အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
🌻 Chapter 23
ယင်ကျန်းသည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် လေးကို ကန်းချန်ချန်ထံ ကမ်းပေးလိုက်ပြီး "မင်း လုပ်ကြည့်"
သူမ ပါးစပ်ဟလိုက်သည်နှင့် လေအေးကြောင့် အဖြူရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး သူတို့နှစ်ဦးကြား ဝေ့ဝဲသွားသည်။ ကမ်းချန်ချန် အလန့်တကြားဖြစ်သွားပြီး သူ၏နွေးထွေးသော လက်ကိုဆုပ်ကိုင်ကာ "အရှင်မင်းသား... ကျွန်တော်မျိုးမ ဘယ်လိုလုပ်ရမလဲ မသိဘူး"
ထိုသို့ပြောပြီးနောက် သူမ ပါးစပ်ကို အမြန်ပိတ်လိုက်သည်။
[အမလေး... ငါ့သွားတွေတောင် ကျိန်းသွားတာပဲ]
ယင်းကျန်းက လေးကို ဖယ်လိုက်ပြီး သူမကို တစ်ချက်စိုက်ကြည့်ကာ "မင်း အရမ်းတော်မယ်လို့ ကိုယ်တော် ထင်တာ"
[ဒါက... မျက်နှာပျက်သွားလို့ အရှက်သည်းပြီး ဒေါသထွက်နေတာလား၊ သူ မလုပ်တတ်ဘူးလို့ပြောနေတာကို ငါ့ရှေ့မှာ လာပြီး အစွမ်းပြချင်နေတာလား]
[ငါလေးနဲ့ ဘာများ ပြိုင်ချင်နေတာလဲ၊ ကျွန်နနဲ့ ပြိုင်တာက ရှင့်ရဲ့ ယုံကြည်မှုကို တိုးစေမှာမို့လို့လား၊ ရှင် ကျွန်မကိုတောင် မနိုင်ရင် တော်တော်လေး အရှက်ကွဲသွားလိမ့်မယ်]
ကမ်းချန်ချန် တစ်ယောက် အတွေးလွန်နေခိုက် ယင်ကျန်းက လေးကို ဒုတိယအကြိမ် ထပ်မံဆွဲတင်လိုက်ပြီး မြှားကို ပစ်လွှတ်လိုက်ရာ ပစ်မှတ်ဗဟိုတည့်တည့်သို့ စိုက်ဝင်သွားတော့သည်။ ထိုအခါမှသာ သူမ အသိဝင်လာသည်။
ယင်ကျန်း သူမကို အောင်နိုင်သူတစ်ယောက်ပမာ စိုက်ကြည့်လိုက်သည်။
[အိုး... မျက်ကန်းကြောင်က ကြွက်သေတစ်ကောင်ကို သွားတိုက်မိတာနေမှာပါ၊ ဒီလို တိုက်ဆိုင်မှုမျိုးက တစ်သက်မှာ တစ်ခါလောက်ပဲ ဖြစ်ဖူးတာ ဖြစ်နိုင်တယ်]
ကမ်းချန်ချန်သည် သူ့ ဟန်ရေးပြမှုကို သည်းမခံနိုင်တော့ဘဲ လက်ခုပ်တီးကာ မြောက်ပင့်လိုက်သည်။
"အရှင်မင်းသားက အရမ်းအံ့သြဖို့ကောင်းတာပဲ၊ ပစ်မှတ်ကို အဝေးကြီးကနေထိအောင် ပစ်နိုင်တယ်၊ ဟိုယီထက်တောင် ပိုတော်သတယ်၊ လီကွမ်ထက်တောင် သာပါတယ်"
ယင်ကျန်းက သူမ၏ မြှောက်ပင့်မှုကို ကျေနပ်ပုံမရပဲ သူမကိုသာ အေးစက်စွာ စိုက်ကြည့်ပြီး ရုတ်တရက်ပြောလိုက်သည်။
"မင်းက ကိုယ်တော့်ကို ဟိုယီ၊ လီကွမ်တို့နဲ့ နှိုင်းယှဉ်နေမှတော့ မင်း ဟိုဘက်မှာ သွားရပ်ပြီး ကိုယ်တော့်ရဲ့ ပစ်မှတ် လုပ်ပေးရင်ရော?"
