အခန်း ၇၄
Vol. 8 Ch. 74
🐽 Chapter 74
ချင်စုလန် မျက်နှာနီမြန်းသွားကာ ပြောလိုက်သည်။
"ဟော်ချန်ယဲ့က အိမ်ထောင်ကျနေပြီပဲ၊ ဒီလိုမျိုးတွေ မပြောကြပါနဲ့ သူများတွေ ကြားသွားရင် မကောင်းဘူး"
"ဘာဖြစ်လဲ စုလန်ရဲ့၊ ဟော်ချန်ယဲ့နဲ့ သူ့မိန်းမအကြောင်းက ရွာထဲမှာ ပျံ့နေတာပဲ၊ သူတို့ အိမ်ပြန်ပြီးရင် ကွာရှင်းကြတော့မယ်လို့ လူတွေက လောင်းကြေးတောင်ထပ်နေကြတာ၊ အပြင်မှာလည်း အဲ့ဒီလင်မယားဆက်ဆံရေးက အတော်ဆိုးတယ်လို့ ပြောနေကြတယ်"
"ဘာ"
ကွာရှင်းတော့မည်လား။ ချင်စုလန်မှာ နှုတ်ခမ်းကို ဖိကိုက်ကာ ထိုစကားလုံးများကို စိတ်ထဲတွင် ရေရွတ်နေမိသည်။
ယနေ့ မဟုတ်ပါလား။ နံနက်ပိုင်းက ဟော်ချန်ယဲ့နှင့် သူ့မိန်းမ စက်ဘီးစီးသွားသည်ကို သူမ မြင်လိုက်ရသည်။ တောင်လမ်းမှာ ပွင့်နေပြီဖြစ်၍ သူတို့ အိမ်ပြန်သွားကြခြင်း ဖြစ်ပေလိမ့် မည်။
ချင်စုလန်၏ ရင်ခုန်သံများ မြန်လာပြီး သူမ လက်ချောင်းများမှာ ယခုလေးတင်ဝယ်ထားသည့် ဂါဝန်ကို လိမ်ကျစ်နေမိ၏။ ယခုအချိန်တွင် ဟော်ချန်ယဲ့ကို သွားတွေ့ချင်စိတ်များ တားမရအောင် ဖြစ်ပေါ်လာသော်လည်း ကျိုးကြောင်းဆင် ခြင်စိတ်ဖြင့် ထိန်းချုပ်ထားလိုက်ရသည်။
သူတို့နှစ်ဦး စကားပြောနေစဉ် လမ်းဆုံမှ စက်ဘီးခေါင်း လောင်းတီးသံ တစ်ချက်ထွက်ပေါ်လာသည်။
သူမတို့ နောက်ကွယ်တွင် စက်ဘီးတစ်စီး ရှိနေသဖြင့် ချင်စုလန်၏ သူငယ်ချင်းက သူမကို အမြန်ဆွဲကာ လမ်းဘေးသို့ ကပ်ရပ်လိုက်ကြသည်။
ထို့နောက် အနီရောင်ဂါဝန် ဝတ်ဆင်ထားသည့် အမျိုးသမီးကို တင်ဆောင်လာသော စက်ဘီးမှာ သူမတို့ဘေးမှ ဖြတ်ကာ လမ်းဆုံဘက်သို့ တရွေ့ရွေ့ ထွက်ခွာသွားသည်ကို ကြည့်နေမိကြ၏။
ချင်စုလန် မှင်တက်သွားရသည်။
သူမကဲ့သို့ မျက်စိလျှင်သူအဖို့ ခုနက ဖြတ်သွားသည့် စက်ဘီးသမားမှာ မည်သူဖြစ်သည်ကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။
ကျယ်ပြန့်သော ပုခုံးနှင့် သွယ်လျသော ခါး၊ လေထဲတွင် လွင့်ပျံနေသော ဆံပင်တိုများအောက်မှ အမာရွတ်၊ နိမ့်ချထားသောမျက်ခုံးနှင့် စေ့ထားသောနှုတ်ခမ်းပါးများ။ ဤသည် မှာ အမှန်တကယ်ပင် ဟော်ချန်ယဲ့ဖြစ်သည်။
