အခန်း ၂၀၆
Vol. 21 Ch. 206
Chapter 206
ပတ်ဝန်းကျင်မှ ညည်းတွားသံများနှင့် အပြစ်တင်သံများကြားတွင် လရောင်ကြောင့် ရှည်လျားစွာ ထွက်ပေါ်နေသော သူ့အရိပ်မှာ မြေကြီးပေါ်တွင် ယိမ်းထိုးလေသည်။
ထို့နောက် ကလေးငိုသံ၊ ပတ်ဝန်းကျင်မှ ဆူညံသံများနှင့် ကလေးကို ချော့မော့သံများကြားတွင် သူက ယွီရွေ့ကျူးကို ပွေ့ဖက်ကာ သူမ နဖူးကို နမ်းလိုက်ပြီး သူ့ လည်စေ့မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေတော့သည်။
ယွီရွေ့ကျူး စိတ်များ ဗလာကျင်းသွားပြီး သူမကို အရှုပ်ထွေးဆုံး ဖြစ်စေခဲ့သည်မှာ အရိပ်များ လှုပ်ယိမ်းလွန်း၍လား၊ သူ့အားကြောင့်လား မသိဘဲ တစ်စုံတစ်ခု ကျိုးပဲ့သွားသည့် အသံတစ်သံကို ကြားလိုက်ရခြင်းပင်။
ထိုအခိုက်အတန့်တွင် သူမ အလိုအလျောက်ပင် ဝမ်းဗိုက်ပေါ်သို့ လက်တင်မိရာ အတွင်းမှ ခံစားချက်ကို ခံစားရသည်။ သူမတွင် ခွန်အား အနည်းငယ်သာ ရှိသော်လည်း မနေနိုင်ဘဲ သူ့ကို စူးရဲစွာ ကြည့်မိသည်။
"ဟော်ချန်ယဲ့"
ဟော်ချန်ယဲ့က နှုတ်ခမ်းကို စေ့ထားလိုက်ရာ သူလည်း အနည်းငယ် ဘာလုပ်ရမှန်း မသိဖြစ်နေကြောင်း ရှင်းလင်းလှသည်။
သူ လျင်မြန်စွာ ကိုင်းညွတ်ကာ ရှင်းလင်းရန် ကြိုးစားသော် လည်း အချို့သော အစိတ်အပိုင်းများမှာ သေချာစွာ ရှင်းလင်းရန် မဖြစ်နိုင်ပေ။
ယွီရွေ့ကျူးကမူ သူမကို လာထိချိန်တွင် သူ့ကို ခြေထောက်ဖြင့်ပင် ကန်ထုတ်လာသည်။
"မလှုပ်နဲ့"
"ဒါဆို ကိုယ်တို့ ဘယ်လို လုပ်ကြမလဲ"
ဟော်ချန်ယဲ့ နဖူးတွင် ချွေးများ တွဲခိုနေပြီး လှုပ်ရှားမှုများကြောင့် သူ့ ဂျုံရောင် ပါးပြင်များမှာ နီမြန်းနေသည်။ သူ့ နက်မှောင်သော မျက်လုံးများမှာ တောက်ပနေပြီး ယွီရွေ့ကျူးကို စူးစိုက်ကြည့်လေသည်။ သူ နှုတ်ခမ်းကို သပ်ပြီး ပြောသည်။
"ကိုယ်က..."
