အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
Chapter 55
စုန့်ကော်ကော်၏ရင်ထဲတွင် နွေးထွေးသွားရသည်။ ကမ်းကော်ကော်နှင့် ခင်မင်ခဲ့ရသည်မှာ အချည်းနှီးမဟုတ်ပေ။ သူမ ရယ်မောလိုက်ပြီး ပြန်ပြောသည်။
"တကယ်တော့ ငါက သမင်သားကို အရမ်းကြိုက်တာ၊ ဒါပေမဲ့ အမြဲတမ်း ပါးပါးလှီးပြီးတော့ပဲ စားဖူးတာ၊ နင့်လိုမျိုး အတုံးကြီးကြီးကို တစ်ခါမှ မမြင်ဖူးဘူး၊ ငါလည်း ဒီတလော သမင်သားကို စားချင်နေတာဆိုတော့ နင်ရောက်လာတာ အချိန်ကိုက်ပဲ"
ကမ်းကော်ကော်က ပြောသည်။
"အစ်မတော် အရမ်းကျက်သရေရှိတဲ့ နည်းလမ်းနဲ့ စားနေကျကိုး၊ ဒီနေ့တော့ နည်းနည်းရိုးရိုးကြမ်းကြမ်း စားကြည့်ရ အောင်လေ၊ အရသာတစ်မျိုးလေး ဖြစ်သွားနိုင်တယ်"
စုန့်ကော်ကော်က "အို... ဒါဆိုရင်တော့ ဒီနေ့ ငါ အမြင်ကျယ်အောင် ကြည့်ရမှာပေါ့"
သူတို့နှစ်ဦးအထဲသို့ ဝင်သွားကြပြီး စုန့်ကော်ကော်က ထပ်ပြောသည်။
"ဒါပေမဲ့ ဒီသမင်သားတွေ အားလုံးကို ငါတို့နှစ်ယောက်တည်း အကုန်စားနိုင်ပါ့မလား မသိဘူးနော်"
ကမ်းကော်ကော်သည် စုန့်ကော်ကော်က ဖူကျင်းနှင့် ရင်းနှီးကြောင်း သိထားသဖြင့် ပြောလိုက်သည်။
"တကယ်တော့လေ... ကျွန်မက ဖူကျင်းကိုလည်း ဖိတ်ကျွေးချင်တာပါ၊ ဒါပေမဲ့ ဖူကျင်းက အမြဲတမ်း ခန့်ခန့်ညားညားနဲ့ တည်ကြည်နေတော့ သွားပြီးမနှောင့်ယှက်ရဲလို့ပါ"
စုန့်ကော်ကော် ရယ်လျက် "ဘာခက်တာမှတ်လို့၊ ငါ လူလွှတ်ပြီး ဖိတ်ခိုင်းလိုက်မယ်လေ"
ထို့နောက် သူမဘေးရှိ အစေခံအား ခိုင်းလိုက်သည်။
"သွားပြီး ဖူကျင်းကို သွားဖိတ်ချေ၊ သူ အချိန်အားရင် သမင်သားလာစားလို့ရတယ်လို့ ပြောလိုက်၊ အချိန်မအားရင်လည်း နေပါစေပေါ့၊ သူ့မှာ စားရကံမပါလို့ပဲ မှတ်ရမှာပေါ့လို့ သွားပြောလိုက်ပလ"
အစေခံ ထွက်သွားပြီးနောက် ကမ်းကော်ကော်က စနောက်လာသည်။
"အစ်မတစ်ယောက်ပဲ ဖူကျင်းကို ဒီလိုပြောရဲတာ"
စုန့်ကော်ကော် "ငါတို့က သိလာတာလည်း နှစ်တွေကြာနေပြီဆိုတော့ တော်တော်လေး ရင်းနှီးနေပါပြီ၊ သူက ကြည့်ရတာသာ တင်းကျပ်ပေမယ့် သူ့လူတွေအပေါ် အရမ်းကောင်းတာပါ"
[သူ့လူတွေ ဟုတ်လား]
