← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

Chapter 59

ယန်လင်းမှာ ဝူကော်ကော်၏ သီးသန့်အစေခံဖြစ်ပြီး အရှေ့ဘက်ခြံမှလူများ ဤနေရာသို့ မကြာခဏ လာရောက်လေ့မရှိသဖြင့် ယန်လင်း အဘယ်ကြောင့် ဤနေရာသို့ ရောက်နေရသနည်း။ ထိုမျှမက ငှက်လှောင်အိမ်တစ်ခုလည်းပါသည်။

ကြောင်များမှာ ပင်ကိုယ်ဗီဇအရ ငှက်များကို ဖမ်းဆီးရန် နှစ်သက်ကြသဖြင့် နှင်းလုံးလေးသည် ဤကြက်တူရွေး နှစ်ကောင်ကို လိုက်ဖမ်းရန်ထွက်သွားခြင်းဖြစ်နိုင်ခြေ အလွန်များပြားသည်။ ကမ်းကော်ကော် အခြားသူများကို ဆက်ရှာရန်ပြောလိုက်ပြီး သူမကိုယ်တိုင်မူ ဟွာယွီ၊ ဟွာစန်းတို့နှင့်အတူ ဝူကော်ကော်၏ ခြံဝင်းသို့ သွားခဲ့သည်။

သူတို့ ခြံဝင်းအတွင်းသို့ ဝင်ဝင်ချင်းမှာပင် စူးရှပြီး အော်ဟစ်နေသော အသံတစ်ခုကို ကြားလိုက်ရသည်။

"ငါ့ကို အဖေလို့ ခေါ်စမ်း၊ ငါ့ကို အဖေလို့ ခေါ်"

မြေပြင်ပေါ်တွင်မူ အဖြူရောင် အမွေးအတောင်နှင့် အစိမ်းရောင် ခေါင်းအမောက်ပါရှိသော ကြက်တူရွေးတစ်ကောင်မှာ သွေးအလိမ်းလိမ်းဖြင့် မလှုပ်မယှက် လဲကျနေလေသည်။

နောက်ထပ် ကြက်တူရွေး တစ်ကောင်မှာမူ ခေါင်းပေါ်ရှိ ဖျော့တော့သော အဝါရောင် အမွေးအချို့မှလွဲ၍ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပင်လယ်ပြာရောင်ကဲ့သို့ နက်ရှိုင်းသော အပြာရောင်ရှိပြီး ခြေသည်းများကို မြှောက်ကာ နှင်းလုံးလေး၏အမြီးကို အဆက်မပြတ် ဆိတ်ဆွနေသည်။ သူတို့ ယခုလေးတင် ကြားလိုက်ရသော စူးရှသည့်အသံမှာ ဤအသက်ရှင်နေသေးသော ကြက်တူရွေးထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့အပြင် ကြက်တူရွေးသည် ကြောင်လေး၏ လည်ပင်းကို တစ်ခါတစ်ရံ ဆိတ်ကာ ရန်စသည့်အနေဖြင့် အသံပေး၍ဖြစ်စေ နှင်းလုံးလေးကို ဆိတ်၍ဖြစ်စေ နှောင့်ယှက်နေသည်။

သူသည် သေမင်းနှင့် အကြိမ်ကြိမ် ကစားနေခြင်းပင်ဖြစ်သည်။ နှင်းလုံးလေးမှာမူ သေနေသော ကြက်တူရွေးကို ခြေဖဝါးများဖြင့် ကုတ်ခြစ်နေရင်း ဆူညံပြီး စိတ်အနှောင့် အယှက်ဖြစ်ဖွယ်ကောင်းသော ကြက်တူရွေး၏ရန်စမှုများကို ရှောင်ရှားရန် ခေါင်းကို စောင်းကာ အမြီးကို ရမ်းခါနေရသည်။

ဤသည်ကို မြင်သောအခါ ကမ်းကော်ကော်က ချက်ချင်းပင် ခပ်တိုးတိုးလေး ခေါ်လိုက်သည်။

"နှင်းလုံးလေး၊ ဒီကိုလာခဲ့..."

နှင်းလုံးလေးသည် သူမရင်ခွင်ထဲသို့ ခုန်တက်လာသည်။ ကမ်းကော်ကော် ကြောင်လေးပါးစပ်ကို လက်ချောင်းများဖြင့် ဖိဟကာ ကြည့်လိုက်သည်။

[အို... ဘုရားရေ]

သူလေး၏သွားများမှာ သွေးများပေကျံနေပြီး နှုတ်ခမ်းတစ်ဝိုက်ရှိ အမွေးများတွင်လည်း သွေးများ စွန်းထင်းနေလေသည်။ သူမ ပဝါတစ်ထည်ကို အလျင်အမြန် ထုတ်ကာသန့် ရှင်းသွားအောင် သုတ်ပေးလိုက်သည်။

ဤနေရာသို့ လာရာလမ်းတစ်လျှောက်လုံး အဆိုးရွားဆုံး အခြေအနေအတွက် ပြင်ဆင်ထားပြီးဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ဤသည်မှာ သူမ မျှော်လင့်ထားသော အဆိုးရွားဆုံး အခြေအနေ မဟုတ်ခဲ့ပေ။ အနည်းဆုံးတော့ နှင်းလုံးလေး ဘေးကင်းနေသေးသည်။

