အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
🌻 Chapter 39
ကမ်းချန်ချန်သည် သူ့ ရင်ခွင်ထဲတွင် တဖြည်းဖြည်း နူးညံ့ပျော့ခွေသွားပြီး သူမ သတိပြန်ဝင်လာချိန်တွင် သူမ၏ လက်သေးသေးလေးများက ယင်ကျန်း၏ အင်္ကျီကို ဆုပ်ကိုင်ထားမိနေကာ သူ၏ မျက်နှာသာပေးမှုကို တမင်သက်သက် တောင်းဆိုနေသကဲ့သို့ ထင်ရသည်။
ယင်ကျန်းသည် သူမ အပြောင်းအလဲကို သဘာဝကျကျပင် သတိထားမိသည်။ သူ့ နှုတ်ခမ်းများ တွန့်ကွေးသွားကာ ပြုံးလိုက်သည်။ ကမ်းချန်ချန် အံ့ကြိတ်မိပြီး သူ့ကို အားကုန်သုံးကာ တွန်းထုတ်မိသွားသည်။
[အို ဘုရားရေ... ငါ ခုနက ဘာတွေ လုပ်နေခဲ့တာလဲ၊ ငါက သူ့အပေါ် ချစ်ခင်ဟန်ဆောင်နေခဲ့တာချည်းပဲ မဟုတ်ဘူးလား]
[တော်သေးတာပေါ့၊ ငါ စိတ်လွတ်သွားတော့မလို့]
[ဒါပေမဲ့ သူက အရမ်းခန့်ညားတာပဲလေ၊ စိတ်လွတ်သွားတာ ဘာများ ရှက်စရာ ရှိလို့လဲ၊ ဟူး... ခွေးကိုက်ခံရတယ်လို့ပဲ သဘောထားလိုက်ပါတော့မယ်]
[နေပါဦး... ငါ သူ့ကို တွန်းထုတ်လိုက်တာလား၊ ငါ သူ့ကို တော်တော် ပြင်းပြင်းထန်ထန် တွန်းလိုက်မိသလားလို့]
ရုတ်တရက် အငိုက်မိသွားသဖြင့် ယင်ကျန်းသည် သူမ၏ တွန်းထုတ်မှုကြောင့် ယိမ်းယိုင်သွားပြီး သူမကို မျက်လုံးပြူးကာ ကြည့်နေလေသည်။
ခွေးကိုက်ခံရတာ ဟုတ်လား...
သူ လက်သီးကို ဆုပ်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ ဒေါသကို မြိုသိပ်လျက် ပြောသည်။
"မင်း အရင် အနားယူလိုက်တော့၊ ကိုယ် စုန့်ကော်ကော်ဆီ သွားလိုက်ဦးမယ်"
သူမ သူ့အား တွန်းထုတ်လိုက်မိမှန်း သတိပြုမိသွားပြီးနောက် ကမ်းချန်ချန်သည် အခြေအနေကို ပြန်လည် ပြုပြင်ရန် တစ်ခုခုပြောရန် ခေါင်းထဲတွင် အပြင်းအထန် စဉ်းစားနေလေသည်။
သို့သော် ယင်ကျန်းမှာ အလွန်လျင်မြန်စွာ ထွက်ခွာသွားသဖြင့် သူမအား အခွင့်အရေးမပေးခဲ့ချေ။ သူမသည် သူ၏ နောက်သို့ ပြေးလိုက်ကာ "အရှင်မင်းသားကို ကျွန်တော်မျိုးမ ရိုသေစွာ နှုတ်ဆက်ပါတယ်ရှင်"
ဟူး... ငါက ဘာလို့ ဒီလောက် ခံစားလွယ်နေရတာလဲ၊ အသက်ရှင်ရပ်တည်နိုင်ဖို့ဆိုတာ အနှေးနဲ့အမြန် ပေးဆပ်မှုတော့ လိုအပ်တာပဲလေ...
