← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

Chapter 47

အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရပြီး ယင်ကျန်းမှာ သူမအား ထမလာနိုင်စေရန် စောင်ကို ဆွဲခြုံပေးလိုက်သည်။ တချိန်တည်းမှာပင် စုဖေးရှန်နှင့် အခြားသူများမှာ ယင်ကျန်းအား အဝတ်အစားလဲပေးရန်နှင့် မျက်နှာသစ်ဖို့ ကူညီပေးရန် ဝင်ရောက်လာကြသည်။

ကမ်းချန်ချန်မှာ ဆက်၍လှဲမနေရဲတော့ပေ။ ယင်ကျန်း ထွက်သွားပြီးနောက် သူမသည် အမြန်အဝတ်အစားလဲကာ လက်ကို ဆေးကြောလိုက်သည်။ ယနေ့တွင် သူမမှာ ဖူကျင်းနှင့် စတုတ္ထမင်းသားတို့အား နှစ်သစ်ကူး ဂါရဝပြုရန် ကျန်ရှိနေသေးသည်။

သူတို့မိသားစုတစ်ခုလုံး အတူတကွ စားသောက်လေ့ သိပ်မရှိကြပေ။ ဤထမင်းစားပွဲတွင် ကိုယ်လုပ်တော်တစ်ပါးအနေ ဖြင့် သူမသည် ဟင်းခွက်များကို ချထားပေးစဉ် မတ်တပ်ရပ်နေရမည် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူမအပြင် မတ်တပ်ရပ်ရမည့် အခြားကိုယ်လုပ်တော်များလည်း ရှိနေသေးသဖြင့် သိပ်ပြီး အနေရခက်ပုံ မပေါ်ပေ။

[ကံကောင်းလို့ ငါ ထွက်မလာခင် မုန့်နည်းနည်းစားလာခဲ့သေးတော့ အခု ဗိုက်သိပ်မဆာသေးဘူး]

[ငါက ကံဆိုးလွန်းလို့ ယုံကျိန်းဧကရာဇ်ရဲ့အနောက်ဆောင်ထဲကို ကူးပြောင်းလာမိတာပဲ၊ ဒီမှာက ပုံမှန် ပဒေသရာဇ်ခေတ်ရဲ့ ကျင့်ဝတ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ တုတ်နှောင်ခံနေရတယ်လေ]

[ချီလုံဧကရာဇ်ခေတ်ဆို အဆင့်မြင့် ကိုယ်လုပ်တော်တချို့တောင် အဆင့်နိမ့်ကိုယ်လုပ်တော်တွေကို ဦးညွှတ်ဂါရဝပြုရတယ်လို့ ကြားဖူးတယ်၊ ပြီးတော့ ဧကရီတချို့တောင်ကိုယ် လုပ်တော်တွေရှေ့မှာ ဒူးထောက်ခဲ့ရသေးတယ်တဲ့]

[ငါက စားသောက်ဆိုင်က စားပွဲထိုးတစ်ယောက်လိုပဲ ဟန် ဆောင်နေလိုက်ပါ့မယ်၊ အင်း... အဲဒီလို တွေးလိုက်တော့ နည်းနည်းသက်သာသွားသလိုပဲ]

[ဝူးး... ငါ့ခြေထောက်တွေ နာတာဟယ်၊ ဒီလိုကြီးအကြာကြီး မတ်တပ်ရပ်နေရရင် ငါ့ခြေသလုံးတွေများ ကြီးလာမလား မသိဘူး]

ယင်ကျန်းသည် တူကို ရပ်လိုက်ပြီး "အားလုံးထိုင်ပြီး အတူ တူစားကြပါ၊ မင်းတို့တွေ ဒီမှာ မတ်တပ်ရပ်နေရတာက ငါမင်းသားနဲ့ ဖူကျင်းတို့က မင်းတို့ကို နှိပ်စက်နေသလို ဖြစ်နေပြီ"

"မှန်လှပါ"

ထိုအုပ်စုသည် အရိုအသေပေးကာ ထိုင်ချလိုက်ကြပြီး အစေခံများက ကုလားထိုင်များ ယူလာပေးကြသည်။

ထိုင်နှင့်နေပြီးဖြစ်သော လီစဲဖူမှ ကမ်းချန်ချန်နှင့် အခြားသူ များလည်း ထိုင်ကြသည်ကို မြင်သောအခါ နှုတ်ခမ်းဆူလိုက်သည်။

