အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
Chapter 49
ဖူကျင်းလည်း ထိုစကားကို ထောက်ခံလျက် "ညီမတော် လုပ်တာ မှန်တယ်၊ မိန်းမသားတွေဖြစ်တဲ့ ငါတို့မှာ ထိန်းချုပ်လို့မရတဲ့ ကိစ္စတွေ၊ ထုတ်ဖော်ပြောလို့မရတဲ့ ဝမ်းနည်းမှုတွေ အများကြီးရှိတယ်လေ"
"ငါတို့ရဲ့အတွေးတွေကို စာနဲ့တောင် မဖော်ပြနိုင်ဘူးဆိုရင် ဒါမှမဟုတ် ငါတို့ကဗျာတွေရဲ့ အဓိပ္ပါယ်ကိုတောင် တခြားသူတွေက တမင်သက်သက် အဓိပ္ပါယ်လွဲမှားအောင် လုပ်နေကြတယ်ဆိုရင် အသက်ရှင်နေတာနဲ့ လမ်းလျှောက်နေတဲ့ အလောင်းကောင် တစ်ကောင်လိုဖြစ်နေတာနဲ့ ဘာကွာတော့မှာလဲ"
ချန်ကော်ကော်သည် ဖူကျင်းထံမှထွက်လာပြီးနောက် ဝူကော်ကော်ထံသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။
ဝူကော်ကော်သည် အပူပေးထားသော အုတ်ခုတင်ပေါ်တွင် ထိုင်ကာ ဖရဲစေ့များ စားနေသည်။ ချန်ကော်ကော်ကို မြင်သောအခါ သူမက ဖရဲစေ့အခွံတစ်ခုကို ချန်ကော်ကော်၏ ရင်ဘတ်ဆီသို့ အားပြင်းပြင်းဖြင့် ထွေးထုတ်လိုက်ပြီး ခနဲ့စွာမေးသည်။
"ဒီနေ့ နေက အနောက်ဘက်ကများ ထွက်လာတာလား၊ ဒီကိုလာတာ ဘာကိစ္စရှိလို့လဲ"
ချန်ကော်ကော်သည် သူမ နှုတ်ခမ်းကို အနည်းငယ် ကိုက်လိုက်ပြီး ၀မ်းနည်းသွားသလိုဟန်ဆောင်ကာ "အစ်မတော်က ညီမလေးအပေါ် အမြင်မကြည်ဖြစ်နေပုံရတယ်၊ ညီမလေး ဘာများ အပြစ်လုပ်မိလို့လဲဟင်"
ဝူကော်ကော်သည် သူမ၏ အားနည်းပြီး သနားစရာကောင်းအောင် ဟန်ဆောင်နေသော မျက်နှာပေးကို အမုန်းဆုံးပင်။ ဟို... စုန့်ကော်ကော်ဆိုတာကတော့ နေမကောင်းဖြစ်နေလို့ ရွေးချယ်စရာ မရှိတဲ့အတွက် ထားပါတော့၊ သူကတော့ ဘာလို့ အချိန်တိုင်း ဟန်ဆောင်နေရတာလဲ..
ချန်ကော်ကော်မှာ ဝူကော်ကော်အာ ပြစ်မှားထားခြင်း မရှိသော်လည်း ဝူကော်ကော်မှာ သူမကိုစတင်တွေ့မြင်ကတည်း က ပြင်းထန်သော မုန်းတီးမှုကိုခံစားနေရသည်။
သူမထံမှ ဟန်ဆောင်မှုတစ်မျိုး ထွက်ပေါ်နေခြင်းက သူတို့နှစ်ဦးအား မွေးရာပါ ရန်သူများ ဖြစ်လာစေခြင်းပင် ဖြစ်လိမ့်မည်။
ထိုအခိုက်တွင် လှောင်ချိုင့်အတွင်းရှိ ကြက်တူရွေးက စတင်၍ ကပျက်ကချော် လုပ်လာပြန်သည်။
"လက်ဖက်ရည်နံ့က မွှေးလိုက်တာ၊ အဝါရောင်ကောင်လေး... မင်း လက်ဖက်ရည် ဖျော်ထားတာလား"
အဝါရောင် ကြက်တူရွေး "အစိမ်းရောင်လိပ်ကောင်... မင်း ဘာပြောတာလဲ၊ ငါ့ကို ပြဿနာ လာရှာနေတာလား"