သူ့ရင်ခွင်ထဲတွင် ကာကွယ်ခြင်းခံထားရပြီး အနီရောင်ဂါဝန် ဝတ်ဆင်ထားသူမှာ သူမ မျက်စိရှေ့မှ လျှင်မြန်စွာဖြတ်ကျော် သွားသည်။ ချင်စုလန်မှာ ထိုအမျိုးသမီး၏ ရုပ်ရည်ကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ကြည်လင်သော ရယ်မောသံကိုမူ ကြားလိုက်ရ၏။
ရွာထဲရှိ လူတိုင်းမှာ ဟော်ချန်ယဲ့ကို ကြောက်ရွံ့ကြသော် လည်း ဤဇနီးအသစ်မှာမူ သူ့ကို ကြောက်ပုံမရပေ။
သူ့ရင်ခွင်ထဲသို့ တိုးဝင်ရဲရုံသာမက ဆည်းလည်းသံကဲ့သို့ ကြည်လင်သော ရယ်မောသံဖြင့် သူ့ကို ရယ်ပြရဲသေးသည်။
သူတို့နှစ်ဦး ပျောက်ကွယ်သွားသည်အထိ ချင်စုလန်မှာ တောင့်တောင့်ကြီး ရပ်နေမိဆဲဖြစ်၏။
ဘေးမှ သူငယ်ချင်းဖြစ်သူမှာ အနေခက်သွားကာ တုန်လှုပ်စွာဖြင့် အာမေဍိတ်သံ ပြုလိုက်သည်။
"ဒါ ဒါ ဟော်ချန်ယဲ့ မဟုတ်လား၊ သူ ဘယ်လိုဖြစ်တာလဲ၊ အိမ်ပြန်ပြီးရင် မိန်းမနဲ့ ကွာရှင်းမယ်လို့ ပြောနေကြတာကို ဘာလို့ နှစ်ယောက်လုံး အတူတူ ပြန်လာကြတာလဲ"
ချင်စုလန်က ဘာမှ ပြန်မပြောပေ။
သူငယ်ချင်းဖြစ်သူက ဆက်ပြောလိုက်ပြန်သည်။
"ကွာရှင်းလိုက်ရင် နာမည်ပျက်မှာစိုးလို့ ဖြစ်မှာပါ၊ ဒါက မိန်းကလေးတွေအတွက် တကယ်မကောင်းဘူးလေ၊ ပြီးတော့ ဟော်ချန်ယဲ့မိန်းမက မြို့မှာ ရည်းစားဟောင်း ရှိခဲ့ဖူးတယ်လို့ ကြားတယ်၊ နောင်ကျရင် ရှုပ်ရှုပ်ယှက်ယှက်တွေ ဖြစ်လာဦးမှာ၊ ဟော်ချန်ယဲ့က ဒါမျိုးကို ဘယ်လို သည်းခံနိုင်မှာလဲ၊ ကြည့်စမ်း၊ သူဝတ်ထားတဲ့ အင်္ကျီကလည်း အနီရောင်ကြီးနဲ့ အရမ်းပြင်ဆင်လွန်းတာပဲ၊ မင်္ဂလာဆောင်လည်း မဟုတ်ဘဲနဲ့"
သူမက ချင်စုလန်ကို နှစ်သိမ့်သည့် သဘောဖြင့် ဆက်ပြော ၏။
"စုလန် ဝတ်ထားတဲ့ ဂါဝန်လေးကမှ ကြည့်ကောင်းတာ၊ ယဉ်ကျေးပြီး သင့်တော်တယ်၊ ဟော်ချန်ယဲ့က နင့်လို မိန်းကလေးမျိုးကိုပဲ ကြိုက်မှာပါ၊ အဲ့ဒီလို ထင်ပေါ်လွန်းပြီး လှတဲ့လူမျိုးကို ဘယ်ကြိုက်ပါ့မလဲ၊ စိတ်ချပါ၊ သူတို့ မကြာခင် ကွာရှင်းကြမှာပဲ၊ စောင့်ကြည့်နေလိုက်"
ချင်စုလန်မှာ သူမ၏ ရိုးရှင်းသော ဂါဝန်ရှည်ကို ငုံ့ကြည့်လိုက်ပြီး မသိစိတ်ဖြင့် လက်သီးကို တင်းတင်းဆုပ်ကာ နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။
