အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
🌻 Chapter 35
သူမ ခေတ္တမျှ တုံ့ဆိုင်းနေခဲ့သော်လည်း ဤအခြေအနေသို့ ရောက်နေပြီဖြစ်ရာ မတတ်သာဘဲ ခေါင်းညိတ်ပြလိုက်ရတော့သည်။
ယင်ကျန်းက ကျန်းမားမားအား "မင်းကိုယ်စား သူက အပြစ်ဒဏ် ခံယူဖို့ သဘောတူလိုက်ပြီဆိုတော့ မင်း သွားလို့ရပြီ၊ ဒီနေ့ သင်ကြားရေးကို ဒီမှာပဲ ရပ်လိုက်တော့၊ မနက်ဖြန်မှ ပြန်လာခဲ့"
"ကျေးဇူးတင်ပါတယ် ကမ်းကော်ကော်"
ကျန်းမားမား နဖူးမှ ချွေးစေးများကို သုတ်ရင်း အရိုအသေပေးသည်။ သူမ ကျောပြင်တစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်နေပြီး ဆံပင်ဖြူများက နဖူးပေါ်တွင် ကပ်နေသည်ကို သူမ ခံစားမိလေသည်။ သူမသည် ကမ်းချန်ချန်အား စိုးရိမ်တကြီး တစ်ချက်ကြည့်လိုက်ပြီး ခပ်သုတ်သုတ် ဆုတ်ခွာသွားသည်။
[ကျန်းမားမားတော့ သွားပြီ၊ ငါ အခု နောက်ဆုတ်ရင် နောက်ကျသွားပြီလား၊ ယင်ကျန်း... နင်လို အကြမ်းဖက် သမားရူး၊ နင် ငါ့ကို ရိုက်ရဲရိုက်ကြည့်... နင့်အတွက် ငါ ကလေး မမွေးပေးတော့ဘူး]
ဒါကိုသုံးပြီး ငါ့လိုမင်းသားကို ခြိမ်းခြောက်နေတာလား၊ ဟက်... သူ သုံးစရာ အကွက်တွေ ကုန်သွားပြီလား...
ယင်ကျန်း အထင်သေးဟန်ဖြင့် လှောင်ပြုံးပြုံးလိုက်ကာ ငုံ့၍ သူမအား ဖြတ်ခနဲ ပွေ့ချီလိုက်ပြီး အဆောင်တွင်းသို့ လှည့်ဝင်သွားသည်။
"ဟင်၊ အရှင်မင်းသား ဘာလုပ်မလို့လဲ"
ထိုအရာကို မြင်သောအခါ အခန်းထဲရှိ အခြားအစေခံမလေးများက ပါးနပ်စွာဖြင့် နောက်မှ လိုက်မလာကြတော့ပေ။ ခုတင်ပေါ်သို့ ချခံလိုက်ရသောအခါ ကမ်းချန်ချန်သည် အန္တရာယ်ကို အာရုံရလိုက်သဖြင့် ထွက်ပြေးရန် ကြိုးစားသော်လည်း ဖိချုပ်ခံလိုက်ရသည်။
"ဖြန်း!"
"အား၊ နာလိုက်တာ..."
ကမ်းချန်ချန်သည် ဝက်တစ်ကောင်အလယး အော်ဟစ်လိုက်ရာ ရင်ခုန်စရာကောင်းပြီး အနေရခက်နေသော လေထုကြီးမှာ ပျက်စီးသွားတော့သည်။
ယင်ကျန်း၏ စိတ်ဝင်စားမှုမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူက သူမအား ပက်လက်လှန်လိုက်ပြီး ငုံ့ကြည့်ကာ
"မင်း အမှားကို မင်းသိပြီလား"
ကမ်းချန်ချန်သည် မျက်ရည်အချို့ ထွက်လာစေရန် ကြိုးစားညှစ်ထုတ်သော်လည်း မအောင်မြင်ခဲ့ပေ။ သူမသည် ကိုယ့်ကိုယ်ကိုယ် အားနည်းစွာဖက်ထားလျက်
"ကျွန်တော်မျိုးမ မှားမှန်း သိပါပြီရှင်၊ ခွင့်လွှတ်ပေးပါ အရှင်မင်းသားရယ်..."