"မရဘူး"
သူ ကောင်းတာ ဘာမှပြောမည် မဟုတ်ကြောင်း ယွီရွေ့ကျူး ခန့်မှန်းမိသည်။ သူက ရေငတ်သည့်အလား နှုတ်ခမ်းကို သပ်ကာ သူမကို နမ်းရန် ကြိုးစားလာသည်ကို မြင်သောအခါ သူမက ပြတ်သားစွာ ငြင်းဆန်လိုက်သည်။
ယနေ့ သူမတို့ အသံသာထွက်သွားပါက ဘေးခန်းမှ ယွီရှားနှင့် အခြားသူများ ကြားသွားမည်ကို စိုးရိမ်မိသည်။
ကလေးငိုသံမှာ မတိတ်သေးဘဲ ယွီရွေ့ကျူးမှာ ဘေးခန်းမှ ယွီရှားနှင့် အခြားသူများ အသံများကို မကြားရတော့ဘဲ အားလုံး လွှမ်းမိုးခံရသည်။
သူမက ရိုးရိုးရှင်းရှင်းပင် ဟော်ချန်ယဲ့ကို စောစောက သူ ယူလာခဲ့သော ရေဇလုံကို ယူလာပေးရန် ခိုင်းလိုက်ပြီး သူမ ခန္ဓာကိုယ်ကို သုတ်ကာ ရှင်းလင်းရန် ပြောသည်။ အကြောင်းမှာ သူမ ကိုယ်တိုင် လုံးဝမထနိုင်တော့သောကြောင့်ပင်။
ဟော်ချန်ယဲ့က သဘာဝကျကျပင် နာခံပြီး ယွီရွေ့ကျူး အသားအရေပေါ်သို့ စိုစွတ်နေသော တဘက်ကို ဂရုတစိုက်နှင့် ညင်သာစွာ ဖိကပ်ပေးသည်။
နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော သူမ အသားအရေကို သုတ်ပေးပြီးနောက် အနည်းငယ် စိုစွတ်မှု ကျန်ရစ်ခဲ့သည်။
သူတို့ ပြီးသွားပြီ ဖြစ်သော်လည်း ဟော်ချန်ယဲ့မှာ မနေနိုင်ဘဲ အသက်ပြင်ပြင်းရှူမိဆဲပင်။
သူ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် ထိန်းချုပ်ကာ ယွီရွေ့ကျူးကို သန့်ရှင်းပေးပြီးနောက် ရေလဲကာ နောက်ထပ် ရေအေးချိုးလိုက်ပြီးမှသာ အုတ်ခုတင်ပေါ်သို့ ပြန်တက်လာသည်။
ထို့နောက် သူ့ နူးညံ့ပြီး မွှေးပျံ့သော ဇနီးလေးကို ဖက်ကာ ကျေနပ်စွာ အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့တွင် တစ်ညလုံးနီးပါး ငိုနေခဲ့သော ကလေးအကြောင်းကို ရွာသားများ ဆွေးနွေးနေကြဆဲဖြစ်သော် လည်း ဟော်ချန်ယဲ့မှာ မနေနိုင်တော့ဘဲ လျင်မြန်စွာ အလုပ်စတင်ကာ နေ့တစ်ဝက်မပြည့်မီမှာပင် ခေါင်မိုးနှင့် နံရံများကို ပြုပြင်ပြီးစီးသွားတော့သည်။
သူ ပြီးသွားသောအခါ ကျောက်ကျစ်ဖန် မှာ သက်ပြင်းတစ်ချက်ချမိသည်။
ထို့နောက် သူတို့က ယွီမိသားစုအိမ်တွင် နေ့လယ်စာ စားခဲ့ကြသည်။ ယွီမိဘများက သူတို့ စားရန် ကြက်တစ်ကောင် သတ်ပေးမလို့ စီစဉ်ခဲ့သော်လည်း သူတို့ သုံးယောက်စလုံးမှာ ကြက်သား စားထားပြီးဖြစ်သဖြင့် ငြင်းပယ်လေသည်။
ကြက်သား မစားရသေးသော ကျောက်ကျစ်ဖန် တစ်ယောက်သာ စကားပြောရန်ပြင်ချိန်တွင် ယွီရှား သူ့ကို ဆွဲကာ တိတ်တိတ်နေရန် အချက်ပြသည်။