[သူက ဒီလောက် ခန့်ညားပြီး သန့်ပြန့်နေတာ၊ သူနဲ့ အဲဒါလုပ်ရတာ ဘာများ သည်းမခံနိုင်စရာ ရှိလို့လဲ]
ကမ်းချန်ချန်သည် ကိုယ့်ကိုယ်ကိုယ် နားချရန်ကြိုးစားသော်လည်း စိတ်ထဲတွင်မူ မတွေးဘဲ မနေနိုင်ခဲ့ပေ။
[သူက ငါ့ကို သူ့ရဲ့ ကိလေသာရမ္မက်အတွက် ကိရိယာတစ်ခုလိုပဲ သုံးချင်တာလေ၊ ငါက ဘာလို့ သူ့အလိုကိုလိုက်နေရမှာလဲ၊ သူနဲ့ အချစ်နယ်ကျွံမိသွားရင် ငါ သူ့ကို ပိုပြီးတန်ဖိုးထားမိလာမှာ အသေအချာပဲ၊ ပြီးရင် စိုးရိမ်ပူပန်မှုတွေ များလာပြီး လုံခြုံမှုမရှိသလို ခံစားလာရမှာ၊ အဲဒါဆို ငါလေးကံဆိုးတာပဲမလား]
ဟုတ်တယ်... သူ ထွက်သွားတာ ကောင်းတယ်။
ယင်ကျန်းသည် ဒေါသတကြီး ထွက်လာပြီးနောက် ထင်းရှူး ပင်စည်ကို လက်သီးဖြင့် ထိုးချလိုက်သည်။
"အရှင်မင်းသား၊ လက်ကို ဒဏ်ရာရအောင် မလုပ်ပါနဲ့"
ကျန်တာ့နျန်သည် အနောက်မှ ပြေးလာပြီး ယင်ကျန်း၏ လက်ကိုပုဝါဖြင့် ပတ်ပေးသည်။ ယင်ကျန်းသည် လေဆင်နှာ မောင်းတစ်ခုပမာ အလွန်လျင်မြန်စွာ ထွက်လာခဲ့သဖြင့် သူ အမီလိုက်ရန်ပင် အချိန်မရခဲ့ချေ။ အထဲတွင် ကမ်းကော်ကော်မှာ ဘာတွေများ ပြောလိုက်သဖြင့် အရှင်မင်းသား ထိုမျှလောက် ဒေါသထွက်သွားရတာလဲဟု သူ တွေးနေမိသည်။
အရှင်မင်းသားသည် ဧကရာဇ်မင်းမြတ်၏ ဆူပူကြိမ်းမောင်းမှုကို ခံရလျှင်ပင် စာကြည့်ဆောင်သို့ ပြန်ရောက်ပြီး အေးစက်သော မျက်နှာထားဖြင့်သာ ဒေါသထွက်လေ့ရှိသည်။
ဆီးနှင်းပွင့်လေးများသည် ညင်သာစွာ ကျဆင်းလာပြီး ယင်ကျန်း၏ ဦးထုပ်နှင့် လည်ပင်းပေါ်သို့ ကျရောက်လာရာ ထိုအရာကပင် ရယ်စရာကောင်းလောက်အောင် သူ့ကို အသိစိတ် ပြန်ဝင်လာစေခဲ့သည်။
ယင်ကျန်းသည် နှာခေါင်းရှုံ့လိုက်ပြီး ခေါင်းကို နောက်သို့မော့ကာ "သွားကြစို့၊ စုန့်ကော်ကော်ရဲ့အဆောင်ကို သွားမယ်"
သူ၏အရပ်ရှည်ရှည် ခန္ဓာကိုယ်ကြီးမှာ ထိုအချိန်တွင် လုံးဝအထီးကျန် ဆန်နေပုံပေါ်သည်။
ကျန်တားနျန် သံသယဖြင့် တွေးမိလိုက်သည်။ ခုနက စတုတ္ထမင်းသားရဲ့ မျက်လုံးထဲမှာ တလက်လက် တောက်ပနေတဲ့ အရာတွေက... မျက်ရည်တွေတော့ မဟုတ်လောက်ပါဘူးနော်။
အင်း... လုံးဝကို မဖြစ်နိုင်ပါဘူး။
ကမ်းချန်ချန် လုပ်ရပ်များက ယင်ကျန်းကို တိတ်တဆိတ် နာကျင်စေခဲ့သည်။ ဒီမိန်းမတော့၊ သူက သူမရဲ့ နှလုံးသားကိုရော ခန္ဓာကိုယ်ကိုပါ လိုချင်တာ၊ သူမ သူ့အပေါ် စွဲလမ်းပြီး အရူးအမူး ချစ်မိအောင် သူလုပ်မယ်၊ သူ့ကို အသေအလဲ စွဲလမ်းနေပြီး လက်လွှတ်မခံနိုင်အောင် ဖြစ်နေဖို့ သူ လိုချင်တယ်, အဲဒီကျမှ ဒီနေ့ သူမ သူ့ကို အရှက်ခွဲခဲ့သလိုမျိုး သူ ရက်ရက်စက်စက် ပြန်ငြင်းပယ်ပစ်မယ်...
