အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
🌻 Chapter 25
"ဒီကလေး... နင့်အစ်မနဲ့ ငါက ညီအစ်မအရင်းတွေလိုပဲလေ၊ နင်က ငါနဲ့ ဘာလို့ ဒီလောက်တောင် ယဉ်ကျေးနေရတာလဲ၊ နင့်အစ်မက နင် မြေပဲသကြားလုံး ကြိုက်တယ်လို့ အရင်က ပြောဖူးတယ်၊ ဒါကြောင့် နင့်အတွက် သီးသန့်အပိုလေး ယူလာတာ၊ နင် လက်မခံဘူးဆိုရင် ငါ တကယ် စိတ်ဆိုးမှာနော်"
သူ့သေဆုံးသွားသော အစ်မအကြောင်း ပြောလိုက်သည်နှင့် စုဖေးရှန်း၏ မျက်ဝန်းအိမ်မှ မျက်ရည်များက ဝမ်းနည်းစွာဖြင့် စီးကျလာသည်။
"ကျွန်တော့်အစ်မကလည်း ဒီသကြားလုံးကို အရမ်းကြိုက်တာဗျ၊ လွန်ခဲ့တဲ့သုံးနှစ်က ကျွန်တော်တို့ တစ်ခုရခဲ့တယ်၊ သူက အားလုံးကို ကျွန်တော့်ကိုပဲ ပေးမလို့ ဒါပေမဲ့ ကျွန်တော်က သူနဲ့ အတူတူခွဲစားမယ်လို့ အတင်းပြောခဲ့တယ်၊
အဲ့အချိန် သူ ပြုံးလိုက်တော့ ပါးချိုင့်လေးတွေ ပေါ်လာပြီး သကြားလုံးကို တစ်ဝက်ချိုးလိုက်တယ်၊ ကျွန်တော်တို့က အဲဒါကို အစအနလေးမကျန်အောင်ကို စားခဲ့ကြတာ၊ အရမ်းကို အရသာရှိတာပဲ၊ အဲဒီ အရသာကို ကျွန်တော် ဘယ်တော့မှ မမေ့နိုင်ဘူး၊ တစ်နေ့ကျရင် ကျွန်တော့်အစ်မက ကျွန်တော့်ကို ဒီလို ရက်ရက်စက်စက် ထားသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူးဗျာ"
ယွဲ့ယင်း သူ့ ခေါင်းကို ဖွဖွလေး ပုတ်ပေးလိုက်သည်။
"ဝမ်းမနည်းပါနဲ့တော့ကွယ်၊ ကံကောင်းလို့ သူ့ကို နာကျင်အောင်လုပ်တဲ့သူ သေသွားပြီလေ၊ ချန်ကော်ကော် နင့်အတွက်လက်စားချေပေးခဲ့ပြီးပြီပဲ၊ ဒါပေမဲ့... တစ်ယောက် ကျန်နေသေးတယ်..."
စုဖေးရှန်း နားမလည်စွာဖြင့် မေးလိုက်သည်။
"ဘယ်သူ ကျန်သေးလို့လဲ"
ယွဲ့ယင်းက သက်ပြင်းချကာ ပြောသည်။
"ဟူး... ငါ နင့်ကို ပြောပြမယ်၊ ဒါပေမဲ့ နင် လုံးဝစိတ်လိုက် မာန်ပါ မလုပ်ရဘူးနော်၊ နင့်အစ်မရဲ့ကိစ္စကို မင်းသား သိသွားရတဲ့ အကြောင်းရင်းက အဲဒီနေ့က သခင်ကြီး ကမ်းကော်ကော်ဆီသွားလို့လေ၊ ပြီးတော့... ကမ်းကော်ကော်ရဲ့ ခြံဝင်းထဲကဟွာယွီတို့ဆီကနေ တစ်ခုခုကြားသွားတာလားပဲ၊
နင့်အစ်မနဲ့ သူတို့က အမြဲတမ်း ကိုယ့်ဘာသာ သီးသန့်နေကြတာကို သူတို့က ဘာလို့ ဒီကိစ္စကို မင်းသားဆီတမင်တကာ သွားပြောပြရတာလဲ"
စုဖေးရှန်းသည် ပိုက်ဆံအိတ်အား ကျွတ်ခနဲ မြည်သွားသည်အထိ တင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး ရက်စက်သော အမူအရာဖြင့် အံကြိတ်ကာပြောသည်။
"ကျွန်တော့်အစ်မကို နာကျင်အောင် လုပ်ခဲ့တဲ့သူ ဘယ်သူ့ကိုမှ ကျွန်တော် အရှင်မထားဘူး၊ လွတ်မြောက်ခွင့် လုံးဝမပေးဘူး"
ယွဲ့ယင်းက စိုးရိမ်ဟန်ဆောင်သော အမူအရာဖြင့် ပြောသည်။