ပြဿနာတစ်ခုက သူသည် သူတစ်ပါး၏ ကြက်တူရွေးကို သတ်ပစ်လိုက်ခြင်းပင်။

ခြံဝင်းအတွင်းရှိ မိန်းမစိုး ပေါ်ဖုန်းက အသံကျယ်ကျယ်ဖြင့် အော်ဟစ် လျှောက်တင်သည်။

"ကမ်းကော်ကော်ကို အရိုအသေပေးပါတယ်"

ခြံဝင်းအတွင်းရှိ လူများအားလုံးက ဝိုင်းကြည့်နေကြသဖြင့် ကမ်းကော်ကော်မှာ အနည်းငယ် အနေခက်သွားရသည်။

ယန်လင်းသည် တံခါးကို တွန်းဖွင့်ထားပြီးဝ်ုလာသဘ်။

"ကမ်းကော်ကော်... ကျွန်မတို့ သခင်မလေးက အထဲကိုဝင်ခဲ့ဖို့ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်"

ကမ်းကော်ကော်မှ နှင်းလုံးလေးကို ပွေ့ချီလျက် အိမ်ထဲသို့ ဝင်သွားလေသည်။

ဝူကော်ကော်သည် အပူပေးကုတင်ပေါ်တွင်ထိုင်ကာ နေ့လယ် စာစားနေပြီး ဝက်မြီးဟင်းအချိုနှပ် တစ်ခုကိုကောက်ယူလိုက်သည်။ ဝက်မြီးမှာ တစ်ချောင်းလုံးဖြစ်ပြီး ကျောက်သကြားဖြင့် အရောင်တင်ထားသဖြင့် အလွန် ဆွဲဆောင်မှုရှိသော အရောင်အဆင်းရှိကာ စားချင်စဖွယ် ဖြစ်နေလေသည်။

ဝူကော်ကော်သည် အသားအများဆုံးနှင့် အိကျိကျိအဖြစ်ဆုံး အစိတ်အပိုင်းကို အကြီးကြီး တစ်ကိုက် ကိုက်စားလိုက်ပြီးနောက် နူးညံ့နေသော အရေခွံကိုတစ်ခါတည်းမျိုချပစ်သည်။ သူမသည် အသားတစ်ဖတ်ကို ဆွဲဖဲ့ကာ ပါးစပ်ထဲ စုပ်သွင်းလိုက်ပြီး အားရပါးရဝါးစားနေတော့သည်။ သူမ အလွန် လျင်မြန်စွာ စားသောက်နေပြီး ဝက်မြီးကို ဆယ်ကိုက်ကျော်ခန့်ဖြင့် အကုန်စားပစ်လိုက်ကာ ၀က်ခြေတစ်ခုကို ထပ်ယူပြန်သည်။

သူမ စားနေသည်ကို မြင်သောအခါ ကမ်းကော်ကော်လည်း ဗိုက်ဆာလာရသည်။ သူမသည် ကြောင်လေးကို နာရီဝက်ကျော်ကြာအောင် လိုက်ရှာနေခဲ့ရသဖြင့် သူမ၏ထမင်းစားချိန်ပင် လွန်တော့မည်ဖြစ်သည်။

သို့သော်လည်း မိသားစု စားပွဲသောက်ပွဲများတွင် စားသောက်စဉ်က အနည်းငယ် သပ်ရက်ရသော ဝူကော်ကော်မှာ သီးသန့် စားသောက်ချိန်တွင် ပိုအားပါးတရစားသောက်တတ်ကြောင်း တွေ့ရသဖြင့် သူမ အတော်လေး အံ့အားသင့်သွားရသည်။

[ဒါဆို ယင်ကျန်းက ကျန်းမားမားကို ငါ့ဆီလွှတ်ပြီး အမူအ ကျင့်တွေ ပြန်သင်ခိုင်းခဲ့တာကျတော့ ဘာလဲ၊ ဝူကော်ကော်ကိုကျတော့ အလွတ်ပေးထားတယ်ပေါ့လေ၊ ငါက အရင်ကရောအခုပါ ဝူကော်ကော်နဲ့ ယှဉ်ရင် စားသောက်တဲ့နေရာမှာ အများကြီး ပိုပြီးမိန်းမဆန်တယ်လို့ သတ်မှတ်နိုင်တာကို]

ကမ်းကော်ကော် တံတွေးတွေမျိုချရင်း သူမစားနေသည်ကို ဆက်မကြည့်ချင်တော့သဖြင့် တိုက်ရိုက်ပင် မေးလိုက်သည်။

"ဝူကော်ကော်... ဒီခြံဝင်းထဲက ကြက်တူရွေးကို ကျွန်မရဲ့ နှင်းလုံးလေးက သတ်လိုက်မိပါတယ်"

သူတို့နှစ်ဦးလုံး ကိုယ်လုပ်တော်များဖြစ်ကြပြီး သူတို့ဆက်ဆံရေးမှာ ရန်သူများသဖွယ် ဖြစ်နေသော်လည်း သူမနှင့် ဝူကော်ကော်တို့ကြားတွင် မည်သည့် ပြဿနာမှမရှိခဲ့ဖူးကြောင်းကို သူမ ခေတ္တမျှ ပြန်လည်စဉ်းစားမိလိုက်သည်။ ထို့ကြောင့် သူမသည် ဝူကော်ကော်အား ယဉ်ကျေးစွာပင်ဆက်ဆံသည်။

