← Chapters

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း ၂၀၃

Vol. 21 Ch. 203

Chapter 203

ကျီချိုးရှင်းက ယွီရွေ့ကျူး လက်ထဲရှိ ရေခဲချောင်းကို စိုက်ကြည့်ကာ သူမ လက်ချောင်းများကို စုပ်ရင်း စုန့်ချင်းရှန်း အင်္ကျီလက်စကို ဆွဲသည်။

"အဲ့တာလေး စားချင်တယ် စုန့်ချင်းရှန်း"

ယွီရွေ့ကျူး ဖြစ်နေလိမ့်မည်ဟု စုန့်ချင်းရှန်း မထင်မှတ်ထားခဲ့ပေ။ သူ့ စိတ်အစဉ်မှာ ခေတ္တမျှ ဗလာကျင်းသွားပြီး ကျီချိုးရှင်း ဆွဲထားသော သူ့ လက်ကို အလိုအလျောက်ပင် ရုန်းထွက်မိသည်။

"သူများ ရေခဲချောင်းတွေက ဝယ်ပြီးသားတွေလေ၊ မစားပါနဲ့ကွာ၊ နောက်မှ ကိုယ် နောက်တစ်ချောင်း ဝယ်ပေးမယ်"

ကျီချိုးရှင်း မျက်နှာထား တစ်ခုလုံး မှောင်မိုက်သွားတော့ သည်။

ယခင်က လူကြိုက်များသော ရေခဲချောင်းများမှာ အကောင်းဆုံးဖြစ်မည်ဟူသော ရှင်းပြရခက်သည့် စိတ်နေသဘောထားကြောင့်သာ ဖြစ်ခဲ့လျှင် ယခုအခါတွင်တော့ ကျီချိုးရှင်းက ယွီရွေ့ကျူးထက် သာလွန်ချင်သော ပြိုင်ဆိုင်လိုစိတ်များဖြင့် တမင်သက်သက် အနိုင်ယူချင်ခြင်းဖြစ်သည်။

သူမက ယွီရွေ့ကျူးကို အထက်အောက် စုန်ဆန်ကြည့်သည်။

သူမမှာ လှပသည်ဟု ဆိုရမည်ဖြစ်သော်လည်း ယွီရွေ့ကျူးက ပညာသိပ်မတတ်ဘဲ အထက်တန်းပင် မအောင်မြင်ခဲ့ကြောင်းနှင့် သူမ အရည်အချင်းကောင်းများကြောင့် မြို့ထဲတွင် အောင်မြင်သော ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ထားနိုင်ကြောင်း ကြားသိထားရာ ထိုအရာက အတော်လေးအံ့မခန်းဖြစ်စရာပင်။

ကျီချိုးရှင်းမှာ ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရသူဖြစ်ပြီး အကောင်းဆုံးဆိုသည်များကိုသာ လိုချင်ခဲ့သူဖြစ်သည်။

သူမ အမြင်တွင် စုန့်ချင်းရှန်းမှာ ထူးချွန်သူ မဟုတ်သော် လည်း အတော်လေး စကားနားထောင်သူဖြစ်သည်။

သို့သော်လည်း မကြာသေးမီက သူသည် ယွီရွေ့ကျူးနှင့် ပတ်သက်နေခဲ့ပြီး ထိုအချက်က ကျီချိုးရှင်းကို အလွန်မကျေမနပ်ဖြစ်စေခဲ့သည်။

ထို့ကြောင့် သူမက စုန့်ချင်းရှန်းကို ဒေါသတကြီး စိုက်ကြည့် လိုက်သည်။

"ကျွန်မ ဂရုမစိုက်ဘူး စုန့်ချင်းရှန်း၊ ဒီနေ့ ရေခဲချောင်း စားကိုစားရမှဖြစ်မယ်၊ ရှင်ဝယ်မပေးနိုင်ရင် ကျွန်မ စိတ်ဆိုးတော့မှာနော်၊ အရင်ကဆို ရှင်က ကျွန်မကို ဂရုစိုက်ဆုံးလေ

ဒါပေမယ့် ဒီနေ့ကျတော့ ရေခဲချောင်းလေး တစ်ချောင်းတောင် ကျွန်မ သဘောကျအောင် မလုပ်ပေးနိုင်ဘူးလား