ကမ်းကော်ကော်က သူမကိုယ် သူမ ဖူကျင်း၏လူအဖြစ် မသတ်မှတ်နိုင်ဟု တွေးလိုက်သည်။သူမ အသက်ရှင်သန်ရန်အတွက် ဖူကျင်းထံ အညံ့ခံရန် စဉ်းစားခဲ့ဖူးသော်လည်း သူမဖခင် အလုပ်ကောင်းကောင်း ရသွားပြီးနောက် ထိုဆန္ဒများ ပျောက်ကွယ်သွားခဲ့သည်။ သူမတွင် ဖူကျင်း အားလပ်ချိန်များကို အဖော်ပြုပေးနိုင်ရန် စုန့်ကော်ကော်ကဲ့သို့ အရည်အ ချင်းမျိုးလည်းမရှိပေ။ ဖူကျင်းဘက်သို့သာ ခိုလုံပါက ဖူကျင်းအသုံးချနိုင်မည့် တစ်ခုတည်းသော တန်ဖိုးမှာ သူမ ခန္ဓာကိုယ်သာ ဖြစ်ပေလိမ့်မည်။ သူမဘာသာ လွတ်လွတ်လပ်လပ် နေထိုင်ပြီး ဖူကျင်းနှင့် မိတ်ဆွေဖွဲ့ထားရုံသာ အကောင်းဆုံးဖြစ်သည်။
မကြာမီ မီးဖိုချောင်မှ မီးသွေး၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် ချက်ပြုတ်ရေး အသုံးအဆောင်များကို ပို့ဆောင်လာသည်။
ကမ်းကော်ကော် "ဒီသမင်သားက လတ်လတ်ဆတ်ဆတ် ကင်ပြီး စားမှ အကောင်းဆုံးပဲ၊ မီးဖိုချောင်ကနေ ပြင်ဆင်ပြီးမှယူလာရင် အရသာက အတူတူပဲ ဖြစ်မှာမဟုတ်တော့ဘူး"
စုန့်ကော်ကော် "နှင်းကျနေတဲ့ ညလေးရယ်၊ မီးဖိုလေးရယ်၊ ဝိုင်ရယ်၊ သမင်သားကင်ရယ်၊ ဆီးနှင်းပန်းတွေရယ်ဆိုတော့ ဝေ့နဲ့ ကျင်းမင်းဆက်ခေတ်က ကျက်သရေရှိတဲ့ ပုံစံမျိုးလေး ဖြစ်နေတာပဲ"
အတန်ကြာသော် ဖူကျင်းနှင့်အတူ ချန်ကော်ကော်ပါရောက် လာသည်။ ဖူကျင်း သူမ အပေါ်ဝတ်ရုံ ကြယ်သီးကို ဖြုတ်ရင်း စနောက်လာသည်။
"ဒီမွန်းလွဲပိုင်း ဝမ်အာက ငါ့ဆီမှာ ရောက်နေတာနဲ့ အံကိုက်ဖြစ်သွားတယ်၊ နင်တို့နှစ်ယောက် သူ့ကို သမင်သားတစ်ကိုက်လောက် ကျွေးနိုင်မလား၊ ဒီလောဘကြီးတဲ့ ကောင်မလေးက မစားဘဲ နေနိုင်မလားလို့ကြည့်ရအောင်"
ကမ်းကော်ကော်နှင့် ချန်ကော်ကော်တို့ များများစားစားမတွေ့ဖူးကြသော်လည်း ယခင်က ဆုံတွေ့ခဲ့မှုများမှာ မကောင်းလှပေ။ ထို့အပြင် ကျန်းမားမား၏အကြောင်းပြချက် မရှိသော သတိပေးချက်ကို ထည့်သွင်းစဉ်းစားလျှင် ဆိုဖွယ်ရာပင် မရှိတော့ပေ။ သို့တိုင်အောင် သူမသည် အရွယ်ရောက်သူ တစ်ဦးဖြစ်သဖြင့် မကျေနပ်မှုကို ပေါ်ပေါ်ထင်ထင် ပြသမည် မဟုတ်ဘဲ ပြုံးလျက် ပြောသည်။
"ဘာပြောစရာလိုသေးလဲ၊ လူများလေ ပိုပျော်ဖို့ကောင်းလေပေါ့"
ချန်ကော်ကော်က သက်ပြင်းချဟန်ဆောင်ကာ "ဒီလိုဆိုရင်တော့ တော်ပါသေးရဲ့၊ ငါ လမ်းတစ်လျှောက်လုံး အလိုမတူဘဲ ဖိတ်ခေါ်မခံရတဲ့ ဧည့်သည်ဖြစ်နေမလားလို့ စိတ်ပူလာတာ"
