← Chapters

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း ၁၅၆

Vol. 16 Ch. 156

Chapter 156

နွေရာသီ အချိန်ကာလတွင် ခြင်များ အမှန်တကယ်ပင် ပေါများလှသည်။

ချင်စုလန် အမြင်တွင် ထိုအရာများမှာ တစ်ကွက်ချင်းစီ ဖြစ်နေသော ခြင်ကိုက်ဖုများနှင့် မတူဘဲ သိပ်သည်းစွာ စုပြုံနေကြသည်။

ဓာတ်မတည့်၍ အင်ပျဉ်ထနေသည်နှင့် တူသလို နမ်းရှိုက်ခံထားရသည့် အရာများနှင့်လည်း တူသည်။

ချင်စုလန် အကြည့်များမှာ တောင့်တင်းသွားပြီး ဖော်ပြထားသော အသားအရေပေါ်မှ အရာများကို ထပ်မံရှာဖွေရန် ယွီရွေ့ကျူး ခန္ဓာကိုယ်ရှိ အခြားနေရာများဆီသို့ အကြည့်ရောက်သွားသည်။

ထိုအခါ ယွီရွေ့ကျူး နားရွက်နောက်ဘက်နှင့် လည်တိုင်ပေါ်တွင်လည်း ထိုအရာများကို သတိပြုမိသွားသည်။သူမ လည်ချောင်းမှာ တစ်ဆို့သွားသလိုခံစားရပြီး အချိန်အတော်ကြာအောင် အေးခဲနေပြီးမှ အဆုံးတွင် မေးမိသည်။

"ယွီရွေ့ကျူး၊ နင်... ဓာတ်မတည့်လို့ အင်ပျဉ်ထနေတာလား"

ချင်စုလန် စကားပြောချိန်တွင် စားပွဲရှိ လူများအားလုံးကလည်း ယွီရွေ့ကျူးကို လှည့်ကြည့်လာသည်။

ယွီရွေ့ကျူးမှာ သူမ ကိုယ်ရေးကိုယ်တာ ကိစ္စများကို လူအများရှေ့တွင် ချပြလေ့မရှိသဖြင့် မျက်လွှာပင့်ကြည့်ပြီး ပေါ့ပေါ့ပါးပါးပင် ဖြေသည်။

"အင်း... ဟုတ်တယ်"

ထိုစကားကို ကြားသောအခါ ချင်စုလန်မှာ ဆေးကျောင်းသူတစ်ယောက်ဖြစ်ပြီး ဓာတ်မတည့်ခြင်း လက္ခဏာများကို အကောင်းဆုံး သိထားသဖြင့် အနည်းငယ် သံသယဝင်နေသေးသော်လည်း သူမစိတ်ထဲတွင် ဝမ်းသာမှုက အရာအားလုံးကို လွှမ်းမိုးသွားသည်။

သူမက သက်ပြင်းချမိပြီး မနေနိုင်ဘဲ ပြုံးလိုက်ကာ ယခင်က ယုံကြည်မှုနှင့် သဘာဝကျမှုကို ပြန်လည် ရရှိသွားသည်။

"ဪ... ဒါဆိုလည်း ပြီးတာပါပဲ"

ဘေးပတ်ဝန်းကျင်ရှိ စားပွဲများမှ လူများကလည်း သူမတို့ဘက်သို့ ဆက်မကြည့်တော့ဘဲ စားသောက်ရန် ပြင်ဆင်နေသည့်အပေါ်သို့သာ အာရုံစိုက်လေသည်။

ခေတ်ကာလ အခြေအနေအရသာမက အနည်းငယ် ဝေးလံခေါင်ဖျားသော တောင်ပေါ်ရွာလေး ဖြစ်နေခြင်းကြောင့်ပါ အိမ်ထောင်စုတိုင်းမှာ အထူးပင် ဆင်းရဲနွမ်းပါးကြသည်။

