← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

🌻Chapter 51

လီစဲဖူက လက်ကာပြလိုက်ပြီး သဘောထားကြီးစွာဖြင့် ပြောသည်။

"ထားလိုက်ပါတော့၊ ကြက်တူရွေး နှစ်ကောင်နဲ့ ငါ အငြင်းပွားမနေချင်ပါဘူး၊ ပြီးတော့ စတုတ္ထမင်းသားက ငါကိုယ်ဝန်ရှိနေပြီမို့ ကလေးလေး ဘေးကင်းကင်းနဲ့ မွေးဖွားလာနိုင်အောင် စိတ်ကောင်းထားသင့်တယ်လို့ ပြောထားတယ်လေ"

ဝူကော်ကော် "ဟုတ်ပါတယ်၊ အစ်မတော်အနေနဲ့ အနာဂတ်မှာ တိုင်းပြည်အတွက် အကျိုးပြုနိုင်မယ့် သားယောက်ျားလေးတစ်ယောက် မွေးဖွားနိုင်ပါစေလို့ မျှော်လင့်ပါတယ်"

လီစဲဖူက ရယ်မောလိုက်ပြီး "ငါကတော့ ယောကျာ်းလေးရော မိန်းကလေးရော နှစ်ယောက်လုံးကို သဘောကျတာပါပဲ၊ ဘာပဲဖြစ်ဖြစ် ငါ့မှာ သားတစ်ယောက်နဲ့ သမီးတစ်ယောက် ရှိနေပြီလေ၊ ငါ့မှာသာ ကလေးမရှိဘူးဆိုရင် အသက်ကြီးလာတဲ့အခါ ဘယ်သူ့ကို အားကိုးရတော့မလဲ"

ဝူကော်ကော် မျက်နှာမှာ တင်းမာသွားပြီး ပြန်ပြောသည်။

"ညီမတော်က ငယ်ပါသေးတယ်၊ အလောတကြီး မလိုပါဘူး"

လီစဲဖူ လှောင်ပြုံးပြုံးလျက် "ဟက်... ဘယ်သူက နင့်ကို မေးလို့လဲ"

ဝူကော်ကော် : "..."

ဤစကားစစ်ထိုးပွဲတွင် လီစဲဖူ အနိုင်ရရှိသွားလေသည်။ လီစဲဖူ ဘေးဘီဝဲယာသို့ ဝင့်ကြွားစွာကြည့်လိုက်ရာ ဝူကော်ကော် ၏ခြေချင်းဝတ်တွင် ပတ်တီး ဆယ်ထပ်ခန့် ရစ်ပတ်ထားပြီး ဖောင်းကားနေသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ အလွန်အမင်း ပုံကြီးချဲ့လွန်းနေပေသည်။

သူမသည် မထီမဲ့မြင်ဖြင့် နှုတ်ခမ်းကိုတွန့်ကွေးပြုံးသည်။ တကယ်ပဲ အဲဒီလောက်တောင် ပြင်းထန်နေလို့လား...

"ငါ့ကို ပြစမ်းပါဦး ညီမလေးရဲ့၊ ခြေချင်းဝတ်က ဘာဖြစ်သွားတာလဲ၊ အို... ရောင်နေတာပဲ၊ သနားစရာလေးကွယ်"

လီစဲဖူသည် အနားသို့ လျှောက်သွားကာ လက်သည်းတုများ တပ်ဆင်ထားသော လက်ချောင်းများဖြင့် ဝူကော်ကော်၏ ခြေချင်းဝတ်ကို အားပြင်းပြင်းထိုးဆွလိုက်ပြီး သူမမျက်နှာပေါ်တွင်မူ စိုးရိမ်ပူပန်နေသည့်ဟန်ကို သဘာဝကျကျ ဖန်တီးထားသည်။

ဝူကော်ကော်လည်း နာသွားသဖြင့် သူမခြေထောက်ကို အမြန်ရွှေ့လိုက်ပြီး မေးသည်။

"အစ်မတော် တမင်သက်သက်လုပ်တာလား"

