အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
🌻 Chapter 29
ကျန်းမားမားမှာ ကြီးကျယ်ခမ်းနားသော စားသောက်ပွဲကြီးတစ်ခုကို ပြင်ဆင်ပေးခဲ့ပြီး စုဖေးရှန်းအား ထိုသို့ပြောသည်။
"သား ဉာဏ်ကောင်းတာကို မားမားမြင်ပါတယ်၊ အရှင်မင်းသားအနားမှာ ကြိုးကြိုးစားစား အလုပ်လုပ်ပါ၊ တစ်နေ့ကျရင် ကိုယ်ပိုင်အိမ်တော်ဆောက်နိုင်ပြီး သားကို အလုပ်အ ကျွေးပြုမယ့် ယုံကြည်ရသူတစ်ယောက် ရှာတွေ့လာမှာပါ၊ မားမား အမြဲတမ်းလမ်းညွှန်ပေးပါ့မယ်ကွယ်၊ တို့သားအမိရဲ့ ဘဝတွေက တဖြည်းဖြည်း ပိုကောင်းလာမှာပါ"
စုဖေးရှန်းက "မားမား... သားက မိန်းမစိုးတစ်ယောက် ဖြစ်နေပြီလေ၊ နောင်ကျရင် အိမ်ထောင်ပြုလို့မှ မရတော့တာ"
ကျန်းမားမားက "မိန်းမစိုးဖြစ်တော့ကော ဘာဖြစ်လဲကွယ်၊ ကိုယ့်မှာ ချို့ယွင်းချက်ရှိနေလို့ ကိုယ့်ကိုယ်ကိုယ် အထင်သေးစရာ မလိုပါဘူ၊ တချို့ မိန်းမစိုးတွေဆိုရင် ဇနီးမယားတွေ၊ ကိုယ်လုပ်တော်တွေ ဒါဇင်နဲ့ချီပြီး ယူနိုင်ကြတာပဲ၊ ဆင်းရဲတဲ့ သူတချို့ကျတော့ ကိုယ့်မယားကိုတောင် ပေါင်နှံစားသောက်နေရတာ၊ တို့တွေကသာ ကြိုးစားချင်စိတ်ရှိပြီး အရည်အ ချင်းရှိမယ်ဆိုရင် တို့ဘဝတွေလည်း ပိုကောင်းလာနိုင်တာပဲ"
စုဖေးရှန်းသည် အရသာရှိသော အစားအစာများကို အားပါး တရ စားသောက်ရင်း မျက်လုံးများတွင် မျက်ရည်များဝဲတက်လာသည်။ သူသည် အသက်ရှင်သန်နိုင်ရေးကိုသာ တွေးတောခဲ့ဖူးပြီး အောင်မြင်ကျော်ကြားမှုများအတွက် တစ်ခါမျှ မတွေးမိခဲ့ချေ။
သို့သော် သူ ကျန်းမားမားအား မွေးစားမိခင်အဖြစ် အသိ အမှတ်ပြုရခြင်း၏ မူလရည်ရွယ်ချက်ကို တွေးမိသောအခါ သူ့ ရင်ထဲတွင် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သို့သော် ကွယ်လွန်သွားရှာပြီဖြစ်သော သူ့ အစ်မအတွက် ကမ်းကော်ကော်အား လုံးဝအလွတ်ပေး၍မဖြစ်ပေ။
စုဖေးရှန်း စားသောက်ပြီးနောက် နောင်တရနေသော မျက်နှာထားဖြင့် ပြောလာသည်။
"မားမား... သားရဲ့အစ်မသာ သက်ရှိထင်ရှား ရှိနေသေးရင် သားတို့နှစ်ယောက်လုံး မားမားရဲ့သားနဲ့သမီး ဖြစ်လာမှာ၊ မားမားမှာ သားရော သမီးပါရှိနေရင် ပိုမကောင်းဘူးလားဗျာ"
သူ၏မိသားစု နောက်ခံသမိုင်းကို သိထားသော ကျန်းမားမားက ပြန်နှိမ့်သိမ့်လာသည်။
