အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
Chapter 53
ဆောင်းရာသီတွင် စောစီးစွာ မှောင်ကျတက်ပြီး ယင်ကျန်းသည် အမှောင်ထုကို အကာအကွယ်ယူကာ ကမ်းချန်ချန်၏ ခြံဝင်းဆီသို့ ရောက်လာသည်။
ကမ်းချန်ချန်မှာ လွန်ခဲ့သောရက်အနည်းငယ်က အားလပ်နေသဖြင့် ကြောင်အိမ်လေးတစ်လုံး ပြုလုပ်ထားခဲ့သည်။
၎င်းမှာ သစ်တော်သစ်သားဖြင့် ပြုလုပ်ထားသော အိမ်ငယ်လေးဖြစ်ပြီး နှင်းလုံးလေး အဝင်အထွက် ပြုလုပ်နိုင်ရန် အလယ်တွင် အဝိုင်းအပေါက် ဖောက်ထားသည်။ အတွင်းဘက်တွင် နူးညံ့သော ပိုးသားစောင်နှင့် နူးညံ့သော သဲများ ခင်းကျင်းထားလေသည်။
နှင်းလုံးလေးမှာ သစ်သား၏ရနံ့ကို သဘောကျသဖြင့် ကြောင်အိမ်လေး ပြီးစီးသည်နှင့် တစ်ပြိုင်နက် အထဲသို့ တက်ကြွစွာ ဝင်ရောက်သွားတော့သည်။
ကမ်းချန်ချန် ခဏမျှ စဉ်းစားလိုက်ပြီး သူမ ယခင်က လုပ်ထားဖူးသော ကုတ်စရာတိုင်လေးကို ကြောင်အိမ်ထဲသို့ ထည့်ပေးလိုက်သည်။
ယခုဆိုလျှင် နှင်းလုံးလေးတွင် ၎င်း၏ ကိုယ်ပိုင်အိမ်ငယ်လေး ရရှိသွားလေသည်။ ယင်ကျန်းမှာ လွန်ခဲ့သောရက်များက သူမထံ လာရောက်အိပ်စက်ခြင်း မရှိခဲ့သဖြင့် ကမ်းချန်ချန်သည် ညအိပ်ရာမဝင်မီ ကြောင်အိမ်လေးကို အပူပေးထားသော အုတ်ခုတင်အောက်တွင် ညတိုင်းထားလေ့ရှိသည်။
သို့သော် ဤအရာတွင် ပြဿနာတစ်ရပ်လည်း ရှိနေသည်။ နံနက်ခင်းတွင် သူမ အိပ်ရာမှ မနိုးသေးမီ နှင်းလုံးလေးသည် ခုတင်ပေါ်သို့ ခုန်တက်လာပြီး သူမ နိုးလာသည်အထိ သူမခြေထောက်များကို တက်နင်းလေ့ရှိခြင်းပင်။
ကမ်းချန်ချန်မှာ နှင်းလုံးလေး သိပ်မဝနေသည်ကိုပင် ကျေးဇူးတင်မိသည်။ သို့မဟုတ်ပါက သူမ၏ သေးသွယ်သော ခန္ဓာကိုယ်လေးက ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
အပြင်ဘက်မှ မိန်းမစိုးများ အရိုအသေပေးနှုတ်ဆက်သံကို ကြားလိုက်ရသောအခါ ကမ်းချန်ချန်လည်း ဂါရဝပြုရန် တံခါးဝသို့ ကပျာကယာ သွားလိုက်သည်။ ယင်ကျန်း ထူထဲသောလိုက်ကာကို မတင်လာရာ ပြုံးယောင်သန်းနေသော မျက်ဝန်းတစ်စုံကို တွေ့လိုက်ရလေသည်။
[ဒီနေ့ အရှင်မင်းသား စိတ်အခြေအနေကောင်းနေပုံပဲ]
ယင်ကျန်းသည် သူမကို အတွင်းခန်းသို့ဆွဲခေါ်သွားပြီး နူးညံ့စွာပြောလာသည်။
"ကိုယ် မင်းကို ပြောထားတယ် မဟုတ်လား၊ ကိုယ့်ကို ကြိုဆိုဖို့ တံခါးဝမှာ ရပ်စောင့်နေစရာမလိုပါဘူးလို့၊ မင်းက အားနည်းတယ်၊ လေအေးမိပြီး ဖျားသွားရင် ပိုဆိုးလိမ့်မယ်"