လီစဲဖူ ပြုံးလျက် "ဘာကို တမင်သက်သက် လုပ်ရမှာလဲ၊ အစ်မက ညီအတော်ကို စိတ်ပူလို့လာကြည့်ပေးတာလေ၊ ကျေးဇူးကန်းတဲ့စကားတွေ မပြောပါနဲ့၊ ဒါနဲ့ ဒီလူက နင့်အတွက် ငါခေါ်လာပေးတဲ့ အစေခံပဲ၊ ဖူကျင်းပြောပုံအရဆိုရင် ချွင်းလင်က လူတွေကို ပြုစုစောင့်ရှောက်တဲ့နေရာမှာ အတော်ဆုံးပဲတဲ့၊ ညီမတော်က နေမကောင်းဖြစ်ပြီးပြုစုမယ့်သူ လိုနေတယ်ဆိုတော့ သူမကို နင့်ဆီပေးလိုက်မယ်လေ"

ဝူကော်ကော်သည် ချွင်းလင်ကို ကြည့်လိုက်ပြီး ဤမိန်းက လေးမှာ ဖူကျင်းက လီစဲဖူကိုပေးလိုက်သော လှပသည့် အစေခံဖြစ်မည်ဟု အလိုအလျောက် ခန့်မှန်းမိလိုက်သည်။

သူမသည် နှာခေါင်းရှုံ့လိုက်ကာ "အစ်မတော်က ညီမလေးအတွက် တကယ်ကို စဉ်းစားပေးတတ်တာပဲ"

လီစဲဖူသည် သူမခေါင်းပေါ်ရှိ ရွှေဆံထိုးကို ခါယမ်းလိုက်ပြီး "ဒါပေါ့... ညီမလေး၊ ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ဦး၊ အစ်‌မတော်တော့ ပြန်တော့မယ်၊ ဒီအခန်းထဲက ဆေးနံ့တွေကို သည့်မခံနိုင်တော့ဘူး၊ နင်လည်း သိတဲ့အတိုင်းပဲ... ငါက ဗိုက်ထဲမှာ ရွှေတုံးလေးကို လွယ်ထားရတာလေ"

သူမ မထွက်ခွာမီ ဝူကော်ကော်၏ခြေချင်းဝတ်ကို ပြင်းပြင်း ထန်ထန် တစ်ချက်ရိုက်လိုက်သေးသည်။

"ညီမလေးဝူ... ဒီကောင်မလေးက ငါ့ရဲ့ မေတ္တာလက်ဆောင်ပဲနော်၊ သူမကို တခြားဘယ်သူ့ကိုမှ လုံးဝမပေးပစ်ရဘူး၊ မဟုတ်ရင် နင်က အစ်မတော်ကို မလေးစားရာကျသွားလိမ့်မယ်"

ဝူကော်ကော်၏နာကျင်စွာ အော်ဟစ်သံများကြားထဲမှ လီစဲဖူမှာ မေးကော့ကာ ကိုယ်ဝန်ကြီးဖြင့် ခပ်သွက်သွက်လျှောက် ၍ ထွက်ခွာသွားသည်။

"ဝါး... အလှလေးပဲ၊ နင်က ဒီလောကမှာ အလှဆုံး မိန်းကလေးပဲ"

"အရမ်းလှတာပဲ... တကယ်ကို လှလွန်းတယ်၊ ကုတင်ပေါ်မှာ မလှုပ်နိုင်ဘဲ အသားမည်းမည်းနဲ့ အဆစ်လွဲနေတဲ့ ကောင်မထက် အများကြီးပိုလှတယ်"

"ကောင်းကင်ကိုလည်း အယုံအကြည်မရှိဘူး၊ မြေကြီးကိုလည်း အယုံအကြည်မရှိဘူး၊ ဒီအလှလေးရဲ့ ရုပ်ဆင်းသွင်ပြင်ကိုပဲ ယုံကြည်တယ်၊ ယောကျာ်းတိုင်းက ကြည့်ရတာကို သဘောကျတယ်... ကြည့်ရတာကို သဘောကျတယ်"

"ကုတင်ပေါ်က ဒုက္ခိတမကရော နင့်ရဲ့အလှတရားကြောင့်များ လေဖြတ်သွားတာလား"

လှောင်ချိုင့်အတွင်း ဆွဲချိတ်ထားသော ကြက်တူရွေးနှစ်ကောင်သည် ချွင်းလင်ကိုမြင်သည်နှင့် တပြိုင်နက် အသံပြိုင်၍ မြှောက်ပင့်ပြောဆိုကြသည်။

ဝူကော်ကော် အံ့ကိုတင်းတင်းကြိတ်ကာ ကြက်တူရွေး နှစ်ကောင်ကို မည်းမှောင်နေသော မျက်နှာထားဖြင့် စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