စုန့်ကော်ကော်သည် ချန်ကော်ကော်အနီးသို့ သွားကာ ခါးကို ညှစ်လိုက်ပြီး ပြောသည်။
"ညီမချန်ကို မဖိတ်ချင်လို့ မဟုတ်ပါဘူး၊ ညီမတော်ချန်က ကရတာကို ဝါသနာပါပြီး ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့လိုနေလို့ပါ၊ ကျွန်မတို့က သမင်သားတွေ အများကြီးမစားဖို့ အကြံ ပေးထားတာလေ၊ အကယ်လို့ နင် ဝိတ်နည်းနည်းတက်လာလို့ အရင်လို လှလှပပ မကနိုင်တော့ရင် မင်းသား ဒေါသထွက်သွားလိမ့်မယ်၊ အဲဒီအခါကျ ငါတို့ အပြစ်ဖြစ်သွားမှာပေါ့"
ချန်ကော်ကော် ဖွဖွလေး ရှောင်ဖယ်လိုက်ပြီး ရယ်မောကာ "အစ်မကတော့လေ... ကျွန်မကို တကယ်နောက်တာပဲ"
ယင်ကျန်း သူမထံသို့ မလာသည်မှာ ကြာပြီဖြစ်သော်လည်း မီးထွန်းပွဲတော်မှာ နီးကပ်လာပြီဖြစ်သည်။ ယင်ကျန်း အံ့သြသွားစေရန် မီးထွန်းပွဲတော်တွင် သူမကိုကပြရန် စီစဉ်ပေးမည်ဟု ဖူကျင်းကပြောထားသည်။ အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် လပြည့်ညဝန်းကျင်တွင် ယင်ကျန်းသည် သူမခြံဝင်းသို့ လာရသည်ကို ပိုသဘောကျတတ်သည်။
ဖူကျင်း "သူက ငယ်သေးတာကိုး၊ နည်းနည်းပိုစားရုံနဲ့ ဝလွယ်တဲ့ ငါတို့နဲ့မှ မတူတာ"
စုန့်ကော်ကော် လက်ညိုးလေးကို ခါယမ်းကာ ပြုံးလျက် ပြောသည်။
"ဟင့်အင်း... ကျွန်မကိုတော့ အဲဒီထဲ ဆွဲမသွင်းနဲ့နော်၊ ကျွန်မက ကြိုက်သလောက်စား ဘယ်တော့မှမဝဘူး၊ မင်းသားရဲ့ စံအိမ်တော် တစ်ခုလုံးမှာ ဆန်တစ်စေ့ စားရုံနဲ့ နှစ်ပေါင်လောက် တက်လာနိုင်တာ လီစဲဖူ တစ်ယောက်ပဲ ရှိတယ်၊ နွေဦးမှာ စိုပြေလာတယ်၊ နွေရာသီမှာ ဝိုင်းစက်လာတယ်၊ ဆောင်းဦးမှာ ဖောင်းကစ်လာတယ်၊ ဆောင်းရာသီမှာ ဝဖြိုးလာတယ်... တကယ့်ကို ရာသီလေးပါး စက်ဝန်းအတိုင်းပဲ"
ဖူကျင်းမှာ အသံထွက်၍ပင် ရယ်မောလိုက်ပြီး "ဖူး.. အသံကို တိုးတိုးလုပ်ပါ၊ သူ ကြားသွားဦးမယ်"
စုန့်ကော်ကော်က မေးလေးကို ပင့်ကာ "ကြားတော့ရော ဘာဖြစ်လဲ၊ ဖူကျင်း ရှိနေတာပဲ၊ ကျွန်မ သူ့ကို မကြောက်ပါဘူး"
