အခန်း ၁၇၁
Vol. 18 Ch. 171
Chapter 171
ယွီရွေ့ကျူးမှာ အနည်းငယ် အံ့အားသင့်သွားပြီး သူမ ပုံမှန် ဖောက်သည်များကို မှတ်ဉာဏ်ထဲတွင် ရှာဖွေကြည့်မိသည်။ အဆုံးတွင် သူ့ကို ထိုအဘိုးကြီးနှင့် နှိုင်းယှဉ်ကြည့်သောအခါ မနေနိုင်ဘဲ အနည်းငယ် တုန်လှုပ်သွားတော့သည်။
သူပြောသော အဘိုးဆိုသည်မှာ အခြားသူမဟုတ်ဘဲ သူမ ဆိုင်စတင် ဖွင့်လှစ်စဉ်က ဟင်းထဲတွင် တစ်ခုခုထည့်ထား သည်ဟု သံသယဝင်ခဲ့သော ကဂျီကကြောင် အဘိုးကြီးသာ ဖြစ်နိုင်သည်။
'ဘုရားရေ... ဒီခေတ်မှာ သက်ကြီးရွယ်အိုတွေကိုအထင်သေး လို့ မရဘူးပဲ၊ အဲဒီတုန်းက အပြောအဆို ကြမ်းတမ်းတဲ့ အဘိုးကြီးက အခု ငါ့ဆီကို ဒီလောက်ကြီးမားတဲ့ စီးပွားရေးလုပ် ငန်းကြီး ယူလာပေးလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ'
"ကျွန်တော့် အဘိုးက ကိုယ်တိုင်လာဝယ်ရတာကို သဘော ကျပေမဲ့ သူ့ ကျန်းမာရေးက သိပ်မကောင်းတော့ သိပ်မလှုပ်ရှားချင်တော့ဘူးလေ
ဒါကြောင့် ကျွန်တော်က သူ့အတွက် ဝက်သားနှပ် လာဝယ်ပေးနေတာပါ၊ နောက်ဆိုရင်လည်း ဝက်သားနှပ် ဝယ်ဖို့က ကျွန်တော့် တာဝန်ဖြစ်လာနိုင်ချေများပါတယ်"
ထိုအမျိုးသားက ရယ်မောပြီးနောက် ဆက်ပြောသည်။
"ဝက်အူချောင်း နည်းနည်းလောက်လည်း ပေးပါ၊ ခင်ဗျားဆီမှာ လက်ဆွဲအိတ် ရှိလား၊ အဲဒါဆို ပိုကြည့်ကောင်းမှာမို့လို့"
ယွီရွေ့ကျူး အနောက်သို့ အနည်းငယ် မှီပြီး လျင်မြန်စွာ ခေါင်းညိတ်သည်။
"ရှိပါတယ်ရှင့်"
'တကယ်လို့ မရှိရင်တောင်မှ အခြေအနေကို ဖန်တီးယူရမှာပဲလေ'
'ဒါက စီးပွားရေး အကြီးကြီးပဲ၊ ဒီအမှာစာက ယွမ်ငါးရာ၊ ခြောက်ရာလောက် တန်ဖိုးရှိနိုင်တယ်ဟဲ့'
ဤကြီးမားလှသော အမှာစာကြီးကြောင့် မူလကပင် အလုပ် ရှုပ်နေသော ဆိုင်လေးမှာ ပိုအလုပ်များသွားတော့သည်။
ဖောက်သည်များ အစုလိုက်အပြုံမှာယူထားသော လမုန့်များနှင့် ဝက်အူချောင်းများကို အချိန်မီ ပြီးစီးနိုင်ရန်အတွက် လူအင်အား အမြောက်အမြားကို ဆွဲထုတ်ကာ အလောတ ကြီး လုပ်ဆောင်ကြရသည်။
