← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

🌻 Chapter 21

လီစဲ့ဖူက နှာခေါင်းရှုံ့လိုက်သည်။

"သူများဆီက အတုခိုးပြီး အသုံးမကျတဲ့ နောက်တစ်ယောက်ရှိလာပြန်ပြီ"

သူမသည် ပိန်ညင်းငှက်မွေး ဆံထိုးကို ဖယ်ရှားလိုက်ပြီး ကျောက်မျက်ရတနာများနှင့် လိပ်ပြာပုံစံ အလှဆင်ထားသော ရွှေရည်စိမ် ငွေဆံထိုးကို ထိုးလိုက်ကာ မေးလိုက်သည်။

"အရှင်မင်းသား ဒီညလာရင် သူ့ကိုကြိုဖို့ ဒါလေး ဝတ်ထားမယ်၊ နင် ဘယ်လိုထင်လဲ"

ယင်းလော့ ပြုံးကာ "အရမ်းလှတာပဲရှင်"

သို့ရာတွင် ထူးခြားစွာပင် ယင်ကျန်းသည် ကမ်းချန်ချန်ထံသို့ သွားခဲ့ပေသည်။ သူ ခြံဝင်းတံခါးသို့ ရောက်သည်နှင့် အထဲမှ အသံကျယ်ကြီးများကို ကြားလိုက်ရသည်။

"မြန်မြန်ဖမ်း! ဟုတ်ပြီ... ဟိုမှာ၊ ခုန်အုပ်လိုက်!"

ထိုအသံသည် အားမာန် အပြည့်ပါဝင်နေသည်။ သူသည် ထိုအသံမျိုးဖြင့် သူမ ပြောသည်အား သူမစိတ်ထဲ၌သာ ကြားဖူးလသည်။ အပြင်ပန်းတွင်မူ သူမသည် အမြဲတစေ နူးညံ့ပြီး အားနည်းကာ နှိမ့်ချတတ်သူဖြစ်သည်။

ယခုမူ သူမသည် အမှန်တကယ် အသက်ရှင်နေသော လူတစ်ယောက်နှင့် တူလာသည်။ အထဲမှာ ဘာတွေ ဖြစ်နေတာလဲ?

ယင်ကျန်းသည် သတင်းပို့မည့် မိန်းမစိုးကို တားလိုက်ပြီး အခန်းထဲသို့ လျှောက်ဝင်သွားရာ တောက်ပသော မီးရောင်အောက်တွင် အစေခံတစ်စု ပြေးလွှားနေသည်ကို တွေ့လိုက်ရလေသည်။ သူ ချက်ချင်း ဒေါသထွက်သွားပြန်သည်။ ဒါက လက်သင့်ခံနိုင်စရာလား၊ အစေခံတွေကို သေချာအုပ်ချုပ်ဖို့ သူ မပြောခဲ့ဘူးလား...

ယင်ကျန်းသည် တံခါးခန်းဆီးကို ရုတ်တရက် မတင်လိုက်ရာ မီးခိုးရောင် ကြွက်တစ်ကောင်သည် သူ့ဆီသို့ ပြေးလာပြီး စူးရှစွာအော်လျက် တံခါးပြင်သို့ထွက်ကာ ပျောက်ကွယ်သွားလေသည်။

"အိုက်ရား"

လူအုပ်ကြီးက နှမြောတသဖြင့် သက်ပြင်းချလိုက်ကြသော် လည်း တံခါးဝတွင် မည်သူရပ်နေသည်ကို သတိထားမိသွားသောအခါ အလျင်အမြန် ဒူးထောက်၍ အရိုအသေပေး လိုက်ကြသည်။

ထိုအခိုက်အတန့်တွင် နှင်းလုံးလေး၏မျက်လုံးများက အစိမ်းရောင် တောက်ပသွားပြီး အဖြူရောင် လျှပ်စီးတန်းတစ်ခုအလား ယင်ကျန်းထံသို့ ခုန်အုပ်လိုက်၏။ ယင်ကျန်းသည် လျင်မြန်စွာတုံ့ပြန်လိုက်ပြီး နှင်းလုံးလေးကို ဖမ်းဆွဲကာ အကုတ်မခံရအောင် တားဆီးလိုက်နိုင်သည်။

"ကမ်းချန်ချန်!"

သူသည် သူမ နာမည်အပြည့်အစုံကို ထပ်ခေါ်လိုက်ပြန်သည်။

ကမ်းချန်ချန်သည် သူ့ အသံကြောင့် တုန်လှုပ်သွားကာ ရှေ့သို့ တိုးလာပြီး နာခံစွာဖြင့် ပြောလိုက်သည်။

"အရှင့်သား.... သူ့ကို ကျွန်တော်မျိုးမဆီ ပေးပါ၊ မင်းသားကို တစ်ခုခုထိခိုက်မိပါဦးမယ်"

ယင်ကျန်းသည် နှင်းလုံးလေးကို သူမထံ ပေးလိုက်ပြီး ဆူပူလိုက်သည်။

"မင်းက ကြင်ယာတော်တစ်ပါးလေ... ဒါ ကြင်ယာတော်တစ်ပါးလို ပြုမူနေတာလား၊ အမြဲတမ်း ရူးကြောင်ကြောင်ပုံနဲ့ပဲ၊ ဒါ ဘယ်လို အပြုအမူမျိုးလဲ"

