အခန်း ၂၁၅
Vol. 22 Ch. 215
Chapter 215
ယင်းယန် တစ်ကိုယ်ရေဘဝ အစသစ်ကို ဂုဏ်ပြုသောအား ဖြင့် ဆိုင်မှ လူအချို့သည် ဝက်သားပေါင်းဆိုင် နောက်ဖေးခြံဝင်းထဲတွင် တက်ကြွပျော်ရွှင်စွာဖြင့် ညစာစားခဲ့ကြရာ အတော်လေး မိုးချုပ်သွားမှသာ ဟော်ချန်ယဲ့က သူတို့အားလုံးကို အိမ်ပြန်ပို့ပေးသည်။
ထိုညက စွန်းယောင်ကျူ အဖြစ်အပျက်ကို ယွီရွေ့ကျူးက ယင်းယန်အား ပြောပြခဲ့ရာ ယင်းယန်သာမက ခြံဝင်းထဲရှိ အခြားသူများပါ မနေနိုင်ဘဲ ရယ်မောမိသည်။
"သူ ဘယ်လို ပြန်သွားမလဲ၊ တကယ်ပဲ လမ်းလျှောက်ပြီးတော့များ ပြန်သွားမလားပဲ"
"ဘယ်သူသိမှာလဲ"
လတ်တလောတွင် ကိစ္စရပ်မြောက်မြားစွာ ဖြစ်ပျက်ခဲ့သော် လည်း ကံကောင်းထောက်မစွာဖြင့် အားလုံး ပြေလည်သွားခဲ့သည်။ ထမင်းစားဝိုင်းရှိ ပျော်ရွှင်စည်ကားနေသော လေထုကို အခွင့်ကောင်းယူကာ ယွီရွေ့ကျူးက ဝိုင်တစ်ငုံကို မျှဉ်းမျှဉ်းလေး သောက်ပြီး နှုတ်ခမ်းကို သပ်လိုက်သည်။
ဟော်ချန်ယဲ့ "!"
သူမကို တားဆီးရန်ပင် အချိန်မရဘဲ ယွီရွေ့ကျူး မျက်နှာလေး ပိုမိုနီမြန်းကာ ပူနွေးလာသည်ကို သူ လက်ပိုက်ကြည့်နေရုံမှလွဲ၍ ဘာမျှ မတတ်နိုင်ခဲ့ပေ။
ဟော်ချန်ယဲ့ "..."
သူ အနည်းငယ် အကူအညီမဲ့သလို ခံစားရသည်။ သူက လက်လှမ်းကာ ယွီရွေ့ကျူးကို ပွေ့ချီပြီး သူမ ပါးပြင်လေးကို သူ့ပါးပြင်ဖြင့် ညင်သာစွာ ထိကပ်ကာ ရေအနည်းငယ် တိုက်သည်။
ယွီရွေ့ကျူး တိမ်ဝင်နေသော ဝင်သက်ထွက်သက်လေးများက သူ့ ပါးပြင်ကို လာရောက် ရိုက်ခတ်နေပြီး သင်းပျံ့ပျံ့ အရက်နံ့လေးကို ရှူရှိုက်မိသောအခါ ဟော်ချန်ယဲ့က ယွီရွေ့ကျူး ခါးလေးကို ပိုမိုတင်းကျပ်စွာ ဖက်တွယ်တော့သည်။
ထိုညက ဟော်ချန်ယဲ့သည် ယွီရွေ့ကျူးကို ထွန်စက်အနောက်ဘက်တွင် အခင်းများခင်း၍ တင်ကာ အိမ်သို့ ပြန်ခေါ်လာသည်။
လမ်းတစ်လျှောက်လုံးမှာ ကြမ်းတမ်းလှသဖြင့် ယွီရွေ့ကျူး တစ်ခုခု နေရထိုင်ရ ခက်မည်နှင့်၊ အန်မည်ဖြစ်စေ၊ သီးသွားမည်ကိုဖြစ်စေ စိုးရိမ်သဖြင့် ဟော်ချန်ယဲ့က သူမ နောက်သို့ ခဏခဏ လှည့်ကြည့်သည်။
သို့သော်လည်း ယွီရွေ့ကျူးမှာမူ ပါးပြင်လေးများ နီမြန်းလျက် မျက်လုံးများကို မှိတ်ထားကာ တစ်စုံတစ်ရာကို တီးတိုး ရေရွတ်နေသည်။
