အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
🌻 chapter 27
မည်သူတစ်ဦးတစ်ယောက်ကမျှ အချိုးပြေလှသည်တော့ မဟုတ်ချေ။ လီစဲဖူတစ်ယောက် ယင်ကျန်းနှင့် မည်သို့မည်ပုံ သဟဇာတဖြစ်အောင် နေထိုင်ကာ သူ့ မျက်နှာသာပေးမှုကို ရယူထားနိုင်သနည်းဆိုသည်မှာ တကယ်ကိုအံ့ဩဖွယ်ကောင်းလှပေသည်။
ထို့နောက်တွင်မူ ကမ်းချန်ချန်သည် အသံမထွက်စေဘဲ၊ သွားမပေါ်စေဘဲ တိတ်ဆိတ်စွာစားသောက်နေခဲ့ရာ ထိုအမူအ ကျင့်က ကျန်းမားမားအား အလွန်သဘောကျ နှစ်သက်စေခဲ့သည်။ ကျန်းမားမား မပြန်မချင်း ကမ်းချန်ချန်မှာ ထမင်းစားပွဲ၌ အချိန်အတော်ကြာ ထိုင်ကာ စားသောက်နေခဲ့ရသည်။
ကျန်းမားမား ထွက်သွားပြီးနောက်မှသာ ကမ်းချန်ချန်သည် ခုံတန်းရှည်ပေါ်တွင် ပစ်လှဲချလိုက်ပြီး သက်ပြင်းမောကြီးချလိုက်နိုင်တော့သည်။
ကျန်းမားမားဘက်တွင်တော့ ကမ်းချန်ချန်၏အခြေအနေများကို ယင်ကျန်းထံသို့ အသေးစိတ်သတင်းပို့တင်ပြနေသည်။
"ကမ်းကော်ကော်က ဉာဏ်ရည်ထက်မြက်ပြီး သင်ယူလိုစိတ် ပြင်းပြပါတယ်၊ သူ့အတွက် တကယ်ကို စည်းမျဉ်းတွေက ခက်ခဲလှပါတယ်၊ လက်ကောက်ဝတ်တွေ ရောင်နေပေမယ့်လည်း လှုပ်ရှားမှုတိုင်းကို ကြိုးစားပမ်းစား လုပ်ဆောင်နေဆဲပါ၊ ရိုးရိုးသားသားပြောရရင် ဒီအစေခံအိုကြီးကတောင် သူ့အတွက် စိတ်မကောင်းဖြစ်ရပါတယ် အရှင်မင်းသား"
"ကောင်းပြီ... မင်းလည်း ပင်ပန်းသွားပြီပဲ၊ အခု ပြန်နားတော့"
[သူက တကယ်ပဲ ဒီလောက် လိမ္မာနာခံတတ်နေပြီလား၊ ဟမ်း... သေချာတာကတော့ သူ့ရင်ထဲမှာ ကျိတ်ပြီးမုန်းနေမှာပဲ၊ ပါးစပ်ကသာ အလွန်နာခံပြပြီး အပြင်ပန်းမှာ အန္တရာယ်ကင်းသလို၊ အလိုက်တသိရှိသလို ဟန်ဆောင်နေတာ]
[ဒီကမ္ဘာပေါ်မှာ ဒီလိုမျက်နှာနှစ်ဖက်နဲ့ မိန်းမမျိုး ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ]
ဤသို့ တွေးမိသည်နှင့်တစ်ပြိုင်နက် ယနေ့ညတွင်ပင် ကမ်းချန်ချန်အား သူ ထပ်မံတွေ့ဆုံချင်စိတ်များ တဖွားဖွားပေါ် ပေါက်လာခဲ့သည်။
ကျန်းမားမား အပြင်သို့ ထွက်လာစဉ် စုဖေးရှန်းသည် ခေတ္တမျှရပ်တန့်လိုက်ပြီး သူ့ မျက်လုံးများတွင် မျက်ရည်များဝဲတက်လာသည်ကို ဟန်ဆောင်ပြလိုက်ကာ ရင်ဘတ်ထဲမှ ထင်းရှူးစေ့သကြားလုံး အနည်းငယ်ကို ထုတ်၍ပြောလိုက်သည်။
"ဒီမှာ မားမား သကြားလုံး နည်းနည်းရထားတယ်"
"ဒီလိုဟာမျိုးကို ကျွန်တော် ဘယ်လိုလုပ်ယူရက်မှာပဲ"
"ယူသွားပါ သားရယ်၊ သကြားလုံး မကြိုက်တဲ့ကလေးမှ မရှိတာ၊ ကျန်းမားမားအသက်ကြီးလာရင်တောင် သားကို တစ်ခါစားရင် လေးငါးလုံးလောက် အမြဲကျွေးဦးမှာ"
ကမ်းချန်ချန်အား အထူးအာရုံစိုက် စောင့်ကြည့်နေသော စုဖေးရှန်းသည် သူမအား အမူအကျင့်များ သင်ကြားပေးရန် ဤ ကျန်းမားမား သွားရောက်နေကြောင်းကို သိရှိထားပြီး ဖြစ်ပေသည်။ ထို့အပြင် ကျန်းမားမားမှာ သူ့အား ငယ်စဉ်ကတည်းက သားအရင်းလေးပမာ သဘောထားသဖြင့် သူ့စိတ်ထဲတွင် အကြံအစည်တစ်ခု ပေါ်ထွက်လာခဲ့သည်။
စုဖေးရှန်း သကြားလုံးတစ်လုံးကို ယူကာ အခွံခွာပြီး ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ရင်း ပြုံးလျက်ပြောလေသည်။
"အရမ်းအရသာရှိတာပဲ၊ တကယ်တော့ သားက ထင်းရှူးစေ့သကြားလုံးကို အရမ်းကြိုက်တာ"
"မင်း ပုံစံကြည့်ရတာလည်း မထူးဆန်းပါဘူးလေ..."
ကျန်းမားမားသည် ညှိုးနွမ်းနေသော သစ်ခေါက်ကဲ့သို့ တွန့်လိမ်ရှုံ့တွနေသော သူမ၏လက်ကို ဆန့်ထုတ်လိုက်ပြီး စုဖေးရှန်း၏ ခေါင်းကို ပွတ်သပ်ချင်သွားသော်လည်း တွေဝေသွားကာ လက်ကို ဖြည်းညှင်းစွာ ပြန်လည် ရုပ်သိမ်းလိုက်သည်။
စုဖေရှန်းက ပြုံးလိုက်ပြီး သူမအနီးသို့ တိုးကပ်ကာ သူမပါးစပ်ထဲသို့ ထင်းရှူးစေ့ သကြားလုံး တစ်လုံးကို ခွံ့ပေးလိုက်ရင်း ပြောသည်။
"မားမား... မားမားလည်း စားကြည့်ပါဦး၊ အရမ်းချိုတာပဲ"
"အင်း... တကယ်ကို ချိုတာပဲ"
ကျန်းမားမားသည် အလွန်စိတ်လှုပ်ရှားသွားပြီး သူမ၏ နက်မှောင်နေသော မျက်လုံးအစုံမှ မျက်ရည်များ စီးကျလာလေတော့သည်။
"ကျန်းမားမား... ဘာလို့ ငိုနေတာလဲ၊ မငိုပါနဲ့ ကျန်းမားမားရယ်၊ ကျန်းမားမားက သားအမေအရင်းနဲ့ တစ်ပုံစံတည်းပဲ၊ ကျန်းမားမား ငိုနေတာကို မြင်ရတော့ သား ရင်တွေကွဲမတတ် နာကျင်ရပါတယ်"
စုဖေးရှန်းတွင် လက်ကိုင်ပုဝါ မပါလာသဖြင့် သူမ၏ မျက် ရည်များကို သုတ်ပေးရန် သူ့ အင်္ကျီလက်ကိုသာ အသုံးပြုသည်။
ဤမျှ ရုပ်ရည်သန့်စင်ပြီး အပြစ်ကင်းစင်ဟန်ရှိသော လူငယ်လေးတစ်ဦး၏နောက်ကွယ်တွင် ကြောက်မက်ဖွယ်ကောင်း သော အကြံအစည်များပုန်းကွယ်နေလိမ့်မည်ဟု မည်သူကများ ထင်မှတ်မိမည်နည်း။
သူတို့နှစ်ဦးသည် အလုပ်မပြန်လုပ်မီ စကားအနည်းငယ်မျှသာ ဖလှယ်ဖြစ်ခဲ့ကြသည်။
"အရှင်မင်းသား... လီစဲဖူက ဒီည မီးဖိုဆောင်မှာ ဟင်းလျာအထူးအဆန်းတွေ ပြင်ဆင်ထားပြီး အရှင်မင်းသားကို လာရောက် မြည်းစမ်းစေချင်နေပါတယ်၊ ပြီးတော့ ကိုယ်လုပ် တော်နဲ့ ဒုတိယမင်းသားလေးကလည်း အရှင်မင်းသားကို လွမ်းဆွတ်နေကြပါတယ်တဲ့"
"အင်း... ခဏနေ လာခဲ့မယ်လို့ ပြောလိုက်ပါ"
သူသည် လီစဲဖူနှင့် ကလေးနှစ်ယောက်တို့အတူ ညစာစားသောက်ခဲ့သည်။ သူတို့ စားသောက်ပြီးသည်နှင့် တစ်ပြိုင်နက် လီစဲဖူသည် ကလေးထိန်းများအား ကလေးများကိုခေါ်ဆောင်သွားရန် အကြောင်းပြချက် အမျိုးမျိုးရှာကာ အမိန့်ပေးလိုက်သည်။
