အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
🌻 Chapter 31
ဖူကျင်း ပြုံးလျက် "မိန်းကလေးတစ်ယောက်ရဲ့ လက်တွေက အနုနယ်ဆုံးပဲ၊ ကောင်းကောင်း ဂရုစိုက်ရမယ်လေ၊ ချွင်းစုန့်... ကမ်းကော်ကော်အတွက် ငါ့ရဲ့ ကျောက်စိမ်းအသားအ ရေထိန်း ဆေးရည်လေး သွားယူချေ"
စုန့်ကော်ကော် "ကျောက်စိမ်းအသားအရေထိန်း ဆေးရည်လား၊ အစ်မတော် ပြီးခဲ့တဲ့အကြိမ် နန်းတော်ထဲဝင်တုန်းက သဲ့ဖေးမိဖုရားကြီး ပေးသနားလိုက်တဲ့ ဆေးများလားရှင်"
ဖူကျင်း "ဟုတ်တယ်၊ နန်းတွင်းက အဆင့်မြင့် ဆေးရည်လေ၊ ဒဏ်ရာပေါ် လိမ်းလိုက်ရင် အမာရွတ်မကျန်တော့ဘူး"
ကမ်းချန်ချန် မှာ မြှောက်ပင့်ခံလိုက်ရသကဲ့သို့ ဝမ်းသာသွားသော်လည်း နှိမ့်ချစွာ ပြောလေသည်။
"ကျွန်တော်မျိုးမက ဘယ်လိုလုပ် ဒီလိုတန်ဖိုးကြီးတဲ့ဆေးမျိုးကို သုံးဖို့ ထိုက်တန်မှာလဲရှင်"
ဖူကျင်း တည်ငြိမ်စွာဖြင့် "တို့တွေက ညီအစ်မတွေပဲဟာ၊ ဘာများ အရေးကြီးလို့လဲ၊ ညီမလေးက တို့တွေအတွက် ကတ္တီပါပန်းလေးတွေလုပ်ပေးရင်း ဒဏ်ရာရသွားတာဆိုတော့ ညီမလေးရဲ့ စေတနာက တကယ်ကို ချီးကျူးစရာပါ။"
လီစဲဖူသည် မျက်ခုံးပင့်လိုက်ပြီး သူမ လက်မနှင့် လက်ညှိုးကို အသုံးပြုကာ ကတ္တီပါပန်းတစ်ပွင့်ကို ကောက်ယူကြည့်ရှုလိုက်သည်။ ထို့နောက် ရွံရှာသည့် အမူအရာဖြင့် ပြန်လွှင့်ပစ်လိုက်ပြီးပြောသည်။
"သြော်... နင် ကိုယ်တိုင် လုပ်ထားတာပေါ့လေ၊ ဒါကြောင့် လက်ရာက ဒီလောက်ကြမ်းတမ်းနေတာကိုး၊ နင်က ဒီရက် ပိုင်း အတော်လေးမျက်နှာသာပေးခံနေရတယ် မဟုတ်လား၊ အဲဒါကို ဒီလိုစုတ်ပြတ်နေတဲ့ လက်ဆောင်မျိုးပေးရသလား"
ထိုစကားကို ကြားသောအခါ ကမ်းချန်ချန်မှာ မခံမရပ်နိုင်ဖြစ်သွားပုံပေါ်ကာ မျက်ရည်နှစ်ပေါက် ကျလာတော့သည်။ အမှန်တကယ်ပင် အပြင်ပန်းအခြေအနေအရ ကြည့်မည်ဆိုလျှင် စတုတ္ထမင်းသားက သူမထံသို့ ညတိုင်းလာရောက်လေ့ရှိသဖြင့် သူမမှာ မကြာသေးမီက အချစ်ခံရဆုံးသူ ဖြစ်နေပေသည်။ စတုတ္ထမင်းသားသည် အချိန်ခဏမျှသာနေလေ့ရှိသော်လည်း အခြား မည်သူ့ထံတွင်မျှ ညအိပ်လေ့မရှိဘဲ သူ့ စာကြည့်ဆောင်သို့သာ ပြန်၍အိပ်လေ့ရှိသည်။
သို့သော် လက်တွေ့တွင်မူ သူမမှာ ဘာအပြစ်မှမလုပ်ထားဘဲနှင့် စိတ်ဝေဒနာရှင်တစ်ယောက်၏ ရုတ်တရက် ဒေါသပေါက်ကွဲမှုများအား အမြဲတစေ စိုးရိမ်ပူပန်နေရသည့် နာကျင်မှုကို မည်သူက နားလည်ပေးနိုင်မည်နည်း။