"ငတုံးလေး... ဘဝဆိုတာ ကြိုတင်ခန့်မှန်းလို့ မရပါဘူးကွယ်၊ သေရေးရှင်ရေးကိစ္စတွေကို ဘယ်လိုလုပ် အတင်းအဓမ္မလုပ်လို့ရမှာလဲ၊ မင်းမှာလည်း မိဘတွေနဲ့ အစ်မ မရှိတော့ဘူး၊ အမေ့မှာလည်း သားနဲ့ ခင်ပွန်းမရှိတော့ဘူး၊ တို့တွေ သားအမိနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အားကိုးပြီး အသက်ရှင်သွားကြတာပေါ့"
စုဖေးရှန်း မျက်နှာသည် နီရဲလာပြီး လက်သီးများကို ဆုပ်ထားလိုက်ကာ "ဒါပေမဲ့ သားရဲ့ အစ်မက အသတ်ခံခဲ့ရတာ၊ သူ ဒီအိမ်တော်ထဲမှာ ကောင်းကောင်းမွန်မွန်နေသွားလို့ ရနိုင်ရက်သားနဲ့လေ"
ကျန်းမားမားသည် အလွန်ထိတ်လန့်သွားပြီး သူ့ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်သည်။
"ငတုံးလေး... ဒီကိစ္စနဲ့ပတ်သက်ပြီး အရမ်းကာရော လျှောက်မပြောရဘူးလေ၊ မင်းရဲ့ အစ်မက အိမ်တော်ထဲကနေ နှင်ထုတ်ခံရပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးသွားတာ၊ ဒါ အိမ်တော်ထဲက ဘယ်သူ့အပြစ်မှ မဟုတ်ဘူး၊ သား မှတ်ထားရမှာက ဘာပဲဖြစ်ဖြစ် ကိုယ့်သခင်ကို ဘယ်တော့မှ မမုန်းရဘူး"
စုဖေးရှန်းက ခေါင်းခါလိုက်ပြီး "မဟုတ်ပါဘူး၊ အရှင်မင်း သားကို သားက ဘယ်လိုလုပ် မုန်းရမှာလဲ၊ အရှင်မင်းသားက သားတို့ကို လက်ခံပေးပြီး အသက်ဆက်ရှင်ခွင့် ပေးခဲ့တာပါ၊ ဒါမှမဟုတ်ရင် သားတို့ ဟဲနန်နယ်မြေက အငတ်ဘေးမှာကတည်းက သေနေလောက်ပြီ၊ ဒါပေမဲ့ အဲဒီ ကမ်းကော်ကော်လေ... သားတို့ မောင်နှမက သူ့အပေါ် ဘာရန်ငြိုးမှမရှိဘဲနဲ့ သူက ဘာလို့များ အရှင်မင်းသားရှေ့မှာ ကုန်းချောစကားတွေ ပြောရတာလဲ၊ သူ သေသွားရင် လျှာဆွဲထုတ်ခံရတဲ့ ငရဲကို ကျမှာ၊ သူ့လျှာတွေ ပုပ်ပွသွားမှာကို မကြောက်ဘူးလား"
စုဖေးရှန်းသည် ပြောလေလေ ပိုမုန်းလာခဲ့သည်။ ကျန်းမားမားမှာမူ သိသိသာသာပင် အံ့အားသင့်သွားပြီး "ဒီကိစ္စမှာ ကမ်းကော်ကော်နဲ့ ပတ်သက်နေတာလား"
ကမ်းချန်ချန်သည် ယမန်နေ့က ယင်ကျန်း တစ်ယောက် အကြောင်းပြချက်မရှိဘဲ ထွက်ခွာသွားသဖြင့် ယနေ့တွင် သေချာပေါက် ပြန်လာမည်မဟုတ်ဟု တွေးထင်ထားခဲ့သည်။