ထွန်စက် ဆူညံသံများကြားတွင် ဟော်ချန်ယဲ့က သူမ ပြောသည်ကို သေချာ မကြားရဘဲ အိမ်ရောက်၍ သူမကို ယာဉ်ပေါ်မှ ပွေ့ချီချိန်တွင်မှသာ ကြားရတော့သည်။
"ဟော်ချန်ယဲ့... ကျွန်မတို့တွေ ချမ်းသာလာတော့မယ်၊ အိမ်ကြီးကြီးမှာနေပြီး ကားကြီးကြီး မောင်းရတော့မယ်၊ ပြီးတော့ မြို့မှာ အချမ်းသာဆုံးသူ ဖြစ်လာတော့မှာ၊ ဒါပေမယ့် ရှင်ကလေ… စွန်းယောင်ကျူလိုမျိုး အိမ်ထောင်ကျပြီးမှ ဖောက်ပြန်တဲ့လူမျိုး မဖြစ်စေနဲ့နော်"
သူမ နူးညံ့သော လက်ချောင်းလေးဖြင့် ဟော်ချန်ယဲ့ ပါးပြင်ကို ထိုးဆွပြီး လှပသော မျက်လုံးလေးများကို တစ်ဝက်ခန့် မှိတ်ထားလျက် ဒေါသတကြီးဖြင့် ဆက်ပြောသည်။
"မဟုတ်ရင် ကျွန်မ တကယ် စိတ်ဆိုးမှာ"
ဟော်ချန်ယဲ့မှာ နေရာတွင်ပင် ရပ်တန့်သွားပြီး သူ့ ရင်ဘတ်ထဲတွင် သွေးခုန်နှုန်းများ မြန်ဆန်လာသည်။
သူမက သူ့ ရင်ဘတ်ကို လာထိုးဆွချိန်တွင် တစ်ကိုယ်လုံး ကျင်တက်သွားသလို ခံစားရပြီး သူမ နီမြန်းသော ပါးပြင်လေးများကို ဖြည်းညှင်းစွာ ငုံ့ကြည့်ရာ ယွီရွေ့ကျူးမှာ အရက်မူးသည့်တိုင်အောင် အလွန်ချစ်စရာကောင်းနေသည်ကို တွေ့လိုက်ရသည်။
သူ့ နက်မှောင်သော မျက်လုံးများက ပုံမှန်မဟုတ်ဘဲ နူးညံ့သွားကာ မနေနိုင်တော့ဘဲ ယွီရွေ့ကျူး နှုတ်ခမ်းလေးများကို ငုံ့၍နမ်းရှိုက်လိုက်ပြီးနောက် အားရပါးရပွတ်သပ်ကာ အဆုံး တွင် အသံသြရှရှဖြင့် ပြောသည်။
"ရွေ့ကျူး… မင်း ချမ်းသာလာတဲ့အခါကျရင် ကိုယ့်ကို အထင်မသေးနဲ့နော်"
သူ ဘယ်တော့မှ သူမကို ဖောက်ပြန်မည် မဟုတ်ချေ။
ထိုညက ဟော်ချန်ယဲ့သည် ယွီရွေ့ကျူးကို သန့်စင်ပေးပြီးနောက် သူကိုယ်တိုင်ပင် ထမင်းမစားရသေးဘဲ သူမကို ထမင်းစားရန် ချော့မော့ခဲ့သည်။
ယွီရွေ့ကျူးမှာ အရက်မူးပြီး သတိလစ်လုနီးပါး ဖြစ်မိသဖြင့် သူက ဖြည်းဖြည်းချင်း ချော့မော့ ကျွေးရသည်။ ထမင်းစားချိန်မှာ အလွန် နှေးကွေးပြီး စိတ်ပင်ပန်းစရာ ကောင်းလှကာ သူမ စား၍ ပြီးချိန်တွင်မူ ဟင်းများအားလုံး အေးစက်နေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ဟော်ချန်ယဲ့က ဂရုမစိုက်ပေ။ သူမကို ကျွေးပြီးနောက် သူက ထမင်းများကို ပါးစပ်ထဲသို့ အမြန်ကော်ထည့်ကာ စားသောက်လေသည်။