ဝူကော်ကော် ရယ်မောလိုက်ပြီး "နင် ယူလာတဲ့ ကြက်တူရွေး နှစ်ကောင်က တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ"
ချန်ကော်ကော်မှာ ကြက်တူရွေးများအား သူမထံသို့ တောင့်တောင့်ကြီးကမ်းပေးလိုက်ပြီး နူးညံ့သော လေသံဖြင့်ပြောသည်။
"အစ်မတော် သဘောကျလို့ ဝမ်းသာပါတယ်၊ အစ်မတော် ခြေထောက် ဒဏ်ရာရလို့ လမ်းမလျှောက်နိုင်ဘူးဆိုတာ ကြားလို့ စိတ်သက်သာရာရအောင် ဒါတွေ ယူလာပေးတာပါ"
ဝူကော်ကော် ဤသို့ ရုတ်တရက် ကောင်းပြနေခြင်း၏ ရည်ရွယ်ချက်အား သူမလည်း နားမလည်နိုင်ဖြစ်ကာ မော့ကြည့်လိုက်ပြီး
"တိရစ္ဆာန်တွေအကုန်လုံးထဲမှာ ငါက မြင်းကို အချစ်ဆုံးပဲ၊ တခြား တိရစ္ဆာန်တွေကတော့ အသုံးမကျတဲ့ အကောင်တွေလို့ပဲမြင်တယ်၊ မဟုတ်ရင် အသားကိုပဲ စားဖို့ သိလောက်အောင် တုံးအလွန်းတယ်လေ"
ချန်ကော်ကော် အတင်းပြုံးလိုက်ပြီး "လူတိုင်းမှာ အကြိုက်ဆုံးတိရစ္ဆာန်ဆိုတာ ရှိကြတာပဲလေ၊ ကမ်းကော်ကော်က ကြောင်တွေကို သဘောကျတယ်၊ အစ်မတော်က မြင်းကို သဘောကျတယ်၊ ပြီးတော့ စတုတ္ထမင်းသားက ခွေးကို သဘောကျတယ်၊ ဒါပေမဲ့ ဘယ်သူကမှ တိရစ္ဆာန်တစ်မျိုးတည်းကိုပဲ ချစ်နိုင်မှာ မဟုတ်ဘူးလေ၊ ဒါက လူ့သဘာဝပဲ"
ဝူကော်ကော် အနည်းငယ် နားရှုပ်သွားကာ ပြန်မေးသည်။
"နင်က ငါ့ကို ဒါတွေ ဘာလို့ လာပြောနေတာလဲ"
ချန်ကော်ကော် "ငါက နင့်ကို အမြဲတမ်းအားကျနေရတာ သိလား၊ စတုတ္ထမင်းသားက ငါ့ကို နင့်အကြောင်း ပြောပြတိုင်း သူ့မျက်နှာမှာ အပြုံးတွေ ဝေဆာနေပြီး နင့်ကို ချီးမွမ်းလို့ မဆုံးဘူးလေ"
ဝူကော်ကော် "တကယ်လား"
ဝူကော်ကော် စိတ်ဝင်စားသွားသည်ကို မြင်သောအခါ ချန်ကော်ကော်က ဆက်၍ပြောသည်။
"ငါကလည်း အရမ်းမခံချင်ဖြစ်ပြီး နင်နဲ့ယှဉ်ရင် ငါ့မှာ ဘာတွေ လိုအပ်နေလို့လဲလို့ သူ့ကို မေးလိုက်တယ်"
ထိုစကားကို ကြားသောအခါ ဝူကော်ကော်သည် မျက်ခုံးတစ်ဖက်ကို ပင့်ကာ ကျေနပ်သွားရသည်။
ချန်ကော်ကော်က "စတုတ္ထမင်းသားက ဝူကော်ကော်ဆိုတာ ရှားပါးလှတဲ့ စစ်မှန်တဲ့ စရိုက်ရှိသူလေ၊ သူမနဲ့ စကားပြောရင် လှည့်ပတ်ပြောနေစရာ မလိုဘူးတဲ့၊ အဲဒီအချက် တစ်ခုတည်းနဲ့တင် ငါက နင့်လောက် မကောင်းဘူးတဲ့၊ နင့်မှာ တခြားအားသာချက်တွေ အများကြီးရှိနေသေးတယ်လို့တော့ မပြောနဲ့ဦးတဲ့လေ"