ဝူကော်ကော်မှာ စားသောက်ရန်အလုပ်ရှုပ်နေပြီး စကားပြန်မပြောပေ။ ယန်လင်းကသာ ယုတ်မာစွာပြုံးကာပြောလယသည်။

"ကမ်းကော်ကော်... ကျွန်မတို့ သခင်မလေးက သူ ထမင်းစားနေချိန် အနှောင့်အယှက်ပေးတာကို မကြိုက်ပါဘူးရှင်"

ဟွာယွီ ချက်ချင်း ၀င်ပြောသည်။

"သူက အနှောင့်အယှက်ပေးတာ မကြိုက်မှတော့၊ ကျွန်တော်မျိုးမတို့ ပြန်ကြရအောင်လေ"

ဟွာယွီ၏စကားမှာ အဓိပ္ပာယ်ရှိသည်ဟု ကမ်းကော်ကော် ထင်လိုက်သဖြင့် ပြောလိုက်သည်။

"ကျွန်မလည်း ထမင်းမစားရသေးဘူး၊ ဒါဆို ကျွန်မ ပြန်ခွင့်ပြုပါဦး"

"နင် အဲဒီမှာ ရပ်လိုက်စမ်း"

ဝူကော်ကော်သည် သူမ ပါးစပ်ထဲတွင် အသားများ ပြည့်နှက်နေလျက်ဖြင့် ပြောလိုက်သည်။

[တကယ်လို့ ကမ်းကော်ကော်က ခြံဝင်းထဲ ပြန်ရောက်သွားပြီး အရာအားလုံးကို ငြင်းပယ်လိုက်မယ်ဆိုရင် ဒီနေ့ ပြဇာတ်က အလဟဿ ဖြစ်သွားမှာ မဟုတ်ဘူးလား]

သူမသည် နှင်းလုံးလေးကို သက်သေနှင့်တကွ လက်ပူးလက် ကျပ် ဖမ်းမိချင်ခဲ့ပြီး ကမ်းကော်ကော်ကို ငြင်းဆိုခွင့် မရ အောင် လုပ်ချင်ခဲ့ခြင်း ဖြစ်သည်။ ဤအချိန်တွင် ဝူကော်ကော်က ယနေ့ကိစ္စကို ငြိမ်းချမ်းစွာ ပြီးဆုံးခွင့်ပြုမည် မဟုတ်ကြောင်း ကမ်းကော်ကော် သဘောပေါက်သွားသည်။ သူမသည် ဖော်ရွေသော အမူအရာကို စွန့်လွှတ်လိုက်ပြီး မေးသည်။

"နင် ဘာလိုချင်တာလဲ"

ဝူကော်ကော်သည် သူမ၏ ဆီပေနေသော နှုတ်ခမ်းများကို ဆူကာ ပြောလာသည်။

"နင့်ကြောင်က ငါ အမြတ်တနိုးထားတဲ့ ကြက်တူရွေးကို သတ်ပစ်လိုက်တာလေ၊ နင်က ကြောင်ပိုင်ရှင်ဖြစ်တော့ နောင်တရတဲ့ အမူအရာလေးတောင် မပြချင်ဘူးလား"

ကမ်းကော်ကော်က ပြန်ပြောသည်။

"နှင်းလုံးလေး ကိုယ်စား ရှင့်ရဲ့ ကြက်တူရွေးကို ကျွန်မ တောင်းပန်ပါတယ်၊ ဒါမှမဟုတ်ရင်လည်း နှစ်ဆ ပြန်လျော်ပေးနာဖြစ်ဖြစ် ရှင့်အတွက် ကြက်တူရွေး နောက်ထပ် နှစ်ကောင်ဝယ်ပေးမယ်လေ"

ဝူကော်ကော်သည် သူမလက်ပေါ်မှ ဆီများကို ပဝါဖြင့် သုတ်လိုက်ပြီး ပြောသည်။

"ဒါက ငွေကြေးနဲ့ ဆိုင်တဲ့ကိစ္စလား၊ အသက်တစ်ချောင်းကို အသက်တစ်ချောင်းနဲ့ ပြန်ပေးဆပ်ရမယ်၊ နင့်ကြောင်က ငါ့ကြက်တူရွေးကို သတ်ခဲ့တာလေ၊ နင်က တန်ရာတန်ကြေး တစ်ခုခုတော့ ပေးဆပ်သင့်တယ် မဟုတ်ဘူးလား"

ကမ်းကော်ကော်မှာ သူမ စကားများသည် ရယ်စရာကောင်းသည်ဟု ထင်လိုက်ပြီး လှောင်ပြုံးမပြုံးဘဲ မနေနိုင်တော့ချေ။

"ဒီကြောင်လေးကို အရှင်မင်းသားဆီ ဘယ်သူ လက်ဆောင်ပေးခဲ့တာလဲဆိုတာ ရှင် သိလား၊ ပြီးတော့ ဘယ်လိုလုပ်ပြီး ကျွန်မလက်ထဲ ရောက်လာတာလဲဆိုတာရော ရှင်သိရဲ့လား"