သူမ၏ အထင်းသား ပေါ်လွင်နေသော မြူဆွယ်သွေးဆောင် မှုများကို သူ နားမလည်သည်တော့ မဟုတ်ပေ။ သို့သော် ယခင်က သူ နှစ်သက်ခဲ့ဖူးသော ဤအရာများသည် ယခုအခါတွင်မူ သူ့စိတ်ကို ငြီးငွေ့စေခဲ့သည်။ အဆီတဝင်းဝင်းနှင့် ဝက်သားပြုတ်ကိုသာ အချိန်ပြည့်စားနေရသကဲ့သို့သွေးသား ဆန္ဒများကို အမြဲတစေ နှိုးဆွနေခြင်းမှာ လူသားများ၏ နှလုံးသားကို ပိုထုံထိုင်းသွားစေသည် မဟုတ်ပါလား။
သို့ဆိုလျှင် ဉာဏ်ပညာနှင့် သိမ်မွေ့နက်နဲမှုများကို လိုက်စားခြင်းကရော စိတ်သက်သာရာ ရစေသလားဆိုတော့ ထိုသို့လည်း မဟုတ်ပြန်ချေ။
စုန့်ကော်ကော်ကိုပင် ဥပမာထား၍ ကြည့်နိုင်သည်။ သူမသည် ကဗျာလင်္ကာများနှင့် သီချင်းများကို နှစ်သက်မြတ်နိုးပြီး၊ စောင်းတီးခြင်း၊ စစ်တုရင်ကစားခြင်း၊ စာပေရေးသားခြင်းနှင့် ပန်းချီဆွဲခြင်း အနုပညာရပ်များတွင် အလွန်ပင် ကျွမ်းကျင်ပိုင်နိုင်လှပေသည်။ သူမမှာ နိမ့်ကျသော နောက်ခံမှဆင်းသက်လာသူဖြစ်ပြီး အိမ်တော်တွင်းမှ အစေခံတစ်ဦးသာ ဖြစ်ခဲ့သည်မှလွဲ၍ သူမ၏အရည်အချင်းများသည် မြို့တော်တစ်ခုလုံးတွင် အမှန်တကယ်ပင် ထိပ်တန်းအဆင့်၌ ရှိနေပေသည်။
စုန့်ကော်ကော်၏ ဤမျှ များပြားလှသော အရည်အချင်းများနောက်ကွယ်တွင် သူမအား ငယ်စဉ်ကတည်းက စနစ်တကျ ပြုစုပျိုးထောင်ပေးခဲ့မှုများ ရှိနေခဲ့သည်။ သို့သော် သူ အသက်အရွယ် ရင့်ကျက်လာပြီး အတွေ့အကြုံများ ပိုမိုများပြားလာသည်နှင့်အမျှ စိတ်ကူးယဉ်ဆန်သော ကဗျာ လင်္ကာများထက် လက်တွေ့ကျသော နိုင်ငံရေးရေးရာများကိုသာ ပိုအာရုံစိုက်လာခဲ့သည်။ သို့ဖြစ်ရာ သူမနှင့် နှစ်ကိုယ် တည်း ရှိနေသည့်တိုင် အနည်းငယ် စိတ်မသက်မသာဖြစ်လာခဲ့ရသည်။ ထို့ကြောင့် သူမ၏အဆောင်ဘက်သို့လည်း သိပ်မသွားချင်တော့ပေ။
ယင်ကျန်း သတိပြန်ဝင်လာချိန်တွင်မူ သူသည် ကမ်းချန်ချန်၏ခြံဝင်းအပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဆောင်းရာသီ၏အအေးဒဏ်က အပြင်ဘက်တွင် အကြာကြီးရပ်နေရန် အလွန်အေးစက်လွန်းလှသဖြင့်၊ ကျန်းတာနျန်က သူ့အား သတိပေးလာရာမှ ယင်ကျန်းလည်း အထဲသို့ လျှောက်ဝင်သွားသည်။
ယနေ့တွင် အခန်းတွင်း၌ ပုံမှန်ထက် ပိုတိတ်ဆိတ်နေ၏။ ကမ်းချန်ချန်သည် ယွင်ကျွမ်းနှင့်အတူ ကတ္တီပါပန်းများ ပြုလုပ်ရန် သင်ယူနေလေသည်။
