← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

🐽 Chapter 88

အပူရှိန်ကြောင့် သူ့ လည်ပင်းတွင် ချွေးများ စို့နေပြီး ပါးပြင်များကလည်း နီမြန်းနေသည်။ သူ့ နားရွက်များပင် နီရဲနေကာ သူမ ခါးကို ဆုပ်ကိုင်ထားသော လက်များပေါ်ရှိ သွေးကြောများမှာ တင်းမာနေပြီး သူ မျိုသိပ်ထားရသော အလွန်အမင်း မသက်မသာဖြစ်နေမှုများကို ရှင်းလင်းစွာ မြင်နိုင်သည်။

ယွီရွေ့ကျူးက သူ့ကို မော့ကြည့်နေသည်ကို မြင်သောအခါ ဟော်ချန်ယဲ့မှာ ပို၍ပင် ရှက်ရွံ့သွားတော့သည်။

ယခုအချိန်တွင် သူ အလွန် အရုပ်ဆိုးနေမည်ဟု ခံစားရသဖြင့် တောက်ပပြီး စူးရှနေသော သူမ မျက်ဝန်းများကို မကြည့်ရဲတော့ဘဲ သူ့ လက်ဖဝါးဖြင့် ယွီရွေ့ကျူး မျက်လုံးများကို အုပ်ထားမိသည်။

"မကြည့်နဲ့ ယွီရွေ့ကျူး..."

ယွီရွေ့ကျူးလည်း မသိမသာ ပြန်ဖြေသည်။

"အင်း... ကျွန်မလည်း မကြည့်ချင်ပါဘူး ဒါပေမဲ့ ဟော်ချန်ယဲ့၊ ရှင်ဟာက အရမ်းသိသာလွန်းနေတယ်"

သူမက မျက်ခုံးပင့်ပြီး ခြေထောက်ကို မြှောက်ရာ သူမ ဒူးက ဟော်ချန်ယဲ့နှင့် ထိသွားသဖြင့် သူ ညည်းသံလေးပင် ထွက်လာတော့သည်။

သူ့ မျက်နှာမှာ ပိုလို့နီရဲသွားကာ အံ့ကို တင်းတင်းကြိတ်ထားပြီး ဦးနှောက်များပင် ထုံကျင်သွားသလို ခံစားနေရသည်။

ယွီရွေ့ကျူးက သူမ မျက်လုံးများပေါ်ရှိ သူ့လက်ကို ဖယ်ရှားပြီး သူမ တောက်ပသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်သည်။

"ဟော်ချန်ယဲ့၊ ဒါကို မြန်မြန် ဖြေရှင်းလိုက်တာ ပိုကောင်းမယ်နော်၊ ကျွန်မကို ဒီလိုမျိုး ဖက်ထားတာကို မလိုချင်တော့ဘူး၊ နွေရာသီက အရမ်ပူလွန်းတယ်"

သူမ စကားပြောအပြီးတွင် အခန်းလေးမှာ အလွန်တိတ် ဆိတ်သွားပြီး အခန်းထဲတွင် ဟော်ချန်ယဲ့ မြန်ဆန်နေသော အသက်ရှူသံများကိုသာ ကြားရတော့သည်။

ပြတင်းပေါက် အပြင်ဘက်တွင်တော့ အမှောင်အတိ ကျနေသည်။ ဟော်ချန်ယဲ့က တစ်ခဏမျှ ငြိမ်သက်နေပြီးနောက် အဆုံးတွင်တော့ မတ်တတ်ထရပ်ကာ သူ့ ပါးလျသော နှုတ်ခမ်းများကို တင်းတင်းစေ့ထားသည်။

"ကိုယ် အပြင်ခဏ သွားလိုက်ဦးမယ်"

ဟော်ချန်ယဲ့ ဘာသွားလုပ်မည်ကို ယွီရွေ့ကျူး သိနေသည်။ ညမှာလည်း ပိုနက်လာသဖြင့် သူမ ပိုအိပ်ချင်လာကာ ပျင်းရိပျင်းတွဲ သမ်းဝေပြီး လှဲလျောင်းရန် သက်တောင့်သက်သာရှိသော အနေအထားကို ရှာလိုက်သည်။

