အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
Chapter 41
ဟုန်ရှို့က အရိုအသေပေးလိုက်ပြီး "ခွင့်လွှတ်ပါ ကော်ကော်၊ ကျွန်မ တွေးမိလိုက်တာက ကျွန်မတို့ စုန့်ကော်ကော် ဒီမှာ ရှိနေတာကို ကော်ကော်က ပန်းချီမဆွဲတတ်လို့ ဘာလို့များ စိတ်ညစ်နေရတာလဲလို့ပါ"
ကမ်းချန်ချန် မျက်လုံးများ တောက်ပသွားရသည်။
"ဟုတ်တာပေါ့၊ အစ်မတော်က ကဗျာလည်း ကောင်းကောင်းစပ်နိုင်တယ်၊ စောင်းတီးတာရော၊ စစ်တုရင်ထိုးတာပါ ကျွမ်းကျင်တဲ့ အရည်အချင်းရှိတဲ့ မိန်းမတစ်ယောက်ဆိုတာ ကျွန်တော်မျိုးမ ကြားဖူးတာ ကြာပါပြီ၊ သူက ပန်းချီဆွဲတဲ့ နေရာမှာလည်း ဆရာတစ်ဆူ ဖြစ်နေတာများလား"
စုန့်ကော်ကော်က ဟုန်ရှို့ကို တစ်ချက်ကြည့်ပြီး
"ဒီကောင်မလေးရဲ့ ပေါက်ကရစကားတွေကိုပဲ နားထောင်နေလိုက်တော့ ညီမတော်ရယ်၊ အစ်မတော်က ပန်းချီအကြောင်း နည်းနည်းပါးပါးပဲ သိတာပါ၊ ဘယ်လိုလုပ် ဆရာတစ်ဆူ ဖြစ်ရမှာလဲ"
ကမ်းချန်ချန်က စုန့်ကော်ကော် ၏ လက်မောင်းကို ဖက်ကာ တောင်းဆိုသည်။
"ညီမတော် ဂရုမစိုက်ဘူး အစ်မတော်ရယ်၊ ကျွန်တော်မျိုးမအတွက် တစ်ပုံလောက်တော့ ဆွဲပေးရမယ်နော်၊ ရမလားဟက်"
စုန့်ကော်ကော်က မငြင်းဆန်ပေ။
"ကြောင်ကို ဆွဲရတာက လွယ်ပါတယ်၊ ဒါပေမဲ့ သူ့ကို ပုံစံတစ်မျိုးတည်း ငြိမ်ငြိမ်နေအောင် လုပ်ဖို့ကတော့ လွယ်မှာ မဟုတ်ဘူး၊ နှင်းလုံးလေး အိပ်ပျော်သွားတဲ့အထိ စောင့်မှ ဆွဲလို့ရမယ်ထင်တယ်"
ကမ်းချန်ချန်က မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကာ အမူအရာပိုပိုဖြင့် မျက်စိမှိတ်ပြလိုက်ပြီး "ကျွန်တော်မျိုးမလို တုံးအတဲ့သူက ကြောင်ပုံလောက်ပဲ ဆွဲနိုင်တာပေါ့ရှင်၊ ဒါပေမဲ့ အစ်မတော်ရဲ့ အလွန်ကောင်းမွန်တဲ့ ပန်းချီစွမ်းရည်နဲ့ဆို ကြောင်ပုံလောက်ပဲဆွဲတာက နှမြောစရာကြီး၊ ဒါကြောင့် ကျွန်တော်မျိုးမ ပုံကိုပါ ဆွဲပေးရင်ကော ဘယ်လိုလဲဟင်၊ ကျွန်တော်မျိုးမ နှင်းလုံးလေးကို ပွေ့ထားလိုက်မယ်၊ ဒါဆိုရင် သူလည်း ငြိမ်သွားမယ်လေ၊ ဟုတ်တယ်မလား အစ်မတော်"
စုန့်ကော်ကော်: "...အဲဒါ အကြံကောင်းပဲ"
ဟုန်ရှို့ကမူ စိုးရိမ်တကြီးဖြင့် "ကျွန်မတို့ ကော်ကော်က နေသိပ်မကောင်းဘူးလေ၊ သူ့ကို မပင်ပန်းစေရဘူးနော်"
ဟွာယွီက "ဟေး... နင့်သခင်ရဲ့ ပန်းချီစွမ်းရည် အကြောင်း ကြွားနေတုန်းကကျ အဲဒီလို မပြောပါလား၊ ဘာလဲ... အခုမှ နင် ဘယ်လောက် ဂရုစိုက်ကြောင်း ပြနေတာလား၊ နောက်ကျသွားပြီဟေး"
ထိုစကားကို ကြားသောအခါ အားလုံး ရယ်မောကြသည်။ စုန့်ကော်ကော်က ပြုံးကာ ထိုင်ခုံတစ်ခုပေါ်တွင် မှီထိုင်လိုက်ပြီး "အစ်မတော် နေမကောင်းဘူး ဆိုပေမယ့် ပန်းချီတောင် မဆွဲနိုင်လောက်အောင် ဒုက္ခိတ ဖြစ်နေတာမှ မဟုတ်တာ၊ ဒါပေမဲ့ မေးစရာ တစ်ခုရှိတယ်၊ ညီမတော် အမှန်တိုင်း ဖြေရမယ်နော်"
ကမ်းချန်ချန်သည် စိတ်ထဲမှ 'သူမရဲ့ အစစ်အမှန် ရည်ရွယ်ချက်ကို စပြလာပြီပေါ့' ဟု တွေးလိုက်ပြီး ပြုံးလျက် ပြောသည်။
"ကျွန်တော်မျိုးမ သိသမျှ အကုန် ပြောပြပါ့မယ်"
တကယ်က သူမက ပြောလို့ရတာကိုပဲ ပြောမှာပါ...