ယင်ကျန်းတွင် စိတ်နှစ်ခွရောဂါ ရှိနေသော်လည်း သူသည် နန်းတွင်းသမားတော်များကို ပြသခြင်း မရှိခဲ့ပေ။ အဘယ့်ကြောင့်ဆို သူခမည်းတော်ခန်းရှီဧကရာဇ် တောင်သိသွားပါက သူ၏ နန်းမွေဆက်ခံရေး အစီအစဉ်ကို ထိခိုက်မည် စိုးရိမ်သောကြောင့် ဖြစ်နိုင်သည်။ ထို့အပြင် အခြား အမျိုးသမီးများ၏ ရှေ့တွင်လည်း ရောဂါဖောက်လေ့မရှိဘဲ သူမအခန်းတွင်း၌သာ ရံဖန်ရံခါ ဖောက်လေ့ရှိသည်။
သို့သော် ဤလျှို့ဝှက်ချက်ကို သူမ ဖွင့်ဟပြောဆို၍မဖြစ်ပေ။ သူမသာ ပြောလိုက်ပါက အသတ်ခံရမည်မှာ သေချာသည်။ ထို့အပြင် သူမ ပြောပြလျှင်တောင်မှ အခြားသူများက ယုံကြည်ကြမည် မဟုတ်ချေ။
ကမ်းချန်ချန် စိတ်မပျော်မရွှင် ဖြစ်သွားသဖြင့် သူမ စကားများတွင်လည်း ခံစားချက်အစစ်အမှန်အချို့ ပါဝင်လာခဲ့သည်။
"လီစဲဖူ... အစ်မတော် ဘာကို ဆိုလိုတာလဲဆိုတာ ညီမ နားမလည်ပါဘူးရှင်၊ အရှင်မင်းသားက သဘောထား ပြည့်ဝပါတယ်၊ ညီမတော်ရဲ့ ခြံဝင်းကို လာတာကလည်း လက်ကောက် ဝတ်က ဒဏ်ရာကို လာကြည့်ပေးရုံသက်သက်ပါ၊ တခြား ရည်ရွယ်ချက် ဘာမှ မရှိပါဘူး၊ ပြီးတော့ ညီမတော်က မျက်နှာသာပေးခံရတာကို အခွင့်ကောင်းယူပြီး အရှင်မင်းသားဆီက ဘာကိုမှ မတောင်းဆိုဖူးပါဘူးရှင်"
ထိုစကားတစ်ခွန်းက ယင်ကျန်းထံမှ ပစ္စည်းများ တောင်းလေ့ရှိသော လီစဲဖူအား ခနဲ့လိုက်သည့်အလား ဖြစ်သွားလေသည်။ သူတို့ ထင်သည့်အတိုင်းပင် လီစဲဖူက အေးစက်စွာဖြင့် မေးလာသည်။
"နင် ဘာပြောချင်တာလဲ"
ကမ်းချန်ချန်သည် သူမစကားများ၏ ရိုက်ခတ်အားကို သတိပြုမိသွားပြီး ပခုံးလေးကိုအလျင်အမြန် ကျုံ့ထားလိုက်ကာ ကြောက်ရွံ့တတ်သော ဟန်ပန်ကို ဆက်လက်ထိန်းသိမ်းရင်း တိုးညင်းစွာပြောလေသည်။
"ဘာ... ဘာမှ မဟုတ်ပါဘူးရှင်၊ ခုနက ကျွန်တော်မျိုးမ ပြောလိုက်တဲ့ စကားတွေကြောင့် အစ်မတော် စိတ်အနှောင့်အ ယှက် ဖြစ်သွားတယ်ဆိုရင်၊ ချက်ချင်း တောင်းပန်ပါတယ်ရှင်၊ တောင်းပန်ပါတယ်"
ထိုသို့ပြောပြီးနောက် သူမသည် အရိုအသေပေးလိုက်လေသည်။ ဖူကျင်းသည် သူမဘေးရှိ ကုလားထိုင်၏လက်တန်းကို မှီထားရကာ သူမမျက်ခုံးများကို လုံးဝဖြေလျှော့ထားပြီး နှုတ်ခမ်းထောင့်များတွင် အနည်းငယ် ပြုံးယောင်သန်းနေလေသည်။ ကြည့်ရသည်မှာ ကမ်းချန်ချန်သည် လီစဲဖူဘက်တွင် ရှိမနေပုံရသည်။
သူမလည်း ထိုသို့တွေးထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လီစဲဖူမှာ မောက်မာပြီး ဗိုလ်ကျတတ်ကာ၊ မနာလိုဝန်တိုစိတ်လည်းများသဖြင့် လူတိုင်းအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ မဟုတ်ပါလား ?