သူတို့ ဤနေရာသို့ရောက်ကတည်းက ဒုက္ခိတ၊ ဒုက္ခိတဟု တတွတ်တွတ် အော်နေကြသဖြင့် ချန်ကော်ကော်သည် သူမအပေါ် မကောင်းသော ရည်ရွယ်ချက်ရှိနေသည်ဟု မသင်္ကာဖြစ်မိသည်။ အခွင့်အရေးသာ ရလို့ကတော့... ဒီအတင်းပြောတတ်ပြီး ပါးစပ်ဖွာတဲ့ ကောင်နှစ်ကောင်ကို သတ်ပစ်မယ်...

ဝူကော်ကော်သည် သူမ၏ ရုပ်ဆင်းသွင်ပြင်မှာ ထင်ရှားပေါ် လွင်မှု မရှိကြောင်း အမြဲတစေသိသော်လည်း သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာမူ အတော်လေး ကောင်းမွန်ပေသည်။ စတုတ္ထမင်းသား၏ စံအိမ်တော်သို့ ဝင်ရောက်လာသော ကိုယ်လုပ်တော်သစ်သုံးဦးအနက် သူမတစ်ဦးတည်းသာလျှင် အရှင်မင်းသားကို အိပ်ယာထက်တွင် ပြုစုခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

မူလက လီစဲဖူသည် ရာထူးပိုမြင့်ပြီး သက်တမ်းပိုရင့်သဖြင့် လီစဲဖူနှင့် မယှဉ်နိုင်ခြင်းကို ဝူကော်ကော်လက်ခံနိုင်ခဲ့သည်။ သို့သော် သူမနှင့် အသက်အရွယ်မတိမ်းမယိမ်းရှိပြီး ဖွံ့ဖြိုး သောကိုယ်လုံးကိုယ်ပေါက်ရှိသည့် ဤချွင်းလင်အား သူမဘေးတွင် တာဝန်ချထားခြင်းက ဝူကော်ကော်အား အနည်း ငယ်နေရခက်စေသည်မှာ အမှန်ပင်။

ထို့အပြင် ကြက်တူရွေးများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် သူမ၏မနာလိုမှုများမှာ ပိုမိုပြင်းထန်လာခဲ့ရသည်။

ထို့ကြောင့် စတုတ္ထမင်းသား ရောက်လာမည့်အချိန်တွင် လီစဲဖူကဲ့သို့ပင် ဝူကော်ကော်သည်လည်း ချွင်းလင်အား အဝေးသို့ စေလွှတ်လိုက်သည်။

"ချွင်းလင်... အနောက်ဘက် ခြံဝင်းထဲကိုသွားပြီး တွင်းတစ်တွင်း တူးထားလိုက်၊ ငါ့ခြေထောက်ဒဏ်ရာ ပျောက်သွားတာနဲ့ ဆုတောင်းဖို့အတွက် တရုတ်ဆီးသီးပင် တစ်ပင်ကို ကိုယ်တိုင် စိုက်ချင်လို့"

"ဟုတ်ကဲ့ပါရှင်"

ချွင်းလင်သည် သူမကိုယ်သူမ အထူးတလည် ဉာဏ်ကောင်းသည်ဟု မသတ်မှတ်ထားသော်လည်း ဆီးနှင်းများ အရည်မပျော်သေးသဖြင့် သစ်ပင်စိုက်ပျိုးရန် ရာသီမဟုတ်ကြောင်းကိုမူ သူမ သိသည်။

သို့သော် သူမ အတိတ်အတွေ့အကြုံများအရ သခင်ခိုင်းစေသမျှကို နာခံရန်သာ သင်ကြားပေးထားခဲ့သည်။ သူမ စကားများများပြောခြင်း သို့မဟုတ် မေးခွန်းများများမေးခြင်းကို လုံးဝ မပြုလုပ်ဝံ့ပေ။ သို့မဟုတ်ပါက အရိုက်ခံရပြီး အပြစ် ပေးခံရရန်သာ ရှိလေသည်။

ချွင်းလင်အပြင် ဝူကော်ကော်သည် ထိုအရူးကြက်တူရွေး နှစ်ကောင်ကိုလည်း အနောက်ဘက်သို့ ယူသွားရန်နှင့် အပြင်သို့ ထုတ်မလာရန် အစေခံများအားညွှန်ကြားခဲ့သေးသည်။ ထိုကြက်တူရွေးများက စကားများပြီး စတုတ္ထမင်းသားကို ထပ်မံ စိတ်အနှောင့်အယှက်ဖြစ်စေပါက သူမ ဒုက္ခရောက်ရပေလိမ့်မည်။