ယင်ကျန်းသည် ကလေးဘဝကတည်းက မြင်းစီးနှင့် မြားပစ် လေ့ကျင့်ခဲ့ပြီး သူ့ စွမ်းရည်များမှာ အလွန် မြင့်မားလေသည်။
သို့သော် သူ၏ စွမ်းရည်များကို ဖုံးကွယ်ထားရန်အတွက် အမဲလိုက်ကွင်းတွင် သမင်များကို အမဲလိုက်သည့် ချွင်းချက်တစ်ခုမှအပ အခြားမည်သည့်အရာကိုမျှ အမဲလိုက်လေ့မရှိချေ။
သမင်များသည် အလွန်သတိကြီးသော တိရစ္ဆာန်များဖြစ်ပြီး သူတို့၏ အနံ့ခံအာရုံနှင့် အကြားအာရုံတို့မှတစ်ဆင့် လူများ လိုက်လံဖမ်းဆီးခြင်းကို အဝေးကပင် ရှောင်ရှားနိုင်သည်။
သမင်များမှာ အလွန် ဆော့ကစားတတ်ပြီး ၎င်း၏ သွက်လက်မှုကို အခွင့်ကောင်းယူကာ ယင်ကျန်းကို နောက်ပြောင်ရန် သစ်ကိုင်းများကို အမြဲလိုလို နင်းချိုးလေ့ရှိသည်။
ဒေါသထွက်သွားသော ယင်ကျန်းသည် သူ၏လေးကို ဆွဲတင်ကာ ပစ်ခတ်လိုက်ပြီး မြှားမှာ သမင်လေး၏ လည်ချောင်းကို လှီးဖြတ်ကာ သွေးကို သောက်သုံးလေသည်။
ယခုအချိန် ယင်ကျန်း မျက်လုံးထဲတွင် ကမ်းချန်ချန်နှင့် သူ့အား အမြဲလိုလိုရန်စခဲ့သည့် ထိုသမင်တို့မှာ အံ့သြစရာကောင်းလောက်အောင် တူညီနေလေသည်။
ဟွာယွီ အခန်းထဲဝင်လာပြီး ကမ်းချန်ချန်အတွက် လက်ဖက် ရည်တစ်ခွက် ငဲ့ပေးလာသည်။ ကမ်းချန်ချန် တစ်ယောက် တည်း အတွေးနယ်လွန်နေဆဲ ဖြစ်သည်ကို မြင်သောအခါ သူမ မနေနိုင်ဘဲ စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။
"ကော်ကော်... ကျွန်မတို့ ဆီးပန်းပွင့်တွေကို ပြတင်းပေါက်နားက ဒီလောက်ထင်ရှားတဲ့ နေရာမှာ မထားခဲ့ရင် ကောင်းမှာပဲ၊ အရှင်မင်းသားက ဆီးပန်းပွင့်တွေကို မြင်လိုက်လို့သာ စုန့်ကော်ကော်ကို သတိရသွားတာ ဖြစ်လောက်တယ်"
ကမ်းချန်ချန် ခေါင်းယမ်းလိုက်ပြီး သက်ပြင်းချကာ "မိန်းမတစ်အုပ်နဲ့ နေတဲ့ ယောက်ျားတစ်ယောက်ဆိုတာ ပန်းတွေဝိုင်းနေတဲ့ ပျားတစ်ကောင်လိုပါပဲ၊ ပျံထွက်သွားပြီဆိုလည်း ပျံထွက်သွားတာပဲလေ၊ ပျားတုပ်မခံရလို့များ ကိုယ့်ကိုယ်ကိုယ် သနားနေရမှာလား"
ဟွာယွီ: "..."
ကော်ကော် ရူးများသွားပြီလား၊ ဒီလို စကားမျိုးကို ဘယ်လိုများ ပြောရဲရတာလဲ...
ယင်ကျန်းမှာ အေးစိမ့်သော လေကြမ်းများကို ဖြတ်သန်းကာ စုန့်ကော်ကော်၏အဆောင်သို့ ရောက်ရှိလာချိန်တွင် သူ့ စိတ်ခံစားမှုများမှာများစွာ တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။
ပြတင်းပေါက်ဘေးရှိ ဆီးပန်းပွင့်များပေါ်တွင် ဆီးနှင်းပွင့်များ ကပ်ငြိနေရာ မျက်ရည်စများနှင့် တူနေပြီး နံ့သာပေါင်းဖို၏ အေးစက်နေသော ပြာများဆီမှ ကျန်ရစ်နေသော ရနံ့သင်းသင်းလေး လွင့်ပျံ့နေသည်။
ဟုန်ရှို့က ဖယောင်းတိုင်မီးစာကို ထပ်မံ ညှပ်ပေးလိုက်ရာ မီးတောက်မှာ ပိုမို တောက်ပလာပြီး မီးခုံမှ အနီရင့်ရောင် ဖယောင်းရည်များ တောက်လျှောက် ကျဆင်းနေလေသည်။
သူမ မနေနိုင်တော့ဘဲ "ကော်ကော်... စောစော အိပ်ပါတော့ရှင်၊ မျက်စိတွေ ပျက်စီးကုန်ပါဦးမယ်"
"အဟွတ် အဟွတ်... အဆင်ပြေပါတယ်၊ ဒါလေးရေးပြီးရင် အိပ်တော့မှာပါ"