[မှားတာတဲ့လား လခွီးပဲ၊ ဒီနေ့ ထမင်းကောင်းကောင်း စားထားမိတာကိုပဲ နောင်တရတယ်၊ ငါလေး လေတောင် မလည်နိုင်ဘူး၊ မဟုတ်ရင် နင့်အသက်ရှူလမ်းကြောင်းကို လေနဲ့မှုတ်ပြီး မွန်းကျပ်သွားအောင်လုပ်ပြီး ငါ့ကို ရိုက်ခဲ့တဲ့အတွက် လက်စားချေပစ်မှာ]
ယင်ကျန်း၏မျက်နှာကြီး တောင့်တင်သွားကာ ရယ်ရမလား ဒေါသထွက်ရမလားပင် မသိတော့ပေ။ သူသည် သူမ၏ ပါးစပ်ကို ညှစ်ကာ ခြိမ်းခြောက်လိုက်ရုံသာ တတ်နိုင်တော့ သည်။
"နောက်တစ်ခါ ကိုယ်ပေးထားတဲ့ ပစ္စည်းတွေကို ထပ်ပြီး ပစ်ပေါက်ရဲရင် ပစ်ပေါက်ကြည့်လိုက်လေ၊ သတိသာထားနေ"
[ဝိုး... ကြောက်လိုက်တာဟယ်၊ ပစ်ပေါက်တော့ရော ဘာဖြစ်လဲ၊ နင်ပေးထားတဲ့ ပစ္စည်းတွေက ငါ့ဟာတွေ ဖြစ်သွားပြီလေ၊ မဟုတ်ဘူးလား၊ ငါလိုသလို ပစ်ပေါက်ခွင့်ရှိတယ်၊ အဲဒီထဲ ချီးတောင် ပါချလိုက်ဦးမယ်]
[မဖြစ်သေးပါဘူး၊ ချီးပါချတာကတော့ မဖြစ်နိုင်ဘူး၊ အဲဒါတွေကို ထမင်းစားဖို့ သုံးရဦးမှာ]
သို့သော် အပြင်တွင်မူ သူမသည် လိမ္မာဟန်ဖြင့် အလွန် ရိုးသားစွာ ခေါင်းညိတ်ပြလေသည်။
ကမ်းချန်ချန်သည် သူမ ပါးစပ်ကို ညှစ်ထားခြင်းအတွက် လက်စားချေရန် တမင်သက်သက် တံတွေးများ အများကြီး ထွက်လာအောင်လုပ်ပြီး သူ့ လက်ချောင်းများပေါ်သို့ ကျစေလိုက်ရာ သူမပုံစံမှာ အနည်းငယ် ငတုံးငအပုံ ပေါက်သွားလေသည်။
ယင်ကျန်း အံ့သြသွားပြီးနောက် ရွံရှာစွာဖြင့် သူ့လက်များကို သူမအဝတ်အစားဖြင့် သုတ်လိုက်ကာ သူမအား လွှတ်ပေးသည်။ ကမ်းချန်ချန် ခုတင်ပေါ်မှ ဆင်းကာ သူ့အတွက် လက်ဖက်ရည်တစ်ခွက် ငဲ့ပေးလိုက်သည်။
ယင်ကျန်းသည် လက်ဖက်ရည်အား တစ်ငုံသောက်လိုက်ပြီး ခြေချိတ်ထိုင်ကာ သူမကို ဂရုမစိုက်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး "မင်း ဖူကျင်းတို့ဆီကို လက်ဆောင်တွေ ပေးလိုက်တယ်လို့ ကြားတယ်"
ထိုစကားကို ကြားသောအခါ ချီးကျူးခံချင်နေသော ကမ်းချန်ချန်မျက်နှာလေးမှာ လင်းလက်သွားပြီး သူ၏ရှေ့တွင် လက်ဆယ်ချောင်းလုံးကို ထောင်ပြကာ ပြောသည်။
"အရှင်မင်းသားလည်း သိနေတာလား၊ ကျွန်တော်မျိုးမ နေ့ဘက်ဆို အမူအကျင့်တွေ လေ့ကျင့်ရတယ်၊ ညဘက်ဆို ကတ္တီပါပန်းလေးတွေ လုပ်ရတယ်၊ အရမ်းကို ပင်ပန်းခဲ့တာပါရှင်"
ယင်ကျန်းက သူမခါးကို ဆွဲညှစ်လိုက်ပြီး သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ "ဒါတွေ အကုန်လုံး မင်းကိုယ်တိုင် လုပ်ထားတာလား၊ ကိုယ့်ကို မလိမ်ရဘူးနော်"