စံအိမ်တော်ရှိ ကိုယ်လုပ်တော်များအားလုံးမှာ အလွန်နုနယ်လွန်းသည်ဟု ယင်ကျန်း ခံစားနေရသည်။ ကမ်းချန်ချန်၏ လက်ကောက်ဝတ်မှာ ရက်အနည်းငယ်ကြာတိုင်း နာကျင်လာတတ်ပြီး သူ့ကို ပြုစုရန် ခိုင်းစေသောအခါတွင်ပင် ညည်းညူတတ်သည်။ ၎င်းမှာ နားလည်ပေး၍ရနိုင်သည်။

အဘယ်ကြောင့်ဆိုသော် သူမ၏ အတွင်းစိတ်အတွေးများကို ကြည့်ခြင်းအားဖြင့် သူမ ဟန်ဆောင်နေခြင်းဖြစ်ကြောင်း သိနိုင်သောကြောင့်ပင်။

သို့သော် ဝူကော်ကော်၏ခြေချင်းဝတ်မှာလည်း အလွန်ပင် ထိခိုက်လွယ်လွန်းလှပြီး ရက်အတော်ကြာသည်အထိ စိုးရိမ်ဖွယ်ကောင်းလောက်အောင် ရောင်ရမ်းနေခဲ့သည်။

ထိုနေ့တွင် ကိုယ်ဝန်ဆောင်နေသော လီစဲဖူထံသို့ သွားရောက်ပြီးနောက် သူသည် ဝူကော်ကော်နေရာသို့ ခေတ္တဝင်ရောက်လည်ပတ်ခဲ့သည်။ သာမန်လူတစ်ယောက်အနေဖြင့် ခြေချင်း ဝတ်မှာ ထိုမျှအထိ မည်သို့ဒဏ်ရာရနိုင်သနည်းဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်ရလေသည်။

စတုတ္ထမင်းသားက သူမအပေါ် စိုးရိမ်ပူပန်နေသည်ကို မြင်သောအခါ ဒဏ်ရာရဟန်ဆောင်ခဲ့သော သူမလုပ်ရပ်မှာ တန်သွားပြီဖြစ်ကြောင်း ဝူကော်ကော် သိလိုက်သည်။

သူမ ငယ်စဉ်ကတည်းက နာကျင်မှုကို တစ်ခါမှ မကြောက်ရွံ့ခဲ့ဘဲ ပိုမိုပြင်းထန်သောဒဏ်ရာများကိုပင် သည်းခံနိုင်စွမ်းရှိသော်လည်း အချိန်ကြာမြင့်စွာ လျစ်လျူရှုခံရပြီး အရေးမစိုက်ခံရခြင်းကိုမူ သူမ သည်းမခံနိုင်ချေ။ မကြာသေးမီက အရှင်မင်းသားသည် သူမကို သတိပင်မထားမိကြောင်း သိသာထင်ရှားလှသည်။

ဝူကော်ကော်မှည ယင်ကျန်းလက်ကို ယူကာ သူမခါးပေါ်သို့ တင်လိုက်ပြီး နှုတ်ခမ်းကိုဆူလိုက်သည်။ သူမသည် ငယ်သေးသူဖြစ်သဖြင့် ဆွဲဆောင်မှုရှိသော အပြစ်ကင်းစင်သည့် အငွေ့အသက်လေးများကို သဘာဝအလျောက် ထုတ်လွှတ်နေလေသည်။

"ကြည့်ပါဦး အရှင်မင်းသားရဲ့၊ ညီမလေးက ကုတင်ပေါ်မှာ တစ်နေကုန်စားလိုက် အိပ်လိုက်နဲ့ ဘာမှလည်း သိပ်မလုပ်ရတော့ ခါးလေးတောင် တော်တော်တုတ်လာပြီ"

အမှန်အတိုင်းပြောရလျှင် ထိုသို့သော အင်္ကျီပွပွကြီးကို ဝတ်ဆင်ထားသဖြင့် သူမ ခါးမှာ သေးသွယ်ခြင်း ရှိ၊ မရှိ ဆိုသည်ကို ခွဲခြားသိမြင်ရန် မဖြစ်နိုင်ပေ။