"မင်းသားက အရမ်းမျက်နှာလိုက်တာပဲ၊ ဖူကျင်းစံအိမ်တော်ကို စရောက်လာတုန်းက နွေဦးပွဲတော်မှာ ကျွန်တော်မျိုးမ တစ်ချိန်လုံး မတ်တပ်ရပ်ပြီး သူမကို ထမင်းခပ်ပေးခဲ့ရတာ မှတ်မိသေးတယ်"

ယင်ကျန်း ပြုံးလျက် "ဒါ မင်းအတွက်လည်း ပါတာပေါ့၊ မင်းက ကိုယ်ဝန်ဆောင်ထားရပြီဆိုတော့ နားနားနေနေ ထိုင်သင့်တယ်လေ"

သူသည် လီစဲဖူ ကိုယ်ဝန်ရှိနေကြောင်း သတင်းအား ယနေ့နံနက်စာစားချိန်တွင် အားလုံးရှေ့၌ ကြွားဝါလိုစိတ်ဖြင့် တမင်တကာ ကြေညာလိုက်ခြင်းဖြစ်သည်။

တခြားဘယ်သူ့ ဗိုက်ကမှ သူမလောက် မျှော်လင့်ချက်ရှိမနေဘူးလေ...

ထို့အပြင် အရှင်မင်းသားသည် အခြားသူများထံသွားရောက်လည်ပတ်လေ့ရှိသော်လည်း ၎င်းမှာ ဟန်ပြသက်သက်သာ ဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော် အရှင်မင်းသား အထိတွေ့ချင်ဆုံးမှာ လီစဲဖူ၏ခန္ဓာကိုယ်သာ ဖြစ်သောကြောင့်ပင်။

ဖူကျင်း ပြုံးလျက် "ဆောင်းရာသီစကတည်းက စုန့်ကော်ကော်ရဲ့ကျန်းမာရေးက သိပ်မကောင်းဘူးလေ ပြီးတော့ ကမ်းကော်ကော်ကလည်း လွန်ခဲ့တဲ့ သုံးလကျော်ကမေ့လဲသွားခဲ့သေးတယ်၊ အခုလို အရှင်မင်းသားလုပ်ရပ်က သူ့ရဲ့ ကြင်နာတတ်တဲ့ နှလုံးသားကို ပြသနေတာပါပဲ"

[ကြင်နာတတ်တဲ့ နှလုံးသား ဟုတ်လား...]

ဖက်ထုပ်ကိုကိုက်စားနေသော ကမ်းချန်ချန်မှာ ထိုစကားကို ကြားလိုက်ရသောအခါ ရင်ထဲတစ်ချက်ဒိန်းခနဲ ဖြစ်သွားရသည်။

[ဒီမနက်တင် အဲဒီကြင်နာတတ်တဲ့ နှလုံးသားဆိုတဲ့ ဆင်ခြေကြောင့် ငါ့ရဲ့ နုနယ်လှတဲ့လက်လေးတွေ အတော်လေး ဒုက္ခရောက်ခဲ့ရတာ]

[နေပါဦး... ငါ လက်ကိုဆပ်ပြာနဲ့ မြန်မြန်ဆေးလိုက်ရတာ ထင်တယ်၊ ပန်းနံ့လေး ကျန်နေသေးတယ်]

[ကျစ်... သွားပါပြီ]

သူမ အားရပါးရ ကိုက်မိသွားရာ တူကိုပင် တိုက်မိသွားပြီး ပန်းကန်လုံးထဲသို့ ပြန်ပြုတ်ကျသွားသည်။ သူမ ချက်ချင်းပင် ပါးစပ်ကို အုပ်လိုက်မိသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော ဝူကော်ကော်မှာ အစားအ သောက်များပင် သီးသွားကာ "ဟားဟားဟား... အထဲမှာ အစာသွပ်ထားမှန်း နင်မသိဘူးလား၊ ဘာလို့ အဲဒီလောက် အားရပါးရ ကိုက်ချလိုက်ရတာလဲ၊ နင်က ဘယ်လိုတောင် တုံးအလွန်းရတာလဲ"

သူမ ပြောပြီးသည်နှင့် ယင်ကျန်းကို ထိတ်လန့်တကြား လှမ်းကြည့်မိသည်။ ယင်ကျန်းလည်း ပြုံးနေသည်ကို သူမ တွေ့လိုက်ရကာ ဖူကျင်းမှာမူ ဝူကော်ကော်ကို အဓိပ္ပါယ်ပါပါစိုက်ကြည့်ရင်း အတွေးနယ်ချဲ့နေပုံရသည်။