ကမ်းချန်ချန် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် "ကျွန်တော်မျိုးမ ခြံဝင်းထဲက လူတွေလည်း စိတ်ရောကိုယ်ပါ ကူညီပေးခဲ့ကြပါတယ်၊ ဒါပေမဲ့ ကျွန်တော်မျိုးမ တကယ်ပဲ အလုပ်ကြိုးစားခဲ့ပါတယ်ရှင်"
ယင်ကျန်း နှုတ်ခမ်းများ တွန့်ကွေးသွားပြီး "ဒါဆို ဘာလို့ ဖူကျင်းတို့အတွက်ပဲ လက်ဆောင်ပြင်ဆင်ပေးရမှန်း သိရတာလဲ ကိုယ်က မင်းအပေါ် ဒီလောက် ကောင်းပေးတာတောင် ကိုယ့်ကိုကျ ဘာလက်ဆောင်မှ မပေးဘူးလား"
ကမ်းချန်ချန်က သူ့ နဖူးကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး "အာ... အရှင်မင်းသားကလည်း ကတ္တီပါပန်းလေးတွေ ပန်ချင်လို့လား၊ အင်း... အဲဒါကတော့ သိပ်မသင့်တော်ဘူးမလား"
ဤတစ်ကြိမ်တွင်မူ သူမသည် လေသံကို မထိန်းချုပ်နိုင်ခဲ့ဘဲ အနည်းငယ် အထင်သေးသည့် အရိပ်အယောင် ပါဝင်သွားလေသည်။
[နင့်ခေါင်းပေါ်မှာ ဆံပင်ဘယ်နှစ်ပင် ရှိလဲဆိုတာတောင် ပြန်မကြည့်ဘူးလား၊ ရှေ့ကနေကြည့်ရင် မသိတဲ့သူဆို ဘုန်းကြီးလို့တောင် ထင်သွားဦးမယ်]
ယင်ကျန်း အံ့ကြိတ်လိုက်ပြီး သူမချိုင်းကြားအားလက်ဘချောင်းထိပ်များဖြင့် ကလိထိုးကာ "ကိုယ့်ကိုအဲ့လိုပြောရဲတယ်ပေါ့လေ"
ကမ်းချန်ချန် ဘယ်ညာ ရှောင်တိမ်းသော်လည်း သူက သူမခါးနှင့် ချိုင်းကြားများကို အမိအရကလိထိုးနိုင်ခဲ့သည်။ သူမသည် မျက်ရည်များ ကျလာသည်အထိ မရယ်ဘဲ မနေနိုင်တော့ဘဲ တောင်းပန်ရတော့သည်။
"အရှင်မင်းသား... ကျွန်တော်မျိုးမ မှားပါပြီ၊ မှားပါပြီရှင်၊ ဟားဟားဟား... နောက်တစ်ခါ မလုပ်တော့ပါဘူး"
ယင်ကျန်းက သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး "ကိုယ့်အတွက် လက်ဆောင်ကရော ဘယ်မှာလဲ"
ကမ်းချန်ချန် မျက်ရည်များကို သုတ်လိုက်ပြီး သူမခေါင်းကို သူ့ ပခုံးပေါ်သို့ အားနည်းစွာ မှီချလိုက်ရာ သူမ ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ယင်နေဆဲဖြစ်သည်။
"ရှိပါတယ်၊ သိပ်မကြာခင် ပေးပါ့မယ်ရှင်..."
ယင်ကျန်း၏မျက်လုံးများတွင် အန္တရာယ်များသော အလင်း တန်းတစ်ခု လက်ဖြာသွားပြီးပြောသည်။
"နှစ်သစ်ကူး အကြိုညမတိုင်ခင် ကိုယ့်အတွက် လက်ဆောင်မရဘူးဆိုရင်တော့ မင်းကို စားပစ်မယ်"
ကမ်းချန်ချန် : "..."
