← Chapters

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း ၂၁၇

Vol. 22 Ch. 217

Chapter 217

လတ်တလောတွင် ယွီရွေ့ကျူးမှာ အိပ်ချင်လွယ်ပုံရသည်။ သူမ ထောင်ဟွာရွာသို့ စတင်ရောက်ရှိလာချိန်က နွေရာသီဖြစ်သော်လည်း ယခုအခါတွင်မူ ရာသီဥတုက တဖြည်းဖြည်း အေးစိမ့်လာသည်။

ဆိုင်နှင့် စက်ရုံကို စီမံခန့်ခွဲရသည့်အပြင် ဟော်ချန်ယဲ့မှာ အားလပ်ချိန်များတွင် လယ်ထဲ၌လည်း အလုပ်လုပ်ရသေးသည်။

ထောင်ဟွာရွာသို့ ရောက်ကတည်းက ဟော်ချန်ယဲ့ လယ်ထဲဆင်းသည်ကို ယွီရွေ့ကျူး သိပ်မမြင်ဖူးခဲ့ပေ။

ယခင်က သူတို့ မိသားစုတွင် လယ်ယာမြေ မရှိဟု သူမ ထင်မှတ်ထားခဲ့သော်လည်း တကယ်တမ်းတွင်မူ မိဘများ ကွယ်လွန်သွားပြီးနောက် ဟော်ချန်ယဲ့အတွက် ဝေစုချန်ထားရစ်ခဲ့ခြင်း ဖြစ်သည်။

ခွန်အားဗလနှင့် ပြည့်စုံသော ဟော်ချန်ယဲ့အဖို့ လယ်ထဲမှ အလုပ်များမှာ ဘာမှ မဟုတ်လှပေ။ သူ အားလပ်ချိန် ရသည် နှင့် အလွယ်တကူ လုပ်ကိုင်နိုင်သည်။

မြေကွက်က သိပ်မကျယ်ဝန်းလှပေ။ ယာခင်းထဲတွင် ပြောင်းဖူးများ စိုက်ပျိုးထားပြီး လယ်ကွက်ထဲတွင်မူ စပါးများ စိုက်ပျိုးထားသည်။

ဆောင်းဦးပေါက်သည် ရိတ်သိမ်းချိန် ဖြစ်သည်။ လမ်းဘေး တစ်လျှောက်ရှိ သစ်ပင်များမှ အရွက်များမှာ တဖြည်းဖြည်း ဝါရောင်သန်းလာပြီး ဆောင်းဦးမိုးကလည်း တဖွဲဖွဲ ရွာသွန်းနေသဖြင့် ရာသီဥတုမှာ ပို၍ အေးစိမ့်လာတော့သည်။

ယွီရွေ့ကျူးက ဝက်သားနှပိဆိုင်မှနေ၍ ဟော်ချန်ယဲ့ သားသတ်ရုံသို့ ထွက်လာခဲ့ပြီး တစ်ချိန်ချိန်တွင် ဟော်ချန်ယဲ့နှင့်အတူ လယ်ထဲသို့ လိုက်သွားကာ ကူညီပေးနိုင်လောက်သည်ဟု စိတ်ကူးမိသည်။

သူတို့ လယ်များကို မရိတ်သိမ်းရသေးသော်လည်း ဟော်ချန်ယဲ့ကမူ အလျင်လိုစရာ မရှိကြောင်း အကြိမ်ကြိမ် ပြောခဲ့သည်။ မည်သို့ပင်ဆိုစေ ယခု သူတို့တွင် ထွန်စက် ရှိနေပြီဖြစ်ရာ အခြားသူများထက် ပိုမို မြန်ဆန်စွာ ရိတ်သိမ်းနိုင်မည် မဟုတ်ပါလား။

သားသတ်ရုံသို့ ဝင်ချိန်တွင် ဝင်ပေါက်၌ စောင့်နေသော အဘိုးအိုတစ်ဦး ရှိသည်။ ယွီရွေ့ကျူးက သူ့ကို ခေါင်းညိတ်ပြရာ သူက အမြန် ပြုံးပြပြီးနောက် တံခါးကို ဖွင့်ပေးသည်။

