← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

Chapter 43

ထိုအတွေးများကို ကြားလိုက်ရသော ယင်ကျန်း၏ မျက်နှာ ကြီးမှာ မည်းမှောင်သွားရသည်။ ကြက်သွန်ဖြူနံ့ နံမနံ စစ်ဆေးရန်အတွက် သူမ မျက်နှာပေါ်သို့ လေမှုတ်ထုတ်ချင်စိတ်များပင် ပေါက်သွားသည်။ သို့သော် မဖြစ်သေးပေ။ သူသာ ထိုသို့လုပ်လိုက်ပါက သူမ အတွေးများကို သူဖတ်နိုင်စွမ်းရှိနေကြောင်း ထိုကောင်မလေး သိသွားပေလိမ့်မည်။

ကျစ်၊ ဒေါသထွက်စရာပဲ...

သူ အခန်းထဲ မဝင်ခင်ကတောင် သူမ အနာဂတ်တွင် ကလေးမွေးရသောနာကျင်မှုများကို မည်သို့လျှော့ချပေးရမည်နည်းနှင့် ပထမဆုံးအကြိမ်တွင်ပျော်ရွှင်မှု အပေးနိုင်ဆုံးနည်းလမ်းများကို သူတွေးနေပြီဖြစ်သည်။

သူ့ လက်ချောင်းများက သူမ လည်ပင်းကိုပွတ်သပ်သွားရာ ကမ်းချန်ချန်မှာ တုန်လှုပ်သွားရသည်။

[သူက ငါနဲ့ မအိပ်ချင်ဘဲ ငါ့လည်ပင်းကိုပဲ ညှစ်ချင်နေတာလား]

ယင်ကျန်းသည် စိတ်ထဲမှ အံ့ကြိတ်ကာ တုံ့ပြန်လိုက်သည်။

မင်း ဒီတစ်ခါတော့ မင်းခန့်မှန်းတာ မှန်ပါတယ်၊ ဒီည မင်းကို သတ်ပစ်မှာ၊ မဟုတ်ရင် အနှေးနဲ့အမြန်ပဲ ငါ့ကို ဒေါသထွက်ပြီး သေအောင်လုပ်မယ့် မိန်းမမျိုးပဲဖြစ်မှာ၊ ဒီပုံစံအတိုင်းဆို ငါ နန်းတက်မယ့်နေ့ကိုတောင် မြင်ရမှာ မဟုတ်ဘူး...

နန်းတက်မယ်...

ယင်ကျန်း နှလုံးသားထဲလှုပ်ခတ်သွားသည်။ အတွင်းဆောင်မှ ဤနုံအသော မိန်းမတစ်ယောက်၏ ကယောင်ကတမ်း အတွေးများကို သူ ယုံကြည်နေမိသည်လား။ သူသည် သူ့ကိုယ်ပိုင်အနာဂတ်ကိုတောင် ကြိုးစားအားထုတ်မှုမပါဘဲ ဘယ်တုန်းကမှ မရနိုင်ခဲ့ခြင်းဖြစ်သည်။

အကယ်၍ သူမမှာသာ အနာဂတ်ကိုကြိုမြင်နိုင်တဲ့ စွမ်းရည် တကယ်ရှိနေခဲ့လျှင် သူ့ရှေ့မှာ ထိုမျှလောက်နှိမ့်ချပြီးနေမည်လား။

ကမ်းချန်ချန်၏အသက်ရှင်သန်လိုစိတ်များ နိုးကြားလာပြီး သူမသည် သူ့လည်ပင်းကိုလက်နှစ်ဖက်ဖြင့် သိုင်းဖက်ကာ အပြစ်ရှိသလို ဟန်ဆောင်လာသည်။

"အရှင်မင်းသား... ကျွန်တော်မျိုးမလည်း အရှင်မင်းသားကို ကောင်းကောင်း ပြုစုချင်ပါတယ်၊ ဒါပေမဲ့ ကံမကောင်းတာက ကျွန်တော်မျိုးမ ရာသီလာနေတာ မပြီးသေးလို့ အရှင်မင်းသားရဲ့ခန္ဓာကိုယ်ကို ညစ်ပတ်သွားစေမှာ စိုးလို့ပါ"

ဤသည်မှာ လိမ်ညာမှုသာဖြစ်သည်။ သူမ အိပ်ရာမဝင်ခင်ကတည်းက ရေနွေးနှင့်ရေချိုးထားပြီး သူမကိုယ် သူမ သန့်စင်ပြီးသားပင်။ သို့သော်လည်း မှတ်တမ်းများအရကြည့်မည်ဆိုလျှင် သူမ ရာသီလာချိန်မှာ လွန်ခဲ့သည့် ရက်အနည်း ငယ်ကမှ ပြီးဆုံးသွားခဲ့ခြင်းဖြစ်သည်။

ယင်ကျန်းမှာ အောက်သို့ ငုံ့ကြည့်လိုက်ပြီး မယုံကြည်နိုင်သော မျက်ဝန်းများဖြင့်မေးသည်။

"တကယ်လား"