ရှင်က ဘယ်လို ချစ်သူမျိုးလဲ၊ ဒီနေ့ ရှင်တို့အိမ်ကို လိုက်မလာခဲ့သင့်ဘူး၊ အရာအားလုံးက စိတ်ပျက်စရာကောင်းလိုက်တာ၊ ရှင် ကျွန်မကို အရမ်းဒေါသထွက်အောင်လုပ်နေပြီ"

စကားများရန်ဖြစ်ပြီးတိုင်း စုန့်ချင်းရှန်းက သူမကို ပြန်ချော့ရန် စောင့်ဆိုင်းတတ်သော ကျီချိုးရှင်း ပုံမှန်အသုံးပြုနေကျ နည်းဗျူဟာတစ်ခုပင်။

ဤဆက်ဆံရေးတွင် ကျီချိုးရှင်းကသာ စုန့်ချင်းရှန်းကို ထိန်းချုပ်ထားနိုင်သူဖြစ်ပြီး အပြန်အလှန်တော့ မဟုတ်ခဲ့ရာ ထိုနည်းလမ်းက အမြဲတမ်း အလုပ်ဖြစ်လေ့ရှိသည်။

ထို့ကြောင့် စုန့်ချင်းရှန်းမှာ အမြဲတမ်း ကိုယ့်ကိုယ်ကို နှိမ့်ချကာ သူမကို အသနားခံ ချော့မော့ရပြီး အထိတ်တလန့်ဖြစ်ကာ ပြာယာခတ်ပြီး အနေရခက်ရလေ့ရှိသည်။

ကျီချိုးရှင်းကလည်း သူမ စိတ်ကြိုက် နှိပ်စက်ကစားပြီးချိန်မှသာ သူ့ကို အလွယ်တကူ လမ်းဖွင့်ပသည်။

ယခုလည်း သူမက သိသာထင်ရှားစွာပင် မကျေမနပ်ဖြစ်နေပုံပေါက်ကာ စုန့်ချင်းရှန်း ပြန်ချော့မည်ကို စောင့်ဆိုင်းနေသော် လည်း စုန့်ချင်းရှန်းကမူ ချက်ချင်း ဘာမှ ပြန်မပြောခဲ့ချေ။

သူ ဤသို့ ဖြစ်နေသည်ကို ယွီရွေ့ကျူးအား အနည်းဆုံးတော့ အသိမခံချင်ခဲ့သော်လည်း ကျီချိုးရှင်းကမူ အခြားသူများ ခံစားချက်များကို ဂရုမစိုက်သလို အလေးအနက် မထားခဲ့ပေ။

ယွီရွေ့ကျူး ရှိနေသည်ဟု တွေးလိုက်မိရုံဖြင့်ပင် သူ့ မျက်နှာမှာ ပူထူသွားတော့သည်။

သူ မျက်မှောင်ကြုတ်လိုက်ပြီး အသက်ရှူနှုန်းများလည်း မြန်ဆန်လာသည်။

ကျီချိုးရှင်းမှာ အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားပြီး သူမဒေါသက ပိုမိုကြီးထွားမိတော့သည်။

ယွီရွေ့ကျူးကမူ သူတို့ ပြဇာတ်တွင်ပါဝင်ရန် စိတ်ကူးမရှိပေ။ ဤခေတ်ကာလရှိ ရေခဲချောင်းများတွင် နို့ပါဝင်မှု သိပ်မများဘဲ နေပူထဲတွင် အလွယ်တကူ အရည်ပျော်လွယ်သည်။

သူမက ဟော်ချန်ယဲ့နှင့် အခြားသူများအတွက် အိမ်ပြန်ယူသွားရန် ရေခဲချောင်း အချို့ကိုဝယ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူမက စုန့်ချင်းရှန်းကို တစ်ချက်ကြည့်ပြီး သူ့ကို နှုတ်ဆက်ရန်ပင် မစဉ်းစားတော့ဘဲ လှည့်ထွက်လာသည်။