နေ့လယ်ပိုင်း အရောင်းအဝယ်များနှင့်ပါ ပေါင်းစပ်သောအခါ ယွီရွေ့ကျူးမှာ အစာစားချိန်ပင် မရှိလောက်အောင် အလုပ် များနေပြီး ရက်အနည်းငယ်အတွင်း ကိုယ်အလေးချိန် အတော်လေး ကျဆင်းသွားသည်။
အသင့်ပြုလုပ်ပြီးသော အစုလိုက်အပြုံလိုက် လက်ဆောင်ဘူးများကို ဖောက်သည်များ လာရောက်ယူငင်ရန် ဆိုင်အဝင်ဝတွင် စုပုံထားလေသည်။
လမုန့်နှင့် ဝက်အူချောင်း ဘူးပေါင်း တစ်ရာကျော်မှာ အထူးသဖြင့် ခမ်းနားထည်ဝါနေပြီး လူအများအပြားကို လာရောက် မေးမြန်းရန် ဆွဲဆောင်နိုင်သည်။
ထိုအရာများမှာ အစုလိုက်အပြုံလိုက် မှာယူထားသော လက် ဆောင်ဘူးများဖြစ်ကြောင်း သိရသောအခါ လူအများစုမှာ အံ့အားသင့်သွားကြပြီး စဉ်းစားခန်း ဝင်သွားကြကာ အချို့ကမူ သူတို့ စက်ရုံများတွင် ပွဲတော်အတွက် ဝန်ထမ်းများကို လမုန့်များ ဝေငှရန် အစီအစဉ် ရှိ၊ မရှိကိုပင် မေးမြန်းရန် စဉ်းစားလာကြသည်။
ကံမကောင်းစွာဖြင့် လူအချို့က ဈေးနှုန်းလာရောက်မေး မြန်းကြသော်လည်း အစုလိုက်အပြုံလိုက် မှာယူသော ထိုဖောက်သည်မှလွဲ၍ အခြားမည်သူမျှ ယွီရွေ့ကျူးထံသို့ မလာကြသေးပေ။
သူမကတော့ ဂရုမစိုက်ချေ။ မည်သို့ပင်ဆိုစေကာမူ သူမသည် ဤနေရာတွင် အသစ်ဖြစ်ကြောင်းနှင့် လူအများစုမှာ ပိုမိုသက်သာသော လမုန့်များကိုသာ ရွေးချယ်လိုကြပြီး သူမ လမုန့်များမှာ အနည်းငယ် ပိုဈေးကြီးကြောင်း သိထားသည်။ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ အလျင်စလို လုပ်၍မရကြောင်း သူမ နားလည်သည်။
မြို့ပေါ်တွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ရန် သူမ စီစဉ်ထားသဖြင့် ဘာကို ကြောက်စရာရှိမည်နည်း။ အဆုံးတွင် အနီးအနား ပတ်ဝန်းကျင်မှ ဖောက်သည်များကို ဆွဲဆောင်နိုင်လိမ့်မည်ဟု သူမ တွက်ဆထားသည်။
လက်ရှိတွင် ဆိုင် အရောင်းမြှင့်တင်ရေး အစီအစဉ်ကြောင့် လမုန့်များမှာ ပိုမို ဈေးချိုနေပြီး ထိုဖောက်သည်က အရေအ တွက် အများအပြား ဝယ်ယူသဖြင့် ယွီရွေ့ကျူးက သူ့ကို ၃၀ ရာခိုင်နှုန်း လျှော့ဈေးပေးသည်။
သို့တိုင်အောင် စုစုပေါင်း ကျသင့်ငွေမှာ ယွမ်ငွေ ၅၀၀ ကျော် ရှိနေဆဲပင်။ ၎င်းကို ပြီးခဲ့သော ရက်အနည်းငယ်အတွင်း သူမ ဝင်ငွေများနှင့် ပေါင်းစပ်သောအခါ ယွီရွေ့ကျူးမှာ အလွန်တရာဝမ်း သာပျော်ရွှင်သွားတော့သည်။