သူတို့သည် ဆီပြန်ဟင်းနှင့် အဆီအဆိမ့်များကို စားရခဲပြီး အသားဟင်း ချက်နိုင်သည့် အချိန်မျိုးတွင်လည်း မိသားစုတစ်ခုလုံးအတွက် ရည်ရွယ်ရသဖြင့် တစ်ယောက်လျှင် အသားတစ်ဖတ်မျှသာ ရရှိတတ်ကြသည်။ ပန်းကန်လုံးထဲသို့ စွန်ပလွံသီးတစ်လုံး ကျသွားသည့်အလား လုံးဝ မလုံလောက်ငှချေ။

ယခု ဧည့်ခံပွဲတွင်မူ စားပွဲပေါ်၌ ငါးနှင့် အသားဟင်းများ ပါရှိပြီး ဟင်းလျာများမှာ ပုံမှန် ဟင်းကြော်များထက် ဆီများစွာ ပါဝင်သည်။ လူအများအပြားမှာ နှုတ်ခမ်းများတွင် ဆီများ ရွှဲနေအောင် စားသောက်နေကြပြီး ကိုယ့်ပန်းကန်ထဲသို့ အသားများ ရောက်လာစေရန် အလုယူနေကြသည်။

ယွီရွေ့ကျူး အမြင်တွင် ဧည့်ခံပွဲရှိ ဟင်းလျာများမှာ အထူးတလည် များပြားလှသည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ခေတ်ကာလအရ တစ်ယောက်လျှင် လက်ဖွဲ့ငွေ ယွမ်အနည်းငယ်မျှသာ ပေးနိုင်ကြပြီး စားပွဲပေါ်ရှိ အသားဟင်းဆို၍ ငါးနှင့် အသားကြော်သာ ပါဝင်ကာ ကျန်သည်များမှာ အများအားဖြင့် သက်သတ်လွတ်ဟင်းများနှင့် အအေးပွဲများသာ ဖြစ်သည်။

သို့သော် သူမ ပတ်ဝန်းကျင်ရှိ လူအများစုမှာ အလွန်ပင် အရသာရှိစွာ စားသောက်နေသည်။

အထူးသဖြင့် ဟင်းလျာများကို တစ်ပွဲပြီးမှ တစ်ပွဲ ချပေးသဖြင့် အချို့စားပွဲများတွင် လုယက်စားသောက်နေကြသလို ထင်ရပြီး ဟင်းတစ်ပွဲ ရောက်လာသည်နှင့် အလုအယက် ခပ်ယူကြသဖြင့် အကြွင်းအကျန်များနှင့် ဟင်းရည်များ နေရာအနှံ့ ပေကျံသွားသည်။

ကံကောင်းစွာဖြင့် ထိုသို့သော စားပွဲမျိုး နည်းပါးသဖြင့် ယွီရွေ့ကျူး စားပွဲမှာ လောလောဆယ်တွင် ပုံမှန်အနေအထားတွင်သာ ရှိသည်။

ထို့အပြင် ဟော်မိသားစု ထွက်သွားသဖြင့် သူတို့စားပွဲတွင် လူနည်းသွားကာ တစ်ယောက်ချင်းစီအတွက် ဟင်းလျာ ပိုမိုရရှိသည့်အပြင် အားလုံးက သိကျွမ်းသူများ ဖြစ်ကြသဖြင့် လုယက်မှုမှာ ပိုနည်းပါးသွားသည်။

ဤသည်မှာ ယွီရွေ့ကျူးအတွက် ကျေးလက်ဧည့်ခံပွဲကို ပထမဆုံးအကြိမ် မြည်းစမ်းခွင့်ရခြင်း ဖြစ်ပြီး သူမ စိတ်ကူးထားသည့်အတိုင်းပင်။ မဆိုးလှသော်လည်း သူမ အကြိုက်နှင့် ကိုက်ညီသော ဟင်းလျာ အနည်းငယ်သာ ပါဝင်သည်။

သူမ ဘာစားရမလဲဟု တုံ့ဆိုင်းနေစဉ်မှာပင် ဟော်ချန်ယဲ့က အရိုးနွှာထားသော နူးညံ့သည့် ငါးအသားဖတ်ကို သူမ ပန်းကန်ထဲသို့ ထည့်ပေးလာသည်။