သို့သော် ထူးဆန်းသည်မှာ အချိန်အတော်ကြာအောင် ကျောက်ရုပ်တစ်ရုပ်ပမာ ရပ်နေခဲ့သော စုန့်ချင်းရှန်းသည် ကျီချိုးရှင်းကို ချော့မည့်အစား ယွီရွေ့ကျူး ထွက်သွားသည်ကို မြင်လိုက်ရသောအခါ အလိုအလျောက်ပင် သူမနောက်သို့ ပြေးသွားခြင်းပင်။

ကျီချိုးရှင်းက အစပိုင်းတွင် စုန့်ချင်းရှန်း သူမအတွက် ရေခဲချောင်း သွားဝယ်ပေးမည်ဟု ထင်မှတ်ထားခဲ့သည်။

သူမျက်နှာတွင် ကျေနပ်နေသော အပြုံးလေး ပေါ်မလာမီမှာပင် စုန့်ချင်းရှန်းက ယွီရွေ့ကျူးနောက်သို့ ပြေးသွားကာ သူမကို အဆက်မပြတ် ခေါ်နေသည်ကို မြင်လိုက်သည်။

"ရွေ့ကျူး၊ ရွေ့ကျူး ခဏစောင့်ဦး၊ ရွေ့ကျူး၊ ငါ့ကို မရှောင်ပါနဲ့"

သူက ယွီရွေ့ကျူးကို အလွန် ချစ်ခင်ကြင်နာစွာဖြင့် ခေါ်ဝေါ်နေသည်။ ကျီချိုးရှင်းမှာ ဒေါသတကြီးဖြင့် ခြေဆောင့်မိရာ သူမ လှပသော စကတ်လေးမင် တွန့်ကြေသွားတော့သည်။

...

ယွီရွေ့ကျူးမှာ စုန့်ချင်းရှန်းကို သူမအား ခြောက်လှန့်နေသော တစ္ဆေတစ်ကောင်လိုပင် ခံစားရသည်။

သူ မရှိဟန်ဆောင်ကာ ခပ်သုတ်သုတ် လျှောက်လာခဲ့ပြီး အဆက်မပြတ် ခေါ်နေသည်ကို လျစ်လျူရှုလျက် အိမ်ပြန်ရောက်ရန်နှင့် သူ့ကို ခါချပစ်ရန်သာ တွေးမိသည်။

မထင်မှတ်ဘဲ သူမ အိမ်ပေါက်ဝအနီး လမ်းဆုံရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် စုန့်ချင်းရှန်းက ထစ်အစွာဖြင့် ယွီရွေ့ကျူးကို ဖမ်းဆွဲထားသည်။

"ရွေ့ကျူး၊ ငါ့ကို ထပ်မရှောင်ပါနဲ့တော့၊ ငါနဲ့ စကားပြောပါ၊ ဒီလို မလုပ်ပါနဲ့"

ယွီရွေ့ကျူး "..."

သူမ အလွန်စိတ်အနှောင့်အယှက် ဖြစ်သွားရပြီး မျက်လုံးများကို မှိတ်ကာ စိတ်ကိုငြိမ်အောင်ထားရန် သက်ပြင်းရှည်ကြီးတစ်ချက်ကို ရှိုက်လိုက်ပြီးနောက် လှည့်ကြည့်သည်။

ယွီရွေ့ကျူးကမူ စုန့်ချင်းရှန်း လက်ကို ဦးစွာခါချသည်။

"ရှင် ကျွန်မကို ဒီစကားတွေ ပြောခဲ့တာ အကြိမ်ပေါင်းများနေပြီ၊ ဒါပေမယ့် အကုန်လုံးက အလကား အဓိပ္ပာယ်မရှိတဲ့ စကားတွေချည်းပဲ

စုန့်ချင်းရှန်း... ရှင် ဒီတစ်ခါလည်း ပိုက်ဆံ ထပ်ချေးချင်လို့လား၊ ကျွန်မ အမှန်တိုင်း ပြောလိုက်မယ်၊ ကျွန်မ ရှင့်ကို ပိုက်ဆံ မချေးပေးနိုင်ဘူး