ကမ်းချန်ချန်သည် သူ့အား ပွင့်ပွင့်လင်းလင်းပင် စစ်ဆေးခွင့် ပေးလိုက်သည်။

[ဘာပဲဖြစ်ဖြစ် မှောင်နေတာပဲလေ၊ ရှင်းရှင်းလင်းလင်းမှ မမြင်ရတာ။ အထိအတွေ့ချင်းတူနေသရွေ့တော့ အဆင်ပြေပါတယ်၊ ဟုတ်တယ်မလား၊ သွေးအရောင် ဟုတ်၊ မဟုတ် ဘယ်သူက သိနိုင်မှာလဲ]

[ဒီပိန်ပိန်ပါးပါး ကောင်မလေးကို အခွင့်ကောင်းမယူပါနဲ့နော်၊ ရိုးရိုးသားသားပြောရရင် ငါ သိပ်ပြီး သက်သောင့်သက်သာ မရှိလှဘူး၊ အရှင်မင်းသားက မြင့်မြတ်တဲ့မင်းသားတစ်ပါးပဲ.. ရွှေလို ကျောက်စိမ်းလို တန်ဖိုးကြီးတဲ့လူဆိုပေမယ့် လက်တွေက ဘာလို့ ဒီလောက်တောင်ကြမ်းတမ်းနေရတာလဲ]

မင်း ထပ်လိမ်နေတာ ကိုယ် သိသားပဲ၊ ဘယ်တော့မှ အမှန်မပြောတဲ့ လူညစ်မလေးဟုသာ ယင်ကျန်း တွေးနေမိသည်။

သို့သော် အိမ်ထောင်သက် ဆယ်နှစ်ကျော်ရှိနေပြီဖြစ်သော ယောကျာ်းတစ်ယောက်အနေဖြင့် အမျိုးသမီးများ၏ ခန္ဓာကိုယ်နှင့် ပတ်သက်၍ သူ လုံးဝနားမလည်သည်တော့ မဟုတ်ပေ။ ဤအမျိုးသမီးက ရာသီလာနေသလိုမျိုး ခံစားချက် အဘယ့်ကြောင့် ရနေသလဲဆိုတာကို သေချာစဉ်းစားကြည့်လိုက်သောအခါ သူ့ ဒေါသများ သိသိသာသာလျော့ ကျသွားရသည်။ သူမက သူ့အပေါ် တကယ်ပဲ ခံစားချက်ရှိနေပေမယ့် ခေါင်းမာနေခဲ့တာပဲ...

အဆုံးတွင် ယင်ကျန်းသည် သူမ ပခုံးကို ပြင်းပြင်းထန်ထန် တစ်ချက်ကိုက်လိုက်ရာ တိုးညှင်းစွာပြောသည်။

"အိပ်တော့... ကိုယ် မင်းကို မထိဘူး၊ တစ်နေ့ကျရင် မင်း ကိုယ့်ကို လိုလိုလားလားနဲ့သွေးဆောင်လာစေရမယ်၊ လုံးဝ ဆန္ဒရှိတဲ့ အနေအထားမျိုးနဲ့ပေါ့"

ကမ်းချန်ချန်သည် သူမ နှုတ်ဖျားမှ ထွက်ကျလာတော့မည့် ညည်းညူသံများကို အတင်းမြိုသိပ်ထားရပြီး သူမ အလွတ်ရသွားပြီဟု တွေးလိုက်မိသည်။ သူက သူမကို လွှတ်ပေးပြီး ဘေးတွင် လှဲလျောင်းလိုက်မှသာလျှင် သူမ၏ တောင့်တင်းနေသော ခန္ဓာကိုယ်ကို ဖြေလျှော့နိုင်ခဲ့သည်။

[ဟာဟား... သူ ယုံသွားပြီ၊ တကယ်ကြီး ယုံသွားတာပဲ၊ နေပါဦး... အခု သူ စိတ်ကောက်နေတာ မဟုတ်လား၊ အရွယ် ရောက်ပြီးသား အနာဂတ်ယုံကျိန်း ဧကရာဇ်မင်းကြီးက ဘယ်လိုလုပ် ဒီလောက်ကလေးဆန်စွာပြုမူနိုင်ရတာလဲ၊ အခု ချက်ချင်း စားရတော့ကော ဘာဖြစ်လဲ၊ အနှေးနဲ့အမြန် ငါက သူ့လူ ဖြစ်လာမှာပဲဟာကို၊ ဘာလို့ ဒီလောက်အလျင်လိုနေရတာလဲ၊ အားရား... ချစ်ဖို့ကောင်းလိုက်တာ၊ နှင်းလုံးလေး ဒေါသထွက်ရင်လည်း ဒီအတိုင်းပဲ]

[ဒါပေမဲ့ သူ့မှာ မိန်းမတွေ အများကြီးရှိတာပဲ၊ တကယ် သည်းမခံနိုင်ရင် တခြားတစ်ယောက်ယောက်ဆီ သွားပါလား၊ သူ တခြားတစ်ယောက်ဆီသွားရင် ငါလည်း သူနဲ့ အဲဒါမျိုးလုပ်ချင်စိတ်ကုန်သွားလိမ့်မယ်၊ သူ AIDS ရောဂါများ ကူးလာရင် ဘယ်လိုလုပ်မလဲ၊ ဟင်း... ငါ ဘာမှပြန်မပြောရဲဘူး၊ ကမ်းချန်ချန်...