ဝူကော်ကော်က ပြန်ပက်သည်။

"နင်က ငါ့ကို ဖိအားပေးဖို့ ခမည်းတော် ဧကရာဇ်မင်းမြတ်နဲ့ စတုတ္ထမင်းသားကို အသုံးချစရာမလိုဘူး၊ အခုချိန်မှာ နင်က သူ့ပိုင်ရှင်ပဲ၊ ကလေးတစ်ယောက်ကို သေချာမဆုံးမနိုင်တာက ဖခင်ရဲ့အပြစ်ပဲ၊ ဒါတွေအားလုံးက နင့်မှာတာ၀န်ရှိတယ်"

ကမ်းကော်ကော် သူမ ပခုံးကိုတွန့်လိုက်ပြီး မျက်နှာပြောင် တိုက်ကာ ခွန်းတုံ့ပြန်သည်။

"ဒါပေမဲ့ ကျွန်မက မိန်းမလေ၊ ပြီးတော့ ဒါက ကျွန်မ ကလေးမှမဟုတ်တာ"

ဝူကော်ကော်သည် သူမနှာခေါင်းကို လက်ညှိုးငေါက်ငေါက် ထိုးကာ ဒေါသတကြီးဖြင့် "နင်"

ကမ်းကော်ကော်က ဆက်ပြောသည်။

"ဒီကိစ္စအတွက် ရှင်မှာရော တာဝန်မရှိဘူးလား၊ ရှင်က ကြက် တူရွေး ဝယ်လာပြီးမှတော့ ဘာလို့ လှောင်အိမ်ထဲထည့်ပြီး ချိတ်မထားတာလဲ၊ ရှင်သာ ကြက်တူရွေးကို သေချာဂရုစိုက်ခဲ့ရင် ကျွန်မကြောင်ရဲ့ ခြေသည်းတွေက လှောင်အိမ်ထဲ ရောက်ပြီး သူ့ကို သတ်နိုင်မှာမဟုတ်ဘူး၊ ပြီးတော့ ကျွန်မရဲ့ ကြောင်က အစကတည်းက အနောက်ဘက် ခြံဝင်းမှာနေတာ၊ ဘာအကြောင်းပြချက်မှမရှိဘဲ အရှေ့ဘက် ခြံဝင်းကို ဘာလို့ ရောက်လာရတာလဲ၊ ရှင့်ရဲ့ အစေခံယန်လင်းက ဒီနေ့ ငှက်လှောင်အိမ်ကြီးကိုင်ပြီး အနောက်ဘက်မှာ သွားလာနေတာကို လူတိုင်း မြင်တွေ့ခဲ့တာပဲ၊ ရှင် ငြင်းလို့မရဘူး၊ ရှင် ကျွန်မကြောင်ကို ကြက်တူရွေးသတ်တယ်ဆိုပြီး အပြစ်တင်နေတယ်၊ ဒါပေမဲ့ ကြက်တူရွေးရဲ့ပိုင်ရှင်တစ်ယောက်အနေနဲ့ ကြက်တူရွေးရဲ့ အသက်ကိုရော ရှင် လေးစားမှုရှိခဲ့ဖူးလို့လား၊ ကျွန်မရဲ့နှင်းလုံးလေးက ရှင့်ရဲ့ထောင်ချောက်ဆင်တာကို ခံလိုက်ရတာလို့လည်း ကျွန်မ ပြောနိုင်တယ်၊ သူက အရမ်း လိမ္မာတဲ့ကြောင်လေးပါ၊ ကြွက်တစ်ကောင်ကိုတောင် မသတ်ဖူးဘူး၊ ဒါပေမဲ့ အခုတော့ အပြစ်ကင်းတဲ့ ကြက်တူရွေး တစ်ကောင်ကို သတ်ဖို့ လှည့်စားခံလိုက်ရတာပဲ"

"နင် တကယ့်ကို လွန်လွန်းနေပြီ"

ဝူကော်ကော်သည် စားပွဲကို ဒေါသတကြီး ရိုက်ချလိုက်ရာ ၀က်ရိုးများ အပေါ်သို့ ခုန်တက်သွားပြီးနောက် ပြန်လည် ပြန့်ကျဲသွားကာ ဆီများမှာ နေရာအနှံ့ စင်ထွက်သွားတော့ သည်။

ကမ်းကော်ကော်သည် သူမအဝတ်အစားများပေါ်သို့ ဆီများ စင်လာမည်ကို စိုးရိမ်သဖြင့် ရွံရှာစွာ နောက်သို့ ဆုတ်လိုက်သည်။ သူမ ထိုနေရာတွင် ဆက်မနေချင်တော့သဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးပြောသည်။

"ကျွန်မ ရှင့်ကို လျော်ကြေးအဖြစ် ငွေပေးနိုင်ပါတယ်၊ ဒါပေမဲ့ ရှင်က ဒီလို အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုမှုတွေနဲ့ ကျွန်မကို အကြံအစည်ထုတ်ဖို့ ကြိုးစားနေတယ်ဆိုရင်တော့ ရှင် တွက်ဆတာ မှားသွားပြီ၊ ကျွန်မက ရွှံ့နဲ့လုပ်ထားတာ မဟုတ်ဘူး၊ ကျွန်မ ဗိုက်ဆာနေပြီ၊ ရှင် သေချာစဉ်းစားပြီးတဲ့အခါကျရင် ဒီအကြောင်းဆွေးနွေးဖို့ ကျွန်မ ခြံဝင်းကို လူလွှတ်လိုက်ပါ"