[သူ့မျက်လုံးတွေက ဆူဖြိုးနေတဲ့ သိုးလေးကိုကြည့်နေတဲ့ ဆာလောင်နေတဲ့ ဝံပုလွေတစ်ကောင်လိုပဲ]
[စားမယ်ဆိုတာက ငါ နားလည်ထားတဲ့ စားတာမျိုးလား၊ ဒါမှမဟုတ် ဒီယုံကျိန်းဧကရာဇ်က လူအရှင်လတ်လတ်ကို ပေါင်းစားရတာများ ကြိုက်နေတာလား]
[ဒါဆိုရင်တော့ ငါ တကယ် ကံဆိုးတာပဲ]
ဒီ ယုံကျိန်းဧကရာဇ်ဟုတ်လား၊ ယုံကျိန်းဧကရာဇ် ဘယ်နှစ်ယောက်ကိုများ သူမ သိထားလို့လဲ…
🌻Chapter 36
ယုံကျိန်းဆိုသည်မှာ သူ နားလည်ထားသကဲ့သို့ ဧကရာဇ်၏ နန်းသက်အမည် သက်သက်မဟုတ်ဘဲ အခြား အဓိပ္ပါယ်တစ်ခုခုများ ရှိနေသေးသည်လားဟုပင် ယင်ကျန်း တွေးမိသွားသည်။ ယင်ကျန်း ခေါင်းထဲတွင် မေးခွန်းများ ပြည့်နှက်သွားပြီး ကမ်းချန်ချန် ကော်လံကို ဆွဲကိုင်ကာ ပြင်းပြင်းထန် ထန် လှုပ်ရမ်းပြီး သူမစိတ်ထဲရှိ ထူးဆန်းသောအရာများအားလုံးကို ထွက်ကျလာစေရန် လုပ်ပစ်ချင်စိတ် ပေါက်သွားရသည်။
သို့သော် သူ ထိုသို့ မလုပ်ခဲ့ပေ။ ထိုအစား အရာအားလုံးကို မှတ်သားထားလိုက်ပြီး အမှန်တရား ပေါ်ပေါက်လာမည့် အချိန်တွင် တစ်ခုချင်းစီ ထုတ်ဖော်မေးမြန်းရန်သာစောင့် ဆိုင်းပေမည်။
လဝက်ကျော်ကြာ သင်ကြားပြီးနောက် ယင်ကျန်းမှာ ကျန်းမားမားအား သင်ခန်းစာများရပ်နားရန် အမိန့်ပေးလိုက်သည်။
ကမ်းချန်ချန်က တစ်ဖက်လူအား အလကားသက်သက် သင်ကြားပေးခိုင်း၍ မဖြစ်ဟု တွေးမိသည်။ အထူးသဖြင့် ဤနေရာတွင် လူများကို စည်းရုံးထားခြင်းက အနာဂတ်တွင် အသုံးဝင်လာမည် ဖြစ်သည်။ ထို့ကြောင့် သူမသည် ဟွာယွီအား ငွေနှစ်တုံးယူစေကာ ကျန်းမားမား အနှစ်သက်ဆုံး သရေစာအချို့နှင့် လက်ဖက်ခြောက် တစ်ထုပ်ကိုပါ ပေးအပ်လိုက်သည်။
ဟွာယွီ "ဒီလက်ဖက်ခြောက်က ဒီနှစ် ဆက်သထားတဲ့ အကောင်းဆုံး အန်းဟွေ လုအန်း လက်ဖက်ခြောက်ပါရှင်၊ ဧကရာဇ်မင်းမြတ်ကိုယ်တိုင်ကတောင် ကျန်းနန်မှာအကောင်း ဆုံးလို့ ချီးကျူးထားတာပါ၊ အရှင်မင်းသားက ကျွန်မတို့ ကော်ကော်ကို နှစ်ထုပ်ပဲ ပေးထားတာ၊ အရသာက တကယ်ကို ချိုမြိန်ပြီး သစ်ခွနံ့လေး သင်းနေတာ၊ လူကို လန်းဆန်းစေပြီး သက်ကြီးရွယ်အိုတွေအတွက်လည်း ကောင်းပါတယ်၊ ကော်ကော် ကိုယ်တိုင်တောင်မသောက်ရက်ဘဲ တစ်ထုပ်ကို မိဘတွေဆီ ပို့ပေးပြီး ကျန်တဲ့တစ်ထုပ်ကို မားမားကို ကြည်ကြည်ဖြူဖြူ ပေးတာဆိုတော့ မားမားကို ဘယ်လောက်တောင် လေးစားလဲဆိုတာပြနေတာပါပဲ"