"မြန်မြန်ပြန်လာခဲ့နော်၊ ကျွန်မ ရှင့်ကို ဖက်အိပ်ဖို့ စောင့်နေမယ်"

ဟော်ချန်ယဲ့ ရင်အုပ်ကြွက်သားများကို အုံးပြီး အိပ်ရသည်ကို သူမ အသားကျနေပြီဖြစ်ရာ ၎င်းမရှိဘဲ အိပ်ရသည်မှာ အနည်းငယ် ထူးဆန်းနေသလို ထင်ရသည်။

ယခုလေးတင် ထရပ်လိုက်သော ဟော်ချန်ယဲ့မှာ ခလုတ်တိုက်မိပြီး ဟန်ချက်ပျက်လုမတတ် ဖြစ်သွားတော့သည်။

ပွင့်လင်းစွာ ပြောဆိုတတ်သော ယွီရွေ့ကျူးကို သူ နောက်ပြန်မကြည့်ရဲတော့ဘဲ သူမ၏ စနောက်ပြောဆိုတတ်သော အပြောအဆိုများကို အသားကျစေရန် အတတ်နိုင်ဆုံး ကြိုးစားနေရသည်။

ထို့နောက် သူက တံခါးကိုဖွင့်ကာ ထွက်သွားတော့သည်။

ဟော်ချန်ယဲ့ လှုပ်ရှားမှုများကို ကြားချင်သဖြင့် ယွီရွေ့ကျူး အစပိုင်းတွင် စိတ်ဝင်တစား နားထောင်ခဲ့သော်လည်း အကွာအဝေးကြောင့်လားမသိ သူ့ အသံကို သူမ မကြားခဲ့ရပေ။

သိချင်စိတ်ကြောင့် ပြတင်းပေါက်တွင် မျက်နှာအပ်ကာ ဟော်ချန်ယဲ့ကို ရှာဖွေပြီး သူ့ကိုယ်သူ အားကိုးနေရချိန်တွင် သူ မည်သို့ပုံစံရှိမည်ကို ကြည့်ရှုရန် ဟိုဟိုဒီဒီ လိုက်ကြည့်မိသည်။ သို့သော် ဟော်ချန်ယဲ့ကို မည်သည့်နေရာတွင်မျှ ရှာမတွေ့ခဲ့ပေ။

အနည်းငယ် စိတ်ပျက်သွားကာ ယွီရွေ့ကျူးက အကြည့်လွှဲပြီး မျက်နှာကို ပြန်ခွာရန် ပြင်လိုက်ချိန်တွင် ရေသံတစ်ခုကို ကြားလိုက်ရသည်။

ဝုန်း...

အသံလာရာဆီသို့ လိုက်ကြည့်မိရာ ယွီရွေ့ကျူးသည် ရေတွင်းနံဘေးတွင် အေးစက်ပြီး ဖြူလွလွ လရောင်အောက်၌ သူ့ကိုယ်သူ ရေလောင်းချနေသော ဟော်ချန်ယဲ့ကို မြင်လေသည်။

သူ့ ပူလောင်နေသော အသားအရေနှင့် ရင်ထဲမှ အပူရှိန်ကို ဤနည်းဖြင့်သာ ငြိမ်းအေးစေနိုင်ပုံရသည်။

သူ့ အပေါ်ပိုင်းမှာ ဗလာကျင်းနေပြီး မယုံနိုင်လောက်အောင် သေသပ်လှပသော ကြွက်သားများကို မြင်နိုင်သည်။ သူ့ကျောပြင်ပေါ်ရှိ ကြွက်သားအချို့မှာ တင်းမာနေပြီး ကျယ်ပြန့်သော ပခုံးများနှင့် သွယ်လျသော ခါးက တက်ကြွပြီး ကြွက်သားအပြည့်ရှိသော ခန္ဓာကိုယ်ကို အပြည့်ပြသနေသည်။