[ရယ်ရလိုက်တာ၊ ဘယ်သူက ရှင့်ထက် ပိုရူးနိုင်မှာလဲ၊ နေ့လယ်က ဆူဖို့ ခေါ်တယ်၊ ညကျတော့လည်း ပြဿနာလာရှာတယ်]

ကမ်းချန်ချန်က မကျေမနပ်ဖြစ်စွာ တွေးလိုက်သော်လည်း ခေါင်းငုံ့ကာ တိုးညှင်းစွာပြောလိုက်သည်။

"ကျွန်တော်မျိုးမ မှားမှန်းသိပါပြီ"

ယင်ကျန်းသည် သူမ မေးစေ့ကို လက်တစ်ဖက်ဖြင့် ရုတ်တ ရက် ဖမ်းကိုင်လိုက်ချိန် အံ့ကြိတ်နေဆဲဖြစ်သော သူမမျက်နှာအမူအရာကို မြင်လိုက်ရသည်။ အင်း နည်းနည်းတော့ ချစ်စရာကောင်းသလိုပဲ...

"မင်းတို့ အကုန်လုံး အပြင်ကို အရင်ထွက်သွားကြ၊ ကြောင်ကိုပါ ခေါ်သွား"

"ဟုတ်ကဲ့ပါရှင်"

ကမ်းချန်ချန်သည် ယင်းကျန်းအား ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေပြီး သူမရင်ခွင်ထဲရှိ နှင်းလုံးလေးကလည်း မျက်လုံးဝိုင်းကြီးများဖြင့် သူ့ကို စိုက်ကြည့်ကာ လျှာထုတ်ပြနေသည်။

[သူက ဘာလို့ သူ့ကြင်ယာတော်အချစ်လေးနဲ့ အတူမရှိတာလဲ၊ ဒီမှာ ဘာလာလုပ်တာလဲ]

[ဒီခွေးကောင်က ကိုယ့်အသိုက်နားက မြက်နုလေးကို စားချင်နေတာပေါ့လေ၊ ဟွန့်... အိပ်မက်သာ မက်နေလိုက်!]

သူမသည် ကိုယ့်နေရာကိုယ်မသိပုံရသည်။ ယင်းကျန်းက ဆုပ်ကိုင်ထားမှုကို ပိုတင်းကျပ်လိုက်ရာ ကမ်းချန်ချန်၏ မေးစေ့မှာ စူးအောင့်နာကျင်သွားသည်။ သူမ အမြန်ပင် အသနားခံလိုက်သည်။

"အရှင့်သား..."

ယွင်ကျွမ်းသည် နှင်းလုံးလေးကို ကမ်းချန်ချန်၏ ရင်ခွင်ထဲမှ ဂရုတစိုက် ယူလိုက်ပြီး အပြင်မထွက်မီ တံခါးခန်းဆီးကို ဆွဲချပေးခဲ့သည်။ ယင်ကျန်းသည် ကိုင်ထားမှုကို လွှတ်ပေးလိုက်ပြီး သူမမေးစေ့ပေါ်ရှိ အနီရောင် လက်ရာကို သတိပြုမိသွားသည်။

သူမ အသားအရေက တကယ်ပဲ ဒီလောက်တောင် နူးညံ့တာလား ?

သို့သော်လည်း သူ မသနားမိသလို အပြစ်ရှိသလိုလည်း မခံစားရပေ။ ဤသည်မှာ သူမ ကိုယ်တိုင်ရှာထားသော ပြဿနာသာ။

ယင်းကျန်း "ကမ်းချန်ချန်... မျက်နှာနှစ်ဖက်ရှိပြီး ဟန်ဆောင်ကောင်းတဲ့ လူတွေကို ငါ အမုန်းဆုံးပဲဆိုတာမှတ်ထား၊ သူ တစ်ပါးအပေါ် ဘယ်တော့မှ မကောင်းတာလုပ်ချင်တဲ့ စိတ်မမွေးနဲ့"

[သူတစ်ပါးအပေါ် မကောင်းတာလုပ်ချင်တဲ့စိတ် မမွေးနဲ့ဆိုတာကြီးက မူရင်းစာသားနဲ့ နည်းနည်းလွဲနေသလိုပဲ]

[ငါ့စိတ်ထဲကနေ သူ့ကို ကျိန်ဆဲမိတော့ ဘာဖြစ်လဲ၊ ငါ့အတွက် နာတာမှ မဟုတ်တာ]

[ငါ သူ့ကို စိတ်ထဲကနေ အမြဲကျိန်ဆဲနေတာ သူ ဘယ်လိုလုပ် သိနိုင်မှာလ၊ မဖြစ်နိုင်ဘူး... သူဒီအတိုင်းပြောတာပဲ ဖြစ်ရမယ်]

ယင်ကျန်းသည် စိတ်အနှောင့်အယှက်ဖြစ်စွာ လှောင်ရယ် ရယ်လိုက်ပြီး အပူပေး အုတ်ကုတင်ဆီသို့ လျှောက်သွားကာ မတ်မတ်ရပ်လျက် ပြောလိုက်သည်။

"အဝတ်တွေ ချွတ်လိုက်စမ်း"

ကမ်းချန်ချန် မကြားဟန်ဆောင်လိုက်သည်။

"ရှင်?"