သို့သော် ဝူကော်ကော်စကားများက ယင်ကျန်းအာရုံကို သူမထံသို့ အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့ပြီး သူမ ရင်သားများ သိသိသာသာ ပြည့်ဖြိုးလာသည်ကို သတိပြုမိသွားသည်။

ယင်ကျန်း၏လက်က အပေါ်သို့ ရွေ့လျားသွားပြီး သူမပါးပြင်လေးကို ညှစ်ကာ "မင်းရဲ့ ဒီနေရာတွေကတော့ တော် တော်ဝလာတယ်၊ ဒါပေမဲ့ အသားအရည်ကတော့ ပိုကောင်းလာတာပဲ"

ဝူကော်ကော်မျက်ဝန်းများမှာ ရယ်မောမှုကြောင့် ကွေးညွတ်သွားပြီး "အရှင်မင်းသားက အမြဲတမ်း ညီမလေးကိုစနေတာပဲ"

ယင်ကျန်း "ခြေချင်းဝတ်က အရမ်းနာနေသေးလား"

ဝူကော်ကော်သည် မင်းသား၏ကိုယ်ငွေ့နံ့ကို ရှူရှိုက်ရင်း မှီချလိုက်ကာ နှုတ်ခမ်းကို တွန့်ကွေးပြုံးလျက် ပြန်ဖြေသည်။

"အရှင်မင်းသား ဒီမှာရှိနေရင် သိပ်မနာတော့ပါဘူး၊ အရှင်မင်းသား မရှိတဲ့အခါကျရင်တော့ အရှင်မင်းသားကို အရမ်းလွမ်းလွန်းလို့ ခြေချင်းဝတ်က နာလာတာပဲ"

ဘယ်ယောကျာ်းကများ ချိုသာတဲ့ စကားတွေကို နားမထောင်ချင်ဘဲ နေမှာလဲ ...

ယင်ကျန်းလည်း ချွင်းချက်မဟုတ်ပေ။ သူသည် သူမကျောကို ပွတ်သပ်ပေးကာ ပြန်ပြောသည်။

"ဒါဆို ကိုယ်တော် အားတဲ့အခါ မင်းဆီ လာခဲ့ပါ့မယ်"

ထိုစဉ် ယင်းလော့ဝင်လာပြီး "အရှင်မင်းသားကို ဂါရဝပြုပါတယ်၊ ပြီးတော့ ဝူကော်ကော်ကိုလည်း ဂါရဝပြုပါတယ်”

🌻 Chapter 52

ဝူကော်ကော် အပြုံးမှာ ချက်ချင်းပျောက်ကွယ်သွားပြီး မေးခွန်းတစ်ခုက သူမစိတ်ထဲတွင် ဝဲပျံနေလေသည်။ လီစဲဖူက သူမကို ဘာကိစ္စနဲ့ လွှတ်လိုက်တာလဲ

ယင်ကျန်းကလည်း ထိုမေးခွန်းကိုပင် မေးချင်နေမိသည်။

ယင်းလော့ ပြုံးလျက် "ဒီနေ့ စဲဖူက ပြောဖို့မေ့သွားတဲ့ ကိစ္စလေး တစ်ခုရှိလို့ ဝူကော်ကော်ကိုသတိပေးဖို့ ကျွန်တော်မျိုးမကို အထူးစေလွှတ်လိုက်တာပါ၊ ချွင်းလင်က အကြောနှိပ်တဲ့နေရာမှာ ကျွမ်းကျင်သူပါ၊ ကော်ကော်ရဲ့ ခြေထောက်တွေ နာနေတယ်ဆိုရင် သူမကို နှိပ်နယ်ပေးခိုင်းလို့ ရပါတယ်ရှင်"

ဝူကော်ကော် အပြုံးအတုတစ်ခုကို အတင်းပြုံးကာ "အစ်မတော်က တကယ်ကို စဉ်းစားပေးတတ်တာပဲ"

ယင်ကျန်း "ဒီလောက်ကောင်းတဲ့ အစေခံကို မင်းတို့ စဲဖူက တကယ်ကြီး ပေးပစ်လိုက်တာလား"

ယင်းလော့က အပြုံးဆင်မြန်းလျက် "အရှင်မင်းသားက အဲဒီလိုပြောရင် ကျွန်တော်မျိုးမတို့ စဲဖူက ဝမ်းနည်းသွားပါလိမ့်မယ်၊ အရှင်မင်းသားက သူမရဲ့ စိတ်ကို အခုထိနားမလည်ဘူးလားရှင်"