ကမ်းချန်ချန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး "ရှင် ဘာပြောလိုက်တာလဲ"
ယင်းကျန်းသည် သူမကိုကြည့်ပြီး ရယ်ချင်နေသော်လည်း နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်နှာကို တည်ထားလိုက်သည်။
"ကိုယ်တော် ပြောတာ မကြားဘူးလား ဒါမှမဟုတ် ကိုယ်တော့်ကို မယုံတာလား"
[သေပါပြီ၊ သူ ငါ့ကို သတ်ဖို့ ကြိုးစားနေတာလား၊ သူ့ရဲ့ မြားပစ်စွမ်းရည်က ဘယ်လောက် ဆိုးလဲဆိုတာ လူတိုင်းသိတယ်၊ သူသာ ငါ့ကို ပစ်သတ်လိုက်ရင် ဘယ်လိုလုပ်မလဲ]
[လူတိုင်းက တစ်နေ့တော့ သေရမှာပါပဲ၊ ထိုက်တောင်ထက် ပိုလေးမြတ်တဲ့ သေခြင်းမျိုးနဲ့ မသေနိုင်ရင်တောင် ကြက်မွေးလေးလို ပေါ့တန်တဲ့ သေခြင်းမျိုးနဲ့တော့ မသေချင်ပါဘူး၊ အား... တစ်ယောက်ယောက် ငါ့ကို ကယ်ပါဦး]
ယင်ကျန်းက သူမကို စိုက်ကြည့်နေပြီး သူ့အသံက ပို၍အေးစက်လာသည်။
"ဘာအခက်အခဲ ရှိလို့လဲ"
ကျန်းတာ့နျန်က သူမအနားသို့ အလျင်အမြန် ကပ်လာပြီး
"ကမ်းကော်ကော်... မြန်မြန်သွားလိုက်ပါ, စိတ်မပူပါနဲ့... မင်းသားရဲ့ မြားပစ်စွမ်းရည်က အရမ်း ကောင်းပါတယ်"
[ရှင်ပါ ကျွန်မကို လိမ်နေတယ်ပေါ့၊ အပြင်ပန်းကြည့်တော့ ကြင်နာပြီး နူးညံ့သလိုလိုနဲ့ တကယ်တော့ ရှင်လည်း အသည်းမပါတဲ့ လူယုတ်မာပဲ။]
ကမ်းးချန်ချန်က ယင်ကျန်းကို ကြည့်ကာ ခေါင်းခါပြလိုက်သည်။
"ဟင့်အင်း... မင်းသား ကျွန်မကို သတ်မယ်ဆိုရင်တောင် မသွားဘူး"
ယင်ကျန်းက သူမ၏ နဖူးကို မြှားခေါင်းဖြင့် ရွယ်လိုက်ပြီး အေးစက်စွာ ပြောသည်။
"ကိုယ်တော့်အမိန့်ကို မနာခံဘူးပေါ့လေ"
[အမလေး၊ ရှင် ဘာလို့ အရမ်းရက်စက်ရတာလဲ]
ကမ်းချန်ချန်သည် ရွေးချယ်စရာ မရှိတော့သဖြင့် ပစ်မှတ်ဆီသို့ လျှောက်သွားတော့သည်။ သို့သော် သူမ ခြေနှစ်လှမ်းမျှသာ လှမ်းရသေးချိန်တွင် ရုတ်တရက် ဉာဏ်နီဉာဏ်နက် ထုတ်လိုက်ပြီး ပန်းအိုးနှင့်တိုက်ကာ ချော်လဲဟန်ဆောင်လိုက်သည်။
သူမ အသံကျယ်ကြီးနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားပြီး သူမ၏လက်ကောက်ဝတ်မှာ ယခင်က အဆွဲခံရစဉ်ကထက်ပင် ပိုနာကျင်သွားသည်။
သို့သော် သူမ ဂရုမစိုက်နိုင်သေးပေ။ လက်ကောက်ဝတ်နာသွားတာက အသက်အန္တရာယ်နဲ့ ယှဉ်ရင် ဘာမှမဟုတ်ချေ။
ကျန်းတာ့နျန်သည် ကမ်းချန်ချန်လဲကျသွားသည်ကို မြင်သောအခါ စိုးရိမ်စကြီး အော်ဟစ်လိုက်ပြီး လှမ်းဖမ်းရန် ကြိုးစားသော်လည်း သူကိုယ်တိုင်ပင် လဲကျသွားလေသည်။
ယွင်ကျွမ်းက သူမဘေးတွင် ဒူးထောက်ချလိုက်သည်။
"သခင်မလေး သခင်မလေး၊ အဆင်ပြေရဲ့လား သခင်မလေး!"
[ဟုတ်တယ် ဟုတ်တယ်၊ နင့်ကို ဒီနေ့ ခေါ်လာတာက ငါ့အတွက် ငိုပေးဖို့ပဲလေ၊ နင်က ပုံမှန်ဆို တိတ်တိတ်ဆိတ်ဆိတ်နဲ့ နေတတ်ပေမယ့် အရေးကြီးတဲ့အချိန်ကျရင် ငိုတာ အရမ်းမြန်တယ်၊ နင့်ရဲ့ အသံနေအသံထားက တကယ့်ကို ပီပြင်လွန်းတယ်]
[ဒါပေမဲ့ သေချာတာပေါ့၊ အဓိက သရုပ်ဆောင်စွမ်းရည်ကတော့ ငါ့အပေါ်မှာပဲ မူတည်နေတာ]
"အရှင်မင်းသား..."