စုန့်ကော်ကော် အသံလေးသည် နွေဦးရာသီ၏လေပြေလေညင်းကဲ့သို့ နူးညံ့သိမ်မွေ့စွာ ပျံ့လွင့်လာသည်။
"စကားပုံတစ်ခု ရှိတယ်လေ၊ လာဘ်စားတဲ့သူကကျေးဇူးဆပ် ရမယ်တဲ့၊ လီစဲဖူ မပန်ချင်ဘူးဆိုရင်၊ အဲဒီ ကတ္တီပါပန်းလေးကို ညီမတော်ဆီပြန်ပေးလို့ရပါတယ်၊ ညီမကတော့ ကမ်းကော်ကော် လုပ်ထားတဲ့ ပန်းဒီဇိုင်းလေးတွေက အရမ်းကို ထူးခြားဆန်းသစ်တယ်လို့ ထင်တယ်၊ တချို့အရာတွေက သာမန်လူတွေ ခံစားနားလည်နိုင်ဖို့ အရမ်းကို သိမ်မွေ့နက်နဲလွန်းနေတတ်တယ်၊ ကိုယ့်မှာ အနုပညာခံစားနိုင်စွမ်းမရှိရင် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမှာပေါ့၊ တခြားတစ်ယောက်ရဲ့လက်ရာကို ဝေဖန်နေစရာ မလိုပါဘူး"
ကမ်းချန်ချန်သည် စုန့်ကော်ကော်အားကြည့်ကာ ရှက်ရွံ့စွာဖြင့် ပြုံးပြလိုက်သည်။
[မြင်တယ်မလား၊ ပညာတတ်တဲ့သူက စကားလုံးနည်းနည်းလေးနဲ့ပဲ နင့်ကို ပါးစပ်ပိတ်သွားအောင်လုပ်နိုင်တယ်၊ ငါ့လို ပညာမတတ်တဲ့သူလည်း နင့်ကို ပါးစပ်ပိတ်အောင် လုပ်နိုင်ပါတယ်၊ ဒါပေမဲ့ ငါက သတ္တိကြောင်တော့ ကွယ်ရာမှာနဲ့ စိတ်ထဲမှာပဲ လုပ်ရဲတာ]
လီစဲဖူသည် စားပွဲကို ဒေါသတကြီး ရိုက်ချလိုက်ပြီး အော်လေသည်။
"စုန့်ကော်ကော်... နင်က ငါ့ကို ဒီလို စကားမျိုးပြောရဲတယ်ပေါ့လေ၊ နင်နဲ့ငါ အဆင့်အတန်းကွာတယ်ဆိုတာ မသိဘူးလား၊ ဒူးထောက်စမ်း"
သူမသည် စဲဖူ တစ်ယောက်အနေဖြင့် အခြားကိုယ်လုပ်တော်ငယ်များအား ထိန်းချုပ်ပိုင်ခွင့် အမှန်တကယ် ရှိပေသည်။ စုန့်ကော်ကော် မျက်မှောင်ကြုတ်လိုက်ပြီး မတ်တပ်ရပ်လိုက်ရာ သူမခန္ဓာကိုယ်လေးမှာ လေထဲမှ မိုးမခပင်လေးကဲ့သို့ ယိမ်းယိုင်နေပြီး မေ့လဲကျသွားတော့မည့်ဟန် ရှိသည်။
"စုန့်ကော်ကော်... ထိုင်နေလိုက်"
ဖူကျင်းမှာ စုန့်ကော်ကော်အား ဩဇာအပြည့်ဖြင့် ကာကွယ်ပေးလိုက်ပြီး လီစဲဖူဘက်သို့ လှည့်ကာ မျက်မှောင်ကြုတ်လျက်ပြော၏။
"တို့တွေက ညီအစ်မတွေပဲဟာ၊ ပြောတာတွေ အားလုံးက စေတနာနဲ့ ပြောကြတာချည်းပဲ၊ ဘာလို့ ဒီလောက်အလေးအနက်ထားနေရတာလဲ၊ ဒီနေ့ နင်က သူ့ကို အပြစ်ပေး၊ မနက်ဖြန် ငါက နင့်ကို ပြန်အပြစ်ပေးနဲ့ လုပ်နေကြရင် စတုတ္ထမင်းသားသာ သိသွားကြည့် တို့အိမ်တော်ထဲမှာ ပြဿနာတွေ ရှိနေတယ်လို့ ထင်သွားလိမ့်မယ်၊ အဲဒါက အရှင်မင်းသားရဲ့ စိတ်အခြေအနေကို ထိခိုက်စေပြီး တို့တွေရဲ့ အပြစ် ဖြစ်သွားလိမ့်မယ်"
စုန့်ကော်ကော်မှာ ဦးဆောင်၍ထောက်ခံသည်။
"ဖူကျင်းပြောတာ မှန်ပါတယ်ရှင်"
အခြားသူများကလည်း ဝိုင်းဝန်းထောက်ခံကြလေသည်။ ဖူကျင်းသည် အလွန်ပင် ပြတ်သားသေချာစွာ ပြောဆိုလိုက်ပြီး သူမ၏ အဆင့်အတန်းမှာ လီစဲဖူထက် မြင့်မားနေသဖြင့် လီစဲဖူမှာ ဒေါသများကို မြိုသိပ်ထားရတော့သည်။
စတုတ္ထမင်းသား စိတ်အခြေအနေမှာ သူမ အမှန်တကယ် ဂရုစိုက်ရမည့်အရာ ဖြစ်နေပေသည်။ သူမသည် ကိုယ်ပိုင် အဆင့်အတန်းနှင့် မိခင်ဘက်မှ ဆွေမျိုးအသိုင်းအဝိုင်း၏ အင်အားရှိနေသော ဖူကျင်းနှင့်မတူဘဲ သူမ ခံစားစံစားနေရသော စည်းစိမ်ချမ်းသာအားလုံးမှာ စတုတ္ထမင်းသား၏ မျက်နှာသာပေးမှုအပေါ်တွင်သာ မူတည်နေခြင်းဖြစ်သည်။