ကမ်းချန်ချန် ပြုံးလျက် "ဟွာယွီ... နင်ကတော့ တကယ်အပြောမတက်တဲ့ ကောင်မလေးပါပဲ၊ ဒါတွေကို ဘာလို့ ပြောနေရတာလဲ၊ သွား.. နင့်အလုပ်နင် သွားလုပ်ချေ"
အမှန်တွင်မူ ထိုသခင်နှင့် အစေခံ နှစ်ယောက်သည် ဟန်ချက် ညီညီ ပူးပေါင်းသရုပ်ဆောင်နေကြခြင်း ဖြစ်သည်။ ဟွာယွီဆိုသည့် ဤအစေခံမလေးသည် ပါးနပ်ပြီး အပြောအဆို ကောင်းမွန်လှသည်။ ကျန်းမားမားလည်း ထိုအရာကိုကောင်း ကောင်း နားလည်လေသည်။ ဤမျှ အသက်အရွယ် ရလာပြီဖြစ်ရာ ယဉ်ကျေးပျူငှာသော စကားများဆိုသည်မှာ သူမ သဘာဝကျကျပင် သိရှိထားပြီးဖြစ်၏။
သို့သော် ဤပစ္စည်းများမှာ အစစ်အမှန်များဖြစ်ပြီး ကမ်းကော်ကော်က သူမအပေါ် အမှန်တကယ် ဂရုစိုက်ကြောင်း ပြသနေသည်။ သူမ အလွန်ပင် ထိရှသွားပြီး လွန်ခဲ့သည့် ရက်အနည်းငယ်က စတုတ္ထမင်းသားထံတွင် သွေးထိုးစကားများ ပြောခဲ့မိသည်ကို ပြန်တွေးမိကာ ပိုရှက်ရွံ့သွားပြီး သူမ၏ မျက်နှာအိုကြီးမှာ နီရဲသွားလေတော့သည်။
ကျန်းမားမားသည် ကမ်းချန်ချန်၏လက်ကို ဆုပ်ကိုင်လျက် "ဒီအစေခံအိုကြီးက ကော်ကော် သဘောကောင်းမှန်း သိပါတယ်ရှင် ဒါပေမဲ့ ဒီလိုမြင့်မားတဲ့ အိမ်တော်တံတိုင်းကြီးတွေကြားမှာ သဘောကောင်းတိုင်းလည်း ဘေးကင်းလုံခြုံမယ်လို့ အာမမခံနိုင်ပါဘူး၊ ကော်ကော် သတိထားမှရမယ်နော်"
ကမ်းချန်ချန်သည် သူမစကားများမှ သွယ်ဝိုက်သော အဓိပ္ပါယ်ကို ရိပ်မိသွားပြီး မျက်မှောင်ကြုတ်လျက် "မားမားက ဘာကို ဆိုလိုတာလဲ"
ကျန်းမားမားက သူမ နားနားသို့ ကပ်ကာ အသံကို နှိမ့်လျက် "သေချာပေါက် အဲဒီအပြောချိုတဲ့ မိန်းမကိုပေါ့"
ကမ်းချန်ချန် ခေါင်းညိတ်လိုက်ပြီး "မားမားရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်ရှင်၊ ကျွန်တော်မျိုးမ မှတ်ထားပါ့မယ်"
ကျန်းမားမား ထွက်သွားပြီးနောက် ကမ်းချန်ချန် တွေးတော နေဟန်ဖြင့် မေးသည်။
"တစ်ယောက်ယောက်က ငါ့ကို ဒုက္ခပေးချင်နေတယ်လို့ နင်တို့ အကုန်လုံးထင်နေကြတာပဲ၊ ဒါဆို ကျန်းမားမားကရော ဘယ်လိုလုပ် သိတာလဲ"
ဟွာယွီ ဂုဏ်ယူဝင့်ကြွားစွာဖြင့် "ကျွန်မ သိတယ်"
ကမ်းချန်ချန် : "သိရင် မြန်မြန် ပြောစမ်းပါ"
ဟွာယွီ ခေါင်းခါလိုက်ပြီး "ကျွန်မသာ ပြောပြရင် ကော်ကော်က ဘယ်လို ကျေးဇူးဆပ်မှာလဲ"
ယွင်ကျွမ်မှာ ဟွာယွီပါးကို ဆွဲညှစ်ကာ ရယ်မောလျက် "နင် မရှက်ဘူးလား၊ ကိုယ့်သခင်မ မေးတာကို ဖြေဖို့က နင့်တာဝန်ပဲလေ၊ အဲဒါကိုတောင် ဆုလာဘ် တောင်းရဲသေးတယ်ပေါ့"