"မနေ့ညက အရှင်မင်းသား ညီမတော် အခန်းထဲက ထွက်လာတုန်းက ဒဏ်ရာရထားတာလား"
သူမ မေးတာ ဒါလေးပဲလား။
ကမ်းချန်ချန် သက်ပြင်းတစ်ချက် ချလိုက်ပြီး "မရပါဘူး... အာ၊ ကျွန်တော်မျိုးမ သတိမထားမိလိုက်တာလည်း ဖြစ်နိုင်တယ်၊ အရှင်မင်းသား ဘယ်နေရာ ဒဏ်ရာရသွားလို့လဲဟင်၊ ပြင်းထန်လား"
စုန့်ကော်ကော်မှာ ခေတ္တမျှ အကဲခတ်ကြည့်လိုက်သည်။ သူမ လိမ်နေပုံမပေါ်သလို အခန်းထဲက အစေခံမလေး နှစ်ယောက်၏ မျက်နှာအမူအရာများကလည်း ထိုကိစ္စကို မသိဘူးဆိုသည်မှာ ထင်ရှားသဖြင့် ပြန်ပြောသည်။
"သူ့လက်ကို နည်းနည်း ပွန်းသွားပြီး သွေးနည်းနည်း ထွက်သွားတာပါ၊ ဒါပေမဲ့ သိပ်မပြင်းထန်ပါဘူး"
ကမ်းချန်ချန်က တွေးကာ သုံးသပ်သည်။
"ဆီးနှင်းတွေကြောင့် လမ်းတွေ ချောနေတာလေ၊ အရှင်မင်းသားက နည်းနည်း မြန်မြန် လမ်းလျှောက်သွားတော့ ချော်လဲတာ ဖြစ်နိုင်တယ်"
'မြန်မြန် လမ်းလျှောက်သွားတယ်' ဟူသော စကားကို ကြားသောအခါ စုန့်ကော်ကော်ရင်ထဲတွင် နွေးထွေးသွားရသည်။
"အင်း..."
စုန့်ကော်ကော်သည် အမှန်ပင် ကျန်းမာရေး မကောင်းသဖြင့် တစ်ရက်လျှင် နာရီဝက်ခန့်သာ ပန်းချီဆွဲနိုင်လေသည်။ ဤပန်းချီကားကို ပြီးစီးရန် သုံးရက်ကြာမြင့်ခဲ့သည်။
စုန့်ကော်ကော် ပန်းချီဆွဲပြီးသောအခါ မေးလာသည်။
"လာကြည့်ပါဦး၊ သဘောကျရဲ့လား"
ကမ်းချန်ချန် အနားသို့ လျှောက်သွားပြီး သူမပန်းချီကားကို ကြည့်လသည်။ ပန်းချီကားထဲရှိ သူမနှင့် ကြောင်လေးမှာ အလွန် အသက်ဝင်နေသည်ဟု ခံစားလိုက်ရပြီး သူမ တမင်ရွေးချယ်ထားသော ရင်းနှီးသည့် အမူအရာများကိုလည်း အလွန် နီးကပ်သော ခံစားချက်ဖြင့် ရေးဆွဲထားလေသည်။ ချင်းမင်းဆက် အမျိုးသမီးတစ်ဦးလို ဝတ်ဆင်ထားပြီး နှင်းလုံးလေးကို ပွေ့ချီကာ ရေဆေးပန်းချီ အနုပညာ ဓာတ်ပုံတစ်ပုံ ရိုက်ထားသကဲ့သို့ပင်။
"အရမ်း ပြီးပြည့်စုံတာပဲ၊ ကျွန်တော်မျိုးမ မှန်ဘောင်သွင်းထားချင်လိုက်တာ၊ အစ်မတော်ကို ဘယ်လိုတောင် ကျေးဇူးဆပ်ရမလဲ"
ကမ်းချန်ချန် အလွန် စိတ်လှုပ်ရှားနေသော်လည်း စုန့်ကော်ကော်ကမူ ခပ်ဖျော့ဖျော့ ပြုံးကာ ပြန်ပြောသည်။
"ကျေးဇူးတင်စရာ မလိုပါဘူး"
စုန့်ကော်ကော် ရုတ်တရက်ဆိုသလို အရှင်မင်းသား ဘာကြောင့် ဤနေရာကို လာရတာ သဘောကျလဲဆိုသည်အား နားလည်သွားသလို ခံစားလိုက်ရသည်။ ဒီနေရာလေးက အသက်ဝင်ပြီး နွေးထွေးမှုတွေနဲ့ ပြည့်နှက်နေတာကိုး၊ သူမကိုယ်တိုင်တောင် ဒီကို လာချင်နေတာပဲ...