မျက်နှာသာပေးခံရခြင်းအကြောင်း တွေးမိသောအခါ လီစဲဖူသည် ကမ်းချန်ချန်အား မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်ပြီး ဤမြေခွေးမလေးတွင် အရှင်မင်းသား၏နှလုံးသားကို ဆွဲဆောင်နိုင်လောက်အောင် မည်သည့်အရာများ ကောင်းမွန်နေသနည်းဟု တွေးတောနေမိသည်။
ဝူကော်ကော်သည်လည်း ဤတစ်ကြိမ်တွင် လီစဲဖူ ဘက်မှ ဝင်ရောက်ပြောဆိုပေးခြင်းမရှိဘဲ လူတိုင်း သူမအားပစ်မှတ်ထားနေကြသည်ကိုသာ အေးတိအေးစက် စောင့်ကြည့်နေသည်။
ဟွန့်... အစကတော့ လီစဲဖူကို တကယ်သဘောထားပြည့်ဝပြီး ပွင့်လင်းတဲ့ စရိုက်ရှိတယ်လို့ ထင်ခဲ့လို့ ဖားယားပြီး သူ့နောက်ကလိုက်ဖို့ ကြိုးစားခဲ့တာ၊ ဒါပေမဲ့ တစ်လလောက် ကြာတော့ သူ့စရိုက်ကို သေချာသိသွားပြီ၊ လုံးဝကို အကြောင်းပြချက်မဲ့ပြီး၊ ရန်ပဲတွေ့တတ်တဲ့ မိန်းမကြီး၊ မနေ့က ငါ သူ့ဆီကို သွားလည်တုန်းက လက်လွန်ပြီး လက်ဖက်ရည်ပန်းကန်လုံးလေး ကွဲသွားတာကို နင်က ငါ့ကိုဆဲဆိုပြီး ပါးပါ ရိုက်လိုက်သေးတယ်၊ နင့်ရဲ့ ကိုယ်ပိုင်အစေခံမလေး ရင်းလော့က ငါ့ကို ပေးတဲ့ လက်ဖက်ရည်က ဘယ်လောက်တောင်ပူလောင်နေလဲဆိုတာကို နင် နည်းနည်းလေးမှ မတွေးဘဲနဲ့၊ ငါက နင့်ခြံဝင်းထဲကို တမင် ပြဿနာလာရှာတယ်ဆိုပြီး အပြစ်တွေ အကုန် ငါ့အပေါ် ပုံချလိုက်တာ၊
ဒီရက်ပိုင်း အရှင်မင်းသားက နင့်ဆီကိုမလာဘဲ ဒီကို လာနေလို့ဆိုပြီး နင် ထင်နေတာလား၊ ငါ အရှင်မင်းသားကို နောက် ဆုံးတွေ့ခဲ့ရတာ နှစ်သစ်ကူးနေ့ကတည်းကလေ၊ ငါ့အခြေအ နေက နင့်ထက်တောင် ဆိုးနေသေးတာ မဟုတ်ဘူးလား၊ ဟွန့်... နင်က အဆင့်အတန်းပိုမြင့်နေပြီး ငါ နင့်ကို မလွန်ဆန်ရဲလို့သာ မဟုတ်ရင် ငါဆိုတဲ့ ဝူကော်ကော်က အဲဒီပါးရိုက်ခံရတာကို သေချာပေါက်ပြန်ဆပ်မှာ၊ ပြီးတော့ နင့်ထက် အဆပေါင်းများစွာ ပိုပြင်းအောင်ရိုက်ပစ်မှာ၊ အစတည်းက ဝိုင်းစက်နေတဲ့ နင့်မျက်နှာကို ဝက်ခေါင်းကြီးလို ရောင်ကိုင်းလာတဲ့အထိ ရိုက်ပစ်မှာ...
ဖူကျင်းအဆောင်မှ ပြန်ထွက်လာသောအခါ ကမ်းချန်ချန် သည် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ လူတိုင်းမှာ လီစဲဖူအား ပိုပြီးမုန်းတီးနေကြပုံရ၍ သူမအနည်းငယ် စိတ်အေးသွားရသည်။
သူမ၏အကြောင်းပြချက် မရှိသော မျက်နှာသာပေးခံရမှုက ရန်သူများစွာ မတိုးလာစေခဲ့ပုံရပေသည်။ အနည်းဆုံးတော့ ဖူကျင်းအမြင်တွင် လီစဲဖူသည် အကြီးမားဆုံးသောခြိမ်း ခြောက်မှုတစ်ခု ဖြစ်နေဆဲ မဟုတ်ပါလား။
🌻 Chapter 32
အမှန်ပင် သူမလည်း ဇာတ်ကြောင်းတစ်ခုလုံးကိုသာ မသိထားပါက လီစဲဖူအား မုန်းကောင်းမုန်းနိုင်သည်။ ဖူကျင်း ကလေးများသည် အသက်ကိုးနှစ်သာရှိပြီး လီစဲဖူ တစ်ယောက်သာလျှင် သားတော်နှစ်ပါး ရှိနေခြင်းဖြစ်သည်။ ယင်ကျန်းမှာ ဒုတိယသားတော်မှာ ဉာဏ်ရည်ထက်မြက်ကြောင်းနှင့် နွေဦးပွဲတော်အပြီးတွင် ပထမသားတော်နှင့်အတူ စာကြည့်ဆောင်ငယ်၌ ပညာသင်ကြားခွင့် ပြုမည်ဖြစ်ကြောင်းပင် ပြောထားခဲ့သည်။
ထို့အပြင် လီစဲဖူသည် အလွန်ကျန်းမာသန်စွမ်းပြီး ကလေးအများအပြား မွေးဖွားနိုင်ကာ သားတော်များအပြင် သမီးတော် တစ်ပါးလည်း ရှိနေသေးသည်။ ယင်ကျန်းမှာ ဤတစ်ဦးတည်းသော သမီးတော်လေးကို အလွန်အလိုလိုက်ပြီး သားတော်နှစ်ပါးပင် မရရှိခဲ့သော ရွှေသီးသန့်ဖြင့် ပြုလုပ်ထားသည့် အသက်ရှည်ကျန်းမာစေသော ဆွဲကြိုးလေးကိုပင် ကိုယ်တိုင် ထွင်းထုပေးခဲ့သေးသည်။ ထိုသည်မှာ စုန့်ကော်ကော်၏သမီးတော်လေးမှာ တစ်လပင် မပြည့်မီ ကွယ်လွန်သွားခဲ့ရသောကြောင့် သူ့ရင်ထဲတွင် နောင်တရနေဆဲဖြစ်သောကြောင့်လည်း ဖြစ်နိုင်သည်။