ရံဖန်ရံခါ သူ ကိုင်းညွတ်ချိန် သို့မဟုတ် လှည့်လာချိန်တွင် ရှင်းလင်းစွာ ပေါ်လွင်နေသော ဗိုက်ကြွက်သားများနှင့် လက်မောင်းကြွက်သားများအပြင် လှပသော V ပုံစံ ကောက်ကြောင်းများကို ယွီရွေ့ကျူး မြင်နေရသည်။ သူ လှုပ်ရှားလိုက်တိုင်း သွေးကြောများက ထိုးထောင်သွားကာ အရိုင်းဆန်သော တင်းမာမှုတစ်ခုက သူ့ထံမှ ထွက်ပေါ်နေသည်။

ယွီရွေ့ကျူးမှာ အသံမထွက်ဘဲ ဝိုး ဟု ရေရွတ်မိပြီး သူမ အိပ်ချင်စိတ်များပင် အနည်းငယ် လွင့်စင်သွားတော့သည်။ သူမက မေးစေ့ကို လက်ဖြင့်ထောက်ကာ ထိုမြင်ကွင်းကို စိတ်ဝင်တစား ငေးမောကြည့်မိသည်။

တကယ်ကို လှပလွန်းလှသည်။

ဟော်ချန်ယဲ့ ကြွက်သားများက ငြင်းဆိုဖွယ်မရှိအောင် အထင်ကြီးလောက်စရာ ကောင်းကြောင်း သူမ ဝန်ခံရပေမည်။

သို့သော်လည်း အတန်ကြာပြီးနောက် ယွီရွေ့ကျူးမှာ အိပ်ချင်လာပြန်သဖြင့် စောင်ပေါ်တွင် ပြန်လှဲသည်။ တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်မှုများက သူမကို လွှမ်းမိုးသွားပြီး ယွီရွေ့ကျူးမှာ သတိမထားမိလိုက်ဘဲ အိပ်ပျော်သွားတော့သည်။

ဟော်ချန်ယဲ့ ဘယ်အချိန် ပြီးသွားမှန်း ယွီရွေ့ကျူး မသိလိုက်ဘဲ ရုတ်တရက် အေးစက်ပြီး စိုစွတ်နေသော ခန္ဓာကိုယ်တစ်ခုက သူမဘေးတွင် လာရောက် တိုးဝှေ့ချိန်တွင် သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ ဖြစ်သည်။

ပူအိုက်လွန်းသော နွေရာသီတွင် ဤသည်မှာ အလွန် သက်တောင့်သက်သာ ရှိလှသည်။ ထိုအေးစက်မှုကြောင့် ယွီရွေ့ကျူး နိုးလာပြီး ထိုခန္ဓာကိုယ်ကို သူမ လက်မောင်းများနှင့် ခြေထောက်များဖြင့် အမြန်ဖက်တွယ်ကာ ရေရွတ်မိသည်။

"သက်တောင့်သက်သာ ရှိလိုက်တာ၊ အရမ်းအေးတာပဲ"

သို့သော် ရေခဲမှာ အလွယ်တကူ အရည်ပျော်တတ်၍လားမသိ ထိုအေးစက်ပြီး စိုစွတ်နေသော ခန္ဓာကိုယ်မှာ သူမကြောင့် မြန်မြန်ဆန်ဆန်ပင် နွေးထွေးလာပြီး သူမပင် အနည်းငယ် ပူနွေးလာသလို ခံစားရသည်။ သူမ ဘေးနားမှ မြန်ဆန်နေသော အသက်ရှူသံများကိုပင် သူမ ကြားနေရလုမတတ်ပင်။

ယွီရွေ့ကျူးက တစ်ခုခုကို ရေရွတ်ပြီး ဘေးနားရှိလူ ရင်ဘတ်တွင် မျက်နှာအပ်ကာ ပြောသည်။

"ဆက်မပြောင်းလဲနဲ့တော့ ဟော်ချန်ယဲ့၊ အိပ်မက်လှလှမက်ပါစေ"

အတန်ကြာပြီးနောက် ဟော်ချန်ယဲ့၏အသံက အက်ရှရှ ထွက်ပေါ်လာသည်။

"အိပ်မက်လှလှမက်ပါစေ"

...