[အိုး... သူ အရင်တုန်းက နန်းတွင်းစည်းကမ်းတွေ သင်ပေးတုန်းကကျတော့ ဒီလောက် သဘောမကောင်းပါဘူး၊ စံအိမ်တော်ရဲ့ စည်းမျဉ်းတွေကို ငါက ဘယ်လိုလုပ် ဖီဆန်ရဲမှာလဲ၊ ရှင်က ဘယ်အချိန် ဒေါသထွက်လာမလဲမှ မသိတာ၊ အဲဒီအခါကျ ကျွန်မပဲ အဆူခံရပြီး ဒုက္ခရောက်မှာပေါ့]
ရက်အနည်းငယ်မျှမတွေ့ရပြီးနောက် သူတို့နှစ်ယောက်မှာ ပိုယဉ်ကျေးနေကြသည်။ ကမ်းချန်ချန်သည် သူ့ဘေးတွင်ထိုင်လိုက်ချိန် သူမ လက်ကလေးများကို ကစားနေသည်အား ငြိမ်ခံနေပြီး ဘာပြောရမှန်းမသိဖြစ်နေသည်။
[ဒီရက်ပိုင်း ငါ့ဆီမလာတာ သူ စိတ်ဆိုးနေလို့ဖြစ်မယ်လို့ ထင်ခဲ့တာ]
[ဒီလူကို ဘာတွေများ ပြစ်မှားမိလို့လဲဆိုတာ မသိပေမယ့် ငါလည်း အကင်းပါးပါသေးတယ်၊ သူ့ရဲ့ မကြည်မသာဖြစ်နေတဲ့ မျက်နှာပေးကို သတိထားမိလိုက်ပါတယ်]
[ဒီနေ့ကျမှ ဘယ်သူက ထင်မှာလဲ... သူက ထူးထူးခြားခြားကို နူးညံ့ပြီး သဘောကောင်းနေတာပဲ၊ နေက အနောက်ဘက်ကများ ထွက်လာသလား]
[ယင်ကျန်းက တကယ်ရုပ်ဖြောင့်တာ၊ မျက်နှာတည်တည်ကြီး လုပ်မထားဘူးဆိုရင် သူ တကယ်ကြည့်ကောင်းတာပဲ]
[ပြီးတော့ ဒီလရောင်လို ဖြူဖွေးနေတဲ့ အဝတ်အစားလေးက သူ့ကို ကျက်သရေရှိပြီး မြင့်မြတ်တဲ့ပုံပေါက်စေတယ်၊ ပုံမှန်ဝတ်နေကျ အမည်းရောင်ဝတ်စုံတွေထက် အများကြီးပိုကြည့်ကောင်းတယ်]
ထိုအတွေးများကို ကြားလိုက်ရသောအခါ ယင်ကျန်း နှလုံး သားမှာ ပျားရည်ထဲစိမ်ထားရသကဲ့သို့ ခံစားလိုက်ရသည်။ သူ သူမနောက်စေ့ကို ဘယ်လက်ဖြင့် ထိန်းကိုင်ကာ သူမမေးစေ့ကို ညာလက်ဖြင့် ပင့်လိုက်ပြီးနောက် ကမ်းချန်ချန် အံ့ဩသွားစေရန် သူမနှုတ်ခမ်းများပေါ်သို့ ငုံ့ကိုင်းကာ အနမ်းပေးလိုက်လေသည်။
အတန်ကြာပြီးနောက် သူတို့နှစ်ဦးခွာလိုက်ကြရာ နှစ်ဦးစလုံး၏ နှုတ်ခမ်းများမှာ စိုစွတ်တောက်ပနေလေသည်။
"မင်း စောစောက ဘာစားထားတာလဲ၊ တော်တော် ချိုတာပဲ"
ကမ်းချန်ချန် မျက်တောင်များမှာ အသက်ရှုမမှန်သောကြောင့် အနည်းငယ်တုန်ရီနေပြီး သူမမျက်ဝန်းများမှာ နံနက်ခင်း နှင်းရည်များ ခိုတွဲနေသော ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ လှပကာ ရှက်ရွံ့နေဟန်ရှိသည်။
"ကွေ့ဟွာပန်းကိတ်မုန့်ကြောင့်ပါ၊ သကြားညို နည်းနည်း ပိုထည့်ထားပါတယ်၊ မင်းသား သဘောကျရင် အဆောင်ကို နည်းနည်းယူသွားလို့ ရပါတယ်ရှင်"
[ငါ ပါးစပ်ကို ပလုတ်ကျင်းထားတာတောင် နင် ဘယ်လိုလုပ် အချိုအရသာကို ရနိုင်မှာလဲ၊ ငါ့နှုတ်ခမ်းကို စားချင်တယ်ဆိုလည်း ဒီတိုင်းပြောလေ တဏှာရူးကြီးရဲ့၊ အလကား လျှောက်ပြောနေသူကြီး]
တဏှာရူးကြီး ဟုတ်လား...