ရက်များကုန်လွန်သွားပြီး ယင်ကျန်းသည် သူမခြံဝင်းသို့ မလာသည်မှာ ရက်အတော်ကြာပြီ ဖြစ်သည်။ ကမ်းချန်ချန်သည် ညစာစားပြီးနောက် သူမ၏ လက်ချောင်းများကို ဆော့ကစားနေပြီး မသိစိတ်မှ နှုတ်ခမ်းကို ကိုက်ကာ မျက်လုံးများက ပြတင်းပေါက်ဆီသို့ စူးစိုက်နေရင်း အနည်းငယ် ငေးမောနေမိသည်။
"မြောင်~"
ကြောင်လေး၏ အော်သံကြောင့် သူမ လန့်သွားပြီး သူမ တကယ်ပဲ ယင်ကျန်းကို လွမ်းနေမိကြောင်း သဘောပေါက်သွားသည်။ ဒါ ဘယ်အချိန်က စခဲ့တာလဲ၊ ပထမဆုံးတွေ့ဆုံချိန်က သူ့ရဲ့ ရုပ်ရည်ကို ဆွဲဆောင်ခံရတာလား၊ ဒါမှမဟုတ် သူ့ရင်ခွင်ထဲမှာ ဖက်ထားခံရတာလား၊ ဒါမှမဟုတ် အဲဒီ အနမ်းတွေကြောင့်လား၊ ဟူး... ဒါ ငါ့ကို သတ်နေတာပဲ။
တစ်နေ့ကျရင် နန်းဆောင် သုံးဆောင်၊ ခြံဝင်း ခြောက်ခုရှိလာမယ့် ယောက်ျားတစ်ယောက်ကို ချစ်မိသွားတာက ထာဝရ ကျိန်စာသင့်မယ့် လမ်းကြောင်းဆိုတာ ရှင်းရှင်းလင်းလင်း သိနေရဲ့သားနဲ့ ဘာလို့ ကိုယ့်နှလုံးသားကို မထိန်းချုပ်နိုင်ရတာလဲ...
ကံကောင်းထောက်မစွာနဲ့ပဲ အချိန်မီ တားဆီးနိုင်ဖို့ သူမ စောစောစီးစီး သတိထားမိခဲ့တယ် ဒါမှမဟုတ် ငှက်လှောင်အိမ်နဲ့ တူတဲ့ ဒီမင်းသားအိမ်တော်မှာ ယင်ကျန်းက တစ်ဦးတည်းသော အရွယ်ရောက်ပြီး ယောက်ျားဖြစ်နေပြီး သူကလည်း တော်တော် ခန့်ညားနေလို့ သူမမှာ ရွေးချယ်စရာ မရှိလို့များလား၊ ပြီးတော့ ဒီရက်ပိုင်းက သူမရဲ့ ရာသီလာတဲ့ အချိန်ဆိုတော့ ဟော်မုန်း အပြောင်းအလဲတွေကြောင့် စိတ်အခြေအနေ မတည်မငြိမ် ဖြစ်တာလည်း ပါမှာပေါ့...
ဟူး... သူမ သူ့ကို ချစ်ချစ်၊မချစ်ချစ် ယင်ကျန်းကို နှစ်သိမ့်ဖို့ သူမ အကောင်းဆုံး ကြိုးစားရမှာပဲ...
ဤရက်ပိုင်းများတွင် ယင်ကျန်းမှာ သူမအား ထပ်ပြီး လျစ်လျူရှုထားသည်။ မီးဖိုချောင်မှာ သူမအား အရသာရှိသော ဟင်းပွဲအမျိုးမျိုးပို့တာ ရပ်သွားရုံတင်မကသေး နှင်းလုံးလေး အကြိုက်ဆုံး ငါးဝါလေးတောင်းလျှင်ပင်တမင်တူးအောင် ကြော်ပေးလိုက်သေးသည်။
သူတို့ တမင်သက်သက် လုပ်နေတာ သေချာတယ်၊ ဟွန့်...
ပြီးတော့ သူမ ကြိုက်တဲ့ ကြက်သားချောင်းကြော်က ခေတ်သစ်ပုံစံမျိုး ငရုတ်သီးမှုန့်နဲ့ ဆားထည့်ထားတဲ့၊ ကြွပ်ကြွပ်ရွရွ၊ မွှေးမွှေးလေးနဲ့ နည်းနည်း ထုံကျဉ်ကျဉ်လေး လုပ်ရတာ သိပ်ခက်တာမှ မဟုတ်တာ၊ အရင်က မီးဖိုချောင်ကို လုပ်ခိုင်းတုန်းကဆို စားတော်ကဲကြီးကိုယ်တိုင် ချက်ပြုတ်ပြီး မြန်မြန်ဆန်ဆန် ပူပူနွေးနွေး လာပို့ပေးခဲ့သည်။ သူမ ယခု ထပ်လုပ်ခိုင်းချိန် နှစ်သစ်ကူး နီးနေသဖြင့် အလုပ်ရှုပ်နေကာ အချိန်မရှိဟု ပြောကြသည်။
သို့သော် ဖူကျင်း သို့မဟုတ် လီစဲဖူက တစ်ခုခု စားချင်သည်ဆိုလျှင်တော့ ချက်ချင်း လူလွှတ်ပြီး ပို့ပေးကြသည်။
ဟူး... ဒါက အာဏာမရှိတဲ့ ကော်ကော်တစ်ယောက်ရဲ့ ကံကြမ္မာပဲ၊ ရက်အနည်းငယ်လောက် မျက်နှာသာပေးခံရပြီး ပြန်ကျဆင်းသွားတာ၊ ဒါပေမဲ့ ယင်ကျန်းရဲ့ စရိုက်က အရမ်း ကောက်ကျစ်တာပဲ၊ သူမက ဒီလောက်တောင် နှိမ့်ချနေတာကို သူက အေးစက်စက် ဆက်ဆံနေတယ်၊ ငါလေးက ခပ်ဖွဖွလေး တွန်းလိုက်ရုံလေးပဲလေ၊ သူက ဘာလို့ ဒီလောက် အငြိုးကြီးရတာလဲ၊ အရင်က သူ သူမကို တွန်းချခဲ့တာက ပိုဆိုးတာ မဟုတ်ဘူးလား၊ အဖြစ်မှန်ကို မသိတဲ့သူဆိုရင် သူမက သူ့ကို အရင်ဘဝက အကြွေး ရှစ်သန်းလောက် တင်နေတယ်လို့တောင် ထင်သွားဦးမယ်...