ကမ်းချန်ချန်သည် နှုတ်ခမ်းထောင့်ကိုတွန့်ကာ ပြုံးလိုက်ရင်း

[အားလုံးက ငါ့ကို ဝိုင်းရယ်နေကြပေမယ့် ငါကတော့ လက်ပဲဆေးချင်တယ်ဟေ့၊ အဆောင်ပြန်ရောက်ရင် ငါ့လက်တွေကို နှင်းဆီရည်နဲ့ ကွေ့ဟွာပန်းမှုန့်တွေသုံးပြီး သေချာ စိမ်ဆေးပစ်ရမယ်]

လီစဲဖူ မျက်လွှာပင့်ကြည့်လိုက်ပြီး "သိပ်မကြာခင်ကမှ အထိန်းတော်တစ်ယောက် ငှားထားတယ် မဟုတ်လား၊ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ရိုင်းစိုင်းနေရတာလဲ၊ ပြီးတော့ ဝူကော်ကော်.. နင်က အစားစားနေရင်းတောင် ချောင်း ဆိုးရဲတယ်ဟုတ်လား၊ နင်တို့နှစ်ယောက်လုံး နန်းတွင်းကျင့် ဝတ်တွေကို အတူတူပြန်သင်သင့်နေပြီ ထင်တယ်"

ယင်ကျန်းသည် သူ့ ပန်းကန်လုံးထဲမှ ဖက်ထုပ်တစ်လုံးကို ကမ်းချန်ချန်၏ပန်းကန်ထဲသို့ တည်ငြိမ်စွာ ထည့်ပေးလိုက်ပြီး "ဖက်ထုပ်တွေ အများကြီးရှိပါသေးတယ်၊ ဖြည်းဖြည်းစား"

[ဒီဖက်ထုပ်မှာ သူ့တံတွေးတွေ ကပ်နေသေးတယ် မဟုတ်လား၊ ပြီးတော့ ဘာလို့လူကြားထဲမှာ ငါ့ပန်းကန်ထဲကို ဖက်ထုပ် လာထည့်ပေးနေရတာလဲ၊ သူက တခြားလူတွေ ငါ့ကို သဝန်တိုလာအောင် တမင်သွေးထိုးပေးနေတာ မဟုတ်ဘူးလား]

[ငါ သူ့ကို ဘာများပြစ်မှားမိလို့ ငါ့ကို ဒီလိုမျိုးလာလုပ်နေရတာလဲ]

ယင်ကျန်းမှာ သူမအား ဒေါသတကြီးစိုက်ကြည့်လိုက်ပြီး ထိုဖက်ထုပ်ကို သူ့ပန်းကန်ထဲသို့ ပြန်ယူသွားလေသည်။

[သူက ငါ့ကို ဖက်ထုပ်တစ်လုံးလေးတောင်ပေးရမှာ နှမြောနေတာလား၊ ငါ့ပန်းကန်ထဲထည့်ပြီးမှ သူ့ပန်းကန်ထဲ ပြန်ယူသွားတယ်ပေါ့၊ ဒီလောကမှာ ဒီလောက်တောင် ကပ်စေးနှဲတဲ့ မင်းသား ရှိသေးတာပဲလား၊ အရမ်းကပ်စေးနည်းပြီး ကျေးဇူး ကန်းတာပဲ၊ သူ ဧကရာဇ်ဖြစ်လာတော့ တခြားလူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဘာလို့ သိမ်းချင်နေရတာလဲဆိုတာ အံ့ဩစရာတောင် မရှိတော့ပါဘူး]

ယင်ကျန်းမှာ ဒေါသထွက်လွန်း၍ တူကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။

ကမ်းချန်ချန်... မင်း ပါးစပ်က ထုတ်မပြောလို့ ကိုယ် အပြစ်မပေးနိုင်ဘူး ထင်နေတာလား။

ထိုအခြေအနေကိုမြင်သောအခါ ဖူကျင်းသည် လက်ခုပ်တီးလိုက်ပြီး ဖက်ထုပ်ပန်းကန် အချို့ကိုထပ်မံ ယူဆောင်လာစေကာ အားရပါးရပြုံးလျက် ယဉ်ကျေးစွာပြောသည်။

"ညီမတော်တို့... အားမနာဘဲ စားကြပါ"

အနည်းငယ် အနေရခက်ဖွယ်ကောင်းသော နားလည်မှုလွဲမှားခြင်းသည် ထိုနည်းဖြင့် ယာယီပြေလည်သွားသည်။