သားသတ်ရုံမှာ ပီပီပြင်ပြင် ဖြစ်လာခဲ့ပြီ ဖြစ်ပြီး တံခါးစောင့်ပင် ရှိနေပြီ ဖြစ်သည်။

ယွီရွေ့ကျူးက ခြံဝင်းကို ဝေ့ကြည့်သည်။ အစပိုင်း ဝယ်ယူစက ဟောင်းနွမ်းပျက်စီးနေသော အခြေအနေနှင့် ယခုမှာ လုံးဝကို ကွာခြားနေခဲ့ပြီ ဖြစ်သည်။

ယခင်က မြေကြီးသက်သက်သာ ဖြစ်ခဲ့သော ခြံဝင်းအလယ်ရှိ ကြမ်းပြင်တွင် ယခုအခါ လှပသော အုတ်ချပ်များကို ပုံဖော်ခင်းကျင်းထားသည်။ ယာဉ်များ အဝင်အထွက်ကို အနှောင့် အယှက် မဖြစ်စေဘဲ ခြံဝင်းအလယ်တွင် မြင့်မားသော ဆိုင်းဘုတ်ကြီး တစ်ခုကို စိုက်ထူထားပြီး ချန်ရွေ့ သားသတ် ရုံ ဟူသော စာလုံးများကို ရွှေရောင် တဖိတ်ဖိတ် တောက်နေအောင် ရေးသားထားသည်။

'ဟူး… အဲဒီနာမည်ကို ဘယ်နှစ်ခါပဲ မြင်မြင် ရှက်မိတာပါပဲ'

ယွီရွေ့ကျူး သူမ ခြေချောင်းလေးများကို မြေကြီးထဲသို့ ကုတ်တွယ်ထားမိသော်လည်း ဟော်ချန်ယဲ့ သားသတ်ရုံမှာ စနစ်ကျကြောင်း၊ ဝန်ထမ်းတိုင်းက တူညီသော ဝတ်စုံနှင့် နာမည်ကတ်များကို ဝတ်ဆင်ထားပြီး ချန်ရွေ့ သားသတ်ရုံ ဝန်ထမ်း ဖြစ်ရသည်ကို ဂုဏ်ယူကြကြောင်း သူမ ကြားသိထားသည်။

သူမ ခြေချောင်းလေးများကို မြေကြီးနှင့် ပွတ်တိုက်ကာ ကန့်လန့်ကာကို မပြီး ဟော်ချန်ယဲ့ကို ရှာရန် အနောက်ဘက် နားနေခန်းသို့ ဝင်သွားလိုက်သည်။

အံ့သြစရာကောင်းသည်မှာ နားနေခန်းထဲတွင် လူသူကင်းမဲ့နေခြင်းပင်။ သူမက အသားဖြတ်သည့် အလုပ်ရုံသို့ သွားကြည့်လိုက်ရာ ဆူညံသော စက်သံများကြားတွင် အသားဖြတ်စက်တန်းကြီး၏ အနောက်၌ မှတ်စုစာအုပ်ငယ်လေး တစ်အုပ်ကို ကိုင်ကာ တစ်ခုခုကို မှတ်သားနေသော ဟော်ချန်ယဲ့ကို တွေ့လိုက်ရသည်။

သူဌေးတစ်ဦး အနေဖြင့် သူသည် ဝန်ထမ်းဝတ်စုံကို ဝတ်ဆင်ထားခြင်း မရှိသလို ၁.၉ မီတာကျော် မြင့်မားသော သူ့ အရပ်အမောင်းက စက်ရုံတွင်းရှိ စက်များကြားတွင် အလွန် သိသာထင်ရှားလှပြီး အထူးသဖြင့် သူ အလုပ်ကို အာရုံစိုက်နေချိန်တွင် ပိုလို့ထင်းထွက်နေသည်။ ယွီရွေ့ကျူးက သူ့ကို နှစ်ချက်ခန့် ခိုးကြည့်ပြီး တွေးမိသည်။

'အင်းလေ... တကယ်တော့လည်း အလုပ်ကြိုးစားနေတဲ့ ယောကျ်ားတစ်ယောက်က အကြည့်ကောင်းဆုံးပါပဲ'