ဝူကော်ကော်မှာ အလွန်တရာ ဝမ်းသာသွားပြီးအလောတကြီး မေးသည်။
"မြန်မြန်ပြောပါဦး... ငါ့မှာ တခြား ဘာအားသာချက်တွေ ရှိသေးလို့လဲ"
ချန်ကော်ကော်က အားနာဟန်ဖြင့် "အစ်မဝူ... အဲဒီတုန်းက ညီမလေးက အရမ်းသဝန်တိုသွားလို့ ဆက်မမေးလိုက်ရဘူး၊ တကယ် တောင်းပန်ပါတယ်"
ဝူကော်ကော်မှာ စိတ်ပျက်သွားကာ သက်ပြင်းချလိုက်ပြီး တောင့်တင်းပခုံးများ ပြေကျသွားသည်။
ထိုအခါ ချန်ကော်ကော်က ရုတ်တရက်ပင်ပြော၏။
"ဒါပေမဲ့ ညီမလေးက စတုတ္ထမင်းသားကို နောက်မေးခွန်းတစ်ခု မေးခဲ့သေးတယ်၊ နားထောင်ချင်လား"
ဝူကော်ကော် "ဘာမေးခွန်းလဲ"
ချန်ကော်ကော်မှာ ဘေးဘီဝဲယာသို့ ကြည့်ကာ ခက်ခဲဟန် ဆောင်လျက် "ဒီကိစ္စက ကမ်းကော်ကော်နဲ့ ပတ်သက်နေတယ်၊ ပြီးတော့ ဒီမှာ လူတွေလည်း များတယ်ဆိုတော့... သိပ်ပြီး ပြောဖို့မသင့်တော်ပါဘူး"
ဝူကော်ကော် လက်ဟန်ပြလိုက်ရာ အခန်းတွင်းရှိအစေခံမိန်းကလေးနှစ်ဦး ထွက်သွားကြလေသည်။ ချန်ကော်ကော်တို့မှလွဲ၍ အခြားသူများ ထွက်သွားပြီးနောက် သူမသည် ဝူကော်ကော် အနားသို့ကပ်ကာ ပြောသည်ာ
"ကျွန်တော်မျိုးမက သူ့ကို မေးလိုက်တယ်၊ ဘာလို့ မကြာသေးခင်က ကမ်းကော်ကော်ဆီကို ခဏခဏ သွားနေရတာလဲ၊ ဝူကော်ကော်ရဲ့ ခြံဝင်းကိုကျတော့ ဘာလို့ မသွားတာလဲလို့"
ဝူကော်ကော်သည်လည်း ထိုကိစ္စကို တွေးတောနေခဲ့ခြင်းဖြစ်ရာ ချန်ကော်ကော်၏ စကားကို ကြားသောအခါ အလျင်စလို မေးသည်။
"သူ ဘာပြောလဲ"
ချန်ကော်ကော် အဓိပ္ပာယ်ပါစွာ ပြုံးလိုက်ပြီး ယင်ကျန်း၏ လေသံကို အတုခိုးကာ "သူက ပြောတယ်... ကိုယ်တော်က ဝူကော်ကော်ကို မြင်လိုက်တာနဲ့ ရင်တွေခုန်ပြီးသွေးတွေ ဆူပွက်လာလို့ ကိုယ့်ခံစားချက်တွေကို ထိန်းချုပ်ပြီး သူမကို ရှောင်နေရတာပါတဲ့၊ ပြီးတော့ ကမ်းချန်ချန်က မကြာသေးခင်က ဝူကော်ကော်ရဲ့စကားပြောဟန်ကို အတုခိုးနေတာတော့ ကမ်းချန်ချန်ကိုတွေ့ရတာက ဝူကော်ကော်ကို လွမ်းဆွတ်နေတဲ့ ကိုယ်တော်စိတ်ကို အနည်းငယ် သက်သာစေတယ်တဲ့လေ"
ဝူကော်ကော်သည် သူမ၏မေးစေ့ကို လက်ဖြင့်ထောက်ကာ စဉ်းစားခန်းဝင်သွားပြီး ရေရွတ်လိုက်၏။
"ဪ... ဒီလိုကိုး"
ထိုသို့ တွေးကြည့်လိုက်လျှင် ကမ်းချန်ချန်မှာ ပိုရွံရှာစရာ ကောင်းနေသည်။ သူမက ငါ့နာမည်ကို အသုံးချပြီး အခွင့်အရေးယူနေတာ မဟုတ်ဘူးလား...