စုန့်ကော်ကော်မှာ သူမ နှုတ်ခမ်းများကို လက်ဖြင့် အုပ်လိုက်ပြီး ချောင်းဆိုးလိုက်တိုင်း သူမ ပိန်သွယ်သော ခန္ဓာကိုယ်လေးမှာ ယိမ်းနွဲ့နေသော မိုးမခကိုင်းလေးပမာ အနည်းငယ် တုန်ယင်သွားနေသည်။
ဟုန်ရှို့သည် သူမ၏ ကျန်းမာရေးအတွက် စိုးရိမ်သဖြင့် အနီးသို့ လာကာ ကျောကို ပွတ်သပ်ပေးရင်း "ကော်ကော်... နေ့ဘက်ဆို စောင်းတီးတယ်၊ ညဘက်ဆို ကဗျာတွေ ရေးနေတယ်၊ ဒီလိုဆို အားနည်လာတာ မဆန်းပါဘူး၊ ဒီနေ့ အပြင်ထွက် လမ်းလျှောက်တာက စိတ်ရွှင်လန်းသွားစေမယ်လို့ ထင်ခဲ့တာ"
စုန့်ကော်ကော်က ခပ်ဖျော့ဖျော့ ပြုံးသည်။
"ငါက ဘယ်လိုလုပ် စိတ်အခြေအနေ မကောင်းဖြစ်ရမှာလဲ"
သူမသာ စိတ်အခြေအနေ ကောင်းနေပါက အဘယ်ကြောင့် အမြဲတမ်း ငိုကြွေးနေရမည်နည်း။
ဟုန်ရှို့မှာ ရင်ထဲနာကျင်သွားပြီး တစ်ခုခု ထပ်ပြောချင်သော်လည်း အသံတစ်သံကြောင့် လန့်သွားရသည်။
"ဘာတွေ ဒီလောက် အာရုံစိုက်ပြီး ရေးနေတာလဲ"
ယင်ကျန်းမှာ မည်သူမျှ သတိမထားမိလိုက်ဘဲ သူတို့၏ အနောက်တွင် ရောက်ရှိနေခဲ့သည်။
"ဟင်၊ အရှင်မင်းသား... ကြွလာတာလား၊ တံခါးဝက အစေခံတွေကို ဘာလို့ အကြောင်းကြားခိုင်းမလိုက်တာလဲရှင်"
စုန့်ကော်ကော်သည် သူမ၏ ဖြူသွယ်လျသော လည်တိုင်လေးကို နောက်သို့ အမြန်လှည့်ကြည့်လိုက်ရာ သူမ မျက်လုံးများထဲတွင် အံ့သြမှုများ ပြည့်နှက်သွားသည်။
"သူတို့ အသံတွေက မင်းရဲ့ အနုပညာခံစားမှုကို အနှောင့်အ ယှက် ဖြစ်စေမှာ စိုးလို့ပါ"
ထိုစကားကို ကြားသောအခါ စုန့်ကော်ကော်နှလုံးသားမှာ ဝမ်းသာမှုကြောင့် တဒုတ်ဒုတ် ခုန်သွားရသည်။ သူမသည် ပါးစပ်ကို အုပ်ကာ ပြုံးလိုက်ပြီး သူ့ လက်ကို ကိုင်ကာ စာရေးစားပွဲဆီသို့ ကျက်သရေရှိစွာ ဦးဆောင်ခေါ်သွားပြီး "အရှင်မင်းသား... ကြည့်ပါဦး၊ လီအာရေးထားတဲ့ ဒီစာလုံးတွေက ဘယ်လောက်တောင် ကောင်းသလဲလို့"
ယင်ကျန်းသည် စက္ကူကိုကောက်ကိုင်လိုက်ပြီး ဖယောင်းတိုင် မီးရောင်တွင် မြှောက်ကြည့်ကာ သေချာစွာ စစ်ဆေးပြီးနောက် ချီးကျူးသည်။
"အရမ်း ကောင်းကောင်း ရေးထားတာပဲ၊ ကိုယ့်ထက်တောင် အများကြီး ပိုကောင်းသေးတယ်"
စုန့်ကော်ကော်၏ ဖြူဖျော့နေသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး
"အရှင်မင်းသားက မြှောက်ပင့်ပြောနေတာပါ၊ လီအာ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အရှင်မင်းသားနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရမှာလဲရှင်"
ယင်ကျန်းမှာ ခေါင်းကို အနည်းငယ် ယမ်းလိုက်ပြီး စုတ်တံကို နေရာပြန်ထားကာ သူမ ပခုံးအား ညင်သာစွာ ပွတ်သပ်ပေးရင်း နူးညံ့စွာ ပြောသည်။
"ညနက်နေပြီကွာ၊ လီအာက စာရေးရတာ ဘယ်လောက်ပဲ ဝါသနာပါပါ ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်ရမယ်လေ"
စုန့်ကော်ကော်က သူ့အား မှီတွယ်လျက် "ဟုတ်ကဲ့ပါရှင်၊ လီအာက အရှင်မင်းသား ပြောသမျှ အကုန် နားထောင်ပါ့မယ်"
သူမနှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်ရာ စုန့်ကော်ကော် ခန္ဓာကိုယ်မှာ စက္ကူတစ်ရွက်လို အားနည်းပိန်လှီနေကြောင်း ယင်ကျန်း သတိပြုမိသွားသည်။
နှစ်ကာလများကြာလာသည်နှင့်အမျှ သူတို့ကြားတွင် စိမ်းကားလာခဲ့သော်လည်း အတိတ်က သံယောဇဉ်တွေ ရှိနေဆဲဖြစ်ရာ သူ သူမကို ပိုသနားသွားမိသည်။
ဟူး... သူမကလည်း သူ့စကားကို နားထောင်သလိုလိုရှိပေမယ့် ကမ်းချန်ချန်ဆိုရင် သူမစိတ်ထဲမှာ သူ့ကို မိုးမွှန်အောင် ကျိန်ဆဲနေလောက်ပြီ။
ဒါဆို စုန့်ကော်ကော်ကရော ဘယ်လိုတွေးနေမလဲ။
🌻 Chapter 40
စုန့်ကော်ကော်သည် သူ့ဘေးတွင် လှဲလျောင်းရင်း သူမ၏ နူးညံ့သော အကြည့်များဖြင့် သူ့ကို တစ်လက်မချင်း လေ့လာနေမိရာမှ အရေပြားများ ကွဲအက်ပေါက်ပြဲပြီး သွေးများ စိမ့်ထွက်နေသော သူ့ လက်ဖမိုးပေါ်တွင် အကြည့်များ ရပ်တန့်သွားရသည်။
သူမ အလျင်အမြန် ထထိုင်လိုက်ပြီး "အရှင်မင်းသား... လက်ကို ဘယ်လိုများ ဒဏ်ရာရလာတာလဲရှင်၊ ကျွန်မ ဆေးထည့်ပေးပါရစေ"
ယင်ကျန်းက "ဘာမှမဟုတ်ပါဘူး။ အရမ်း မှောင်နေတော့ သစ်ပင်အခေါက်နဲ့ အမှတ်မထင် ပွတ်မိသွားတာပါ"
စုန့်ကော်ကော်က အမှောင်ထဲတွင် သူ့ကို သဘောမတူဟန်ဖြင့် ကြည့်လိုက်ပြီး မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာကာ ပြောသည်။
"ကျွန်မက ကံဆိုးတဲ့ မိန်းမမှန်း သိပါတယ်၊ အရှင်မင်းသားရဲ့ လက်ကို ဆေးထည့်ပေးဖို့တောင် မထိုက်တန်ပါဘူး"
ထိုအရာကို မြင်သောအခါ ယင်ကျန်း သက်ပြင်းချလိုက်ပြီး "မင်းထည့်ချင်ရင် ထည့်လေ"
သူသည် ဖယောင်းတိုင်ကို ပြန်ထွန်းလိုက်ပြီး စုန့်ကော်ကော်မှာ သူ့ ဒဏ်ရာကို ဂရုတစိုက် သန့်စင်ပေးကာ ဆေးလိမ်းပေးသည်။ ထိုအခါမှသာ သူမက စိတ်အေးသွားဟန်ဖြင့် ပြောလာသည်။
"အရှင်မင်းသားက မြင့်မြတ်တဲ့ မွေးဖွားမှုရှိပြီး ခန္ဓာကိုယ်ကလည်း တန်ဖိုးကြီးပါတယ်၊ နောက်ဆို ဒီထက်ပိုပြီး သတိထားရမယ်နော်၊ ကျွန်မ အမြင်တော့ ဒါက အရှင်မင်းသားကို သေချာ မပြုစုဘဲ မီးမထွန်းပေးတဲ့ ကျန်တာ့နျန်ရဲ့ အပြစ်ပဲ"
ယင်ကျန်းက တိုးတိုးလေး ရယ်မောလိုက်ပြီး "ဒီတစ်ခါတော့ မင်း သူ့ကို အပြစ်တင်တာမှားပြီ၊ ကိုယ်က အရမ်းမြန်မြန် လမ်းလျှောက်လာတော့ သူက အမီမလိုက်နိုင်တာပါ"
သူ ဖယောင်းတိုင်ကို မှုတ်ပိတ်လိုက်ပြီး သူတို့နှစ်ဦး ပြန်လည် လှဲလျောင်းလိုက်ကြသည်။ တိတ်ဆိတ်မှုက သူတို့အပေါ် ထပ်မံလွှမ်းခြုံသွားသည်။
သူသည် အိပ်ရုံသက်သက်သာလာခြင်းဖြစ်ပြီး သူမအပေါ် မည်သည့် ရိုမန်းတစ် ခံစားချက်မှ မရှိတော့ကြောင်းနှင့် သူတို့ကြားတွင် ရင်းနှီးသော စကားပြောဆိုမှုများမရှိတော့ကြောင်း စုန့်ကော်ကော် သဘောပေါက်သွားသောအခါ သူမ၏ စိတ် အခြေအနေမှာ အထိန်းအကွပ်မရှိ ကျဆင်းသွားတော့သည်။
သူမသည် နံရံဘက်သို့ လှည့်လိုက်ပြီး ပခုံးများ တုန်ယင်လျက် တိတ်တဆိတ် ငိုကြွေးနေမိသည်။ ယင်ကျန်း နှလုံးသားမှာ လေးလံသွားရသည်။ ဘာအကြောင်းပြချက်မှ မရှိဘဲ သူမ ဘာလို့ ထပ်ငိုနေရပြန်တာလဲ...