ယင်ကျန်း အသံက သိသိသာသာ ဩရှလာသည်။

"ငါ့အဝတ်တွေ ချွတ်ပေးစမ်း"

ကမ်းချန်ချန်သည် တွန့်ဆုတ်စွာဖြင့် ရှေ့သို့တိုးသွားပြီး ခြေဖျားထောက်ကာ သူ့ခြုံထည်ကို ချွတ်၍ စားပွဲပေါ် တင်လိုက်သည်။ ထို့နောက် သူ့ကြယ်သီးများကို ဖြည်းညှင်းစွာ ဖြုတ်ပေးလေသည်။

[ခြုံထည်ကို ချွတ်ပေးဖို့ နည်းနည်းတာမစောင်းပါလား၊ သူ ယဉ်ကျေးမှုဆိုတာ ဘာလဲ မသိဘူးလား]

[သူ့မျက်နှာက အမြဲတမ်းအေးစက်နေတာပဲ၊ လူတိုင်းက သူ့ကိုမျက်နှာသေဘုရင်လို့ ခေါ်တာ အံ့ဩစရာ မရှိပါဘူး]

[သူ စိတ်မရှည်ဖြစ်လာမလား သိရအောင် အချိန်ဆွဲကြည့်ဦးမယ်]

ယင်ကျန်းသည် သူမကို အေးအေးဆေးဆေးပင် ကြည့်နေကာ သူ့ ပါးလွှာသော နှုတ်ခမ်းများမှ ရက်စက်သော စကားလုံးများကို ထပ်ထွက်လာသည်။

"ငါ့အချိန်တွေကို ထပ်ဖြုန်းနေမယ်ဆိုရင် အပြင်ထွက်ပြီး ကြိမ်ဒဏ် အချက်နှစ်ဆယ် သွားခံလိုက်"

[ဟမ် ? အူးဝါး.. သူက အရမ်းရက်စက်တာပဲ]

ကမ်းချန်ချန်၏ လှုပ်ရှားမှုများ အတော်လေး မြန်ဆန်သွားသည်။ ထိုအမျိုးသား၏အပြင်ဝတ်ရုံအား ဆွဲချွတ်ပြီး ဝါဂွမ်းအင်္ကျီမှ ကြယ်သီးအနည်းငယ်ကို ဖြုတ်ပေးပြီးနောက် သူမမျက်လုံးများ အရောင်လက်သွားသည်။

[ဪ.. သူက ဒီလောက်တောင် သန်မာတာကိုး၊ အဝတ် အစားနဲ့ဆို ပိန်သွယ်သွယ်နဲ့ပေမယ့် အထဲမှာတော့ ကြွက်သားတွေနဲ့ပါလား]

[ဒါဆို မေးစရာရှိတာက သူ မပိန်ဘူးဆိုရင် သူ့ရဲ့ အားက စားစွမ်းရည်က ဘာလို့ အဲဒီလောက်ညံ့နေရတာလဲ၊ သူက စစ်ရေးစွမ်းရည် မကောင်းရုံတင်မကဘူး၊ မြင်းစီး မြားပစ်တောင် မလုပ်တတ်ဖူးဘူးဆိုပဲ]

ထိုအခိုက်အတန့်တွင် ယင်ကျန်း နားထဲ၌ သူက အသုံးမကျဘူး၊ သူက အသုံးမကျဘူး ဟူသော စကားသံများသာ ပဲ့တင်ထပ်နေတော့သည်။

သူ့ မျက်နှာအမူအရာက ချက်ချင်းဆိုသလို ရေခဲတမျှ အေးစက်သွားသည်။ သူသည် မျက်စိတစ်မှိတ်အတွင်းပင် ရှေ့သို့ တိုးဝင်လာကာ သူမ ခါးစည်းကြိုးကို လက်တစ်ဖက်ဖြင့် ဖမ်းကိုင်ပြီး အပူပေးအုတ်ကုတင်ပေါ်သို့ ကြမ်းရမ်းစွာပစ်ချလိုက်လေသည်။

သူသည် သူမနား တိုးကပ်သွားပြီး သူမ ခြေထောက်များကို သူ့ဒူးဖြင့် ခိုင်မြဲစွာ ဖိထားလိုက်သည်။

"မင်းသား... ဘာလုပ်နေတာလဲ၊ ကျွန်တော်မျိုးမတို့ စကားကောင်းကောင်း ပြောနေကြတာ မဟုတ်ဘူးလား"

ကမ်းချန်ချန်သည် အပူပေးအုတ်ကုတင်ပေါ်တွင် လဲလျောင်း နေလျက် သူမ ခန္ဓာကိုယ် ချုပ်နှောင်ခံထားရသည်ကို ခံစားမိပြီး တစ်ခုခုမှားနေပြီဟုသိလိုက်သည်။ သူမသည် ကာကွယ်ရန်ကြိုးစားသော်လည်း သူ၏သံမဏိသဖွယ် သန်မာလှသော လက်များမှ မလွတ်မြောက်နိုင်ခဲ့ပေ။