နင်ကိုယ် နင် ဘယ်သူလို့ ထင်နေလဲ၊ သူက ချင်းမင်းဆက်ရဲ့ မြင့်မြတ်လှတဲ့ မင်းသားယင်ကျန်းလေ၊ အခုခေတ်က ချင်းမင်းဆက်ဆိုပေမယ့်လည်း...]

ငါ့ကိုများ ကြောင်တစ်ကောင်နဲ့များ နှိုင်းနေတယ်ပေါ့လေ၊ ဒါပေမဲ့ သူမက ငါ့ကို ချစ်စရာကောင်းတယ်လို့ ပြောခဲ့တာပဲ...

ယင်ကျန်း နှလုံးသားမှာ တဒိန်းဒိန်းခုန်လာပြီး တိတ်ဆိတ်စွာပင် သူမ အတွင်းစိတ်အတွေးများကို နားထောင်နေမိသည်။

နေပါဦး... AIDS ဆိုတာက ဘာရောဂါလဲ။

ယင်ကျန်းသည် အမှောင်ထဲတွင် ရှိနေ‌သောကြောင့် သူ့ မျက် နှာအမူအရာကို တမင်သက်သက်ထိန်းချုပ်မထားတော့ပေ။ သူ့ မျက်နှာမှာ ပန်းချီကားတစ်ချပ်ထက်ပင် ပိုအရောင်စုံဖြာထွက်နေသည်။

သူမ တွေးနေရင်းဖြင့် တဖြည်းဖြည်းအိပ်ပျော်သွားကာ အသက်ရှူသံများ ညီညာလာတော့သည်။ သူလည်း သူမဘက်သို့လှည့်ကာ ပွေ့ဖက်ထားလိုက်သည်။

လရောင်အောက်တွင် သူမ နဖူးပေါ်မှ ဆံနွယ်လေးများကို မြင်လိုက်ရသဖြင့် ယင်ကျန်း ထိတွေ့ချင်သွားသော်လည်း သူမအား နှောင့်ယှက်မိမည် စိုးသဖြင့် လက်ချောင်းများကို ပြန်ရုပ်သိမ်းကာ အိပ်စက်သွားတော့သည်။

နောက်နေ့မနက် အဝတ်အစားလဲလှယ်နေစဉ် ယင်ကျန်းက ရုတ်တရက် မေးလိုက်သည်။

"နှစ်သစ်ကူး အကြိုညရောက်ဖို့ သုံးရက်ပဲလိုတော့တယ်၊ ကိုယ့်အတွက် လက်ဆောင်ပြင်ဆင်ပြီးပြီလား"

[လက်ဆောင် ဟုတ်လား၊ ဘာလက်ဆောင်လဲ၊ အို... မဖြစ်သေးဘူး၊ ငါ အဲဒါကို လုံးဝမေ့သွားတာပဲ၊ ပြီးခဲ့တဲ့ ရက်တွေတုန်းက တစ်ခုခုတော့ လိုနေသလိုခံစားခဲ့ရပေမယ့် ဘာလဲဆိုတာ မမှတ်မိတော့ဘူး၊ အခု သူက လာမေးနေတော့ ငါ ဘာပြန်ပြောရမလဲ]

ကမ်းချန်ချန် တည်တည်ငြိမ်ငြိမ်နှင့် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြလိုက်ပြီး "ကျွန်တော်မျိုးမ အခုပြင်ဆင်နေတုန်းပါပဲ၊ အရှင်မင်းသားကို အံ့သြသွားအောင်လုပ်ဖို့ စီစဉ်ထားပါတယ်ရှင်"

သူမ၏ယုံကြည်မှု အပြည့်ရှိနေသော အမူအရာကို မြင်လိုက်ရသောအခါ ဤကောင်မလေး၏ပါးနပ်သော သရုပ်ဆောင်မှုအပေါ် သူ ဩချလိုက်မိသည်။

ယင်ကျန်း သူမမျက်နှာနားသို့ ငုံ့ကိုင်းလျက် "ဒါဆို မင်း ဘာတွေများ ပြင်ဆင်နိုင်မလဲ ကြည့်ကြသေးတာပေါ့"

"မြောင်~"

ထိုအချိန် နှင်းလုံးလေး နိုးလာလေသည်။ နှင်းလုံးလေးသည် မနက်တိုင်း စောစောနိုးတက်ပြီး သူမ အခန်းထဲသို့ အမြဲလာတက်ကာ ယခုအခါလည်း အိပ်ရေးမဝ၍ အနည်းငယ် ယိုင်တိုင်တိုင် ဖြစ်နေဆဲပင်။ သူမသည် အတွင်းခန်းထဲ ဝင်လာပြီး သူမအား ချွဲနွဲ့ရန် မော့ကြည့်လာသော နှင်းလုံးလေးကို တွေ့လိုက်ရသည်။

ကမ်းချန်ချန်သည် သူမ၏ကြောင်ကလေး ဘာတွေးနေသည်ကို အတိအကျသိနေသဖြင့် နှင်းလုံးလေးအား ချက်ချင်းပင် ခပ်တိုးတိုးလေးပြောသည်။

"ခဏစောင့်ဦး... ဘိုးဘေးကြီးပြန်သွားတာကို မားမားစောင့်ပြီးရင် လာပွေ့ဖက်ပေးမယ်နော်"

မားမား? ဘိုးဘေးကြီး? အို... ငါတို့က ဘယ်လိုလုပ် မျိုးဆက်သုံးဆက်ကွာတဲ့ မိသားစု ဘယ်လိုလုပ်ဖြစ်သွားတာလဲ၊ ပြီးတော့ မင်းက ကလေးတွေကို သဘောကျတယ်ဆိုရင် ကိုယ်နဲ့ တစ်ယောက်လောက် ယူလိုက်ပါလား၊ ဘာလို့ ကြောင်တစ်ကောင်ကို သားအဖြစ် မွေးစားနေရတာလဲ..