ထိုသို့တွေးမိသဖြင့် သူမေးမိသွားသည်။
"ကိုယ် လာတာကို မင်း မကြိုက်လို့လား"
မျက်ရည်များကို မြိုသိပ်ထားရသော စုန့်ကော်ကော်သည် ထိုစကားကို ကြားသောအခါ ချောင်းဆိုးကာ ငိုကျွေးနေရင်းမှ အလျင်အမြန် တစ်ဖက်သို့ လှည့်လာပြီး အသည်းအသန်ရှင်းပြသည်။
"မဟုတ်... အဟွတ် အဟွတ်... မဟုတ်ပါဘူး အရှင်မင်းသား... အရမ်းကြီး မတွေးပါနဲ့ရှင်၊ အဟွတ် အဟွတ် အဟွတ်..."
သူမ၏ နီရဲနေသော မျက်လုံးများနှင့် မျက်ရည်များ ပေကျံနေသော ပါးပြင်ကို မြင်သောအခါ ယင်ကျန်းမှာ သူမကို ထပ်မံ မဆူပူရက်တော့ပေ။ သူသည် သူမ မျက်ရည်များကို လက်ချောင်းထိပ်များဖြင့် ညင်သာစွာ သုတ်ပေးရင်း "ဒါဆို မငိုပါနဲ့၊ ကိုယ်က မင်းငိုတာကို ကြည့်ဖို့ လာခဲ့တာ မဟုတ်ဘူး၊ ဒီနေ့ ကမ်းကော်ကော်ရဲ့ အခန်းထဲမှာ ပွင့်လန်းနေတဲ့ ဆီးပန်းပွင့်တွေကို မြင်တော့ မင်းကို သတိရသွားမိတယ်၊ အရင်တုန်းက အေးစိမ့်တဲ့ ရာသီဥတုမှာ အထီးကျန်ပြီး ဂုဏ်ယူဝင့်ကြွားတဲ့ စိတ်ဓာတ်လေးတွေကို သတိရရင်း မင်းကိုယ်မင်း ဆီးပန်းပွင့်တွေနဲ့ မကြာခဏ နှိုင်းယှဉ်လေ့ရှိတယ် မဟုတ်လား"
သူ ခေတ္တမျှ ရပ်တန့်သွားပြီး သူ့မျက်လွှာများကို အနည်းငယ် ချလိုက်သည်။ ရုတ်တရက် ကမ်းချန်ချန်သာ ဤနေရာတွင် ရှိနေပါက သူမ စိတ်ထဲမှ မည်သို့ တွေးမည်ကို သူ တွေးမိသွားသည်။ 'ငါက နင့်အတွက် မျက်စိစူးစရာ ဖြစ်နေတယ်ဆိုမှတော့ ငါ ပိုပြီးတောင် အများကြီး ငိုပစ်လိုက်မယ်' ဟုတွေးလောက်သည်။
အဲဒီ ကောင်မလေးက ဒီလိုပါပဲ၊ သူမက သူ့ကို အမြဲတမ်း ဆန့်ကျင်ရတာကို သဘောကျပြီး၊ သူကလည်း သူမရဲ့ ထူးဆန်းတဲ့ စကားပြောဟန်တွေကို သတိမထားမိဘဲ ဘယ်လိုဖြစ်ပြီး အသားကျလာမှန်းတောင် မသိတော့ဘူး။
ထိုအကြောင်းကို တွေးမိသောအခါ သူ အလိုအလျောက် နှုတ်ခမ်းများ တွန့်ကွေးကာ ပြုံးလိုက်မိပြီး ဒေါသများ ပြေလျော့သွားသကဲ့သို့ ခံစားမိသည်။
စုန့်ကော်ကော် မျက်လုံးများတွင်မူ စိတ်ပျက်မှုများ ထင်ရှားလာသည်။ ယနေ့ ကမ်းကော်ကော်ဆီကို ဆီးပန်းခက်လေး ပေးလိုက်ကတည်းက သူသာ ဆီးပန်းပွင့်ကိုမြင်ပြီး သူမအားသတိရလာရန် တိတ်တဆိတ် မျှော်လင့်နေခဲ့သည်။
သူမက အမြဲတမ်း ဂုဏ်ယူဝင့်ကြွားတဲ့ မိန်းမတစ်ယောက်ဖြစ်ပြီး မျက်နှာသာပေးခံရဖို့အတွက် လီစဲဖူလို ယုတ်ညံ့တဲ့ နည်းလမ်းတွေကို ဘယ်တော့မှ မသုံးခဲ့ဖူးဘူး၊ ဒီနေ့တော့ သူမ အခြေအနေနဲ့ အလိုက်သင့်လေး မျောလိုက်ရုံပါပဲ...
ဒီဆီးပန်းပွင့်လေးကြောင့် အရှင်မင်းသားက ကမ်းချန်ချန်ရဲ့ အဆောင်ကနေ သူမဆီ တကယ် ရောက်လာလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး၊ ကံမကောင်းစွာနဲ့ အရှင်မင်းသား ဒီကို ရောက်နေရင်တောင် သူမရဲ့ နှလုံးသားကို မနွေးထွေးစေနိုင်ခဲ့ဘူး၊ သူ့ရဲ့ ယဉ်ကျေးပေမယ့် စိမ်းကားတဲ့ အပြုအမူက သူမကို ပိုပြီးငိုချင်လာစေရုံပဲ...