ယင်ကျန်းသည် ဝူကော်ကော်ဘက်သို့ လှည့်ကာပြောသည်။

"ဒါဆိုလည်း ချွင်းလင်ကို လာပြီး နှိပ်နယ်ပေးခိုင်းလိုက်လေ၊ ကိုယ် ဘေးကနေကြည့်နေမယ်"

ဝူကော်ကော်လည်း အကြပ်ရိုက်သွားပြီး ချွင်းလင်အား ယင်ကျန်းနှင့် ပေးမတွေ့ချင်သော်လည်း ရွေးချယ်စရာမရှိတော့ပေ။ ဝူကော်ကော်သည် အံ့ကို တင်းတင်းကြိတ်ကာ ယန်လင်ကို အချက်ပြလိုက်သည်။

ယန်လင်သည် ချွင်းလင်ကို ခေါ်လာခဲ့သည်။ သို့သော် သူမမှာ မြေတူးထားခဲ့သည်မှာ မကြာသေးသဖြင့် လက်ကိုအကြမ်း ဖျင်းသာ ဆေးကြောထားရကား သူမကိုယ်ပေါ်တွင် ဖုန်မှုန့်များ ပေကျံနေပြီး ဆံပင်များမှာလည်း ရှုပ်ပွနေလေသည်။

သို့တိုင်အောင် သူမ၏ထိတ်လန့်ဖွယ်ကောင်းလှသော အလှတရားမှာမူ ငြင်းဆန်၍မရနိုင်ပေ။

ချွင်းလင်သည် ယင်ကျန်းကို တစ်ချက်မျှပင်မကြည့်ဘဲ အရိုအသေပေးလိုက်ပြီးနောက် ဝူကော်ကော်ကို နှိပ်နယ်ပေးရန် သူမ အင်္ကျီလက်များကို ခေါက်တင်လိုက်သည်။

အမှန်တွင် သူမသည် အကြောနှိပ်ခြင်းသာမက ဆေးဘက်ဆိုင်ရာ နည်းပညာများကို နားမလည်ပဲ သခင်ကိုပြုစုရန် သာမာန်အနှိပ်ပညာကိုသာ သင်ယူထားခြင်းဖြစ်သည်။

ချွင်းလင်၏လက်များမှာ အအေးဒဏ်ကြောင့် နီရဲကာရောင် ရမ်းနေသော်လည်း သူမ၏ ဖြူဖွေးသော အသားအရည်မှာမူ ကျိုးပဲ့လွယ်သော်လည်း ကြံ့ကြံ့ခံနိုင်သော အလှတရားတစ်ခုကို ပြသနေဆဲပင်။

သူမလက်များ အပေါ်အောက် လှုပ်ရှားနေပုံမှာ ယင်ကျန်အား ကမ်းချန်ချန်ကို သတိရသွားစေသည်။

ထိုနံနက်က ကမ်းချန်ချန်သည်လည်း သူမလက်လေးများဖြင့် ကုတင်ပေါ်တွင်ထိုင်ကာ သူ့ကို ကူညီရန် ကိုယ်ကိုကိုင်းညွတ်လာခဲ့သည်။

ယင်ကျန်း အတွေးလွန်သွားကာ ချွန်းလင်၏လက်များကို စိုက်ကြည့်ရင်း ခေတ္တမျှ မှင်သက်သွားရသည်။

ဝူကော်ကော်သည် မကျေနပ်သော အသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး "အရှင်မင်းသား..."

ထိုအခါမှ ယင်ကျန်းသည် အတွေးထဲမှ ရုတ်တရက် သတိဝင်လာကာ ပြောသည်။

"မင်းရဲ့ အစေခံက အတော်လေးကောင်းတာပဲ"

ဒီအသံက ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ...