ဟွာယွီ သူမကို လျှာထုတ်ပြလာသည်။
"ဟီးဟီး~"
ကမ်းချန်ချန် : "နင် ဘာလိုချင်လို့လဲ"
ဟွာယွီ : "ကျွန်မ နားကပ်တစ်ရံ ဝယ်ချင်လို့ပါ ဒါပေမယ့် ငွေစငါးရာ လိုနေသေးလို့ ကော်ကော် ဆီကနေ အရင်ချေးလို့ ရမလားဟင်၊ ဒီလ လစာရရင် ပြန်ဆပ်ပါ့မယ်"
ကမ်းချန်ချန် : "ကောင်းပြီလေ"
သူမဆီမှာ ယခုအခါပိုလျှံနေသော ငွေတချို့ရှိနေပြီဖြစ် သည်။
ယွင်ကျွမ် ခေါင်းကို စောင်းလိုက်ပြီး ထေ့ငေါ့သည်။
"ဘာကိုပြန်ဆက်မှာလဲ"
ဟွာယွီမှာ အလွန်ကို ဝမ်းသာသွားပြီး ယွင်ကျွမ်နှင့် ဆက်မငြင်းတော့ဘဲ တိုက်ရိုက်ပင် ဖြေကြားသည်။ "ကျန်းမားမားက မကြာသေးခင်ကမှ မွေးစားသား အသစ်တစ်ယောက်ရထားတယ်လို့ ကြားတယ်၊ နာမည်က စုဖေးရှန်တဲ့၊ အဲဒီ စုဖေးရှန်က ချန်ကော်ကော် အဆောင်ကနေ အိမ်တော်အပြင် နှင်ထုတ်ခံလိုက်ရတဲ့ ယွဲ့ယင်းရဲ့မောင်လေ"
"ဘာ၊ စု ဘာ? ဘာ ရှန်?"
"စုဖေးရှန်ပါ ကော်ကော်"
ကမ်းချန်ချန် ပါးစပ်မှာ အံ့သြမှုကြောင့် ပွင့်ဟသွားပြီး သူမ လက်ချောင်းများပင် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာရသည်။
ဘုရားရေ၊ စုဖေးရှန်းက ဘယ်သူလဲ၊ သူက အနာဂတ်မှာ ယုံကျိန်းဘေးနားက အစွမ်းထက်ဆုံး မိန်းမစိုးဖြစ်လာမယ့်သူလေ၊ ယုံကျိန်းရဲ့ စိတ်ကူးတွေကို အကောင်းဆုံးသိတဲ့သူပဲ၊ သူမသာ သူ့ကို ကိုယ့်ဘက်ပါအောင် သိမ်းသွင်းထားနိုင်မယ်ဆိုရင် အနာဂတ်မှာ သူမ မျက်နှာသာပေးမခံရတော့ရင်တောင် ဒါမှမဟုတ် စကားမှားမိပြီး ယုံကျိန်းအား စိတ်ဆိုးအောင် လုပ်မိလျှင်တောင် သူမ ကြောက်စရာ မလိုတော့ချေ။
ထိုအကြောင်းကို တွေးမိပြီးနောက် ကမ်းချန်ချန်သည် စိတ်လှုပ်ရှားစွာဖြင့် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။ သူမသည် အစေခံမလေးများထံမှ အကြံဉာဏ်တောင်းရန် ဟန်ပြင်လိုက်သော်လည်း ဤကိစ္စကို လျှို့ဝှက်ထားရမည် ဖြစ်ကြောင်း ချက်ချင်းသတိရသွားသည်။
မည်သို့ပင်ဖြစ်စေ သူမ ဤလူများကို အပြည့်အဝမယုံကြည်နိုင်သေးသလို စုဖေးရှန်နှင့်လည်း ပေါ်တင်ကြီး အလွန်အမင်း ရင်းနှီးအောင် လုပ်၍မရပေ၊ သို့မဟုတ်ပါက ယုံကျိန်း၏ သံသယကို လှုံ့ဆော်မိသလို ဖြစ်သွားမည်။ ဧကရာဇ် ယုံကျိန်းမှာ အသံသယအကြီးဆုံးသူ မဟုတ်ဘူးလား။
အင်း... ဒီကိစ္စကို သေချာ ထပ်စဉ်းစားရဦးမယ်...