"နင် စိတ်လိုက်မာန်ပါ လုံးဝမလုပ်ရဘူးနော်၊ ငါတို့ အစေခံတွေ၊ မိန်းမစိုးတွေ အကုန်လုံးက အဆင့်အတန်း နိမ့်ကျတဲ့သူတွေလေ၊ သူက နာမည်ခံ ကိုယ်လုပ်တော်ပဲ ဖြစ်ဖြစ် သခင်မတစ်ယောက်ပဲ၊ ကိစ္စတော်တော်များများက ဉာဏ်သုံးမှပဲရတာ၊ စတုတ္ထမင်းသားဆီမှာ နင်လုပ်နိုင်တဲ့ ကိစ္စတွေ အများကြီး ရှိသေးတယ်၊ ကိုယ့်ကိုယ်ကိုယ် အရင်ကာကွယ်ပါ၊ မင်းသားရဲ့ယုံကြည်မှုနဲ့ မျက်နှာသာရအောင် အရင်လုပ်ပါ၊ အဲဒီအခါကျရင် အနာဂတ်မှာ နင် ဘာများမလုပ်နိုင်စရာရှိတော့လို့လဲ၊ သေချာစဉ်းစားနော်၊ ငါ သွားတော့မယ်"
စုဖေးရှန်းသည် ထွက်ခွာသွားသော သူမ၏ ကျောပြင်ကို ကြည့်ရင်း အမုန်းတရားများဖြင့် တွေးနေတော့သည်။
"သခင်မလေး စားပြီးပြီလားရှင်"
"ခုလေးတင် နိုးတာလေ၊ စားဖို့ဘယ်လိုလုပ်အချိန်ရမှာမှာလဲ"
အထိန်းတော်ကျန်း အေးစက်စက် ဖြတ်ပြောသည်။
"ကောင်းပါပြီ... ဒါဆို ထမင်းဝိုင်း စည်းကမ်းကနေပဲ စကြတာပေါ့"
ကမ်းချန်ချန် : "..."
သူမသည် နာမည်ကြီး ဇာတ်လမ်းတွဲထဲမှ မင်းသမီးတစ်ပါးကအလွန်ရက်စက်သော အထိန်းတော်ကြီးရုန်၏ ညှဉ်းပန်းနှိပ်စက် ထိန်းချုပ်မှုကို ခံခဲ့ရသည့် ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်ကို ရုတ်တရက် ပြန်လည်အမှတ်ရသွားကာ ကျောချမ်းသွားတော့သည်။
(မှတ်ချက် - အထိန်တော်ကြီးရယန်သည် နာမည်ကြီး တရုတ်ဇာတ်လမ်းတွဲ 'My Fair Princess' (Huan Zhu Ge Ge) မှ အလွန်ရက်စက်သော အထိန်းတော်ကြီး ဖြစ်သည်။)
မူလပိုင်ရှင်သည် သူမထံ မှတ်ဉာဏ်များ ချန်ထားခဲ့သော် လည်း ထိုအရာများကို သူမ လုံးဝနီးပါးမေ့လျော့နေခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ဤနေရာသို့ ရောက်ရှိပြီးကတည်းက သတိထားရမည့် ကိစ္စရပ်များစွာရှိနေခဲ့သောကြောင့် သူမသည် အစားစားချိန်များတွင် အတော်လေး ပေါ့ပေါ့ဆဆနေမိခဲ့သည်။
သို့သော် ယခုအချိန်တွင်မူ သူမ ကိုယ့်ကိုယ်ကိုအတွက် ရင်ထဲမှနေ၍ ဖယောင်းတိုင်တစ်တိုင်ကို တိတ်တဆိတ်ထွန်းညှိလိုက်တော့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် သူမသည် အစာစားချိန်တွင် အလွန်မတ်မတ်ထိုင်နေရပြီး ကိုယ်နေဟန်ထား ပြင်ဆင်ရန်အတွက်ပင် နာရီဝက်ခန့် အချိန်ယူလိုက်ရလေသည်။
အဆုံးတွင်မူ သူမ စတင်စားသောက်နိုင်ခဲ့ပြီ ဖြစ်သော်လည်း အစားအစာများမှာ အေးစက်နေခဲ့ချေသည်။ ကံကောင်းထောက်မစွာဖြင့် ဟင်းရည်ဖက်ထုပ်များကမူ နွေးထွေးနေဆဲ ဖြစ်လေသည်။
ရုံ... အာ မဟုတ်သေး၊ ကျန်းမားမားသည် လေးဆယ်စင်တီမီတာခန့် ရှည်လျားသော ပေတံတစ်ချောင်းကို ကိုင်ဆောင်ကာ ဘေးတွင် ရပ်နေလေသည်။ သူမ မျက်နှာထားမှာ သစ်မြစ်ခြောက်ကို ထွင်းထုထားသည့် ပြဇာတ်မျက်နှာဖုံးတစ်ခုကဲ့သို့ တင်းမာနေပြီး မျက်ခုံးမွှေးများမှာ ရှင်းချန်ကဲ့သို့ မည်းနက် ထူထဲနေလေသည်။
ဤမြင်ကွင်းက သူမ ခံတွင်းပျက်စေရန် အတော်လေးဖြစ်စေနေသော်လည်း ယနေ့ နံနက်စာမှာ အလွန်ပေါများနေသော ကြောင့် ကမ်းချန်ချန် စိတ်အခြေအနေမှာ သိပ်မဆိုးရွားလှပေ။