မည်သူထင်မှတ်မည်နည်း ညစာစားပြီးနောက် သူမမှာ နှင်းလုံးလေး၏ ပန်းရောင်နှာခေါင်းလေးနှင့် ကြောင်နားရွက်လေးများကို ဆော့ကစားနေစဉ် သူမရှေ့တွင် အရိပ်တစ်ခု ပေါ်လာကာ မီးရောင်ကို ကွယ်သွားစေခဲ့သည်။
သူမ မော့ကြည့်လိုက်သောအခါ အေးခဲသွားလေတော့သည်။
"အရှင်မင်းသား ကြွလာတာပဲ၊ အပြင်ဘက်က အစေခံတွေက ဘာလို့များ အသိမပေးကြတာလဲ၊ ကျွန်တော်မျိုးမ အရိုအသေတောင် မပေးလိုက်ရပါလား၊ အပြစ်ကြီးလှပါတယ်ရှင်"
ယင်ကျန်းက တည်ငြိမ်စွာပင် "မင်းမှာ ဒီလိုစိတ်ကူးရှိရင်ကို လုံလောက်ပါပြီ၊ မင်း ငါကိုယ်တော့်ကို ဂရုမစိုက်မှာကိုပဲ စိုးရိမ်နေတာ"
[အဲဒါကိုတောင် ရှင် သတိထားမိသွားတာလား၊ ငါလေးရဲ့ သရုပ်ဆောင်စွမ်းရည်တွေများ ကျဆင်းသွားပြီလား]
ကမ်းချန်ချန် အတင်းပြုံးပြလိုက်ပြီး အနေရခက်စွာဖြင့်
"အရှင်မင်းသားက ဘာတွေပြောနေတာလဲရှင်၊ အရှင်မင်းသားက ကျွန်တော်မျိုးမရဲ့ အရာရာပါ၊ ကျွန်တော်မျိုးမရဲ့ အသည်းနှလုံးလေးပါရှင်"
[သူက နေ့တိုင်း မျက်နှာရှုံ့မဲ့ပြီးလာလာနေတာ၊ ပြီးတော့ စောင်းမြောင်းပြီးလည်း ပြောတတ်သေးတယ်၊ တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ၊ ဒါပေမဲ့ ငါ သူ့ကို မလွန်ဆန်ရဲဘူး]
[ဒါဆိုလည်း ချိုသာတဲ့စကားတွေနဲ့ပဲ သူ့ကို ရွံသွားအောင် လုပ်ပစ်ရမှာပေါ့ ဟားဟား]
ယင်ကျန်းသည် လက်ကိုဆန့်ထုတ်ကာ သူမ၏ နားရွက်ဖျားလေးကို ဆွဲညှစ်လိုက်ပြီး စနောက်လာသည်။
"ဒါဆို... မင်း ငါကိုယ်တော့်ကို လွမ်းနေတာပေါ့လေ"
ကမ်းချန်ချန်သည် ခေါင်းငုံ့လိုက်ပြီး ရှက်သွေးဖြာစွာ ပြုံးရင်း "ဒါပေါ့ရှင်"
[လွမ်းရမှာလား၊ ရှင့်ကို ဘယ်လောက်တောင် လွမ်းလဲဆိုရင် ရှင့်ကိုတောင် မမှတ်မိတော့တဲ့အထိပဲ]
[ငါ့နားရွက်ကို မညှစ်နဲ့လေ၊ နာတယ်ဟ၊ နင် ငါ့နားရွက်ကို ထပ်ညှစ်ရင် နင် ပေါင်ကို ပြန်ဆွဲလိမ်ပစ်မှာနော်]
[ပေါင်လို့ ပြောလိုက်မှ သတိရတယ်၊ မနေ့က ကျန်းမားမား အရှိန်နည်းနည်း လွန်သွားပြီး ဒီလူကြီးငယ်ငယ်တုန်းက ရှက်စရာကောင်းတဲ့ ဇာတ်လမ်းကို ငါ့ကို ပြောပြခဲ့တာ]
[ဟီးဟီး... သူက တတိယမင်းသား၊ ပဉ္စမမင်းသားတို့နဲ့ ဘယ်သူ သေးပိုဝေးဝေး ပန်းနိုင်လဲဆိုပြီး ပြိုင်ကြတာတဲ့၊ ပြီးတော့ အရှိန်မထိန်းနိုင်ဘဲ သူ့ဘောင်းဘီတွေ၊ ပေါင်တွေ၊ ဖိနပ်တွေ အကုန် ရွှဲကုန်တာ...]