ဤသည်မှာ သူ့ကို ထိုသို့ ပထမဆုံးအကြိမ် ခေါ်ဝေါ်ခံရခြင်းပင်။ ယင်ကျန်း မနေနိုင်ဘဲ ပြန်ပြောမိသည်။
"ဟွန့်... မင်းက တကယ်ကို ကဗျာမဆန်တတ်တာပဲ"
[ဟုတ်ပါတယ်၊ ဟုတ်ပါတယ်... ကျမက ကဗျာ မဆန်တတ်ပါဘူး၊ ရှင်က ကဗျာဆန်တာကို နားလည်ချင်တာလား၊ ဒါမှမဟုတ် ဒီအလှလေးက ရှင့်ကို အဝတ်ချွတ်ပေးတာကို လိုချင်တာလား ဆိုတာတော့ ဘယ်သူသိမှာလဲ]
ကမ်းချန်ချန်သည် နေ့ခင်းဘက်တွင် နားကပ်များ ပန်ဆင်ထားလေ့ရှိသော်လည်း အစားစားပြီးနောက် ချွတ်ထားလေ့ရှိသော အကျင့်ရှိသည်။
ထို့ကြောင့် ယင်ကျန်း သူမနားရွက်ကို အတားအဆီးမရှိ ကိုက်ခဲလိုက်နိုင်ပြီး သူမ၏သေးငယ်နူးညံ့သော နားရွက်ဖျားလေးဆီသို့ ရွှေ့ဆင်းကာ သူ့ပါးစပ်ထဲငုံ၍ ကိုက်နေလေသည်။
"အဲလို မလုပ်ပါနဲ့... ဟဟ... ယားတယ်လို့"
သူမ၏ မျက်ခုံး၊ သူမ၏ နှာခေါင်းထိပ်များကိုလည်း သူ့နှုတ်ခမ်းများက ထိကပ်လာသဖြင့် သူမ န္ဓာကိုယ်မှာ အကြောင်းပြချက်မရှိ ပူနွေးလာရသည်။ ကမ်းချန်ချန်သည် သူ့ကို အားနည်းစွာ မှီချထားရုံမှလွဲ၍ ဘာမှမတတ်နိုင်တော့ဘဲ သူမလက်များကို သူ့ပခုံးပေါ်တွင် အကူအညီမဲ့စွာ တင်ထားကာ သူ့အား တွန်းဖယ်ရန်ကြိုးစားသော်လည်း ခွန်အားမရှိတော့ချေ။
[ခွေးကောင်... ရှင်က ခွေးလား၊ အရမ်းလျှက်တတ်တာပဲ]
[မဖြစ်ဘူး... ငါ ဒီလိုကြီး အရှုံးပေးလိုက်လို့ မဖြစ်ဘူး]
ကမ်းချန်ချန် မသိချင်ဟန်ဆောင်ကာ သူမ လက်သည်းများဖြင့် သူ့ကျောကို အချက်အနည်းငယ် ကုတ်ခြစ်လိုက်သည်။
"အာ့..."
ယင်ကျန်းမှာ သူမထံမှ နှုတ်ခမ်းကို ခွာလိုက်ပြီး အံ့ကို ကြိတ်လျက် "ကမ်းချန်ချန်ရဲ့ လက်သည်းတွေကို မညှပ်တာ ဘယ်လောက်တောင် ကြာနေပြီလဲ"
ကမ်းချန်ချန် သူ့ ကျောပြင်ကို စိုးရိမ်တကြီး ကြည့်ကာ ပြောလာသည်။
"စောစောက အရှင်မင်းသားကို နာသွားစေမိလားဟင်၊ တောင်းပန်ပါတယ်၊ ကျွန်တော်မျိုးမ တကယ် တမင်လုပ်တာ မဟုတ်ပါဘူး၊ အရှင်မင်းသား ခွင့်လွှတ်ပေးပါနော်"
[ဟီးဟီး... အခုလေးတင် ညှပ်ထားလို့ ဒီလောက်တောင် ချွန်နေတာပေါ့ အရူးကြီးရဲ့]
ယင်ကျန်း အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ချယ်ရီသီးမှည့်လေးများကဲ့သို့ နီရဲနေသော သူမ နားရွက်ဖျားလေးများကို ကြည့်လိုက်သည်။ သူ့ လည်စေ့မှာ လှုပ်ရှားသွားသော် လည်း အမေးသာဆိုလေသည်။
"စဲဖူရဲ့ကိုယ်ဝန်နဲ့ ပတ်သက်ပြီး မင်း ဘယ်လို ထင်လဲ"
ကမ်းချန်ချန်သည် ရုတ်တရက် ဤအကြောင်းကို ပြောလာသဖြင့် အံ့အားသင့်သွားပြီးနောက်မှ ပြန်ဖြေသည်။
"ဒါက ဝမ်းသာစရာကိစ္စပါပဲ၊ အရှင်မင်းသားကိုရော စဲဖူကိုပါ ဂုဏ်ပြုပါတယ်ရှင်"
[သူမက ရှင့်ကလေးကို လွယ်ထားတာလေ၊ ငါ့ကလေးမှ မဟုတ်တာ၊ ငါ့အမြင်က အရေးမကြီးပါဘူး၊ အရေးကြီးတာက ရှင့်အမြင်လေ]
ယင်ကျန်းသည် သူမခါးကို ဖက်ကာ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး "မင်းလည်း ငယ်တော့တာ မဟုတ်ဘူး၊ ငယ်ရွယ်တုန်းမှာ ကလေးတစ်ယောက်လောက် မလိုချင်ဘူးလား"