"ကော်ကော်... ပွဲတော်တည်တဲ့အခါ အသံမြည်အောင် ဝါးစားခွင့် မရှိပါဘူး"
"ကောင်းပါပြီ... ငါ အသံမမြည်အောင် စားပါ့မယ်"
"ကော်ကော်... ပွဲတော်တည်ချိန်မှာ စကားပြောခွင့်မရှိပါဘူး၊ အကယ်၍ အမှားလုပ်မိရင် ကျင့်ဝတ်ကျမ်းကို တစ်ခေါက် ကူးရေးရပါလိမ့်မယ်"
"ဟင်... ခုနကတုန်းက ဒီစည်းကမ်းကို မပြောခဲ့ဘူးလေ၊ ငါက မသိလို့ ပြောလိုက်ရုံလေးပါ၊ ဒါဆို ဒီတစ်ခွန်းတော့ လွှတ်ပေးလို့ မရဘူးလားဟင်"
ထူထဲသော မျက်ခုံး၊ ကြီးမားသောမျက်လုံးများရှိသော ဤအထိန်းတော်ကြီးမှာ မည်သို့များ ထောင်ချောက်ဆင် ကစားတတ်ရသနည်း။ ကမ်းချန်ချန်၏မျက်လုံးများမှာ မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွားသည်။
"ကျွန်မ လက်ကောက်ဝတ်က ဒဏ်ရာရထားတာလေ... အခု အရမ်းနာနေတာ၊ အရှင့်သားကတောင် အမျိုးသမီးဆုံးမစာ ကူးရေးဖို့ကို ခွင့်လွှတ်ပေးထားတာ၊ ကျန်းမားမားက တကယ်ပဲ ကျင့်ဝတ်ကျမ်းကို ကူးရေးခိုင်းပြီးအပြစ်ပေးတော့မလို့လားဟင်"
ကျန်းမားမားသည် ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် ပြောလာသည်။
"ဒါဆိုရင်လည်း ကော်ကော် တစ်ခေါက်ရွတ်ဆိုနိုင်ပါတယ်"
ကမ်းချန်ချန် ဝမ်းဗိုက်မှာ ဆာလောင်မှုကြောင့် အသံများ မြည်ဟည်းနေပြီး သူမ အမှန်ပင် ဆက်၍ သည်းမခံနိုင်တော့ပေ။ နံနက်စာကို အချိန်မှန်မစားခြင်းသည် အကောင်းဆုံး အခြေအနေတွင် သွေးတွင်းသကြားဓာတ် ကျဆင်းစေနိုင်ပြီး အဆိုးဆုံး အခြေအနေတွင် မေ့လဲစေနိုင်ကာ ရေရှည်တွင် သည်းခြေကျောက်တည်ခြင်းကို ဖြစ်စေနိုင်သည်။
သူမသည် ဦးစွာခေါင်းငုံ့ကာ ဖက်ထုပ်ထဲမှ ဟင်းရည်ကို တစ်လုပ်မျိုချလိုက်သည်။ သို့သော် သူမ မျိုမချနိုင်မီမှာပင် ကျန်းမားမားက ပေတံကိုမြှောက်ကာ ဆိုလာသည်။
"ကော်ကော် စည်းကမ်းဖောက်ဖျက်လိုက်ပါပြီ၊ ပွဲတော်တည်ချိန်မှာ အသံထွက်ခွင့်မရှိပါဘူး၊ ကျေးဇူးပြုပြီး လက်ဆန့်ထုတ်ပေးပါ... အပြစ်ပေးတဲ့အနေနဲ့ လက်ဝါးကို ရိုက်ရပါမယ်"
ကမ်းချန်ချန်မှာ ဟင်းရည်ကို သောင်ချလိုက်ပြီး မကျေမနပ်ဖြင့် သူမအား စိုက်ကြည့်လိုက်သော်လည်း သူမ လက်ကိုတော့ ဆန့်မထုတ်ပေးခဲ့ပေ။
သူမသည် သူမကိုယ်ကို နှိပ်စက်ရသည်ကို နှစ်သက်သူတစ်ယောက် မဟုတ်ပါချေ။
ထို့နောက် သူမ ဘယ်ဘက်လက်ဖြင့် ပေါင်းထားသောကြက် ဥပူတင်းတစ်ဇွန်းကို ဆက်လက် ခပ်ယူလိုက်သည်။ သူမ၏ လက်ကောက်ဝတ်မှာ အနည်းငယ် နာကျင်နေပြီဖြစ်ရာ ဇွန်းကို မြှောက်လိုက်ချိန်တွင် မတတ်သာဘဲ တုန်ယင်သွားရသည်။
"ကော်ကော် နောက်တစ်ကြိမ် စည်းကမ်းဖောက်ပြန်ပါပြီ၊ ဟင်းခပ်တဲ့အခါ ဟင်းရည်တွေ ယိုဖိတ်ကျခွင့် မရှိပါဘူး"
ကျန်းမားမားသည် ပေတံကို မြှောက်လိုက်ပြီး လမ်းတစ်ဝက်သို့ ရောက်နေပြီဖြစ်သော သူမ၏ လက်ကောက်ဝတ်ဆီသို့ ရိုက်ချသည်။
