အခန်း (၁-၂)
Vol. 1 Ch. 1-2
🐽 Chapter 1
"ယွီရွေ့ကျူး၊ အခုချက်ချင်း ခန်ပေါ်ကနေ ဆင်းခဲ့စမ်း၊ မင်းကို မိဘအိမ် ပြန်ပို့ပေးမယ်၊ ပြီးရင် မနက်ဖြန် မနက်မိုးလင်းတာနဲ့ ငါတို့ ကွာရှင်းကြမယ်"
ယွီရွေ့ကျူး ခေါင်းထဲတွင် တဆစ်ဆစ် ကိုက်ခဲနေပြီး ခေတ္တမျှ မူးဝေနေပြီးနောက် သူမ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်၏။
ပထမဆုံး မျက်လုံးထဲဝင်လာသည်က သတင်းစာဟောင်းများ ကပ်ထားသည့် မျက်နှာကြက်နှင့် အက်ကြောင်းများ အထင်းသား ပေါ်နေသော ဟောင်းနွမ်းပျက်စီးနေသည့် နံရံများပင်။
သူမခေါင်းမှာ အလွန်အမင်း ကိုက်ခဲနေသဖြင့် အိပ်မက်လား၊ တကယ်လားဆိုသည်ကိုပင် ခွဲခြားမရနိုင်လောက်အောင် ဖြစ်နေရ၏။ ထို့ကြောင့် အတင်းအားယူကာ ခန်ပေါ်တွင် ထိုင်လိုက်ပြီး ခေါင်းကို ကိုင်ထားရင်း အသံလာရာဘက်သို့ လှမ်းကြည့်လိုက်လေသည်။
ထို့နောက် ခေတ္တမျှ ကြက်သေသေသွားလေတော့သည်။
အခန်းထဲရှိ မီးရောင်မှာ မှိန်ပျပျသာရှိပြီး နံရံပေါ်တွင် ချိတ်ဆွဲထားသည့် မင်္ဂလာစာတန်း အနီရောင်နှင့် ပိုးသားစ အနီရောင်များမှာ ဝိုးတဝါး ရောင်ပြန်ဟပ်နေလေ၏။
ထိုမင်္ဂလာစာတန်းများအောက်တွင် အရပ်ရှည်ရှည် လူကြီးတစ်ယောက်က သူမကို အေးစက်စက် မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။
ထိုသူက ခေတ်ဟောင်းစတိုင် အနီရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူ့ခန္ဓာကိုယ်ရှိ တောင့်တင်းခိုင်မာသော ကြွက်သားများနှင့် အဆီပိုမရှိသောခါးအား ထင်ရှားစွာ မြင်တွေ့နေရသည်။
ယွီရွေ့ကျူး ပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်ရာ မင်္ဂလာ ဆောင် အပြင်အဆင်များကို တွေ့လိုက်ရပြီး၊ ယင်းနောက်၌ ထိုလူကြီးနှင့် ဆင်တူ ဝတ်ဆင်ထားသော သူမကိုယ်ပေါ်မှ အနီရောင်မင်္ဂလာဝတ်စုံကို ငုံ့ကြည့်မိသွား၏။ နိုးမလာခင်က ကြားလိုက်ရသည့် "ကွာရှင်းမယ်" ဆိုသော စကားကိုပြန်တွေးမိပြီးနောက် သူမမျက်စိရှေ့တွင် အမှောင်အတိကျသွားလေတော့သည်။
ဒါ ဘာတွေဖြစ်ကုန်တာလဲ။
မင်္ဂလာဆောင်တစ်ခုခုထံ တိုက်ဆိုင်စွာကူးပြောင်းလာမိ ခြင်းလား။ မင်္ဂလာဆောင်သည့်နေ့မှာပင် ကွာရှင်းရန် ပြင်နေကြသည်လား။