ချန်ကော်ကော်သည် ယင်ကျန်းနှင့် ကမ်းချန်ချန်တို့၏အပြန် အလှန် ပြုမူပုံများကို ကြည့်ရင်း သူမ ခေါင်းထဲတွင် အတွေးတစ်ခု ရုတ်တရက်ဖြတ်ပြေးသွားသည်။

အရှင်မင်းသားက ကမ်းကော်ကော်ကို အဲဒီလောက်ကြီး သဘောကျနေပုံ မပေါ်ပါဘူး၊ ဒီတစ်ခါ ထမင်းစားပွဲမှာလည်း သူမ တူကိုကိုက်မိပြီး သွားနာသွားလို့ သနားပြီး ဖက်ထုပ် ထည့်ပေးတာပဲနေမှာပါ၊ ပြီးတော့ နှစ်သစ်ကူးနေ့အပြီးမှာ ရုတ်တရက် မျက်နှာသာပေးခံရတာကလည်း ကမ်းချန်ချန် မြားပစ်ကွင်းမှာ လဲကျပြီး လက်ကောက်ဝတ် ဒဏ်ရာရသွားလို့ပဲ၊ အရှင်မင်းသားက အစထဲက ကြင်နာတတ်တဲ့ နှလုံး သားရှိတဲ့သူပဲ၊ ဟုတ်တယ်... ငါတို့ ပထမဆုံးတွေ့ဆုံခဲ့တုန်းကလည်း သူက သူ့အသက်အန္တရာယ်ကိုတောင် ဂရုမစိုက်ဘဲ ငါ့ကို ကယ်တင်ခဲ့တာပဲ၊ ဟင်း... ကြည့်ရတာ သူက ဒဏ်ရာရတဲ့သူဆီကို ပုံမှန်သွားလေ့ရှိပုံပဲ…

🌻 Chapter 48

ထိုသို့ တွေးမိလိုက်သည်နှင့် သူမသည် အရှင်မင်းသား၏ မျက်နှာသာပေးမှုကိုရရှိစေရန် အကြံဉာဏ်ကောင်း တစ်ခုကို ရုတ်တရက် ရရှိသွားသည်။

ထိုအချိန်က စတုတ္ထမင်းသား ယင်ကျန်း၏စံအိမ်တော်မှာ အတော်လေးသေးငယ်နေဆဲဖြစ်သည်။ သူသည် လက်ရှိတွင် ပမင်းသားတစ်ပါးသာဖြစ်နေသေး၍ အဆင့်အတန်း ကျော်လွန်ခြင်းမရှိစေရန် တားဆီးထားရုံသာမက သူ့ ငယ်စဉ် နန်းတွင်းအတွေ့အကြုံများအရ အရိုက်အရာဆက်ခံမည့်သူ မရှိခြင်း၏ အရေးပါမှုကိုစောစီးစွာ သင်ယူခဲ့ရသောကြောင့်လည်းပါ၏။ နန်းတွင်းမင်းသားတစ်ပါးအနေဖြင့် သူ၏ ထူးချွန်ထက်မြက်မှုများကို မည်သို့ဖုံးကွယ်ပြီး အားနည်းဟန်ဆောင်ရမည်ကို သူ ကောင်းစွာ သိထားသည်။

သူ့ညီနောင်များဖြစ်သော တတိယမင်းသားနှင့် ပဉ္စမမင်းသားတို့၏စံအိမ်များနှင့် နှိုင်းယှဉ်လျှင်ပင် သူ့ စံအိမ်တော်မှာပို သေးငယ်ပြီး ရိုးရှင်းစွာ ပြင်ဆင်ထားသည်။

ကမ်းချန်ချန်၊ စုန့်ကော်ကော်နှင့် ချန်ကော်ကော်တို့သည် အနောက်ဘက် ခြံဝင်း၏အနောက်ခြမ်းတွင် နေထိုင်ကြသည်။

တံတိုင်းတစ်ခုက သူတို့ကို ကိုယ်ပိုင် ခြံဝင်းငယ်လေးများအဖြစ် ခွဲခြားပေးထားသော်လည်း သူတို့သုံးဦးလုံးသည် အနောက်ဘက် ခြံဝင်းကြီးတစ်ခုတည်းကိုသာ မျှဝေအသုံး ပြုကြရသည်။

လီစဲဖူနှင့် ဝူကော်ကော်တို့မှာ အနောက်ဘက် ခြံဝင်း၏အရှေ့ခြမ်းတွင်နေထိုင်ကြပြီး ဝူကော်ကော်၏ခြံဝင်းမှာ လီစဲဖူ၏ ခြံဝင်းနှင့် ကပ်လျက်တွင် ရှိသည်။