သူမ ယင်ကျန်းကို ဘယ်လို ချော့ရမလဲဆိုတာ တကယ်မသိဘူး၊ ပြီးတော့ သူမ ဉာဏ်လည်း နည်းနည်း ထိုင်းတော့ သူ့ရဲ့ အတွေးတွေကို ထိုးဖောက်မသိမြင်နိုင်ဘူးလေ...
စုဖေးရှန်ကို စည်းရုံးကြည့်ရင် ကောင်းမလား၊ သူမရဲ့ အနာဂတ်အတွက် သူ့ရဲ့ အမြော်အမြင်ကို အသုံးချကြည့်ရမယ်။
စုဖေးရှန်းက အခု အသက် ၁၁ နှစ်ပဲ ရှိသေးတဲ့ ကလေးလေးလေ၊ ချော့ရတာ လွယ်မှာပဲ၊ သူ့ကို မုန့်လေး နည်းနည်း ပေးလိုက်ရင် ရပြီ၊ ယင်ကျန်းဆီကို ဘာလို့ ဘာမှမပို့တာလဲဆိုတော့ အဲ့လို ပေါ်တင်ကြီး မျက်နှာသာပေးခံရဖို့ ပြိုင်ဆိုင်တာက တခြားသူတွေရဲ့ မကျေနပ်မှုကို ဆွဲဆောင်မိမှာစိုးလို့ပဲ...
ဒါက အလုပ်ခွင်မှာလိုပဲလေ၊ သူဌေးကို ဖားရင်၊ မဖားတဲ့သူတွေက မုန်းကြမှာပဲ၊ စုဖေးရှန်းက လောလောဆယ် စာကြည့်ဆောင်က အစေခံ တစ်ဒါဇင်လောက်ထဲက တစ်ယောက်ပဲလေ၊ သူ့ကို ဂရုစိုက်ပေးတာက ဘယ်သူ့ရဲ့ အာရုံစိုက်မှုကိုမှ ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး...
ကမ်းချန်ချန်သည် အပြင်ဘက်ခြံဝင်းကို သူမ သွားခွင့်မရှိကြောင်း သိသဖြင့် သူမ အခန်းထဲမှ မိန်းမစိုး လီဝမ်ကို ခေါ်လိုက်သည်။
လီဝမ်က အနည်းငယ် အရိုအသေပေးလျက် "ကော်ကော်... ဘာများ အမိန့်ရှိပါသလဲရှင်"
ကမ်းချန်ချန်က စားပွဲပေါ်ရှိ အစားအသောက်သေတ္တာကို လက်ညှိုးထိုးပြကာ "ဒီမုန့်တွေကို စတုတ္ထမင်းသားရဲ့ စာကြည့်ဆောင်က စုဖေးရှန်ဆီ ယူသွားလိုက်၊ ကျန်းမားမားရဲ့ သင်ကြားပြသမှုအတွက် ကမ်းကော်ကော်က ကျေးဇူးတင်လို့ သူ့အတွက်နဲ့ သူ့ရဲ့ မွေးစားမိခင်အတွက် အထူး ပို့ပေးလိုက်တာလို့ ပြောလိုက်ပါ"
လီဝမ်သည် အမိန့်ကို လက်ခံကာ ထွက်ခွာသွားပြီး စုဖေးရှန်ထံသို့ အစားအသောက်သေတ္တာနှင့် ကမ်းချန်ချန်၏ စကားများကို ပို့ဆောင်ပေးခဲ့သည်။
သို့သော် စုဖေးရှန်းက အစားအသောက်သေတ္တာကို သံသယဖြင့် ကြည့်နေလေသည်။ သူမှာ ကိုယ့်လိပ်ပြာကိုယ် မလုံဖြစ်နေပြီး ကမ်းကော်ကော်က သူ့အား ဒုက္ခပေးရန် အစားအသောက်သေတ္တာကို အသုံးပြုချင်နေတာလားဟု သံသယဝင်ကာ မစားရဲဖြစ်နေသည်။
ဤအချိန်တွင် ကျန်တာ့နျန်က သူ့ကို ခေါ်လိုက်ပြီး ဆူပူတော့သည်။
🌻 Chapter 42
"ငတုံးလို ဘာရပ်လုပ်နေတာလဲ၊ စတုတ္ထမင်းသားက စောင့်နေရပြီ၊ ငါ အခုလေးတင် ဝင်သွားပြီး မင်းအစား လက်ဖက်ရည် ငဲ့ပေးခဲ့တယ်"
စုဖေးရှန်းက အရိုအသေပေးလိုက်ပြီး "တောင်းပန်ပါတယ်၊ အခုပဲ လာပါပြီခင်ဗျာ"
ကျန်တာ့နျန်က သေတ္တာကိုမြင်ချိန် မေးလာသည်။
"မင်းက အပြင်ထွက်သွားပြီး ဘာလို့ အစားအသောက်သေတ္တာကြီးနဲ့ ပြန်ရောက်လာတာလဲ"
ပါးနပ်သော စုဖေးရှန်က အစားအသောက်သေတ္တာကို ကမ်းပေးရင်း ပြုံးကာ ပြန်ဖြေသည်။
"ဒါက ကမ်းကော်ကော် ခြံဝင်းက မိန်းမစိုး လာပို့သွားတာပါ"
