ပေါ်လာလေသည်။

‎

‎

‎" ဝူရှန့်... ငါ့ဆီ အမြန်လာခဲ့ "

‎

‎

‎ထိုရင်းနှီးနေသော အသံ ထွက်ပေါ်လာသောအခါ ကုဝူရှန့်၏ မျက်နှာပေါ်တွင် ဝမ်းမြောက်မှုအရိပ်အယောင်များ ချက်ချင်း ပေါ်လာလေ၏။

‎

‎

‎သူသည် ဤအသံကို လွန်စွာရင်းနှီးနေ၏။ ၎င်းမှာ ဘိုးဘေး၏ အသံပင် ဖြစ်သည်။

‎

‎

‎သူသည် ဘိုးဘေးအား အစီရင်ခံနိုင်ရန် မည်သည့်အချိန်တွင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာမည်နည်းဟု တွေးတောနေစဉ်မှာပင် ဘိုးဘေးသည် သူ၏ တံခါးပိတ်ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

‎

‎

‎ဤသည်မှာ အိပ်ချင်နေသူအား ခေါင်းအုံးလာပေးသကဲ့သို့ပင်။

‎

‎

‎နှစ်တစ်ရာတိုင်အောင် တံခါးပိတ်ကျင့်ကြံပြီးနောက် နောက်ဆုံးတွင် ဘိုးဘေး ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

‎

‎

All Chapters