"ငါက ဘာကို စိတ်အေးရမှာလဲ၊ ငါ သူ့ကို မကြိုက်ပါဘူး၊ သူ ဘယ်သူ့ကို ကြိုက်ကြိုက် ငါနဲ့ မဆိုင်ဘူး"
"ဒါပေမဲ့ စုလန်ရယ်၊ နင်က သူ့ကို မကြိုက်ပေမဲ့ ဟော်ချန်ယဲ့က နင့်ကို ကြိုက်နေတာပဲကို"
ချင်စုလန်မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူမ ရှေ့မှပျောက် ကွယ်သွားသော ဟော်ချန်ယဲ့နှင့် ယွီရွေ့ကျူးတို့၏ကျောပြင်ကိုကြည့်ကာ ရှင်းပြရခက်သော စိုးရိမ်စိတ်များ ဖြစ်ပေါ်လာသည်။
သူမ ထပ်မံ၍ စကားပြန်မပြောတော့ပဲ နှုတ်ခမ်းကို စေ့ကာ တစ်ယောက်တည်း လျှောက်သွားတော့သည်။ သူမ၏ခြေ လှမ်းများမှာ နောက်မှ တစ်စုံတစ်ယောက် လိုက်လာသကဲ့သို့ မြန်ဆန်နေ၏။
ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့မှာမူ ညနေခင်း နေဝင်ချိန်တွင် အိမ်သို့ အတူတူပြန်ရောက်လာကြပြီ ဖြစ်သည်။
အိမ်တွင် မည်သူမှမရှိဘဲ တံခါးများ ပိတ်ထား၏။
ဟော်ချန်ယဲ့ တံခါးကို အရင်ဆုံး ဖွင့်လိုက်သည်။ ထို့နောက် စက်ဘီးကို တွန်းကာ နောက်ထိုင်ခုံမှ ယွီရွေ့ကျူးကိုပါ ခြံထဲသို့ အတူတူ ခေါ်ဆောင်သွားလေတော့သည်။
ယွီရွေ့ကျူးက သူမ ခြေထောက်လေးတွေကို လှုပ်ယမ်းရင်း ဝမ်းဗိုက်ကို ပွတ်သပ်လိုက်သည်။
"ဟော်ချန်ယဲ့၊ ကျွန်မ ဗိုက်ဆာပြီ၊ နေ့လယ်ကလည်း ဘာမှမစားရသေးဘူး၊ ရှင်နဲ့ ကျောက်ကျစ်ဖန်က ငါးဖမ်းသွားပေမဲ့ ကျွန်မမှာတော့ ကျွန်မအမေနဲ့ အမေက ကျွန်မတို့အကြောင်းတွေ တောက်လျှောက်မေးနေလို့ တံတွေးမျိုချဖို့တောင် အချိန်မရဘူး"
ဟော်ချန်ယဲ့က ထိုစကားကို ကြားသောအခါ မျက်ခုံးပင့်ကြည့်လိုက်ပြီး အိမ်ထဲသို့ဝင်ကာ ရေတစ်ခွက်ခတ်၍ သူမအား လှမ်းပေးလိုက်သည်။ ထို့နောက် အင်္ကျီလက်ကို လိပ်တင်လိုက်၏။
"ကိုယ် ခေါက်ဆွဲပြုတ် လုပ်ပေးမယ်၊ မင်း မစားတတ်တာရှိလား"
"မရှိပါဘူး၊ ရှင့်လက်ရာဆိုရင် ဘာမဆို ကျွန်မ အကုန်ကြိုက်တယ်"
ယွီရွေ့ကျူး သူ့ကို ပြုံးပြုံးလေး ကြည့်ကာ ပြောလိုက်သည်။