အတွင်းဆောင်မှ အမျိုးသမီးများသည် ဧကရာဇ်၏ မျက်နှာသာပေးမှုကို ပြိုင်ဆိုင်လေ့ရှိပြီး စတုတ္ထမင်းသား၏ စာကြည့်ဆောင်သို့ အစားအသောက်များ ပို့လေ့ရှိသောကြောင့် ကျန်တာ့နျန်သည်လည်း ကမ်းချန်ချန်က ဤအရာကို ယင်ကျန်းထံ ပို့လိုက်ခြင်းဖြစ်မည်ဟု ယူဆလိုက်သည်။ သူက ချက်ချင်းပင် လက်ထဲက ယပ်တောင်ဖြင့် စုဖေးရှန်အား ရိုက်ဟန်ပြပြီး ပြောသည်။
"ဒါဆို ဘာလို့ အထဲမယူသွားသေးတာလဲ၊ ဒီကောင်လေးတော့... နောက်တစ်ခါ အချိန်ဆွဲနေရင် မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"
"ဟုတ်ကဲ့ပါခင်ဗျာ"
စုဖေးရှန်၏ ကျောပြင်ကို ကြည့်ရင်း ကျန်တားနျန်က ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။
"ကမ်းကော်ကော်တဲ့လား"
သူမက နောက်ဆုံးတော့ အသိတရား ဝင်လာတာများလား၊ ဒါမှမဟုတ် ဒီနေ့ နေကပဲ အနောက်ဘက်က ထွက်လာလို့လား၊ ဘာပဲဖြစ်ဖြစ် အရှင်မင်းသားရဲ့ စိတ်အခြေအနေက ဒီနေ့အများကြီး ပိုကောင်းလာတော့မှာပဲ၊ ပြီးခဲ့တဲ့ ရက်အနည်း ငယ်က အုံ့မှိုင်းနေတဲ့ လေထုကြီးလည်း ပျောက်ကွယ်သွားသင့်ပြီး မဟုတ်လား။
စုဖေးရှန်သည် အစားအသောက်သေတ္တာကို အထဲသို့သယ်သွားပြီး ယင်ကျန်း ဘေးတွင် ချထားလိုက်သည်။
ယင်ကျန်းက ပြတင်းပေါက်အပြင်ဘက် ကောင်းကင်ကို ကြည့်နေပြီး သူ၏ မျက်နှာထားမှာ မကျေမနပ် ဖြစ်နေကာ လေသံမှာလည်း ခက်ထန်နေသည်။
"ဒါ ဘယ်သူ လာပို့တာလဲ"
သူ ခုနကမှ ညစာစားပြီးတာလေ ထုံးစံအရဆို ဒီအချိန်မှာ ဘာမှ မစားတော့ဘူး။ ဒီလိုအချိန်ကြီး အစားအသောက် လာပို့တာက လုံးဝ အကင်းမပါးတာကို ပြနေတာပဲ။
စုဖေးရှန်သည် ယင်ကျန်း၏ မကျေနပ်မှုကို သတိထားမိပြီး ပိုဝမ်းသာသွားကာရိုသေစွာဖြင့် ပြန်ဖြေသည်။
"ကမ်းကော်ကော်ရဲ့ ခြံဝင်းက မိန်းမဆိုးလီဝမ် အခုလေးတင် လာပို့သွားတာပါ"
ကမ်းချန်ချန်ဟူသော နာမည်ကို ကြားသည်နှင့် ယင်ကျန်း မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။
ဟက်... သူမလည်း ဒီအကွက်ကို တတ်နေပြီလား၊ ကောင်မလေးက တောင်းပန်ဖို့ ကြိုးစာနေတာပေါ့လေ။
ယင်ကျန်းမှာ အစားအသောက်သေတ္တာကို ယူလိုက်ပြီး သူ၏ သွယ်လျသော လက်ချောင်းများဖြင့် အဖုံးကို ဖွင့်ကာ အတွင်းမှ အနုစိတ်ဖန်တီးထားသော မုန့်များကို ထုတ်ယူလိုက်သည်။
သူမ ငါ့အတွက် ဘာတွေ ပြင်ဆင်ပေးထားလဲ ကြည့်ရအောင်...
ဆာချီမာ၊ နို့ပေါက်စီ၊ နဂါးမုတ်ဆိတ် သကြားပြား၊ ဆီးသီးနှစ်မုန့်၊ မြည်းမုန့်လိပ်နဲ့ ဟီဘီစကစ်ကိတ်မုန့်...
မဆိုးပါဘူး၊ သူမကြိုက်တဲ့ မြည်းမုန့်လိပ်နဲ့ ဆီးသီးနှစ်မုန့်ကလွဲရင် ကျန်တာတွေ အကုန်လုံး သူကြိုက်တာတွေချည်းပဲ၊ သူမ သေချာ ဂရုတစိုက် ပြင်ဆင်ထားတာကိုး...