သူတို့အားလုံး ထိုင်လိုက်ကြပြီး ပါးပါးလှီးထားသော အရွယ် အစား ညီညာသည့် သမင်သားများ၊ သစ်သီးများ၊ မုန့်များအပြင် ခံတွင်းရှင်းစေရန် သစ်သီးဝိုင်တို့နှင့်အတူ တည်ခင်းလာသည်။ ကမ်းကော်ကော်သည် ရွှေအိုရောင် တောက်ပြောင်နေသော သမင်သားကင်တစ်တုံးကို တူဖြင့် ယူလိုက်ပြီး အတူပါလာသော ဆော့စ်ထဲသို့ နှစ်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။ မယုံနိုင်လောက်အောင် မွှေးပျံ့နေသည်ကို သူမ ခံစားလိုက်ရပြီး ဆီးသီးဝိုင် တစ်ငုံ သောက်လိုက်ပြီးနောက် သူမ စိတ်ထဲတွင် ပိုသက်သောင့်သက်သာဖြစ်မိနှင့် ပျော်ရွှင်သွားရသည်။
သူတို့လေးဦးမှာ သတိပင်မထားမိလိုက်ဘဲ မိုးချုပ်သည်အထိ စားသောက်နေခဲ့ကြသည်။ ကမ်းကော်ကော် ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်ကို လှမ်းကြည့်လိုက်ပြီး သူမ မျက်လွှာကို အနည်းငယ်ချလိုက်သည်။
[ဒီနေ့ သူ လာပါ့မလား၊ လာလောက်မှာ မဟုတ်ပါဘူးလေ၊ အရှေ့ဘက် ခြံဝင်းကိုများသွားပြီး ဟိုနှစ်ယောက်ဆီ ရောက်နေမလားပဲ]
ယင်ကျန်း ရုံးကိစ္စများပြီးစီးသွားပြီးနောက် အစာမစားရသေးဘဲ ကမ်းကော်ကော် နေထိုင်ရာသို့ ရောက်လာခဲ့သည်။ သူတို့၏ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် သူမနှင့်အတူ ထမင်းစားသင့်သည်ဟု သူ တွေးခဲ့သည်။ လီစဲဖူ စံအိမ်တော်သို့ စတင်ဝင်ရောက်လာချိန်ကလည်း သူတို့နှစ်ယောက် ဤသို့ပင် နီးစပ်ခဲ့ကြခြင်းဖြစ်သည်။ နောက်ပိုင်းတွင် နန်းတွင်းရေးရာကိစ္စများ ပိုမိုအလုပ်များလာသောအခါ သူသည် အတိုင်ပင်ခံများနှင့် ဆယ့်သုံးပါးမြောက် ညီတော်တို့နှင့်သာ မကြာခဏ အတူစားလေ့ရှိပြီး လီစဲဖူက သုံးငါးကြိမ်လောက် ဖိတ်မှသာ တစ်ကြိမ်လောက် လာတတ်သူဖြစ်လာခဲ့သည်။ အခြားသူများနှင့်ဆိုလျှင် သူသည် တစ်ခါတစ်ရံမှသာ အတူစားလေ့ရှိသည်။
သူ့ စိတ်ထဲတွင် တွေးမိလိုက်သည်။
[ငါ ဒီလောက် အလုပ်များနေတဲ့ကြားက သူနဲ့ အတူတူ ညစာလာစားတယ်ဆိုတာကို သူသာ သိရင် သေချာပေါက်ပျော်လွန်းလို့ ခုန်ပေါက်နေတော့မှာပဲ]
သူ ဤသို့တွေးရင်း လမ်းလျှောက်လာရာ သူမခြံဝင်းအတွင်းသို့ တက်တက်ကြွကြွ ဝင်ရောက်လာခဲ့သည်။ သေးငယ်သော်လည်း နွေးထွေးမှုရှိပြီး အတွင်းမှပျော်ရွှင်သော စကားသံများကို ကြားနေရသည်။
"မင်း.. မင်းသား"
ကမ်းကော်ကော်မှာ များသောအားဖြင့် ဖော်ရွေတတ်သူ ဖြစ်သောကြောင့်လည်း အစေခံများသည် သူ့ကိုမြင်လိုက်ရသောအခါ အတော်လေး ပြာယာခတ်သွားကြသည်။