ချန်ကော်ကော်က ခေါင်းခါကာ သက်ပြင်းချလိုက်ပြီး ပြောလာသည်။
"ကျွန်မတို့ရဲ့ အရှင်မင်းသားက ဒီလောက်တောင် အချစ်ကြီးလိမ့်မယ်လို့ ညီမလေးဖြင့် တစ်ခါမှမတွေးမိဘူး၊ အရှင်မင်း သားရဲ့ မျက်နှာသာပေးမှုကို ရဖို့အတွက် အစ်မတော်ကို အတုခိုးခဲ့ပေမယ့် စတုတ္ထမင်းသားရဲ့ နှလုံးသားကို မရခဲ့တဲ့ ကမ်းကော်ကော်အတွက်တော့ သနားစရာပါပဲ"
ဝူကော်ကော်က မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းဆူလျက်
"သူမက သနားစရာဟုတ်လား၊ သူမက ရွံစရာကောင်းတာဟဲ့၊ ဟွန်း... သူမ ကိုယ်တိုင် အဲ့လိုလုပ်တာလေ"
ဝူကော်ကော် အမူအရာကို မြင်သောအခါ ချန်ကော်ကော်မှာ အလွန်တရာ ကျေနပ်သွားရသည်။ ထို့နောက် ကြက်တူရွေး နှစ်ကောင်ကို ကြည့်ပြီးပြောသည်။
"ငါတို့သုံးယောက်က စံအိမ်တော်ထဲ အတူတူ ဝင်လာခဲ့ကြတာလေ၊ စည်းမျဉ်းအရဆိုရင် နင်တို့ တစ်ယောက်စီကို ကြက်တူရွေး တစ်ကောင်စီ ပေးရမှာပေါ့၊ ကံမကောင်းတာက ဝူကော်ကော်ရဲ့ကြောင်က ကြက်တူရွေးတွေကို ဖမ်းတတ်လို့၊ နှင်းလုံးလေးက ဒါတွေကို စားပစ်မှာ စိုးရိမ်လို့ သူမကို မပေးဘဲ နင့်ဆီကို ပေးတာပါ"
ဝူကော်ကော်သည် အဓိက သတင်းအချက်အလက်ကိုထုတ် ယူလိုက်သည်။
ကြောင်က ကြက်တူရွေးကို စားတယ် ဟုတ်လား...
ချန်ကော်ကော်သည် ဝူကော်ကော်ကို ကြည့်ရင်း ကျေနပ်စွာ ပြုံးလျက် "ဒါဆိုရင်လည်း ကျွန်မကိုသွားခွင့်ပြုပါဦး၊ ဟင်း... ဘယ်တော့များမှ အစ်မတော်လိုမျိုး မျက်နှာသာရဖို့အတွက် ယှဉ်ပြိုင်စရာမလိုဘဲ စတုတ္ထမင်းသားက နေ့ရောညပါ အမြဲတမ်း တွေးနေပေးတဲ့သူမျိုး ဖြစ်လာပါ့မလဲနော်"
ဟွန်း... အိပ်မက်သာ မက်နေလိုက်၊ နင်က ငါနဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ
ဝူကော်ကော် စိတ်ထဲမှ တွေးလိုက်သည်။
လီစဲဖူသည် ကိုယ်ဝန်ထပ်ရှိနေပြီး အရှင်မင်းသား၏မျက်နှာ သာပေးမှုကို ခံရဆဲဖြစ်သော ကိုယ်လုပ်တော်တစ်ဦး ဖြစ်သောကြောင့် မီးဖိုဆောင်မှာ သူမ၏အစားအသောက်ကို အမြဲတမ်း ဦးစားပေးစီစဉ်ပေးရသည်။
သို့သော်လည်း ယခုအခါတွင် ဝူကော်ကော် အစေခံသည် မီးဖိုဆောင်သို့ မကြာခဏသွားရောက်ကာ ဆင်ခြေများဖြင့် မုန့်များ သွားမှာလေ့ရှိသည်။
"အရှင်မင်းသားက ခြေချင်းဝတ်ခေါက်တာကို ကုသဖို့အတွက် ဒါလေးက ကောင်းတယ်ပြောလို့ ဝူကော်ကော်ကလည်း စားချင်နေတယ်"
စားတော်ကဲမှာ ဝူကော်ကော်အတွက် အစားအသောက်များ ပြင်ဆင်ပေးနေရသဖြင့် လီစဲဖူ၏အစားအစာများမှာ အမြဲတစေ နောက်ကျသွားလေ့ရှိသည်။