[ဟင့်အင်း... မလိုချင်ပါဘူး၊ ဒါကြီးက မေးစရာလိုသေးလို့လား]
[မိသားစုမှာ ဆက်ခံစရာ နန်းပလ္လင်များရှိနေလို့လား၊ တကယ်က ရှိတော့ ရှိသား၊ ဒါပေမဲ့ အဲဒါက ငါ့သား ဆက်ခံရမယ့်ဟာမှ မဟုတ်တာ၊ ငါနဲ့ ဘာဆိုင်လို့လဲ]
[ပြီးတော့ ဘယ်သူက ငယ်တော့တာ မဟုတ်ဘူးလဲ၊ ဘယ်သူက အသက်ပိုကြီးနေတာလဲ၊ သေချာရှင်းပြစမ်းပါဦး]
ကမ်းချန်ချန် စိတ်ထဲတွင် မကျေနပ်သော်လည်း အပြင်ဘက်တွင်မူ ရွံ့ကျိုးစွာ ပြန်ပြောသည်။
"ဒီလိုကိစ္စတွေက လောလို့မရပါဘူးရှင်၊ ကျွန်တော်မျိုးမက တာအိုတရားရဲ့ စွန့်လွှတ်ခြင်း သဘောတရားကို လေးစားပြီး အရာရာက သဘာဝအတိုင်းပဲ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်"
ယင်ကျန်း ရယ်မောလိုက်ပြီး ရှုထောင့်ပြောင်းကာ "ကိုယ်က မင်းထက် အသက်အများကြီး ပိုကြီးတယ်လေ၊ ကိုယ်သာ ကလေးတစ်ယောက်မှ မရှိဘဲ မင်းထက်စောပြီး ထွက်သွားခဲ့ရင် မင်း အသက်ကြီးလာတဲ့အခါ ဘယ်လိုလုပ်မလဲ၊ ဘယ်သူက မင်းကို စောင့်ရှောက်ပေးမှာလဲ"
[ဪ... ဒါဆို ငါက အသက်ကြီးလာရင် စောင့်ရှောက်ဖို့ ကိရိယာလေးတစ်ခုပဲပေါ့၊ ရှင်က ငါလေးအတွက် တွေးပေးနေလို့ ငါက ကျေးဇူးတင်ရဦးမှာလား]
ကမ်းချန်ချန်က သူ့ ရင်ဘတ်ကို ပုတ်လိုက်ပြီး "အဲဒီလို မပြောပါနဲ့ အရှင်မင်းသားရယ်၊ အရှင်မင်းသား အသက်ရာကျော်ရှည်ပါစေလို့ ကျွန်တော်မျိုးမ မျှော်လင့်ပါတယ်"
ယင်ကျန်း မျက်မှောင်ကြုတ်သွားသည်။ ကမ်းချန်ချန်သည် အကြောင်းအကျိုး မဆီလျော်ပေ။ သူမ နှလုံးသားမှာ သံမဏိလို မာကျောလွန်းသည်။ သူမက ယခုအချိန်တွင် ရှက်ရွံ့စွာဖြင့် ကျွန်တော်မျိုးမ လိုချင်ပါတယ်ဟု ပြောသင့်သည် မဟုတ်ပါလား။
တကယ်ကို ကျေးဇူးကန်းလွန်းတယ်...
ယင်ကျန်း မပျော်မရွှင်ဖြင့် "ဆင်းစမ်း"
ကမ်းချန်ချန် : "..."
[ဒီလူ့ရဲ့ စိတ်နေသဘောထားက ခန့်မှန်းရခက်တယ်ဆိုတာ ငါ သိပြီးသားပါ၊ တကယ်ပါပဲ]
သူမသည် သူ့အပေါ်မှ လျင်မြန်စွာဆင်းလိုက်ပြီး သူမစကတ်ပေါ်မှ တွန့်ကြေနေသည်များကို ဆွဲဆန့်လိုက်သည်။ အမှန်တိုင်းပြောရလျှင် သူမ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားမိသည်။
[သူ့အပေါ်ကို ငါက တက်ခွချင်နေတယ်လို့များ သူ ထင်နေတာလား၊ သက်သောင့်သက်သာ မရှိလိုက်တာ၊ သူ့ဘောင်းဘီထဲမှာ ဘာတွေ ဝှက်ထားလဲတော့ မသိဘူး]
ယင်ကျန်းသည် သူမကိုဖောက်ထွင်းမြင်တော့မတတ် မည်းမှောင်နေသော မျက်နှာထားဖြင့် စိုက်ကြည့်နေလည်။
ကမ်းချန်ချန်ကလည်း သူ့ကို အပြစ်ကင်းစင်သော မျက်ဝန်းများဖြင့် ပြန်လည်ကြည့်သည်။
နောက်နေ့တွင် ချန်ကော်ကော်သည် ဝူကော်ကော်ခြံဝင်းသို့ နောက်တစ်ကြိမ် သွားရောက်ပြန်သည်။
"ညီမလေး... ခြေချင်းဝတ် ဒဏ်ရာက ဘယ်လိုနေသေးလဲ"
"အစ်မတော် ပေးခဲ့တဲ့ အဲဒီကြက်တူရွေးနှစ်ကောင် ကျေးဇူးကြောင့် အခုပိုတောင်ဆိုးနေပါပြီ"
ချန်ကော်ကော်က အံ့အားသင့်ဟန်ဖြင့် "အဲဒီ သတ္တဝါလေး နှစ်ကောင်က လှောင်ချိုင့်ထဲကနေလွတ်ပြီး ပြဿနာထပ်ရှာနေကြပြန်ပြီလား”
🌻 Chapter 54