ယွီရွေ့ကျူး ခေါင်းထိုးကိုက်လာသဖြင့် နောက်စေ့အား ကိုင်ထားသည့် လက်ကို ဖယ်လိုက်ရာ မှိန်ပျပျမီးရောင်အောက်တွင် လက်ပေါ်မှ သွေးကွက်များကို ထိတ်လန့်ဖွယ် တွေ့လိုက်ရပြီး ပိုမိုကြောင်အမ်းသွားရသည်။
ဘုရားရေ၊ ဒါ အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အနေအထားကြီးလား။
မျက်နှာချင်းဆိုင်မှ လူကြီးက အေးစက်စက် မျက်နှာထားဖြင့် သူမ၏လက်မောင်းကို ဆွဲရန် ဟန်ပြင်နေသည်ကို မြင်လိုက်ရသဖြင့်၊ ယွီရွေ့ကျူး သူ့ကိုရှောင်ရန် နောက်သို့အလိုအ လျောက် ဆုတ်လိုက်ရင်းပြောလိုက်၏။
"ကျွန်မ သွေးထွက်နေတယ်၊ လာမထိနဲ့ လူရိုက်တာ ဥပဒေနဲ့ ညှိတယ်နော်"
ထိုလူက မျက်မှောင်ကြုတ်ကာ သူမကို ကြည့်လာ၏။
"ယွီရွေ့ကျူး၊ မင်း ဘာဉာဏ်နီဉာဏ်နက်တွေ ထုတ်သုံးနေပြန်တာလဲ"
သူ ယွီရွေ့ကျူး အနားသို့ တိုးလာသည်။
အနီးကပ် မြင်ရသည့်အခါတွင်တော့ ယွီရွေ့ကျူးတစ်ယောက် သူ့ ရုပ်ရည်သွင်ပြင်ကို ရှင်းလင်းစွာမြင်တွေ့လိုက်ရပြီး၊ နောက်စေ့ကို လက်ဖြင့် အုပ်ထားရင်း သူမ၏ မျက်နှာပေါ်တွင် အံ့သြမှင်တက်သွားသည့် အရိပ်အယောင်များ ပေါ်လာလေသည်။
ထိုလူကြီးမှာ တော်တော်လေးကို ရုပ်ဖြောင့်၏။ အလွန်ရင့် ကျက်တည်ငြိမ်သည့် ရုပ်သွင်ရှိပြီး ခပ်ညိုညိုအသားအရေပေါ်တွင် ဆွဲဆောင်မှုရှိသော မျက်လုံးအစုံရှိနေသော်လည်း သူ့ပုံစံမှာ အေးတိအေးစက်နိုင်လွန်းသည့်အပြင်၊ မျက်ခွံအထက်နှင့် အောက်ကိုဖြတ်သန်းသွားသည့် အမာရွတ်ကြီး တစ်ခုလည်း ရှိနေသည်မှာ နှမြောစရာကောင်းလှသည်။
အချိန်ကြာလာသည်နှင့်အမျှ အနည်းငယ် မှေးမှိန်သွားခဲ့ပြီ ဖြစ်သော်လည်း မျက်နှာထက်တွင်တော့ ထင်းထွက်နေဆဲပင်။
အေးစက်စက် မျက်နှာထား၊ မျက်မှောင်ကြုတ်ထားမှု၊ အထက်စီးဆန်ဆန် အမူအရာတို့နှင့်အတူ အမာရွတ်ရှိသော မျက်နှာတို့ ပေါင်းစပ်သွားသည့်အခါ မှိန်ဖျော့ဖျော့မီးရောင်အောက်တွင် အနည်းငယ်ကြောက်စရာကောင်းနေလေသည်။
အခြားသူများသာ ယခုကဲ့သို့ အနီးကပ် အကြည့်ခံရပါက လန့်ဖျပ်သွားလောက်ပေ၏။
ယွီရွေ့ကျူး သူ့အား အချိန်အတော်ကြာ စိုက်ကြည့်နေသဖြင့် ထိုလူကြီးက နှုတ်ခမ်းထောင့်များကို တွန့်ချိုးလိုက်ရာ သူ့ မျက်နှာထားမှာ ပိုမှိုင်းညို့သွားလေသည်။ သူ ယွီရွေ့ကျူးကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
"ငါ့ကို ကြောက်နေတာလား"
"မဟုတ်ပါဘူး၊ မကြောက်ပါဘူး"