ကမ်းချန်ချန်ကမူ ယင်ကျန်းသည် အမှန်တကယ်ပင် ခံစားချက်များကို ပွင့်လင်းစွာ ဖော်ပြတတ်သော လူတစ်ယောက်ဟု ထင်မြင်မိသည်။ သူမအနေဖြင့် သူ့ ဝမ်းမြောက်ပျော်ရွှင်မှုများကို မမြင်နိုင်သည်မှာ သေချာသော်လည်း သူ့ဒေါသများ သည်တော့ အံ့မခန်းပင်။
ကျန်းမားမားသည်တော့ အလွယ်တကူစွပ်စွဲခံရသူဖြစ်သည်။ သူမ မွေးစားသား၏စကားကိုပင် မယုံကြည်လျှင် အခြားမည်သူကိုမှ ယုံကြည်မည်မဟုတ်ချေ။ ထို့ကြောင့် စုဖေးရှန်း၏နေ့စဉ် ကုန်းချောမှုများအောက်တွင် သူမသည် ကမ်းချန်ချန်အပေါ် ရန်လိုစိတ်များဖြစ်ပေါ်လာခဲ့သည်။
ထို့အပြင် သူမတွင် အခြားသော စိုးရိမ်ပူပန်မှုတစ်ခုလည်း ရှိနေသေးသည်။ ထိုနေ့က ကမ်းချန်ချန် ခြံဝင်းထဲတွင် သူမ အရက်ခွက် အနည်းငယ် ပိုသောက်မိသွားခဲ့ရာ မပြောသင့်သည်များကိုများ ပြောမိသွားခဲ့လားဟူ၍ပင်။ သူအိမ်ပြန်ရောက်ပြီးနောက် အချိန်အကြာကြီး စဉ်းစားကြည့်သော် လည်း မမှတ်မိခဲ့ချေ။ သို့သော် ထိုကိစ္စသည် သူမခေါင်းပေါ်တွင် အမြဲ တွဲလွဲဆွဲထားသော ဓားတစ်လက်ကဲ့သို့ စိတ်ထဲတွင် စွဲထင်နေသည်။
သို့ဖြစ်ရာ ကမ်းချန်ချန်၏အရက်တိုက်မှုများကိုလည်း သူမ မကျေမနပ် ဖြစ်နေမိသည်။ သူမသည် ကမ်းချန်ချန်မှာ အရက်သောက်ကာပြောရသည့် ကဗျာများကို မည်သည့်နေရာမှ ရလာသည် မသိသော်လည်း အလွန်ပင် ကျွမ်းကျင်ပိုင်နိုင်လွန်းလှသဖြင့် သူမအား အရက်ခွက်ပေါင်းများစွာ သောက်မိစေခဲ့သည်။
ထိုနေ့ မွန်းလွဲပိုင်းတွင် သူမ မူးယစ်သွားကာ စကားတွေ အများကြီးပြောမိခဲ့ပြီး အမူးပြေဟင်းရည်သောက်ပြီးနောက် မွန်းလွဲပိုင်းတွင် အမူအကျင့်သင်တန်းကို ဆက်လက် သင်ကြားပေးခဲ့ရသည်။
သူမမှာ ပုံမှန်အားဖြင့် ခက်ထန်ပြီး စည်းကမ်းများကို တင်းကြပ်စွာ လိုက်နာတတ်သော်လည်း အရက်အနည်းငယ် ဝင်သွားသည်နှင့် သူမပါးစပ်ကို မထိန်းချုပ်နိုင်တော့ဘဲ မည်သည့်စကားမဆို ထွက်လာတတ်သည်။ သူမ၏ ကွယ်လွန်သူ ခင်ပွန်းမှာ အရက်မူးလျှင် လူကို ရိုက်နှက်တတ်ပြီး သူမကမူ အရက်သောက်လျှင် စကားများတတ်သူ ဖြစ်သည်။
တစ်ခါတစ်ရံတွင် သူမ တွေးမိသည်မှာ သူမ အရက်သမားခင်ပွန်းသာ ငယ်ငယ်ရွယ်ရွယ်နှင့် မသေဆုံးခဲ့ပါက သူမ၏ သားကဲ့သို့ပင် သူမလည်း သူ့ ရိုက်နှက်မှုကြောင့် သေဆုံးသွားလောက်ပြီဖြစ်သည်။ ထိုရှုထောင့်မှကြည့်လျှင် မုဆိုးမ ဖြစ်ရခြင်းမှာ ကံကောင်းခြင်းတစ်ခုပင်။ အနည်းဆုံးတော့ သူမ၏ အသက်ကို ကယ်တင်နိုင်ခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့် ကျန်းမားမား ခွင့်ယူပြီး ပြန်လာသောအခါ ကမ်းချန်ချန်ခြံဝင်းသို့ ထပ်မံလာရောက်စဉ် ကမ်းချန်ချန်အား ပိုမျက်မုန်းကျိုးလာခဲ့သည်။ ယင်ကျန်းက သူမ၏ တိုးတက်မှုအခြေအနေကို မေးမြန်းသောအခါ၌ပင် ကျန်းမားမားသည် ကုန်းချောတိုက်ခဲ့သည်။
"ကမ်းကော်ကော်က ဒီရက်ပိုင်း သင်ယူတာအရမ်းမြန်ပါတယ်၊ ဒီအစေခံအိုကြီး အရမ်းဝမ်းသာမိပါတယ်၊ ဒါပေမဲ့..."