ဝူကော်ကော် သက်ပြင်းချလိုက်ပြီး "အဲဒီအကြောင်း မပြောပါနဲ့တော့၊ ညီမလေးက အစ်မတော်ကို မေးမလို့ပါ၊ စတုတ္ထမင်းသားက တကယ်ပဲ ငါ့အပေါ် ဂရုစိုက်ရဲ့လား"
ချန်ကော်ကော် ပြုံးလျက် "ဒါပေါ့၊ မဟုတ်ရင် ညီမလေးဆီကို သူက ဘာလို့ ခဏခဏလာလည်နေမှာလဲ"
ဝူကော်ကော်မှာ အလွန်တရာ တွေဝေသွားပြီး "ဒါပေမဲ့ မနေ့က သူက ခဏလေးပဲလာပြီး ကမ်းချန်ချန်ဆီ သွားဖို့ ဆင်ခြေပေးပြီး ထွက်သွားတာလေ"
ချန်ကော်ကော် "အဲဒါက သူ ဒီမှာ ဆက်နေရင် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ ညီမလေးနဲ့ တစ်ခုခု လုပ်ချင်သွားမှာကို စိုးရိမ်လို့ နေမှာပေါ့၊ စဉ်းစားကြည့်လေ... သူသာ ကမ်းကော်ကော်ကို တကယ် သဘောကျရင် သူမကို ဘာလို့ တစ်ခါမှ မထိတွေ့ရတာလဲ၊ ယောကျာ်းတစ်ယောက်က မိန်းမတစ်ယောက်ကို သဘောကျတယ် မကျဘူးဆိုတာ သူမရဲ့ ခန္ဓာကိုယ်အပေါ်မှာ ဆန္ဒရှိ၊ မရှိ ဆိုတဲ့အပေါ် မူတည်တယ်လေ၊ ဒါပေမဲ့ ယောကျာ်းတစ်ယောက်က မိန်းမတစ်ယောက်ကို တကယ်ချစ်မိသွားပြီဆိုရင် သူ ဆန္ဒရှိနေရင်တောင် သူ့ကိုယ်သူ ထိန်းချုပ်ပြီး သူမကို မနာကျင်စေဖို့ တမင်သက် သက် ထိန်းချုပ်တတ်တယ်၊ စတုတ္ထမင်းသားရဲ့ အစ်မတော်အပေါ် ထားတဲ့ ခံစားချက်က နောက်ဆုံးပြောခဲ့တဲ့ အချက်ပဲပေါ့"
ဝူကော်ကော်သည် ထိုစကားများကို အဓိပ္ပါယ်ရှိသည်ဟု ခံစားရကာ ပြုံးလိုက်လေသည်။ စတုတ္ထမင်းသား၏ ထိန်းချုပ်ထားပြီး နက်ရှိုင်းသော အချစ်ကို သူမမှာ တုံးအလွန်းသဖြင့် နားမလည်ခဲ့မိသည့်အပေါ် နောင်တရမိသည်။ ကံကောင်းထောက်မစွာဖြင့် ချန်ဝမ်အာသည် ထူးထူးခြားခြား ဉာဏ်ကောင်းပြီး အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်စွမ်း ရှိပေသည်။
ထိုအချိန်တွင် အပြင်ဘက်မှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ချွင်းလင်... နင် ဘယ်သွားမလို့လဲ"
ချွင်းလင်သည် ချန်ကော်ကော် ရောက်လာသဖြင့် အနောက်ဘက်ခြံဝင်းထဲတွင် သူမကို စောင့်ကြည့်မည့်သူ မရှိသည်ကို အခွင့်ကောင်းယူကာ သူမ ကျောဘက်မှ ဒဏ်ရာကိုသည်းခံပြီး ထွက်ပြေးရန် ခြံဝင်းတံခါးဆီသို့ ကပျာကယာပြေးလာခဲ့ခြင်းဖြစ်သည်။
ကံမကောင်းစွာဖြင့် သူမကို ယန်လင်းက ထပ်မံတွေ့ရှိသွားလေသည်။
ယန်လင်းသည် အရှေ့သို့ ပြေးထွက်သွားပြီး သူမကို ဖမ်းဆွဲထားလိုက်သည်။
ချွင်းလင်သည် ဒူးထောက်ချလိုက်ပြီး ဖြူဖျော့နေသော မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလျက် အသနားခံသည်။
"အစ်မယန်လင်း... ကျေးဇူးပြုပြီး ကျွန်မကို အပြင်ထွက်ခွင့် ပြုပါနော်၊ ကျွန်မရဲ့ကျောဒဏ်ရာအတွက် ဆေးလိုနေလို့ပါ၊ ဒီအတိုင်း ဆက်သွားရင် ကျွန်မ သေသွားလိမ့်မယ်"
"ဖတ်... နင်က ဘယ်လိုလုပ် ဒီလောက်တောင် နုနယ်နေရတာလဲ၊ အခု အပြင်ကို ပြေးထွက်တာက ငါတို့ရဲ့ ကော်ကော်ကို အရှက်ခွဲနေတာပဲ၊ ချက်ချင်းပြန်သွားစမ်း"
ချန်ကော်ကော် ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်ကာ ထိတ်လန့်တကြားဖြင့် ရေရွတ်မိသည်။
"ဒါက..."