ဤအခိုက်အတန့်တွင် အချိန်များ နှေးကွေးသွားသကဲ့သို့ ထင်မှတ်ရပြီး လူတိုင်း၏အာရုံသည် ထိုပေတံဆီသို့ ရောက်ရှိသွားကြသည်။
သူမညာဘက်လက်မှာ ဘယ်ဘက်ထက် ပိုပြင်းထန်စွာ ဒဏ်ရာရထားသော်လည်း ဤပေတံဖြင့်သာ အအရိုက်ခံလိုက်ရပါက သူမ လက်နှစ်ဖက်စလုံး အသုံးမဝင်တော့မည်သာ ဖြစ်သည်။
ကမ်းချန်ချန်သည် အစားအစာများကို အလဟဿ မဖြစ်စေချင်သောကြောင့် နေရာတွင်ပင် အေးခဲသွားပြီး မျက်နှာမှာ ဖြူလျော့သွားတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သာမန်အားဖြင့် သတိ ထားမိလေ့မရှိသော ဟွာစန်းသည် ရုတ်တရက်ပေါ်လာကာ ကျန်းမားမား လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်သည်။
ကမ်းချန်ချန်သည် သူမ လက်ကောက်ဝတ်အရိုးများကျွတ်ထွက်သွားသကဲ့သို့ မြည်သံကို ကြားလိုက်ရပြီး ကျန်းမားမား၏စိမ်းပုပ်နေသော မျက်နှာကို မြင်လိုက်ရသောကြောင့် ဟွာစန်း၏ ခွန်အားမှာ အတော်လေး ကြီးမားကြောင်း သိလိုက်ရလေသည်။
သူမသည် ရယ်ချင်စိတ်ကိုမြိုသိပ်ကာ ကြက်ဥပူတင်းအား ပါးစပ်ထဲ သွတ်သွင်းလိုက်ပြီး ဖြည်းညင်းစွာ စားလိုက်လေသည်။ ကျန်းမားမား၏အသံမှာ ဒေါသကြောင့်သာမက နာကျင်မှုကြောင့်ပင် တုန်ယင်နေလေသည်။
"ကော်ကော်... ဒါက ကော်ကော့် အဆောင်တော်ကစည်းကမ်း လား၊ တတိယအဆင့် အစေခံကောင်မလေးတစ်ယောက်က ကျွန်မကို ဒီလိုမျိုးလက်ပါရဲတယ်ပေါ့လေ"
ကမ်းချန်ချန်သည် အစားစားခြင်းကိုသာ အာရုံစိုက်နေပြီး ပြန်လည် မတုံ့ပြန်ခဲ့ပေ။
ထို့အပြင် ပွဲတော်တည်ချိန်နှင့် အိပ်စက်ချိန်တို့တွင် စကားမပြောရဟူ၍ သူမကပင် ခုနလေးတင် သင်ကြားပေးခဲ့သည် မဟုတ်ပါလား။
ဤအချိန်တွင် အဆောင်တော်တစ်ခုလုံးက စည်းလုံးစွာ ရပ်တည်ကြသည်။
ဟွာယွီ "ကျန်းမားမား... စတုတ္ထမင်းသားက ရှင့်ကို ဒီမှာ စည်းကမ်းလာသင်ပေးဖို့ လွှတ်လိုက်တာလေ၊ ကျွန်မတို့ အဆောင်တော်ရဲ့စည်းကမ်းတွေသာ ကောင်းနေရင် ရှင့်ဆီကနေ သင်ယူစရာလိုပါဦးမလား၊ အစေခံတွေက အထိန်းတော်တွေကို ရိုက်ခွင့် မရှိပေမဲ့ အထိန်းတော်တွေကတော့ သခင်တွေကို ရိုက်ခွင့်ရှိတယ်လို့ ပြောချင်တာလား၊ ပုံကြီးချဲ့ မနေပါနဲ့၊ ကျွန်မတို့ရဲ့ ကော်ကော်ကဒဏ်ရာရထားပြီးသားပါ၊ ရှင်သာ ကော်ကော့်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်ရင် မင်းသားက ရှင့်ကို ဒီအတိုင်း လွှတ်ထားပေးမယ်လို့ ထင်နေလား”
🌻Chapter 26
ဤစကားများကို ကြားသောအခါ ကမ်းချန်ချန်သည် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ ယင်ကျန်း၏ ရင်ထဲတွင်မူ သူမသည် ငယ်စဉ်ကတည်းက အတူရှိနေခဲ့သော အထိန်းတော် ကျန်းမားမားလောက်ပင် အရေးပါမည် မဟုတ်ပေ။
ကျန်းမားမား စူးရှသော အသံဖြင့် အော်ဟစ်လိုက်သည်။
"နင်... မိန်းမယုတ်မလေး..."