ကမ်းချန်ချန်သည် မြေပြင်ပေါ်တွင် ထိုင်လျက် သူမ၏ ဖြူဖျော့ဖျော့ မျက်နှာလေးကို ၄၅ ဒီဂရီခန့် စောင်းထားကာ ယင်းကျန်းကို အလွန်သနားစရာကောင်းသော အကြည့်ဖြင့် မော့ကြည့်လိုက်သည်။
ထို့နောက် ကြည်လင်သော မျက်ရည်ပေါက်ကြီး နှစ်ပေါက်က သူမပါးပြင်ပေါ်သို့ လျင်မြန်စွာ စီးကျလာလေသည်။
ဤတစ်ကြိမ်တွင်မူ ယင်းကျန်းပင် မှင်သက်သွားရသည်။ သူသည် သူမကို ကြောက်လန့်သွားအောင်စရန်သာ ရည်ရွယ်ခဲ့သော်လည်း သူမက မည်သို့သတ္တိရှိရသနည်း။
သူသည် သူမ ဟန်ဆောင်နေမှန်း သိလိုက်ရသောအခါ ဒေါသထွက်သလိုလို ရယ်ချင်သလိုလို ဖြစ်သွားရပြီး သူကိုယ်တိုင်ပင် သတိမထားမိသော သနားကြင်နာမှုများကို ခံစားလိုက်ရသည်။
သူသည် ရှေ့သို့ လျှောက်သွားကာ သူမ၏ ပခုံးနှစ်ဖက်ကို ကိုင်၍ဆွဲထူလိုက်သည်။
"အရှင်မင်းသား နာတယ်"
"နည်းတောင် နည်းသေးတယ်"
ယင်ကျန်း ငေါက်လိုက်လေသည်။
[ပါးစပ်ကြမ်းကြီးနဲ့ စတုတ္ထမင်းသား! နှလုံးသားမရှိတဲ့ ယင်ကျန်း!]
ဤတစ်ကြိမ်တွင် ယင်ကျန်း ဒေါသမထွက်ခဲ့ပေ။
သူသည် သူမအား ပွေ့ချီရန် ခန္ဓာကိုယ်ကို ကွေးချလိုက်၏။
သို့သော် ကမ်းချန်ချန်သည် ထိတ်လန့်သောမျက်နှာဖြင့် နောက်သို့ ခြေနှစ်လှမ်းအမြန် ဆုတ်လိုက်သည်။
"အရှင်မင်းသား ဒုက္ခခံစရာမလိုပါဘူး၊ ကျွန်တော်မျိုးမက လက်ကောက်ဝတ်လေး နာသွားရုံပါ၊ ခြေထောက်တွေက အကောင်းတိုင်း လမ်းလျှောက်လို့ ရပါသေးတယ်"
[တကယ်တော့ တစ်ကိုယ်လုံး နာတယ် လှိမ့်ပိမ့်နေတာ၊ အထူးသဖြင့် ငါ့ တင်ပါးပဲ မနေ့က သူရိုက်ထားတဲ့အရှိန်က မပြေသေးတာကို ဒီနေ့ ထပ်နာပြန်ပြီ]
[သေချာ စဉ်းစားကြည့်ရင် သူ့ကိုတွေ့တိုင်း ငါအမြဲ ကံဆိုးနေတာပဲ]
[ဒါပေမဲ့ ဒီလို သွေးအေးတဲ့ အရူးတစ်ယောက်ရဲ့ ရင်ခွင်ထဲကိုတော့ အသေခံပြီး မဝင်နိုင်ပါဘူး၊ သူ ရုတ်တရက် ရူးသွပ်သွားပြီး ငါလေးကိူ လမ်းတစ်ဝက်မှာတင် ပစ်ချလိုက်ရင် ဘယ်လိုလုပ်မလဲ]
ယင်ကျန်း မျက်မှောင်များ စုကြုံ့သွားသည်။
"မင်းက ဒီနေရာမှာပဲ ရပ်ပြီး ပစ်မှတ် အဖြစ်ခံနေဦးမှာလား၊ ကောင်းပြီလေ... ဒါဆိုလည်း"
ကမ်းချန်ချန် လန့်ဖြန့်သွားရသည်။
"ရှင်? ကျွန်တော်မျိုးမက အဲဒီလို..."
[ငါ့အတွက် ရွေးချယ်စရာက ဒီနှစ်လမ်းပဲ ရှိတော့တာလား]
[သူက ဘာလို့ ဒီလောက်တောင် အကြပ်ကိုင်နေရတာလဲ]
အစပိုင်း၌ ယင်ကျန်းသည် စိတ်ကူးပေါက်၍သာ သူမကို ပွေ့ချီရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူမက အတင်း အကျပ် ငြင်းဆန်နေသောကြောင့် သူမကို ပွေ့ချီသွားဖို့ သူပိုလိုလားမိပေသည်။
ကမ်းချန်ချန်သည် တွန့်ဆုတ်စွာဖြင့် သူမလက်များကိုမြှောက် ကာ သူ့လည်တိုင်တွင် ခပ်လျော့လျော့ ဖက်တွယ်ထားလိုက်ပြီး "မင်းသား ကျေးဇူးပြုပြီး သတိထားပါနော်၊ ကျွန်တော်မျိုးမက သက်ရှိထင်ရှားလူတစ်ယောက်ပါ၊ အသားတုံးကြီး မဟုတ်ဘူး"