သူမက စိတ်ဝင်တစားဖြင့် ခေါင်းလေးကို စောင်းကြည့်မိသည်။

ဟော်ချန်ယဲ့က သူ့ ဆံပင်များကို နောက်သို့ သပ်တင်ထားရာ ချောမွေ့သော နဖူးပြင်နှင့် မျက်ခွံပေါ်ရှိ အမာရွတ်ကို ထင်ရှားစွာ မြင်တွေ့နိုင်သည်။

ယခင်ကနှင့် မတူတော့ဘဲ ယခုအခါတွင် ဟော်ချန်ယဲ့က အမာရွတ်များနှင့် ပတ်သက်၍ မည်သူမျှ မပြောရဲကြတော့ပေ။ အမှန်တွင် သူ အနည်းငယ်လေး တည်သွားသည်နှင့် ဝန်ထမ်းများမှာ ချက်ချင်းပင် ကြောက်ရွံ့သွားတတ်သည်။

ဤအမာရွတ်များမှာ ရင့်ကျက်ပြီး ကြွယ်ဝချမ်းသာသော အမျိုးသားအပေါ်တွင် ကြောက်ရွံ့စရာ သင်္ကေတတစ်ခု မဟုတ်တော့ဘဲ ဆွဲဆောင်မှုရှိပြီး ရင်ခုန်စရာကောင်းသော ဂုဏ်ယူဖွယ်ရာ အမှတ်အသားတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ယခုအခါ ဤချောမောပြီး အရပ်ရှည်ရှည် စစ်မှုထမ်းဟောင်းကြီးမှာ သူနှင့် ထိုက်တန်သော နေရာသို့ ပြန်လည် ရောက်ရှိနေသည်။ ယွီရွေ့ကျူးက မျက်တောင်လေး ခတ်ပြီး လှမ်းခေါ်သည်။

"ဟော်ချန်ယဲ့"

ဟော်ချန်ယဲ့ သားသတ်ရုံတွင် အစပိုင်းက လူအင်အားဖြင့် သုံးရသော အသားဖြတ်စက်များကို အသုံးပြုခဲ့သော်လည်း နောက်ပိုင်းတွင် စက်များကို ကိုယ်တိုင် ဝယ်ယူခဲ့ရာ အလုပ်လုပ်ရာတွင် အလွန် မြန်ဆန်လာသည်။

ပြဿနာမှာ ဆူညံသံပင် ဖြစ်ပြီး အထူးသဖြင့် စက်များစွာ တစ်ပြိုင်နက် လည်ပတ်နေချိန်တွင် ပိုဆိုးရွားသည်။

ယွီရွေ့ကျူး အသံလေးမှာ ချက်ချင်းပင် လွှမ်းမိုး ပျောက်ကွယ်သွားသည်။

သူမအနီးရှိ ဝန်ထမ်းတစ်ဦးသာလျှင် ကြားလိုက်ရပြီး အံ့သြစွာဖြင့် မော့ကြည့်သည်။

သူမက ဟော်ချန်ယဲ့ကို နောက်ထပ် နှစ်ခါသုံးခါလောက် ထပ်ခေါ်ရဦးမည်ဟု တွေးထားခဲ့သော်လည်း မထင်မှတ်ထားဘဲ အဝေးတွင် ရပ်ကာ မှတ်စုများကို ကြိုးကြိုးစားစား ရေးမှတ်နေသော ထိုအမျိုးသားမှာ စိတ်ချင်းဆက်သည့်အလား ခေါင်းကို လျင်မြန်စွာ လှည့်ကြည့်လာသည်။

သူ့ စူးရှသော အကြည့်များက ယွီရွေ့ကျူးအပေါ် ကျရောက်သွားချိန်တွင် လျင်မြန်စွာ ပြောင်းလဲသွားသည်။

ယွီရွေ့ကျူးက သူ့ မျက်နှာအမူအရာမှာ သကြားလုံးလေးလို ချက်ချင်းပင် သိသိသာသာ နူးညံ့သွားသည်ကို မြင်လိုက်သည်။

