← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

🐽 Chapter 100

"ဟော်ချန်ယဲ့... အိမ်မှာ ဘာလို့ ဒီလောက် ကျိုးပဲ့နေတဲ့ ထီးကြီး ရှိနေသေးတာလဲ၊ အရမ်းကို ကျိုးပဲ့နေတာကို ဘာလို့ လွှင့်ပစ်ပြီး အသစ်တစ်လက် မဝယ်တာလဲ"

'ကျိုးပဲ့နေတယ်ဆိုတိုင်း လွှင့်ပစ်ပြီး အသစ်တစ်လက် ဝယ်ရမှာလား'

ဟော်ချန်ယဲ့ မျက်လွှာချကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ပြန်ဖြေသည်။

"နည်းနည်းပါးပါး ပြင်လိုက်ရင် ပြန်သုံးလို့ ရပါသေးတယ်၊ အဲဒီလောက်လည်း မဆိုးပါဘူး"

ယွီရွေ့ကျူးက နှုတ်ခမ်းလေး ဆူကာ "ရှင်က အရမ်း ချွေတာပဲ၊ ရှင့်လို စရိုက်မျိုးရှိတဲ့ သူပဲ ဒီလို ပိုက်ဆံကို ချွေတာနိုင်မှာ ဒါပေမဲ့ ကျွန်မ သဘောကတော့ ရှင် ပိုက်ဆံရှာနိုင်နေတာပဲ ဒီလောက်ထိ ကပ်စေးနှဲနေဖို့ မလိုပါဘူး"

ထိုသို့ပြောရင်း သူမကိုယ်ကို သူ့အနားသို့ တိုးကပ်ကာ မကျိုးသော ထီးအခြမ်းဖြင့် ဟော်ချန်ယဲ့ ခေါင်းကို ဖုံးကွယ်ပေးရန် အတတ်နိုင်ဆုံး ကြိုးစားသည်။

ဟော်ချန်ယဲ့က သူမကို တစ်ချက်ကြည့်ပြီး ဖြောင်းဖြလာသည်။

"အဲဒီလောက်လည်း မဆိုးပါဘူး၊ ကိုယ့်အင်္ကျီက စိုနေပြီပဲဟာ ပြီးတော့ ကိုယ် ချမ်းတာကို မကြောက်ပါဘူး မင်းဘာသာ မင်းပဲ ဆောင်းထားလိုက်"

"ရပါတယ်၊ လင်မယားဆိုတာ အေးအတူ ပူအမျှပဲ၊ အဆိုးဆုံးကတော့ အတူတူ စိုသွားကြတာပေါ့ ပြီးရင် ဒီည အတူတူ ရေချိုးကြမယ်လေ"

ယွီရွေ့ကျူးက မည်သည့် ချုပ်တည်းမှုမျှမရှိဘဲ ပြောလာပြီး သူ့ကို အပြစ်ကင်းစင်သော အပြုံးလေးဖြင့် ပြုံးပြလိုက်သည်။

ဟော်ချန်ယဲ့မှာ ရုတ်တရက် ရပ်တန့်သွားပြီး ဇက်ကြိုးကို တင်းကျပ်စွာ ဆုပ်ကိုင်မိသော သူ့လက်မှာ တောင့်တင်းသွားတော့သည်။ အပြင်ဘက်ရှိ လေပြင်းနှင့် မိုးသည်းထန်မှုကြောင့်လား သို့မဟုတ် အခြားတစ်ခုခုကြောင့်လား မသိနိုင်သော်လည်း သူ့ လက်ဆစ်များမှာ နီရဲနေပြီး ရှည်လျားကာ လှပသော လက်ချောင်းများရှိသည့် ကြီးမား သေသပ်လှပသော လက်များမှာ ထင်ရှားလှသည်။

ယွီရွေ့ကျူးက သူ့လက်ကို ငေးကြည့်နေဆဲဖြစ်ပြီး ထိတွေ့ရန် လက်လှမ်းတော့မည့် အချိန်မှာပင် ဟော်ချန်ယဲ့က တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရုတ်တရက် စကားပြောလာသည်။

သူက သူမကို ကြည့်လာပြီး သူ့ အသံမှာ အက်ရှနေကာ အကြည့်များက စူးရှနေသည်။

"စုန့်ချင်းရှန်းမှာ ကောင်မလေး ရှိတယ်"

ယွီရွေ့ကျူးမှာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လိုက်ပြီး ဟော်ချန်ယဲ့ စကားကြောင့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတော့သည်။

သူမက ခေါင်းညိတ်လိုက်သည်။

"အင်း ကျွန်မ သိတယ်၊ အဲ့တော့ ?"