ထိုညက ယွီရွေ့ကျူးကို ပွေ့ဖက်ထားရင်း သူမမှာ အရက်မူးသော်လည်း သောင်းကျန်းမနေကြောင်း ဟော်ချန်ယဲ့ တွေ့လိုက်ရသည်။
သူမက ပါးပြင်လေးများ နီမြန်းကာ ခန္ဓာကိုယ်လေး ပျော့ခွေလျက် ငြိမ်သက်စွာ လဲလျောင်းနေပြီး သူက သွားထိသောအခါတိုင်း တိုးတိုးလေး ညည်းသံလေးများ ထွက်လာတတ်ရာ အလွန်ပင် ချစ်စရာကောင်းလှသည်။
ဟော်ချန်ယဲ့ ပါးပြင်များလည်း နီမြန်းသွားပြီး သူ့လက်ကို ပြန်ရုပ်ကာ ယွီရွေ့ကျူး နဖူးလေးကို နမ်းလေသည်။
"ရွေ့ကျူး၊ အိပ်မက်လှလှ မက်ပါစေ"
...
လတ်တလောတွင် ဟော်ချန်ယဲ့ စီးပွားရေးမှာ အလွန် သိသိသာသာ တိုးတက်လာခဲ့သည်။ လတ်ဆတ်သော အသားများ ဝယ်လိုအား တိုးလာခြင်းကြောင့် သူ့ မွေးမြူရေးခြံကိုပါ တိုးချဲ့ခဲ့ရသည်။
ယခင်က အနီးအနားရှိ စားသောက်ဆိုင်များနှင့် အခြားနေရာများသို့ ဝက်သားများ ပေးသွင်းခဲ့ပြီး နောက်ပိုင်းတွင် ယွီရွေ့ကျူး ဝက်သားပေါင်းဆိုင်သို့ သီးသန့် ပေးသွင်းလေသည်။
ယွီရွေ့ကျူး ဝက်သားနှပ်ဆိုင်က အမှတ်တံဆိပ်တစ်ခု တည်ဆောက်ပေးနိုင်ခဲ့ခြင်းကြောင့်လော မသိ၊ အနီးအနား ပတ်ဝန်းကျင်မှ လူများစွာက သူ့အသားများကို လာရောက် ဝယ်ယူကြသည်။
ထိုစားသောက်ဆိုင်များသို့ ပေးသွင်းရုံသာမက ဟော်ချန်ယဲ့နှင့် ယွီရွေ့ကျူးတို့က ပိုလျှံနေသော အသားအစိတ်အပိုင်းများကို အနီးအနားရှိ ဆိုင်များအတွက် ရောင်းမထွက်သေးသော အစားအစာများအဖြစ် သေးငယ်စွာ ပြုပြင်ထုတ်လုပ်ရန်လည်း ပြင်ဆင်နေသည်။
ထိုအထဲတွင် ဝက်ခြေထောက်များ၊ ကြက်ခြေထောက်များ၊ ဝက်အသည်း၊ ကြက်အသည်း၊ ဝက်သားခြောက်၊ အသားခြောက်နှင့် ကြက်လည်ပင်းများ ပါဝင်သည်။
ဟော်ချန်ယဲ့နှင့် ယွီရွေ့ကျူးတို့ နှစ်ဦးစလုံးမှာ ထိုစီမံကိန်းအတွက် အလုပ်များနေသည်။ ဟင်းချက်နည်းကိုသာ အောင်မြင်စွာ ဖော်စပ်နိုင်ပါက သူတို့ စီးပွားရေး အင်ပါယာမှာ ပိုမိုကျယ်ပြန့်လာမည်ဖြစ်ပြီး အသားပြုပြင်ရေး စက်ရုံတစ်ခု ဖွင့်လှစ်ရန်ပင် ဖြစ်နိုင်ချေ ရှိလာပေမည်။