သူမဘေးတွင် ထိုင်နေသော ချင်စုလန်မှာ ချက်ချင်း မော့ကြည့်လာပြီး သူမကို ငေးကြောင်စွာ ကြည့်နေသည်။

ဟော်ချန်ယဲ့မှာ အခြားသူများ အကြည့်များကို ဂရုမစိုက်ပေ။ စားပွဲမှာ ကျယ်ဝန်းပြီး ယွီရွေ့ကျူး အချို့ဟင်းလျာများကို မလှမ်းမီမည်ကို စိုးရိမ်သဖြင့် ဟော်ချန်ယဲ့က အထူးတလည် ပြောသည်။

"မင်း မမီတဲ့ ဟင်းရှိရင် ကိုယ် ယူပေးမယ်၊ ကိုယ့်ကိုသာ ပြောလိုက်"

"အွန်း"

ယွီရွေ့ကျူးက ငါးတစ်ဖတ်ကို စားရင်း ပြန်ဖြေသည်။ သူမ မော့ကြည့်ကာ ဟော်ချန်ယဲ့ အင်္ကျီလက်ကို ဆွဲလိုက်ပြီး သူမနီရဲသော နှုတ်ခမ်းလေးမှာ အနည်းငယ် ကွေးညွတ်သွားသည်။

"အဲဒီ အသားကြော်လေး စားချင်တယ်"

၎င်းမှာ ချယ်ရီအသားဟင်းဖြစ်ပြီး အဆီအသား ရောနှောကာ ချိုချဉ်အရသာဖြင့် ချက်ပြုတ်ထားခြင်းပင်။ ဧည့်ခံပွဲများတွင် အမြဲတမ်း လူကြိုက်များပြီး အမြန်ဆုံး ကုန်တတ်သော ဟင်းလျာလည်း ဖြစ်သည်။

ဟော်ချန်ယဲ့က ခေါင်းညိတ်လိုက်သည်။

သူ့ ရှည်လျားသော လက်တံများဖြင့် အသားကို တူဖြင့် လွယ်ကူစွာ လှမ်းယူနိုင်သည်။ သို့သော် သူ အသားကို ယူမည်အပြုတွင် ချင်စုလန် မိခင် ယွီကွေ့ရှန်က မနေနိုင်တော့ဘဲ ပန်းကန်အနားစွန်းကို ဆွဲထားကာ သူ့ကို တားသည်။

"ဟေ့... ချန်ယဲ့၊ ဒါက ငါတို့ စုလန် အကြိုက်ဆုံး ဟင်းလေ၊ မင်းမိန်းမကို တခြားဟာပဲ စားခိုင်းလိုက်ပါ၊ ငါတို့ စုလန်နဲ့ လုမနေပါနဲ့၊ မင်းတို့က အမြဲတမ်း စားနိုင်နေတာပဲ မဟုတ်လား"

အသားပန်းကန်မှာ ယွီကွေ့ရှန် အရှေ့တည့်တည့်တွင် ရှိသည်။ သူမက ပန်းကန်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ထိုစကားများကို ပြောပြီးနောက် သူမမျက်နှာမှာ သဘာဝကျကျပင် လင်းလက်သွားသည်။

သူမက အသားတစ်ပန်းကန်လုံးကို ချင်စုလန် အရှေ့သို့ ရွှေ့ကာ သူမ ပန်းကန်ထဲသို့ ပြောင်းထည့်ပေးရန် ပြင်သည်။

ယွီကွေ့ရှန်သည် ယွီရွေ့ကျူးကို သရော်လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်ရန်လည်း မမေ့ခဲ့ပေ။

ဟော်ချန်ယဲ့က သူမသမီးဖြစ်သူ ချင်စုလန်ကို သဘောကျပြီး ဇနီးသစ်အပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိကြောင်းကို သူမ သိထားသဖြင့် ဟော်ချန်ယဲ့က သူမကို ဆန့်ကျင်လိမ့်မည် မဟုတ်ဟု မျှော်လင့်ထားသည်။