ယင်ကျန်းကမေးသည်။
"ဒါပေမဲ့ ဘာဖြစ်လဲ"
ကျန်းမားမားက စကားထစ်ငေါ့စွာဖြင့် "ဒါပေမဲ့... ကမ်းကော်ကော်က အမူအကျင့်တွေ သင်ယူရတာကို မကျေမနပ်ဖြစ်နေပုံရပြီး စိတ်အခြေအနေလည်း မကောင်းပါဘူးရှင်"
ယင်ကျန်းနဖူးကို လက်ဖြင့်ဖိလျက် ပြန်ပြောသည်။
"အဲဒါကတော့ သူ့ရဲ့အစစ်အမှန် ခံစားချက်ဖြစ်မှာ သေချာတယ်"
ဟမ်း... ဒါပေမဲ့ ငါက သူ့ကို အတင်းအကျပ်လုပ်ဖို့ ဆုံးဖြတ်ထားပြီးသားပဲ၊ ဒီမျက်နှာနှစ်ဖက်နဲ့မိန်းမကို သင်ခန်းစာ ပေးရမယ်...
ကျန်းမားမားက "ကမ်းကော်ကော် ရဲ့ စိတ်အခြေအနေ မကောင်းတာက ခြံဝင်းထဲက အစေခံမလေးတွေအပေါ်မှာပါ သွားသက်ရောက်နေပါတယ်၊ ကျွန်မ လေ့လာကြည့်မိသလောက်ဆိုရင် ကမ်းကော်ကော်ရဲ့ အခန်းထဲက အစေခံမလေးလေးယောက်စလုံးရဲ့ လက်ချောင်းထိပ်တွေမှာ သွေး စွန်းနေတဲ့ အပေါက်ငယ်လေးတွေ အများကြီးရှိနေပါတယ်၊ အပ်စူးထားတာနဲ့ တူပါတယ် ဒါမှမဟုတ် အလုပ်လုပ်နေတုန်း အာရုံလွင့်သွားလို့လည်း ဖြစ်နိုင်လောက်ပါတယ်"
ကျန်းမားမားသည် ယင်ကျန်း၏ သံသယကို လှုံ့ဆော်ရန်နှင့် ကမ်းချန်ချန်အား ရက်စက်ကြမ်းကြုတ်သူဟု ထင်မြင်လာစေရန် ဤစကားများကို တမင်တကာပြောဆိုခဲ့ခြင်းဖြစ်ပြီး ထိုသို့ဖြင့် သူမကိုယ်တိုင် မည်သည့်တာဝန်ယူမှုမှ ကင်းလွတ်စေရန်ဖြစ်သည်။
အမှန်တကယ်တွင်မူ ကမ်းချန်ချန်သည် ယွင်ကျွမ်ထံမှ ကတ္တီ ပါပန်း ပြုလုပ်နည်းကို သင်ယူနေစဉ် အခြားသော အစေခံမလေး သုံးယောက်သည်လည်း အတူတကွသင်ယူကာ ဆော့ကစားနေခဲ့ကြခြင်းဖြစ်သည်။
ကောင်းမွန်စွာ ပြုလုပ်နိုင်သူများအား ကမ်းချန်ချန်မှာ လက် ဆောင် ပေးတက်သည်။ ဤနည်းဖြင့် ကမ်းချန်ချန်သည် အချိန်တိုအတွင်း ကတ္တီပါပန်း အများအပြားကို စုဆောင်းနိုင်ခဲ့ခြင်းဖြစ်သည်။
သူမက ဖူကျင်းနှင့် အခြားသူများအား ထိုပန်းများကိုပေးရခြင်း၏ အကြောင်းရင်းမှာ သူမကိုယ်တိုင် ပြုလုပ်ထားခြင်းကြောင့်ဟု ဆိုသော်လည်း အမှန်တွင်မူ အစေခံမလေးများ အတူတကွ သင်ယူပြုလုပ်နေကြသည်ဟူသောအချက်အား သူမ ခြံဝင်းအတွင်း၌ လျှို့ဝှက်ထားခဲ့ခြင်းဖြစ်သည်။
မျက်စိရှင်သော ကျန်းမားမားသည် အစေခံမလေးများ၏ လက်ချောင်းများပေါ်ရှိ အပ်စူးထားသော အရာများကို သတိထားမိသွားသော်လည်း အကြောင်းရင်းကိုမူမသိခဲ့ပေ။ သူမအတိတ်က အတွေ့အကြုံများအရ ၎င်းသည် ကမ်းကော်ကော်လက်ချက်ဖြစ်မည်ဟုသာ ခန့်မှန်းလိုက်သည်။