အမှန်မှာ ဤမျက်နှာက ယွီရွေ့ကျူး၏အကြိုက်သွားကျနေတာပငပင် ဖြစ်သည်။
ယွီရွေ့ကျူး မူးဝေလာပြီး ပါးစပ်ပင် ခြောက်သွေ့လာကာ အကြည့်တို့ကို ထိုမျက်နှာမှ မခွာနိုင်အောင် ဖြစ်နေတော့ သည်။
အရမ်းမိုက်တာပဲ။
အသားညိုညိုနှင့် ကြွက်သားအပြည့်ရှိသည့် ယောက်ျား။ မျက်နှာထက်၌ တိုက်ပွဲဝင် အမာရွတ်များနှင့် ဖမ်းစားနိုင်လွန်းသည့် မျက်ဝန်းတစ်စုံ၊ ထိုပေါင်းစပ်မှုမှာ အင်မတန်ပင် ကြည့်ကောင်းလွန်းလှသည်။
ကျစ်၊ ထိုသူမှာ အဘယ်ကြောင့် အိမ်တွင်းအကြမ်းဖက်တတ်သည့်ယောက်ျား ဖြစ်နေရသနည်း။
"ဟမ့်"
ဟော်ချန်ယဲ့မှာ အခြားသူများ သူ့အမာရွတ်အား မည်သို့တွေးထင်နေသည်ကို ဂရုမစိုက်ပေ။ ယွီရွေ့ကျူး၏သဘောထားက အလွန်ရှင်းလင်းနေသည် မဟုတ်ပါလား။
သူ့မျက်နှာပေါ်မှ အမာရွတ်အား သူမ ရွံရှာမုန်းတီးနေသည်မှာ တစ်ရက်နှစ်ရက် မကတော့ပေ။ ထို့ပြင် သူ့မျက်နှာတည့်တည့်အား လက်ညှိုးထိုး၍ ရုပ်ဆိုးသည်ဟုပင် ဆဲဆိုခဲ့သေးသည်။
ဟော်ချန်ယဲ့မှာ ယွီရွေ့ကျူးနှင့် အပိုစကားများမပြောချင်တော့သဖြင့် လက်လှမ်းကာ ယွီရွေ့ကျူးအား ဆွဲခေါ်ရန် ပြင်လိုက်၏။ သို့သော် မထင်မှတ်ထားဘဲ ယခင်ရန်တွေ့နေသည့် မျက်နှာထားရှိသော သူမက ယခုအချိန်တွင် ရုတ်တရက် မျက်နှာပြောင်းသွားလေသည်။
"အာ့"
ဟူသော အားနည်းသည့် အသံလေးနှင့်အတူ သူမ အားအင်ကုန်ခမ်းသွားသကဲ့သို့ သူ့ ရင်ခွင်ထဲသို့ တန်းတန်းမတ်မတ် လဲကျသွားလေသည်။
သူ့ရင်ဘတ်နှင့် ဗိုက်ကြွက်သားများကို အထိခံလိုက်ရသလိုခံစားလိုက်ရသဖြင့် ဟော်ချန်ယဲ့ မင်သက်သွားကာ သူ့ မျက် နှာထားမှာလည်း အနည်းငယ်ပြောင်းလဲသွားလေသည်။
အေးစက်စက်မျက်နှာထားဖြင့် သူခေါင်းငုံ့ကြည့်လိုက်သည့်အခါ ယွီရွေ့ကျူးက နောက်စေ့ကိုကိုင်ကာ သွေးစွန်းနေသည့်လက်ကို မကျေမနပ်ဖြင့် သူ့အားပြသနေသည်ကို မြင်လိုက်ရ၏။
"ကျွန်မ တကယ် သွေးထွက်နေတာ၊ အရမ်းနာနေပြီ၊ ရှင် မယုံရင် ကြည့်ကြည့်"
ဟော်ချန်ယဲ့ ခေတ္တမျှရပ်တန့်သွားပြီး စိုစွတ်နေသည့် သွေးကွက်များကို အတန်ကြာစိုက်ကြည့်နေပြီးနောက် မျက်မှောင်ကြုတ်ကာ အေးစက်စွာပြောလိုက်လေသည်။
"ပြင်ဆင်လိုက်တော့၊ မင်းကို ဆေးခန်း လိုက်ပို့ပေးမယ်"
"ကောင်းပြီလေ”
ယွီရွေ့ကျူး တစ်ခါမှ အိမ်ထောင်မကျဖူးသဖြင့် ယခုကဲ့သို့ ရှုပ်ထွေးပွေလီနေသော မင်္ဂလာပွဲမျိုးကို သဘာဝကျကျပင် မကြုံဖူးခဲ့ပေ။