ဟော်ချန်ယဲ့က ယခုအခါ ပိုက်ဆံရှာနိုင်နေပြီ ဖြစ်သော်လည်း စည်းကမ်းအချို့ကို သင်ကြားပေးရန် လိုအပ်သေးသည်။ အကယ်၍ သူသာ လက်ရှိ ဇနီးသည်နှင့် ကွာရှင်းပြီး သူမတို့ စုလန်ကို လက်ထပ်မည်ဆိုလျှင် သူမ လက်ရှိ ကြွယ်ဝချမ်းသာမှုကို အခွင့်ကောင်း မယူသင့်ပေ။

'ဟမ့်... ယွီရွေ့ကျူးက ဘာမို့လို့ သူမတို့စုလန် အကြိုက်ဆုံးဟာကို စားရမှာလဲ၊ တန်လို့လား'

သူမသည် ဟော်ချန်ယဲ့ စိတ်ထဲရှိ သူတို့နှစ်ဦး နေရာကွာခြားချက်ကိုပင် ထည့်မတွေးခဲ့ပေ။

ယွီကွေ့ရှန်က ပြုံးပြီး ဟော်ချန်ယဲ့ သူမကို ငြင်းဆန်နိုင်ခြေ ရှိသည်ကို လုံးဝ သတိမထားမိဘဲ အသားတစ်ပန်းကန်လုံးကို ချင်စုလန် ပန်းကန်လုံးထဲသို့ ယုံကြည်မှုရှိစွာဖြင့် လောင်းထည့်ပေးသည်။

ချင်စုလန်က မိခင်ဖြစ်သူ ဂရုစိုက်မှုကို အသားကျနေပြီဖြစ်သဖြင့် မသိစိတ်မှပင် ပန်းကန်လုံးကို ကမ်းပေးသည်။

သို့သော် သူမ ပန်းကန်ထဲသို့ ဘာမှ မလောင်းထည့်ရသေးမီမှာပင် ဟော်ချန်ယဲ့က ပန်းကန်ပြား အခြားတစ်ဖက်ကို ဖမ်းဆွဲထားသည်။

ဟော်ချန်ယဲ့ မျက်နှာမှာ မည်းမှောင်သွားသည်။

ချယ်ရီအသားဟင်းမှာ သူနှင့် ယွီရွေ့ကျူးတို့အတွက် မဖြစ်မနေ လိုအပ်သော အရာမဟုတ်ပေ။ သူတို့က အသားကို မကြာခဏ စားလေ့ရှိသည်။ သို့သော် ယခုအခါ ယွီရွေ့ကျူးက အထူးတလည် တောင်းဆိုထားသဖြင့် ဟော်ချန်ယဲ့အနေဖြင့် အခြားတစ်ယောက်ကို အကုန်စားခိုင်းလိုက်ရန် မဖြစ်နိုင်ပေ။

ထို့အပြင် သူတို့က တစ်ပန်းကန်လုံးကို စားနိုင်သည်ဟု ဘယ်လိုများ တွေးနေရသနည်း။

'ချင်စုလန် စားချင်တာက သူနဲ့ ဘာဆိုင်လဲ'

ဟော်ချန်ယဲ့ သိသည်မှာ ယွီရွေ့ကျူး လိုချင်သည့်အရာကို သူ မရရအောင် ယူပေးရမည် ဆိုသည်ပင်။

ထို့ကြောင့် ဟော်ချန်ယဲ့က ယွီကွေ့ရှန်ထံမှ ပန်းကန်ပြားကို လွယ်ကူစွာပင် ပြန်လုယူပြီး စားပွဲအလယ်တည့်တည့်တွင် ချထားသည်။

သူက ချင်စုလန်နှင့် ယွီကွေ့ရှန်ကို အေးစက်စွာ ကြည့်လာသည်။

"ခင်ဗျားတို့ နှစ်ယောက်တည်းမှာပဲ ပါးစပ်ပါတာလား၊ စားပွဲမှာရှိတဲ့ တခြားသူတွေမှာရော ပါးစပ်မပါဘူးလား၊ ခင်ဗျားတို့ချည်းပဲ အကုန်စားချင်နေတာလား"