ဝူကော်ကော် သက်ပြင်းချလိုက်ပြီး "အဲဒီအကြောင်း မပြောပါနဲ့တော့၊ ဒီမြေခွေးမလေးက စတုတ္ထမင်းသားကို ငါ့ရှေ့တင် မြူဆွယ်ဖို့ ကြိုးစားခဲ့တာလေ၊ မနေ့ညက ငါ ဒေါသထွက်ထွက်နဲ့ သူမကို အပြစ်ပေးလိုက်တာ၊ သိပ်မပြင်းထန်ပါဘူး၊ မဟုတ်ရင် သူမက အခုလို အပြင်ထွက်ပြီး သနားစရာကောင်းအောင် ဟန်ဆောင်ဖို့တောင် ခွန်အားရှိမှာ မဟုတ်ဘူး"
ချန်ကော်ကော် "အစေခံတွေလည်း လူတွေပဲလေ၊ မဖြစ်မနေ လိုအပ်တာမျိုး မဟုတ်ရင် သူတို့ကို မနာကျင်စေတာ အကောင်းဆုံးပဲ၊ ဒါပေမဲ့လည်း သူမက တကယ်ပဲ အဲဒီလို မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတယ်ဆိုရင်တော့ သူမကို သင်ခန်းစာပေးလိုက်တာ ကောင်းပါတယ်"
ဝူကော်ကော်သည် သူမ စကားများကြောင့် စိတ်အနှောင့်အ ယှက် ဖြစ်သွားရပြီး ချန်ကော်ကော်က အဆုံးတွင် သူမကို ထောက်ခံသွားသော်လည်း ဝူကော်ကော်မှာမူ မကျေမနပ်ဖြစ်နေဆဲပင်။
"အစ်မတော်လောက် ငါက ဘယ်လိုလုပ် သဘောကောင်းနိုင်မှာလဲ၊ ညီမတော်က ကိုယ့်အစေခံတွေအပေါ် သက်ညှာလွန်းလို့ အစ်မတော်ရဲ့အစေခံက ပန်းထိုးရနံ့အိတ်ကိစ္စမှာ ဒုက္ခ ရောက်သွားတာပေါ့၊ ကျွန်မကတော့ ငါ့အစေခံတွေအပေါ် တင်းကျပ်လို့ အစေခံတွေက အပြစ်ကင်းနေတာလေ"
ချန်ကော်ကော် ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်သွားသော်လည်း သူမသည် တည်ငြိမ်မှုကိုထိန်းသိမ်းထားကာ ပြန်လည်ထွက်ခွာရန် မတ်တတ်ရပ်လိုက်လေသည်။
ချန်ကော်ကော် အပြင်သို့ထွက်လာချိန်တွင် ယန်လင်သည် ချွင်းလင်ကို အိမ်ထဲသို့ပြန်လည်ဆွဲခေါ်နေလေသည်။
ပုံမှန်အားဖြင့် ကြောက်တတ်ပြီး အမိန့်နာခံတတ်သောချွင်းလင်သည် ယခုအခါ အသက်ရှင်လိုစိတ်ပြင်းပြနေသဖြင့် သစ်ပင်ပင်စည်ကို တင်းတင်းကြပ်ကြပ် ဖက်ထားကာ လွှတ်မပေးပေ။ ယန်လင်သည် လတ်တလောတွင် သူမကို ဘာမှမလုပ်နိုင်ဖြစ်နေသည်။
ချန်ကော်ကော်သည် ထိုနေရာသို့ သွားကာ ယန်လင်းကို မျက်စိမှိတ်ပြလိုက်သည်။ ယန်လင်းလည်း သဘောပေါက်သွားပြီး ချွင်းလင်ကို လွှတ်ပေးလိုက်လေသည်။
ချန်ကော်ကော်သည် ဖြူစင်သော ပဝါတစ်ထည်ကို ထုတ်ယူကာ ချွင်းလင် နဖူးပေါ်မှ ချွေးများကို သုတ်ပေးရန် ကိုယ်ကို ကိုင်းညွတ်လိုက်ပြီး ရှုပ်ပွနေသော ဆံနွယ်များကို သူမနားရွက်နောက်သို့ ညင်သာစွာ သပ်တင်ပေးရင်း နူးညံ့စွာ မေးလိုက်လေသည်။
"သနားစရာလေး... နင် ဘယ်လိုလုပ်ပြီး ဒီလို ဒဏ်ရာရသွားတာလဲ၊ နင့်နာမည် ဘယ်လိုခေါ်လဲ"
ချွင်းလင် မျက်ဝန်းများမှာ ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ တောက်ပသွားလေသည်။ သူမ ဒူးထောက်ကာ မြေပြင်ပေါ်သို့ ချက်ချင်းဝပ်ဆင်းလိုက်ပြီး အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။