သူမ စကားမဆုံးမီမှာပင် ဟွာယွီ လျင်မြန်စွာ ဖြည့်စွက်ပြောဆိုလာသည်။
"ကျန်းမားမား... ကျွန်မတို့ရဲ့ ဟွာစန်းက သူ့ခွန်အားကို သူ မသိဘူးနော်၊ ရှင် စကားနည်းနည်းပြောတာ ပိုကောင်းမယ်ထင်တယ်၊ မဟုတ်ရင် ရှင့်လက်ကောက်ဝတ်တွေ ပျက်စီးသွားပြီး အသက်ကြီးလာတဲ့အခါ ထမင်းတောင်စားနိုင်မှာ မဟုတ်ဘူး"
ဟွာယွီ စကားများမှာ အကြောင်းပြချက်မရှိဘဲ ပြောဆိုနေခြင်း မဟုတ်ပေ။ စံအိမ်တော်ထဲတွင် သူမ၌အခြားကျွမ်းကျင်မှု မရှိသော်လည်း အတင်းအဖျင်းများနှင့် ဆက်ဆံရေးများကို မှတ်သားထားတတ်လေသည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက ကျန်းမားမားတွင် သားတစ်ယောက်ရှိခဲ့ပြီး သူမ၏အရက်သမား ခင်ပွန်းဖြစ်သူက ရိုက်နှက်ရာမှ သေဆုံးသွားခဲ့ရသည်။ နှစ်နှစ်အကြာတွင်မူ သူမ၏ ခင်ပွန်းမှာ အရက်မူးကာ အုတ်ကုတင်ပေါ်တွင် အိပ်ပျော်နေရင်း အသက်ထွက်သွားခဲ့လေသည်။ ထို့ကြောင့် ကျန်းမာမာသည် ယခုအခါတွင် တစ်ကိုယ်တည်း နေထိုင်နေရခြင်း ဖြစ်သည်။
ကျန်းမားမားသည် ဟွာယွီ စကားများကြောင့် လည်ချောင်းထဲတွင် တစ်ဆို့သွားသကဲ့သို့ ခံစားလိုက်ရပြီး ဖြူလျော့နေသော သူမမျက်နှာမှာ ပိုမည်းမှောင်သွားကာ တိတ်ဆိတ်သွားတော့သည်။
ကမ်းချန်ချန် တစ်ယောက် ဘယ်ဘက်လက်ဖြင့် အခက်အခဲ စားသောက်နေရသည်ကို မြင်သောအခါ ယွင်ကျွမ်းသည် ကျန်းမားမား၏အစောက စည်းကမ်းများဟူသော စကားကို လျစ်လျူရှုကာ ရှေ့သို့ တိုးလာပြီး မေးလိုက်သည်။
"ကော်ကော် ဘယ်ဟာ သုံးဆောင်ချင်ပါသလဲ"
ကမ်းချန်ချန်သည် ပေါင်းထားသော မြည်းသားကို လက်ညှိုး ထိုးပြလာသည်။ သူမသည် ဒဏ်ရာရထားပြီး နံနက်စောစောအချိန်လည်း ဖြစ်သောကြောင့် ပေါ့ပေါ့ပါးပါး အစားအစာတစ်ခုခုဆိုလျှင် အဆင်ပြေလှသည်။
ယွင်ကျွမ်းသည် ၎င်းကို ဂရုတစိုက်ယူ၍ သူမအား ခွံ့ကျွေး သည်။ မြည်းသားမှာ ချောမွေ့၊ နူးညံ့ပြီး မွှေးကြိုင်နေသောကြောင့် အလွန်အရသာရှိလှသည်။ အသားတစ်မျိုးအနေဖြင့် ၎င်းသည် သိုးသားကဲ့သို့ ညှီနံ့မရှိသလို ဝက်သားကဲ့သို့လည်း အဆီမများဘဲ ငါးကဲ့သို့ ညှီသက်သက် အရသာလည်းမရှိချေ။
စားသောက်ပြီးနောက် ကမ်းချန်ချန် ဖြည်းညင်းစွာ ဆိုလေသည်။
"ဟွာစန်း... ကျန်းမားမားကို လွှတ်ပေးလိုက်တော့"
ဟွာစန်းသည် စကားနားထောင်စွာဖြင့် လက်ကိုလွှတ်ပေးလိုက်ရာ ကျန်းမားမားက အေးစက်စွာ ပြောလာလေသည်။
"ကော်ကော်... ကျွန်မ စတုတ္ထမင်းသားရဲ့ အမိန့်နဲ့ ဒီကိုလာခဲ့တာပါ"
ကမ်းချန်ချန်၏ စိတ်အခြေအနေမှာ စားသောက်ပြီးနောက် များစွာ ပိုကောင်းလာခဲ့ပြီး ပြုံးလျက် ဆိုလိုက်သည်။
"ကျန်းမားမား လက်နာသွားလား၊ ကျွန်မဆီမှာ စတုတ္ထမင်းသား ပို့ပေးထားတဲ့ အကောင်းဆုံး ဒဏ်ရာလိမ်းဆေးတွေ ရှိတယ်၊ ကျန်းမားမားလည်း နည်းနည်းလိမ်းလိုက်လေ"
ကျန်းမားမားသည် မျက်လွှာချကာ ပြောလာသည်။
"မလိုပါဘူး၊ အစေခံက အစေခံပါပဲ၊ သခင်တွေရဲ့ ပစ္စည်းကို ဘယ်လိုလုပ်သုံးခွင့်ရှိမှာလဲ၊ ဒါက စည်းကမ်းပဲလေ"
ကမ်းချန်ချန် ဖွဖွလေး ရယ်မောလိုက်သည်။