ယင်ကျန်းသည် အနည်းငယ် မောက်မာဟန်ဖြင့် ဆာချီမာ (တရုတ်မုန့်တစ်မျိုး) တစ်ခုကို ကောက်ယူလိုက်ပြီး ပါးစပ်ထဲ ထည့်ရန် ပြင်လိုက်စဉ် စုဖေးရှန်းမှာ အလျင်အမြန် သတိပေးလာသည်။
"အရှင်မင်းသား... အဆိပ်စစ်ဆေးရဦးမယ်လေ"
ယင်ကျန်း၏ ခန့်ညားသော မျက်နှာတွင် မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး မုန့်ကို ပြန်ချထားသည်။
မကြာမီ မားမားယွီ၏ ကြီးကြပ်မှုအောက်တွင် မုန့်တစ်ခုစီကို ငွေအပ်ဖြင့် စစ်ဆေးလိုက်ရာ အဆိပ်မရှိကြောင်း တွေ့ရသည်။ ထို့နောက် မိန်းမစိုးငယ် တစ်ဦးက မြည်းစမ်းကြည့်သည်။
နာရီဝက်ကြာပြီးနောက် မိန်းမစိုးငယ်မှာ မည်သည့် ပုံမှန်မဟုတ်သော လက္ခဏာမျှ မပြသဖြင့် ယင်ကျန်း စားသုံးနိုင်ပြီ ဖြစ်သည်။
စုဖေးရှန်းမှာမူ သူ၏ လုပ်ရပ်များအတွက် နောင်တရလာသည်။ ကမ်းကော်ကော်က တကယ်တမ်း အဆိပ်မခတ်ထားဘူးလို့ သူ မထင်ထားခဲ့ဘူးလေ။ သူ့ရဲ့ လုပ်ရပ်တွေက ပြောင်းပြန် အကျိုးသက်ရောက်သွားပြီလား။
ယင်ကျန်းမှာ မုန့်တစ်ခုအား စားလိုက်ပြီးနောက် သူ့အင်္ကျီလက်ကို ခါလိုက်ပြီး ထကာ အပြင်သို့ ထွက်သွားသည်။ ကျန်တာ့နျန်လည်း အနောက်ဆောင်သို့ အဖော်လိုက်သွားပုံရသည်။
စုဖေးရှန်သည် အစားအသောက်သေတ္တာထဲရှိ လှပပြီး မွှေးကြိုင်သော မုန့်များကို ကြည့်ကာ တံတွေးများကို ခက်ခဲစွာ မျိုချလိုက်မိသည်။ အဆိပ်မရှိဘူးဆိုရင်၊ ကမ်းကော်ကော်က ဘာလို့ သူ့အပေါ် ဒီလောက် ကောင်းနေရတာလဲ...
သူမရဲ့ သစ္စာဖောက်မှုကို သူ သိနေပြီဆိုတာ သူမသိသွားလို့ သူ့ကို ပြန်ပေးဆပ်ချင်လို့များလား၊ ဟွန့်... သူက ဒီလောက် လွယ်လွယ်နဲ့ လာဘ်စားခံမယ့်သူ မဟုတ်ဘူး၊ အဲဒါက သူ့အစ်မရဲ့ အသက်လေ၊ ကမ်းချန်ချန် တာဝန်ယူကိုယူရမယ်။
ယင်ကျန်းသည် ကမ်းချန်ချန် ခြံဝင်းအပြင်ဘက်သို့ ရောက် လာသော်လည်း အတွင်း၌ ဖယောင်းတိုင်မီးများ ငြိမ်းနေ သည်ကို တွေ့ရသဖြင့် သူ့ စိတ်အခြေအနေမှာ အနည်းငယ် ရှုပ်ထွေးသွားရသည်။
သူမက သူ့ကို သဘောကျစေချင်လို့ မုန့်တွေပို့တာ ရှင်းနေတာကို ဘာလို့ သူ့ကို မစောင့်နေတာလဲ၊ မဟုတ်မှ တမင်မူနေတာလား။
ဟက်... အဲဒါက သိပ်ပါးနပ်တဲ့ နည်းဗျူဟာတော့ မဟုတ်ဘူးပဲ၊ သူ တစ်ချက်ကြည့်လိုက်တာနဲ့ သိတယ်။
သူ အခန်းထဲ ဝင်သွားသောအခါ ကမ်းချန်ချန်မှာ အလျင်အ မြန် ထလိုက်ပြီး အဝတ်အစားများ ဝတ်ဆင်သံကြောင့် ရှပ်ရှပ်မြည်သံများ ထွက်ပေါ်လာသည်။
ယင်ကျန်း ဖယောင်းတိုင်များ ထွန်းညှိလိုက်ပြီးနောက် သူမအား မထရန်လက်ဟန်ပြလိုက်ပြီး "ဘာလို့ ဒီလောက် စောစော အိပ်နေတာလဲ"
[စောစောဟုတ်လား]
သူ့ကို မတွေ့ရသည်မှာ ရက်အတော်ကြာပြီ ဖြစ်ရာ ကမ်းချန်ချန်သည် အနည်းငယ် အနေရခက်နေပြီး ပြန်ဖြေသည်။
"အရှင်မင်းသားကို လျှောက်တင်ပါတယ်၊ ဒီနေ့ နေ့လယ် ကျွန်တော်မျိုးမ တစ်ရေးမအိပ်ခဲ့ရလို့ ညနေပိုင်းဆော့ရတာပါ ပင်ပန်းသွားတာနဲ့ ဒီည နည်းနည်း စောစောအိပ်ယာဝင်လိုက်တာပါ"