နံနက်စောစောသာရှိသေးသော်လည်း သူတို့နှစ်ဦးသည် အိမ်တော်အတွင်းဝယ် ပူးကပ်စွာ ရှိနေကြသည်။ စောစီးစွာ အလုပ်လုပ်နေကြသော အစေခံများနှင့် မိန်းမစိုးများအားလုံးမှာ သူတို့နှစ်ဦး ဖြတ်လျှောက်သွားသည်နှင့် တစ်ပြိုင်နက် ထိတ်လန့်တကြား ဘေးသို့ ဖယ်ရှားသွားကြလေသည်။
ကမ်းးချန်ချန်သည် ရှက်လွန်းလှသဖြင့် သူမမျက်နှာကို သူ့ရင်ဘတ်ကျယ်ကြီးထဲသို့ အတင်းဖွက်ထားမိပြီး မြေကြီးကွဲထဲပင် ဝင်ရောက်ပျောက်ကွယ်သွားချင်စိတ်ပင် ပေါက်နေမိတော့သည်။
[သူ့မျက်နှာက အမူအရာလေး တစ်ချက်တောင် မပြောင်းဘူးပဲ၊ သူ့မျက်နှာပြောင်တိုက်နိုင်စွမ်းက ကျည်ကာအင်္ကျီလောက်တောင် အဆင့်ရှိနေလောက်ပြီ]
[ငါ သူ့လောက် မျက်နှာမထူတာကိုတော့ ဝန်ခံပါတယ်၊ မဟုတ်ရင် သူက ဘယ်လိုလုပ် ဧကရာဇ်ဖြစ်လာပါ့မလဲ]
အဆုံး၌ ကုတင်ပေါ်သို့ ချပေးပြီးသောအခါ ကမ်းချန်ချန်က ပြုံးဖြီးဖြီးဖြင့် "ကျေးဇူးတင်ပါတယ် မင်းသား၊ မင်းသားရဲ့ အဖိုးတန် အချိန်တွေ အများကြီးယူလိုက်မိလို့ တကယ်တောင်းပန်ပါတယ်ရှင်"
ယင်ကျန်း နှုတ်ခမ်းထောင့်ကို တွန့်ကာ လှောင်ပြုံးတစ်ခု ဖန်တီးလိုက်ပြီး "ဒါဆို မင်း ကိုယ်တော့်ကို ဘယ်လိုကျေးဇူး ဆပ်မှာလဲ"
ကမ်းချန်ချန် : "..."
[ဘုရားရေ... ငါက သူ့ဆီကနေ အတင်းအဓမ္မအဖက်ခံလိုက်ရတာကိုများ သူက အကျိုးအမြတ် တစ်ခုခုပြန်လိုချင်နေသေးတာလား]
[သူ ဘာကိစ္စကြောင့် ငါလေးဆီ အာရုံရောက်နေတာလဲ၊ ပုံမှန်ဆို သူ့ အချစ်တော်တွေဆီပဲ သွားနေတာလေ]
ယင်ကျန်း၏လက်ချောင်းများက သူမ ခါးမှ နူးညံ့သော နေရာပေါ်သို့ ရုတ်တရက် ရောက်လာပြီး တိတ်တဆိတ်ပင် လိမ်ဆွဲလိုက်သည်။
ကမ်းချန်ချန်မှာ နာကျင်လွန်းသဖြင့် မျက်ရည်များပင် ဝဲတက်လာကာ သူ့ကို လှည့်ကြည့်လိုက်မိသည်။
"နာတယ်..."
ထိုစဉ် ဟွာယုသည် ဆေးပုလင်းနှင့်အတူ ထွက်လာပြီး ပြုံးကာ ပြောလိုက်သည်။
"တော်သေးတာပေါ့၊ အရင်တစ်ခေါက်က ဆေးတွေ မကုန် သေးလို့"
ထိုသို့ပြောပြီးမှ သူမကိုယ်တိုင် ရှက်သွေးဖြာသွားကာ စကားကို အလျင်အမြန် ရပ်ပစ်လိုက်သည်။ ကန်းချန်ချန်က စိတ်ထဲမှ ရေရွတ်လိုက်သည်။
[သူနဲ့တွေ့တိုင်း ငါ့လက်ကောက်ဝတ်က အမြဲနာနေရတာပဲ၊ ပထမတစ်ခေါက်က စာကူးရလို့၊ ဒုတိယတစ်ခေါက်က တွန်းချခံရလို့ အခု ဒီတစ်ခေါက်ကျတော့ ဒီနာကျင်မှုကပဲ ငါ့အသက်ကို ကယ်တင်ပေးခဲ့တာ]
ယင်ကျန်းသည် သူမအတွက် ဆေးလိမ်းပေးနေရင်းအနည်း ငယ် အပြစ်တင်မိသလို ခံစားလိုက်ရသော်လည်း ဆူပူနေဆဲဖြစ်သည်။
"နာလား၊ ဒါ မင်း အပြစ်တွေချည်းပဲ၊ မင်းကို ဘယ်သူက ဒီလောက်တောင် အားနည်းနေဖို့ ပြောထားလို့လဲ"
ကမ်းချန်ချန်၏လက်ကောက်ဝတ်လေးမှာ သူ့လက်ကြမ်းကြီးများကြားတွင် အားပျော့ကာ နာကျင်နေသဖြင့် သူမ ဘာမျှ ပြန်မပြောရဲတော့ပေ။
"အရှင်မင်းသား ပြောတာ မှန်ပါတယ်ရှင်"
[ချီးပဲ!]