နှစ်ဖက်စလုံးသည် အတော်လေးနီးကပ်နေသဖြင့် အသံလုံမှု သိပ်မရှိချေ။ ဝူကော်ကော်ခြံဝင်းမှ ထွက်ပေါ်လာသော မည်သည့်အသံမဆို လီစဲဖူ ခြံဝင်းတွင် ကြားနိုင်၏။

လီစဲဖူသည် မကြာသေးမီကမှကိုယ်ဝန်ရှိလာသဖြင့် ယင်ကျန်းသည် သူမထံသို့ ပိုမိုမကြာခဏ သွားရောက်လည်ပတ်ခဲ့သည်။

ဝူကော်ကော်သည် ငယ်စဉ်ကတည်းက သိုင်းပညာကိုသင်ယူခဲ့ဖူးသဖြင့် သူမ ခြံဝင်းငယ်လေးထဲတွင် လက်သီးထိုးခြင်းနှင့် ကြာပွတ်ရိုက်ခြင်း ကွက်များကို ရံဖန်ရံခါလေ့ကျင့်လေ့ရှိသည်။

တစ်နေ့တွင် ယင်ကျန်းသည် လီစဲဖူ၏ခြံဝင်းအတွင်းသို့ ခြေချလိုက်သည်နှင့် ဘေးခြံမှ အလန့်တကြားအော်သံတစ်ခုကို ကြားလိုက်ရ၏

"အား..."

"ကော်ကော်... ဘာဖြစ်လို့လဲရှင်"

"ငါ ခြေချင်းဝတ် ခေါက်သွားလို့"

"အရမ်းရောင်နေတာပဲ ကော်ကော်ရယ်၊ ကျွန်မ အစောကြီးကတည်းက တားသင့်တာ၊ မီးပုံးပွဲတော်ကျရင် အရှင်မင်းသားရှေ့မှာ ဖျော်ဖြေချင်လို့ အချိန်မီအောင် လေ့ကျင့်နေရတယ်ဆိုရင်တောင် ဒီလောက်ကြီး ဖိအားပေးပြီး လုပ်စရာ မလိုပါဘူး"

"အပိုတွေ ပြောမနေနဲ့၊ မြန်မြန် သမားတော်ဆီကို သွားပြီး ငါ့အတွက် ဆေးသွားယူ‌လာခဲ့"

ယန်လင်သည် အမိန့်နာခံလိုက်ပြီး ကပျာကယာပြေးထွက်သွားသည်။

ယင်ကျန်းသည် ထိုအသံကို ကြားလိုက်ရသဖြင့် လီစဲဖူ၏ခြံဝင်းထဲမှ ထွက်လာခဲ့ပြီး စိုးရိမ်တကြီးမေးလိုက်သည်။

"ဒဏ်ရာပြင်းထန်လို့လား"

ယန်လင် "အရှင်မင်းသားကို လျှောက်တင်ပါတယ်၊ကျွန်တော် မျိုးမတို့ရဲ့ ကော်ကော်ကနာလွန်းလို့ ချွေးတွေရွှဲနေပြီး သူ့ခြေချင်းဝတ်ကလည်း ပေါက်စီကြီးတစ်လုံးလို ရောင်ရမ်းနေပါတယ်"

ယင်ကျန်းသည် ကျန်းတာ့နျန်ဘက်သို့ ချက်ချင်းလှည့်ကာ အမိန့်ပေးသဘ်။

"သမားတော် သွားခေါ်ဖို့ လူတစ်ယောက် လွှတ်လိုက်"

သာမန်အားဖြင့်ဆိုလျှင် ခြေခေါက်ခြင်းက ဤမျှလောက်အထိ ရောင်ရမ်းမည် မဟုတ်ပေ။ ဝူကော်ကော်၏ ခြေချင်း ဝတ်မှာ ဤမျှရောင်ရမ်းနေသည်ဆိုလျှင် သူမ၏ ဒဏ်ရာမှာ အတော်လေး ပြင်းထန်ပုံရသည်။

ယင်ကျန်းသည် ဝူကော်ကော် ခြံဝင်းသို့ သွားရောက် ကြည့်ရှုခဲ့ပြီး မိုးချုပ်သွားသောအခါ ထိုနေရာတွင်ပင် အိပ်စက်ခဲ့လေသည်။ ဝူကော်ကော်မှာ သူ့ ရင်ခွင်ထဲသို့ တိုးဝင်လျက် ချွဲနွဲ့ကာမူပိုတော့သည်။