ယင်ကျန်းက သူမ၏ စောင်များအောက်သို့ လက်လျှိုသွင်းလိုက်ရာ နွေးထွေးသက်သာနေပြီဖြစ်ကြောင်း တွေ့ရသဖြင့် သူ့ လက်မောင်းများကို ဖြန့်ကာ ပြုံးလျက်ပြောသည်။
"ကိုယ် အဝတ်အစား ချွတ်ဖို့ကူညီပေးပါဦး"
"ဟုတ်ကဲ့ပါရှင်"
ကမ်းချန်ချန် ရှေ့တိုးလာပြီး ခုတင်ပေါ်တွင် ဒူးထောက်ကာ သူ့ အဝတ်အစား ကြယ်သီးများကို ဖြုတ်ပေးရင်း စိတ်ထဲမှ ညည်းညူနေမိသည်။
[အရှင်မင်းသားက ဒီလောက်ရက် အများကြီးမလာဘဲနဲ့ ဘာလို့ ဒီနေ့မှ ရုတ်တရက် ရောက်လာတာလဲ၊ လာမယ်ဆိုတာတောင် ကြိုမပြောဘူး၊ ဒါမှ ငါလေး ပြင်ဆင်ထားလို့ ရမှာပေါ့]
[ဒီလောက် ညနက်မှ ငါ့ကို လာနှောင့်ယှက်တာ၊ သူက NPD ကြီးလားမသိဘူး၊ လူဆိုးကြီး... တကယ်ကို စည်းမရှိကမ်းမရှိဟာကြီး]
ယင်ကျန်း၏ ကြည်နူးနေသော စိတ်အခြေအနေတို့မှာ ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားရသည်။ သူသည် သူမမေးစေ့ကို လက်တစ်ဖက်ဖြင့် ဆွဲမော့ကာ မေးသည်။
"ကိုယ် လာတာကို မကြိုဆိုဘူးလား"
"ဟင့်အင်း... အဲလိုမဟုတ်ပါဘူး၊ ကျွန်တော်မျိုးမ အရမ်းပျော်လို့ပါ"
သူမ၏ပေါ့တန်တန်အဖြေကို ယင်ကျန်း မကျေနပ်ပေ။ သူ့ နက်မှောင်သော မျက်ဝန်းများက သူမအား စူးစူးရဲရဲ စိုက်ကြည့်နေပြီး လေသံမှာ နက်ရှိုင်းကာ အမိန့်ဆန်နေသည်။
"ကိုယ် အမှန်အတိုင်း ကြားချင်တယ်"
ကမ်းချန်ချန်မှာ သူ့ကို မော့ကြည့်မိချိန် ထိုအကြည့်များကို ပြန်ခွာမရတော့ပေ။
[မီးရောင်အောက်မှာ အလှတရားကပိုပေါ်လွင်တယ် ဆိုတာ တကယ်ပဲ၊ ဘာလို့များ ဒီလောက်တောင် ချောနေရတာလဲ၊ ပန်းချီကားတစ်ချပ်လိုပဲ ကျက်သရေရှိပြီး ခန့်ညားလိုက်တာ...]
မည်သို့ပင်ဆိုစေ ကမ်းချန်ချန်က လက်သုံးချောင်းထောင်ကာ သစ္စာဆိုလိုက်သည်။
"ကျွန်တော်မျိုးမ ပြောတာ တကယ်အမှန်ပါရှင်"
[ဘာလို့ အမှန်အတိုင်း လာမေးနေတာလဲ၊ ငါ နင့်ကို ကြိုက်နေလားလို့ မေးနေတာလား၊ နင့်မှာ ငါမှလွဲပြီး တခြားမိန်းမတွေ အများကြီး ရှိနေတာလေ၊ အဲဒါက ငါ့အတွက် တရားမျှတတယ်လို့ ထင်နေလား]
ကမ်းချန်ချန်မှာ မခံမရပ်နိုင်အောင် မုန်းလာမိသည်။ ဤခန္ဓာကိုယ်မှာ ငယ်ရွယ်လွန်းသေးသဖြင့် စိတ်ခံစားလွယ်သဖြင့် သူမ ငိုချင်လာမိသည်။ သို့သော် သူမ၏ မာနကြောင့်ဖြစ်စေ အခြားအကြောင်းကြောင့်ဖြစ်စေ ယင်ကျန်းရှေ့တွင် မငိုနိုင်ချေ။ ထို့ကြောင့် ကျလာမည့် မျက်ရည်များကို အတင်း အကြပ် မြိုသိပ်ထားလိုက်သည်။
ယင်ကျန်းသည် သူမ မျက်ဝန်းအိမ်မှ မျက်ရည်စများကို မြင်လိုက်ရပြီး သူမ၏ အနက်ရှိုင်းဆုံး အတွေးများကို ကြားလိုက်ရသောအခါ တစ်လစာ အလုပ်များအားတစ်ရက်တည်းဖြင့် ပြီးစီးသွားသည်ထက်ပင် ပိုကျေနပ်သွားရသည်။ သူသည် ယခင်က ဤသစ်တုံးပမာ ခံစားချက်မဲ့သော မိန်းမကို မုန်းတီးခဲ့သော်လည်း ယခုမူ ထိုအတားအဆီးကြီးမှာ အဆုံးတွင် ပွင့်သွားခဲ့ပြီမဟုတ်ပါလား။
ယင်ကျန်းမှာ သူမခါးကို သိုင်းဖက်ကာ သူ့ရင်ခွင်ထဲသို့ တင်းကျပ်စွာ ဆွဲသွင်းလိုက်သည်။
"ချန်အာ... မင်း နှလုံးသားထဲမှာ ကိုယ်ရှိနေသလို၊ ကိုယ့်နှလုံး သားထဲမှာလည်း မင်းရှိနေပါတယ်၊ ညတိုင်း ကိုယ် မင်းဆီကို မကြာခဏ လာခဲ့ပါ့မယ်၊ ဟုတ်ပြီလား"