မည်သို့ပင်ဖြစ်စေ နန်းတော်ထဲတွင် စိတ်ကောက်ကျစ်သော ကိုယ်လုပ်တော်များနှင့် အထိန်းတော်ကြီးများသည် သူတို့၏ အစေခံမလေးများကို ဤသို့ပင် ပြုမူတတ်ကြသည် မဟုတ်ပါလား။ သူမ ငယ်ရွယ်စဉ်ကလည်း ထိုသို့ဆက်ဆံခံခဲ့ရပြီး လက်ပေါ်တွင်သာမက တစ်ကိုယ်လုံး၌ပါ အပ်စူးရာများ ကျန်ရစ်ခဲ့ဖူးသည်။
နန်းတော်ထဲတွင် ကြီးပြင်းလာခဲ့သောယင်ကျန်းသည် ဤကဲ့သို့သော ကိစ္စများကို သဘာဝကျကျပင်နားလည်ထားလေသည်။ ထို့ကြောင့် သူက ချက်ချင်းဟန့်တားလိုက်သည်။
"တော်တော့... ဒီကိစ္စကို အပြင်မှာ မပြောရဘူး၊ မင်းက ကမ်းကော်ကော်ကို သင်ကြားပေးဖို့ တာဝန်ရှိတာဆိုတော့ မင်းရဲ့ တာဝန်ကိုပဲ မင်းကျေပွန်အောင်လုပ်ပါ၊ တခြား ဘာကိုမှ မပြောနဲ့၊ ဘာကိုမှလည်း လိုက်မကြည့်နဲ့"
ကျန်းမားမားမှာ လည်ပင်းကို ပုလိုက်ပြီး "ဟုတ်ကဲ့ပါရှင်၊ ဒီအစေခံအိုကြီး မဆင်မခြင် မပြောရဲပါဘူး"
သူမ၏ လက်ဖဝါးများတွင် အေးစက်သော ချွေးများပင် ထွက်လာခဲ့ပြီဖြစ်သည်။ သူမသည် ယင်ကျန်း၏ နို့ထိန်းတစ်ဦးဖြစ်ခဲ့သဖြငိ့ သူ့ အမြင်တွင် သူမသည် အထိုက်အလျောက် လေးစားမှု ရရှိထားသူ ဖြစ်သည်။ သို့မဟုတ်ပါက သူကိုယ် ပိုင်အိမ်တော် ထူထောင်ပြီးနောက် နန်းတော်ထဲမှနေ၍ သူမအား သီးသန့် ခေါ်ထုတ်လာမည် မဟုတ်ချေ။
ထို့ကြောင့် ကမ်းချန်ချန် ကိစ္စနှင့်ပတ်သက်၍ ယင်ကျန်း သူမအား ဤမျှ ပြင်းထန်စွာ ဆူပူကြိမ်းမောင်းလိုက်သည်ကို မြင်သောအခါ ယင်ကျန်းရင်ထဲတွင် ကမ်းကော်ကော်၏နေရာမှာ သူမ ထင်ထားသလောက် နိမ့်ကျမနေဘူးဆိုသည်ကို ရုတ်တရက် သဘောပေါက်သွားသည်။
ဟူး... စုဖေးရှန်၊ သားလိမ္မာလေး... ဒါက မင်းရဲ့ မွေးစားမိခင် လုပ်ပေးနိုင်တဲ့ အဆုံးစွန်ပဲကွယ်၊ ဒီထက်ပိုပြီး အကြံပက်စက်တာတွေ လုပ်မယ်ဆိုရင် ငါ့ရဲ့ နာမည်ဂုဏ်သတင်းတွေ ထိခိုက်ကုန်မှာပေါ့။
အချုပ်အားဖြင့်ဆိုရသော် သူမအပေါ် ဤမျှကောင်းမွန်စွာ ဆက်ဆံခဲ့သော ကော်ကော်တစ်ဦးအား ကုန်းချောရသည်ကို စိတ်မသက်မသာ ဖြစ်နေမိသည်။
ယင်ကျန်းသည် သူ့ စာကြည့်ဆောင်တွင် အလုပ်လုပ်နေစဉ် နောက်ထပ် စုတ်တံတစ်ချောင်းကိုချိုးဖဲ့ကာ အမှိုက်တောင်းထဲသို့ လွှင့်ပစ်လိုက်ပြန်သည်။
သူသည် ဒေါသထွက်လာလျှင် အကြမ်းဖက်တတ်သော် လည်း အစေခံများကိုအရှက်ခွဲရန် ယုတ်မာသော နည်းလမ်း များ အသုံးပြုတတ်သည့် ကိုယ်လုပ်တော်များကိုမူ အမှန်တကယ်ပင် ရွံရှာမုန်းတီးသည်။ ဥပမာအားဖြင့် နေ့စဉ် ဘုရားတရားလုပ်နေတတ်သော သူ့မယ်တော်ကိုယ်တိုင်ပင် မျက်နှာ သာပေးမခံရသည့် အချိန်များတွင် အစေခံများအပေါ် ဒေါသပုံချတတ်သည်။