"စတုတ္ထမင်းသား... ဟင့်... ကျွန်တော်မျိုးမ သေရတော့မှာလားဟင်"

ယင်ကျန်းမှာ ဘာလုပ်ရမှန်း မသိဖြစ်သွားပြီး "မင်း ဘာတွေ လျှောက်ပြောနေတာလဲ"

ဝူကော်ကော်က အမှန်တကယ် ဝမ်းနည်းနေဟန်ဖြင့်ပြော လာသည်။

"ကျွန်တော်မျိုးမကလေ၊ အရှင်မင်းသား ကျွန်တော်မျိုးမဆီ မလာတာ အတော်တောင်ကြာနေပြီ၊ အသစ်ရတော့ အဟောင်းကို မေ့သွားပြီပေါ့"

ယင်ကျန်း "မင်းတို့သုံးယောက်လုံး စံအိမ်တော်ထဲ အတူတူ ဝင်လာကြတာ မဟုတ်ဘူးလား၊ ပြီးတော့ မင်းကို ကိုယ်က ဘယ်လိုလုပ် မေ့နိုင်မှာလဲ၊ အဲဒီတုန်းကသာ မင်းသာ ကိုယ့်ကို မကယ်ခဲ့ဘူးဆိုရင်..."

ဝူကော်ကော်က သူမ လက်ညှိုးကို သူ့နှုတ်ခမ်းပေါ် တင်လိုက်ပြီး "အရှင်မင်းသား... ဒီကိစ္စကို ထပ်မပြောတော့ဘူးလို့ ကတိပေးထားတယ် မဟုတ်လား၊ အရှင်မင်းသားက ကျွန်တော်မျိုးမအပေါ် ကျေးဇူးတင်စိတ်တစ်ခုတည်း ရှိနေတာမျိုး မလိုချင်ဘူး"

အမှောင်ထဲတွင် ဝူကော်ကော်၏မျက်ဝန်းများအတွင်းမှ ထိတ်လန့်တုန်လှုပ်မှုကို ယင်ကျန်း မမြင်လိုက်ရချေ။ သူသည် သူမ၏ ကျောကို ပွတ်သပ်ပေးကာ ပြန်ပြော၏။

"အင်း... မင်း မပြောစေချင်ဘူးဆိုရင်လည်း မပြောတော့ပါဘူးကွာ"

ယင်ကျန်းသည် ဝူကော်ကော်အား ခွင့်ရက်ပေးလိုက်သဖြင့် သူမအနေဖြင့် ဖူကျင်းထံသို့ အခစားဝင်ရန် အတန်ကြာသွားစရာ မလိုတော့ပေ။ ထိုမျှမက သူသည် မီးဖိုဆောင်ကို ဝူကော်ကော်၏ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်ပြီး အဆီလည်း သိပ်မများသော ကော့ဒ်ငါးပေါင်းကို ပိုမိုချက်ပြုတ်ရန် အထူး ညွှန်ကြားခဲ့သေးသည်။

ဖူကျင်းသည် ထိုသတင်းကို ကြားသောအခါ လှောင်ပြုံးပြုံးလျက် "ငါတို့ အရှင်မင်းသားက တကယ်ဂရုစိုက်တတ်တာပဲ"

မားမားချွေ့ "ဝူကော်ကော်ကတောင် မျက်နှာသာရဖို့ ဒီလိုနည်းလမ်းတွေကို သုံးလာတာလား"

ဖူကျင်း "သူမက အရမ်း စိတ်လောလွန်းနေတာပါ၊ ဒီအခွင့် အရေးကို ယူပြီး သူ့ကို ငါ့ဘက်ပါအောင် သိမ်းသွင်းရမယ်"

မားမားချွေ့ ဝမ်းသာအားရဖြင့် "ဖူကျင်းမှာ အကြံအစည် ရှိနေပြီလား"

ထိုအချိန်တွင် အစေခံမိန်းကလေးတစ်ဦးက ချန်ကော်ကော် ရောက်ရှိနေကြောင်း လာရောက် လျှောက်တင်လေသည်။ ဖူကျင်းသည် သူမ၏ အင်္ကျီလက်ဖျားကို ခပ်တည်တည်ဖြင့် ပြင်လိုက်ကာ ပြောသည်။

"သူမကို ဝင်လာခိုင်းလိုက်"

ချန်ကော်ကော်က နူးညံ့သိမ်မွေ့စွာဖြင့် "ဖူကျင်း... ကျွန်တော်မျိုးမကို ဘာများ စေခိုင်းစရာရှိလို့ပါလဲ"