သူတို့နှစ်ဦး ချာချာလည်အောင် အလုပ်များနေချိန်တွင် သားသတ်ရုံမှ ဝန်ထမ်းများမှာလည်း သူတို့ လစာများကို တဖြည်းဖြည်း ရရှိလေသည်။
အစပိုင်းတွင် ဝန်ထမ်းများက မယုံကြည်နိုင်ခဲ့သော်လည်း အလုပ်ဝင်ခါစ အလုပ်သမားများပါ သူတို့ လစာများကို ရရှိပြီးနောက်တွင်မူ ၎င်းမှာ အမှားအယွင်း တစ်ခုခုကြောင့်မဟုတ်ဘဲ သူတို့ ပုံမှန်လစာသာ ဖြစ်ကြောင်း သေချာသွားသည်။
'ဘုရားရေ... ဒါက စက်ရုံမှာ အလုပ်လုပ်နေတဲ့ သူတို့ရဲ့ ဆွေမျိုးတွေ ရတဲ့ လစာထက်တောင် ပိုများနေသေးတယ် မဟုတ်လား'
'ဝန်ထမ်း ဒီလောက်အများကြီးနဲ့ အသစ်ဆောက်ထားတဲ့ သူတို့ရဲ့ သားသတ်ရုံက တကယ်ပဲ ရပ်တည်နိုင်ပါ့မလား၊ လစာတွေ ပေးနေရလို့ပဲ ပြိုလဲသွားမလား'
လစာမထုတ်ရသေးမီက ဝန်ထမ်းများမှာ သိပ်ပြီး တက်ကြွမှု မရှိခဲ့သော်လည်း ယခုအခါတွင်မူ သူတို့ စိတ်ထဲတွင် စုပေါင်း ဂုဏ်ယူလိုစိတ်များ စတင် ဖြစ်ပေါ်လာသည်။
သူတို့ သားသတ်ရုံမှလွဲ၍ ဤမျှ လစာကောင်းပြီး သင့်လျော်သော အလုပ်များကို အခြား မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်နည်း။ အကယ်၍ သားသတ်ရုံသာ ပိတ်ရပါက သူတို့ ဘာဆက်လုပ်ကြမည်နည်း။
လူများစွာမှာ စတင် စိုးရိမ်လာကြပြီး သူတို့ လစာများ လက်ခံရရှိချိန်တွင် ပျော်ရွှင်မှုနှင့်အတူ ဝေခွဲမရမှုများပါ ရောထွေး ခံစားရသည်။
သို့သော်လည်း မထင်မှတ်ထားဘဲ စက်ရုံမှာ အတော်လေး အဆင်ပြေပုံပင်။ စက်ရုံမှာ အမြတ်အစွန်း ရရှိရုံသာမက နောင်တွင် နောက်ထပ် စက်ရုံတစ်ရုံ ထပ်ဖွင့်ရန်ပင် အစီအစဉ် ရှိနေကြောင်း ကောလဟာလများပင် ထွက်ပေါ်သေးသည်။
ထိုသတင်းက လူများစွာကို စိတ်အေးသွားစေခဲ့သည်။
ဟော်ချန်ယဲ့ စက်ရုံထဲတွင် အလုပ်များနေသည်ကို မြင်သော အခါ သူတို့ မနေနိုင်ဘဲ လေးစားအားကျမိသည်။
မည်သို့ပင်ဆိုစေ ဟော်ချန်ယဲ့မှာ အသက်သုံးဆယ်ပင် မပြည့်သေးဘဲ ဤမျှ ငယ်ရွယ်သော အရွယ်တွင် စီးပွားရေးလုပ်ငန်းများစွာ ပိုင်ဆိုင်ထားပြီး နှစ်စဉ် ငွေများစွာ ရှာဖွေနိုင်နေသည်မှာ သူ တကယ်ကို ရဲရင့်မှုရော စွမ်းရည်ပါ ပြည့်စုံနေ၍ပင်။
ဟော်ချန်ယဲ့က သားသတ်ရုံအတွင်းရှိ အခန်းကြီးတစ်ခန်းကို အအေးခန်းအဖြစ် အထူးခွဲခြားထားပြီး အချိန်မီ ရောင်းမထွက်သေးသော အသားများကို လတ်ဆတ်နေစေရန် သိမ်းဆည်းထားသည်။