ယွီရွေ့ကျူး၏ ပါးစပ်မှ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သော ချိုသာသည့် စကားလုံးများကို ဟော်ချန်ယဲ့မှာ ကျင့်သားရနေပြီ ဖြစ်သော်လည်း နှုတ်ခမ်းကို စေ့ကာ သူမကို မျက်လုံးနက်နက်များဖြင့် တစ်ချက်ကြည့်လိုက်ပြီးမှ ဂျုံနယ်ရန် အိမ်ထဲသို့ ဝင်သွားတော့သည်။
ယွီရွေ့ကျူးမှာ ကိုယ်တိုင် ချက်ပြုတ်ရာတွင်လက်ရာကောင်း သော်လည်း တစ်စုံတစ်ယောက်က ချက်ကျွေးသည့်အခါမျိုးတွင်မူ ပို၍ သက်သောင့်သက်သာ ခံစားရတတ်သူ ဖြစ်၏။
မျှမျှတတ ပြောရလျှင် ယွီမိသားစုအိမ်မှ ပြန်လာပြီးနောက် သူမနှင့် ဟော်ချန်ယဲ့ကြားတွင် သိမ်မွေ့သော ပြောင်းလဲမှုများကို ခံစားနေရသည်။
ယခင်က တစ်ယောက်ကိုတစ်ယောက် အလိုက်သင့် ပေါင်း သင်းနေကြသည့် ပုံစံမျိုးဖြစ်သော်လည်း ယခုမူ အမှန်တကယ်ပင် ဘဝကို အတူတူလှပစွာ တည်ဆောက်နေကြသည့် ဇနီးမောင်နှံငယ်လေးများကဲ့သို့ဖြစ်နေချေပြီ။
ယွီရွေ့ကျူးက ခုံတန်းလျားလေး တစ်ခုကိုဆွဲယူကာ ဟော်ချန်ယဲ့ကို ကြည့်ရန် သူ့ရှေ့တွင် ဝင်ထိုင်လိုက်သည်။
သူက အမှန်တကယ်ပင် သန်မာလှ၏။ ဂျုံမှုန့်ကို ရေဖြင့် လက်နှစ်ဖက်စလုံး သုံး၍ နယ်နေသည့်အခါ ဂျုံ့ရောင် အသားအရေရှိသော သန်မာသည့် လက်မောင်းများပေါ် ထွက်နေကာ သွေးကြောများမှာလည်း တင်းနေသည်။ သူက နှစ်ချက်၊ သုံးချက်လောက် နယ်လိုက်ရုံဖြင့် ဂျုံလုံးမှာ အိစက်ချောမွေ့သွားတော့၏။
ထို့နောက် သူက ခြံထဲသို့ ဆင်းကာ ခရမ်းချဉ်သီးနှင့် ပဲတောင့် ရှည်များကို ခူးသည်။ ကြက်ဥကို ပန်းကန်လုံးလေးထဲတွင် ခေါက်ပြီး အိုးထဲသို့ထည့်လိုက်သည့် လှုပ်ရှားမှုများမှာ ကျွမ်း ကျင်ပိုင်နိုင်လွန်းလှသည်။ မီးဖိုခေါင်းတိုင်မှတစ်ဆင့် မီးခိုးငွေ့များ တဖြည်းဖြည်း တက်လာကာ ဟင်းနံ့များမှာလည်း သင်းပျံ့လာတော့၏။
ယွီရွေ့ကျူးက သူမ မေးစေ့လေးကို လက်ဖြင့် ထောက်ကာ သူ့ကို ကြည့်နေရင်း ရုတ်တရက် မျက်တောင်ခတ်ကာ မေးလိုက်သည်။
"ဟော်ချန်ယဲ့၊ ရှင် ဟင်းချက်နေတဲ့အချိန်မှာ အရမ်းချောတယ်လို့ တစ်ယောက်ယောက် ပြောဖူးလား"
ဟော်ချန်ယဲ့က ဆားရည်များကို ပန်းကန်ထဲ ထည့်ရန် ပြင်နေစဉ် ထိုစကားကို ကြားလိုက်ရသဖြင့် လက်တုန်သွားကာ ဆားရည်များပင် မှောက်ကျလုနီးပါးဖြစ်သွားရ၏။