ယွင်ကျွမ်းသည် အလွန်ပင် လက်မှုပညာကျွမ်းကျင်သူ ဖြစ်ပေသည်။ အသေးစိတ်ကျလှသော လက်မှုပစ္စည်း အမျိုးမျိုးကို ဖန်တီးနိုင်ပြီး ကမ်းချန်ချန်၏တောင်းဆိုချက်အရ ကတ္တီပါပန်း ပုံစံအသစ်အဆန်းများစွာကိုလည်း တီထွင်ဖန်တီးပေးခဲ့သည်။
ကမ်းချန်ချန်ကမူ သူမ၏လက်ကောက်ဝတ်ဒဏ်ရာ ရက်အနည်းငယ်အတွင်း သက်သာလာသည်နှင့် ခြံဝင်းအသီးသီးရှိ အမျိုးသမီးများထံသို့ ဤကတ္တီပါပန်းများကို လက်ဆောင်အဖြစ် ပြန်လည်ပေးပို့မည်ဟု တွေးတောထားလေသည်။ ခေတ်သစ် အလှတရားများ ပေါင်းစပ်ပါဝင်နေသော ဤဂန္ထဝင်ကတ္တီပါပန်းလေးများသည် တန်ဖိုးအားဖြင့် ကြီးမားခြင်း မရှိသော်လည်း ၎င်းတို့၏စစ်မှန်သော အလှတရားမှာ ဖန်တီးသူ၏ဉာဏ်ကွန့်မြူးမှုတွင် ရှိနေပေသည်။
ယင်ကျန်း ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ကတ္တီပါပန်းများနှင့် အခြားသော ပစ္စည်းများကိုအလျင်အမြန်သိမ်းဆည်း လိုက်ကြသည်။ အစေခံများကလည်း အိပ်ခန်းအတွင်းမှ တိတ်တဆိတ် ဆုတ်ခွာသွားကြပြီး ကုလားကာအပြင်ဘက်မှသာ အသင့်စောင့်ဆိုင်း နေကြတော့သည်။
နွေးထွေးသော အဝါရောင် ဖယောင်းတိုင် မီးရောင်အောက်တွင် ဤအမျိုးသားသည် ပုံမှန်ထက် ပိုနူးညံ့သိမ်မွေ့နေသယောင်ထင်ရပြီး သူ၏ လွှမ်းမိုးနိုင်သော ဩဇာတိက္ကမများ သည်လည်း အနည်းငယ်လျော့ပါးသွားသယောင် ခံစားလိုက်ရသဖြင့် သူမသည် သူ့အား ရံဖန်ရံခါ ခိုး၍စိုက်ကြည့်နေမိသည်။
"ဘာလို့ ငါ့ကို အဲဒီလို ကြည့်နေရတာလဲ"
"အရှင်မင်းသားက ရုပ်ဖြောင့်လွန်းလို့ ကြည့်နေမိတာပါရှင်"
ဤသည်မှာ အမှန်တရားပင် ဖြစ်သည်။ ရုပ်ချောသူကို မည်သူကများ မကြည့်ဘဲနေနိုင်မည်နည်း။
ယင်ကျန်းသည် သူမစိတ်ထဲမှ တွေးနေသည်များနှင့် အပြင်မှ ပြောစကားများ ဆန့်ကျင်ဘက် ဖြစ်နေတတ်သည်ကို ဤတစ်ကြိမ်တွင် မကြားရတော့သဖြင့် ကျေနပ်စွာဖြင့် မျက်ခုံးပင့်လိုက်မိသည်။ သို့သော် အချိန်အတော်ကြာသည်အထိ မည်သည့်စကားမျှ ထပ်မံ ထွက်ပေါ်မလာခဲ့ချေ။
ကမ်းချန်ချန်မှာလည်း ဆက်ပြောစရာ အကြောင်းအရာရှာမရတော့ဘဲ သူနှင့် နှစ်ကိုယ်တည်း ရှိနေရခြင်းကို အနည်းငယ် အနေရခက်လာသဖြင့် သူမ၏ ကြောင်ကလေးကိုသာ တိတ်တဆိတ် ပွေ့ဖက်ထားလိုက်သည်။