ကျောက်ကျစ်ဖန်မှာ ဒေါသထွက်သွားသော်လည်း ဘာမှမတတ်နိုင်ပေ။ အဆုံးတွင် သူ စိတ်ပျက်လက်ပျက်ဖြင့် ဟော်ချန်ယဲ့ ထွန်စက်ပေါ်သို့တက်ကာ မြို့သို့ ဦးတည်သွားတော့သည်။
ဟော်ချန်ယဲ့က ယာဉ်မောင်းခုံတွင် ထူထဲသော ကူရှင်တစ်ခု ခင်းထားသည်။ ယနေ့ ထွန်စက်မှာ အလွန်နှေးကွေးစွာ ရွေ့လျားပြီး အထူးသဖြင့် ကြမ်းတမ်းသော လမ်းများတွင် ပိုနှေးကွေးလွန်းလှသဖြင့် ကျောက်ကျစ်ဖန်မှာ မနေနိုင်ဘဲ ညည်းတွားမိသည်။
"နေပါဦး... ဒါက ထွန်စက်လေ၊ စက်ဘီးမှ မဟုတ်တာ၊ ဘာလို့ စက်ဘီးထက်တောင် နှေးနေရတာလဲ"
ဟော်ချန်ယဲ့ သူ့ကို တစ်ချက် လှမ်းကြည့်သည်။
"ရွေ့ကျူး နေမကောင်းလို့၊ ဒါက ငါ့အရှိန်ပဲ၊ မင်း မကြိုက်ရင် ငါနဲ့ လိုက်မစီးနဲ့"
ကျောက်ကျစ်ဖန်မှာ မယုံကြည်နိုငိလောက်အောင် စိတ်ရှုပ်သွားတော့သည်။
သူ နားမလည်နိုင်ဖြစ်သွားပြီး ယွီရွေ့ကျူးကို စိုက်ကြည့်ကာ ဒေါသတကြီး တွေးမိသည်။
'ယွီရွေ့ကျူးက ပြီးခဲ့တဲ့ နှစ်ရက်က အကောင်းကြီးပါ၊ ဒီနေ့ကျမှ ဘာလို့ နေမကောင်း ဖြစ်ရတာလဲ'
ကံမကောင်းစွာဖြင့် ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့ နှစ်ဦးစလုံးက သူ့ကို ဂရုမစိုက်ကြပေ။
ယွီရွေ့ကျူးက ဟော်ချန်ယဲ့ ပခုံးကို မှီကာ ပျင်းရိစွာ မျက်လုံးမှေးထားသည်။ သူမက ကောက်ရိုးဦးထုပ် အကြီးကြီး တစ် လုံးကို ဆောင်းထားပြီး သူမ ရှည်လျားသော ဆံပင်များမှာ ပြေကျနေကာ ဖြူဖွေးသော မျက်နှာ အစိတ်အပိုင်း အနည်းငယ်ကိုသာ မြင်ရသည်။
သူမ ခေါင်းငုံ့ကာ ဗိုက်ကို ပွတ်သပ်မိသည်။
တစ်ည ကုန်လွန်သွားပြီး ဟော်ချန်ယဲ့က ရှင်းလင်းပေးခဲ့သော်လည်း သူမ ဗိုက်ထဲတွင် နွေးထွေးသော ခံစားချက်တစ်ခုကို ခံစားရဆဲပင်။ ထိုအထိအတွေ့ ခံစားချက်က ကျန်ရစ်သေးသည့်အလားဖြစ်နေပြီး သူမ စိတ်ကူးယဉ်မှုသာ ဖြစ်ကောင်း ဖြစ်နိုင်သည်။
ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့က ယွီရှားနှင့် ကျောက်ကျစ်ဖန်တို့ကို အိမ်သို့ အရင် လိုက်ပို့ပေးကြသည်။
ဤသည်မှာ ယွီရွေ့ကျူးအတွက် အစ်မဖြစ်သူ ယွီရှားအိမ်သို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းပင်။ သူတို့ အိမ်ထဲသို့ပင် မဝင်ရသေးမီ တံခါးဝတွင် ရပ်နားထားသော ထွန်စက်က အိမ်နီးချင်းအများအပြား အာရုံကို ဖမ်းစားထားသည်။
မြို့ပေါ်ရှိ အိမ်များမှာ သူမတို့ ရွာထဲရှိ အိမ်များနှင့် သိပ်မကွာခြားလှဘဲ အနည်းငယ်သာ ပိုမို သပ်ရပ်သည်။