လတ်တလောတွင် သူမ အနည်းငယ် ပျင်းရိပြီး သိပ်မလျှောက်ချင်သလို စက်ရုံမှ ဝန်ထမ်းများကိုလည်း မနှောင့် ယှက်ချင်သဖြင့် တံခါးပေါက်ကို မှီကာ ခေါင်းလေးကို နောက်သို့ ဆုတ်ပြီး သူ့ကို ပြုံးပြသည်။

ဟော်ချန်ယဲ့ ခြေလှမ်းကျဲကြီးများဖြင့် လျင်မြန်စွာလျှောက် လာရာ လေပေါ်တွင် လမ်းလျှောက်နေသည့်အလားပင်။

သူမကို မြင်သောအခါ သူ့ မျက်လုံးများ တောက်ပသွားပြီး ပုံမှန်ဆို အေးစက်နေတတ်သော နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။

"ရွေ့ကျူး၊ ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ"

သူက ယွီရွေ့ကျူးအနီးသို့ ကိုင်းညွတ်လိုက်ရာ တည်ကြည်သော သူ့ မျက်နှာထက်တွင် အေးစက်မှု အရိပ်အယောင်မျှ မရှိတော့ဘဲ နွေဦးလေပြည်လေးလို နွေးထွေးမှုကို ဖြာထွက်နေသည်။

ယွီရွေ့ကျူးက ပြန်ဖြေသည်။

"အင်း... ရှင် အရသာတချို့ကို မြည်းကြည့်ဖို့ ခေါ်မလို့၊ ပြီးတော့ ရှင့်ကိုလည်း လာကြည့်တာ"

သူမ ရည်ညွှန်းသည်မှာ သူတို့ စမ်းသပ်နေသော အရံဟင်း လျာ ထုတ်ကုန်များကို ဖြစ်သည်။ သူတို့ အရသာ အမျိုးမျိုးကို စမ်းသပ်ခဲ့သော်လည်း အပြီးသတ် ဆုံးဖြတ်ချက် မချနိုင်သေးဘဲ ယခုယွီရွေ့ကျူးက အသစ်ဖန်တီးထားသော အရသာများကို ဟော်ချန်ယဲ့အား မြည်းစမ်းကြည့်စေချင်ခြင်း ဖြစ်သည်။

ဟော်ချန်ယဲ့က ခေါင်းညိတ်သည်။

"ကောင်းပြီလေ"

သူက လက်လှမ်းကာ ယွီရွေ့ကျူး လက်လေးကို ဆွဲယူပြီး သူ့ လက်ဖဝါးကျယ်ကြီးထဲတွင် ထိုလက်သီးဆုပ်လေးကို ညင်သာစွာ ဆုပ်ကိုင်ထားသည်။

ယွီရွေ့ကျူးဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင် သူ့ မျက် တောင်များက အောက်သို့ စိုက်ကျနေပြီး အသံကလည်း အလွန် နူးညံ့နေသည်။

"ဒီမှာ ဆူညံနေတယ် ရွေ့ကျူး၊ အပြင်ထွက်ပြီးမှ စကားပြောကြရအောင်"

ယွီရွေ့ကျူးက အပြုံးလေးဖြင့် ပြောသည်။

"အင်း၊ ရပါတယ်"

သူမက သိပ်ပြီး ဂရုစိုက်ပုံမပေါ်ဘဲ ဟော်ချန်ယဲ့က သူမကို ရင်ခွင်ထဲ ဆွဲသွင်းကာ အနောက်ဘက် နားနေခန်းဆီသို့ ခေါ်ဆောင်သွားသည်ကိုသာ ငြိမ်ခံနေသည်။

သူတို့ စကားပြောပြီးနောက် အလုပ်ရုံအတွင်း ရုတ်တရက် တိတ်ဆိတ်သွားသည်ကို သူမ သတိမထားမိသလို သူတို့ ထွက်သွားပြီးနောက် တံခါးအနီးရှိ ဝန်ထမ်းများဆီမှ အံ့သြမှင်သက်နေသော အကြည့်များကိုလည်း သူမ သတိမပြုမိခဲ့ပေ။