သူ့လက်ရှိ ခံစားချက်များကို မည်သို့ ဖော်ပြရမည်ကို ဟော်ချန်ယဲ့ မသိတော့ပေ။

လမ်းမှာ ရွှံ့ဗွက်များ ထနေပြီး နွားလှည်းက သူတို့ကို တရွေ့ရွေ့ ဆွဲခေါ်သွားကာ ယိမ်းထိုးလှုပ်ခါနေပြီး ယွီရွေ့ကျူး နွေးထွေးသော ခန္ဓာကိုယ်လေးက သူ့အပေါ်သို့ တင်းကျပ်စွာ ဖိကပ်ထားသည်။

ဟော်ချန်ယဲ့မှာ အနည်းငယ် နေရခက်လာသလိုလည်း ခံစားရသည်။

နေရာက အရမ်း ကျဉ်းမြောင်းလွန်းသည်။ ထီးကလည်း မကြီးသလို ထီးကိုင်းတစ်ဝက်က ကျိုးနေပြီး မပြင်ရသေးသဖြင့် အပြင်ဘက်မှ ကြီးမားသော မိုးပေါက်များကို ရှောင်ရှားရန် ယွီရွေ့ကျူးက သူ့အနားသို့ ဆက်တိုက် တိုးကပ်လာတော့သည်။

သူတို့ အသက်ရှူသံများကို ရှင်းလင်းစွာ ကြားနေရပြီး နှလုံး ခုန်သံများကလည်း မြန်ဆန်ကာ တဒိတ်ဒိတ် ခုန်နေကြသည်။

ဟော်ချန်ယဲ့က နှုတ်ခမ်းကို တင်းတင်းစေ့ပြီး တည်တည်ငြိမ်ငြိမ် နေနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားကာ ထူးခြားမှု တစ်ခု ခုဖြစ်လာမည်ကို မလိုလားချေ။ မည်သို့ပင်ဆိုစေ စိုစွတ်နေသော မိုးရေထဲတွင် မည်သည့် လက္ခဏာမျိုးမဆို အလွန် သိသာထင်ရှားနေမည် မဟုတ်ပါလား။

သူက အတွေးများကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း စုန့်ချင်းရှန်းအကြောင်းကို ယွီရွေ့ကျူးအား ပြောပြပြီးနောက် သူမအဖြေကို ရသောအခါ သူ့ ဦးနှောက်များ ရုတ်တရက် ထုံကျင်သွားသလို ခံစားလိုက်ရသည်။

'ဟုတ်သား၊ ယွီရွေ့ကျူးက စုန့်ချင်းရှန်း အချစ်ရေးအကြောင်းကို အစကတည်းက သိထားခဲ့တာပဲ၊ သူတို့လေးယောက် အတူတူတောင် ဆုံခဲ့ကြသေးတယ် ပြီးတော့ စုန့်ချင်းရှန်းက တခြားမိန်းမကို ရင်းနှီးစွာ ဖက်ထားတာကို ယွီရွေ့ကျူး ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့တာပဲ'

ထိုအချိန်က ယွီရွေ့ကျူး တုံ့ပြန်မှုက အနည်းငယ် ထူးဆန်းနေသလို ရှိကြောင်း ဟော်ချန်ယဲ့ ရုတ်တရက် သတိရသွားသည်။

'သူမ အခုလို ပြောတာက စုန့်ချင်းရှန်းမှာ အချစ်သစ် ရှိသွားတာကို ဂရုမစိုက်လို့လား ဒါမှမဟုတ် သူမက သူ့အပေါ် ခံစားချက်ရှိသေးလို့လား...'