ချမ်းသာသော မိသားစုများက အဆောက်အအုံငယ်များတွင် နေထိုင်ကြပြီး ယွီရှားတို့ကဲ့သို့ စက်ရုံအလုပ်သမားများကမူ အုတ်တိုက်များတွင် နေထိုင်သည်။
ဖွင့်ထားသော ခြံတံခါးမှတစ်ဆင့် အချိန်အတော်ကြာသည်အထိ အိမ်မပြန်လာခြင်းနှင့် ယွီရှားကို အလုပ်များ ခိုင်းစေခဲ့ခြင်းတို့အတွက် အပြစ်တင် ဆူပူနေသော ယွီရှား ယောက္ခမ ဖြစ်ဟန်တူသည့် အဘွားအိုတစ်ဦး ညည်းတွားသံများကို ဝေဝါးစွာ ကြားနေရသည်။
ယွီရွေ့ကျူးမှာ ကျန်သည့်စကားများကို သေချာ မကြားရတော့ပေ။ ထွန်စက်ပေါ်တွင် အနည်းငယ် မြင့်သော နေရာမှ ထိုင်နေသဖြင့် သူမက မော့ကြည့်ရာ ခေါင်းငုံ့ကာ တိတ်ဆိတ် စွာ ရပ်နေသော ယွီရှားကျောပြင်နှင့် သူမ ဘေးမှနေ၍ အိမ်ထဲသို့ မာနတထောင်ထောင်ဖြင့် ဝင်သွားသော ကျောက်ကျစ်ဖန်ကိုမြင်လိုက်သည်။
ယွီရွေ့ကျူး အကြည့်လွှဲကာ မျက်လွှာချပြီး ဟော်ချန်ယဲ့အင်္ကျီလက်ကို ဆွဲကိုင်သည်။
"ဆိုင်ကို ပြန်ကြရအောင်"
ဟော်ချန်ယဲ့က သူတို့ အနောက်ဘက်ရှိ ခြံဝင်းကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်ပြသည်။
"အင်း"
သူတို့ ဆိုင်သို့ မပြန်ဖြစ်သည်မှာ နှစ်ရက် သုံးရက်ခန့် ရှိနေပြီဖြစ်ပြီး ဆိုင်နှစ်ဆိုင်စလုံးတွင် ဖြေရှင်းရန် ကိစ္စများစွာ ရှိနေသည်။
ယွီရွေ့ကျူး ဆိုင်ထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ရှဲ့ယင်းယန်က သူမကို ဖမ်းဆွဲကာ ဖက်လာသည်။
"အို... အစ်မရွေ့ကျူး၊ နောက်ဆုံးတော့ အစ်မ ပြန်လာပြီပဲ၊ တစ်ယောက်ယောက်က ကတ်ဝယ်ချင်လို့တဲ့
ကျွန်မဆီမှာ ကတ်မလောက်တော့ဘူး၊ ထပ်ယူဖို့ လိုသေးလား၊ နောက်ထပ် အရောင်းမြှင့်တင်ရေး အစီအစဉ်ကို ဘယ် တော့လောက် ထပ်လုပ်ကြမလဲ၊ ပြီးတော့ နောက်တစ်ခုက..."
သူမက အကြောင်းအရာ များစွာကို တရစပ် ပြောလာသဖြင့် ယွီရွေ့ကျူးမှာ မနေနိုင်ဘဲ တခစ်ခစ် ရယ်မောမိကာ သူမ ဖြူဖွေးနုဖတ်နေသော ပါးပြင်လေးကို ဆွဲလိမ်သည်။
"ဖြည်းဖြည်း ပြောပါ၊ မလောနဲ့"
ယွီရွေ့ကျူး ပြန်ရောက်လာသဖြင့် ဆိုင်တွင် အားထားစရာ ထောက်တိုင်တစ်ခု ရရှိသွားသည့်အလား စွန်းရှို့ရှို့ပင်လျှင် သက်ပြင်းချနိုင်သွားသည်။
လူတိုင်းက သူမထံသို့ လာရောက်ကာ ပြီးခဲ့သော နှစ်ရက်အတွင်း ဆိုင်အခြေအနေများကို အစီရင်ခံကြသည်။
သူတို့ မရှိသည့် နှစ်ရက်အတွင်း ဆိုင်တွင် ပြဿနာအနည်း ငယ် ရှိခဲ့သော်လည်း ကြီးကြီးမားမား ပြဿနာများ မဖြစ်ခဲ့ကြောင်း ကြားလိုက်ရသည်။ ထိုနေ့က စွန်းရှို့ရှို့ အလှည့်ကျဖြစ်ပြီး လမ်းတစ်ဖက်ကူးရှိ သားသတ်ရုံမှ လူတစ်ယောက်ကို လှမ်းခေါ်လိုက်ရာ ထိုသူမှာ လျင်မြန်စွာပင် လန့်သွားခဲ့သည်။