[ဟားဟားဟား... အဲဒီ ဟာသက ငါ တစ်သက်လုံးတောင် ရယ်နေလို့ရတယ်]
ယင်ကျန်း မျက်နှာသည် စိမ်းကနဲ ဖြစ်သွားသည်။ ဤမိန်းမမှာ သူ့မျက်နှာရှေ့မှာတင် ထိုသို့တွေးဝံ့နေသည်။ သူ၏ နားရွက်များ နီရဲလာကာ အင်္ကျီလက်ကို ခါရမ်း၍ဒေါသတကြီး လှည့်ထွက်သွားသည်။
"ရိုင်းစိုင်းလိုက်တာ"
ကမ်းချန်ချန်မှာ သူ့အား အပြစ်ကင်းစင်ဟန်ဖြင့် ကြည့်ကာ နားမလည်နိုင်ဖြစ်နေသည်။
[ဘာဖြစ်သွားပြန်တာလဲ၊ ငါ ဘာများအမှားလုပ်မိလို့လဲ]
[ဒီလူကြီးက ဘာလို့များ... ဒီလောက် ဒေါသထွက်လွယ်ရတာလဲ၊ တစ်နေ့လုံး ငရုတ်သီးတွေများ စားထားလို့များလား]
[နားမလည်ရင် မေးရမှာပေါ့၊ စကားပြောနေရင်း တစ်ဖက် လှည့်သွားတတ်တဲ့ သူ့ရဲ့ဒီအကျင့်ဆိုးကြီးက ဘယ်လောက်တောင် ကြာနေပြီလဲ၊ ဆေးရော ပုံမှန်သောက်ရဲ့လား၊ နန်းတွင်းသမားတော်တွေရော ပြကြည့်ပြီးပြီလား]
[သူသာ ဧကရာဇ်ခန်းရှီနဲ့ အိမ်ရှေ့စံမင်းသားကို အဲဒီလို ဆက်ဆံရဲရင် သေချာပေါက်ကို...]
[ဟားဟား၊ ငါတော့ မရယ်ဘဲ မနေနိုင်တော့ဘူး၊ ငါ အရင်က ဖတ်ခဲ့ဖူးတဲ့ BL ဝတ္ထုတစ်ခုကို သွားသတိရမိသွားပြီ]
[အေး အဲ့လိုဆိုမှ သူ့တင်ပါးက မက်မွန်သီးမှည့်ကြီးလိုပဲ၊ အရမ်းကို စွင့်ကားပြီးကြီးနေတာ၊ အင်း... ညှစ်ကြည့်လို့ ကောင်းမှာပဲ]
ဤသို့ တွေးနေစဉ်မှာပင် ကမ်းချန်ချန်၏အကျီမှာ ရုတ်တ ရက်တင်းကြပ်စွာ ဆွဲကိုင်ခံလိုက်ရပြီး အပေါ်သို့ ဆွဲမတင်ခြင်း ခံလိုက်ရသည်။ သူမသည် ထိတ်လန့်တကြားမျက်လုံး ပြူးသွားပြီး စကားတစ်ခွန်းကိုသာ ခက်ခက်ခဲခဲ ပြောနိုင်တော့သည်။
"အရှင်မင်းသား..."
ယင်ကျန်းက အံ့ကြိတ်ထားလျက် သူ့ ဒေါသကို ချုပ်တည်းထားရမှုကို သက်သေပြနေသည့်အလား လက်ဖမိုးပေါ်မှ သွေးကြောများပင် ထောင်ထနေလေသည်။
သူက စကားလုံးတစ်လုံးချင်းစီကို ခြိမ်းခြောက်သည့် လေသံဖြင့် အံကြိတ်ကာ ပြောလေသည်။
"ကမ်းချန်ချန်... ငါကိုယ်တော်က ချင်မင်းဆက်ရဲ့မင်းသားတစ်ပါးပဲ၊ မင်းက အခု ငါကိုယ်တော့်ရဲ့ကိုယ်လုပ်တော် တစ်ယောက်သာသာပဲ၊ မင်းကို သေချင်စိတ်ပေါက်သွားအောင် လုပ်နိုင်တဲ့ နည်းလမ်းပေါင်း ထောင်သောင်းမက ငါကိုယ်တော့်မှာ ရှိတယ်"
[ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ]
[ငါ သေချာပေါက် ပြောရဲတယ်၊ သူ့မှာ ပြင်းထန်တဲ့ စိတ်နှစ်ခွရောဂါရှိနေတာပဲ၊ နောက်ဆုံးအဆင့် စိတ်ကစဉ့်ကလျား ရောဂါကြီးဟ]
[ဒါဆိုလည်း ငါက နည်းနည်းလောက် စိတ်ရူးပေါက်ပြလိုက်ဦးမယ်၊ ယင်ကျန်း... ငါက ရှင်ကိုယ်တိုင် ရွေးချယ်ထားတဲ့ ကိုယ်လုပ်တော်လေ၊ ရှင်သာ ငါ့ကို ဒေါသထွက်အောင် လုပ်ရဲလုပ်ကြည့်၊ တရားမဝင်မွေးလာတဲ့ ရှင့်လို မင်းသားကို ငါ ရောင်းစားပစ်လိုက်မယ်၊ ဟီးဟီး...]