ကမ်းချန်ချန် နှုတ်ခမ်းကို ကိုက်ထားပြီး ဘာမှမပြောချေ။ သူမ ငြင်းဆန်ချင်သော်လည်း သူ့ဒေါသကို ကြောက်ရွံ့သဖြင့် အဆုံးတွင် ခေါင်းညိတ်ပြလိုက်ရသည်။
[နုံအတဲ့ မိန်းကလေးကလွဲရင် နင့်စကားတွေကို ယုံမှာမဟုတ်ဘူး၊ တစ်ခါတလေမှာ ရိုးသားမှုဆိုတာ တန်ဖိုးမရှိပါဘူး၊ နင့်စိတ်ထဲမှာ ငါရှိတယ်ဆိုပေမယ့် ပြီးခဲ့တဲ့ရက်တွေကကျ တခြားတစ်ယောက်ရဲ့ ခြံဝင်းကို သွားနေခဲ့တာပဲ မဟုတ်လား]
[နေပါဦး... ငါလေး သူ့ကို မတွေ့ရတာကြာပြီဆိုပြီး ညည်း တွားနေမိတာလား၊ ဒီလိုမျိုး သဝန်တိုနေတဲ့ မိန်းမကြီးပုံစံ ပေါက်နေတာတော့ မကောင်းဘူးနော်]
သူမ မည်သို့တွေးပါစေ ဤနေ့တွင် ယင်ကျန်း စိတ်အခြေအ နေ ကောင်းနေသဖြင့် ပိုသည်းခံပေးလိုက်ပြီး သက်ပြင်းချကာ သူမ နှုတ်ခမ်းလေးများကို သိမ်းပိုက်လိုက်သည်။
"မင်းလေးကတော့လေ"
ကမ်းချန်ချန် အလိုအလျောက် နောက်သို့ ဆုတ်သွားမိသည်။ သူမ ရှောင်ဖယ်သွားသည်ကို သတိပြုမိသောအခါ ယင်ကျန်းမှာ သူမကို ပိုတင်းကျပ်စွာပွေ့ဖက်လာသည်။
[အို... သူက ငါ့ကို စားတော့မလို့လား၊ လူသားစားတဲ့ ယင်ကျန်းကြီး]
ကမ်းချန်ချန်မှာ ခုခံနိုင်စွမ်း ကင်းမဲ့စွာဖြင့် မွေ့ယာကိုသာ တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း အသက်ရှူရကြပ်လာကာ စိတ်အာရုံများပင် လွင့်မျောသွားတော့သည်။ သူ့ အနမ်းတိုင်းက သူမအား ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်စေသော်လည်း အဆုံးတွင် သူမ မရုန်းထွက်နိုင်တော့ဘဲ အရှုံးပေးရသည်။
[သူက နမ်းတဲ့နေရာမှာ တကယ်ကို ကျွမ်းကျင်တာပဲ၊ အတွေ့ အကြုံ ဘယ်လောက်တောင် ရှိနေမလဲ မသိဘူး၊ သူ့နှုတ်ခမ်းတွေကို မြည်းစမ်းဖူးတဲ့ မိန်းမဘယ်နှစ်ယောက်တောင် ရှိနေပြီလဲ၊ ဘယ်လောက်ထိတောင် နက်နက်ရှိုင်းရှိုင်း မြည်းစမ်းခဲ့ကြလဲ မသိဘူး]
ယင်ကျန်း: "..."
ယင်ကျန်းမှာ သူမနှုတ်ခမ်းများကို လွှတ်ပေးလိုက်ရာ သူ၏ နက်မှောင်သော မျက်ဝန်းများအတွင်း ဒေါသများ တဟုန်ထိုး တောက်လောင်လာလေသည်။ သူ့ လက်ချောင်းများက သူမ လည်ပင်းကို ပွတ်ဆွဲသွားပြီး သူမ အတွင်းခံအဝတ်ကို ဆွဲချွတ်ပစ်လိုက်သည်။
[ဟင်... သူဒီလောက်တောင် ကြမ်းတမ်းတာလား၊ ဒီလူက ရမ္မက်ဆန္ဒတွေ အရမ်းပြင်းထန်နေတာပဲ၊ ငါလေးက အသက် ၁၅ နှစ်ပဲ ရှိသေးတာလေ၊ ခန္ဓာကိုယ်ကလည်း အပြည့်အဝ မဖွံ့ဖြိုးသေးဘူး၊ အနည်းဆုံးတော့ နှစ်သစ်ကူး အကြိုညအထိ စောင့်သင့်တာပေါ့၊ သူ့ကို စိတ်ဆိုးမသွားစေဘဲ ယဉ်ယဉ်ကျေးကျေးလေး ဘယ်လိုငြင်းရမလဲ၊ သူ ခံတွင်းနံ့နံနေတယ်လို့များ ပြောလိုက်ရမလား၊ နေပါဦး... သူ လာပါ့ကကြက် သွန်ဖြူတွေ စားပြီး ပါးစပ်မဆေးရသေးဘူးလို့ မေးလိုက်ရမလား၊ မဟုတ်ဘူး၊ မဟုတ်ဘူး... သူတကယ် ငါ ပါးစပ်မဆေးရသေးလို့ ဒေါသထွက်သွားရင် ဘယ်လိုလုပ်မလဲ၊ ငါ့လည် ပင်းကိုများ ညှစ်သတ်ပစ်မလားမသိဘူး]
ကမ်းချန်ချန်သည် ခေါင်းထဲတွင် အတွေးများရှုပ်ယှက်ခတ်သွားပြီးနောက် အစီအစဉ်တစ်ခုကို တိတ်တဆိတ်ကြံစည်နေပြန်သည်။