"ပြဿနာ ဟုတ်လား"
ယွီရွေ့ကျူးက မျက်ခုံးတစ်ဖက်ကို ပင့်ပြီး ဤမျှ ကြီးမား သောကိစ္စကို ဘာကြောင့် စောစော မပြောရသနည်းဟု မေးရန် ပြင်လိုက်သော်လည်း ဤကမ္ဘာတွင် ဆက်သွယ်ရေးအတွက် အဆင်ပြေသော နည်းလမ်းများမရှိဘဲ ဖုန်းဖြင့် အမြဲတမ်း ဆက်သွယ်၍ မရနိုင်ကြောင်းကို သတိရသွားသည်။
သူမက ဆိုင်ဝန်ထမ်းများကို နှစ်သိမ့်ပေးပြီး ပြဿနာရှာသူများမှာ ဘာကြံစည်နေသနည်းဟု တွေးတောကာ စွန်းမော်ကို နေ့ရောညပါ ဆိုင်နှင့် ပတ်ဝန်းကျင်သို့ လာရောက်ပြီး မသင်္ကာဖွယ်ရာ လူများ ရှိ၊ မရှိ စောင့်ကြည့်ရန် ပြောသည်။
ထို့နောက် ဆိုင်အတွက် ကြိုးဖုန်းတစ်လုံး လျှောက်ထားရမည်ကိုလည်း သူမ တွေးမိသည်။
သို့သော် ထိုကိစ္စကို ခေတ္တဘေးဖယ်ထားပြီး ဆိုင် အခြေအနေကို ပြောပြရန် ဟော်ချန်ယဲ့ထံသို့ သွားသည်။
ဟော်ချန်ယဲ့က သူမကို ငုံ့ကြည့်လာသည်။
"ကိုယ်လည်း မင်းကို ဒီအကြောင်း ပြောမလို့ပဲ၊ အဲ့တစ်ယောက်က ဘယ်သူလဲဆိုတာ ကိုယ် အကြမ်းဖျင်း သိတယ်"
ထိုစကားကို ကြားသောအခါ ယွီရွေ့ကျူးက သူ့ကို လှည့်ကြည့်လာသည်။
ဟော်ချန်ယဲ့ အက်ရှရှ အသံဖြင့် ပြောလေသည်။
"ရွေ့ကျူး... ယင်းယန်ရဲ့ ယောက်ျားကို မှတ်မိလား၊ ယင်းယန်က ယောက္ခမအိမ်ကနေ ထွက်ပြေးလာတာ၊ သူ့ယောက်ျားက လာမခေါ်ဘူးလေ၊ ဒါပေမဲ့ မကြာသေးခင်က သူ့ကို ရွာထဲမှာ တွေ့တယ်လို့ ကိုယ့်ဆိုင်က လူတွေက ပြောတယ်၊ ဟိုတစ်နေ့က မင်းဆိုင်မှာ ပြဿနာလာရှာတဲ့သူကို ဖော်ပြချက်တွေအရ သူ့ယောက်ျား ဖြစ်ဖို့ များတယ်"
ယွီရွေ့ကျူး ခေတ္တမျှ စဉ်းစားပြီး အတော်လေး ရယ်စရာ ကောင်းသည်ဟုပင် ခံစားလိုက်သည်။
"ယင်းယန်ကို လာခေါ်တာလား၊ ယင်းယန်ကို တိုက်ရိုက် ဆက်သွယ်လို့ ရတာပဲကို ဘာလို့ ဒီကိုလာပြီး ပြဿနာရှာရတာလဲ"
"ကိုယ့်အထင်တော့ ကိုယ်တို့ဆိုင်က ပုံမှန် လည်ပတ်နေပြီး ယင်းယန်မှာ ပုံမှန်လစာရှိနေတာကို သူ တွေ့သွားလို့ဖြစ်မယ်၊ သူက ယင်းယန်ကို သဘောမကျပေမဲ့ ယင်းယန်ဆီက ပိုက်ဆံကို လိုချင်နေလို့ ပြဿနာလာရှာတာ ဖြစ်ရမယ်"
ယင်းယန် အိမ်ထောင်ရေးကို ယွီရွေ့ကျူး တစ်ခါမျှ မမေ့ခဲ့ပေ။ ၎င်းမှာ အချိန်ကိုက် ဗုံးတစ်လုံးဟုသာ သူမ အမြဲတစေ ခံစားခဲ့ရသော်လည်း ဤမျှ မြန်မြန်ဆန်ဆန် ပေါက်ကွဲလိမ့် မည်ဟု မမျှော်လင့်ထားခဲ့ပေ။