သူမက ဟော်ချန်ယဲ့ စက်ဘီးနောက်ခုံတွင် နောက်စေ့ကို အုပ်ကိုင်လျက် ထိုင်လိုက်ပြီး ညအချိန်မတော် ရွာဆေးခန်းသို့ ထိုသူ့ ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရလေသည်။
တစ်လမ်းလုံး ဆောင့်လိုက်၊ ခုန်လိုက် ဖြစ်နေသဖြင့် ခေါင်းက ပိုကိုက်လာရသည်။
မင်္ဂလာဆောင်တွင် အိမ်တွင်းအကြမ်းဖက်ခံရ၍ နောက်စေ့မှ သွေးထွက်နေခြင်း၊ မထွက်လာခင်က ကြမ်းပြင်ပေါ်တွင် မြင်ခဲ့ရသည့် စုတ်ပြဲနေသော စက္ကူနီများနှင့် ရိုက်ခွဲခံထားရသော ပစ္စည်းများ၊ ထို့ပြင် ထိုလူကြီး၏မှိုင်းညို့နေသော မျက်နှာ ထား၊ အရာအားလုံးက ယွီရွေ့ကျူး၏ခေါင်းထဲတွင် မီးခိုးငွေ့များအလား အလိုအလျောက်ပေါ်လာလေသည်။
ဘာအကုသိုလ်တွေများလဲ၊ ဘယ်လိုလုပ်ပြီး ဒီလိုရှုပ်ပွနေတဲ့ အခြေအနေကြီးထဲ ရုတ်တရက် ရောက်လာရတာလဲ။
စက်ဘီး၏တကျီကျီမြည်သံက လမ်းတစ်လျှောက် မရပ်မနားထွက်ပေါ်နေပြီး၊ ယွီရွေ့ကျူးက နောက်စေ့ကို ရှက်ရွံ့စွာ အုပ်ကိုင်ထားရင်း မျက်လုံးကို အနည်းငယ် ပင့်ကြည့်လိုက်ရာ မှိန်ပျပျ အလင်းရောင်အောက်တွင် ရွာရှုခင်းများကို မြင်တွေ့လိုက်ရ၏။
အင်းဆက်ပိုးမွှားများ၏အသံများ လွှမ်းခြုံနေပြီး လရောင်က ထိန်လင်းနေသည်။ လမ်းဘေးတွင် ခေတ်ဟောင်း ဓာတ်တိုင်များ အောက်ရှိ ခြံဝင်းငယ်လေးများတွင် ပေါင်းပင်များ ထူထပ်စွာ ပေါက်ရောက်နေပြီး ညလေညင်းက ပါးပြင်ကို တိုက်ခတ်သွားကာ ယွီရွေ့ကျူး ဘေးတစ်ဖက်တစ်ချက်ရှိ ဆံပင်စလေးများကို လွင့်ဝဲသွားစေသည်။
ယခင်ကအိမ်၏ ဟောင်းနွမ်းပျက်စီးနေသော အသွင်အပြင်အပါအဝင် ဤပတ်ဝန်းကျင် အနေအထားများကြောင့် ခေတ်ဟောင်းကို ရောက်နေကြောင်း ယွီရွေ့ကျူး ရုတ်တ ရက်သဘောပေါက်သွားလေသည်။
၇၀၊ ၈၀ ပြည့်လွန်နှစ်တွေဆီကိုများ ရောက်လာတာတော့ မဟုတ်ပါဘူးနော်။
ယခုအချိန်တွင် လမ်းပေါ်၌ ကတ္တရာလမ်းများ မရှိသေးဘဲ ကျေးလက်ရှိ မြေသားလမ်းများပေါ်တွင် ကျောက်စရစ်ခဲများ အများအပြား ရှိနေကာ လမ်းမျက်နှာပြင်မှာလည်း မညီမညာနှင့် ချိုင့်ခွက်များ ပြည့်နှက်နေလေသည်။
စောစောက သူမ ဒဏ်ရာရထားကြောင်း ပြောလိုက်ချိန်တွင် ထိုလူကြီး၏ မျက်နှာအမူအရာကို ယွီရွေ့ကျူး မမေ့သေးပေ။ သည်းခံနေရသည့် ပုံစံမျိုးဖြစ်ပြီး နက်ရှိုင်းသောမျက် လုံးများက မျက်မှောင်ကြုတ်ထားသဖြင့် ဆေးခန်းသို့ ပတ်တီးစည်းရန် သူမအား လိုက်ပို့ပေးရခြင်းမှာ အလွန်တရာ ကျေးဇူးပြုနေရသကဲ့သို့ပင် ဖြစ်ချေသည်။