ထိုကိစ္စက လီစဲဖူကို အလွန်အမင်းဒေါသထွက်စေပြီး သူမသည် လက်ဖက်ရည်ခွက် အတော်များများကို ရိုက်ခွဲပစ် လိုက်သည်။
"ဒါ အတော်ကို လွန်လွန်းနေပြီ၊ သူမက ငါ့ခြံဝင်းတံခါးဝကနေ အရှင်မင်းသားကို လုယူသွားတုန်းကတောင် ငါက ခြေထောက်ဒဏ်ရာရလို့ တမင်လုပ်တာ မဟုတ်လောက်ပါဘူးလို့ တွေးပြီး လွှတ်ပေးထားတာ၊ သူမ ဒီလောက်အထိ အတင့်ရဲလာမယ်လို့ ဘယ်သူက ထင်မှာလဲ၊ ခြေချင်းဝတ်ဒဏ်ရာ ပျောက်အောင် ဘယ်လို အစားအစာမျိုး စားရမှာလဲ ဟုတ်လား၊ သူမ ဆေးပိုသောက်ပြီး ဦးနှောက်ကိုပါ စစ်ဆေးသင့်နေပြီ"
ယင်းလော့ "စဲဖူ... ဝူကော်ကော်က ဂနာမငြိမ်တဲ့ မိန်းမတစ်ယောက်ပါလို့ ကျွန်တော်မျိုးမ အစောကြီးကတည်းက ပြောခဲ့တယ် မဟုတ်လား၊ ပြီးတော့ တကယ်ပဲ..."
လီစဲဖူက သူမအား စောင်းကြည့်လိုက်ပြီး "မြန်မြန်ပြောစမ်း... လှည့်ပတ်ပြောမနေနဲ့"
ယင်းလော့ "တကယ်တော့လေ၊ ကျွန်တော်မျိုးမ အမြင်ကို ပြောရရင် ဝူကော်ကော်ရဲ့ ခြေထောက်ဒဏ်ရာက ဒီတစ်ခါ မတော်တဆ ဖြစ်တာ မဟုတ်လောက်ဘူး"
လီစဲဖူ မျက်လုံးများကို ကျဉ်းလိုက်ကာ "နင့်အဓိပ္ပါယ်က... တမင်လုပ်တာပေါ့"
ယင်းလော့က "သူမက သိုင်းပညာကို နှစ်အတော်ကြာသင် ယူခဲ့ပြီး အမြဲတမ်း ကျန်းမာသန်စွမ်းသူပါ၊ အဲဒီတုန်းက မြင်းပေါ်က ပြုတ်ကျတာတောင် ဘာမှမဖြစ်ခဲ့ဘဲ ဘယ်လိုလုပ် ရုတ်တရက်ကြီး ခြေချင်းဝတ် ခေါက်သွားရတာလဲ၊ ပြီးတော့ စဲဖူကကိုယ်ဝန်ရှိကြောင်းကြေညာလိုက်ချိန်နဲ့ အရှင်မင်းသားစဲဖူရဲ့ ခြံဝင်းထဲ ဝင်လာချိန်နဲ့ ကွက်တိပဲလေ”
🌻 Chapter 50
လီစဲဖူမှာ ရုတ်တရက် သဘောပေါက်သွားပြီး ဒေါသပုန်ထသွားသည်။
"သူ့အစား ခွေးတစ်ကောင်ကိုပဲ မွေးထားလိုက်ချင်တော့တယ်၊ ငါက ကိုယ်ဝန်ဆောင်နေချိန်မှာ သူမအတွက် အရှင်မင်းသားရှေ့ ကောင်းသတင်းလေး ဘာလေး ပြောပေးပြီး အရှင်မင်းသားကို ပြုစုဖို့ အခွင့်အရေးပေးပြီး ငါ့ရဲ့ ညာ လက်ရုံး ဖြစ်လာအောင် လုပ်ပေးမလို့ စဉ်းစားထားတာ၊ သူမက ဒီလိုမျိုး အရင်ဦးအောင် လုပ်မယ်လို့ ဘယ်သူက ထင်မှာလဲ၊ ရွံစရာကောင်းလိုက်တာ"
ယင်းလော့ "စဲဖူ... စိတ်မပူပါနဲ့၊ သူမက ကျွန်တော်မျိုးမတို့ကို ရွံစရာကောင်းအောင် လုပ်နိုင်တယ်ဆိုရင် ကျွန်တော်မျိုးမတို့ကလည်း အနည်းဆုံးတော့ သူမကို စိတ်အနှောင့်အယှက်ဖြစ်အောင် ပြန်လုပ်လို့မရဘူးလား"