"ဖြန်း"

[သူ ငါ့ကို ရိုက်ရဲတယ်ပေါ့]

သူမသည် အရှက်ရခြင်းနှင့်အတူ ဒေါသထွက်ခြင်းများရော ထွေးခံစားလိုက်ရကာ ငါးတစ်ကောင်ပမာ ရုန်းကန်ရင်း သူ့အား အကြိမ်ကြိမ် ကန်ကျောက်လေသည်။ သူမက အရွယ် ရောက်ပြီးတဲ့ မိန်းမတစ်ယောက်ပေမယ့် အခုလိုမျိုး ကလေးတစ်ယောက်လို အရိုက်ခံနေရတာက သည်းမခံနိုင်စရာပဲမလား။

"မင်းသား... ကျေးဇူးပြုပြီး အဲ့လိုမလုပ်ပါနဲ့"

"လွှတ်ပေးပါ"

[ယင်ကျန်း!]

[လူယုတ်မာ!]

"အူဝါး..."

အပြာရောင် အုတ်ချပ်များနှင့် အဖြူရောင် နံရံပြင်ထက်၌ ယင်ကျန်းနှင့် ကမ်းချန်ချန်တို့ ရုန်းကန်နေကြသော အရိပ်မည်းကြီးများက လှုပ်ရှားထင်ဟပ်နေသည်။ သူသည် သားကောင်ကို ငမ်းငမ်းတက်လိုချင်နေသည့် သန်မာကြမ်း ကြုတ်သော ကျားရိုင်းတစ်ကောင်ပမာ သူမကို ဖိညှစ်ချုပ်နှောင်ထားသည်။

အဆုံးတွင် သူမသည် အော်ငိုကာလဲလျောင်းနေရုံမှလွဲ၍ အခြားဘာမျှမတတ်နိုင်တော့ပေ။ ယင်ကျန်း မရပ်တန့်မီအထိ သူမ ဘယ်နှစ်ချက် အရိုက်ခံလိုက်ရသနည်းသာ ရေတွက်နေမိသည်။

[ရှင် တစ်နေ့ ဝဋ်လည်လိမ့်မယ်]

[ငါလေးက ကလဲ့စားချေတတ်တဲ့ လူမျိုးပဲ၊ စောင့်သာကြည့်နေလိုက်၊ ငါ ပြန်လက်စားချေပြမယ်၊ အဲ့ကျ ရှင့်ကို အချက် ၁၀၀ လောက် ပြန်ရိုက်မယ်]

သူသည် လက်ကိုဆန့်ထုတ်ကာ သူမ နားရွက်နောက်တွင်ကျနေသော ဆံစအချို့ကိုညင်သာစွာ သပ်တင်ပေးလိုက်ပြီး သူမ၏ နီရဲနေသော မျက်ဝန်းများကို စိုက်ကြည့်ကာ မေးလိုက်သည်။

"မင်း ငါ့ကို မုန်းလား၊ အခု မင်းစိတ်ထဲမှာ ငါ့ကို ကျိန်ဆဲနေတာလား"

"...ကျွန်တော်မျိုးမ... မဝံ့ရဲပါဘူးရှင်"

သူမသည် နာကျင်မှုထက် အရှက်ရမှုကြောင့် ငိုရှိုက်နေမိ သည်။ ခေတ်သစ်ကမ္ဘာတွင် သူမသည် အသက်နှစ်ဆယ်ကျော်နေပြီဖြစ်သော်လည်း ယခုတော့...

သူမ၏ နက်မှောင်သော ဆံကေသာများသည် နူးညံ့သော လည်တိုင်တစ်လျှောက် ဖြာကျနေပြီး တစ်ခါတစ်ရံတွင် ဖြူဝင်းသော အသားအရေကို ဖော်ပြနေကာ မှိန်ပျပျဖယောင်း တိုင်အလင်းရောင်အောက်တွင် မှုန်ဝါးဝါးနှင့် ကြေကွဲဖွယ် အလှတရားအား ပေါင်းစပ်ထားသလိုထင်ရသည်။

သူမ၏ သေးငယ်ပြီး လုံးဝန်းသော နားရွက်လေးများ တုန်ရီနေမှုက သူ့ကျောရိုးတစ်လျှောက်ကိုပင် စိမ့်တက်သွားစေ သည်။

သူသည် သူမပါးပြင်ကို လက်ချောင်းလေးများဖြင့် ညှစ်ကာ နောက်ပြောင်သည့်ဟန်ဖြင့် ပြောလိုက်သည်။

"ဘာကို ကြောက်နေတာလဲ၊ ငါထင်တာ မင်း တကယ်ရဲတင်းလွန်းတယ်လို့လေ မဟုတ်ဘူးလား"

ကမ်းချန်ချန် မျှော်လင့်ချက်များ မဲ့သွားသလို ခံစားလိုက်ရသည်။

[ကျက်သရေတုံးကောင်၊ ငါ့ကို ခုနလေးတင် ရိုက်ထားတဲ့ လက်နဲ့ ငါ့ပါးကို လာမညှစ်နဲ့]