[သူက တိုက်ဂါးဘမ်းတွေ အများကြီး သောက်ထားတာလား၊ ဘာလို့များ ဒီလောက်တောင် ခနဲ့တဲ့ စကားတွေ ပြောရတာကို သဘောကျနေရတာလဲ]
ကမ်းချန်ချန်မှာ အပြင်ပန်းတွင် ဝါဂွမ်းလေးပမာ နူးညံ့ပျော့ ပျောင်းပုံရသော်လည်း အတွင်းစိတ်၌မူ အငြိုးအတေး အလွန်ကြီးမားကြောင်း ယင်းကျန်း ကောင်းစွာသိသည်။ ထို့ကြောင့် သူမနှင့် ဆက်၍ စကားမများတော့ဘဲ မေးလိုက်သည်။
"ကိုယ်တော် ကူးခိုင်းထားတဲ့ အမျိုးသမီးများအတွက် ကျင့်၀တ်က ဘယ်လိုနေပြီလဲ"
ကမ်းချန်ချန် မျက်ဝန်းများက ဟိုဟိုဒီဒီ ကစားသွားရလေသည်။
🌻 Chapter 24
"ကျွန်တော်မျိုးမ ခုနစ်ခေါက် ရှစ်ခေါက်လောက် ကူးပြီးနေပါပြီ၊ ဒါပေမဲ့ နှင်းလုံးလေးက အရမ်းဆော့လွန်းတော့ မှင်အိုးကို ဝင်တိုက်ချလိုက်လို့ အပူပေးအုတ်ကုတင် စားပွဲပေါ်မှာ မှင်တွေ ဖိတ်စင်ကုန်ပြီး စာလုံးတွေ အကုန် ပေပွကုန်လို့ပါရှင်"
[ဘာပဲဖြစ်ဖြစ် ရှင်မှ မသိတာ၊ ဟီးဟီး... အားလုံးကို ကြောင်လေးအပေါ် ပုံချလိုက်တာ အကောင်းဆုံးပဲ]
ယင်ကျန်းသည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး သူ့ မျက် ဝန်းများထဲမှ ရယ်သွမ်းချင်သည့် အရိပ်အယောင်ကို ဖုံးကွယ်၍ မရနိုင်တော့ပေ။
"သူက ဒီလောက်တောင် စကားနားမထောင်ဘူးလား၊ ကောင်းပြီလေ၊ ဒါဆို ကိုယ်တော် နှင်းလုံးလေးကိုခေါ်သွားပြီး ဖူကျင်းဆီမှာပဲ ထားလိုက်တော့မယ်၊ ဖူကျင်းက သူ့ကို လိမ္မာအောင် ကောင်းကောင်း လေ့ကျင့်ပေးနိုင်မယ်လို့ ကိုယ်တော် ယုံကြည်တယ်"
"မလုပ်နဲ့၊ အား...!"
ကမ်းချန်ချန်သည် ပြာပြာသလဲဖြင့် သူ့လက်ကို လှမ်းဖမ်းဆွဲလိုက်မိရာ ထိုရုတ်တရက် လှုပ်ရှားမှုကြောင့် သူမလက် ကောက်ဝတ်အယး တဆစ်ဆစ် ပြန်လည်နာကျင်သွားလေသည်။
သူမက မျက်နှာလေး ရှုံ့မဲ့သွားကာ ပြောလိုက်သည်။
"ကျွန်တော်မျိုးမ သူ့ကို လိမ္မာအောင်ကောင်းကောင်း လေ့ကျင့်ပေးပါ့မယ်လို့ ကတိပေးပါတယ် မင်းသားရယ်၊ ဖူကျင်းမှာက တစ်အိမ်တော်လုံးကို စီမံခန့်ခွဲဖို့ အလုပ်တွေ ရှုပ်နေရပါပြီ၊ သူ့ကို ထပ်ပြီး ဒုက္ခမပေးပါနဲ့တော့ရှင်"
"မြောင်~"
နှင်းလုံးလေး၏ အကြောင်းကို ပြောလိုက်သည်နှင့် တစ်ပြိုင် နက် နှင်းလုံးလေးသည် သူတို့ နှစ်ယောက်ကြားသို့ ရုတ်တ ရက်ခုန်ဝင်လာပြီး ကန်းချန်ချန်အား ခပ်တိုးတိုးလေး အော်ကာ သူမ လက်ကောက်ဝတ်ကို လျှာလေးဖြင့် ပွတ်သပ်လျက်ပေးလေသည်။
ကမ်းချန်ချန်၏ဒဏ်ရာမှာ တဆစ်ဆစ် ပြန်နာလာသဖြင့် သူမက ကြောင်လေး၏ ဂုတ်ပိုးကိုဆွဲကာ အမြန်ဖယ်ရှားပစ်လိုက်သည်။ သို့ရာတွင် ကြောင်လေးမှာမူ သူမ ခြေထောက်အနီးသို့ ပိုတိုးကပ်လာလေသည်။
ယင်ကျန်းသည် သူမကို လေးနက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး "ကောင်းပြီ၊ မင်း အမျိုးသမီးများအတွက် ကျင့်၀တ်ကို ထပ်ကူးစရာမလိုတော့ဘူး၊ ပြီးတော့ နောက်နှစ်ရက် ဖူကျင်းဆီကိုလည်းသွားပြီး ဂါရဝပြုစရာမလိုဘူး၊ မင်းဒဏ်ရာကိုသာ သေချာဂရုစိုက်ပါ"