'သူမရဲ့ အရင်က ထူးဆန်းတဲ့ သဘောထားတွေ၊ ကွာရှင်းဖို့ ဝန်လေးနေတာတွေ၊ ငါ့အပေါ် ကောင်းမွန်တာတွေနဲ့ ရင်းနှီးတဲ့ အထိအတွေ့တွေ လုပ်တာက စုန့်ချင်းရှန်း ပြောသလိုဖြစ်နေမလား'

'စုန့်ချင်းရှန်းကို ဒေါသထွက်အောင်လုပ်ဖို့ သက်သက်နဲ့ အတင်းအကျပ် ရင်းနှီးအောင် လုပ်နေတာများလား'

ထိုညက အနမ်းကို ဟော်ချန်ယဲ့ တွေးမိသည်။

'အကယ်၍ ရင်းနှီးအောင် လုပ်တာက စုန့်ချင်းရှန်းကို ဒေါသထွက်အောင် လုပ်တာဆိုရင် အဲဒီအနမ်းကရော သူမက ရွံရှာနေတဲ့ကြားက အတင်းအကျပ် နမ်းခဲ့တာများလား'

ထိုအချက်ကို တွေးမိသည်နှင့် ဟော်ချန်ယဲ့ နှလုံးသားမှာ ချက်ချင်းပင် တင်းကျပ်သွားတော့သည်။

သူ့အသက်ရှူသံများ လေးလံလာပြီး မျက်မှောင်ကြုတ်သွားသည်။ ဇက်ကြိုးကို ဆုပ်ကိုင်ထားသော သူ့ လက်ပေါ်ရှိ သွေးကြောများကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

ဘာဖြစ်နေမှန်း လုံးဝမသိသော ယွီရွေ့ကျူးကမူ ထီးကြီးနှစ်လက်ကို မော့ကြည့်ရင်း ဟော်ချန်ယဲ့ကို ဆောင်းပေးနေဆဲပင်။ ခေါင်းပေးရသည်မှာ အနည်းငယ် ခက်ခဲနေသဖြင့် သူမက သူါပေါင်ပေါ်တွင် တဝက်တပျက် ထိုင်လိုက်တော့သည်။

ယခုအခါ သူတို့နှစ်ယောက်လုံး ထီးရိပ်အောက်သို့ ရောက်သွားပြီဖြစ်သည်။

သူမ ဟော်ချန်ယဲ့ မျက်နှာကို ကြည့်လိုက်ရာ မျက်မှောင် ကြုတ်ထားပြီး စိတ်မချမ်းမသာ ဖြစ်နေဆဲဖြစ်သော မျက်နှာအမူအရာကို သတိပြုမိသဖြင့် ယွီရွေ့ကျူးက သံသယဖြစ်စွာဖြင့် အနားသို့ တိုးသွားသည်။

"ရှင် တွေးလွန်နေတုန်းပဲလား"

ယွီရွေ့ကျူး လက်လှမ်းကာ သူ့ မျက်မှောင်ကို နှိပ်နယ်ပေးပြီးနောက် စိုစွတ်နေသော ဆံပင်များကို ကြည့်ကာ အနောက်သို့ ညင်သာစွာ သပ်တင်ပေးလိုက်သည်။

ဟော်ချန်ယဲ့က သူမ လက်ကောက်ဝတ်ကို ချက်ချင်းပင် ဆုပ်ကိုင်ပြီး အံ့များကို တင်းတင်းကြိတ်ကာ တားဆီးလာသည်။

"ဟင့်အင်း..."

'အနောက်ကို သပ်တင်လိုက်ရင် ကြည့်လို့မကောင်းဘူး'

အကယ်၍ သူမသာ ကြောက်နေလျှင် ဖုံးထားလိုက်တာက ပိုကောင်းသည်။ ကြောက်ရွံ့မှုနှင့် ရွံရှာမှုကြောင့် ယွီရွေ့ကျူးက သူ့ဆံပင်များကို လာထိသည်ကို ဟော်ချန်ယဲ့ မလိုချင်ပေ။

သူမ မသက်မသာ ဖြစ်နေမှုကို မျိုသိပ်ပြီး သူ့ကို ချော့မော့ရန် ဆံပင်များကို သပ်တင်ပေးနေခြင်းမျိုးကိုလည်း သူ မလိုလားပေ။