သို့သော် ဒဤခန္ဓာကိုယ် ဒဏ်ရာရသွားသည်က အိမ်တွင်းအကြမ်းဖက်မှုကြောင့်ဆိုတာ သိသာနေသည်ပင်။
ယွီရွေ့ကျူး ခေါင်းထဲ အတွေးများ ရှုပ်ယှက်ခတ်နေစဉ် ညဘက် ကျောက်စရစ်ခဲလမ်းတစ်လျှောက် စက်ဘီးကကွေ့ ဝိုက်သွားလေသည်။ အရှိန်ပြင်းပြင်း မောင်းနှင်မှုနှင့် ချိုင့် ခွက်များကြောင့် ဆောင့်တက်သွားမှုတို့က ယွီရွေ့ကျူး၏ ခေါင်းကို မူးဝေသွားစေပြီး သူမက ထိုလူကြီး၏အင်္ကျီကို အလိုအလျောက် ဆွဲကိုင်လိုက်မိ၏။
ညဘက်တွင် အလွန်သိသာထင်ရှားလှသော အနီရောင် မင်္ဂလာဝတ်စုံအား သူတို့နှစ်ဦး ဝတ်ဆင်ထားဆဲပင်။
မင်္ဂလာဦးည ဖြစ်သင့်သော်ငြား သူတို့နှစ်ယောက်မှာ အေး စက်စက်မျက်နှာထားများဖြင့် ခေါင်းတွင်သွေးတွေထွက်နေကာ ညသန်းခေါင်ကြီး ဆေးခန်းကို အပြေးအလွှားသွားနေရသည့်အတွက် ဘယ်သူမဆို မယုံနိုင်စရာဖြစ်နေမှာ အမှန်ပင်ဖြစ်ပေသည်။
ထိုလူကြီးနောက်သို့အနည်းငယ် လှည့်၍ သူမအားကြည့်လိုက်ရာ ညအမှောင်ထဲတွင် သူမျက်မှောင်ကြုတ်ထားသည့် ပုံစံအား သူမ ရှင်းလင်းစွာမြင်လိုက်ရသည်။
ထို့နောက် သူ့အင်္ကျီကို ဆွဲကိုင်ထားသည့် သူမလက်အား ပုတ်ချလိုက်လေသည်။
ထိုလူကြီးက အေးစက်စွာ ပြောလိုက်၏။
"ထိုင်ခုံကိုပဲ ကိုင်ထား၊ ငါ့ကို လာမဆွဲနဲ့"
ယခုတော့ ယွီရွေ့ကျူး အံကြိတ်ရမည့် အလှည့်ရောက်လာလေပြီ။
ရှင်းရှင်းပြောရရင် သူတို့က လက်ထပ်ခါစဇနီးမောင်နှံတွေလေ။ အရင်က အိမ်တွင်းအကြမ်းဖက်လို့ ဒဏ်ရာရတာတွေ၊ ဘာတွေကို မပြောနဲ့ဦး။ သူ့အင်္ကျီကိုတောင်ဆွဲလို့ မရဘူးလား။ ဒါ ဘယ်လို ဖူးစာရှင်မျိုးလဲ။
🐽 Chapter 2
သူမကို ကွာရှင်းချင်နေရင်တောင် ဒါက အရမ်းရက်စက်လွန်းနေပြီ။
"မလုပ်ဘူး"
ယွီရွေ့ကျူး ခေါင်းမှာ ကိုက်ခဲနေပြီး စိတ်ထဲတွင်လည်း ရှုပ်ယှက်ခတ်နေကာ ထိုလူကြီးကို တမင်သက်သက် ဒေါသထွက်အောင် လုပ်ချင်သည့်စိတ်ဖြင့် ရှေ့သို့ အတင်းတိုးကပ်သွားလိုက်သည်။ ထို့နောက် အင်္ကျီစွန်းလေးကို ကိုင်မည့်အစား လက်နှစ်ဖက်ကိုသုံး၍ ထိုလူကြီးခါးကို အနောက်မှနေ၍ တင်းကျပ်စွာဖက်ထားလိုက်လေသည်။