"ကျန်းမားမားက စည်းကမ်းတွေကို တန်ဖိုးထားတယ်ဆိုတာ ကျွန်မတို့အားလုံး သိပါတယ်၊ ဒါပေမဲ့ အရမ်းကြီးလည်း လောမနေပါနဲ့ဦး၊ ဒါက စည်းကမ်းတွေ သင်ယူဖို့ပဲ မဟုတ်ဘူးလား၊ ကျွန်မကလည်း သင်ယူဖို့ အရမ်းစိတ်အားထက် သန်တဲ့သူပါ၊ စကားမစပ် ခုနက ကျွန်မကို ကျင့်ဝတ်ကျမ်း ရွတ်ခိုင်းတယ် မဟုတ်လား၊ မားမား အရင်ရွတ်ပြလေ၊ ကျွန်မ တစ်ကြောင်းချင်းစီ လိုက်ရွတ်ပါ့မယ်"
ဟွာယွီလည်း ဝင်ရောက် ပြောလာသည်။
"ကျန်းမားမားရယ်... မားမား တိုင်ပေးလိုက်ပါ၊ ကျွန်မတို့ အားလုံး အတူတူ လိုက်ရွတ်ကြတာပေါ့၊ လူတိုင်းက စည်းကမ်းတွေကို သိထားပြီး လိုက်နာသင့်တာပဲလေ၊ ဒါမှ ကော်ကော်နဲ့ အထိန်းတော်ကြီးအတွက် အခက်အခဲ မဖြစ်ရအောင်ပါ"
ကျန်းမားမားမှာ ဆူပုတ်သွားပြီး အလွန်အမင်း စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။ စတုတ္ထမင်းသားက သူမအား ဤကိစ္စအတွက် အထူးတလည် တာဝန်ပေးခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။ ဤကမ်းကော်ကော်သည် အမှန်တကယ်ပင် ကိုင်တွယ်ရခက်သော မိစ္ဆာမလေးပင်ဖြစ်နေပုံရသည်။
သူမသည် မလိုလားစွာဖြင့် "ယဉ်ကျေးမှုဆိုတာ အပြန်အလှန် ရှိရမယ်၊ အပြန်အလှန် မရှိတာက ရိုင်းစိုင်းတာပဲ"
မိန်းမစိုးနှစ်ဦး အပါအဝင် အားလုံးက လိုက်လံရွတ်ဆိုကြသည်။
"ယဉ်ကျေးမှုဆိုတာ အပြန်အလှန် ရှိရမယ်..."
တစ်ခေါက် ရွတ်ဆိုပြီးစီးသွားသောအခါ ကျန်းမားမားက ဆိုလေသည်။
"ကော်ကော်... ကျွန်မတို့ ပွဲတော်တည်ချိန် စည်းကမ်းတွေကို သင်ပေးလို့ မပြီးသေးဘူးနော်"
ကမ်းချန်ချန်က "ကံဆိုးလိုက်တာ၊ ကျွန်မစားလို့တောင် ပြီးသွားပြီလေ၊ ပြီးတော့ ကျွန်မ လက်ကောက်ဝတ်ကလည်း အရမ်းနာနေတယ်၊ ဒီလိုလုပ်ရင်ကော မားမား... စားသောက်ချိန် စည်းကမ်းတွေကို နောက်တစ်ခေါက်လောက် ပြန်ပြောပြပေးပါ၊ ကျွန်မ အလွတ်ကျက်ထားလိုက်မယ်၊ ဒါမှ နောက်တစ်ခါ သင်တဲ့အခါ ပိုလွယ်သွားအောင်လို့"
ကျန်းမားမား "ပြောတာက တစ်မျိုး၊ လက်တွေ့လုပ်တာက တစ်မျိုးပါ ကော်ကော်၊ ကော်ကော်က ငယ်ပါသေးတယ်၊ ပျင်းရိနေလို့ မရဘူးလေ၊ အဲရင်တုန်းက စတုတ္ထမင်းသားဆိုရင် ကော်ကော့်ထက်တောင် ငယ်သေးတယ်၊ ဒါပေမဲ့ တစ်ခေါက် သင်ပေးရုံနဲ့ အကုန်လုံးကို တတ်မြောက်သွားတာ၊ ဒီအစေခံအိုကြီးက အပြစ်ပေးစရာတောင် မလိုခဲ့ဘူး။း"
စတုတ္ထမင်းသားအကြောင်း ပြောလာချိန်တွင် သူမ၏ မျက်ဝန်းများ၌ ဂုဏ်ယူဝင့်ကြွားမှု အရိပ်အယောင်များ တောက်ပသွားသည်။ ကမ်းချန်ချန် ချက်ချင်းနားလည်သွားသည်။ ဤသည်မှာ ကျောင်းမှ ဆရာတစ်ဦးသည် ၎င်းတို့၏ ထူးချွန်သော ကျောင်းသားအကြောင်းပြောပြရာတွင် ဂုဏ်ယူဝမ်းမြောက်စွာ ပြုံးရွှင်နေတတ်သည်နှင့် မတူပေဘူးလား။
ထို့ကြောင့် ကမ်းချန်ချန်သည် ဆက်၍မေးလာသည်။
"စစ်ပေလဲ့က အရမ်းကိုအထင်ကြီးစရာကောင်းမှာပဲနော်၊ အဲဒီတုန်းက သူက မားမားဆီကနေ ဘယ်လိုများ သင်ယူခဲ့တာလဲဟင်"
"အိုကွယ်... အဲဒီတုန်းက သူက ကလေးလေးပဲ ရှိသေးတာ၊ မွေးရာပါ မွန်မြတ်တဲ့ အရှိန်အဝါတွေပါလာပြီးတော့လေ... အဲဒီလိုမျိုး..."