တစ်ခါက သူ မယ်တော်ထံသွားရောက်လည်ပတ်စဉ် ထိုလုပ်ရပ်နှင့် ပက်ပင်းတိုးခဲ့ပြီး အလွန်ထိတ်လန့်သွားကာ အပြင်သို့ ပြေးထွက်၍ အချိန်အတော်ကြာ ငိုကြွေးခဲ့ဖူးသည်။ သူ၏ မယ်တော်က သူ့ကို မနှစ်မြို့သည်ဖြစ်ရာ ဤအဖြစ် အပျက်ကို သူ မြင်သွားသည်ကို သိသောအခါ သူ့အပေါ် ပိုမိုစိမ်းကားသွားခဲ့သည်။
ကမ်းချန်ချနှ်ာ ဤမျှ ရက်စက်ပြီးမိုက်မဲသော မိန်းမတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ သူ သူမကို အကဲဖြတ်တာမှားခဲ့ပြီပဲ။
ထိုအချိန်တွင် ကျန်တာ့နျန်က တံခါးလာခေါက်လေသည်။
"ဘာကိစ္စလဲ"
"အရှင်မင်းသား... လီစဲဖူက ဂျင်ဆင်းစွပ်ပြုတ် ဆက်သလိုက်ပါတယ်"
သူ သတိမထားမိလိုက်ချိန်မှာပင် အပြင်တွင်မှောင်နေပြီဖြစ်သည်။ လီစဲဖူသည် ယင်ကျန်း အစာမစားရသေးကြောင်း သိရှိသွားပြီး သူမ အဆောင်သို့ လာရောက်ရန် မျှော်လင့်ကာ သူ့အား ထပ်မံ မြှောက်ပင့်ဖားယားနေပြန်သည်။
ကျန်းမားမားထွက်သွားကတည်းက သူ အချိန်အတော်ကြာ မှိုင်တွေငေးမောနေခဲ့ပြီး မျက်လုံးများပင် မျက်ရည်ဝဲနေကြောင်း ယင်ကျန်း ရုတ်တရက်သတိပြုမိသွားသည်။ သူက မျက်ရည်များကို ပုဝါဖြင့် သုတ်လိုက်ပြီး ပြောသည်။
"လီစဲဖူရဲ့အဆောင်မှာ သွားပြီး ညစာစားကြတာပေါ့"
ထိုအရာကို မြင်သောအခါ ကျန်တာ့နျန်မှာ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ လီစဲဖူ၏တက်ကြွလှုပ်ရှားသော ချဉ်းကပ်မှုက သွယ်ဝိုက်၍ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ အလွန်ပင် ထိရောက်မှုရှိသည်ဟု ဆိုရပေမည်။ သူမ အချိန်အတော်ကြာ မျက်နှာသာပေးခံရသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
လီစဲဖူမှာ တောက်ပသော သလဲသီးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အပြင်ဘက်တွင်ရပ်ကာ ယင်ကျန်းအား ပြုံးလျက် စောင့်ကြိုနေလေသည်။
ယင်ကျန်းက သူမကို မြင်သောအခါ ခပ်သုတ်သုတ် လျှောက်သွားကာ သူမလက်ကို ဆုပ်ကိုင်လျက် မေးလာသည်။
"ဘာလို့ အထဲမှာ မစောင့်တာလဲ၊ ဘာလို့ လက်နွေးအိပ် မယူ လာခဲ့တာလဲ၊ မင်း လက်လေးတွေ အေးစက်နေပြီပဲ"
လီစဲဖူမှာ စိတ်ထဲတွင်အရှင်မင်းသား ကျွန်မကို သနားသွားအောင် တမင်သက်သက် လုပ်ထားတာပေါ့ ဟု စိတ်ထဲမှ ကြိတ်၍ ဂုဏ်ယူဝမ်းမြောက်နေသည်။ သို့သော် သူမ၏ လေသံတွင်မူ နူးညံ့မှုနှင့်အတူ အနည်းငယ် နာကြည်းဝမ်းနည်းဟန် စွက်ဖက်နေလေသည်။
"ကျွန်မ အရှင်မင်းသားကို အရမ်းလွမ်းနေလို့ အထဲမှာမစောင့်နိုင်တော့ဘဲ ထွက်လာမိတာပါ"
ယင်ကျန်း "မင်းတို့ အစေခံတွေ၊ ကိုယ့်သခင်မကို ဘာလို့ ဂရုမစိုက်ကြတာလဲ”