မနေ့ညက ဟော်ချန်ယဲ့အတွက် နှိပ်စက်မှု ပိုများလား ဒါမှမဟုတ် စိတ်လှုပ်ရှားစရာ ပိုကောင်းလား ဆိုတာကိုတော့ ယွီရွေ့ကျူး သေချာ မသိခဲ့ပေ။

မနက်ခင်း သူမ နိုးလာသောအခါ ဟော်ချန်ယဲ့က သူမကို ဖက်အိပ်နေဆဲဖြစ်ပြီး ထိုသို့ သူမထက် ပိုနောက်ကျမှ ထလေ့ရှိသည်မှာ ထူးဆန်းလှသည်။

သူမ ထပြီး ထိုင်တော့မည်ကို သတိထားမိသည့်တိုင်အောင် ဟော်ချန်ယဲ့ လက်မောင်းက သူမကို တင်းကျပ်စွာ ဖက်ထားဆဲဖြစ်ပြီး သူ့ ပွယောင်းယောင်း ဆံပင်များက ယွီရွေ့ကျူး ပခုံးကို လာရောက် ပွတ်တိုက်နေသည်။

"မင်း အစောကြီး ထတာပဲ..."

သူက အက်ရှသောအသံဖြင့် ပြောလာသည်။

"နောက်ကျနေပြီလေ၊ အလုပ်လုပ်ရဦးမယ်"

ပိုက်ဆံရှာခြင်းသည် ယွီရွေ့ကျူး ထိပ်တန်း ဦးစားပေးကိစ္စ ဖြစ်နေဆဲပင်။ ဟော်ချန်ယဲ့က သူမကို ပွတ်သီးပွတ်သပ်လုပ်ကာ ချွဲနွဲ့နေသော်လည်း ပိုက်ဆံဆီမှ ဖျက်ဆီးမှုကို ခံထားရသော ယွီရွေ့ကျူးမှာ သံမဏိကဲ့သို့ မာကျောနေဆဲဖြစ်သည်။

ဟော်ချန်ယဲ့ကို တွန်းဖယ်ပြီးနောက် ယွီရွေ့ကျူးက ပြင်ဆင်ရန်နှင့် မျက်နှာသစ်ရန် အိပ်ရာမှ ထသွားတော့သည်။

သန့်ရှင်းရေး လုပ်ပြီးနောက် ယွီရွေ့ကျူး ထွက်သွားရန် ပြင်လိုက်သော်လည်း ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ခန်ပေါ်ရှိ ဟော်ချန်ယဲ့ထံသို့ ပြန်လာကာ ပြောသည်။

"ကျွန်မ ဂါ၀န်က ဇစ်ကို ပြင်ဖို့ မမေ့နဲ့နော်၊ နောက်တစ်ခါ ဝတ်ဖို့ စောင့်နေတာ"

ဟော်ချန်ယဲ့က အင်းအဲသာ ပြန်ဖြေလာသည်။

ထိုအပြုအမူကို ကြည့်ပြီး ယွီရွေ့ကျူးက ကိုင်းညွတ်ကာ သူ့ ပါးပြင်ကို နမ်းပြီးနောက် ပြုံးပြကာ မထွက်သွားခင် နှုတ်ဆက်လိုက်သည်။

"ကျွန်မ သွားတော့မယ်၊ ညကျမှ တွေ့မယ်နော်"

ဟော်ချန်ယဲ့မှာ ကြောင်အမ်းအမ်းဖြစ်စွာ ကျန်ရစ်တော့သည်။

မနေ့ညက အမှတ်တရများက ပြန်လည် စီးဆင်းလာပြီး အိပ်မက်တစ်ခုဟု သူ ထင်မှတ်ထားခဲ့သမျှ အရာအားလုံးသည် ရှင်းလင်းသော အစစ်အမှန်တစ်ခု ဖြစ်လာတော့သည်။

ယွီရွေ့ကျူး နမ်းသွားခဲ့သော သူ့ ပါးပြင်ကို အလိုအလျောက်ပင် လက်မြှောက်၍ စမ်းသပ်မိရာ သူ့ ဂျုံရောင် အသားအရေမှာ ကျက်နေသော ပုစွန်တစ်ကောင်၏ အရောင်အလား တဖြည်းဖြည်း နီမြန်းလာတော့သည်။