သူမ ထိုလောက်ထိ လုပ်စရာ မလိုပါချေ။ ယခင်က သူ အရမ်းကိုယ့်ကိုယ်ကိုယ် ကျေနပ်နေခဲ့ပြီး အိမ်မှာ သူ ဆံပင်ကို အနောက်သပ်တင်တာမျိုး နောက် ဘယ်တော့မှ လုပ်တော့မှာ မဟုတ်ပေ။

ယွီရွေ့ကျူး သူ့ပါးပြင်ကို နမ်းပြီး ပြုံးလျက်ပြောသဘ်။

"ရှင် ငြင်းတဲ့အချိန်ကျ ဘာလို့ ဒီလောက် နူးညံ့နေရတာလဲ၊ ဒီလိုပုံစံလေးက ချစ်စရာကောင်းတယ်လို့ ရှင့်ကို ဘယ်သူမှ မပြောဖူးဘူးလား..."

'ချစ်စရာကောင်းတယ်တဲ့လား'

ဟော်ချန်ယဲ့မှာ ကျောက်ရုပ်ပမာ ရပ်တန့်သွားပြီး သူ့လက်များပင် တုန်ယင်လာတော့သည်။ ကံကောင်းထောက်မစွာဖြင့် နွားလှည်းက သူ့အလိုလို ရွေ့လျားနိုင်ပြီး သူက ဦးတည်ရာကို ထိန်းချုပ်ရန် မလိုအပ်ပေ။ မဟုတ်လျှင် လှည်းမှောက်သွားလိမ့်မည်။

သူ အသက်ကို လုရှူနေရပြီး ခေါင်းတစ်ခုလုံး ရှုပ်ထွေးသွားတော့သည်။ သူ ယွီရွေ့ကျူးကို မော့ကြည့်ပြီး လှပကာ နက်မှောင်နေသော သူမ ကြောင်မျက်လုံးလေးများကို စူးစိုက်ကြည့်မိသည်။ တစ်ခဏမျှ ယွီရွေ့ကျူး စကားများက ရိုးသားမှုရှိမရှိ ဆိုသည်ကို ဟော်ချန်ယဲ့ မခွဲခြားတတ်တော့ပေ။

'အကယ်၍ ရိုးသားမှု မရှိဘူးဆိုရင်တောင် သူမရဲ့ သရုပ် ဆောင်စွမ်းရည်က အရမ်းကောင်းလွန်းတာပဲ'

သူမ မျက်နှာပေါ်တွင် ဖုံးကွယ်မထားသော ရွံရှာမှု သို့မဟုတ် ငြင်းဆန်မှုတို့ကို ဟော်ချန်ယဲ့ မမြင်တွေ့ခဲ့ရပေ။ သူမက သူ့အပေါ်တွင် လှဲလျောင်းနေပုံကပင် နူးညံ့ပြီး သူ့အနားသို့ တိုးကပ်နေလေသည်။

၎င်းသည် အလွန် သက်တောင့်သက်သာရှိပြီး ပျင်းရိပျင်းတွဲနှင့် အလွန်အမင်း ယုံကြည်မှုရှိသော ကိုယ်ဟန်အနေအထားတစ်ခု ဖြစ်သည်။ အကယ်၍ သူမက သူ့ကို မုန်းနေလျှင် အနားကို တိုးလာသည့်တိုင်အောင် သူမခန္ဓာကိုယ်က တောင့်တင်းနေလိမ့်မည် ဖြစ်သည်။

သို့သော် သူမက သူ့ကို ချစ်စရာကောင်းသည်ဟု ပြောခဲ့သည်။ ဟော်ချန်ယဲ့မှာ ဇဝေဇဝါဖြစ်ကာ မယုံနိုင်အောင် ဖြစ်သွားရသည်။ ချစ်စရာကောင်းတယ်ဆိုသော စကားလုံးနှင့် သူ ဘယ်လို ပတ်သက်နေသလဲ ဆိုသည်ကို မသိသလို သူ့ကို ယွီရွေ့ကျူး သဘောကျစေမည့် ထူးခြားသော အလှအပဆိုင်ရာ အမြင်မျိုး တကယ်ပဲ ရှိနေလား ဆိုသည်ကိုပင် နားမလည်နိုင်တော့ချေ။

'ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ'

တခြားသူ အကုန်လုံးက သူ့ကို မနှစ်မြို့ကြသလို သူ့မျက်နှာပေါ်က အမာရွတ်ကိုလည်း ကြောက်ကြသည်။ သို့သော် ယွီရွေ့ကျူးသည် ကွာခြားလေသည်။ သူမက သူ့ဆံပင်များကို သပ်တင်ပေးပြီး ပါးပြင်ကို နမ်းရုံတင်မက သူ့လက်ကိုလည်း ညင်သာစွာ ဆုပ်ကိုင်ပြီး သူမခန္ဓာကိုယ်ကို သူ့အပေါ် ဖိကပ် ထားကာ ရင်းနှီးလွန်းလှသည်။

ချင်စုလန်မိခင်က အစောပိုင်းက သူ့ကို ဝေဖန်ခဲ့သော စကားများက သူ့စိတ်ထဲတွင် ပြန်လည် ပဲ့တင်ထပ်နေပြီး ယွီရွေ့ကျူးနှင့် စုန့်ချင်းရှန်းတို့ ပွေ့ဖက်နေသော ရင်းနှီးသည့် ကိုယ်ဟန်အနေအထားမှာလည်း သူ့မျက်စိရှေ့တွင် ရှိနေသကဲ့သို့ ထင်ရသည်။

ဟော်ချန်ယဲ့ လက်သီးကို ဆုပ်ထားမိပြီး ပါးလျသော နှုတ် ခမ်းများကို တင်းတင်းစေ့ထားလိုက်သည်။ သူသည် ပေါင်ပေါ်တွင် ထိုင်နေသော ယွီရွေ့ကျူးကို တစ်ခုခုပြောချင်သည်။

သို့သော် သူ စကားမပြောနိုင်ခင်မှာပင် ယွီရွေ့ကျူးက သူ့အနားသို့ တိုးလာပြီး သူမ နီရဲသော နှုတ်ခမ်းများက သူ့ ပါးပြင်ကို လာရောက် ဖိကပ်ကာ နူးညံ့သိမ်မွေ့စွာ နမ်းရှိုက်လာသည်။

"ချစ်စရာလေး"

သူ့ကို နမ်းပြီးနောက် ယွီရွေ့ကျူးက ဆံပင်များကို သပ်တင်ပေးပြီး သူမ မျက်ဝန်းများတွင် အပြုံးများစွန်းထင်နေသည်။

"အတွေးလွန်မနေနဲ့၊ စုန့်ချင်းရှန်းနဲ့ ကျွန်မက တကယ်ကို ဘာမှ မပတ်သက်ဘူး၊ ကျွန်မ စက္ကန့်ပိုင်းလေး အငိုက်မိလို့ ရှင် မြင်သွားရုံ သက်သက်ပဲ၊ ကျွန်မ သူ့ကို ပါးရိုက်လိုက်တာ ရှင် မမြင်လိုက်ဘူးလား၊ ရှင် အခုကစပြီး ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်မှု ရှိဖို့လိုတယ်နော်"

သူမက လက်ချောင်းများကို ရေတွက်သလိုလေး ထောက်လေသည်။

"ရှင့်ရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ အရပ်ကို ကြည့်ပါဦး၊ ရှင်က ၁.၉ မီတာကျော်တောင် အရပ်ရှည်တာ၊ အရမ်းမိုက်တာပဲ၊ ရှင်သာ ဘတ်စကက်ဘော ကစားရင် ပရိုကစားသမား တစ်ယောက် ဖြစ်လာမှာ၊ ပြီးတော့ ရှင့်ရဲ့ ကြွက်သားတွေ အရမ်းလှတာ၊ ကျွန်မ နေ့တိုင်း အိပ်ပျော်ဖို့အတွက် အဲဒါတွေကို ခေါင်းအုံးလို သုံးရဦးမယ်၊ ရှင့်ရဲ့ ဗိုက်ကြွက်သားတွေကို မထိရရင်ဝောာငိ တစ်ခုခု လိုနေသလိုပဲ"