သူမမှာ ကြောင်နှင့် စကားပြောခြင်းတွင်သာ နစ်မြောနေသည်ကို မြင်သောအခါ ယင်ကျန်း စိတ်မသက်မသာ ဖြစ်သွားပြီး တမင်သက်သက် ပြောမိသွားသည်။

"ရက်အတော်ကြာသွားပြီဆိုတော့ နှင်းလုံးလေးက ပိုတောင် ထွားလာပြီပဲ၊ ဖူအာက သူ့ကို လွမ်းနေတယ်လို့တောင် ကြားတယ်"

ကမ်းချန်ချန် သတိများ ချက်ချင်းထကြွလာပြီး သူမမျက်လုံးများ ပြူးကျယ်သွားသည်။

"အရှင်မင်းသား ဘာကို ဆိုလိုတာလဲ၊ အခု ကြောင လေးက ကျွန်တော်မျိုးမနဲ့ ရှိနေတာလေ၊ ကျွန်တော်မျိုးမရဲ့ဟာပါ"

ကြောင်တစ်ကောင်ကိုများ ဘာလို့ ဒီလောက်တောင်ဂရုစိုက်နေရတာလဲ၊ သူမ ငါ့ကို ပိုဂရုစိုက်သင့်တာ မဟုတ်ဘူးလား...

ယင်ကျန်း မျက်နှာထားမှာတင်းမာသွားပြီး သူ၏ရှည်လျားသော ခန္ဓာကိုယ်ကြီးက သူမထံသို့ ဖိကပ်လာကာ

"ကမ်းချန်ချန်... မင်းက ကိုယ့်ကို မေးခွန်းပြန်ထုတ်နေတာလား"

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူးရှင်... ကျွန်တော်မျိုးမက ဒီတိုင်း မေးကြည့်တာပါ၊ စဲဖူက ကြောင်ကိုလိုချင်တယ်ဆိုရင် နှင်းလုံးလေးကို ယူသွားပြီး သူ့ကို ကြည့်ခွင့်ပေးလိုက်လို့ ရပါတယ်၊ ဒါပေမဲ့ နှင်းလုံးလေးက အရမ်းဆော့တာဆိုတော့ မင်းသားလေးနဲ့ မင်းသမီးလေးကိုများ ထပ်ကိုက်မိရင် ဘယ်လိုလုပ်မလဲလို့ စိုးရိမ်လို့ပါ"

သူမသည် ချက်ချင်းပင်မျက်နှာငယ်လေးဖြင့် ရှက်ရွံ့ပြီး သတိကြီးကြီးထားကာ ချွဲနွဲ့သောအပြုံးလေးကို ဖန်တီးလို့လာသည်။

ယင်ကျန်း အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး "မလိုပါဘူး၊ သူက ဒီတိုင်း ပြောရုံသက်သက်ပါ"

[ငါက လန့်သွားလို့ အသံနည်းနည်းမြင့်သွားတာကို၊ သူက ဘာလို့ ထပ်ပြီး စိတ်ဆိုးသွားရပြန်တာလဲ၊ ငါးပူဖောင်းကြီးကျနေတာပဲ၊ သူ့ကို ငါအကြံပေးရမလားတောင် မသိဘူး၊ ခဏခဏ ဒေါသထွက်နေရင် အရေးအကြောင်းတွေ မြန်မြန် ပေါ်လာတတ်တယ်လေ၊ ကိုယ့်ကိုယ်ကိုယ်လည်း ကြည့်ဦး၊ ငါ့ထက် ၁၁ နှစ်လောက်တောင် ကြီးနေတာကို၊ အရေးအ ကြောင်းတွေ ပေါ်လာရင် ငါနဲ့ ဘယ်လိုလုပ် ထိုက်တန်တော့မလဲ]

သူမနဲ့ မထိုက်တန်ဘူးလား၊ ဟက်... ဘယ်သူက ဘယ်သူနဲ့ မထိုက်တန်တာလဲ...

ယင်ကျန်းသည် နံနက်စောစောစီးစီးပင် လုံးဝကို အံ့အားသင့် မှင်သက်သွားရသည်။

"ဂီး~"

နှင်းလုံးလေးသည် သူ့မားမားအား အနိုင်ကျင့်သည့် မည်သူ့ကိုမျှ သည့်မခံနိုင်ကာ ယခုလည်း ယင်ကျန်းကို သွားဖြဲပြပြီး မာန်ဖီလေသည်။ သူ၏ ရှည်လျားပြီး ဖြူဖွေးသောအမွေး အမှင်များမှာထောင်မတ်လာပြီး ခွန်အားအကုန်စုဆောင်းရန် ခန္ဓာကိုယ်ကို အနောက်သို့ ကွေးထားကာ ချက်ချင်းပင် ယင်ကျန်း ပေါင်ပေါ်သို့ ခုန်အုပ်လိုက်တော့သည်။