ယင်ကျန်း မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး ကျန်တာ့နျန်က ဆူပူလိုက်သည်။
"ဘာတွေ ပြာယာခတ်နေကြတာလဲ၊ မင်းတို့ ခြံဝင်းထဲကို မင်းသား တစ်ခါမှ မလာဖူးတာကျနေတာပဲ"
ယင်ကျန်းသည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားလိုက်ရသဖြင့် အိမ်ထဲသို့ ဝင်သွားရာ ကမ်းကော်ကော်ကို မတွေ့ရဘဲ အစေခံ အနည်းငယ်ကိုသာ တွေ့လိုက်ရသည်။ သူ၏ အစကရှိနေသော စိတ်အားထက်သန်မှုများမှာလျော့ ကျသွားရသည်။
"သူ ဘယ်မှာလဲ"
ယင်ကျန်း လေးနက်သောမျက်နှာဖြင့် မေးလိုက်သည်။
"စတုတ္ထမင်းသားကို လျှောက်တင်ပါရစေ၊ ကျွန်တော်မျိုးမတို့ရဲ့ သခင်မလေးက စုန့်ကော်ကော်ဆီကို ညစာသွားစားပါတယ်ရှင်"
အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် မင်းသားသည် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် ရောက်လာသော်လည်း အခန်းထဲရှိ အစေခံများအားလုံးအလွန်အမင်း စိုးရိမ်ထိတ်လန့်နေကြပြီး သူ့ကို ချော့မော့နိုင်ရန် သခင်မလေး မြန်မြန်ပြန်လာဖို့ကိုသာမျှော်လင့်နေကြသည်။
ယင်ကျန်းသည် သူ့ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး သူ့မျက်နှာထားမှာ ပိုမှိုင်းညို့လာသည်။ ယင်ကျန်း၏ ကျန်းမာ ရေးကို စိုးရိမ်သော ကျန်တာ့နျန်ကမေးလိုက်သည်။
"အရှင်မင်းသား... အခြားတစ်ယောက်ဆီမှာ သွားစားမလား ဒါမှမဟုတ် ဒီမှာပဲ ညစာသုံးဆောင်မလား ခင်ဗျာ"
ယင်ကျန်းက ပြန်ဖြေသည်။
"မီးဖိုချောင်ကို စားစရာနည်းနည်းနဲ့ နို့မုန့် နည်းနည်း ဒီကို ယူလာခဲ့ဖို့ ပြောလိုက်"
ယင်ကျန်း၏စကားများကို စိုးရိမ်တကြီး စောင့်ဆိုင်းနေသော ဟွာယွီနှင့် အခြားအစေခံများမှာ ဤစကားကို ကြားသော အခါ ပိုစိုးရိမ်သွားကြသည်။
ဟင်း... ဒီနေ့မှ ဘာလို့များ ငါတို့ကော်ကော်က စုန့်ကော်ကော်ဆီ သွားရတာလဲ..
ယင်ကျန်းသည် ကမ်းကော်ကော်အား အကြောင်းပြချက် မရှိဘဲ မကြာခဏ ဒေါသထွက်ကာထွက်သွားလေ့ရှိသောကြောင့် ဤအစေခံများက မင်းသားတွင် အလွန်ဆိုးရွားသော ဒေါသရှိသည်ဟု ယုံကြည်ထားကြသည်။ သူတို့ တုန်ရီစွာဖြင့် အစားအသောက်များကို တည်ခင်းပေးပြီးနောက် ယင်ကျန်း ဒေါသမပေါက်ကွဲသည်ကို မြင်သောအခါမှသာ အားလုံး သက်ပြင်းချနိုင်တော့သည်။