[ဒီဘဝက ပျော်စရာရောကောင်းသေးရဲ့လား၊ ငါက ဖုန်မှုန့်လောက်အထိ နှိမ့်ချနေတာတောင် အဲ့ယောက်ျားက ပြဿနာ လာရှာချင်သေးတယ်၊ မဟုတ်မှ သူ့ကြင်ယာတော်ကို စော်ကားလို့ ငါ့ကို အပြစ်တင်နေတာလား]

🌻 Chapter 22

သူမသည် စောင်ပုံအောက်တွင် ပုန်းနေပြီး ယင်ကျန်းနှင့် စကားဆက်မပြောတော့ပေ။

ယင်ကျန်းသည် ဤအခြေအနေကို စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် စောင်ကို ဆွဲဖယ်လိုက်ပြီး

"မင်း အိပ်ရင် အဝတ်အစား မချွတ်ဘူးလား"

ကမ်းချန်ချန်က သက်ပြင်းချကာ "အေးလို့ပါ၊ ကျွန်တော်မျိုးမက အဝတ်ကို အထပ်ထပ် ဝတ်ရတာ ကြိုက်လို့ပါ"

[ဘာလို့ အများကြီး ဝတ်ရတာလဲဆိုရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပေါ့ဟေ့၊ ဆယ့်ငါးနှစ်အရွယ် မိန်းကလေးတစ်ယောက်ကို ဘယ်သာမန်လူကများ အကြမ်းဖက်ရက်မှာလဲ]

[သူက မိန်းကလေးတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့တဲ့ ခန္ဓာကိုယ်လေးကို အတင်းအဓမ္မစော်ကားဖို့ ရည်ရွယ်နေတာလေ]

ယင်ကျန်းသည် ဒေါသထွက်ရမလို ရယ်ရမလို ဖြစ်သွားကာ "ဒါဆိုလည်း မနက်ဖြန် စောင်ထူထူတစ်ထည် ယူခိုင်းလိုက်မယ်"

ကန်းချန်ချန်သည် သူမ၏ ပါးပြင်ကို မကျေမနပ် ဖောင်းလျက် "ကောင်းပါပြီ"

[ဟွန်း... တခြားလူတွေကျတော့ လက်ဝတ်ရတနာတွေ၊ ရှေးဟောင်းပစ္စည်းတွေ ရကြပြီးတော့၊ ငါ့ကျမှ စောင်တစ်ထည်တည်းလား၊ မတရားလိုက်တာ]

ယင်ကျန်း "မင်း ရောင့်ရဲတင်းတိမ်တတ်ဖို့လည်း နားလည်သင့်တယ်"

ကမ်းချန်ချန်: [ထွီ! ငါလေးကို လာမလှည့်စားနဲ့]

ယင်းကျန်း၏နွေးထွေးသော လက်ချောင်းများက သူမ လည်တိုင်တစ်လျှောက်၌ ပြန်လည် ပွတ်သပ်လာပြန်သည်။

"အခု ချွတ်လို့ရပြီလား ဒါမှမဟုတ် ကိုယ်တော် ကိုယ်တိုင် ချွတ်ပေးရမလား"

"အရှင်မင်းသား ဒုက္ခခံစရာ မလိုပါဘူးရှင်"

ကမ်းချန်ချန်သည် အစပိုင်းတွင် ဖြည်းညှင်းစွာ အဝတ်အစား ချွတ်နေသော်လည်း သူလက်ကို ထပ်မံမြှောက်လိုက်သည်နှင့် သူမ လှုပ်ရှားမှုများ ချက်ချင်းမြန်ဆန်သွားတော့ သည်။

သူမ အဝတ်အစား ချွတ်ပြီးနောက် ငါးရှဉ့်တစ်ကောင်ပမာ စောင်ထဲသို့ အလျင်အမြန် တိုးဝင်သွားကာ ထိတ်လန့်နေသော ယုန်ငယ်လေးကဲ့သို့ နီရဲနေသော မျက်လုံးများဖြင့် သူ့ကို တုန်ရီစွာ မော့ကြည့်နေလေသည်။ တကယ့်ကို သနားစရာလေးပင်။

ယင်းကျန်းသည် သူမ၏သန့်ရှင်းသော အပြာရောင် အတွင်းဝတ်စုံကို သပ်ရပ်အောင် ပြင်ပေးလိုက်ပြီး "အိပ်တော့၊ ဒီည မင်းကို မထိဘူး"

ထိုအခါမှသာ ကမ်းချန်ချန်သည် စိတ်အေးလက်အေးဖြင့် ခေါင်းအုံးပေါ် ခေါင်းချကာမျက်လုံးမှိတ်ပြီး အိပ်ပျော်သွားဟန်ဆောင်နေလိုက်သည်။