ယွီရွေ့ကျူးက စကားများကို အလွန် သဘာဝကျသော လေသံဖြင့် ပြောသဖြင့် ဟော်ချန်ယဲ့ ပါးပြင်များ နီမြန်းသွားတော့သည်။ ယွီရွေ့ကျူး နှုတ်ခမ်းများကို ပိတ်ရန် သူ့လက်ကိုပင် မမြှောက်နိုင်ခင်မှာပင် သူမက သူ့ကို ထပ်မံ ချီးကျူးပြန်သည်။

"ပြီးတော့ ရှင့်ရဲ့ ရုပ်ရည်သွင်ပြင်လေ၊ ဒီအမာရွတ် မရှိခင်တုန်းက ရှင့်ကို လူအများကြီးက ခန့်ညားတယ်လို့ ချီးကျူးခဲ့ကြမှာပဲ၊ ရှင်က တကယ်ကို ခန့်ညားတဲ့ အမျိုးသား တစ်ယောက်ဆိုတာ သေချာတယ်၊ ရှင့်ရဲ့ နှာတံစင်းစင်းလေး၊ လှပတဲ့ မျက်လုံးလေးတွေ ပြီးတော့ ရှင့်ရဲ့ နှုတ်ခမ်းတွေ... အရမ်း နူးညံ့ပြီး နမ်းချင်စရာလေးတွေ"

ယွီရွေ့ကျူး လက်ချောင်းများက ဟော်ချန်ယဲ့ ပါးလျသော နှုတ်ခမ်းများကို ထိတွေ့ပြီး စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားကာ ဟော်ချန်ယဲ့ အသက်ရှူသံများမှာ အနည်းငယ် မြန်ဆန်လာသည်ကို ခံစားမိသောအခါ ပြုံးလျက် ဖယ်ခွာသွားတော့သည်။

"ဒီအမာရွတ်ကို လူတွေက ကြောက်တာက သူတို့မှာ အလှ အပကို ခံစားနိုင်တဲ့ အမြင် မရှိလို့ပဲ၊ လူဆိုးလူမိုက်တွေဆိုတာ အမာရွတ် မရှိရင်တောင် ကြောက်ရတာပါပဲ၊ ဟော်ချန်ယဲ့... ရှင်က ဒီအမာရွတ်နဲ့လည်း အရင်ကအတိုင်းပါပဲ၊ ရှင်က သူတို့ကို အရင်က ကယ်ခဲ့သေးတယ်လေ၊ ဒါဆို သူတို့က ရှင့်ကို ဘာလို့ ကြောက်ရမှာလဲ၊ ကျွန်မကတော့ မကြောက်ပါဘူး၊ ရှင် ရုပ်ဆိုးတယ်လို့လည်း မထင်ဘူး၊ ရှင်က အရမ်းခန့်တာ၊ တကယ်ကို မိမိုက်နေတာ"

"ပြီးတော့ ရှင့်ရဲ့ စရိုက်လေးလေ၊ ကျွန်မ အရမ်းသဘောကျတာ၊ ရှင့်ရဲ့ စိတ်ဝင်စားစရာကောင်းပြီး အပြစ်ကင်းစင်သလို ချစ်စရာကောင်းတဲ့ စရိုက်လေးကြောင့်သာ မဟုတ်ရင် ကျွန်မတို့ လက်ထပ်ပြီးတဲ့နောက်မှာ ရှင်နဲ့အတူတူ နေဖို့ ရွေးချယ်ခဲ့မှာ မဟုတ်ဘူး၊ ကျွန်မတို့က ပြီးပြည့်စုံတဲ့ စုံတွဲပဲ၊ ကောင်းကင်ဘုံက ဖန်တီးပေးထားတဲ့ စုံတွဲပေါ့"

ယွီရွေ့ကျူး လက်ချောင်းများက ဟော်ချန်ယဲ့ လက်ဖဝါးကြီးများနှင့် ယှက်နွယ်သွားပြီး သူ့ လက်ချောင်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ သူမ နှုတ်ခမ်းများဆီသို့ ဖိကပ်ပြီး သူ့ကို မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြကာ နမ်းရှိုက်တော့သည်။

All Chapters