"ကျွန်မ နာမည်က ချွင်းလင်ပါ၊ အစက ဖူကျင်းကနေ ကိုယ် လုပ်တော်ဆီကိုပေးထားတဲ့ အစေခံပါ၊ အဲဒီနောက် ကိုယ် လုပ်တော်က ကျွန်မကို ဝူကော်ကော်ဆီထပ်ပေးခဲ့တာပါ၊ ချန်ကော်ကော်... ကျွန်မကို ကယ်တင်ပေးဖို့တောင်းပန်ပါတယ်၊ ကျွန်မရဲ့အခြေအနေကို ဖူကျင်း ဒါမှမဟုတ် ကိုယ်လုပ်တော်ကိုပြောပြပေးပါ"
ချန်ကော်ကော် ခေါင်းညိတ်ကာ ပြောသည်။
"ငါ နားလည်ပြီ၊ ယန်လင်းနဲ့အတူ အရင်ပြန်သွားပြီး ဒဏ်ရာတွေကို သေချာဂရုစိုက်လိုက်ပါ"
ထို့နောက် သူ ယန်လင်းကို ညွှန်ကြားလိုက်သည်။
"သူ့အခန်းကို ပြန်ရောက်ရင် ဆေးလေး ဘာလေး လူးပေး လိုက်ပါ၊ သူ့ကို အခက်တွေ့အောင် မလုပ်နဲ့"
ချွင်းလင်သည် ယန်လင်းအား စိုးရိမ်တကြီး ကြည့်လိုက်သော်လည်း ယန်လင်းက ဘာမျှမပြောချေ။ ထို့နောက် ချန်ကော်ကော်က ချွင်းလင်အားပြောသည်။
"လိမ္မာတယ်နော်၊ အရင် ပြန်သွားလိုက်ဦး၊ ငါ နင့်အတွက် ဖူကျင်းကို ပြောပေးပါ့မယ်"
ချွင်းလင်သည် ယန်လင်းနောက်သို့ လိမ္မာစွာလိုက်သွားခဲ့သော်လည်း အခန်းထဲသို့ ဝင်ဝင်ချင်းမှာပင် နောက်ကျောမှနေ၍ ပြင်းထန်စွာ တွန်းချခံလိုက်ရသည်။ သူမသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး လက်ကောက်ဝတ်မှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရကာ ကျောပြင်မှအသစ်ကျက်စပြုနေသော ဒဏ်ရာမှာလည်း သွေးများပြန်ထွက်လာသည်။ ပိုဆိုး သည်မှာ အပြင်ဘက်မှ တံခါးကို သော့ခတ်လိုက်သော အသံကို သူမ ကြားလိုက်ရခြင်းဖြစ်သည်။
ချွင်းလင်မှာ မယုံကြည်နိုင်စွာဖြင့် တွားသွားသွားပြီး တံခါးကို အစွမ်းကုန် တွန်းကြည့်သော်လည်း ဖွင့်၍မရပေ။ သူမသည် တံခါးကိုသာ ထုနှက်ရင်းအော်ဟစ်နေတော့သည်။
"တံခါးဖွင့်ပေးပါ၊ တံခါးဖွင့်ပေးပါ၊ ကျေးဇူးပြုပြီး တံခါးဖွင့်ပေးပါ၊ ကျွန်တော်မျိုးမကို လွှတ်ပေးပါ၊ အသက်ချမ်းသာ ပေးပါရှင်"
တံခါးဝမှ ချွင်းလင်က ကျိန်ဆဲလိုက်သည်။
"ခွေးမလေး... နင် ဒီကနေ ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး၊ ချန်ကော်ကော်က နင့်ကို ကူညီမယ်လို့ ထင်နေတာလား၊ အိပ်မက်မက်နေလိုက်"
ထို့နောက် ချွင်းလင်သည် အခြားအစေခံအား ညွှန်ကြား သည်။
"သူ့ကို စောင့်ကြည့်ထား၊ ရှေ့ခြံဝင်းထဲကို သွားခွင့်မပေးနဲ့၊ သူသာ ကော်ကော်တို့ကို အနှောင့်အယှက်ပေးရင် နင်တို့တာဝန်ယူရမယ်မှတ်"
"ဟုတ်ကဲ့ပါ"
မဟုတ်ဘူး၊ ချန်ကော်ကော်က သဘောကောင်းပါတယ်၊ သူ ငါ့ကို သေချာပေါက် ကူညီမှာပါ၊ သူ ကတိပေးထားတာပဲဟာကို...