ယင်ကျန်း ထိုအရာကို သတိမထားမိလိုက်ပေ။ ကြောင်တိုက် ခိုက်လာသောအခါ သူ အလိုလိုရှောင်တိမ်းသွားသော်လည်း သူ့ခြေထောက်ကို ကြောင်က ဆုပ်ကိုင်ထားဆဲဖြစ်သည်။ ကြောင်လေး၏ချွန်ထက်သော ခြေသည်းများမှာ လွင့်ထွက်လာပြီး ပိုးသားအတွင်းခံမှ ချည်မျှင်များကို ထိုးဖောက်ကာ သေးငယ်သော အစွယ်နှစ်ချောင်းဖြင့် သူ့ ဘောင်းဘီရှည်ကို ပြင်းပြင်းထန်ထန် ကိုက်ချလိုက်တော့သည်။

🌻 Chapter 44

"နှင်းလုံးလေး... ငြိမ်ငြိမ်နေ"

ယင်ကျန်း ကြောင်လေးကို မကန်လိုက်ခင်မှာပင် ကမ်းချန်ချန် နှင်းလုံးလေးအားအမြန်ပွေ့ချီလိုက်ပြီး သူလေးနဖူးကို လက်ညှိုးဖြင့် အသာထိုးကာ ဆူပူတော့သည်။

"မင်းကြီးက နင့်ကို အရှင့်သား‌ဆီ ပေးထားတာဆိုပေမယ့် နင်လုပ်ချင်တိုင်း လုပ်လို့ရပြီလို့ မထင်နဲ့နော်၊ အခု နင် ဘယ်သူ့ကို ကိုက်လိုက်တာလဲဆိုတာ သိရဲ့လား"

နှင်းလုံးလေးမှာ ခဏမျှသာ ဒေါသထွက်ခြင်းဖြစ်သည်။ သူ ဒေါသများ ပြေလျော့သွားပြီးနောက် ကြောင်လေးမှာ ကြောက်ရွံ့သွားပြီး ကမ်းချန်ချန်၏ရင်ခွင်ထဲသို့ တိုးဝင်သွားကာ နားရွက်လေးများပင် ကျုံ့၀င်နေပြီး ကြောက်သွားပုံပေါက်သည်။

ငါ့ကို ဧကရာဇ်နဲ့တောင် ခြိမ်းခြောက်နေတယ်ပေါ့လေ၊ မင်း တော်တော်လေး ရဲပါလား...

ယင်ကျန်း ဆက်ငြင်းခုံလာသည်။

"ကိုယ်တော့်ကို ကိုက်တယ်ဟုတ်လား၊ ချန်ချန်... မင်းက ကြောင်မွေးထားတာလား၊ ခွေးမွေးထားတာလား၊ ကြောင်တွေက သူတို့သခင်နဲ့ တူတယ်ဆိုတာ ဟုတ်လောက်တယ်နော်"

သူ ထိုသို့ပြောလိုက်သော်လည်း မျက်ဝန်းများတွင် အပြုံးများစွန်းထင်းနေသည်။ သူ အဘယ်ကြောင့် ဤမျှစိတ်အ ခြေအနေ ကောင်းနေဆိုသည်ကို သူကိုယ်တိုင်ပင် မသိသော် လည်း ကမ်းချန်ချန်က သူ့အား စိတ်အဆင်ပြေအောင်လုပ်ပေးလိုက်ရုံဖြင့် ယင်ကျန်းသည် ကြောင်အကိုက်ခံရသည့်ကိစ္စကို ခွင့်လွှတ်ပေးရန် အဆင်သင့်ဖြစ်ပြီးခဲ့သည်။

ကမ်းချန်ချန်မှာ ရုတ်တရက်အကြံရသွားပြီး စုန့်ကော်ကော် ဆွဲပေးထားသော ပန်းချီကားကိုထုတ်ကာ ယင်ကျန်းအား ပြလေသည်။

"အရှင်မင်းသား... ကြည့်ပါဦး၊ ဒါ အစ်မတော်စုန့်ဆွဲပေးထားတာ၊ သူ့လက်ရေးကို အရှင်မင်းသား မှတ်မိတယ် မဟုတ်လား၊ ခေါင်းစဉ်ကိုတောင် အလှလေးနဲ့ ကြောင်လေး'လို့ ရေးထားတယ်၊ နှင်းလုံးလေးက အဲဒီကြောင်လေးလေ"

ယင်ကျန်းသည် ပန်းချီကားကိုယူကာ ပန်းချီကားထဲမှ မိန်းကလေးကိုသာ ကြည့်နေမိသည်။ သူမသည် ချစ်စရာကောင်းပြီး လှပကာ အသက်ဝင်နေလေသည်။ သူ မနေနိုင်တော့ဘဲ ပြောမိသွားသည်။

"ဒီပန်းချီကားကို ကိုယ်တော့်ကို ပေးပါလား"

ကမ်းချန်ချန် မျက်နှာမှာ တောင့်တင်းသွားပြီး "အရှင်မင်းသား... သူများပစ္စည်းကို ဘယ်လိုလုပ် အလွယ်ယူလို့ရမှာလဲ၊ ဒါက ကျွန်တော်မျိူးမကို အစ်မတော်စုန့် ပေးထားတဲ့ လက်ဆောင်လေ"