ထိုသို့ပြောပြီးနောက် သူသည် မတ်တတ်ရပ်ကာ မြားပစ်လေ့ကျင့်ရန် ထွက်သွားလေသည်။
[ဟင်၊ သူက ဘာလို့များ ရုတ်တရက်ကြီး ကရုဏာသက်သွားရတာလဲ၊ လူလိုသူလိုတောင် စကားပြောတတ်နေပါလား]
ကန်းချန်ချန်မှာ ထီပေါက်သွားသကဲ့သို့ အလွန်တရာ ပျော်ရွှင်သွားတော့သည်။
သို့သော် ယင်ကျန်းသည် တံခါးဝတွင် ရုတ်တရက် ရပ်တန့်သွားသည်။ သူသည် သူမ၏အတွေးများကို ကြားလိုက်ရသဖြင့် မကျေမနပ် ဖြစ်သွားကာ သူမကို ဒုက္ခပေးချင်စိတ်များ ပေါက်ဖွားလာရတော့သည်။
ကမ်းကော်ကော်သည် အချိန်စောသေးသည်ကို မြင်သော အခါ ထပ်အိပ်ရန်အတွက် ကုတင်ပေါ်သို့ ချက်ချင်းလှဲချလိုက်သည်။ နှင်းလုံးလေးသည်လည်း သူမ၏နွေးထွေးသော စောင်ထဲသို့ အတင်းတိုးဝင်လာကာ အတူအိပ်တော့သည်။
သို့သော် သူမ အိပ်ပျော်လုနီးပါး အချိန်လေးတွင် အမျိုးသမီးကြီး တစ်ဦး၏အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
"ကမ်းကော်ကော် နိုးနေပြီလားရှင်"
ကမ်းချန်ချန် ဇဝေဇဝါ ဖြစ်သွားသည်။
"ဘယ်သူပါလဲ"
ယွင်ကျွမ်းသည် တံခါးခန်းဆီးကို အလျင်အမြန် မတင်ကာ ဝင်လာပြီး ပြာပြာသလဲ သတင်းပို့လေသည်။
"သခင်မလေး၊ မင်းသားက အထိန်းတော်ကျန်းကို စေလွှတ်လိုက်ပါတယ်၊ ကျွန်မတို့ကို စည်းကမ်းတွေ သင်ပေးဖို့လို့ ပြောပါတယ်"
[စည်းကမ်းတဲ့၊ စည်းကမ်းတွေ ထပ်လာပြန်ပြီလား]
ထိုစကားလုံးကို ကြားလိုက်ရသည်နှင့် ကမ်းချန်ချန်၏ ခေါင်းများ ချာချာလည်သွားပြီး ယခင်က ခံစားခဲ့ရဖူးသော စိတ်ဒဏ်ရာများပင် ပြန်လည် ထကြွလာသလိုခံစားလိုက်ရသည်။ သို့သော်လည်း သူမသည် ယဉ်ကျေးစွာပင် "ကျေးဇူးပြုပြီး မြန်မြန်ဝင်လာခဲ့ပါ"
အထိန်းတော်ကျန်း ဝင်လာပြီးနောက် ကမ်းချန်ချန်၏ ဖရိုဖရဲ ဖြစ်နေသော ပုံစံကိုမြင်သောအခါ ချက်ချင်းပင် မျက်မှောင် ကြုတ်သွားလေသည်။
"သခင်မလေး အိပ်ရာ မထသေးဘူးလား"
ကမ်းချန်ချန်သည် ကုတင်စောင်းတွင် လှဲလျောင်းနေရင်း ခေါင်းညိတ်ပြကာ ပျင်းရိပျင်းတွဲဖြင့် မေးလိုက်သည်။
"အထိန်းတော်ကျန်း၊ ကျွန်တော်မျိုးမတို့ သုံးယောက်အိမ်တော်ထဲ စရောက်တုန်းက အိမ်တော်က စည်းကမ်းသင်ပေးဖို့ အထူးဆရာမ တစ်ယောက်ခန့်ထားပေးတာ မှတ်မိပါသေးတယ်၊ ကျွန်တော်မျိုးမက တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့တာပါ၊ ဘာလို့ သခင်ကြီးက ဒီတစ်ခေါက် အထိန်း တော်ကို လွှတ်လိုက်ရတာလဲ"
အထိန်းတော်ကျန်းသည် မတ်မတ်ရပ်နေဆဲဖြစ်ပြီး အေးစက်စွာပြောလာသည်။
"ကျွန်တော်မျိုးမတို့ အစေခံတွေက သခင်ကြီးရဲ့အတွေးတွေကိုကြိုပြီး နားလည်ဖို့ မကြိုးစားသင့်ပါဘူး၊ ဒါပေမဲ့... သခင်မလေးရဲ့ နေအိမ်အခြေအနေကို ကြည့်ရတာတော့ ကျွန်တော်မျိုးမတို့ ခြံဝင်းကို ယဉ်ကျေးမှု စည်းကမ်းတွေ ပြန်သင်ပေးဖို့ တကယ်ကိုလိုအပ်နေတယ်ဆိုတာ အကြမ်းဖျင်းတော့ နားလည်လိုက်ပါတယ်ရှင်"
