ယွီရွေ့ကျူးတစ်ယောက် ၈၀ ပြည့်လွန်နှစ်များဆီသို့ Time Travel လုပ်သွားပြီး လက်ထပ်ခါစ ချွေးမသစ်လေးအဖြစ်ကူးပြောင်း သွားလေသည်။ သူမ၏ ဖူးစာရှင်လင်တော်မောင်ကမူ အသားရောင်းသည့် သားသတ်သမားကြီးဖြစ်နေလေသည်။ ထိုသားသတ်သမားကြီးသည် အေးစက်စက်နိုင်လှကာ စကားနည်းလွန်းပြီး မျက်နှာပေါ်တွင်လည်း အမာရွတ်ကြီးတစ်ခုရှိသော်ငြား ခါးသေးရင်ချီ V-shape ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားလေသည်။ သူမ ထိုကိုယ်ထဲသို့ ဝင်မလာခင် တစ်ရက်အလိုကဆိုလျှင် မူလကိုယ်ပိုင်ရှင်မလေးမှာ ဤလူကြီးကို မယူချင်လွန်းသဖြင့် အစာငတ်ခံဆန္ဒပြခဲ့သေးသည်။ ထို့အပြင် သားသတ်သမားကြီး၏မျက်နှာပေါ်မှ အမာရွတ်ကိုမူ ရွံရှာစက်ဆုပ်စွာကြည့်ပြီး သူမ၏ ရည်းစားဟောင်းလောက်တောင် ရုပ်မဖြောင့်သည့် အရုပ်ဆိုးအကျည်းတန်ကောင်ကြီးဟု ပက်ပက်စက်စက် ကင်ပွန်းတပ်ခဲ့သေး သည်။ ယွီရွေ့ကျူးသည် မူလကိုယ်ပိုင်ရှင်မှာ လုံးဝမျက်စိမပါဘူးဟု တွေးမိလိုက်သည်။ ကောင်လေးနောက် တကောက်ကောက်လိုက်နေ သည့် အချစ်ရူးမဖြစ်နေသည်မှာလည်း မဆန်းတော့ပေ။ ဒီသားသတ်သမားကြီးမှာ တောင့်တောင့်တင်းတင်းနှင့် ကြွက်သားများ အမြှောင်းလိုက်ထွက်နေပြီး အေးစက်စက်ပုံပေါက် သော်လည်း တကယ်တော့ ဇနီးသည်အား အမေတစ်ယောက်လို ဂရုစိုက်ချွဲနွဲ့တတ်မည့် လူစားမျိုးဖြစ်သည်။ ကြက်ပေါက်စလေးလို ပိန်လွန်းလှသည့် မူလကိုယ်ပိုင်ရှင်၏ချစ်သူ ငနဲကောင်ထက် အဆပေါင်းများစွာ သာမနေဘူးလား။ ဤသားသတ်သမားကြီးကတော့ သူမ အကြိုက်နှင့် ကွက်တိဖြစ်နေသည်ဟု ခံစားလိုက်ရလေသည်။ သားသတ်သမားကြီးမှာ အသက်သုံးဆယ်သာ နားနီးနေပြီ၊ ယခုတိုင် အိမ်ထောင်မကျသေးပေ။ အကြောင်းရင်းမှာ သူ့မျက်နှာပေါ်မှ အမာရွတ်ကြီးက အမှန်ပင်ကြောက်ခမန်းလိလိဖြစ်နေသောကြောင့်တည်း။ သို့သော် သူကိုယ်တိုင်ကမူ မိန်းမ မယူချင်သေးသမို့ အဆိုပါကိစ္စအား ခေါင်းထဲထည့်မထားခဲ့ပေ။ ရွာထဲတွင် ယွီရွေ့ကျူး၏နာမည်မှာ ဟိုးဟိုးကျော်အောင် ဆိုးလှသော်ငြား သူမက ငယ်ငယ်လေးကတည်းက လူကြီးတွေ သဘောတူ စေ့စပ်ပေးထားသည့် ကလေးသတို့သမီးလေးဖြစ်နေခဲ့သည်။ ထို့ကြောင့် သားသတ်သမားကြီးမှာ ယွီရွေ့ကျူး၏ မိဘများတောင်းဆိုလာသည့်အခါ မငြင်းထွက်သာဘဲ လက်ထပ်လိုက်ရလေသည်။ ထင်မထားသည်က လက်ထပ်ပြီးသည်နှင့် သူမက သူ့အား နည်းလမ်းပေါင်းစုံသုံး၍ ဂျစ်တိုက်ဒုက္ခပေးတော့သည်။ ထို့အပြင် နှာခေါင်းကိုလက်ညှိုးထိုးကာ အရုပ်ဆိုးသည်ဟု ပက်ပက်စက်စက်ဆဲဆိုခြင်းကိုပါ ခံလိုက်ရသေးသည်။ သူကတော့ မထုံတတ်တေး မျက်နှာပေးဖြင့် မနက်ဖြန်မိုးလင်းလျှင် သူမကို မိဘအိမ်ပြန်ပို့ပစ်မည်ဟု တေးထားလိုက်သည်။ သို့သော် နောက်တစ်နေ့မိုးလင်းချိန်တွင် သူမတစ်ယောက် လုံးဝအခြားလူတစ်ယောက်လိုပြောင်းလဲသွားလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ပေ။ နေ့တိုင်း ပါးစပ်ကနေ တတွတ်တွတ်ရေရွတ်နေတတ်သည့် သူမ ရည်းစားဟောင်းအကြောင်းကို အသံပင် မဟတော့သည့်အပြင်၊ သူ့ကိုပင် မျက်လုံးလေးအရောင်လက်ကာ ငမ်းနေလေတော့သည်။ အခွင့်အရေးရတိုင်းလည်း သူ့ကို ဟိုကိုင်ဒီနှိုက်လုပ်နေသေးသည်...... ထို့အပြင် သူမက သူ့ကို အရည်ရွှမ်းအောင်ချွဲနွဲ့ပြီး သူ့လက်ကြီးကိုဆွဲကာ မျက်လုံးလေးတွေ မှိတ်ကျသွားသည့်အထိ ပြုံးဖြီးနေလေသည်။ လျှာကျွမ်းပြန်အောင် အရသာရှိလှသည့် အစားအစာများကို ချက်ပြုတ်ကျွေးမွေးရုံတင်မကဘဲ၊ သူမက...... ညဘက် အမောတကော အသက်ရှူသံများကြားထဲတွင် ထိုမိန်းမက အနားသို့ကပ်လာပြီး သူ့ပါးပြင်ပေါ်မှ အမာရွတ်ကို ရွံရှာသည့် အရိပ်အယောင် စိုးစဉ်းမျှမရှိဘဲ ဖိနမ်းလာသည်။ ထို့နောက် သူ့ကိုတင်းကျပ်နေအောင် ဖက်ထားရင်း ပျော်ရွှင်စွာပြုံးလျက် "ရှင့်ဟာက သူရဲကောင်းတွေရဲ့အမှတ်တံဆိပ်ကြီးပဲ ယောက်ျားရဲ့" အမြဲတမ်း ခပ်တည်တည်နေတတ်သည့် သားသတ်သမားကြီးခမျာ ယခုလို အပြတ်အသတ်အစခံလိုက်ရသဖြင့် ရှက်သွေးဖြာပြီး မျက်နှာကြီး နီရဲသွားလေတော့သည်။ "ရိုင်းစိုင်းရဲတင်းလှတဲ့ အပြုအမူ" တွေဆိုတာ ဘာမှန်း သူမသိခဲ့ပေ...... သို့သော် နောင်တစ်ချိန်တွင် သူမအချစ်ညွှတ်ကွင်းထဲ သူ ဒိုင်ဗင်ပစ်ဝင်ရတော့မည်ကိုမူ ကောင်းကောင်းကြီး သဘောပေါက်သွားလေသည်။ နောင်အနာဂတ်တွင် သူ့အိမ်ထောင်စုလေးကို စောင့်ရှောက်ရန်နှင့် အနုယွယွဇနီးသည်လေးအား လိုလေသေးမရှိ ထားနိုင်ရန် အတွက် ယခုထက်ပို၍ ကုန်းရုန်းပိုက်ဆံရှာရပေတော့မည်။ "သနားစရာ Tom လေးခမျာ သူမ လက်ဖဝါးပေါ်မှာ ကစားခံနေရရှာပြီ"