အမူအကျင့်များ သင်ယူရသည့် ပင်ပန်းခက်ခဲသော နေ့ရက်များ ကုန်ဆုံးသွားပြီးနောက် လာပါ့ပွဲတော်သို့ရောက်ရန် ငါးရက်၊ ခြောက်ရက်ခန့်သာ လိုတော့သည်။ မနက်ဖြန် နံနက်ပိုင်းတွင် အဆောင်ဝင်းအတွင်း၌ အားလုံးစုပေါင်း၍ လာပါ့ဆန်ပြုတ် ချက်ကြမည်ဖြစ်ကြောင်း ဖူကျင်း လူလွှတ်၍ အသိပေးလာသည်။
"ဘာ၊ ဖူကျင်း ကိုယ်တိုင် လာပါ့ဆန်ပြုတ် ချက်မှာလား"
ကမ်းချန်ချန် နားမလည်နိုင် ဖြစ်သွားသည်။ ပုံမှန်အားဖြင့် စကားသိပ်မပြောသော ယွင်ရှုက ထူးထူးခြားခြားဝင်ပြော လာသည်။
"ကော်ကော်က ဒီကိုရောက်တာ မကြာသေးတော့ မသိတာ မဆန်းပါဘူး၊ တကယ်တော့ တခြားမင်းသားတွေရဲ့ အိမ်တော်တွေမှာ ဖူကျင်း ကိုယ်တိုင်လုပ်ဖို့ မလိုပါဘူး၊ ဒါပေမဲ့ ကျွန်မတို့ ဖူကျင်းက အကြိုးစားဆုံးပါပဲ၊ ဒါက ဘုရားရှိခိုးပြီး ဆုတောင်းတဲ့နေရာမှာ စေတနာကိုပြသဖို့ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုလို့ သူက ယူဆတဲ့အတွက် အားလုံးကို ဦးဆောင်ပြီး ဆန်ပြုတ်ကို အတူတူ ချက်ကြတာပါ"
ကမ်းချန်ချန်မှာ ပေါ့ပေါ့ပါးပါးပင် ပြန်တုန့်ပြန်သည်။
"ဖူကျင်း တကယ်ကို စိတ်သဘောထားကြီးတာပဲ"
ယွင်ရှုက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး ဂုဏ်ယူနေပုံရသည်။ ကမ်းချန်ချန် မျက်လုံးများကျဉ်းမြောင်းသွားသည်။ ယွင်ရှုမှာ ပုံမှန်အားဖြင့် ခြံဝင်းအတွင်းရှိ ကိစ္စများကို သိပ်ဂရုမစိုက်တတ်သလို သူမကိုလည်း မျက်နှာလိုမျက်နှာရ လုပ်လေ့မရှိပေ။ ဒီတစ်ခါ ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ...