ယင်ကျန်းလက်သည် သူမ၏ နူးညံ့သော လည်တိုင်ကို ပွတ်သပ်နေဆဲဖြစ်သော်လည်း အဆုံးတွင် လက်လွှတ်ပေးလိုက်ပြီး သူမကို အသက်ရှူချောင်အောင် လွှတ်ပေးလိုက်သည်။ သူသည် နန်းတက်ခြင်း သို့မဟုတ် ဘုရင်စနစ်ဟူသော စကားလုံးများ သူမဆီမှ ထပ်မံထွက်ပေါ်လာမလားကို စောင့်ကြည့်လိုသေးသည်။ သူမကို အနားတွင်ထားရှိပါက အနာဂတ်အတွက်လည်း ကြိုတင်ပြင်ဆင်နိုင်ပြီး အချက်အ လက်များကိုပါ စုဆောင်းနိုင်မည် မဟုတ်ပါလား။

ဤအချိန်တွင် ကမ်းချန်ချန်မှာ အမှန်ပင် အိပ်မပျော်နိုင်သေးပေ။ သူမသည် ခေတ်သစ်ကမ္ဘာတွင် ည ၁၁ နာရီလောက်မှ အိပ်လေ့ရှိသူအဖို့ ည ၈ နာရီမထိုးခင် အိပ်ရာဝင်ရသည်မှာ အတော်ခက်လှသည်။

ယင်ကျန်း အသက်ရှူသံများပုံမှန်ဖြစ်ကာ ငြိမ်သက်သွားပြီးနောက် သူမသည် မျက်လုံးများကို တိတ်တဆိတ်ဖွင့်ပြီး ခေါင်းအနည်းငယ်ထောင်၍ သူ့ အိပ်မောကျနေသော မျက်နှာကို ငေးကြည့်နေမိသည်။

[အရင်က သူ့မျက်နှာကို တည့်တည့် မကြည့်ရဲခဲ့ဘူး၊ အခုမှ သေချာကြည့်မိတော့မှ သူ့မျက်တောင်လေးတွေက စုတ်တံလေးတွေလို ရှည်လျားပြီး နှာတံကလည်း စင်းတာပဲ၊ သူက ခေတ်သစ်က နာမည်ကြီး မင်းသားတွေထက်တောင် ပိုချောနေပါလား]

[နှမြောစရာကြီးပဲ]

အိပ်မောကျနေသော ယင်ကျန်းသည် သူမ ဘာကိုနှမြောတသဖြစ်နေမှန်း မသိသလို၊ နာမည်ကြီး မင်းသားဆိုသည်မှာ မည်သူမှန်းလည်း မသိရှာပေ။

တံခါးအပြင်ဘက်ရှိ ကျန်းတာ့နျန် တစ်ယောက်မှာ ဇဝေဇဝါ ဖြစ်နေလေသည်။ အစောက ရုန်းရင်းဆန်ခတ်အသံများမှာ အတော်လေး ကျယ်လောင်ခဲ့သည်။ သူတို့ ချစ်တင်းနှောနေကြသည်မှာ သိသာလှသည်။ ဒါပေမယ့် မင်းသားက ဘာလို့ ခေါင်းလောင်း မတီးသေးတာလဲ ?

မင်းသာက စကားပြောမလာသောကြောင့် သူလည်း တံခါးမခေါက်ရဲပေ။ ရေနွေးများပင် အေးစက်ကုန်သည်။

စည်းကမ်းအရ အချိန်မှတ်ရန် ရေနာရီတစ်ခု ရှိသော်လည်း အမွှေးတိုင်တစ်တိုင် ကုန်ဆုံးသွားချိန်တွင် တံခါးခေါက်၍ သတိပေးရမည်ဖြစ်သည်။ မင်းသားသည် အခြားကိစ္စများတွင် စည်းကမ်းကြီးသော်လည်း ဤကိစ္စရပ်တွင်မူ သူ့စိတ်ဆန္ဒအတိုင်းသာ ပြုမူလေ့ရှိသည်။

တစ်ခါတစ်ရံ ကိုယ်လုပ်တော်များနှင့်အတူ ရှိနေချိန်၌ ခေါင်းလောင်းမတီးမီ တစ်နာရီခန့်ပင် ကြာတတ်လေသည်။

သို့သော် သူသည် ငယ်စဉ်ကတည်းက စနစ်တကျ သင်ကြားခံထားရသူဖြစ်ရာ သူ့ခန္ဓာကိုယ်ကို မထိခိုက်စေရန် မည်သို့ ပြုမူရမည်ကို ကောင်းစွာ သိသည်။ ထို့ကြောင့် အချိန်အနည်းငယ် ကြာသွားလျှင်ပင် စိုးရိမ်စရာမရှိပေ။

ခဏအကြာတွင် အခန်းတွင်းမှ မီးများ ငြိမ်းသွားပြီး မည်သည့်အသံမျှ မကြားရတော့ပေ။

ကျန်းတာ့နျန်သည် တံခါးကို တိတ်တဆိတ်ဖွင့်ကာ ချောင်း ကြည့်လိုက်သည်။ သူ့ ခြေသံမှာ မကြားရလောက်အောင် ပေါ့ပါးလွန်းလှသည်။

ယွင်ရှူသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်စောင့်ဆိုင်းရင်း တိတ်တဆိတ် သမ်းဝေနေခိုက် သူမဘေးသို့ရောက်လာသော ကျန်းတာ့နျန်ကို မြင်လိုက်ရချိန် လန့်ဖြန့်သွားသည်။