ယင်ကျန်း "မင်းက အရမ်းကပ်စီးနှဲတာပဲ၊ ပစ္စည်းလေးတစ်ခုတောင် ပေးဖို့ဝန်လေးနေတယ်၊ ပန်းချီကားကိုက အလှလေးနဲ့ ကြောင်ကလေးတဲ့၊ မင်းက အလှလေးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်လို့လား"

ကမ်းချန်ချန်သည် နှုတ်ခမ်းဆူလိုက်ပြီး မကျေမနပ်စွာ တစ်ဖက်လှည့်သွား၏။

[လိုချင်တာ မရတာနဲ့ အခုလို လူပုဂ္ဂိုလ်ရေးကိုပါထိခိုက်အောင် ပြောစရာလိုလို့လား၊ သူ စကားပြောတာ တော်တော် အဆိပ်ပြင်းတာပဲ]

ယင်ကျန်း ဆက်ပြောသည်။

"မင်းရဲ့ကြောင် ကိုယ်တော့်ကိုကိုက်လိုက်တဲ့ ကိစ္စကိုပဲ ပြန် ပြောကြတာပေါ့၊ မင်း ကိုယ်တော့်ကို ဘယ်လိုလျော်ကြေးပေးမလဲ"

ကမ်းချန်ချန် အနေရခက်စွာပြုံးလိုက်ပြီး နားမလည်ယောင်ဆောင်ကာ ပြန်ပြောသည်။

"အရှင်မင်းသား... နှင်းလုံးလေးက ငယ်ပါသေးတယ်၊ သူ့ကို အပြစ်မယူပါနဲ့ရှင်"

ယင်ကျန်းသည် သူမ နှာခေါင်းလေးကို လက်ညှိုးဖြင့်ခပ်ဖွဖွ ပုတ်လိုက်ပြီး နှုတ်ခမ်းများဆီသို့ ရွှေ့သွားကာ သူ့လေသံမှာ ရုတ်တရက် အဓိပ္ပာယ်များစွာပါနေသည်။

"အင်း... နှင်းလုံးလေးက ငယ်သေးလို့ နားမလည်ဘူး မင်းပြောတယ်မလား၊ ဒါကြောင့် မင်းကိုပဲ အပြစ်ပေးရမှာပေါ့"

ကမ်းချန်ချန် အံ့အားသင့်သွားပြီး ပါးနှစ်ဖက်အား ငါးဖူဖောင်ပမာ ဖောင်းလျက် မကျေမနပ်ဖြင့်ပြောသည်။

"အာ... အရှင်မင်းသားက ဘယ်လိုတွေ ပြောနေတာလဲ"

ယင်ကျန်းမှာ စိတ်အခြေအနေ ကောင်းနေသဖြင့် ထပ်မံပြုံးလိုက်ပြီး "ထားလိုက်ပါတော့၊ မနေ့ညက မင်းပို့လိုက်တဲ့ မုန့်တွေက အရသာရှိလို့ ကိုယ်တော် မင်းကို ခွင့်လွှတ်ပေးလိုက်မယ်"

ကမ်းချန်ချန် မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။

"မုန့်တွေ ဟုတ်လား"

[ငါ ဘယ်တုန်းက သူ့ဆီမုန့်တွေ ပို့လိုက်လို့လဲ]

[မနေ့ညက... အင်း... လီဝမ်များ မှားပို့မိတာလား၊ ငါ သူ့ကိုစုဖေးရှန်ဆီ ပို့ခိုင်းလိုက်တာ မဟုတ်ဘူးလား၊ အဲဒါတွေက စုဖေးရှန်နဲ့ သူ့အမေအတွက်လေ ပြီးတော့ ငါ ကျန်းမားမားကိုတောင် အထူးတလည်ပြောလိုက်သေးတယ်]

[ဂုဏ်သရေရှိတဲ့ သူ့လို လူကြီးလူကောင်းတစ်ယောက်က သူများအစားအစာကို ခိုးစားလိမ့်မယ်လို့တော့ မထင်ပါဘူးလေ၊ အာ... ဒါက တစ်ခုခုနားလည်မှုလွဲတာပဲ ဖြစ်ရမယ်၊ သူက နားလည်မှုလွဲနေပြီဆိုတော့ သူထပ်ပြီး စိတ်မဆိုးသွားအောင် ငါ တိတ်တိတ်နေရမယ်]

ကမ်းချန်ချန်သည် ကြောင်ကလေး ခေါင်းကိုပွတ်သပ်ပေးရင်း ပြောသည်။

"အရှင်မင်းသား ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်ရှင်၊ နောက်တစ်ခါလည်း ကျွန်တော်မျိုးမ ထပ်ယူလာခဲ့ပါ့မယ်"

"မလိုတော့ဘူး၊ ကိုယ်တော် မကြိုက်ဘူး"

ယင်ကျန်းသည် သူ့ အကျီလက်ကိုခါလိုက်ပြီး ဒေါသတကြီးဖြင့် သူမခြံဝင်းထဲမှ ထွက်ခွာသွားလေသည်။

ကမ်းချန်ချန်မှာ သူ့ ကျောပြင်ကိုကြည့်ရင်း ဤလူမှာ အမှန်ပင် နားလည်ရခက်သည်ဟု တွေးလိုက်မိသည်။ သူ ဘာကိစ္စ မကြိုက်ဘူးလို့ ထည့်ပြောနေရတာလဲ...