🌻 Chapter 60

သူမ လှည့်ထွက်သွားစဉ်မှာပင် အနောက်ဘက်မှ rသံတစ်ခုကို ကြားလိုက်ရသည်။

သူမ လျင်မြန်စွာ လှည့်ကြည့်လိုက်ရာ ဟွာစန်းက ကြာပွတ်အဖျားကို ဖမ်းဆုပ်ထားပြီး ကြာပွတ်အရင်းကို ကိုင်ထားသော ဝူကော်ကော်နှင့် လွန်ဆွဲနေသည်ကို မြင်လိုက်ရသည်။

[ဘုရားရေ... သူက လူမြင်ကွင်းမှာ ဒီလောက်တောင် ကြမ်းကြမ်းတမ်းတမ်းနဲ့ ငါ့ကို ရိုက်ဖို့ ကြိုးစားရဲတာလား]

ဝူကော်ကော်သည် သူမကို မရိုက်လိုက်ရသဖြင့် စတင်၍ ဆဲရေးတိုင်းထွာတော့သည်။

"ကမ်းကော်ကော်... နင့်အစေခံတွေက အသိဉာဏ်ရော ရှိရဲ့လား၊ ငါ့ကြာပွတ်ကို လာလုရဲအောင် ဘယ်သူက သတ္တိတွေ ပေးထားတာလဲ"

သူမက သူမကိုယ်သူမ သိုင်းပညာမှာအတော်လေး ကျွမ်း ကျင်သည်ဟု ယူဆထားသော်လည်း ယနေ့တွင် အမည်မသိ အစေခံတစ်ယောက်၏လက်အောက်၌ ရှုံးနိမ့်သွားရမည်ဟု မထင်မှတ်ထားခဲ့သဖြင့် သူမမျက်နှာမှာ ချက်ချင်းပင် နီရဲသွားတော့သည်။

ဤအချိန်တွင် ကမ်းကော်ကော်လည်း ဒေါသထွက်သွားခဲ့ပြီ ဖြစ်သည်။ သူမက ပြန်လည် တုံ့ပြန်လိုက်သည်။

"ရှင်က ကျွန်မကို ရိုက်ချင်နေတာဆိုတော့ သူက တားတာ ဘာမှားနေလို့လဲ၊ ကျွန်မက ရှင့်အရိုက်ခံဖို့အတွက် အောက် ကျို့ပြီး မွေးဖွားလာတဲ့သူမို့လို့လား၊ ရှင့်ဘက်က မရိုက်လိုက်ရလို့တောင် နောင်တရနေသေးတာလား၊ ဟွာယွီ၊ ဟွာစန်း... ဝူကော်ကော်က ပြဿနာရှာချင်နေမှတော့ ငါတို့ သွားကြစို့၊ လျော်ကြေးဟုတ်လား... တောက်~!"

ဝူကော်ကော်မှာ သူတို့သုံးဦးအား ဒေါသတကြီး လက်ညိုးထိုးကာ "သူတို့ကို တားထားစမ်း"

ယန်လင်းမှာ ဝူကော်ကော် အိမ်တော်မှ ခေါ်လာခဲ့သော အစေခံဖြစ်ပြီး အတော်လေးအရည်အချင်းရှိသူဖြစ်သည်။ သူမက ကမ်းကော်ကော်၏ လမ်းကို တည့်တည့်မတ်မတ် ပိတ်ရပ်လိုက်သည်။

ကမ်းကော်ကော်သည် စူးစူးရဲရဲ စိုက်ကြည့်ကာ အော်ဟစ်သည်။

"ငါက အရှင်မင်းသား ကိုယ်တိုင်ခန့်အပ်ထားတဲ့ ကော်ကော် တစ်ယောက်ပဲ၊ နင် ငါ့ကို လက်ဖျားနဲ့ လာထိရဲတာလား"

မည်သူကမျှ ဤသို့သော စကားမျိုး ယခင်ကမပြောဖူးသဖြင့် နားထောင်ရသည်မှာ အတော်လေး ခြိမ်းခြောက်နိုင်စွမ်းရှိလှသည်။ ကမ်းကော်ကော်သည် ယန်လင်းလန့်သွားသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ သူမကို ဘေးသို့ တွန်းဖယ်၍ အလျင်အမြန် ထွက်ခွာသွားလေသည်။

ဝူကော်ကော်မှာ ဒေါသထွက်လွန်းသဖြင့် မတ်တပ်ရပ်၍ လိုက်ဖမ်းချင်သော်လည်း ကံမကောင်းစွာဖြင့် သူမ ခြေကျင်းဝတ်မှာ ဒဏ်ရာရနေသောကြောင့် မတ်တပ်ရပ်လိုက်သည်နှင့် နာကျင်သွားသဖြင့် အားပြု၍ မရတော့ပေ။