သူမ ခန့်မှန်းထားသည့်အတိုင်းပင် ဆောင်းဦးပေါက်ပွဲတော် နီးကပ်လာသည်နှင့်အမျှ အရောင်းအဝယ်များမှာ အလွန် သွက်လက်လာသည်။
အနီးအနားရှိ ဆိုင်အချို့မှာ ကံစမ်းမဲအစီအစဉ်ကို သိသွားပြီးနောက် လျှို့ဝှက်စွာဖြင့် ကိုယ်ပိုင် အစီအစဉ်များကို စတင်ကြသော်လည်း အခမဲ့ လက်ဆောင်များ ပေးရန် ဝန်လေးနေကြကာ သူတို့ ကုန်ပစ္စည်းများမှာလည်း ယွီရွေ့ကျူး ကုန်ပစ္စည်းများကို မယှဉ်နိုင်ကြပေ။ ရလဒ်အနေဖြင့် ယွီရွေ့ကျူး ဆိုင်တွင်သာ လူများ ကြိတ်ကြိတ်တိုး စည်ကားဆဲပင်။
အချိန်အတန်ကြာလျှင် ဒုတိယထပ်ကို ပြုပြင်မွမ်းမံပြီး တိုးချဲ့ကာ ဝန်ထမ်းများ ထပ်မံခန့်ထားရန် ယွီရွေ့ကျူး ဆုံးဖြတ်လိုက်သည်။
လက်ရှိအခြေအနေအရ အလွန်ပင်ပန်းလွန်းသည်။
ဆိုင်ဝန်ထမ်းများမှာ မနားမနေ အလုပ်လုပ်ကြရသည်။
နောက်ပိုင်းတွင် ယွီရွေ့ကျူးက အစုလိုက်အပြုံလိုက် အမှာစာ အချို့ကို လက်ခံရရှိခဲ့သော်လည်း ၎င်းတို့မှာ ဘူးပေါင်း ရာချီ၍ မဟုတ်ဘဲ တစ်ကြိမ်လျှင် ဘူးတစ်ဒါဇင် သို့မဟုတ် နှစ်ဆယ်ခန့်သာ ဖြစ်သည်။ သို့တိုင်အောင် စုစုပေါင်း တန်ဖိုးမှာ အတော်လေး များပြားနေဆဲပင်။
နောက်ဖေးတွင် မီးဖိုပေါ်၌ လမုန့်များ ဖုတ်နေရသော စွန်းမော်မှာ အလွန်ပင်ပန်းလာတော့သည်။
ယခင်က သူသည် အသားအရေ ဖြူဖွေးပြီး ဆိုင်တွင်ဖက် ထုပ်အဆာများကိုသာ စင်းပေး၊ ရောစပ်ပေးရန် လိုအပ်သော်လည်း ယခုအခါတွင်မူ သူသည် နောက်ဖေးရှိ ချက် ပြုတ်ရေးအတွက် သီးသန့် စားဖိုမှူး ဖြစ်သွားသည်။
သူ့ အသားအရေမှာ ယခင်ကထက် များစွာ ပိုမိုနီမြန်းလာပြီး ဟော်ချန်ယဲ့ အသားအရေနှင့်ပင် ဆင်တူလာမည့် အရိပ်အ ယောင်များ ပြသလာသည်။
ဤအချက်က အများကြီး သည်းခံနိုင်စွမ်းရှိလာပြီ ဟော်ချန်ယဲ့ကို သတိထားမိသွားစေသည်။
ယွီရွေ့ကျူးက သူ့ ကြွက်သားများနှင့် အသားအရေအရောင်ကို အလွန်သဘောကျကြောင်း သူ မမေ့သေးပေ။
'သေလိုက်ပါတော့၊ သူက သူ့ရဲ့ရွေ့ကျူးကိုထပ်ပြီး မြှူဆွယ်နေပြန်ပြီ'
ယွီရွေ့ကျူး : ?