စုန့်ကော်ကော်သည် သူ လာမည့်အစားမလာခဲ့လျှင် ပိုကောင်း မည်ဟုပင် တွေးမိသွားသည်။ ဒါဆို သူမလည်း ဒီလောက် သနားစရာကောင်းတဲ့ ပုံစံမျိုး ဖြစ်နေစရာ မလိုဘူးပေါ့၊ အချင်းချင်း အရင်းနှီးဆုံး ယုံကြည်ရသူတွေအဖြစ် သတ်မှတ်ခဲ့ကြတဲ့ ကလေးဘဝ သူငယ်ချင်း နှစ်ယောက်က အခုတော့ သူစိမ်းတွေလို ဖြစ်နေကြပြီလေ၊ ခုတင်ပေါ်မှာ စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ခွန်အားမဲ့စွာ လှဲလျောင်းနေရတာ ဘယ်သူ့ အပြစ်လဲ...
ယင်ကျန်းလည်း သူမ အတွေးများကိုမသိသဖြင့် သူ စိတ်လိုက်မာန်ပါ လုပ်ခဲ့မိသဖြင့် နောင်တရလာသည်။
ငါသာ စာကြည့်ဆောင်ကို တန်းပြန်သွားခဲ့ရင် ဒီပြဿနာတွေ အကုန်လုံး ဖြစ်လာမှာ မဟုတ်ဘူး။
နောက်တစ်နေ့တွင် စုန့်ကော်ကော်စည် ကမ်းချန်ချန်၏ခြံဝင်းသို့ ရောက်လာလေသည်။ သူမ တံခါးဝသို့ ရောက်သည်နှင့် အထဲမှ ရယ်သံများကို ကြားလိုက်ရသည်။
"ဟားဟားဟား... နှင်းလုံးလေး၊ နင် ဘယ်ကို သွားမလို့လဲ၊ အဲဒီမှာ ရပ်လိုက်စမ်း၊ ဟုတ်ပြီ... မလှုပ်နဲ့"
"နင် ထပ်ပြေးမယ်ဆိုရင် နင့်ရဲ့ ကြောင်မျက်နှာပေါ်မှာ မျဉ်းကြောင်း နည်းနည်းလောက် ထပ်ဆွဲပေးလိုက်မယ်၊ အဲဒါဆို နင်က ဆေးခြယ်ထားတဲ့ မျက်နှာကြီးနဲ့ အပြင်ထွက်ရမှာဆိုတော့ အိမ်နီးချင်း ကြောင်ကတောင် နင်နဲ့ စကားပြောမှာ မဟုတ်တော့ဘူး"
"ကော်ကော်... ကျွန်မတို့ အိမ်တော်မှာ ကြောင် တစ်ကောင်တည်း ရှိတာပါရှင်"
"သြော်... ငါ အဲဒါ မေ့သွားတယ်၊ ဒါပေမဲ့ အဲဒါလည်း ကောင်းတာပဲလေ၊ မဟုတ်ရင် နွေရာသီကျရင် အရမ်း ဆူညံနေမှာ"
"ကော်ကော် အဲဒါဘာအဓိပ္ပါယ်လဲဟင်"
"ဟီးဟီး... နင်တို့ နားလည်မှာ မဟုတ်ပါဘူး..."
ဟုန်ရှို့က သူမ လက်မောင်းကို တွဲကိုင်ထားလျက် "သူတို့ သခင်နဲ့ အစေခံတွေက ကွယ်ရာမှာဆို အချင်းချင်း လေးစားမှု ဒီလောက်တောင် ကင်းမဲ့နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
စုန့်ကော်ကော် မျက်မှောင် အနည်းငယ် ကြုတ်သွားပြီးနောက် ခပ်ဖျော့ဖျော့ ပြုံးကာ "ငါလည်း မထင်ထားခဲ့ဘူး၊ ဒါပေမဲ့ တော်တော် စိတ်ဝင်စားဖို့ ကောင်းသားပဲ"
စုန့်ကော်ကော် ရောက်လာသည်ကို လီဝမ် မြင်သောအခါ သတင်းပို့ရန် အထဲသို့အမြန်ပြေးဝင်သွားလေသည်။ ပြေးလွှားထားရသဖြင့် ကမ်းချန်ချန်၏ ပါးပြင်များမှာ နီရဲနေဆဲဖြစ်သည်။ သူမသည် နှုတ်ဆက်ရန် အလျင်အမြန် ရှေ့တိုးလာသည်။
"အစ်မတော်စုန့်... ဝင်လာပါရှင်၊ အစ်မတော်က ကျွန်တော်မျိုးမရဲ့ အိမ်လေးကို ပထမဆုံး လာလည်တဲ့ ဧည့်သည်ပဲ"
စုန့်ကော်ကော် ပြုံးလိုက်ပြီး "ညီမတော်ဆီကို ငါ စောစော လာခဲ့သင့်တာ"
ကမ်းချန်ချန်မှာ ညင်သာစွာ ပြုံးလျက် "အခု လာတာလည်း နောက်မကျသေးပါဘူး အစ်မတော်ရယ်၊ တကယ်တော့ ကျွန်တော်မျိုးမက အစ်မတော်ဆီကို အရင် လာခဲ့သင့်တာပါ"