ယန်လင်းသည် သတိပြန်ဝင်လာပြီးနောက် သူမကို တွဲကူရန် အလျင်အမြန် ရှေ့တိုးလာခဲ့သည်။

"သခင်မလေး... ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါဦး"

ဝူကော်ကော်သည် သူမပါးကို ဖြတ်ရိုက်လိုက်သည်။

"အသုံးမကျတဲ့ ကောင်မ"

အကယ်၍ လီစဲဖူကသာ သူမကို စိတ်အနှောင့်အယှက် ပေးခဲ့မည်ဆိုလျှင် သူမ သည်းခံနိုင်သော်လည်း ကမ်းကော်ကော်တွင် မည်သည့် အခွင့်အရေးရှိပါသနည်း။

မင်းသားက သူ့ကို ဂရုစိုက်တယ်လို့ သူ တကယ်ပဲ ထင်နေတာလား၊ သူက ငါ့ရဲ့အစားထိုးခံ သက်သက်ပဲဟာကို

ယန်လင်း၏ မျက်ဝန်းများနီရဲလာပြီး "သခင်မလေး... ကျွန်မကို အပြစ်မတင်ပါနဲ့၊ ကိုယ့်သခင်အပေါ် ကျွန်မက ဘယ်လိုလုပ် လက်ပါရဲမှာလဲ"

ဝူကော်ကော် ဒေါသတကြီး ခွန်းတုံ့ပြန်လိုက်သည်။

"သူ့ကိုယ် သူ ဘယ်သူများ မှတ်နေလို့လဲ၊ ငါကသာ နင့်သခင်ပဲ"

ယန်လင်း မျက်လုံးများ တောင်ရောက်မြောက်ရောက် ဖြစ်သွားပြီး ပြောလိုက်သည်။

"သခင်မလေး ပြောတာ မှန်ပါတယ်၊ တကယ်တော့ ဘယ်ဘက်ကပဲကြည့်ကြည့် ကျွန်မတို့ဘက်က မှန်နေတာပဲလေ၊ စတုတ္ထမင်းသားကိုများ ကျွန်မတို့ကို ကူညီပေးဖို့ တောင်းဆိုကြည့်ရအောင်လား"

ဝူကော်ကော်က "ဟုတ်တယ်... ဒီကိစ္စကို ဒီအတိုင်းအဆုံး သတ်သွားခွင့် မပေးနိုင်ဘူး၊ မင်းသားက အမြဲတမ်း တရားမျှတပြီး ဘက်မလိုက်တတ်ဘူး"

ကမ်းကော်ကော်နှင့် ဝူကော်ကော်တို့ စကားများနေချိန်တွင် ပေါ်ဖုန်းသည် ပြတင်းပေါက်မှ တိတ်တဆိတ် ဝင်ရောက်လာပြီး ချွင်းလင် အခန်းတွင်းသို့ခိုးဝင်ကာ သူမအား လက်ဖက် ရည်တစ်ခွက်နှင့် ထင်းရှူးစေ့သကြားလုံး တစ်လုံးကို ပေးကာ ပြောလိုက်သည်။

"ငါ အသုံးမကျလို့ပါဟာ၊ နင့်အတွက် သမားတော်မခေါ်ပေးနိုင်ခဲ့ဘူး"

ချွင်းးလင်၏နှုတ်ခမ်းများမှာ ဖြူရော်နေပြီး သူမမျက်နှာလေးမှာလည်း နွမ်းနယ်နေသည်။

"နင့်အမှား မဟုတ်ပါဘူး၊ ငါ့ကံဆိုးတာပါ၊ နင်က ငါ့ကို ကူညီပေးနေတာတင် အရမ်းကောင်းနေပါပြီ၊ ဒါနဲ့... အပြင်မှာ ဘယ်သူတွေလဲ၊ ဘာလို့ အသံတွေ ဒီလောက် ဆူညံနေရတာလဲ"

"ကမ်းကော်ကော်ကြောင့်ပါ၊ သူ့ကြောင်က ဝူကော်ကော်ရဲ့ ကြက်တူရွေးကို သတ်ပစ်လိုက်တယ်တဲ့၊ တကယ်တော့ ယန်လင်းက ကြောင်ကို ဒီရောက်လာအောင် တမင်သက်သက် သွေးဆောင်ခဲ့တာပါ"

ချွင်းလင်း မျက်လုံးများတောက်ပသွားပြီး "ကမ်းကော်ကော် ဟုတ်လား၊ သူ... သူ ထွက်သွားပြီလား"

ပေါ်ဖုန်း သူမ ဘာတွေးနေသည်ကို သိသဖြင့် ပြန်ဖြေသည်။

"ကမ်းကော်ကော်က မင်းကို မသိဘူးလေ၊ သူ မင်းကို ကူညီနိုင်ခြေက အရမ်းနည်းတယ်၊ ဘာလို့ လီစဲဖူကို သွားမရှာတာလဲ"

"လီစဲဖူ ဟုတ်လား"

ချွင်းလင်သည် လီစဲဖူ၏မောက်မာပြီး ဗိုလ်ကျတတ်သော မျက်နှာကို တွေးမိကာ မျက်မှောင်ကြုတ်လိုက်သည်။

"သူက ငါ့ကို ကူညီနိုင်ပါ့မလား"

ချန်ကော်ကော်က ဖူကျင်း သို့မဟုတ် လီစဲဖူကို ပြောပြပြီးလောက်ပြီလားဟု သူမ တွေးနေမိသည်။ ဘာလို့ သူမဆီက သတင်းအစအနလေးတောင် မကြားရတာလဲ၊ ချန်ကော်ကော်ကရော ငါ့ကို လိမ်ညာနေတာများလား...