ထို့နောက် သူမ မနေ့ညက ယူလာခဲ့သည့် မုန့်အနည်းငယ်ထဲတွင် သူ မကြိုက်သည့်မုန့်များ အမှန်တကယ်ပါနေကြောင်း ရုတ်တရက် သတိရသွားသည်။ ဒါပေမယ့် အစက သူပျော်နေတာရှင်းနေတာပဲ၊ ဟူး... ယောက်ျားတွေရဲ့ စိတ်ကလည်း ပင်လယ်အောက်ခြေက အပ်တစ်ချောင်းလိုပါပဲလား...

ဟွာယွီ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် မေးသည်။

"ကော်ကော်... ဘာလို့ စုန့်ကော်ကော်ရဲ့ပန်းချီကားကို ထပ်ပြလိုက်ရတာလဲ၊ အရှင်မင်းသားရှေ့မှာ တခြားအမျိုးသမီးတွေအကြောင်း ခဏခဏပြောနေတာ သိပ်မကောင်းဘူးလို့ ထင်တယ်"

ကမ်းချန်ချန်က ဂရုမစိုက်စွာဖြင့် "ဘာဖြစ်လို့လဲ၊ အစ်မတော်စုန့်က ဒီမှာရှိနေတာပဲလေ၊ ငါ မပြောရင်တောင် အရှင်မင်း သားက သူမကို အမြဲသတိရနေမှာပဲ၊ အတွင်းဆောင်က လူတိုင်းကို ငါ့ရဲ့ ပြိုင်ဘက်တွေလို့ သဘောထားလို့မရဘူးလေ၊ ငါတို့အားလုံးက တစ်ဖွဲ့တည်းပဲဟာ"

ဟွာယွီ နှုတ်ခမ်းဆူလိုက်ပြီး "အစ်မတော်စုန့်မှာ မျက်နှာသာ ပေးခံရတာရော၊ အဆင့်အတန်းရောမရှိဘဲနဲ့ ကော်ကော်က ဘာလို့များ..."

ကမ်းချန်ချန် မျက်မှောင်ကြုတ်လိုက်ပြီး "ဟွာယွီ... နင် နည်းနည်းလွန်သွားပြီနော်၊ အဲဒီလို နောက်တစ်ခါ မပြောနဲ့၊ ငါက အခု ငယ်သေးတယ်၊ ပြီးတော့ အရှင်မင်းသားက ငါ့ကို စိတ်ဝင်စားနေလို့ ခဏခဏလာနေတာ၊ ငါက အစ်မတော်စုန့်ထက် ဘယ်လောက်များပိုကောင်းနေလို့လဲ"

"အရှင်မင်းသား လာတာ ရပ်သွားတဲ့တစ်နေ့ကျရင် ဒီအထီး ကျန်ဆန်တဲ့ အတွင်းဆောင်ထဲမှာ ငါ့မှာ သူငယ်ချင်းသိပ်များများ ရှိမှာမဟုတ်ဘူး၊ ငါ အနိုင်ကျင့်ခံရပြီး မသေရင်တောင် အထီးကျန်လွန်းလို့ ရူးသွားလိမ့်မယ်"

တစ်ဖက်တွင် ယင်ကျန်းမှာ မြှားပစ်လေ့ကျင့်နေသည်။ သူသည် မြှားများကို အရှိန်ပြင်းစွာပစ်လွှတ်နေ၏။ မြှားများလည်း ပစ်မှတ်အတွင်းသို့ တိကျနက်ရှိုင်းစွာ စိုက်ဝင်သွားသည်။

ကျန်းတာ့နျန်သည် ယင်ကျန်းအကြောင်းကို သိထားသူပီပီ သူ ဒေါသထွက်နေကြောင်း သိပေသည်။

သို့သော် စတုတ္ထမင်းသား အဘယ်ကြောင့် ရုတ်တရက် ဒေါသထွက်သွားရသနည်းဆိုသည်ကို ကျန်းတာ့နျန် ယခုထိ စဉ်းစား၍ မရသေးချေ။

စတုတ္ထမင်းသားသည် ကမ်းကော်ကော် ခြံဝင်းသို့ သွားတိုင်း သူ့ စိတ်အခြေအနေမှာပုံမှန်မဟုတ်တတ်ချေ။ အကြောင်းပြချက်မရှိဘဲ အမြဲတစေ ဒေါသထွက်လေ့ရှိသော်လည်း အားလပ်ချိန်ရတိုင်း သွားနေဆဲဖြစ်သည်။

စတုတ္ထမင်းသားသည် မည်သို့ပင်ဆိုစေ မင်းသားတစ်ပါးဖြစ်ပြီး သူ၏သားတော်မှာ ကိုးနှစ်သို့ပင်ရောက်နေသည်။ သူသည် သွေးဆူလွယ်သော ဆယ်ကျော်သက်ကောင်လေးတစ်ယောက်နှင့် တစ်နေ့တစ်ခြား ပိုတူလာရသနည်း။

တစ်ချိန်တည်းမှာပင် ကမ်းချန်ချန်၏နှင်းလုံးလေးကြောင့် စတုတ္ထမင်းသား ဒေါသထွက်သွားခဲ့ကြောင်းကို ဖူကျင်း၏ နားထဲသို့ လျင်မြန်စွာသိရှိသွားခဲ့သည်။

"ကမ်းချန်ချန်က သတိထားတတ်ပြီး အသေးစိတ်ကျတယ်၊ ဘယ်တော့မှ သူမကို အပြစ်ရှာလို့မရဘူး၊ ဒါပေမဲ့ သူမရဲ့ကြောင်ကတော့ တကယ်ပြဿနာရှာတဲ့ ကောင်လေးပဲ"

ချွေ့မားမား မေးလိုက်သည်။

"ဖူကျင်း ဘာကိုဆိုလိုချင်တာလဲ..."