"နေပါဦး၊ အဲဒါ ငါတို့ သူဌေးကတော်လား၊ ဘုရားရေ... သူ့ရုပ်ကို နောက်ဆုံးတော့ ငါ မြင်လိုက်ရပြီ၊ အရင်က အရမ်း ဝေးနေလို့ သေချာ မမြင်ခဲ့ရဘူးလေ၊ အား... သူက အရမ်း ငယ်သေးတာပဲ"

"သူက တကယ်ကို ငယ်ငယ်လေးပဲ၊ သူဌေးရဲ့ ညီမလို့တောင် ထင်နေတာ၊ သူဌေးက မိန်းကလေးငယ်ငယ်လေးကို ယူထားတာလား"

"ဘုရားရေ... ခုနက သူဌေးရဲ့ ပုံစံကို နင်တို့ တွေ့လိုက်လား၊ သူ ဘယ်တုန်းက အဲဒီလောက် ယဉ်ယဉ်ကျေးကျေးပြောဖူးလို့လဲ၊ သူ့အသံက အရမ်းကို နူးညံ့နေတာပဲ

ဒါက ငါတို့ရဲ့ ပုံမှန်ဆို တိတ်ဆိတ်ပြီး ခပ်တည်တည်နေတတ်တဲ့ သူဌေးဟော်လို့ ဘယ်သူက ယုံမှာလဲ"

"ငါ မှတ်မိပြီ၊ အားလပ်ရက် လက်ဆောင်တွေကို သူဌေးကတော်က ဝယ်ပေးခဲ့တာ မဟုတ်လား၊ အံ့သြစရာပဲ

သူကိုယ်တိုင်လည်း စီးပွားရေးလုပ်ငန်းတွေ ပိုင်တယ်လို့ ကြားတယ်၊ အနီးအနားက နာမည်ကြီးနေတဲ့ ဝက်သားပေါင်းဆိုင်က သူ့ဟာ မဟုတ်လား"

"ဒီလင်မယားက တကယ်ကို လိုက်ဖက်တာပဲ၊ ပိုက်ဆံတွေလည်း အများကြီး ရှာနိုင်သလို နှစ်ယောက်လုံးကလည်း ရုပ်ရည် ချောကြတယ်..."

"သူဌေးကတော်က အရမ်း လှတာပဲ၊ ဘယ်လောက် ကြည့်ကြည့် အကြည့်မဝနိုင်ဘူး..."

အလုပ်ရုံမှာ စည်းကမ်းကြီးသည်။ တံခါးဝရှိ ဝန်ထမ်းအချို့မှာ အတင်းအဖျင်းများကို အနီးကပ် မြင်တွေ့လိုက်ရသဖြင့် စိတ်လှုပ်ရှားစွာဖြင့် တစ်ခုခု ပြောရန် ပြင်လိုက်စဉ် နောက်သို့ လှည့်ကြည့်ရာ သူတို့ထံသို့ လျှောက်လာနေသော အလုပ်ရုံကြီးကြပ်ရေးမှူးကို တွေ့လိုက်ရသည်။

သူတို့ ချက်ချင်းပင် တိတ်ဆိတ်သွားပြီး ခေါင်းငုံ့ကာ အလုပ်ကိုသာ အာရုံစိုက်လုပ်သည်။ သို့သော် သူတို့ သိချင်စိတ်များကတော့ လျော့ကျမသွားသေးပေ။ နားနေခန်းထဲတွင် သူဌေးနှင့် သူဌေးကတော်တို့ ဘာလုပ်နေကြမည်ကို သိချင်လွန်း၍ ယားယံနေကြလေသည်။

သို့သော် လတ်တလောတွင် အလုပ်က ပိုအရေးကြီးသည်မှာ ထင်ရှားလှသည်။

လူများစွာ အလုပ်ရှုပ်နေချိန်တွင် မျက်မှောင်ကြုတ်ကာ ရပ်နေသူများမှာ သိသာထင်ရှားလှသည်။

အလုပ်ရုံကြီးကြပ်ရေးမှူးက လျှောက်လာပြီး စားပွဲကို ခေါက်သည်။

"ချင်လီလီ... ဘာဖြစ်လို့လဲ၊ ဘာလို့ အဲဒီမှာ ရပ်နေတာလဲ၊ အာရုံမစိုက်ရင် စက်တွေကို မောင်းလို့ မရဘူးလေ"

All Chapters