သူမ ကျောပေါ်ရှိ ဒဏ်ရာမှာပြန်ပွင့်လာပြီး အဝတ်အစားများက အသားနှင့် ကပ်နေသဖြင့် နာကျင်မှုကို တိုးစေသည်။

ပေါ်ဖုန်းက သူမကို နှစ်သိမ့်လာသည်။

"ဘာပဲဖြစ်ဖြစ် မင်းက ဝူကော်ကော်ဆီ သူကိုယ်တိုင်ပေးထားတဲ့ သူ့လူပဲလေ၊ လီစဲဖူက ကိုယ့်လူဆိုရင် အရမ်းအကာအ ကွယ်ပေးတတ်တာ၊ သူ့လူကို သူသာ အနိုင်ကျင့်ချင်ကျင့်မယ်၊ တခြားဘယ်သူမှ အနိုင်ကျင့်လို့မရဘူး၊ ပြီးတော့ ဝူကော်ကော်နဲ့ သူ့ရဲ့ဆက်ဆံရေးကလည်း အခုလတ်တလော အဆင်မပြေဖြစ်နေတာဆိုတော့ သူ့ကိုသွားပြီး တောင်းပန်လိုက်၊ သူ နင့်ကို ကူညီမှာပါ၊ သူက ဝူကော်ကော်ထက် ပိုပြီး အာဏာရှိသလို ဝူကော်ကော်ကိုလည်း ထိန်းချုပ်နိုင်တယ်"

အာဏာ ဟုတ်လား၊ အာဏာက အသုံးဝင်လို့လား...

ချွင်းလင် ဘာတစ်ခုမျှ နားမလည်တော့ပေ။ သူမသည် ပေါ်ဖုန်း ပြောသမျှကိုသာ ယုံကြည်လေတော့သည်။ အကြောင်းမှာ ပေါ်ဖုန်းသည် သူမ သေမင်းနှင့် ရင်ဆိုင်နေရချိန်တွင် ဆုပ်ကိုင်ထားနိုင်သော တစ်ခုတည်းသော အသက်ကယ်ကြိုးလေး ဖြစ်နေသောကြောင့်ပင်။ အကယ်၍ သူမသာ ဤတစ်ခေါက် အသက်ရှင်ခဲ့လျှင် သူမ ထပ်ပြီး အနိုင်ကျင့် မခံချင်တော့ပေ။ သူမလည်း အာဏာကိုလိုချင်လာပြီဖြစ်သည်။

"ပေါ်ဖုန်း၊ ပေါ်ဖုန်း"

အပြင်ဘက်မှ ယန်လင်းက သူ့ကို ခေါ်လာသည်။ ပေါ်ဖုန်းသည် ပြတင်းပေါက်မှ အလျင်အမြန် ထွက်ကာ ဝူကော်ကော်ထံသို့ ပြေးလာသည်။

"သခင်မလေး... ဘာကိစ္စများရှိလို့ပါလဲခင်ဗျာ"

ဝူကော်ကော် "ကမ်းကော်ကော်က သူ့ကြောင်ကို သွေးထိုးပြီး ငါ့ကြက်တူရွေးကို သတ်ခိုင်းတဲ့အကြောင်းရယ်၊ ငါ့ခြံဝင်းထဲမှာ လာပြီး ရမ်းကားသွားတဲ့အကြောင်းရယ် စတုတ္ထမင်းသားဆီ သွားပြီးလျှောက်တင်လိုက်"

ပေါ်ဖုန်းသည် ဥယျာဉ်ထဲသို့ ရောက်သောအခါ ယင်ကျန်းနှင့် အတိုင်ပင်ခံ အချို့ကို တွေ့လိုက်ရသည်။ သူသည် တိုက်ရိုက် မသွားဝံ့ဘဲ အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ကျန်တာ့နျန်ကို သူ လာရသည့် အကြောင်းရင်းကို ပြောပြလိုက်သည်။

ကျန်တာ့နျန်က အသံတိုးတိုးဖြင့် ဆူပူတော့သည်။

"ဒါက ကြီးကြီးမားမား ကိစ္စမှ မဟုတ်တာ၊ သခင်မလေးနှစ်ယောက်လုံး ဒဏ်ရာမရတာပဲ ကံကောင်း၊ မင်းသားက အခု အရေးကြီးတဲ့ ကိစ္စတွေကို ဆွေးနွေးနေတာ၊ အခြေအနေကို နားလည်ရင် မြန်မြန်ပြန်သွားလိုက်စမ်း"