စုန့်ကော်ကော် လက်ကို ခါလိုက်ပြီး "ဒီလို ယဉ်ကျေးမှုတွေအတွက် စိတ်မပူပါနဲ့"
အထဲရောက်သောအခါ စုန့်ကော်ကော် သည် ဟုန်ရှို့လက်ထဲမှ ပါးနီဘူးကို ယူလိုက်ပြီး "ဟိုတစ်ခေါက် မနက်ခင်း တွေ့ဆုံပွဲတုန်းက ညီမတော် ပါးနီ မလိမ်းထားတာကို တွေ့လို့ အစ်မတော် ကိုယ်တိုင် လုပ်ထားတဲ့ ဒါလေး ယူလာခဲ့တယ်၊ တန်ဖိုးကြီးတာတော့ မဟုတ်ပါဘူး ဒါပေမဲ့ အစ်မတော် ကိုယ်တိုင် လုပ်ထားတာလေ၊ အရောင်က အရမ်းလှပြီး ရနံ့လေးကလည်း သင်းနေလို့ပါ"
ကမ်းချန်ချန်: [အင်း... အဓိကကတော့ အဲဒီမနက်က ငါ နည်းနည်းလောက် ပိုအိပ်ချင်လို့ မိတ်ကပ်လိမ်းရမှာ ပျင်းပြီး ပါးနီရော၊ မျက်နှာချေရော မလိမ်းခဲ့တာ ဒါပေမဲ့ ဒီလောက် ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ရမှာပဲ၊ ဒီလို ကောင်းမွန်တဲ့ လက်ဆောင်ပေးတဲ့အတွက် ပိုပြီးတောင် ကျေးဇူးတင်သင့်သေးတယ်]
သူမမှာ ပစ္စည်းကို ယူလိုက်ပြီး အနံ့ခံကြည့်ကာ ပြူးကျယ်နေသော မျက်လုံးများဖြင့်ပင် "ရနံ့လေးက အရမ်းမွှေးတာပဲ၊ ဒါ ဘယ်ပန်းတွေနဲ့ လုပ်ထားတာလဲဟင်"
စုန့်ကော်ကော် ပြုံးကာ "အဓိကကတော့ နှင်းဆီပန်းတွေပါ၊ ပြီးတော့ အရောင်ထွက်အောင် အနီရောင်နဲ့ အပြာရောင် ပန်းလေးတွေ နည်းနည်း ထည့်ထားတယ်"
သူမ အကြည့်က အခန်းအလယ်ရှိ အထင်ရှားဆုံး စာရေးစားပွဲပေါ်သို့ ရောက်သွားသည်။ စားပွဲပေါ်တွင် ရွှမ်စက္ကူများ ရှုပ်ပွနေပြီး အများစုမှာ မင်ရည်များ ပေကျံနေသည်။ သူမသည် သိချင်စိတ်ဖြင့် မေးမိသွားသည်။
"ညီမတော် ခုနက ဘာလုပ်နေတာလဲ"
ကမ်းချန်ချန်က စားပွဲအနီးသို့ တိုးသွားကာ အတော်လေး အခက်တွေ့နေပုံဖြင့် "ကျွန်တော်မျိုးမက နှင်းလုံးလေးရဲ့ ပုံတူကို ဆွဲကြည့်ဖို့ ကြိုးစားနေတာပါ၊ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်မျိုးမရဲ့ ပန်းချီဆွဲတဲ့ စွမ်းရည်က ညံ့ဖျင်းနေပြီး နှင်းလုံးလေးကလည်း ငြိမ်ငြိမ်မနေဘူးလေ၊ ဒါကြောင့် တစ်နာရီလောက် ကြိုးစားပြီးတာတောင် မျဉ်းကြောင်း နည်းနည်းပဲ ဆွဲနိုင်သေးတယ်"
ရွှမ်စက္ကူများကို ဖြန့်ကျက်ထားရာ ထိုမျဉ်းကြောင်း အနည်းငယ်ကပင် သူမ၏ စွမ်းရည် အဆင့်အတန်းကို ဖော်ပြနေလေသည်။ စုန့်ကော်ကော် စိတ်ထဲတွင် ခေါင်းရမ်းလိုက်မိသော်လည်း မျက်နှာပေါ်တွင် မည်သည့် အရိပ်အယောင်မှ မပြခဲ့ပေ။
သို့သော် စုန့်ကော်ကော် အနောက်မှ ဟုန်ရှို့ က ရုတ်တရက် နှုတ်ခမ်းကို အုပ်ကာ တခစ်ခစ် ရယ်မောလိုက်လေသည်။
ကမ်းချန်ချန်က နားမလည်နိုင်စွာဖြင့် "ဘာရယ်တာလဲ"
သူမ ပန်းချီဆွဲတာ မကောင်းရင်တောင် သူမ မျက်နှာရှေ့မှာ ဘာလို့ ရယ်ရတာလဲ၊ ဒါက သင့်တော်လို့လား…