သူ ယွီရွေ့ကျူးကို မျက်လုံးပင့်ကြည့်လိုက်ပြီး သူမ အမူ အရာမှာ အမှန်တကယ်ပင် တည်ကြည်လေးနက်နေသည်ကို အတည်ပြုပြီးနောက် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ နှုတ်ခမ်းကိုစေ့ကာ ဆားရည်များကို စနစ်တကျထည့်လိုက်သော်လည်း နားရွက်များမှာမူ ပူထူလာလေပြီ။
ယွီရွေ့ကျူး ယခင်ကလည်း ဤသို့ပင် သူ့ကိုအမြဲတမ်း ချီးမွမ်းတတ်သူ ဖြစ်သည်။
ရုပ်ချောသည်ဟု ချီးမွမ်းခြင်း၊ မျက်နှာပေါ်ရှိ အမာရွတ်များက သူ့ကို ပို၍ ယောင်္ကျားပီသကာ ခန့်ညားစေသည်ဟု ပြောခြင်း၊ ကြွက်သားများကကြည့်ကောင်းသည်ဟု ပြောခြင်း စသည်ဖြင့် သူ ဘာလုပ်လုပ် ချီးမွမ်းစရာအကွက်ကို ရှာတွေ့တတ်သည်။ ယခုမူ ဟင်းချက်နေသည်ကိုပင် ကြည့်ကောင်းသည်ဟု ဆိုပြန်လေပြီ။
ယွီရွေ့ကျူး၏ ထူးခြားသော အကြိုက်များကို သူ ယခင်ကတည်းက သတိထားမိသော်လည်း ထိုစဉ်ကမူ သူမက သူ့ကို ရည်ရွယ်ချက်ရှိရှိစနောက်နေသည်ဟုသာ ထင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုမူ အမှန်တကယ် ဖြစ်နိုင်ပါ့မလား။
ဟော်ချန်ယဲ့မှာ မျက်နှာပေါ်မှအပူရှိန်ကို အောင့်အည်းသည်းခံကာ ယွီရွေ့ကျူးကို ထမင်းစားရန် ခေါ်လိုက်သည်။
မှောင်ရီပျိုးစ အချိန်မှာ အရာအားလုံးက ကွက်တိကျနေ၏။
ဟော်ချန်ယဲ့က အပြင်ဘက် မီးကို ဖွင့်လိုက်ပြီး စားပွဲဝိုင်းကို ခြံထဲသို့ သယ်ထုတ်ကာ ညနေခင်း လေညှင်းလေးထဲတွင် ခေါက်ဆွဲကို အားပါးတရ စားကြတော့သည်။
သူတို့နှစ်ဦးမှာ တစ်ယောက်တစ်ပန်းကန်စီ ဖြစ်ပြီး ဟော်ချန်ယဲ့က ကြက်သွန်ဖြူအချို့ကိုနွှာကာ စားပွဲပေါ်တွင် တင်ပေးထား၏။
ယခင်က ယွီမိသားစုအိမ်မှ ဖမ်းလာသည့် ငါးလေးများကိုလည်း ဟော်ချန်ယဲ့ စိတ်ရှည်လက်ရှည် သန့်စင်ပြီးအိုးထဲတွင် ကြော်ပေးထားသေးသည်။
သူက ယွီရွေ့ကျူး၏ ခေါက်ဆွဲပန်းကန်ထဲတွင် ကြက်ဥတစ် လုံးကိုလည်း ခေါက်ထည့်ပေးထားရာ ရွှေအိုရောင် သန်းနေသည့် ကြက်ဥနှင့် ဆွဲဆောင်မှုရှိသော ခေါက်ဆွဲပြုတ်မှာ အလွန်စားချင်စဖွယ်ဖြစ်နေတော့၏။
ဟော်ချန်ယဲ့ တူကို ယူ၍ ယွီရွေ့ကျူးထံကမ်းပေးလိုက်သည်။
"မြန်မြန်စား၊ မစားရင် အေးသွားလိမ့်မယ်"
"ဟုတ်ကဲ့”