ဖူကျင်း "ဝူကော်ကော် ခြေချင်းဝတ် ခေါက်သွားတယ်လို့ ကြားတယ်၊ သူမကို သွားကြည့်ပေးလိုက်ပါ ပြီးတော့ အဲဒီကိုသွားရင်း သူမဆီ လက်ဆောင်တစ်ခု ယူသွားပေးပါ"

သူမ လက်ခုပ်တီးလိုက်ချိန် သူမ ယုံကြည်ရသော မိန်းမစိုး အန်းလဲ့စုန်သည် ကြက်တူရွေးနှစ်ကောင်ပါသော လှောင်ချိုင့် တစ်ခုကို ကိုင်ဆောင်ကာ ထွက်လာသည်။

ချန်ကော်ကော်မှာ နားမလည်နိုင်ဖြစ်သွားပြီး "ဖူကျင်း... သူမကို ကြက်တူရွေးတွေ လက်ဆောင်ပေးမလို့လား၊ ဝူကော်ကော် ကြက်တူရွေးတွေကို သဘောကျတယ်လို့ တစ်ခါမှ မကြားဖူးပါဘူး"

ဖူကျင်း လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး "သူမ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် အရေးမကြီးဘူး။ အရေးကြီးတာက ကမ်းကော်ကော်ရဲ့ကြောင်ကတော့ ကြက်တူရွေးတွေကို သေချာပေါက် သဘောကျလိမ့်မယ် ဆိုတာပဲ"

ချန်ကော်ကော်မှာ ရုတ်တရက် သဘောပေါက်သွားပြီး ကြက်တူရွေးများကို ကောက်ကိုင်ကာ ပြုံးလိုက်လေသည်။

ထိုစဉ် အစေခံမိန်းကလေးတစ်ဦး လာရောက်၍လျှောက်တင်သည်။

"စုန့်ကော်ကော် ရောက်ရှိနေပါတယ်"

ဖူကျင်းသည် သူမ ဆံပင်ကို သပ်လိုက်ပြီး ချန်ကော်ကော်အား ပြောသည်။

"အခု နင် ဘာလုပ်ရမလဲဆိုတာ သိပြီဆို သွားလို့ရပြီ"

စုန့်ကော်ကော် ဝင်လာသောအခါ အမည်းရောင်ပိတ်စဖြင့် ဖုံးအုပ်ထားသော လှောင်ချိုင့်တစ်လုံးကို ကိုင်ဆောင်လာသည့် ချန်ကော်ကော်ကိုမြင်ရချိန် ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ထိုအခိုက် ကြက်တူရွေးက "ဘာကြည့်နေတာလဲ၊ သွားစမ်း... သွားသွား၊ ငါ့ကို ထပ်ကြည့်ရင် နင့်ကို ရိုက်ပစ်မယ်နော်"

စုန့်ကော်ကော် : "..."

ချန်ကော်ကော်လည်း လှောင်ချိုင့်ကို အံ့ဩတကြီးကြည့်လိုက်မိသည်။ သူမအား လိုက်ပို့သော အထိန်းတော်ကြီး မားမားချွေ့က အနေရခက်စွာပြုံးရင်း "တောင်းပန်ပါတယ်၊ ဒီကြက်တူရွေးက စရိုက်မကောင်းလို့ပါ"

စုန့်ကော်ကော်မှာ အံ့ဩရာမှ အမြန်ပြန်လည် သတိဝင်လာကာ ပြန်ဖြေသည်။

"ရပါတယ်"

စုန့်ကော်ကော် အထဲသို့ ၀င်လိုက်ချိန် မေးလေသည်။

"ဖူကျင်း... ဘာလို့ ချန်ကော်ကော်ကို ကြက်တူရွေး ပေးလိုက်ရတာလဲ"

ဖူကျင်းက တည်ငြိမ်စွာဖြင့်ဆိုသည်။

"သူ ငါ့ကို ဝယ်ခိုင်းလို့ပါ၊ နင်လည်း သိတဲ့အတိုင်းပဲ... ပန်းထိုးရနံ့အိတ် ကိစ္စပြီးကတည်းက အနောက်ဆောင်က ပိုပိုပြီး တင်းကျပ်လာတယ်၊ ပစ္စည်းတော်တော်များများက ငါ့ဆီက ခွင့်ပြုချက်လိုတယ်လေ"

စုန့်ကော်ကော်သည် ထိုကိစ္စကို ဂရုမစိုက်တော့ဘဲ သူမ၏ အင်္ကျီလက်ထဲမှ လှပစွာထုပ်ပိုးထားသော စာအုပ်တစ်အုပ်ကို ထုတ်ကာ ဖူကျင်းထံသို့ ကမ်းပေးလိုက်သည်။