သူမစကားများထဲမှ ခြယ်လှယ်လိုသော သဘောကိုရိပ်မိလိုက်သောအခါ ကန်းချန်ချန်သည် အနည်းငယ်နေရခက်သွားပြီး သူမလေသံကလည်း ခနဲ့တဲ့တဲ့ ဖြစ်လာသည်။
"တောင်းပန်ပါတယ်... ဒီမနက် စတုတ္ထမင်းသားမနက်ခင်း လေ့ကျင့်ခန်းလုပ်တာကို လိုက်သွားရင်း ချော်လဲပြီး ဒဏ်ရာရလာလို့ပါ၊ အထိန်းတော်က သင်ပေးချင်ရင်တောင် ဒီကိုယ်လုပ်တော်သင်ယူဖို့ အဆင်ပြေမှာ မဟုတ်ပါဘူး"
အထိန်းတော်ကျန်းက မျက်လုံးများကို စူးရှစွာ ကျဉ်းမြောင်းလိုက်ပြီး ပြောသည်။
"စိတ်မပူပါနဲ့ သခင်မလေး၊ စတုတ္ထမင်းသားကို ကလေးဘ၀တည်းက ကျွန်တော်မျိုးမ သူ့ကို စည်းကမ်းတွေ သင်ပေးခဲ့တာပါ၊ ဒီကိစ္စမှာ ကျွန်တော်မျိုးမမှာ အတွေ့အကြုံ အများကြီး ရှိပါတယ်၊ ဒီလိုအခြေအနေမျိုးမှာ ခန္ဓာကိုယ်လှုပ်ရှားစရာမလိုတဲ့ စကားအပြောအဆို စည်းကမ်းတချို့ကိုသင် ပေးလို့ ရနိုင်မှန်း ကျွန်တော်မျိုးမ ကောင်းကောင်း သိပါတယ်"
ဤအမျိုးသမီးကြီးသည် ယင်းကျန်း၏ငယ်ထိန်းတော်ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ကန်းချန်ချန်လွန်စွာ အံ့သြသွားပြီး ချက်ချင်းစိတ်ဓာတ်ကျဆင်းသွားတော့သည်။ အခြားတစ်ဖက်တွင်မူ ဖူကျင်းသည်လည်း ထိုအကြောင်း အရာကိုပင် အထိန်းတော်ချွေ့နှင့် လျှို့ဝှက်စွာ ဆွေးနွေးနေသည်။
ဖူကျင်းသည် စက္ကူပေါ်တွင် ကမ်းဟူသော စာလုံးကို စုတ်တံဖြင့် ရေးခြစ်လိုက်ပြီးနောက် လက်ကို ရပ်တန့်လိုက်သည်။
ထိုစဉ် အထိန်းတော်ချွေ့က တီးတိုးပြောလာသည်။
"သူ့ကို ရှင်းထုတ်ပစ်ဖို့ လွယ်မယ်လို့ထင်ခဲ့တာ ဒါပေမဲ့ ဒီမနက်တော့ အိမ်တော်ထဲမှာတော်တော်လေး ဟိုးလေးတ ကျော်ဖြစ်သွားတာပဲ၊ မင်းသားက သူ့ကို ပွေ့ချီပြီးပြန်ခေါ်လာတယ်လို့ ကြားတယ်၊ ပြီးတော့ နှင်းဆီသစ်သားနဲ့ လုပ်ထားတဲ့အပူပေး အုတ်ကုတင်လေးတောင် ပေးလိုက်သေးတယ်တဲ့"
ဖူကျင်း လှောင်ပြုံးတစ်ခုကို ပြုံးလသည်။
"မနေ့က ကိုယ်လုပ်တော်လီကိုပေးလိုက်တဲ့ ဟာလောက်တော့ ဘယ်ကောင်းပါ့မလဲ"
အထိန်းတော် ချွေ့ စိုးရိမ်တကြီးဖြင့် ဆက်ပြောသည်။
"ဒါပေမဲ့ အရှင်မင်းသားက မနေ့ညက ရေမတောင်းခဲ့ဘူးလေ၊ သူက အရှင်မင်းသားကို တရားဝင် အစေမခံရသေးဘဲနဲ့တောင် ဒီလောက်မျက်နှာသာပေးခံနေရပြီး"
ဖူကျင်း အေးစက်စွာ ပြောသည်။
"မင်းသား သူ့ကို ကရုဏာ နည်းနည်းပြရုံသက်သက်ပါ၊ ကြင်ယာတော်ချန်ကိုလည်း ဒီလိုပဲ မဟုတ်ဘူးလား၊ တခြားဘယ်သူမှ မလောကြဘဲနဲ့ ငါတို့က ဘာလို့ လောနေစရာလိုမှာလဲ"
အထိန်းတော်ချွေ့ မေးလိုက်သည်။
"ဒါဆို ဖူကျင်းက ဘယ်လို သဘောရလို့ပါလဲရှင်"
ဖူကျင်းသည် သူမစုတ်တံကို နံ့သာမွှေးသစ်သား စုတ်တံတင်ခုံပေါ်သို့ ပစ်တင်လိုက်ပြီး ပြောသည်။