ကျန်းတာ့နျန်သည် အခန်းတွင်းသို့ လက်ညှိုးထိုးပြကာ ပဟေဠိဆန်စွာ မေးငေါ့ပြလိုက်သည်။ ယွင်ရှူ အသံမထွက်ဘဲ ပါးစပ်လှုပ်ရုံဖြင့် ပြန်ဖြေသည်။

"အိပ်သွားကြပြီ"

ထိုအခါမှသာ ကျန်းတာ့နျန် စိတ်သက်သာရာရသွားပြီး အပြင်ဘက်ရှိ အစေခံများကို ရေနွေးထပ်မပြင်ဆင်ရန် အလျင်အမြန် သွားပြောလိုက်သည်။

နောက်တစ်နေ့ နံနက် ၃ နာရီတိတိတွင် ယင်ကျန်းသည် အကျင့်ပါသည့်အတိုင်း နိုးလာသည်။

ယခင်က သူ အခြားနေရာများတွင် အိပ်စက်သည့်အခါ သူနိုးလာသည်နှင့် တစ်ပြိုင်နက် သူ့ ဘေးနားရှိ အမျိုးသမီးက ချက်ချင်းထကာ အဝတ်အစားလဲရန် ကူညီပေးမြဲဖြစ်သည်။

သို့သော် ယခုမူ လက်ဖက်ရည်တစ်ခွက်ကြိုချိန်ကြာသည်အထိ သူ သူမကို စိုက်ကြည့်နေသော်လည်း ထိုမိန်းမငယ်မှာ ဝက်သေတစ်ကောင်ပမာ အိပ်မောကျနေဆဲပင်။

ထို့ပြင် သူမ၏လက်နှစ်ဖက်က သူ့ခါးနှင့် ဝမ်းဗိုက်ကို တင်းကြပ်စွာ ဖက်တွယ်ထားသေးသည်။

မနေ့ညက သူ့ကို အထိမခံဘဲရှောင်ဖယ်နေခဲ့တာ မဟုတ်ဘူးလား၊ အခုကျတော့ ဘာလို့ တွယ်ကပ်ပြီးအိပ်နေရတာလဲ...

ယင်ကျန်း သူမကို ခေါ်လိုက်သည်။

"ကမ်းချန်ချန်"

ကမ်းချန်ချန်သည် သူ့လက်ကို ပုတ်ထုတ်လိုက်ပြီး တစ်ဖက်သို့ လှည့်သွားသည်။

ယင်ကျန်း: "..."

"ကမ်းချန်ချန်... ထတော့"

သူသည် သည်းမခံနိုင်တော့ဘဲ သူမ နားရွက်ကို လက်ညှိုး၊ လက်မတို့ဖြင့် ညှစ်ဆွဲလိုက်ပြီး ပါးကိုပါ ပွတ်ဆွဲလိုက်သည်။ ဟမ့်... အသားအရေကတော့ တော်တော်လေး ကောင်းတာပဲ...

ကမ်းချန်ချန်မှာ လုံးဝ မလှုပ်ပေ။ မနက် ၃ နာရီကြီးကို ဘယ်သူက ထမှာလဲ ?

ယင်းကျန်းသည် ဘေးရှိ အေးစက်နေသော ဗုဒ္ဓပုတီးကုံးကို ယူကာ သူမပါးပြင်ပေါ်သို့ ဖိကပ်လိုက်သည်။

"အမလေး... အေးလိုက်တာ၊ ဖယ်! ဖယ်စမ်း!"

[ငါ့မျက်နှာပေါ် ရေခဲလာတင်ရအောင် ဘယ်သူက ဒီလောက်တောင် ယုတ်မာရတာလဲ]

ကမ်းချန်ချန်သည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး ယင်ကျန်းကို ကြည့်ကာ ဇဝေဇဝါ ဖြစ်နေဆဲပင်။ သူမ သတိမဝင်လာမီ အသက်ရှူပင်မှားသွားသည်။

[ရှင်ကိုး၊ မနက်အစောကြီး ဘာတွေ ထရှုပ်နေတာလဲ၊ ငါလေးက ရှင့်ကို ပိုက်ဆံပေးပြီး ငှားထားတာမလို့လား]

ယင်ကျန်းသည် သူ့ကြီးမားသော လက်ဝါးကြီးဖြင့် သူမဆံနွယ်များကို ဆုပ်ကိုင်ပြီး ချောမွေ့နက်မှောင်သော ဆံစများကိုပွတ်သပ်လိုက်ကာ နှာခေါင်းထိပ်လေးကို လက်ချောင်းဖြင့် ညင်သာစွာ ပုတ်လိုက်သည်။

"ထတော့... ကိုယ်တော့်ကို အဝတ်အစားဝတ်ပေး"

[အယ် ဟုတ်သား ငါ့ရဲ့ လက်ရှိအလုပ်ကို မေ့သွားလို့]

ကမ်းချန်ချန်သည် တာဝန်ကျေစွာထလိုက်ပြီး ယင်ကျန်းအား အဝတ်အစားများ ကူဝတ်ပေးလေသည်။ ကျန်းတာ့နျန်နှင့် အခြားသူများသည် ဦးထုပ်၊ အင်္ကျီနှင့် အခြားအသုံးအ ဆောင်များကို ယူဆောင်လာကြသည်။