ဖူကျင်းကယူ၍ဖွင့်ကြည့်လိုက်ရာ ရှီကျင်းကဗျာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူမ ချက်ချင်းပင် ဝမ်းသာလုံးဆို့သွားကာ "ရှီကျင်း ဟုတ် လား၊ နင် ဒါကို မန်ချူးဘာသာနဲ့ ပြန်ဆိုထားတာလား"

စုန့်ကော်ကော်က ခေါင်းညိတ်ပြပြီး "ဖူကျင်းက ရှီကျင်းကို အရမ်းနှစ်သက်မှန်းသိလို့ ပြီးတာနဲ့ ဖူကျင်းကိုပြဖို့ ချက်ချင်း ယူလာခဲ့တာပါ၊ ကွယ်လွန်သွားတဲ့ ဧကရာဇ်မင်းကြီးက ဒီကဗျာကျမ်းကို ဘာသာပြန်ဖို့ အမိန့်ပေးခဲ့ဖူးပေမယ့် နောက် ဆုံးမှာတော့ အပေါ်ယံပဲသိတဲ့ တုံးအတဲ့ယောကျာ်းတစ်စုကပဲ တာ၀န်ယူခဲ့တာဆိုတော့ သူတို့က ဘာသိမှာလဲ၊ သူတို့လုပ်နိုင်တာက စကားလုံးချင်း ဖလှယ်တာနဲ့ သဒ္ဒါမှန်ကန်ရုံလောက်ပဲ ရှိတာ၊ အထဲမှာ ပါတဲ့ နက်ရှိုင်းတဲ့ ခံစားချက်တွေကို သူတို့ ဘယ်လိုလုပ် ဖမ်းဆုပ်နိုင်မှာလဲ၊ နောက်ဆုံးတော့လည်း အလကားပါပဲ"

ဖူကျင်း ချီးကျူးစွာဖြင့် "ညီမတော်က ကဗျာနဲ့ စာပေတွေမှာ ကျွမ်းကျင်တဲ့အပြင် ဒီနယ်ပယ်မှာလည်း နင့်ရဲ့ အောင်မြင်မှုတွေက အရမ်းမြင့်မားတာပဲ၊ ညီမတော် မှတ်မိသေးလား... အစတုန်းကဆို ငါ ရှီကျင်းကိုတောင် မဖတ်နိုင်ခဲ့ဘူးလေ၊ ညီမတော်ကပဲ ထပ်ခါတလဲလဲ သင်ပေးခဲ့တာ"

စုန့်ကော်ကော် ကျေနပ်စွာ ပြုံးလိုက်ပြီး ရှင်းပြသည်။

"သူတို့က ကဗျာတွေရဲ့ကာရန်နဲ့ ဂီတသံစဉ်တွေကို တမင်သက်သက် လျှော့ချပစ်ခဲ့ကြတာ၊ ဒါပေမဲ့ ကျွန်မကတော့ တူရိယာတွေနဲ့ ပတ်သက်ပြီး ဗဟုသုတ နည်းနည်းပါးပါး ရှိသလို မိန်းမတစ်ယောက်ရဲ့ အမြင်ကနေလည်း အကြောင်း အရာတွေကို နားလည်နိုင်တယ်လေ၊ ဥပမာ... မိုးမခပင်ပေါ့၊ လက်ရှိ ဘာသာပြန်ထားတာတွေက အဲဒါကို ယောကျာ်းတွေ အသုံးပြုတဲ့ လေးကြိုးနဲ့ နှိုင်းယှဉ်ထားကြတယ်၊ ကျွမ်မ ထင်တော့ မိုးမခပင်ရဲ့ အကွေးအကောက်လေးတွေက ယောကျာ်းရော မိန်းမပါ အသုံးပြုတဲ့ စောင်းကြိုးလေးနဲ့ ပိုတူတယ်၊ ယိမ်းနွဲ့နေတဲ့ မိုးမခပင်တွေက နယ်စပ်က စစ်သည်တွေရဲ့ အိမ်လွမ်းစိတ်ကို ဖော်ပြနေရုံတင်မကဘူး

အဝေးကိုအိမ်ထောင်ပြုသွားရတဲ့ အမျိုးသမီးတွေရဲ့ အိမ်ပြန်ချင်တဲ့ ဆန္ဒကိုပါဖော်ပြနေတာပါ”

All Chapters