လက်လျှော့လိုက်တော့၊ ရှင်ရော ကျွန်မရော အခု ကိုယ်စီ ချစ်ရသူတွေ ရှိနေကြပြီဆိုတော့ ကျွန်မကို လာမနှောင့်ယှက်ပါနဲ့တော့၊ ကျွန်မရဲ့ ချန်ယဲ့ အထင်လွဲသွားမှာကို စိုးရိမ်တယ်"

သူမက ချန်ယဲ့ဟူသော နာမည်ကို အလွန်ချောမွေ့စွာ သဘာဝ ကျစွာခေါ်ဆိုရာ စုန့်ချင်းရှန်းမှာ မျက်ရည်များပင် ဝဲတက်လာသည်။

သူက လက်သီးကို တင်းတင်းဆုပ်မိပြီး သူ့ရှေ့ရှိ ရင်းနှီးကျွမ်းဝင်နေသော ဖြူဖွေးသည့် မျက်နှာလေးကို စိုက်ကြည့်ကာ သက်ပြင်းရှည်ကြီးကို မရှိုက်ဘဲ မနေနိုင်တော့ချေ။

"ကိုယ်... ရွေ့ကျူး၊ တကယ်တော့ ကိုယ် အရမ်း နောင်တရနေခဲ့တာ၊ အဲဒီတုန်းက ကိုယိ့အမှားဆိုတာ သိပါတယ်

ပြီးတော့ ကိုယ့်မိသားစုကလည်း ကိုင်တွယ်တာ မှားယွင်းခဲ့တယ်၊ မကြာသေးခင်က ကိုယ်တို့ရဲ့ အတိတ်တွေကို ပြန်စဉ်းစားနေမိတယ်

ကိုယ်တို့အတွက် တကယ်ပဲ ဖြစ်နိုင်ချေ မရှိတော့ဘူးလား ရွေ့ကျူးရယ်"

သူက လက်ကိုမြှောက်ကာ ရှပ်အင်္ကျီလက်စကို ဂရုတစိုက် ခေါက်တင်လိုက်ပြီး သူ့လက်ကောက်ဝတ်ရှိ လက်ကောက်လေးကို ပြလေသည်။

"ဒါက မင်းရဲ့ ပထမဆုံး လစာနဲ့ ကိုယ့်အတွက် ဝယ်ပေးခဲ့တာလေ၊ ဒီနှစ်တွေတစ်လျှောက်လုံး ဒါကို ဘယ်တော့မှ လွှင့်မပစ်ခဲ့ပါဘူး..."

ယွီရွေ့ကျူး "..."

မူလပိုင်ရှင် အချစ်ရူး ရူးနေသော ဦးနှောက်မှာ အံ့မခန်းပင်။ သူမ ပထမဆုံးလစာဖြင့် လှပသော ဂါဝန်လေးတစ်ထည် ဝယ်မည့်အစား စုန့်ချင်းရှန်းအတွက် ဤလက်ကောက်ကို ဝယ်ပေးခဲ့ခြင်းဖြစ်သည်။

၎င်းမှာ အလွန်သစ်လွင်ပုံရသည်။ စုန့်ချင်းရှန်းက ယခင်က ထိုအရာကို လုံးဝ ဂရုစိုက်ခဲ့ပုံမပေါ်ပေ။

တစ်နေ့နေ့ကမှ ရှာတွေ့ပြီး ပြန်ဝတ်လာခြင်း ဖြစ်ကောင်းဖြစ်မည်။ သူမ ယခင်က သူ့ လက်ကောက်ဝတ်တွင် ထိုအရာကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

စုန့်ချင်းရှန်း အိတ်ကပ်ထဲမှ သူ့ လက်ကောက်ဝတ်ရှိလက် ကောက်နှင့် ထပ်တူကျနေသော လက်ကောက်တစ်ကွင်းကို ဆွဲထုတ်ပြီး ယွီရွေ့ကျူးကို ပေးဟန်ပြင်သည်။

"ရွေ့ကျူး၊ ငါတို့ အရင်တုန်းကလိုပဲ တစ်ယောက်တစ်ကွင်းစီ ဝတ်ကြရအောင်လေ"