ယင်ကျန်း၏မျက်လုံးများ ပိုပြူးကျယ်သွားသည်။
သူ ကမ်းချန်ချန်မျက်နှာ နီရဲလာသည်ကို မြင်သောအခါ ယင်ကျန်းသည် တစ်နေ့တွင် ဤမိန်းမကြောင့်သေရလိမ့်မည်ဟုပင်ခံစားလိုက်ရကာ သူမအား ဖမ်းဆုပ်ထားသော လက်ကို လွှတ်ပေးလိုက်လေတော့သည်။
🌻 Chapter 30
BLဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း သူ နားမလည်သော်လည်း သူမ၏စကားများအရ ကောင်းသောအရာ မဟုတ်ကြောင်း သူ ခန့်မှန်းသိရှိနိုင်ပေသည်။ ထို့အပြင် သူသည် အမှန်တကယ်ပင် အိမ်ရှေ့စံမင်းသား၏ဖင်ကန်ခြင်းကို ခံခဲ့ရပြီး လှေကားထစ်များပေါ်မှ လိမ့်ကျခဲ့ဖူးသည်။
ဤဖြစ်ရပ်မှာ ယမန်နှစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အမှုကိစ္စတစ်ခုနှင့် ပတ်သက်၍ အိမ်ရှေ့စံမင်းသားအား အလျင်စလို အပြိုင်အဆိုင်ငြင်းခုံရန် သွားစဉ် လှေကားထစ်များကို သတိမပြုမိခဲ့ချေ။ အိမ်ရှေ့စံမင်းသားမှာ ရုတ်တရက် ဒေါသတကြီးဖြင့် သူ့အား ထိုသို့ကန်ပစ်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
သူ လိမ့်ကျပြီးနောက် တစ်ကိုယ်လုံး နာကျင်သွားခဲ့သော် လည်း နန်းတွင်းစည်းမျဉ်းများအရ အိမ်ရှေ့စံမင်းသားအား ပြန်လည်တိုက်ခိုက်ခြင်း သို့မဟုတ် စော်ကားခြင်း မပြုလုပ်နိုင်သဖြင့် သတိလစ်ဟန်ဆောင်ကာ ကိစ္စအား ပိုကြီးအောင် လုပ်ရန်သာ သူ စဉ်းစားနိုင်ခဲ့လေသည်။
အဆုံးတွင် အိမ်ရှေ့စံမင်းသားသည် သူ့ခမည်းတော် ဧကရာဇ်ထံမှ ပြစ်တင်ကြိမ်းမောင်းခြင်းကိုသာ ခံခဲ့ရသည်။ သူသည် ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရရုံသာမက သိုင်းပညာညံ့ဖျင်းသည်ဟူသော ဂုဏ်သတင်းပါ ပိုမိုခိုင်မာသွားခဲ့ရာ ဆယ့်ရှစ်ပါးမြောက်၊ နဝမနှင့် ဆယ့်လေးပါးမြောက်ညီတော်များကပင် သူ့အား ကွယ်ရာတွင် လှောင်ပြောင်ခဲ့ကြသည်။
ထိုအချိန်မှစ၍ ခမည်းတော်၏နှလုံးသားတွင် အိမ်ရှေ့စံမင်းသား၏အရေးပါမှုကို သူ ပိုမိုရှင်းလင်းစွာ နားလည်သဘောပေါက်သွားခဲ့ပြီး အိမ်ရှေ့စံမင်းသားအားလူသိရှင် ကြား ကာကွယ်ပေးမည့် သူ့မဟာဗျူဟာကို ခိုင်မာစေခဲ့လေသည်။
နှင်းလုံးလေးမှာ ကမ်းချန်ချန်အပေါ် ယင်ကျန်း၏ရက်စက်ကြမ်းကြုတ်သော အပြုအမူကို မြင်လိုက်ရသောအခါ ခေတ္တမျှ ထိတ်လန့်သွားသည်။ ၎င်း သတိပြန်ဝင်လာသောအခါ ကမ်းချန်ချန်ရင်ခွင်ထဲမှ မတ်မတ်ထရပ်လိုက်ပြီး ယင်ကျန်းအား မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်ကာ သွားများပေါ်သည် အထိ အော်တော့သည်။
"ညှောင်... ဂီး..."