🌻 Chapter 56
အခန်းတွင်း၌ အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။ အစေခံများမှာ ကမ်းကော်ကော် ပြန်အလာကိုသာ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။
ယင်ကျန်းသည် လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်လျက် အပူပေးကုတင်ပေါ်တွင် ထိုင်နေသော်လည်း စာမျက်နှာ တစ်မျက်နှာမျှ မလှန်သည်မှာ ကြာလှပြီဖြစ်သည်။
"သခင်မလေး ပြန်ရောက်ပါပြီ"
သူ အစေခံများ အော်လိုက်သံကို ကြားလိုက်ရသောအခါမှ အေးစက်စွာ တစ်ချက် နှာမှုတ်လိုက်ပြီး စာမျက်နှာကို လှန်ကာ သူမကို လျစ်လျူရှုထားလိုက်သည်။
ကမ်းကော်ကော်မှာ ဝိုင်အနည်းငယ် သောက်ထားသဖြင့် သူမ မျက်နှာမှာ ပုံမှန်ထက် ပိုနီမြန်းနေသည်။ သူမ ကျန်တာ့နျန်ကို မြင်သည်နှင့် တစ်ပြိုင်နက် သူရောက်နေပြီဖြစ်ကြောင်း သိလိုက်သည်။ ယင်ကျန်း ထိုနေရာတွင် ညစာစားခဲ့ကြောင်း ဟွာယွီက စိုးရိမ်နေသော မျက်နှာထားဖြင့် သူမကို ပြောလာခဲ့သည်။
ဟွာယွီ၏မျက်နှာထားမှာ ယင်ကျန်း စိတ်အခြေအနေမကောင်းကြောင်းနှင့် သူမအနေဖြင့် သတိထားသင့်ကြောင်း သတိပေးနေခြင်းဖြစ်သည်။
[ဟက်... သတိထားရမယ် ဟုတ်လား၊ ကမ်းကော်ကော်ဆိုတဲ့ငါက ဘယ်တုန်းကများ အသံကျယ်ကျယ် ပြောရဲလို့လဲ၊ အမြဲတမ်းသတိထားပြီး အောက်ကျို့နေခဲ့ရတာ မဟုတ်ဘူးလား၊ အဲဒါတောင် သူ ဘယ်တော့မှ မကျေနပ်ခဲ့ဘူးလေ]
အရက်မှာ သူရဲဘောကြောင်သူများကိုတောင် ရဲရင့်စေသည်ဆိုသော စကားအတိုင်းပင်။ ကမ်းကော်ကော် အရိုအသေပေးပြီးနောက် ယင်ကျန်းက သူမကို လျစ်လျူရှုထားသည်ကို မြင်သောအခါ သူ့ဘေးတွင် ဝင်ထိုင်လိုက်ရာ သူမ ဒူးများမှာ သူ့ဒူးများနှင့် ထိကပ်နေတော့သည်။
ယင်ကျန်း၏အကြည့်များမှာ စာအုပ်ပေါ်တွင်သာ စူးစိုက်နေပြီး စာအုပ်ထဲမှပန်းပွင့်များ ပွင့်လာမည့်အလား ကြည့်နေလေသည်။
သူသည် ကမ်းကော်ကော်အား သူ့ကို မပြောဘဲ သူမဘာသာ ထွက်သွားသည့်အတွက် ဆူပူချင်နေသော်လည်း သူ အရင်စကားစပြောသူ မဖြစ်ချင်ပေ။ သူ သူမကို စိတ်ဆိုးနေဆဲဖြစ်သည်။
ကမ်းကော်ကော်မှာ ယင်ကျန်းအနားသို့ တိုးကပ်သွားပြီး နှုတ်ခမ်းကို ဟလိုက်သည်။
"သခင်ကြီး... ဂေ့..."