သူ့ အရှက်အကြောက်ကင်းမဲ့မှုကြောင့် ယွီရွေ့ကျူး အနည်း ငယ် ဆွံအသွားသည်။

"စုန့်ချင်းရှန်း ရှင် မေ့သွားပြီလား၊ ရှင့်မှာ ချစ်သူရှိနေပြီလေ၊ ပြီးတော့ ကျွန်မကလည်း အိမ်ထောင်ကျပြီးသား၊ ဘာလို့ ဒါကို လာပေးနေတာလဲ၊ ရှင် ကျွန်မနဲ့ ဖောက်ပြန်မလို့လား"

သူမ စကားများက အလွန်တည့်တိုးဆန်လွန်းရာ စုန့်ချင်းရှန်းမှာ မျက်နှာပူသွားရသည်။

"ဖောက်ပြန်တာ မဟုတ်ပါဘူး ရွေ့ကျူးရယ်၊ တကယ်လို့ မင်းသာ ကွာရှင်းဖို့ ဆန္ဒရှိမယ်ဆိုရင်..."

"ရှင် အိပ်မက်မက်နေလိုက်"

ယွီရွေ့ကျူး သူမ လက်ကောက်ဝတ်ကိုမြှောက်ပြရာ နာရီတစ်လုံး ပေါ်လာသည်။

"ဒါပေမယ့် ကျွန်မ လက်ကောက်ဝတ်မှာ ပစ္စည်းတစ်ခု ရှိနေပြီဆိုတော့ ရှင့်ဟာကို မဝတ်နိုင်ဘူး၊ ဒါ ချန်ယဲ့ ကျွန်မအတွက် ဝယ်ပေးထားတာ၊ ကျွန်မတို့က စုံတွဲလေ၊ ဒီနာရီက တန်ဖိုးကြီးပြီး စေတနာလည်း ပါတယ်၊ ရှင့်လက်ကောက်ထက် အများကြီး ပိုကောင်းတယ်လို့ ရှင် မထင်ဘူးလား"

စုန့်ချင်းရှန်း မျက်နှာမှာ ဖြူရော်သွားသည်။

ယွီရွေ့ကျူးကမူ နေရခက်နေဆဲပင်။ သူမက လက်လှမ်းကာ တောင်းဆိုသည်။

"ကျွန်မ အရင်က ပေးခဲ့ဖူးတဲ့ ပစ္စည်းတွေ အကုန်ပြန်ပေး၊ ပြီးတော့ ကျွန်မကို ထပ်လာမနှောင့်ယှက်နဲ့တော့၊ လက် ကောက်ပြန်ပေး"

စုန့်ချင်းရှန်း နှုတ်ခမ်းကို စေ့ထားလျက် တိတ်ဆိတ်နေသည်။ သူ ခေါင်းငုံ့ကာ လက်ကောက်ကို ချွတ်ပြီး ယွီရွေ့ကျူးထံ မလိုလားစွာဖြင့် ပြန်ပေးသည်။

ထို့နောက် သူက နောက်ဆုံးကြိုးစားမှုအဖြစ် မော့လိုင်သကြားလုံး အချို့ကို သူမ လက်ဖဝါးပေါ်တွင် တင်ပေးသည်။

"ရွေ့ကျူး၊ မင်းသာ ကိုယ်နဲ့ အတူရှိမယ်ဆိုရင် ကိုယ် မင်းကို တကယ် ကောင်းကောင်းမွန်မွန်ထားမှာပါ၊ မင်း သကြားလုံး ကြိုက်တယ်ဆိုတော့ ကိုယ် မင်းအတွက် အများကြီး ဝယ်ပေးမယ်လေ..."

"မလိုဘူး"

ယွီရွေ့ကျူးကမူ မော့လိုင်သကြားလုံးများကို သူ့ရင်ခွင်ထဲသို့ ဖြစ်သလိုထိုးထည့်ပြီး သူမ အိတ်ကပ်ထဲမှ သကြားလုံးအချို့ကို ယူထုတ်ကာ ဗလုံးဗထွေးဖြင့် ပြောသည်။

"ကျွန်မ မိသားစုက ပေးထားတဲ့ စွန်ပလွံပျားရည်လုံးလေးက အဲ့တာထက် အများကြီးပိုချိုတယ်"

All Chapters