ကမ်းချန်ချန်မှာ ၎င်းပါးစပ်ကို သူမလက်ဖြင့် အလျင်အမြန် ပိတ်ထားလိုက်သည်။
[တိုးတိုးနေစမ်းပါ၊ နင့်ရဲ့ ကြောင်အသက်ကို နင် ဂရုမစိုက်ဘူးလား၊ စတုတ္ထမင်းသားရဲ့ စိတ်ထားက အပ်ပေါက်လောက်ပဲ သေးငယ်တယ်ဆိုတာ နင် မသိဘူးလား၊ စိတ်ဝေဒနာရှင် တစ်ယောက်တောင်မှ လူသတ်ရင် ဥပဒေနဲ့ မငြိဘူး၊ ကြောင်တစ်ကောင်ဆို ပိုဆိုးသေးတာပေါ့]
ယင်ကျန်းသည် အစက သူ့ကိုယ်ပိုင်အတွေးများထဲတွင် နစ်မြောနေခဲ့သည်။ သူ သတိပြန်ဝင်လာသောအခါ ကမ်းချန်ချန်မှာအနေရခက်စွာ ပြုံးရင်း နှင်းလုံးလေး၏ ရှေ့လက်သည်း နှစ်ဖက်ကိုမြှောက်ကာ သူ့ထံသို့ ဆန့်ထုတ်ပေးနေသည်ကို မြင်လိုက်ရလေသည်။
ချစ်စရာကောင်းအောင် ဟန်ဆောင်နေပြန်ပြီ...
ယင်ကျန်းသည် လှောင်ပြုံးပြုံးလိုက်ပြီး အပူပေးထားသော အုတ်ကုတင်ပေါ်သို့ ထိုင်ချလိုက်ကာ အမိန့်ပေးသည်။
"ငါကိုယ်တော့် ခြေထောက်ကို ဆေးပေးစမ်း"
ကမ်းချန်ချန်က သူမ မျက်နှာကို လက်ညိုးထိုးပြကာ
"ကျွန်တော်မျိုးမကို... ပြောတာလားဟင်"
ယင်ကျန်းမှာ သူမအား အစိမ်းလိုက် ဝါးစားတော့မတတ် စူးစူးဝါးဝါး စိုက်ကြည့်လိုက်ရာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ကမ်းချန်ချန် အလျင်အမြန် လည်ပင်းပုဝင်သွားပြီး သူမ ပန်းအိုးပုံသဏ္ဍာန်ဖိနပ်ကို မ၍ ခြေလှမ်းသေးသေးလေးများဖြင့် အပြင်သို့ ပြေးထွက်သွားသည်။ မကြာမီတွင် အစေခံမလေးတစ်ဦးက ခြေဆေးရန် ရေဇလုံတစ်လုံး ယူဆောင်လာပေးလာသည်။
ကမ်းချန်ချန်မှာ အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူလိုက်ပြီး သတ္တိမွေးကာ ကုလားကာကိုမ၍ အထဲသို့ ဝင်လာသည်။ ယင်ကျန်းသည် စာအုပ်ဖတ်နေပြီး သူမအား မည်သည့်အာရုံစိုက်မှုမျှ မပေးချေ။
ကမ်းချန်ချန်သည် ခါးညွှတ်ကာ သူ့ ဖိနပ်များကို ချွတ်ပေး လိုက်သည်။
[သူ့ခြေထောက်တွေ အနံ့ဆိုးထွက်နေမလား မသိဘူး၊ ထွက်နေရင်တောင်မှ သည်းခံရမှာပေါ့လေ၊ ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပိုးရတယ်ဆိုတာ ဒါမျိုးကို ခေါ်တာပဲ]
ယင်ကျန်း : ငါ့ခြေထောက်က အနံ့ဆိုးထွက်တယ်ဟုတ်လား၊ ငါ မြေပြင်ပေါ်က ဖိနပ်ကိုကောက်ယူပြီး သူမကို ပါးရိုက်ပစ်လိုက်ချင်စိတ် ပေါက်လာပြီ
[သူ့ခြေထောက်တွေက အရမ်းကြီးတာပဲ၊ သနားစရာကောင်းတဲ့ ငါ့ရဲ့ နုနယ်လှပတဲ့ လက်ကလေးတွေက ယောကျ်ားတစ်ယောက်ရဲ့ ခြေထောက်ကို ဆေးကြောပေးရတဲ့ အဆင့်ထိ ကျဆင်းသွားတာလား၊ သိကြလား... ငါ့ရဲ့ ဒီတန်ဖိုးကြီးလှတဲ့ လက်ကလေးတွေက နိုင်ငံတော်ရဲ့ရတနာလေးကို အလုပ်အ ကျွေးပြုခဲ့ရတာနော်]
ယင်ကျန်း မျက်ခုံးပင့်လိုက်မိသည် : နိုင်ငံတော်ရဲ့ ရတနာလား၊ အဲဒါ ဘာကို ဆိုလိုတာလဲ၊ အရင်က သူမရဲ့ နောက်ခံက ဘာများလဲ...