ဆိုင်ဝန်ထမ်းများမှာ အချိန်ကြာမြင့်စွာ မနားမနေ အလုပ်လုပ်ခဲ့ရသဖြင့် ယွီရွေ့ကျူးက လူတိုင်းကို စာအိတ်နီကြီးတစ်ခုစီ ပေးသည်။
ထိုပမာဏမှာ တစ်လစာ လစာနှင့် ညီမျှနေသဖြင့် လူတိုင်း မျက်လုံးများမှာ ပြူးကျယ်သွားပြီး တောက်ပသွားရတော့ သည်။
ယခင်က ညှိုးနွမ်းနေသော ရှဲ့ယင်းယန် မျက်နှာလေးမှာ ရုတ်တရက် ဝမ်းသာအားရ ဖြစ်သွားတော့သည်။ သူမက ယွီရွေ့ကျူးကို တင်းကျပ်စွာ ဖက်ထားပြီး အလွန်အမင်းပျော်ရွှင်စွာဖြင့် ပြောသည်။
"ဝါး... အစ်မရွေ့ကျူး၊ အစ်မက တကယ် သဘောကောင်းတာပဲ၊ ဒါ ကျွန်မရဲ့ ပထမဆုံး အလုပ်လုပ်တာလေ
ဒါတောင် ပိုက်ဆံတွေ အများကြီးရနေပြီ၊ ကျွန်မ အစ်ကိုတောင် ဒီလောက် မရဘူး၊ ဒီစာအိတ်နီက အရမ်းများတာပဲ၊ အစ်မက ကျွန်မတို့ကို အရမ်းချစ်တာပဲ"
စွန်းရှို့ရှို့မှာ ပိုလို့မှင်သက်သွားရတော့သည်။
"ဒါ... ဒါ... ဒါက ဆုကြေးငွေလား..."
'ဘယ်သူက ဒီလောက်များတဲ့ ဆုကြေးငွေမျိုး ရဖူးလို့လဲ၊ စက်ရုံမှာ အလုပ်လုပ်တဲ့ သူမ အဒေါ်တောင်မှ ပွဲတော်ရက်တွေဆို ယွမ်ငွေ ဆယ်ဂဏန်းလောက်ပဲ ရတာလေ၊ သူတို့နဲ့တော့ လုံးဝ မတူဘူး...'
သူမ သတိလစ်လုမတတ်ပင် ဖြစ်သွားတော့သည်။
ယွီရွေ့ကျူး ချွေးများကို သုတ်ရာ အလုပ်များထားသဖြင့် သူမ မျက်နှာလေးမှာ အနည်းငယ် နီမြန်းနေပြီး ပြုံးကာ ပြောသည်။
"ရပါတယ်၊ ဒီရက်ပိုင်း လူတိုင်း ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတာပဲလေ၊ ငါတို့ ဆက်ပြီး ကြိုးစားလုပ်ကြမယ်ဆိုရင် နောက်ပိုင်းကျ ဆုကြေးငွေတွေ ဒီထက်မက ရဦးမှာပါ၊ ဒါက အစပဲ ရှိသေးတယ်"
စာအိတ်နီများ ဝေငှပြီးနောက် သူမက လူတစ်ဦးစီတိုင်းကို ဆိုင်မှ လမုန့် နှစ်ဘူးနှင့် ဝက်အူချောင်း တစ်ဘူးစီအပြင် ဆီတစ်ဘူးစီကိုပါ ပေးလေသည်။
ပေါများလှသော ပွဲတော်လက်ဆောင် ထုပ်များကြောင့် စွန်းရှို့ရှို့မှာ သယ်ရန်ပင် အနိုင်နိုင်ဖြစ်နေတော့သည်။ ယွီရွေ့ကျူးက စကားစသည်။