ဟော်ချန်ယဲ့က သူ့ လက်ဖဝါးကြီးများဖြင့် မျက်လုံးများကို အုပ်ပြီး ခုတင်ပေါ်တွင် ကွေးကွေးလေး လှဲလျောင်းကာ ရှက်ရွံ့မှုကြောင့် လက်သီးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။

'ယွီရွေ့ကျူး... မနေ့ညက သူတို့နှစ်ယောက် နမ်းခဲ့ကြတာပဲ'

'ဒါ အိပ်မက်မဟုတ်ဘူးပဲ'

သူ့ မှတ်ဉာဏ်ထဲရှိ အရာအားလုံးက ထူးထူးခြားခြားကို ရှင်းလင်းနေသည်။

နှစ်ပေါင်းနှစ်ဆယ်ကျော် လူပျိုဘဝဖြင့် နေထိုင်လာခဲ့သော ဟော်ချန်ယဲ့သည် ယွီရွေ့ကျူးနှင့် ထိုမျှ ရင်းနှီးသော အထိအတွေ့ကို ကြုံတွေ့ပြီးနောက် ရုတ်တရက် ဘာပြောရမှန်းပင် မသိအောင် ဆွံ့အသွားရတော့သည်။

ထိုအချိန်တွင် ယွီရွေ့ကျူးမှာမူ အလုပ်ရှုပ်နေပြီ ဖြစ်သည်။

နံနက်စောစော မြင်းလှည်းပေါ်တွင် ရှဲ့ယင်းယန်က ယွီရွေ့ကျူးကို သိချင်စိတ်ပြင်းပြစွာဖြင့် အကဲခတ်နေသည်။

ယွီရွေ့ကျူးက တည်ငြိမ်ဟန်ဆောင်ရန် ကြိုးစားရင်း ပြန်မေးသည်။

"ဘာဖြစ်လို့လဲ ကျွန်မ မျက်နှာပေါ်မှာ တစ်ခုခု ပေနေလို့လား"

"မဟုတ်ပါဘူး..."

ရှဲ့ယင်းယန်က တုံ့ဆိုင်းစွာဖြင့် "အစ်မရွေ့ကျူး၊ အစ်မရဲ့ နှုတ်ခမ်းတွေက တအားနီနေပြီးတော့ ပေါက်နေတာလား၊ မနေ့ကတော့ အကောင်းကြီးပါ၊ ညက ပိုးကောင် ကိုက်သွားလို့လား"

ယွီရွေ့ကျူး "..."

ထိုအခိုက်တွင် မြင်းလှည်းမောင်းနေသူကို သူမက တစ်ချက်လှမ်းကြည့်ပြီး အနည်းငယ် အပြစ်ရှိသလို ခံစားရလျက် ပြန်ဖြေသည်။

"အင်း၊ ပိုးကောင် ကိုက်သွားတာရယ်"

ရှဲ့ယင်းယန်က နားလည်သွားဟန်ဖြင့် ပြန်ဖြေသည်။

"ကျွန်မ ထင်သားပဲ၊ အစ်မရွေ့ကျူး... နေရခက်နေရင် လိမ်းဖို့ ကျွန်မဆီမှာ လိမ်းဆေး နည်းနည်းရှိတယ်၊ တမာရွက်တွေလည်း ရှိတယ်၊ အိမ်မှာ ပိုးကောင်တွေ အရမ်းများရင် မောင်းထုတ်ဖို့အတွက် တမာရွက် နည်းနည်းလောက် မီးရှို့ထားလို့ ရတယ်၊ နောက်တစ်ခါ အဲဒီလို အကိုက်မခံရတော့ဘူးပေါ့"

ယွီရွေ့ကျူး "..."

သူမ နှုတ်ခမ်းများ ပိုးကောင်ကိုက်ခံရသည်ဟူသော စကားကို ရိုးအလွန်းသည့် ယင်းယန် တစ်ယောက်သာလျှင် ယုံကြည်လိမ့်မည်။

All Chapters