"လက်ဖွဲ့ငွေ ဘယ်လောက်ထည့်ခဲ့လို့လဲ၊ ဒီဧည့်ခံပွဲကို ခင်ဗျားတို့ မိသားစုက အကုန်ခံထားတာလား"

ဟော်ချန်ယဲ့က ပွင့်ပွင့်လင်းလင်းနှင့် ပြတ်သားစွာပင် ပြောသည်။

"ဒီအသားပန်းကန်က ဒီမှာပဲ ရှိတယ်၊ ဘယ်သူကများ သူ့ဘာသာသူ အကုန်ယူစားရဲမလဲဆိုတာ ကြည့်ချင်သေးတယ်၊ ဒါက အားလုံး ဝေစားဖို့ပဲ၊ အားလုံး စုစားရမယ်၊ ပိုလိုချင်ရင် တခြားဝိုင်းကို သွား"

သူက စကားပြောရင်းဖြင့် အသားကြော်ကို ယွီရွေ့ကျူး ပန်းကန်ထဲသို့ ထည့်ပေးပြီး သူ့ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲပင်။

"ကျွန်တော်တော့ မစားတော့ဘူး၊ ကျွန်တော့်ဝေစုကို ရွေ့ကျူးကိုပဲ အကုန်ပေးလိုက်မယ်၊ စားချင်တဲ့သူ ယူစားနိုင်တယ်"

ထိုစကားကို ကြားသောအခါ ချင်စုလန်မှာ တူကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး အသက်ရှူသံများ မမှန်တော့ပေ။

သူမက ယွီရွေ့ကျူး ပန်းကန်ထဲတွင် ပြည့်လျှံလုနီးပါး ဖြစ်နေသော ချယ်ရီအသားများနှင့် သေချာစွာ အရိုးနွှာထားသော နူးညံ့သည့် ငါးအသားဖြူဖြူလေးများကို ကြည့်ရင်း မျက်လုံးများ နီရဲလာကာ ဝမ်းနည်းမှုလှိုင်းတံပိုးတစ်ခုကို ခံစားနေရသည်။ သူမ အံ့ဩတုန်လှုပ်သွားပြီး ခံပြင်းမိသည်။

'ဟော်ချန်ယဲ့က သူမကို ဘယ်လိုများ ဒီလို စကားမျိုး ပြောထွက်ရတာလဲ၊ သူမက အသား နည်းနည်းပိုစားချင်ရုံလေးကို သူက သူမအပေါ် ဒီလိုဆက်ဆံရသလား၊ ပြီးတော့ သူမ အမေကိုလည်း အဲဒီလို လေသံမျိုးနဲ့ ပြောသေးတယ်၊ ဒါက သူမ အမေလေ၊ ဟော်ချန်ယဲ့က လေးစားရမှန်း မသိဘူးလား'

သူက ယွီရွေ့ကျူး၏ ပန်းကန်ထဲကို အသား အများကြီး ထည့်ပေးပြီး ရွေ့ကျူးဟု အထပ်ထပ်အခါခါ ခေါ်နေခြင်းမှာ သူမကို တမင်သက်သက် ဒေါသထွက်အောင် လုပ်နေသည်လား။ ထိုဆိုလျှင် သူမ ယခုတော့ အမှန်ကို ဒေါသထွက်သွားရသည်။

အသား နည်းနည်းလေးအတွက် ထိုသို့လုပ်ဖို့ လိုလား။

ရှဲ့ချီနှင့် လျန်စစ်တို့မှာ ဟော်ချန်ယဲ့နှင့် ယွီရွေ့ကျူးတို့ ကြည်နူးဖွယ် ဆက်ဆံရေးကို အစကတည်းက သိထားသော်လည်း လွန်ခဲ့သော ရက်အနည်းငယ်က ထိုနှစ်ဦး ရန်ဖြစ်နေသည်ကို မြင်ခဲ့ရသည်။ ယခုတော့ သူတို့ ပြန်အဆင်ပြေသွားကြပြီလား။

All Chapters