ထို့နောက်သူမသိလိုက်ရသည်က ဤခွေးကောင် မျက်နှာ ထားမှာ အေးစက်ပြီးအချိုးမပြေသော်လည်း ခန္ဓာကိုယ်အချိုးအစားကတော့ အမှန်ပင်ပြောစရာမရှိအောင် မိုက်သည်။ ပခုံးကျယ်ကျယ်နှင့် ခါးသိမ်သိမ်ဖြင့် တကယ့်ကို ပြောင်းပြန် တြိဂံပုံစံကြီးပင်။
ထိုသို့ ဖက်ထားရင်း ယွီရွေ့ကျူးက လက်ဝါးဖြင့် အလိုအ လျောက် စမ်းကြည့်မိရာ ဖောင်းကြွနေသော နွေးထွေးသည့် ဗိုက်ကြွက်သားများ၏ ပုံစံကို ဝိုးတဝါး ခံစားလိုက်ရလေသည်။
စက်ဘီး ရုတ်တရက် ယိမ်းထိုးသွားပြီး သူတို့နှစ်ယောက်လုံး လဲကျလုနီးပါး ဖြစ်သွားသည်။
ထိုလူကြီးက အံကိုကြိတ်ကာ ဒေါသတကြီးဖြင့် စကားလုံး တစ်လုံးချင်းစီ ပြောလိုက်၏။
"ယွီ ရွေ့ ကျူး၊ မင်း လွှတ်လိုက်စမ်း"
"မလွှတ်ဘူး"
စက်ဘီးမှာ ယိမ်းထိုးနေပြီး ဤကျေးလက်လမ်းပေါ်တွင် အလွန်ထူးဆန်းသော အနေအထားဖြင့် မောင်းနှင်နေရသည်။ လမ်းတစ်လျှောက် ထိုလူကြီးက ယွီရွေ့ကျူး၏လက်များကို လက်ဖြင့် အဆက်မပြတ်ပုတ်ချနေသော်လည်း သူမက သူ့ လက်မောင်းများကို တင်းကျပ်စွာ ပြန်ဖက်ထားလေသည်။
ယွီရွေ့ကျူးမှာ အမှန်ပင် အလွန်ဖြေရှင်းရခက်ခဲလှ၏။ တစ်ဖက်ကို ပုတ်ချလိုက်လျှင် ကျန်တစ်ဖက်က တင်းကျပ်စွာ ရစ်ပတ်လာသဖြင့် သူ ဖယ်ရှား၍မရနိုင်အောင် ဖြစ်နေလေသည်။
အေးစက်သော လေပြေများတိုက်ခတ်နေသော ညချမ်း၌ သူတို့နှစ်ဦးမှာ ထိုကဲ့သို့ဖက်ထားသည့် အနေအထားဖြင့် ရင်းနှီးကျွမ်းဝင်စွာ အတူတကွ ပူးကပ်နေကြကာ အရေပြားချင်းထိတွေ့လျက် တစ်ယောက်ဆီမှ အပူချိန်များတစ်ယောက်ထံသို့ ကူးစက်နေလေသည်။
တစ်ခါတစ်ရံ လမ်းဖြတ်သွားသော ရွာသားများက ဤလူနှစ်ယောက် စက်ဘီးကို ယိမ်းထိုးစွာ စီးနင်းလာသည်ကို မြင်တွေ့ရပြီး ဟော်ချန်ယဲ့တို့မှန်း သိသွားသည့်အခါ မအံ့သြဘဲ မနေနိုင်အောင် ဖြစ်သွားကြလေသည်။
ဤကြင်စဦး ဇနီးမောင်နှံနှစ်ဦး၏ဆက်ဆံရေးမှာ အမှန်ပင် ကောင်းလွန်းလှသည်။
ဟော်ချန်ယဲ့တစ်ယောက် ယခုအချိန်တွင် မည်မျှလောက် ဒုက္ခရောက်ကာ စိတ်တိုနေရသည်ကိုတော့ သူတို့ လုံးဝ မသိကြပေ။
ဟိုချန်ယဲ့မှာ ယွီရွေ့ကျူး၏ လက်မောင်းအား မည်သို့မျှ ဖယ်မရသဖြင့် နဖူးတွင် ချွေးများစို့လာပြီး မဲ့ပြုံး ပြုံးလိုက်၏။
"မင်း အခုတော့ ငါ့ကို မကြောက်တော့ဘူးလား၊ ယွီရွေ့ကျူး"
ယွီရွေ့ကျူး စဉ်းစားမနေဘဲ သူ့ ကျောပြင်ထက် သူမ၏ မျက်နှာအား ကပ်လိုက်ကာ သူမ လက်မောင်းများကို သူ့အပေါ် တင်းကျပ်စွာ ရစ်ပတ်ထားလိုက်သည်။ အလွန်ချစ် ခင်ကြင်နာတတ်သော သာမန် စုံတွဲများကဲ့သို့ သူမက အလွန် ချွဲနွဲ့သော အသံဖြင့် နွမ်းနယ်စွာပြောလိုက်လေသည်။