လီစဲဖူ နားမလည်နိုင်ဖြစ်ကာ "နင် ဘာကို ဆိုလိုတာလဲ"
ထိုအချိန်တွင် နူးညံ့သိမ်မွေ့သော မျက်နှာပေါက်နှင့် ကောက် ကြောင်းလှပသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် အစေခံမိန်းကလေးတစ်ဦးသည် ခေါင်းငုံ့ကာ ငှက်သိုက်ပန်းကန်ကို ကိုင်ဆောင်လျက် တံခါးပေါက်မှ သတိထား၍ ဝင်လာသည်။
ယင်လော့မှာ လီစဲဖူအား မျက်စိမှိတ်ပြလိုက်သည်။ လီစဲဖူ နှုတ်ခမ်းကို တွန့်ကွေးစွာပြုံးပြီး ဆိုလေသည်။
"ဒါက တကယ်ကို ကောင်းတဲ့အကြံပဲ"
သခင်နှင့် အစေခံတို့ သူမအား စူးစမ်းလေ့လာနေပုံက ချွင်းလင်ကို အလွန်ပင်အနေရခက်စေသည်။
သူမသည် မူလက ငှက်သိုက်ပန်းကန်ကို ချထားပြီးနောက် ထွက်သွားရန် ရည်ရွယ်ထားသော်လည်း ကြမ်းပြင်ပေါ်ရှိ ကွဲအက်နေသော အစအနများကို မြင်လိုက်ရသောအခါ သူမ မျက်တောင်များ တဖျပ်ဖျပ်ခတ်သွားပြီး အလိုအလျောက်ပင် တံမြက်စည်းတစ်ချောင်းကို ယူကာ စတင်လှဲကျင်းလေသည်။
ချွင်းလင်သည် ကျွန်ကုန်သည်တစ်ဦးမှ အထူးလေ့ကျင့်ပေးထားသော ဝါးချောင်းပမာ ပိန်ကပ်နေသော သူတစ်ဦးဖြစ် သည်။ ဖူကျင်းဖခင်မှာ သူမကို ကျွန်ကုန်သည်ထံမှ ငွေကြေးအမြောက်အမြားပေး၍ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
သူမ၏ထူးခြားလှပသော ရုပ်ဆင်းသွင်ပြင်ကြောင့် ဖူကျင်း မိခင်သည် သူမအား မြူဆွယ်ဖြားယောင်းချင် သူတစ်ဦးအဖြစ် မှတ်ယူလိုက်ပြီး ဖူကျင်းဖခင်က သူမအား ကိုယ်လုပ် တော်အဖြစ် သိမ်းပိုက်မည်ကို သဘောမတူခဲ့ပေ။ ဖူကျင်း ဖခင်သည် ဖူကျင်း မိခင်နှင့် ချွင်းလင်အတွက် ရန်ဖြစ်ခဲ့ပြီး သူမအား မနာလိုတတ်သော မိန်းမဟုပြောဆိုကာ ဒေါသတကြီးဖြင့် ဓားကိုပင်ဝှေ့ယမ်းကာ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
ထိုကိစ္စသည် ဖူကျင်း၏နားသို့ ရောက်သွားသောအခါ သူမသည် ချွင်းလင်ကို အစေခံအဖြစ် အမှုထမ်းစေလိုသည်ဟု အကြောင်းပြကာ စံအိမ်တော်သို့ ခေါ်ဆောင်လာခဲ့သည်။
ဖူကျင်းဖခင်သည် ချွင်းလင် အလှကိုတပ်မက်နေသော်လည်း ချွင်းလင်မှာ စံအိမ်တော်သို့ ရောက်ရှိသွားပြီဖြစ်၍ အရှင်မင်းသား၏စံအိမ်တော်သို့ သွားရောက်ကာ သူမအားတောင်းဆိုရန်မှာ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ကိုယ်လုပ်တော်အဖြစ်သိမ်းပိုက်မည့် ကိစ္စမှာ ပျက်ပြယ်သွားရသည်။