ချွင်းလင်သည် လူပေါင်းများစွာကို တွေ့ခဲ့ဖူးသဖြင့် ထိုအသံကြားဖူးသည်အချိန်ကို သေချာမမှတ်မိတော့ပေ။ သူမ ခေါင်းငုံ့ထားပြီး ယင်ကျန်းကိုလည်း မကြည့်သင့်သောကြောင့် ထိုအတွေးများကို မျိုသိပ်ထားရတော့သည်။

ဝူကော်ကော်သည် ယင်းလော့ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး "စဲဖူကပဲ သူမကို ကောင်းကောင်း လေ့ကျင့်ပေးထားတာပါ"

ယင်ကျန်း သူမပြောသည်ကို ဂရုမစိုက်တော့ဘဲ မတ်တတ်ထရပ်လိုက်ကာ "ကိုယ် တော်လုပ်စရာ ကိစ္စတွေ ရှိသေးလို့၊ အခု ပြန်တော့မယ်"

ယင်ကျန်းလှည့်ထွက်သွားပြီးနောက် ချွင်းလင်မှာ အရိုအသေ ပေးမည့် အခွင့်အရေးကို အသုံးချကာ ယင်ကျန်း ကျောပြင်ကိုခိုးကြည့်လိုက်ပြီး အနည်းငယ် တုံ့ဆိုင်းသွားရသည်။ ငါ စတုတ္ထမင်းသားကို အရင်က မြင်ဖူးသလိုပဲ၊ မဖြစ်နိုင်တာ... သူက မင်းသားတစ်ပါးလေ၊ ငါက သူ့ကို ဘယ်လိုလုပ် မြင်ဖူးမှာလဲ

ယင်ကျန်း၏ကျောပြင်ကို ကြည့်နေသော ချွင်းလင်၏ ချစ်ခင်မြတ်နိုးဖွယ် အကြည့်က ဝူကော်ကော်၏မကျေနပ်မှုကို ချက်ချင်းပင် နှိုးဆွလိုက်သကဲ့သို့ ဖြစ်သွားပြီး ဝူကော်ကော်မှာ သူမအား စူးစူးရဲရဲ စိုက်ကြည့်ကာ အော်မေးသည်။

"နင် ဘာကြည့်နေတာလဲ"

ယင်းလော့သည် ယင်ကျန်းနောက်မှ လိုက်သွားကာ လီစဲဖူထံ ပြန်သွားပြီး အဖြစ်အပျက် အားလုံးကိုလျှောက်တင်လေသည်။

လီစဲဖူမှာ ဝူကော်ကော်ကို စိတ်အနှောင့်အယှက်ဖြစ်စေမည့် သူမ ရည်ရွယ်ချက်ကို အောင်မြင်ခဲ့သော်လည်း ကျေနပ်မှုမရှိသေးဘဲ ဒေါသတကြီးပြောလေသည်။

"အရှင်မင်းသားက ဘာလို့များ ကမ္ဘာကြီးကို တစ်ခါမှမမြင်ဖူးတဲ့ လောဘကြီးတဲ့သူလို ပြုမူနေရတာလဲ"

အခြားတစ်ဖက်တွင်မူ ဝူကော်ကော်သည် ယင်ကျန်းအား ညအိပ်ရန် မသိမ်းသွင်းနိုင်ခဲ့သည့်ဒေါသများကို ချွင်းလင်အပေါ်သို့ ပုံချလေတော့၏။

"အစောင့်တွေ... သူမကို ဖမ်းချုပ်ထားစမ်း"

သူမသည် ခြေချင်းဝတ် ဒဏ်ရာကြောင့် မလှုပ်ရှားနိုင်သော် လည်း ကြာပွတ်ကိုမူ ကိုင်ဆောင်နိုင်စွမ်းရှိဆဲဖြစ်သည်။

"ရွှမ်း..."

"နင့်ကို လူတွေကို မမြူဆွယ်ပါနဲ့လို့ ငါပြောထားတယ်လေ၊ နင်က မိန်းမယုတ်မပဲ၊ နင့်ကိုယ်နင် အထင်ကြီးနေတာလား၊ နင်က အဆင့်အတန်း မြင့်လာအောင် တက်လှမ်းချင်သေးတယ်ပေါ့၊ ရွှမ်း..."