"ဒါပေါ့၊ ကျွန်မက ရှင့်ကို ဘယ်လိုလုပ် ကြောက်ရက်မှာလဲ၊ ရှင်က ကျွန််မယောက်ျား၊ ကျွန်မရဲ့အဖော်၊ ဘဝဆက်တိုင်း ဘယ်တော့မှ မခွဲမခွာရှိရမယ့်သူလေ"
"ပြီးတော့ ဘာကြောက်စရာ ရှိလို့လဲ၊ ရှင်က အရမ်းကြည့်ကောင်းတာပဲကို ကျွန်မ ရှင့်ကို ကြိုက်ဖို့တောင် အချိန်မလောက်ဘူး ယောက်ျားရဲ့"
ယွီရွေ့ကျူးက တစ်ဖက်လူ၏နာမည်ကိုပင် မသိသော်လည်း 'ယောက်ျား' ဆိုသော စကားလုံးက အလွန်သဘာဝကျကျ ထွက်ပေါ်လာလေသည်။
ဟော်ချန်ယဲ့ ခန္ဓာကိုယ်တွင် အေးစက်သော တုန်ရီမှုတစ်ခုဖြတ်ပြေးသွား၏။ သူက အလွန်အမင်း စိတ်ရှုပ်သွားပြီး ယွီရွေ့ကျူးကို နောက်လှည့်ကြည့်လိုက်ချိန်တွင် သူ့ မျက်လုံးများက အလွန်ရှုပ်ထွေးနေကာ နားလည်ရခက်သော အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေလေသည်။
ထို့နောက် သူက စကားဆက်မပြောတော့ဘဲ နောက်ခုံရှိ ယွီရွေ့ကျူးအား မရှိသည့်အလား သဘောထားကာ အေးစက်သော မျက်နှာထားဖြင့် သူမကို ဆေးခန်းသို့ ခေါ်ဆောင်သွားလေသည်။
လမ်းတစ်လျှောက်လုံး ယွီရွေ့ကျူးက ဤအနေအထားဖြင့် သူ့အား တောက်လျှောက် ဖက်ထားခဲ့လေသည်။
ဟော်ချန်ယဲ့ စက်ဘီးပေါ်မှ ဆင်းချိန်တွင် ယွီရွေ့ကျူးကို အကဲခတ်ရန် မမေ့ခဲ့ပေ။ ထိုအချိန်တွင် တစ်ဖက်လူ၏ မျက်နှာအမူအရာမှာ အလွန်ကြည့်ရဆိုးနေမည်ဟု သူ ထင်ထားခဲ့သည်။
သို့သော် ယွီရွေ့ကျူး၏ မျက်နှာထားမှာ တည်ငြိမ်နေပြီး စက်ဘီးပေါ်မှ ဆင်းပြီးနောက် သူ့အကြည့်ကို မြင်လိုက်ရသောအခါ သူမ၏ လက်မောင်းကို သဘာဝကျကျ ပြန်ရုပ်လိုက်သည်။ ယင်းနောက်၌ သူ့ လက်မောင်းကို ကိုင်ကာ သူ့ကို မော့ကြည့်လိုက်၏။
"ဘာဖြစ်လို့လဲ ယောက်ျားရဲ့၊ ဝင်သွားရအောင်လေ"
ဟော်ချန်ယဲ့မှာ ဆွံ့အသွားလေသည်။
တစ်ဖက်လူ၏ရစ်ပတ်နေသော လက်ကို ပုတ်ချလိုက်ပြီး ယွီရွေ့ကျူးက ဤမျှအထိ လုပ်နိုင်မည်ဆိုလျှင် သူမက အတော်လေး သည်းခံနိုင်စွမ်း ရှိသည်ဟု ယူဆရမည်ဟု သူတွေးလိုက်လေသည်။
ညဘက် ဆေးခန်းတွင် မည်သူမျှ မရှိတော့သည့်အတွက် ဆရာဝန်က တံခါးပိတ်ရန် ပြင်နေစဉ် မင်္ဂလာဝတ်စုံနှင့် လူငယ်စုံတွဲနှစ်ယောက်ကို မြင်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက ဒဏ်ရာကို ကုသပေးပြီး ဆေးလူးရန် လိမ်းဆေး အချို့ကိုပေးလိုက်လေသည်။