ချွင်းလင်သည် လှပစွာရပ်နေသော်လည်း ဖူကျင်းက သူမအား စူးစမ်းလေ့လာနေသဖြင့် တုန်ယင်နေခဲ့သည်။ သူမသည် သူမကြောင့် ဖူကျင်း၏ မိဘများ ရန်ဖြစ်ခဲ့ရသဖြင့် ဖူကျင်း သူမကို မနှစ်မြို့လောက်ဟု ထင်ထားခဲ့သည်။
သို့သော်လည်း အံ့ဩစရာကောင်းသည်မှာ ဖူကျင်းက သူမကို အပြစ်မတင်ဘဲ သနားသော အကြည့်ဖြင့် ကြည့်ကာ ပြောသည်။
"နင်လည်း မလွယ်ကူခဲ့ဘူးဆိုတာ ငါသိပါတယ်"
ဖူကျင်းသည် သူမအား ကောင်းမွန်သော အစားအသောက်နှင့် အဝတ်အစားများ ထောက်ပံ့ပေးရုံသာမက မားမားချွေ့အား စံအိမ်တော်၏ ကျင့်ဝတ်နှင့် အမူအကျင့်များကိုပါ သင်ကြားပေးစေခဲ့သည်။
ချွင်းလင်သည် သုံးလတိုင်တိုင် ကြိုးစားပမ်းစား သင်ယူခဲ့သဖြင့် ပိုမို၍ ထူးခြားကောင်းမွန်သော အမူအရာများကို ပိုင်ဆိုင်လာခဲ့သည်။
အဝေးမှကြည့်လျှင် သူမသည် အစေခံတစ်ဦးနှင့် မတူဘဲ မွန်မြတ်သော မိသားစုမှ သိမ်မွေ့ပြီး ကြော့ရှင်းသော အမျိုးသမီးတစ်ဦးနှင့် ပို၍တူလေသည်။
နှစ်သစ်ကူးနေ့ နံနက်ခင်းတွင် လီစဲဖူတွင် ကိုယ်ဝန်ရှိနေကြောင်း သတင်းကောင်းကို အားလုံးအား ကြေညာခဲ့ပြီး ဖူကျင်း၏ ဗိုက်ကို တမင်တကာ ရန်စသည့် အကြည့်ဖြင့် ကြည့်ခဲ့သည်။
မွန်းတည့်ချိန်တွင် ဖူကျင်းမှာချွင်းလင်အား လီစဲဖူထံသို့ စေလွှတ်လိုက်သည်။ အကြောင်းပြချက်မှာမူ ညီမငယ် လီစဲဖူ ကိုယ်ဝန်ဆောင်ချိန်တွင် အခက်အခဲများ ကြုံတွေ့နေရသည်ကို မြင်တွေ့ရပြီး သူမအား ပြုစုစောင့်ရှောက်မည့်သူ မရှိမည်ကို စိုးရိမ်သောကြောင့် အစေခံတစ်ဦးစေလွှတ်လိုက်ခြင်း ဖြစ်သည်ဟုဆိုသည်။
ချွန်းလင်၏မျက်နှာနှင့် ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ကာ လီစဲဖူသည် ဖူကျင်းမှာ ဤတစ်ကြိမ်တွင် ရည်ရွယ်ချက်ကောင်းမရှိကြောင်း သိလိုက်သော်လည်း ယဉ်ကျေးမှုအရ လက်ခံလိုက်ရသည်။
ယင်ကျန်း လာရောက်လည်ပတ်ချိန်တွင် ချွန်းလင်ကိုစောင့်ကြည့်ရန်နှင့် သူမအားအနားမကပ်စေရန် အခြားယုံကြည်ရသော လက်အောက်ငယ်သားများကို တာဝန်ပေးထားရန် မူလက စီစဉ်ထားသော်လည်း ဝူကော်ကော်က ရုတ်တရက် ကြားဖြတ်ဝင်ရောက်လာပြီး ချွင်းလင်အား သွားစရာနေရာအသစ်တစ်ခု ဖန်တီးပေးမည်ဟု မည်သူထင်မည်နည်း။
ယင်လော့၏အကူအညီဖြင့် လီစဲဖူသည် ဝူကော်ကော်၏ခြံဝင်းသို့ ဖြည်းညှင်းစွာ ရောက်ရှိလာပြီး နောက်တွင် ဖြူဖျော့နေသော မျက်နှာဖြင့် ချွင်းလင်လည်း လိုက်ပါလာလေသည်။
"ကျွန်မ ဝူကော်ကော်က စဲဖူကို ဂါရဝပြုလိုက်ပါတယ်"
"ထပါ"
လီစဲဖူ ပျင်းရိစွာ ပြောလိုက်သည်။