ယင်ကျန်းသည် သူမ လက်ထဲမှ နှင်းလုံးလေးအား ဆွဲယူလိုက်ပြီး ကြောင်လေး၏ရှေ့လက်သည်း နှစ်ဖက်ကို သူ့ လက်တစ်ဖက်စီဖြင့် ဆုပ်ကိုင်ထားလိုက်သည်။ ကြောင်လေးသည် သူ့အား လျစ်လျူရှုကာ အကြိမ်ကြိမ် ကန်ကျောက် ရုန်းကန်နေသည်။ ယင်ကျန်းက လက်အား အနည်းငယ် ဖြေလျှော့ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ကြောင်လေးသည် ရုန်းထွက်ကာ ထွက်ပြေးသွားတော့သည်။
ထွက်ပြေးသွားသော ကြောင်လေး၏ ကျောပြင်ကို ကြည့်ရင်း အံ့အားသင့်နေသော ယင်ကျန်း၏အမူအရာက ကမ်းချန်ချန်အား ရယ်မောသွားစေခဲ့သည်။
[ယုံကျိန်းဧကရာဇ်ကြီးမှာ ဒီလိုမျိုးကလေးဆန်ပြီး ရယ်စရာ ကောင်းတဲ့ အခြမ်းမျိုး ရှိနေလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး]
[နှင်းလုံးလေးကို ယူသွားလိုက်ရင်ပဲ ငါ့ကို အနိုင်ရသွားပြီလို့ ထင်နေတာလား၊ အဲဒီကြောင်လေးက ငါ သေချာဂရုစိုက် ယုယထားရတဲ့ အကောင်လေးဆိုတာ သူ မသိဘူးထင်တယ်]
🌻 Chapter 28
ယင်ကျန်းသည် ဧကရာဇ်ဟူသော စကားလုံးကိုအလိုအ လျောက် လျစ်လျူရှုလိုက်ပြီး သူမ အသံထဲမှ လှောင်ပြောင်လိုသော လေသံကိုကြားလိုက်ရသဖြင့် တမင်သက်သက်မေးလိုက်သည်။
"ဘာရယ်တာလဲ"
ကမ်းချန်ချန်သည် အမူအရာ မပျက်စေဘဲ "ဒီကြောင်လေးက ဘာမှလည်း မသိဘဲ ချစ်စရာကောင်းနေလို့ ရယ်မိတာပါရှင်"
ယင်ကျန်းမျက်နှာသည် တင်းမာသွားပြီး သဘောမကျသော လေသံဖြင့် "ကြောင်တစ်ကောင်လို ဘာမှမသိဘူးဆိုတာကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ အဲဒါက ဘာများ ရယ်စရာ ကောင်းနေလို့လဲ"
[ဟွန့်... သူ့ရဲ့ သေးသိမ်တဲ့ စိတ်ထားကိုကြည့်ပါဦး၊ ကြောင်တစ်ကောင်နဲ့အပြိုင် ငြင်းခုံနေတဲ့ လူကြီးတစ်ယောက်ပဲ၊ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ]
ကမ်းချန်ချန်သည် ရုတ်တရက် လက်နှစ်ဖက်ကို မြှောက်ကာ လက်ချောင်းများကိုဖြန့်၍ ကြောင်တစ်ကောင်အလား ချစ်စဖွယ် ဟန်ဆောင်ကာ မေးသည်။
"အရှင်မင်းသား... ကြောင်လေးနဲ့ ကျွန်တော်မျိုးမ ဘယ်သူက ပိုချစ်စရာကောင်းလဲဟင်"