ပေါ်ဖုန်းမှာလည်း အကျပ်ရိုက်သွားသည်။

"ဟုတ်ကဲ့၊ ဒါပေမဲ့ ဝူကော်ကော်က အရမ်းဝမ်းနည်းပြီး အသက်ရှုကျပ်တဲ့အထိ ငိုနေပါတယ်၊ သူ ဒီကိစ္စကို အရမ်းဂရုစိုက်နေတာ၊ မင်းသား အားတဲ့အချိန်ကျရင် သူ့အတွက် စကားကောင်းလေး ပြောပေးပါဦးခင်ဗျာ၊ အဲဒီလိုဆိုရင်တော့ ကျွန်တော်မျိုး အချည်းနှီး လာရတာ မဟုတ်တော့ဘူးပေါ့"

ကျန်တာ့နျန်က ခေါင်းညိတ်လိုက်သော်လည်း ယင်ကျန်း၏ အသံကို ကြားလိုက်ရသည်။

"ဘာကိစ္စလဲ"

ပေါ်ဖုန်းသည် ဒူးထောက်ကာ ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှကို ပြန်လျှောက်တင်လိုက်သည်။ ယင်ကျန်းမှာ အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် ပြောလာသည်။

"ကြောင်တစ်ကောင်က ကြက်တူရွေးကို သတ်လိုက်ရုံလေးနဲ့ ကိုယ်တော့်ဆီ လာပြီး တရားစီရင်ခိုင်းနေတာလား၊ ကိုယ် တော်က မင်းတို့ ရန်ဖြစ်တာတွေကိုဖြေရှင်းပေးရတဲ့ တရား သူကြီး ဖြစ်နေပြီပဲ၊ ပြန်သွားပြီး ဝူကော်ကော်ကို ပညာပါရမီ နှလုံးသားဂါထာတော် အခေါက်နှစ်ဆယ်ကူးရေးခိုင်းလိုက်၊ ဒါဆို သူတစ်နေ့လုံး အားယားမနေတော့ဘူးပေါ့"

ပေါ်ဖုန်းသည် ဘာမျှ ထပ်မပြောရဲတော့ဘဲ အကြောင်းပြန်ရန် အလျင်အမြန် ပြေးသွားတော့သည်။ ထို့နောက် ယင်ကျန်းက ကျန်တာ့နျန်အား ပြောသည်။

"ဒီည ငါ ကမ်းကော်ကော်ဆီမှာ ညစာစားမယ်လို့ လူလွှတ်ပြီး ပြောလိုက်၊ သူမကို ပြင်ဆင်ထားခိုင်းလိုက်ပါ"

"မှန်လှပါ"

ကျန်တာ့နျန်၏ဝဝဖိုင့်ဖိုင့် မျက်နှာပေါ်တွင် ကျေနပ်ဂုဏ်ယူနေသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

တွေ့လား... သူတော့ အရှက်ကွဲသွားပြီ၊ ငါကမှ စတုတ္ထမင်း သားရဲ့ အတွေးတွေကို အကောင်းဆုံးနားလည်တာပဲ

ထို့ကြောင့် ညစာစားချိန် မရောက်မီကပင် ကမ်းကော်ကော် သည် ထိုညအတွက် မည်သည့်အစားအစာ စားရမည်နည်းနှင့် အထူးသဖြင့် ယင်ကျန်း ဘာစားရသည်ကို ကြိုက်နှစ်သက်သနည်းဟူသည်ကို စဉ်းစားနေတော့သည်။

"ယုန်သားနှပ်လား"

"ဘဲခေါင်း စပ်စပ်လေးလား"

အင်း... ဒါတွေက သူမ ဒီရက်ပိုင်း စားချင်နေတဲ့ ဟာတွေပဲ၊ ဒါပေမဲ့ သူက ကြိုက်ချင်မှ ကြိုက်မှာ...

ကမ်းကော်ကော်သည် ဟွာယွီကို ကြည့်ကာ

"စစ်တပ်တစ်တပ်ကို တစ်နေ့တည်း အသုံးပြုနိုင်ဖို့အတွက် ရက်ပေါင်းတစ်ထောင်လောက် မွေးမြူထားရတယ်လို့ ဆိုကြတယ်လေ၊ နင်က အကုန်သိတယ် မဟုတ်ဘူးလား၊ မင်းသား အကြိုက်ဆုံး ဟင်းလျာတွေက ဘာလဲဆိုတာရော နင်သိလား"

ဟွာယွီ နှုတ်ခမ်းကို ဆူကာ ပြန်ဖြေသည်။

"သခင်မလေးက ကျွန်တော်မျိုးမကို အခက်တွေ့အောင် လုပ်နေတာ မဟုတ်ဘူးလား၊ မင်းသားက မင်းသားလေ၊ သူ ဘာကြိုက်တယ်ဆိုတာ ကျွန်တော်မျိုးမက ဘယ်လိုလုပ်သိနိုင်မှာလဲ"

ကမ်းကော်ကော် စဉ်းစားကြည့်ရာ ထိုစကားမှာ အဓိပ္ပာယ်ရှိလျသည်။ လူတိုင်းသည် ယင်ကျန်း မည်သည့်အရာ မကြိုက်သနည်း၊ မည်သည့်အရာ မုန်းသနည်းကို သိကြသော်လည်း သူ့အား အဆိပ်ခတ်ခံရမည့် အန္တရာယ်မှ ကာကွယ်ရန်အတွက် ယင်ကျန်း၏အကြိုက်ဆုံး အစားအစာများကို ထုတ်ဖော်မည် မဟုတ်ချေ။

All Chapters