ကျန်းမားမားသည် အပြောကောင်းစွာဖြင့် ရှည်လျားသော ဇာတ်ကြောင်းကို စတင်ပြောပြတော့ရာ သူတို့ သတိမထားမိလိုက်ခင်မှာပင် နေ့လယ်စာ စားချိန်သို့ရောက်ရှိသွားလေတော့သည်။ ကမ်းချန်ချန် ပြောလိုက်သည်။
"မားမား... ဗိုက်ဆာနေပြီလား၊ ဒီမှာ ကျွန်မနဲ့အတူတူ စားသွားလေ"
ဤနေရာသို့ အသစ်ရောက်လာသော ကျန်းမားမားမှာ သူမ၏ အာဏာကို မတည်ဆောက်နိုင်ခဲ့ဘဲ အနိုင်ယူခြင်းသာ ခံလိုက်ရသည်။ ယခုမူ ကမ်းချန်ချန်နှင့် တစ်နာရီနီးပါး စကားစမြည် ပြောဆိုပြီးနောက်တွင် ဤကမ်းကော်ကော်လေးမှာ အတော်လေး သဘောကျစရာကောင်းသည်ဟု သူမ ထင်မြင်လာမိသည်။
အမှန်တွင် သူမသည် အတော်လေး အသက်အရွယ်ကြီးရင့်နေပြီဖြစ်ပြီး သားသမီးလည်း မရှိတော့ချေ။ သို့ဆိုလျှင် အဘယ်ကြောင့် ကော်ကော့်အပေါ် စည်းကမ်းများကို အတင်းအကျပ် ချမှတ်နေရဦးမည်နည်း။
သူမသည် ကမ်းချန်ချန်အပေါ်ရန်လိုသော စိတ်ထားမရှိတော့သော်လည်း ပြောလိုက်သေးသည်။
"ကော်ကော်... စည်းကမ်းတွေအရ ဒီအစေခံအိုကြီးက အစေ ခံပါပဲ၊ သခင်မနဲ့ ဘယ်လိုလုပ် အတူတူ စားသောက်ခွင့် ရှိမှာလဲ"
ကမ်းချန်ချန်က ပြန်ဖြေသည်။
"ကျွန်မတို့က စားပွဲဝိုင်းတစ်ခုတည်းမှာ အတူတူ စားကြမှာမှ မဟုတ်တာ၊ ဘာကို ကြောက်နေတာလဲ"
သူမကိုယ်တိုင်မှာ အုတ်ကုတင်ပေါ်ရှိ စားပွဲတွင် စားသောက်ပြီး အစားအစာအများစုကို အခြားပန်းကန်များတွင် ဖယ်ထားပေးကာ ကျန်းမားမားအပြင် ယွင်ကျွမ်း၊ ဟွာယွီ အစရှိသည့် အစေခံကောင်မလေးလေးယောက်မှာမူ အောက် ဘက်ရှိ စားပွဲဝိုင်းတွင် စားသောက်ကြသည်။
အစေခံကောင်မလေးများ၏အစားအစာများမှာ ရိုးရှင်းသော် လည်း လွန်ခဲ့သည့် နှစ်ရက်ခန့်က မျက်နှာသာပေးခံရသော ကမ်းချန်ချန်မှာမူ မီးဖိုချောင်မှ ဟင်းပွဲများကို ပိုမိုတောင်းဆိုနိုင်စွမ်းရှိလေသည်။ သူမ တစ်ယောက်တည်း အကုန်လုံးကို မစားနိုင်သောကြောင့် သူမ အနှစ်သက်ဆုံး အနည်းငယ်ကိုသာ ရွေးချယ်ပြီး ကျန်သည်များကို အစေခံများအား မျှဝေပေးသည်။
သူမတွင် ငွေကြေးအနည်းငယ်သာရှိပြီး မျက်နှာသာရရန် အာဏာမရှိသော်လည်း သူမ၏ အဆောင်တော်အတွင်းရှိ သူများအပေါ် ကြင်နာမှုပြသရန် အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ထားချင်နေဆဲဖြစ်သည်။ လူမှုဆက်ဆံရေးဆိုသည်မှာ ထိုသို့ မဟုတ်ပါလား။ အခြားသူများထံမှ သစ္စာရှိပြီး ကြင်နာစေလိုလျှင် သင်ကိုယ်တိုင်သာ ဦးစွာ ပေးကမ်းရမည် ဖြစ်သည်။
"ညောင်..."