ဤရုတ်တရက်ဆန်သော လုပ်ရပ်လေးမှာ ယင်ကျန်း၏ နှလုံးသားထဲတွင် ကာလရှည်ကြာငြိမ်သက်နေခဲ့သော ခံစားချက်ကြိုးများကို လှုပ်ခတ်သွားစေခဲ့သည်။ ဘာကြောင့်များ သူမက ပိုပြီးချစ်စရာကောင်းနေတယ်လို့ သူ ခံစားလိုက်ရပါလိမ့်။
ယင်ကျန်းသည် သူမအနီးသို့ တိုးကပ်သွားပြီး ဒူးတစ်ဖက် ထောက်လိုက်ကာ "နှစ်ယောက်လုံး တစ်စက်လေးမှ ချစ်စရာမကောင်းဘူး"
ကမ်းချန်ချန်သည် မကျေမနပ်ဖြင့် စုပ်သပ်လိုက်မိသော် လည်း သူသည် သူမ၏အသက်ကိုပါ ပိုင်စိုးထားသည့် အရှင်သခင်ဖြစ်ကြောင်း ချက်ချင်းသတိရသွားသဖြင့် အတုအယောင် အပြုံးတစ်ခုကိုသာ ဖန်တီးပြလိုက်ရသည်။
ယင်ကျန်းက ထိုအရာကို သတိမထားမိချေ။ သူသည် မျက်လွှာချကာ သူမ၏ လက်ကောက်ဝတ်ကို ဖွဖွလေး ညှစ်ရင်း မေးလာသည်။
"ဒါက နာနေတုန်းပဲလား"
[ရှင် ဘယ်လိုထင်လို့လဲ၊ ပြုတ်ကျပြီး လက်ကောက်ဝတ်လိမ်သွားအောင် ရှင် ကိုယ်တိုင် တစ်ခါလောက်စမ်းကြည့်ပါလား]
[အစလောက်တော့ သိပ်မနာတော့ပါဘူး၊ ဒါပေမဲ့ ရှင် ညှစ်လိုက်မှ ပြန်နာလာတာ... လူယုတ်မာကြီးရဲ့၊ အားလုံး ရှင့်အပြစ်တွေချည်းပဲ]
"အများကြီး သက်သာနေပါပြီရှင်၊ အရှင်မင်းသား ပေးသနားတဲ့ ဆေးကြောင့်ပါ၊ အဲဒီဆေးက တကယ်ကို အစွမ်းထက်တာပဲ"
သူမလေသံသည် နူးညံ့ပျော့ပျောင်းပြီး လိမ္မာနာခံမှု အပြည့်ရှိနေဆဲပင်။ လေထဲမှ ဂွမ်းစလေးကဲ့သို့ ပျော့အိနေကာ အလွယ်တကူ ပုံသွင်းခြယ်လှယ်နိုင်မည့်ဟန်ရှိလေသည်။ သူမ ဟန်ဆောင်နေမှန်းသိသော်ငြား သူမ အတွင်းစိတ်မှ ညည်းညူသံများသာမက အပြင်ပန်းပြောဆိုနေသည့် စကားသံများကပါ သူ့အတွက်တော့ အလွန်နားဝင်ချိုနေဆဲဟု သူ တွေးမိလိုက်သည်။
အထူးသဖြင့် ကမ်းချန်ချန်သည် သူ့အတွက် ခက်ခဲစေမည့် အရာမျိုးကို ဘယ်သောအခါမျှ တောင်းဆိုလေ့မရှိခဲ့ချေ။ ရုတ်တရက်ပေါ်လာသော စိတ်အလိုအရ သူသည် သူမမေးစေ့ကို လက်မနှင့် လက်ညှိုးဖြင့် ဆုပ်ကိုင်ကာ မော့စေလိုက်ပြီး၊ နှုတ်ခမ်းအစုံကို နမ်းရှိုက်လိုက်တော့သည်။
"အွန်း..."
[ဘာလိုဘရုတ်တရက်ကြီးလဲ၊ ဘာတွေ ဖြစ်ကုန်တာလဲ၊ ဘယ်လိုလုပ်ပြီး အနမ်းနဲ့ အဆုံးသတ်သွားရတာလဲ၊ ငါက သူ့ကို သွေးဆောင်ဖြားယောင်းသလိုများ ဖြစ်သွားလို့လား]
[ဒါက ငါ့ရဲ့ ၂၄ နှစ်တာ သက်တမ်းတစ်လျှောက်မှာ ပထမဆုံးအနမ်းဟ!!!]