"သူ တစ်ကိုယ်လုံး နာနေတယ် မဟုတ်ဘူးလား၊ သူ့ဆီကို ဆေးရည် နည်းနည်းသွားပို့ပေးလိုက်၊ သူ ဒီတစ်ခေါက်လည်း ကျေးဇူးမတင်တတ်ဘူး ဆိုရင်တော့ နောက်တစ်ခါ သူ့ကို အခွင့်အရေး ထပ်ပေးစရာမလိုတော့ဘူး"
ပြီးခဲ့သည့်အကြိမ်က ကမ်းချန်ချန် ဒုက္ခရောက်နေချိန်တွင် ဖူကျင်းသည် သူမအား ဆောင်းတွင်းဝတ် အင်္ကျီကောင်းတစ်ထည်ပေးသနားခဲ့ဖူးသည်။ ၎င်းမှာ အေးခဲနေသော ဆီးနှင်းများကြား၌ မီးသွေး ပေးပို့ခြင်းကဲ့သို့ ကျေးဇူးကြီးမားလှသည်။
သို့သော် ဤမိန်းမက အနည်းငယ်မျှသာ ကျေးဇူးတင်ကြောင်းပြသပြီးနောက် လီစဲဖူထံသို့ ချက်ချင်းမျက်နှာချိုသွေးရန် လှည့်သွားလိမ့်မည်ဟု မည်သူက ကြိုသိမည်နည်း။
ဤလုပ်ရပ်က ဖူကျင်းအား တိတ်တဆိတ်ဒေါသထွက်စေခဲ့ပြီး သူမသည် ကြင်ယာတော်ချန်ကိုပင် ပစ်မှတ်ထားကာ အာရုံပြောင်းခဲ့သည်။ သို့သော်လည်း လွန်ခဲ့သောရက်အနည်းငယ်က ကမ်းချန်ချန်နှင့် လီစဲဖူတို့ အဆက်အသွယ် ပြတ်တောက်သွားသည်ကို ထည့်သွင်းစဉ်းစားကာ ဖူကျင်းက သူမအား ခေတ္တခွင့်လွှတ်ပေးထားခြင်းဖြစ်သည်။
"ဟုတ်ကဲ့ပါ၊ မှန်ပါတယ်ရှင်"
အထိန်းတော်ချွေ့ ထောက်ခံသည်။
"သခင်ကြီးလည်း အထိန်းတော်ကျန်းကို ကြင်ယာတော်ကမ်းရဲ့ အဆောင်ဆီလွှတ်ပြီး အထိန်းတော်ချင်ကို ကြင်ယာတော်ချန်ရဲ့ နေဆောင်ဆီ စည်းကမ်းသင် အထိန်းတော်တွေအနေနဲ့ ထပ်လွှတ်လိုက်ပါတယ်"
ဖူကျင်းသည် သူမ၏ကြိမ်လွှဲကုလားထိုင်ပေါ်တွင်မှီချကာ တည်ငြိမ်စွာပင် ပြောလာသည်။
"အိမ်တော်ထဲ ရောက်လာတဲ့ ကြင်ယာတော်သုံးယောက်ထဲမှာ ဝူကော်ကော်သွက်လက်ပြီး စည်းကမ်းတွေ သင်ယူဖို့ အနှေးကွေးဆုံးပဲ၊ အခုအခြေအနေက အဲဒီလိုပြောင်းပြန်ကြီး ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ၊ မင်းသားရဲ့ အမြင်မှာတော့ ကျန်တဲ့နှစ်ယောက်ကသာ သူတို့ရဲ့ အပြုအမူတွေမှာ ကြီးမားတဲ့ ပြဿနာတွေရှိနေတယ်လို့ ထင်နေတာကိုး"
စုဖေးရှန်းသည် ယင်းကျန်း၏စာကြည့်ဆောင် အပြင်ဘက်တွင် တာဝန်ကျနေစဉ် ထင်းရှူးပင်တစ်ပင်၏အနောက်မှ ယွဲ့ယင်း မျက်နှာက တိတ်တဆိတ် ပေါ်လာလေသည်။
"အစ်မ ယွဲ့ယင်း"
စုဖေးရှန်းက ဝမ်းသာအားရ တိုးတိုးလေး ခေါ်လိုက်ပြီး အနီးရှိကော်ရှီးလဲ့အား အခြေအနေကို စောင့်ကြည့်ပေးရန် တောင်းဆိုကာ ထင်းရှူးပင်ဆီသို့ အလျင်အမြန် သွားလေသည်။
ယွဲ့ယင်းသည် ဖောင်းမို့နေသော ပိုက်ဆံအိတ်တစ်ခုအား သူ့ထံ ကမ်းပေးလိုက်သည်။ စုဖေးရှန်း ဖွင့်ကြည့်လိုက်ရာ အထဲတွင် အရည်အသွေးမြင့် သကြားလုံးများကို တွေ့လိုက်ရသည်။ သူက အလျင်အမြန် ငြင်းဆန်လာသည်။
"အစ်မ... ကျွန်တော် ဒါကို လက်ခံလို့မရပါဘူး၊ အိမ်တော်ရဲ့ စည်းကမ်းတွေက တိတ်တဆိတ် ပေးကမ်းတာကိုလုံးဝတား မြစ်ထားတယ်လေ..."
ယွဲ့ယင်း နှုတ်ခမ်းစူကာ ဟန်ဆောင်ပန်ဆောင်ဆူပူလာသည်။