မနက်စောစောစီးစီး အရိုးကွဲမတတ် ချမ်းအေးနေသော လေထဲမှာ ရပ်နေရသည်မှာ အမှန်ပင် မသက်မသာ ဖြစ်စရာကောင်းသည်။ ကမ်းချန်ချန် ခြေဆောင့်လိုက်မိပြီး အကြောင်းရင်း မရှိဘဲ အထက်တန်းကျောင်းတုန်းက ဆောင်းရာသီမနက်ခင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို ရုတ်တရက် သတိရသွားမိသည်။
ထိုသည်မှာ ကျောင်းအုပ်ကြီး၏စိတ်ကူးပေါက်ရာ လုပ်ရပ်တစ်ခုသာ ဖြစ်ပြီး ကျောင်းသားများ၏ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှု တိုးတက်စေရန်နှင့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်သော စိတ်ဓာတ်များ မွေးမြူပေးရန်အတွက်ဆိုကာ ဆီးနှင်းများ၏ဒဏ်ကို ခံနိုင်ရည်ရှိစေရန်ဟုလည်း အပေါ်ယံ အကြောင်းပြချက်များပေးခဲ့သည်။ သို့သော် အကျိုးဆက်အနေဖြင့် ကျောင်းသားများ နှာရည်ယို၊ နှာချေကြကာ စာသင်ချိန်တွင် အာရုံမစိုက်နိုင်ကြတော့ပေ။ အချို့ဆိုလျှင် ပြင်းထန်သော အအေးမိရောဂါများပင် ကူးစက်ခံရပြီး လျင်မြန်စွာ ပြန့်ပွားသွားခဲ့သည်။
'လဆယ့်နှစ်လပိုင်းရဲ့ ခုနစ်ရက်နဲ့ ရှစ်ရက်နေ့တွေမှာကျီးကန်း တွေတောင် အေးခဲသေဆုံးကြတယ်' ဆိုသော စကားပုံအတိုင်း ကမ်းချန်ချန်သည် သူမကိုယ်တိုင်ပင် သနားစရာကောင်းသော အေးခဲနေသည့် ကျီးကန်းတစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားနေရသည်။ နောက်ကျမှ ရောက်လာပြီး ဖက်ထုပ်တစ်လုံးပမာ ထူထူထဲထဲ ဝတ်ရုံများဖြင့် ထုပ်ပိုးထားသော လီစဲဖူကို ကြည့်ကာ ကမ်းချန်ချန်မှာ သူမ စကားနားထောင်ပြီး စောစောရောက်လာခဲ့မိသည်ကို နောင်တရမိသွားသည်။
သို့သော် စုန့်ကော်ကော်က သူမထက်ပင် စော၍ ရောက်နေခဲ့သည်။ ဟူး... သူက ပိန်ပိန်ပါးပါးနဲ့ အားနည်းတဲ့သူလေ၊ ပြီးတော့ သူက ဖူကျင်းနဲ့လည်း အရမ်းရင်းနှီးတာကို၊ ဘာလို့ နောက်ထပ် ခဏလောက် ပိုမအနားယူခဲ့တာလဲ...
စုန့်ကော်ကော်သည် အနောက်တွင် တန်းစီရပ်နေစဉ် စုန့်ကော်ကော်မှာ သူမ နှုတ်ခမ်းများကို ပုဝါဖြင့်အုပ်ကာ တိတ်တ ဆိတ် ချောင်းဆိုးနေသည်အား ဆယ်ကြိမ်မက ကြားရမည်။
လူတစ်စု တန်းစီရပ်နေကြပြီး ခြံဝင်းအလယ်ရှိ အိုးကြီးကို ကြည့်နေကြသည်။ အိမ်တော်ထဲက ဒီအိုးကြီးမှာ အမှန်ပင် ကြီးမားလွန်းလှသည်။ ၎င်း၏အချင်းမှာ လီစဲဖူ၏ ခါးအထူထက် ငါးဆခန့်ရှိပြီး ၎င်း အမြင့်မှာ ကမ်းချန်ချန်၏လည်ပင်း အထိပင် ရှိလေသည်။
အင်း... အခု ငါ စီးထားတဲ့ ပန်းအိုးပုံစံ ဖိနပ်က ၈.၈ စင်တီမီတာလောက် မြင့်တာ၊ ဒါဆို... ငါ့ကိုများ မပြီး ဒီအိုးထဲကို ပစ်ချလိုက်ရင်... အား... ငါ ဘာတွေ လျှောက်တွေးနေတာလဲ...
ကမ်းချန်ချန် ခေါင်းရမ်းလိုက်ပြီး သူမ၏ ကယောင်ကတမ်း တွေးတောမှုများကို ရပ်တန့်လိုက်သည်။ ဖူကျင်းမှာ ဆန်ပြုတ်ချက်သည်ဟု ဆိုသော်လည်း အမှန်ပင် ဆန်ဆေးခြင်း၊ ပဲဆေးခြင်းနှင့် သစ်သီးအခွံခွာခြင်း အလုပ်များအား အစေခံများကသာ လုပ်ဆောင်ကြခြင်းဖြစ်သည်။