နေ့လယ်စာစားနေစဉ်တွင် ပျင်းရိသောကြောင်လေး နိုးလာသည်။ မနေ့ညက တာဝန်ကျခဲ့သော ယွမ်ရှုသည် နံနက်ခင်းတစ်ခုလုံး အိပ်စက်ခဲ့ပြီးနှင်းလုံးလေးကို ခေါ်ဆောင်လာခဲ့သည်။
"နေ့လယ်စာ ရပြီနော်... နှင်းလုံးလေးက အချိန်ကိုက် နိုးလာတာကိုး၊ နည်းနည်းလောက် နောက်ကျသွားရင် စားကြွင်းစား ကျန်တွေပဲ ရတော့မှာ"
ကမ်းချန်ချန် နောက်ပြောင်လိုက်သည်။နှင်းလုံးလေးသည် အသားနံ့ကို ရလိုက်သောအခါ နှာခေါင်းလေး ရှုံ့လာပြီး သူ၏ပန်းရောင် လျှာလေးကို ပေါ်လာစေလျက် ပါးစပ်ကို ကျယ်ကျယ် ဟလိုက်လေသည်။ တစ်ချိန်တည်းမှာပင် ၎င်း ရှေ့လက်ဖဝါးလေးများကို ဆန့်ထုတ်လိုက်ပြီး သေသပ်စွာ ဖြီးသင်ထားသော အဖြူရောင် အမွေးအမျှင်များအောက်ရှိ ပန်းရောင်ခြေဖဝါးအဖုလေးများကို အနည်းငယ် မြှောက်ကာ ကိုယ်လုံးလေးကို နောက်သို့ ကော့လိုက်သည်။ ကြောင်လေးမှာ အကြောဆန့်လိုက်ရာ သူလေး၏ ဗိုက်ဖြူဖြူလေးများ ပေါ်လာသည်။
ကမ်းချန်ချန် ရင်ထဲတွင် ယားကျိကျိ ခံစားချက်တစ်ခု ဖြတ်ပြေးသွားပြီး သူမ၏အချစ်တော် ကြောင်လေးကို ချက်ချင်း ကောက်ချီလိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"နှင်းလုံးလေး... နိုးလာတာနဲ့ မာမီဆီက အနမ်းတွေ လိုချင်နေပြီပေါ့"
ကျန်းမားမားမှာ လန့်ဖြန့်သွားပြီး အလိုလို စကားပြောချင်သွားသော်လည်း သူမ၏ ပျော်ရွှင်မှုကို မနှောင့်ယှက်လိုပေ။ ကမ်းချန်ချန် ကြောင်လေးကို ပွတ်သပ်ပေးပြီးမှ သူမ သတိပေးရန်ပြင်သည်။
"ကော်ကော်..."
ကမ်းချန်ချန်သည် ကြောင်လေးကို ကျေနပ်စွယပွတ်သပ်ပြီးနောက် လိမ္မာစွာဖြင့် လက်ကို ချက်ချင်းမြှောက်လိုက်ပြီး ပြောလေသည်။
"ကျွန်မသိတယ်... ဒါက စည်းကမ်းမဟုတ်ဘူးဆိုတာ၊ တစ်ခါလေးပါပဲ၊ ကျွန်မ အမြဲတမ်း ဒီလိုမလုပ်ပါဘူး၊ မနက်ခင်းကတည်းက သူ့ကို မပွတ်သပ်ရသေးဘူးလေ၊ သူက အရမ်း ချစ်ဖို့ကောင်းတော့ ဘယ်သူကများမြင်ပြီး မပွတ်သပ်ပဲ နေနိုင်မှာလဲ"
ကျန်းမားမားသည် နှင်းလုံးလေးကို လှမ်းကြည့်လိုက်ရာ ကြောင်လေးမှာ ကျက်သရေရှိပြီး လှပသည်ကို တွေ့ရသော် လည်း ကမ်းကော်ကော်အနေဖြင့် ဤမျှလောက် စိတ်လှုပ်ရှားနေရန်လိုအပ်သည်ဟု မမြင်ပေ။ သူမက သတိပေးလိုက်ဆဲ ဖြစ်သည်။
"ကော်ကော်... သတိတော့ထားသင့်တယ်၊ စတုတ္ထမင်းသားသာ သိသွားရင် ကျွန်မရဲ့အပြစ်ဖြစ်သွားလိမ့်မယ်"
ကမ်းချန်ချန်က သူမ၏ရင်ဘတ်ကို ပုတ်ကာ ဆိုသည်။
"စိတ်မပူပါနဲ့၊ စတုတ္ထမင်းသားရဲ့ ရှေ့မှာဆို ကျွန်မ ပိုပြီးတော့ သတိထားနေပါ့မယ်"
သူမသည် စတုတ္ထမင်းသားကို ဒေါသထွက်အောင် မလုပ်ရဲပေ။ သူ့ ဒေါသမှာ အတော်လေးဆိုးရွားလှပြီး မကြာခဏဆိုသလို တင်းမာသောမျက်နှာထားလည်း ရှိတတ်သည်။ ထိုကဲ့သို့သော သူနှင့်အချိန်အကြာကြီး အတူနေရခြင်းက လူတစ်ယောက်၏စိတ်အခြေအနေကို အမှန်ပင်ထိခိုက်စေနိုင် သည်။