ဖူကျင်းက အခန်းထဲရှိ ဗုဒ္ဓဆင်းတုတော်ကို လှမ်းကြည့်လိုက်ပြီး "ငါ နောက်ထပ် နည်းနည်းလောက် စဉ်းစားကြည့်ဦးမယ်"

ယင်ကျန်းသည် ကမ်းချန်ချန်ထံသို့ ထပ်မံလာရောက်ပြီးနောက်တွင် မီးဖိုချောင်အမှုထမ်းများက သူမအကြိုက်ဆုံး ရွှေဝါရောင် ကြက်သားကြော်ကြွပ်ကြွပ်လေးများကို အပူတပြင်း လာပို့ကြသည်။

ထိုအရာများကို ပျားရည်ဆမ်းထားပြီး သူမ စိတ်ကြိုက်ရွေးချယ်နိုင်ရန် ခရမ်းချဉ်သီးဆော့စ်နှင့် သံပရာရည်စသော ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုးတို့ ပါဝင်သည်။ ထို့ပြင် ဂဏန်းဥမုန့် အပါအဝင် မုန့်ပွဲအမျိုးမျိုးကိုလည်း ပို့ဆောင်ပေးခဲ့ကြသည်။

ဟူး... ကြက်ကြော်စားရတဲ့ လွတ်လပ်ခွင့်လေးအတွက်တောင် သူ့ရဲ့ မျက်နှာသာပေးမှုကို ရအောင်ကြိုးစားနေရပါလား...

ကမ်းချန်ချန်သည် သူမ လက်ချောင်းများပေါ်မှ ကျန်နေသော ပျားရည်များကို လျှာဖြင့် လျက်ရင်းတွေးလိုက်မိသည်။

အခုအချိန်မှာ အထိရောက်ဆုံးနဲ့ အလုံခြုံဆုံး နည်းလမ်းကတော့ သူ့ကို အထူးလက်ဆောင်တစ်ခုပေးဖို့ပဲ၊ အဲ့တာက သူနဲ့အတူ သယ်သွားလို့ရမယ့် လက်ဆောင်ဖြစ်ရမယ် ပြီးတော့ အဲဒါကိုမြင်တိုင်း သူမကို သတိရစေမယ့် လက်ဆောင်မျိုးပေါ့..

ပိုက်ဆံအိတ် ဒါမှမဟုတ် အမွှေးနံ့သာအိတ်ပဲ လုပ်ရင်ကောင်းမလား၊ ဟင့်အင်း မဖြစ်သေးဘူး အဲ့တာကိုအခုမှ လုပ်ရင် နောက်ကျသွားပြီ ထင်တယ်။

ကျောက်စိမ်းဆွဲကြိုးဆိုရင်လည်း သူမအတွက်က အရမ်းစျေးကြီးနေပြီး သူ့အတွက်ကျ အရမ်းဈေးပေါလွန်းနေတယ်။

ကမ်းချန်ချန်သည် သူမခေါင်းကို ဆုပ်ကိုင်ကာ ထအော်‌ တော့သည်။

"အား... စဉ်းစားရတာ ခေါင်းကိုက်လိုက်တာ"

"မြောင်~"

နှင်းလုံးလေးသည် သူမကို လက်ဖဝါးလေးဖြင့် ပုတ်ကာ ပေါင်ပေါ်သို့ ခုန်တက်လာပြီး နှစ်သိမ့်ပေးနေပုံရသည်။ ကမ်းချန်ချန်က ကြောင်လေးဗိုက်ကို ပွတ်သပ်ပေးရင်း ၎င်း၏ လည်ပင်းတွင် သူမ ယခုလေးတင် ဆွဲပေးထားသည့် ဆည်း လည်းလေးကို မြင်လိုက်ရချိန် ရုတ်တရက် အကြံတစ်ခုရသွားသည်။

"ဟုတ်ပြီ၊ သူ့ကို လည်ဆွဲတစ်ကုံး ပေးလို့ရတာပဲ"

လည်ဆွဲကြိုးကို ရှာရသည်မှာ လွယ်ကူသည်။ သူမသည် ယခင်က ယွင်ကျွမ်ထံမှ ကြိုးနီလေးများကျစ်နည်းကို သင်ယူခဲ့ဖူးပြီး ပစ္စည်းအားလုံးလည်း ရှိနေသေးသဖြင့် လည်ဆွဲကြိုးအဖြစ် အသုံးပြုနိုင်သည်။

ဒါပေမဲ့ အလယ်မှာ ဘာဆွဲထားရမလဲ…

All Chapters