ဤနေ့တွင်ကား သူ စိတ်ကို မထိန်းချုပ်နိုင်တော့ချေ။ ယင်ကျန်း မျက်မှောင်ကြုတ်သွားလေသည်။ သူမသည် မူလ ကမ်းချန်ချန် အစစ်မဟုတ်မှန်းသူသိသော်လည်း သူမမှာ အမှန်တကယ်ပင် အသက် ၂၄ နှစ် ရှိနေပြီတဲ့လား။ ထိုသည် မှာ မငယ်တော့ပေ။ ယခုဆိုလျှင် သူမသည် အရာများစွာကို နားလည်သဘောပေါက်နေလောက်ပြီဖြစ်သည်။
[ဒါဆို အနမ်းဆိုတာက ဒီလို ခံစားချက်မျိုးလား၊ သူ့နှုတ်ခမ်းတွေက အရမ်းကို နူးညံ့နေတာပဲ၊ အနံ့အသက်ဆိုးမရှိတဲ့အပြင်၊ နံ့သာပေါင်းစုံနဲ့ နှပ်ထားတဲ့ အသားကင်လိုမျိုး မွှေးကြိုင်တဲ့ ရနံ့လေးတောင် ရနေသေးတယ်၊ ဟင်း... တော်တော် အရသာရှိတာပဲ]
[နေပါဦး... ငါလေး ပါးစပ်ကို အတင်းမဟခိုင်းနဲ့လေ၊ နင် ဒီလောက် အတင်းအဓမ္မ လုပ်နေမယ်ဆိုရင် နင့်ကို ငါ ပြန်ကိုက်ပစ်မှာနော်]
[ခဏလေး... သူ့ပါးစပ်ကို မိန်းမဘယ်နှယောက်များ နမ်းဖူးပြီးပြီလဲ၊ အဲဒီနေရာထက်များ ပိုညစ်ပတ်နေမလား၊ ဒီည သူ လီစဲဖူနဲ့ ညစာစားခဲ့တာ မဟုတ်ဘူးလား၊ ဒီကိုမလာခင် သူများကို နမ်းခဲ့သေးလား၊ ဒါဆို ငါကရော လီစဲဖူကို သွယ် ဝိုက်ပြီး နမ်းနေရသလို ဖြစ်မနေဘူးလား]
ထိုအတွေးများကို ကြားလိုက်ရသောအခါ ယင်ကျန်းသည် ဆက်လက်၍ မနမ်းရှိုက်နိုင်တော့ချေ။ သူသည် အနောက်သို့ ဆုတ်ခွာလိုက်ပြီး သူမအား စူးစူးဝါးဝါး စိုက်ကြည့်တော့ သည်။
"ဘယ်သူမှ မရှိဘူး"
ကမ်းချန်ချန်သည် ခေါင်းအုံးပေါ်သို့ မှီကျသွားကာ အသက်ရှူရန် ရုန်းကန်နေရ၏။ သူမအဆုတ်များပင် ပေါက်ကွဲထွက်လုမတတ်ခံစားနေရချိန် ထိုစကားကို ကြားလိုက်ရသောအခါ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်လေသည်။
"အရှင်မင်းသား ဘာပြောတာလဲဟင်"
ယင်ကျန်းမှာ စကားပြန်မပြောတော့ဘဲ သူမ နှုတ်ခမ်းပေါ်တွင် ကျန်ရစ်နေသော ကြည်လင်သည့် တံတွေးစအချို့ကို ဖွဖွလေး ဖိသုတ်ပေးလိုက်သည်။
ကမ်းချန်ချန်လည်း အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ "အရှင်မင်းသားက နောက်တစ်ကြိမ် နမ်းချင်တယ်ဆိုရင်... ကျွန်တော်မျိုးမကို ကြိုပြီးပြောပေးလို့ ရမလား"
ယင်ကျန်းက ရယ်မောလိုက်ပြီး "မင်းက နောက်တစ်ခေါက်နမ်းဖို့ ငါ့ကို တောင်းဆိုနေတာလား"
ကမ်းချန်ချန် စိတ်ထဲတွင် သတိပေးခေါင်းလောင်းသံများ ချက်ချင်းထမြည်လာကာ "မ... မဝံ့ရဲပါဘူး အရှင်မင်းသားရယ်၊ ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့၊ ကျွန်တော်မျိုးမက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်မိတာပါရှင်"
[အင်းလေ... ငါက သတ္တိကြောင်တော့လည်း အခွင့်အရေးရတုန်းလေး ပျော်ရွှင်ချင်ယောင်ဆောင်ပေးလိုက်ရုံပေါ့]
[ငါတို့ နမ်းတောင် နမ်းပြီးသွားပြီ၊ ဆက်ပြီး ငါ ဘာလုပ်ရမလဲ၊ တကယ်တော့ နင်လေးက ရုပ်ချောလွန်းလို့ တို့က သည်းခံပေးနိုင်ပေမယ့် နင်နဲ့တော့ မအိပ်ချင်သေးဘူး၊ ဒီခန္ဓာကိုယ်က အခုမှ အသက် ၁၅နှစ်ပဲ ရှိသေးတာလို့]