[နိုင်ငံတော်ရဲ့ရတနာလေးက လုံးလုံးကစ်ကစ်လေး၊ နူးညံ့သိမ်မွေ့ပြီး အရမ်းချစ်စရာကောင်းတာ၊ အမြဲတမ်း ပွေ့ဖက် ယုယပေးဖို့ တောင်းဆိုတတ်ကြတယ်၊ ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်လဲ၊ ငါ့ရှေ့က ဒီလူကြီးနဲ့တော့ တကယ့်ကို ကွာပါ့]
[ဟူး... အားကျစရာကောင်းတဲ့ အဲဒီအလုပ်လေးကတော့ ထာဝရပျောက်ကွယ်သွားခဲ့ပြီလေ]
နောက်တစ်နေ့တွင် သူ့ စာကြည့်ဆောင်၌ ထိုင်နေစဉ် ယင်ကျန်းမှာ ဘဝကြီးကို ရုတ်တရက် မေးခွန်းထုတ်လာမိသည်။ သူ့အနားက အခြားအမျိုးသမီးများလည်း ကမ်းချန်ချန်လိုပဲ သူ့အား အမြဲတစေဝေဖန်၊ ရယ်မောပြီး အထင်အမြင်သေးနေကြသည်များလား။ သူတို့ အပြင်ပန်းက နာခံမှုနဲ့ မေတ္တာများမှာ သရုပ်ဆောင်နေသည်များလား။ အိမ်ရှေ့စံမင်းသားအပေါ် သူထားရှိသော မေတ္တာမျိုးလို သူ့ကိုယ်လုပ်တော်များမှာ ဟန်ဆောင်ကောင်းသူတွေများ ဖြစ်နေမလား။
ယင်ကျန်းသည် ဗုဒ္ဓဘာသာ ကျမ်းစာတစ်အုပ်ကို တိတ်တ ဆိတ် ကောက်ယူကာ စတင်ဖတ်ရှုတော့သည်။
"ဗောဓိဉာဏ်ကို နှလုံးသားထဲမှာသာ ရှာတွေ့နိုင်တယ်၊ ဘာလို့ အပြင်ဘက်က နက်နဲတဲ့အရာတွေက ရှာဖွေနေရသလဲ"
ယင်ကျန်း ဗောဓိဂါထာအား ရွတ်ဆိုနေသော်လည်း သူ့ လက်များက စိတ်ပျက်လက်ပျက်ဖြင့် ပုတီးစေ့များကို စိတ်နေကာ သူ့စိတ်ထဲတွင် ကမ်းချန်ချန်မျက်နှာကသာ ပြည့်နှက်နေလေသည်။ အရမ်းကို စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလွန်းတယ်၊ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး မျက်နှာနှစ်ဖက် ရှိနေနိုင်ရတာလဲ။ သူ့ နှလုံးသားမှာတွေးလေလေ ရှုပ်ထွေးလာတော့သည်။
ခုနစ်ရက်တိုင်တိုင် ဆုံးမသွန်သင်ခံရပြီးနောက် ကမ်းချန်ချန်သည် ကျန်းမားမား သင်တန်းကျောင်းမှ အားလပ်ရက် တစ်ရက် ရရှိသွားသည်။ သူမသည် ချက်ချင်းယွင်ကျွမ်းအား ကတ္တီပါပန်းအချို့ ယူဆောင်ခိုင်းကာ ဖူကျင်းထံသို့လက် ဆောင်ပေးရန် သွားကြသည်။
ကိုယ်လုပ်တော်အားလုံး စုံညီစွာရှိနေကြသဖြင့် ကမ်းချန်ချန်သည် ဖူကျင်းအား ပန်း ရှစ်ပွင့်၊ လီစဲဖူ နှင့် စုန့်ကော်ကော်တို့အား လေးပွင့်စီအပြင် ချန်ကော်ကော် နှင့် ဝူကော်ကော်တို့အား နှစ်ပွင့်စီ အသီးသီးလက်ဆောင်ပေးခဲ့သည်။