သူမသည် အမွေးများကို နှစ်သက်သူဖြစ်ရာ ယင်ကျန်းသည် အနက်ရောင်မြွေမြီးတို သားမွေးအင်္ကျီကို ဝတ်ဆင်ပြီးနောက် သူမက မသိမသာဖြင့် အကြိမ်အနည်းငယ် ပွတ်သပ်ကြည့်မိလေသည်။

[အိမ်နားကဥယျာဉ်ထဲက ဂေါ်ရီလာကြီးကျနေတာပဲ... ဟီးဟီး~]

ယင်ကျန်း သူမ လက်ကို ဖမ်းဆွဲလိုက်ပြီး "မင်းလည်း အဝတ်အစား လဲလိုက်တော့"

ဖူကျင်းထံသို့ ဂါရဝပြုရန် သွားရမည့်အချိန်မှာ တစ်နာရီကျော်ပင်လိုသေးသည်။ ထို့ကြောင့် ကမ်းချန်ချန်က သူ့ကို အဝတ်ဝတ်ပေးပြီးပါက အနည်းငယ်ထပ်အိပ်ရန် စီစဉ်ထားခဲ့သည်။ ထို့ကြောင့် သူမက မျက်မှောင်ကြုတ်ကာ "ဘာလုပ်ဖို့လဲ"

ယင်ကျန်း စိပ်ပုတီးကို လက်ကောက်ဝတ်တွင် စွပ်ရင်း အလေးအနက် ပြောလိုက်သည်။

"မင်းက အရမ်းအားနည်းလွန်းတယ်၊ ဒီမနက် ကိုယ်တော်နဲ့အတူ လေးပစ် လေ့ကျင့်ရမယ်"

ကမ်းချန်ချန်: "...အဲဒါ အဆင်မပြေလောက်ဘူး ထင်တယ်၊ ကျွန်တော်မျိုးမက အရှင်မင်းသားကို အနှောင့်အယှက် ဖြစ်စေမှာ စိုးလို့ပါ"

[ဟွန်း... ရှင်ပဲ အားနည်းနေတာလေ]

ယင်ကျန်း သူမ၏ မေးစေ့ကို ဖွဖွလေး ပင့်တင်ကာ "အပိုတွေ ပြောမနေနဲ့တော့၊ အမွှေးတိုင် တစ်တိုင်စာ အချိန်ပေးမယ်၊ မြန်မြန်ပြင်ဆင်"

ကမ်းချန်ချန်သည် လေးပစ်လေ့ကျင့်ရာကွင်းသို့ အချိန်မီ ရောက်လာခဲ့သည်။

မီးခိုးရောင်သန်းနေသော ကောင်းကင်အောက်တွင် ရာသီဥတုကအေးစက်နေသော်လည်း လေထုကမူ အလွန်လတ်ဆတ်လျက်ရှိ၏။

ယင်ကျန်းသည် အပြာရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အပြင်ဘက်မှ သားမွေးအင်္ကျီကို ချွတ်ထားလိုက်သည်။

သူသည် မတ်မတ်ရပ်ကာ လေးကိုခေါင်းပေါ်အထိ မြှောက်တင်လိုက်ပြီး ဖြည်းညှင်းစွာပြန်ချကာ မြှား၏ ဦးတည်ရာကို ချိန်ရွယ်လိုက်သည်။

သူ့ ခန့်ညားသော ဟန်ပန်၊ ကျွမ်းကျင်ပိုင်နိုင်သော လေးဆွဲတင်ခြင်းနှင့် မြှားချိန်ရွယ်သည့် လှုပ်ရှားမှုများက ကမ်းချန်ချန်၏အမြင်အာရုံကို ညှို့ငင်ဖမ်းစားသွားလေသည်။ သို့သော်လည်း သူမသည် စိတ်ထဲ၌မူ မကျေနပ်သေးပေ။

[သူ တကယ်ရော ပစ်မှတ်ကို ထိနိုင်ပါ့မလား၊ သူ့ရဲ့ စွမ်းရည်တွေက အကြမ်းဖျင်းလောက်ပဲ ရှိတယ်လို့ လူတိုင်းပြောကြတာ ငါ မှတ်မိပါသေးတယ်]

ယင်ကျန်းသည် မျက်လုံးများကို မှိတ်ကာ ပစ်မှတ်ကို မကြည့်ဘဲ မြှားကိုပစ်လွှတ်လိုက်သည်။

[ဟား... ငါပြောသားပဲ၊ တကယ့်ကို ရှက်စရာကြီးလို့၊ ငါ မမြင်ချင်ယောင် ဆောင်ပေးရမလား၊ ဒါမှမဟုတ် ဘာမှမသိသလို ဟန်ဆောင်ပြီး သူ့ကိုပဲ ချီးကျူးပေးရမလား]

ကျန်းတာ့နျန်ကမူ ယင်ကျန်းကို အံ့သြမှင်သက်စွာ ငေးကြည့်နေလေသည်။

All Chapters