သူက အအေးခန်းထဲမှ ယခုလေးတင် ထွက်လာခဲ့ပြီး ပစ္စည်းအမျိုးမျိုး၏ စာရင်းကို စစ်ဆေးကာ နောက်မှ ယွီရွေ့ကျူးကို ပြောပြရန်နှင့် ယွီရွေ့ကျူး အရသာ ဆက်လက် စမ်းသပ်နိုင်ရန် တစ်မျိုးစီမှ နည်းနည်းစီ ယူသွားရန် ပြင်ဆင်သည်။
သို့သော်လည်း သူ အပြင်သို့ ခြေလှမ်းလိုက်သည်နှင့် တပြိုင်နက် သားသတ်ရုံမှ ဝန်ထမ်းတစ်ဦးနှင့် ဝင်တိုက်မိသွားသည်။
သားသတ်ရုံ အလုပ်ချိန်မှာ သာမန် စက်ရုံများနှင့် မတူပေ။ လတ်ဆတ်သော အသားအများစုကို ညဘက်တွင် ဖြတ်တောက် ပြုပြင်ပြီးနောက် မနက်စောစောတွင် စားသောက် ဆိုင် အသီးသီးသို့ ပို့ဆောင်ရသည်။
နေ့ဘက်တွင် အလုပ်လုပ်သူ နည်းပါးပြီး အများစုမှာ ရိုးရှင်းသော အလုပ်များကိုသာ လုပ်ကိုင်သည်။
ဟော်ချန်ယဲ့က ခေါင်းပင် မမော့တော့ဘဲ ဘေးသို့ ခြေလှမ်းကျဲကြီးဖြင့် လှမ်းကာ ကန့်လန့်ကာကို မပြီး အပြင်ထွက်ရန် ပြင်သော်လည်း တားဆီးခံရသည်။
"သူဌေးဟော်... ရှင့်ရဲ့ စက်ရုံကြောင့်သာ ကျွန်မ ဒီလောက် ငွေတွေ ရှာနိုင်တာပါ၊ လတ်တလော ကျွန်မ ပိုက်ဆံတွေ အိမ်ပြန်ယူသွားတော့ အမေက အရမ်း ပျော်သွားတယ်လေ
သူဌေးဟော်ကို ကျေးဇူးတင်တဲ့ အနေနဲ့ ရှင့်ကို မြည်းကြည့်ဖို့အတွက် သီးသန့် အချဉ်တည်ထားတဲ့ ဟင်းသီးဟင်းရွက်တွေ ကျွန်မကို ထည့်ပေးလိုက်လို့ပါ"
ဆံပင်ရှည်ရှည်နှင့် မိန်းကလေးမှာ သားသတ်ရုံ ဝန်ထမ်းဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမ ကိုယ်လုံးကိုယ် ပေါက်ကို ပိုမိုပေါ်လွင်စေရန်အတွက်လား မသိ အနည်းငယ် ကျပ်နေစေရန် ချုပ်ရိုး အနည်းငယ်ပြင်ချုပ်ထားပြီး သူမ သွယ်လျသော ခါးလေးကို ပေါ်လွင်စေသည်။
သူမက ခေါင်းလေးကို မော့ကာ ကိုင်ထားသော အချဉ်တည်ထားသည့် ဟင်းသီးဟင်းရွက် ပုလင်းကို ဟော်ချန်ယဲ့ထံ ကမ်းပေးလိုက်ပြီး မျက်တောင်လေးများကို ပလီပလာ ခတ်လျက် ပြောလာသည်။
"သူဌေးဟော်... ရှင် စိတ်မကွယ်ဘူးဆိုရင် နည်းနည်းလောက် မြည်းကြည့်မလား၊ ရှင် ကြိုက်တယ်ဆိုရင် နောက်တစ်ခါ အမေ့ကို ထပ်လုပ်ခိုင်းပြီး လာပို့ပေးပါ့မယ်"