ယင်ကျန်းမှာ ရွံရှာသွားဟန်ဖြင့် မျက်နှာကို တစ်ဖက်သို့ လွှဲပစ်လိုက်သည်။
ကမ်းကော်ကော် ဘာမျှဆက်မပြောတော့ဘဲ မှန်တင်ခုံဆီသို့ သွားကာ သူမ၏ လက်ဝတ်ရတနာများနှင့် ဆံထိုးများကို စတင်ဖြုတ်တော့သည်။
အဆုံးတွင် ယင်ကျန်းသည် ပျင်းရိလာသဖြင့် စာအုပ်ကို ချထားလိုက်ပြီး အပြစ်တင်ချင်သော မျက်ဝန်းများဖြင့် သူမကိုကြည့်ကာ စပြောတော့သည်။
"ကိုယ် မင်းကို စောင့်နေတာ တစ်နာရီတောင်ရှိပြီ"
ကမ်းကော်ကော် ခေါင်းညိတ်ကာ ပေါ့ပေါ့ပါးပါးပင် ပြန်ပြောသည်။
"ဒါဆို အရှင်မင်းသား အရမ်းပင်ပန်းနေမှာပေါ့"
[ဘာလို့များ သူက ခင်ပွန်းပြန်လာမှာကိုစောင့်နေတဲ့ နုံအတဲ့ မိန်းမကြီးလိုဖြစ်နေရတာလဲ၊ သူ့လို မြင့်မြတ်တဲ့သူက ငါ့ကို မစောင့်ဘဲ နေလိုက်လို့ရသားပဲ၊ ဘာပဲဖြစ်ဖြစ် ငါတို့က ကုတင်တစ်လုံးတည်းပေါ် အတူတူအိပ်ပြီး ဘာမှလုပ်ကြတာမှ မဟုတ်တာ၊ ဘာတွေများ ဒီလောက်တောင် နစ်နာနေသလို ဖြစ်နေရတာလဲ]
ယင်ကျန်းသည် သူ့ကိုယ် သူ ဘာဖြစ်နေမှန်း မသိတော့ပေ။ သူမအား တစ်ရက်လောက်မတွေ့ရလျှင်ပင် သူ ဂနာမငြိမ် ဖြစ်နေတတ်သည်။ သို့သော် သူမကို မြင်လိုက်ရသည့် အခါတွင်လည်း သူ ကျေနပ်သွားသည်အထိ သူမအား ကိုက်ပစ်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာရသည်။
ထိုသို့တွေးလိုက်ချိန် သူ အမှန်ပင်အကောင်အထည်ဖော်လိုက်သည်။ ကမ်းကော်ကော် မျက်နှာသစ်ပြီးနောက် သူသည် သူမ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ ဘယ်ဘက်ပါးပြင်ကို အရင်ကိုက်လိုက်ပြီးနောက် ညာဘက်ပါးပြင်ကိုကိုက်လေသည်။
အဆုံးတွင် သူသည် သူမ နှုတ်ခမ်းလွှာများကို စူးစမ်းရှာဖွေလိုက်ပြီး အားထုတ်မှုအချို့ဖြင့် သူမ လျှာလေးကို ထွက်လာစေရန် သွေးဆောင်ကာ နူးညံ့လှသောလျှာလေးကိုပါ ကိုက်လိုက်တော့သည်။
ကမ်းကော်ကော်၏မျက်လုံးအစုံ ပြူးကျယ်သွားရသည်။
[ငါ မျက်နှာသစ်လိုက်ရတာ အလကားဖြစ်သွားပြီလား]
[အီး... သူက ဘာလို့ ခွေးတစ်ကောင်လို ဖြစ်နေရတာလဲ၊ ငါ့လျှာကိုတောင် အလွတ်မပေးပါလား]
ယင်ကျန်း မလွှတ်ပေးဘဲ သူမ အသက်ရှူခက်လာကာ မောဟိုက်မှ လွှတ်ပေးလိုက်သည်။
ကမ်းကော်ကော်သည် သူ့ပခုံးပေါ်သို့ မှီချလိုက်ပြီး သူမဘဝလေး သူ့လက်ထဲ အဆုံးသတ်ရတော့မည်ဟု ခံစားလိုက်ရသည်။ ချင်မင်းဆက်၏မင်းသားများသည် အမှန်ပင်လူသားစား ဘီလူးများဖြစ်ပုံရသည်။
ယင်ကျန်းက မေးလိုက်သည်။
"ဆီးသီးဝိုင် သောက်ထားတာလား"