ချွင်းလင်မှာ ဝူကော်ကော်အား ကျောခိုင်းလျက် ရပ်နေပြီး အစေခံမိန်းကလေး နှစ်ဦး၏ဖမ်းချုပ်ထားခြင်းကို ခံထားရသဖြင့် ရှောင်တိမ်း၍ မရနိုင်ချေ။ သူမသည် နာကျင်လွန်းလှသဖြင့် မျက်နှာပေါ်တွင် ချွေးအေးများ စီးကျလာသည်။

သူမ ဘ၀ကြီးကို တစ်ခါတလေ စိတ်ကုန်လှသည်။ သူမမှာ ဆွဲဆောင်မှုရှိသော မျက်ဝန်းများကို ပိုင်ဆိုင်ထားခြင်းသာ ဖြစ်သည်။ သူမ၏မျက်ဝန်းများသည် ချစ်ခင်မြတ်နိုးမှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အမြဲတစေ ညို့ယူဖမ်းစားနိုင်စွမ်း ရှိနေသကဲ့သို့ ထင်ရကြောင်း သူမ မွေးစားဖခင်က အစောကြီးကတည်းက ပြောခဲ့ဖူးသည်။

ဝူကော်ကော်မှာ ကြာပွတ်ဖြင့် အချက်နှစ်ဆယ်ခန့် ရိုက်နှက်ပြီးနောက်မှသာ ကြာပွတ်ကိုလွှတ်ချသည်။

တစ်ချိန်က သွယ်လျပြီးလှပခဲ့သော ချွင်းလင်၏ကျောပြင်မှာ ယခုအခါ သွေးသံရဲရဲ ဖြစ်နေသည်ကို မြင်သောအခါ ဝူကော်ကော် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး သူမဒေါသများကို အဆုံးသတ်လိုက်လေသည်။

သူမက ထပ်အမိန့်ပေးသည်။

"တံခါးဝမှာ သွားဒူးထောက်နေစမ်း"

တစ်နာရီခန့် အကြာတွင် ချွင်းလင် သတိလစ်မေ့မြောသွားပြီးနောက်မှသာ ဝူကော်ကော်သည် သူမအား အခန်းထဲသို့ ပြန်ခေါ်သွားစေသည်။ ချွင်းလင် ဒဏ်ရာရသွားသော်လည်း ဝူကော်ကော်က သူမအား မည်သည့်ဆေးမျှ မလိမ်းပေးရန် အမိန့်ပေးထားခဲ့သည်။

သူမ ထိုနေရာတွင် လှဲလျောင်းနေရပြီး လှုပ်ရှားလိုက်တိုင်း ကျောပြင်မှာ နာကျင်လာရသည်။ သူမမှာ မခံမရပ်နိုင်ဖြစ်ကာ အသံထွက်၍ နှစ်ကြိမ်မျှ ညည်းတွားမိရာ သူမဘေးတွင် အိပ်နေသော ယန်လင်၏အပြစ်တင်ခြင်းကိုပင် ခံလိုက်ရသည်။

"နင် နည်းနည်းလောက် တိတ်တိတ်နေပေးလို့ မရဘူးလား၊ နင် မအိပ်ဘူးဆိုရင်လည်း အပြင်ထွက် ရပ်နေလေ၊ တခြားသူတွေကို လာပြီး အနှောင့်အယှက်မပေးနဲ့"

"အစ်မယန်လင်... ညီမလေး ကျောတွေအရမ်းနာနေလို့ပါ၊ ပြီးတော့ ညစာလည်း မစားရသေးလို့ အရမ်းဗိုက်ဆာနေပြီ"

"ဘယ်သူက နင့်ကို နောက်ကျမှလာခိုင်းလို့လဲ၊ စားစရာ ဘာမှ မကျန်တော့ဘူး"

"အဲဒါက..."

"ပါးစပ်ပိတ်ထားစမ်း"

ချွင်းလင်သည် မျက်နှာဖြူဖျော့လျက် နှုတ်ခမ်းကိုကိုက်ကာ ရှိုက်ငိုမိသည်။ စံအိမ်တော်သို့ ရောက်လာခြင်းက ဤသို့သော ရိုက်နှက်ဆူပူခံရမှုများမှ ကင်းလွတ်လိမ့်မည်ဟု သူမ ထင်ထားခဲ့သည်။ သို့သော် သူမ မည်မျှပင် သတိထားနေခဲ့စေကာမူ ဤကဲ့သို့သော မမျှော်လင့်ထားသည့် ဘေးဒုက္ခကို ကြုံတွေ့ခဲ့ရသည်။

ဘာကြောင့်လဲ၊ ဘာလို့ ဒီလိုကိစ္စမျိုးက သူမဆီမှာ အမြဲတမ်း ဖြစ်နေရတာလဲ...

သူမသည် နာကျင်မှုကြောင့် လက်သီးကို တင်းတင်းဆုပ်ထားရင်း တစ်ဖန် သတိလစ်မေ့မြောသွားပြန်တော့သည်။

All Chapters