အမှန်တိုင်းပြောရလျှင် သူတို့နှစ်ဦးသည် အိမ်နီးချင်းများ ဖြစ်ကြသော်လည်း လီစဲဖူမှာရာထူးပိုမြင့်သူဖြစ်သောကြောင့် ဝူကော်ကော်၏နေရာသို့ တစ်ခါမှ မသွားခဲ့ဖူးပေ။
သူမသည် ဘေးဘီဝဲယာသို့ ကြည့်ကာ လှောင်ပြုံးပြုံးလျက် အသံတစ်သံကြားလိုက်ရသည်။
"သူမက ဘယ်လို ကော်ကော်မျိုးလဲ၊ ရိုင်းစိုင်းတဲ့ ကောင်မတစ်ယောက်ပါပဲ"
အိမ်ထဲသို့ ဝင်လိုက်သည်နှင့် နောက်ထပ် စူးရှသော အသံနှစ်သံကို ထပ်ကြားရပြန်သည်။
"အရူးမ ရောက်လာပြီ"
"တုံးအပြီး ကို့ရို့ကားယားနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ အရူးမကြီးရောက်လာပြီ"
စပျစ်သီး စားနေသော ဝူကော်ကော်မှာ ထိုစကားကိုကြားသောအခါ သီးမတတ်ပင် ဖြစ်သွားရသည်။ ဤငတုံးနှစ်ကောင်သည် သူမ စိတ်ထဲကစကားများကို မည်သို့ ပွင့်ပွင့် လင်းလင်း ပြောလိုက်သနည်း။
သူမသည် စိတ်ထဲမှ ကျေနပ်သွားသော်လည်း စိတ်ဆိုးသွားဟန်ဆောင်လေသည်။
"အစ်မတော်၊ ညီမလေး တကယ် တောင်းပန်ပါတယ်..."
ဝူကော်ကော်သည် ထ၍တောင်းပန်မည့် ဟန်ပြင်လိုက်သော် လည်း လီစဲဖူက အမြန်တားကာ "ညီမလေးက ဒီလို ဒဏ်ရာရနေတာကို၊ ထပြီး တောင်းပန်နေစရာ မလိုပါဘူး"
ဝူကော်ကော်က အားနာဟန်ဖြင့် ပြုံးလေသည်။
"အစ်မတော်... စိတ်မဆိုးပါနဲ့နော်၊ ညီမလေး ခြေထောက်တွေက တကယ်ကို အသုံးမကျဖြစ်နေလို့ပါ"
လီစဲဖူ၏အကြည့်များက ကြက်တူရွေး နှစ်ကောင်ပေါ်သို့ ရောက်သွားပြီး လှောင်ပြောင်မှုများ ရောယှက်စွာ ပြောသည်။
"ဪ... ဒါတွေက နင့်ရဲ့ ကြက်တူရွေးအသစ်တွေလား၊ သူတို့ရဲ့ ပါးစပ်လေးတွေက တကယ်ကို အဆိပ်ပြင်းတာပဲ"
ဝူကော်ကော် "ဟုတ်ပါတယ်၊ သူတို့က ပုံမှန်ဆို ဒီလိုမဟုတ်ပါဘူး၊ အစ်မတော်ကို ဒီမှာတွေ့လိုက်ရလို့ စိတ်လှုပ်ရှားသွားတာ နေမှာပါ"
လီစဲဖူ နှုတ်ခမ်းကို တွန့်ကွေးပြုံးကာ "ဟုတ်ပါပြီ... သူတို့က မျက်နှာလိုက်နေတာပဲ၊ ငါ့ကို ပြဿနာ လာရှာနေတာ"
ဝူကော်ကော် ချက်ချင်းပင် ထိတ်လန့်သွားပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားသော အမူအရာကို ဖန်တီးလိုက်ကာ "အစ်မတော်... ဘာတွေ ပြောနေတာလဲ၊ အစ်မတော်က ညီမလေးကို တကယ် သေလောက်အောင် လန့်သွားစေတာပဲ၊ အစ်မတော် ကြက်တူရွေးတွေရဲ့ နောက်ပြောင်မှုကြောင့် တကယ် စိတ်ဆိုးသွားတယ်ဆိုရင်လည်း ညီမလေးက ဒါတွေကို အစ်မတော်ဆီ ပေးလိုက်ပါ့မယ်၊ အစ်မတော် စိတ်ကြိုက် နှိပ်စက်ချင်လည်းရပါတယ်”