ကမ်းကော်ကော်သည် အသံခပ်တိုးတို့ဖြင့် အတည်ပြုလိုက်သော်ငြာ စိတ်ထဲမှအထွန့်တက်မှုကိုမူ မတားဆီးနိုင်တော့ပေ။
[သူ သိသွားပြန်ပြီ၊ သူ့နှာခေါင်းက တကယ့်ကိုဆရာကြီးပဲ]
ယင်ကျန်း မျက်မှောင်ကြုတ်သွားပြီး ထူးဆန်းသော ခံစားချက်တစ်ခု ရင်ထဲ၌ဖြတ်ပြေးသွားသည်။
"ကိုယ်တို့ အတူတူ အရက်တောင် မသောက်ရသေးဘူး"
[ဒါ ငါလေးအမှားလား၊ ရှင်က အမြဲတမ်းအလုပ်တွေ ရှုပ်နေတဲ့သူလေ၊ အမြဲတမ်း အလုပ်များနေတာပဲကို၊ မသောက်ရလည်း ဘာဖြစ်လဲ၊ ကျွန်မတော့ ဂရုမစိုက်ပါဘူး]
သူမ အနည်းငယ် အိပ်ချင်လာပြီဖြစ်ကာ အရက်အရှိန်မှာ တဖြည်းဖြည်း တက်လာသဖြင့် ပိုပွင့်လင်းလာခဲ့သည်။
"ကျွန်တော်မျိုးမတို့ နောက်မှ အတူတူသောက်ကြတာပေါ့"
ထိုသို့ပြောသည်ကို ကြားသောအခါ ယင်ကျန်း အနည်းငယ် စိတ်ပြေသွားပြီး သူမနှင့် ဆက်မငြင်းခုံတော့ပေ။ သူမကို ဆွဲထူလိုက်ပြီး "မင်း ခြေထောက် မဆေးရသေးဘူး"
ကမ်းကော်ကော်သည် သူမခြေထောက်များကို သူ့ပေါင်ပေါ်သို့ ပစ်တင်လိုက်ပြီး ပျင်းရိစွာပြောလာသည်။
"ကျွန်တော်မျိုးမ အမြဲတမ်းအရှင်မင်းသားကို ခြေဆေးပေးနေတာပဲကို၊ ဒီနေ့လေးများ အရှင်မင်းသားက ကျွန်တော်မျိုးမကို ပြန်ဆေးမပေးချင်ဘူးလား"
ယင်ကျန်း ဒေါသမထွက်သွားပေ။ သူ့ ရှည်လျားသော လက် ချောင်းများဖြင့် သူမခြေကျင်းဝတ်လေးကို ဆုပ်ကိုင်ကာ သူမ၏ပန်းအိုးပုံစံ နန်းတွင်းဖိနပ်များကို ဖြည်းညှင်းစွာချွတ်ပေးလိုက်သည်။ စကားနားထောင်သော သူ့အမူအရာကို ကြည့်ကာ ကမ်းကော်ကော်လည်း တဖြည်းဖြည်းမူးဝေလာသဖြင့် ခေါင်းကိုခါထုတ်လိုက်ပြီး ယနေ့ ညစာစားပွဲတွင် ချန်ကော်ကော်အရက်မူးပြီး ညည်းတွားခဲ့သည်ကို ပြန်အမှတ်ရသွားသည်။
ချန်ကော်ကော်က "အရှင်မင်းသား အနားထောင်ရဆုံး သီချင်းက ဘာလဲဆိုတာ နင်တို့သိလား၊ အဲ့တာ ယိုအားဇာဆိုတဲ့ သီချင်းလေ"
ထိုစကားကိုကြားပြီးနောက် လူတိုင်း ဝိုင်းရယ်ခဲ့ကြသည်။ ကမ်းကော်ကော် နားမလည်သဖြင့် စုန့်ကော်ကော်အား ပြန်မေးသည်။
"အဲဒါက ဘာတွေများ ရယ်စရာကောင်းနေလို့လဲ၊ ဘာသီချင်းမို့လို့လဲ"
စုန့်ကော်ကော် သူမအတွက် ထိုသီချင်းကို ဆိုပြသောအခါ သူမလည်း လိုက်ရယ်မိတော့သည်။
[ချင်မင်းဆက်၏ ခန့်ညားတည်ကြည်လှသော စတုတ္ထမင်းသားယင်ကျန်းက ကလေးသီချင်းတွေကို နားထောင်ရတာ ကြိုက်တယ်တဲ့လေ၊ ဟားဟား...တကယ်ကို ရယ်ရတာပဲ...]
ယွင်ကျွမ်သည် ရေဇလုံ ယူဆောင်လာကာလျှောက်တင် သည်။
"အရှင်မင်းသား... သခင်မလေးကို ကျွန်တော်မျိုးမပဲ ပြုစုပေးလိုက်ရမလား”