ဖူကျင်းမှာ ကမ်းချန်ချန်၏ ဤကဲ့သို့ အထူးအလေးပေး ဆက်ဆံမှုအတွက် အတော်ပင်ကျေနပ်အားရသွားသည်။
"အရှင်မင်းသားက ညီမလေးကိုအရမ်းမြတ်နိုးတော့ ဒီရက် ပိုင်းအတွင်း အရိုအသေလာပေးစရာမလိုဘူးလို့ အထူးအမိန့်ချမှတ်ထားတယ်၊ ဒီနေ့ ညီမလေးယူလာပေးတဲ့ ကတ္တီပါပန်းလေးတွေက အရမ်းလှတာပဲ၊ အစ်မ တစ်ခါမှ မမြင်ဖူးသေးတဲ့ ဒီဇိုင်းအဆန်းလေးတွေပဲ"
ကမ်းချန်ချန်မှာ အနေရခက်စွာဖြင့် ပြောသည်။
"အစ်မတော်တို့ ကျွန်တော်မျိုးမကို မရယ်ကြပါနဲ့ရှင်၊ အရှင်မင်းသားက ကျွန်တော်မျိုးမရဲ့ လက်ကောက်ဝတ်တွေ ဝက်ခြေထောက်လို ရောင်နေတာကို မြင်တော့ အစ်မတော်တို့ကို လန့်သွားစေမှာစိုးလို့ အရိုအသေလာပေးခွင့် မပြုခဲ့တာပါ၊ တကယ်က အစ်မတော်တို့အတွက် စိတ်ပူပေးတာပါ၊ အရင်က အစ်မတော်တို့က ကျွန်တော်မျိုးမကို ကောင်းကောင်း ဂရုစိုက်ပေးခဲ့ပြီး လက်ဆောင်တွေလည်း အများကြီးပေးခဲ့ကြတာကိုး၊ ဒီရက်ပိုင်းအတွင်း လက်ဆောင်တွေ ပြန်မပေးနိုင်ခဲ့ပေမယ့် အစ်မတော်တို့ကို အမြဲသတိရနေခဲ့တာပါ၊ တိုက်ဆိုင်ချင်တော့ လွန်ခဲ့တဲ့ တစ်လကျော်လောက်က ကောင်းကင်ဘုံက ပန်းနတ်သမီးလေးကို အိပ်မက်မက်ခဲ့တယ်၊ သူက ကျွန်တော်မျိုးမတို့ ရေစက်ရှိတယ်ဆိုပြီး ကတ္တီပါပန်းလေးတွေလုပ်ဖို့ ပန်းပုံစံလေးတွေ ပေးသွားခဲ့တယ်၊ အဲဒီပန်းလေးတွေကို ပန်ဆင်ထားရင် တစ်သက်လုံး ချမ်းသာကြွယ်ဝပြီး ဂုဏ်သရေရှိမယ်လို့လည်း ပြောခဲ့ပါတယ်၊ နိုးလာတဲ့အခါ အဲဒီပုံစံလေးတွေကို မှတ်မိနေတုန်းပဲ၊ အစ်မတော်တို့လို နတ်သမီးလေးတွေနဲ့မှ ဒီလှပတဲ့ ကတ္တီပါပန်းလေးတွေက ထိုက်တန်မယ်လို့ ကျွန်တော်မျိုးမ ယုံကြည်ပါတယ်၊ ဒါကြောင့် ဒီပန်းလေးတွေကို ယူလာခဲ့တာပါရှင်"
သူမပြောပြီးသောအခါ လက်ချောင်းများကို ဆန့်ထုတ်ပြကာ သနားစရာကောင်းအောင် စတင် ဟန်ဆောင်တော့သည်။
"ကြည့်ပါဦး အစ်မတော်တို့ရယ်... ညီမတော်က ဒီကတ္တီပါပန်းလေးတွေ ရဖို့အတွက် လက်ဆယ်ချောင်းလုံးအပ်စူးခံပြီး လုပ်ခဲ့ရတာပါ"
လူအချို့က ဤစကားများကို ယုံကြည်ကောင်း ယုံကြည်နိုင်သော်လည်း အချို့ကမူယုံကြည်မည် မဟုတ်ချေ။ သို့သော် ဤကဲ့သို့သော မင်္ဂလာရှိသည့် စကားမျိုးက လူတိုင်း၏ ရင်ထဲသို့ သက်သောင့်သက်သာ ဖြစ်စေသည်မှာ အမှန်ပင်။