ဟော်ချန်ယဲ့က လိမ်းဆေးကို ယူကာ ယွီရွေ့ကျူးထံသို့ ပစ်ပေးလိုက်ပြီး သူမကို မိဘအိမ်သို့ ပြန်ပို့ရန် ပြင်ဆင်လိုက်၏။
ယွီရွေ့ကျူးက မျက်တောင်များကို ပုတ်ခတ်ကာ ပြောလာသည်။
"အခုအချိန်ဆို သူတို့အားလုံး အိပ်နေလောက်ပြီ၊ ညဉ့်သန်း ခေါင်ယံကြီးဆိုတော့ သိပ်မကောင်းပါဘူး၊ ဒီတစ်ညလောက်တော့ ဘာမှမဖြစ်ပါဘူး၊ မနက်ဖြန်မှပဲ ဆက်ပြောကြတာပေါ့၊ ကျွန်မ ခေါင်းလည်း ကိုက်နေသေးတယ်"
ဟော်ချန်ယဲ့က သူမအား ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် မျက်မှောင်ကြုတ်ကာ မတတ်သာဘဲ သဘောတူလိုက်လေသည်။
အဓိက အကြောင်းရင်းမှာ မူလကိုယ်ပိုင်ရှင်၏မှတ်ဉာဏ်များကို ယွီရွေ့ကျူး မရရှိသေးသဖြင့် အခြေအနေက မည်သို့ရှိသည်ကို မသိပေ။ ထို့ကြောင့် မသိရသေးသောအခြေအနေတွင် အရာအားလုံးကို မူလအတိုင်းထားရှိခြင်းက အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်တော့သည်။
ဟော်ချန်ယဲ့နှင့်အတူ ညဘက် ပြန်လိုက်လာချိန်တွင် အခန်းထဲရှိ ရှုပ်ပွနေသည်များကို ကမန်းကတန်း ရှင်းလင်းလိုက်ပြီးနောက်၊ ကျေးလက်ဒေသရှိ မြေသားခန်ပေါ်တွင် လှဲလျောင်းနေရင်း ယွီရွေ့ကျူးမှာ မထင်မှတ်ဘဲ ဟိုလှည့်ဒီလှည့်ဖြင့် အိပ်မပျော်နိုင်အောင် ဖြစ်နေလေသည်။
ကျေးလက်ဒေသရှိ အိမ်များမှာ နေရာအကန့်အသတ်ရှိပြီး ဘေးခန်းက ပစ္စည်းထားသည့် အခန်းဖြစ်ကာ အိပ်ရန်အတွက် ခန်တစ်ခုတည်းသာရှိလေသည်။ ထိုလူကြီးက သူမဘေးတွင် လှဲနေသော်လည်း လူနှစ်ယောက်ကြားတွင် အလွန်ကျယ်ဝန်းသည့် နယ်နိမိတ်ကြီး ခြားထားသကဲ့သို့ ဖြစ်နေလေ၏။
ယွီရွေ့ကျူးမှာ ခန်ပေါ်၌ အလွန်မသက်မသာဖြစ်နေကာ အချိန်တော်တော်ကြာသည့်အခါမှသာ အိပ်ပျော်သွားလေသည်။ ထိုအခါ အိပ်မက်ထဲရှိ မှတ်ဉာဏ်များက ယွီရွေ့ကျူး ဦးနှောက်ထဲသို့ ဝင်ရောက်လာလေတော့သည်။
ယခင်က ရုတ်တရက် ဖြစ်ပေါ်ခဲ့သော အခြေအနေကြောင့် လက်မခံရသေးသည့် မှတ်ဉာဏ်များအားလုံး ဦးနှောက်ထဲသို့ ဝင်ရောက်လာပြီး ယနေ့ညတွင် ပုံမှန်မဟုတ်သော အရာအား လုံးကို ရုတ်တရက်သိရှိသွားကာ ယွီရွေ့ကျူး မျက်လုံးများ ချက်ချင်းပွင့်လာလေ၏။
အို၊ မဟုတ်သေးဘူးလေ။ ဘယ်လိုလုပ် ဒီလိုအခြေအနေကြီး ဖြစ်သွားရတာလဲ။
ကမ္ဘာကြီး ပြိုကျသွားသလိုပဲ။
လခွမ်း~