ဤသည်မှာ ချွင်းလင် သတိမလစ်မီ နောက်ဆုံးတွေးလိုက်သော အတွေးပင်ဖြစ်သည်။
ကြွယ်ဝချမ်းသာလာပြီဖြစ်သော ကမ်းကော်ကော်၏ ဖခင်သည် လတ်ဆတ်သော သမင်သားတစ်တုံးကို ပေးပို့လာပြီး စာတစ်စောင်ကိုလည်းပါးလိုက်သည်။
"ဒီအသားကို သူငယ်ချင်းတစ်ယောက်ကတစ်ဆင့်ရဖို့ အဖေ့မှာ အချိန်တွေ၊ ငွေတွေ အများကြီးကုန်ခဲ့ရတယ်၊ စတုတ္ထမင်းသားနဲ့အတူတူ မင်း ဒါကို စားဖြစ်အောင်စားပါ၊ သူက ငါတို့အပေါ် ကျေးဇူးကြီးမားတဲ့အတွက် မင်း သူ့ကို သေချာပြုစုယုယပြီး မျိုးဆက်မပြတ်အောင်ကျန်းမာတဲ့ သား ယောက်ျားလေးတစ်ယောက် မွေးပေးနိုင်ဖို့ ကြိုးစားရမယ်"
ကမ်းကော်ကော်မှာ မျက်ဖြူလန်သွားမိသည်။
[ရူးနေတာလား..၊ ငါ့မိသားစုက ဘာလို့များ ကလေးယူဖို့ ဒီလောက် လောနေကြရတာလဲ၊ ရှေးခေတ်က ဆေးဘက်ဆိုင်ရာ အခြေအနေတွေဆိုးရွားပြီး မိန်းမတော်တော်များများဟာ ကလေးမွေးတဲ့နေ့မှာပဲ သေဆုံးသွားတတ်ကြတာကို သူတို့ မသိကြဘူးလား၊ ငါ သေသွားရင်ရော နင်တို့အတွက် ဘာအကျိုးရှိမှာမို့လို့လဲ၊ ယင်ကျန်းကသာ ငါ့ခန္ဓာကိုယ်ကို တကယ်လိုချင်ခဲ့ရင် ငါက ဘာမှခုခံနေမှာမဟုတ်ဘဲ ငြိမ်ငြိမ်လေး လက်ခံပေးလို့ရတယ်၊ ဒါပေမဲ့ သူ့ကို ငါ့ဘက်ကနေ စပြီး သွေးဆောင်ဖြားယောင်းရမယ်လို့ မျှော်လင့်နေတာက တော့ သူ အထင်ကြီးလွန်းရာကျနေပြီ၊ အိပ်မက်သာမက်နေလိုက်]
ဤသမင်သားမှာ ဝက်သားထက်ဆယ်ဆမက ပိုဈေးကြီးပြီး အထက်တန်းစား မိသားစုများသာ တတ်နိုင်သောအရာဖြစ် သည်။
ကမ်းကော်ကော်သည် သူမ မေးစေ့ကို လက်နှစ်ဖက်ဖြင့် ထောက်ကာ ထိုသမင်သားတုံးကို ကြည့်ရင်း မျက်လုံးများ ကစားနေမိသည်။
[ဒါပေမဲ့ ဒီသမင်သားတုံးကို အလဟဿအဖြစ်ခံလို့တော့ မရဘူး၊ သူ့ကို တစ်ခုခုတော့ လုပ်ပေးမှဖြစ်မယ်]
ခေတ္တမျှ စဉ်းစားပြီးနောက် သူမသည် ဟွာစန်းအား ထိုသမင်သားကို ယူဆောင်လာစေပြီး စုန့်ကော်ကော် နေထိုင်ရာသို့ အတူသွားစေခဲ့သည်။
စုန့်ကော်ကော် ထွက်လာသည်ကို မြင်သောအခါ ကမ်းကော်ကော်သည် ချက်ချင်းပင်ရှေ့သို့တိုးသွားပြီး သူမလက်ကို ဆုပ်ကိုင်ကာ ပြောသည်။
"အစ်မတော်... ကျွန်မ ဘာယူလာလဲ ကြည့်ပါဦး"
စုန့်ကော်ကော်က သမင်သားကို ကြည့်လိုက်သော်လည်း ဘာမှန်းမသိပေ။
"ဒါက ဘာအသားလဲ"
ကမ်းကော်ကော်က ပြန်ဖြေသည်။
"ဒါက အပြင်ကနေ ကျွန်မအဖေ အခုလေးတင် ယူလာပေးတဲ့ သမင်သားလေ၊ အရမ်းလတ်ဆတ်တယ်၊ သမင်သားက ခန္ဓာကိုယ်အားနည်းတဲ့သူတွေအတွက် အထူးပဲ အားပြည့်စေတယ်တဲ့၊ ဒါနဲ့ ကျွန်မလည်း တစ်ယောက်တည်း မစားရက်ဘဲ အစ်မတော်ကို အရင်ဆုံးသတိရလိုက်တာ"