ယင်ကျန်းကလည်း ကမ်းချန်ချန်နှင့် အတွေးတူနေပေသည်။ သူသည် လက်ကို ဆန့်ထုတ်ကာ သူမ၏ပါးပြင်ကို ဆွဲညှစ်လိုက်ပြီး သူ့မျက်လုံးထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင် အနည်းငယ်ဖြင့် ငုံ့ကြည့်လိုက်လေသည်။
"မင်းက ဘာတွေများ အရေးကြီးနေလို့လဲ၊ ဝူကော်ကော်ဆိုရင် မင်းထက်သုံးလပဲ ကြီးတာ၊ သူတောင် ငါကိုယ်တော့်ကို အလုပ်အကျွေးပြုစုနေပြီပဲ"
ကမ်းချန်ချန်မှာ ရှက်ရွံ့သွားပြီး အံ့ကြိတ်ထားသော သွားများကို ဖုံးကွယ်ရန် ခေါင်းငုံ့လိုက်ပြ "အရှင်မင်းသား ဘာတွေ ပြောနေတာလဲရှင်"
[သူ အဲဒီလိုပြောထွက်ဖို့ စိတ်ကူးရှိသေးတာပဲလား၊ အသက် ၁၄၊ ၁၅ အရွယ် မိန်းကလေးတစ်ယောက်နဲ့ အိပ်တာက တခြားခေတ်မှာဆိုရင် ရာဇဝတ်မှု မြောက်တယ်ဆိုတာ ရှင်သိရဲ့လား]
[ကျွန်မရဲ့ခန္ဓာကိုယ်လေးက အရမ်းကို နုနယ်သေးတယ်၊ ရှင့်ကို အလုပ်အကျွေးမပြုချင်သေးပါဘူး၊ မတော်တဆ ကိုယ် ဝန်ရသွားရင် ဘယ်လိုလုပ်မလဲ၊ အဲဒါ ကမ္ဘာပျက်တာပဲ မဟုတ်ဘူးလား၊ ရှေးခေတ်မှာ ကလေးမွေးရတာ ဘယ် လောက်တောင် အန္တရာယ်များတယ်ဆိုတာ ရှင် သိလို့လား]
[ဟုတ်တယ်... ငါက တစ်ခါ သေဖူးပြီးသားလူပဲ၊ သေရမှာကို ကြောက်တာတော့ မဟုတ်ဘူး၊ အဓိကက နာကျင်ရမှာကို အရမ်းကြောက်တာ]
ငါကိုယ်တော်ကများ မင်းကို တကယ် လိုအပ်နေတယ်လို့များ ထင်နေလား၊ မိန်းကလေး... ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး အထင်မကြီးစမ်းပါနဲ့...
ယင်ကျန်းသည် သူမ ကိုယ်ဝန်မလိုချင်ဘူးဟု တွေးလိုက်သည်ကို ကြားလိုက်ရသောအခါ အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး ထွက်သွားရန် မတ်တပ်ထရပ်လိုက်သည်။
ကမ်းချန်ချန်သည် အတွေးရေယာဉ်ကြောတွင် နစ်မျောနေဆဲဖြစ်ပြီး သူမ သတိမဝင်လာမီမှာပင် ယင်ကျန်းသည် ထွက်ခွာသွားခဲ့ပြီ ဖြစ်ပေသည်။ သူမမှာ အံ့အားသင့်စွာဖြင့် နှုတ်သာဆက်လိုက်သည်။
"ဒါဆိုလည်း ဂရုစိုက်ကြွပါ အရှင်မင်းသား"
နောက်တစ်နေ့တွင် ကျန်းမားမားသည် သူမအား ဆက်လက်သင်ကြားပေးခဲ့သည်။ သို့သော် ယနေ့တွင် ကျန်းမားမားသည် ရောက်လာသည်နှင့်တစ်ပြိုင်နက် အလွန်ပင် စိတ်ကြည်နူးနေပုံရလေသည်။
ကမ်းချန်ချန်မှာ ထိုအရာကို သတိထားမိသွားပြီး "ကျန်းမားမား... ဒီမနက် ရွှေတွေများ ကောက်ရလို့လား"
ကျန်းမားမားမှာ ရယ်မောလျက် "တချို့အရာတွေက... ရွှေနဲ့ဝယ်လို့မရဘူးလေ၊ ဥပမာ လူတွေကြားက သံယောဇဉ်လိုမျိုးပေါ့"
ကမ်းချန်ချန်မှာ နားမလည်နိုင်ဖြစ်သွားသော်လည်း ထောက် ခံလိုက်သဘ်။
"မားမားက နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်လာတဲ့ အတွေ့အကြုံရှိသူပီပီ၊ ပြောလိုက်တဲ့ စကားတွေက ရိုးရှင်းတဲ့ သစ္စာတရားတွေ ပါဝင်နေတာပဲ"
ထိုညတွင် စုဖေးရှန်းသည် ကျန်းမားမားအား သူ၏မိခင်အရင်းကဲ့သို့ မွေးစားမိခင်အဖြစ် အသိအမှတ်ပြုလိုက်သည်။ သူမသည် မုဆိုးမအဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပြီး ဤမျှကြီးမားသော ကံကောင်းမှုမျိုး ကြုံတွေ့ရလိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။