"မနက်ဖြန်က ဆောင်းဦးပေါက်ပွဲတော်လေ၊ လူအများစုက ပွဲတော်အတွက် အိမ်ပြန်သွားကြမှာဆိုတော့ လူသိပ်ရှိမှာ မဟုတ်ဘူး၊ ငါနဲ့ ချန်ယဲ့ ဆိုင်စောင့်လို့ ရတယ်
မိသားစု ရှိတဲ့သူတွေ အိမ်ပြန်ပြီး မိသားစုဆီ သွားလည်လို့ ရတယ်၊ ဒါတွေက ဆိုင်က ပေးတဲ့ လက်ဆောင်တွေပါ၊ အိမ်က မိသားစုတွေ မြည်းစမ်းကြည့်ဖို့ ယူသွားကြလေ"
သူမ စကားများက ဆိုင်ဝန်ထမ်းများကို ပိုအံ့အားသင့်သွားစေသည်။
'မဟုတ်ဘူး... ပိုက်ဆံတင် မကဘူး၊ ဒီလောက်များတဲ့ လက်ဆောင်တွေပါလား'
'ဒါက စက်ရုံက ရတာထက်တောင် ပိုများသေးတယ်၊ ပြီးတော့ ပိုတောင် ပေါများနေသေးသလိုပဲ၊ သယ်တောင် မသယ်နိုင်တော့ဘူး၊ ဆီတောင် ပါသေးတယ်၊ ဒီပစ္စည်းတွေ အားလုံးက ဘယ်လောက်တောင် ဈေးကြီးလိုက်မလဲ'
'သူတို့ သူဌေးမက ဒီလောက်တောင် သဘောထားကြီးတာလား၊ သူတို့ အလုပ်ခွင်က ဒီလောက်တောင် အကျိုးခံစားခွင့်တွေ ကောင်းတာလား'
စွန်းရှို့ရှို့ မောင်နှမနှင့် ရှဲ့ယင်းယန်တို့ အပြင် ယွီရွေ့ကျူးတွင် အခြားရွာများမှ ဝန်ထမ်းအချို့လည်း ရှိသေးသည်။
ယွီရွေ့ကျူးက ဤအကျိုးခံစားခွင့်များကို အားလုံးကို ပြန်လည်ပြောပြရန် မျှော်လင့်နေခြင်းဖြစ်သည်။ သို့မှသာ သူမ ဆိုင်ကို ကြော်ငြာပြီးသား ဖြစ်သွားမည်ဖြစ်ပြီး ဝန်ထမ်းအသစ် ခေါ်ယူရန် ပိုမို လွယ်ကူသွားစေမည်။
ယခင်က သူမ အလုပ်သမားဖြစ်ခဲ့စဉ်က သာမန်မျှသာဖြစ်သော လစာအတွက် အရိုးကြေမတတ် အလုပ်လုပ်ခဲ့ရသည်။
ယခု သူဌေးဖြစ်လာချိန်တွင်မူ ယွီရွေ့ကျူးက အလွန်အမင်း ခေါင်းပုံဖြတ်တတ်သူ မဟုတ်ဘဲ ကောင်းမွန်သော သူဌေးတစ်ဦး ဖြစ်ရန် ခိုင်မာစွာ ဆုံးဖြတ်ထားသည်။
ဆိုင်တွင်းရှိ ပျော်ရွှင်ဆူညံနေသော လေထုကို လျစ်လျူရှုကာ ယွီရွေ့ကျူးက လမ်းတစ်ဖက်ကူးရှိ သားသတ်ရုံသို့ သွားကာ ဟော်ချန်ယဲ့ လက်မောင်းကို ဆွဲပြီး အပြင်သို့ ခေါ်ထုတ်လာသည်။
ဟော်ချန်ယဲ့ ခေတ္တမျှ ရပ်တန့်သွားပြီး သူမကို ငုံ့ကြည့်လိုက်သည်။
"ရွေ့ကျူး..."