အခန်း ၁၆၈
Vol. 17 Ch. 168
Chapter 168
ဆောင်းဦးပေါက်ပွဲတော် မတိုင်မီ အချိန်အနည်းငယ် ရသေးသဖြင့် အချိန်သိပ်မကပ်သေးပေ။ သို့သော် ဟော်ချန်ယဲ့က ဘိလပ်မြေများ ဝယ်ယူလာပြီး ခြံဝင်းထဲတွင် ဂေါ်ပြားဖြင့် ဖျော်စပ်နေစဉ် တစ်ခုခုကို ရုတ်တရက် သတိရသွားကာ ယွီရွေ့ကျူးကို လှည့်ကြည့်သည်။
"ရွေ့ကျူး... မင်္ဂလာဆောင်ပြီး အိမ်ပြန်လည်ကတည်းက မင်း အိမ်မပြန်ဖြစ်သေးဘူး မဟုတ်လား၊ ဆောင်းဦးပေါက်ပွဲတော်ကျရင် အိမ်မပြန်ဘူးလား"
ဆောင်းဦးပေါက်ပွဲတော်မှာ မိသားစုများ ပြန်လည်ဆုံစည်းရာ နေ့တစ်နေ့ ဖြစ်သည်။ ဟော်ချန်ယဲ့မှာ အိမ်တွင် တစ်ကောင် ကြွက်သာဖြစ်သော်လည်း ယွီရွေ့ကျူးတွင်မူ မိသားစုရှိသေးသည်။
ထိုစကားကို ကြားသောအခါ ယွီရွေ့ကျူး ခေတ္တမျှ ရပ်တန့်သွားပြီး မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။
"ဒါကို နောက်မှပဲ ပြောကြတာပေါ့"
မူလပိုင်ရှင်နှင့် ယွီမိဘများ ဆက်ဆံရေးမှာ သာမန်မျှသာ ဖြစ်ပြီး သူမကိုယ်တိုင်လည်း ယွီပါးပါးအပေါ် သိပ်ပြီး အမြင်မကြည်လှပေ။
မည်သို့ပင်ဆိုစေကာမူ ယွီပါးပါးသည် သမီးအရင်းကို မင်္ဂလာဦးည အိပ်ခန်းထဲသို့ အတင်းအကျပ် ပို့ဆောင်ရန်ဝန်မလေးခဲ့သူဖြစ်သည်။
ဟော်ချန်ယဲ့က လူကောင်းတစ်ယောက်ဖြစ်နေ၍သာတော်သေးသည်။ အကယ်၍ လူကောင်း မဟုတ်ခဲ့လျှင် မည်သို့ လုပ်မည်နည်း။ ရွာတစ်ရွာမှ တောင်တန်းများနှင့် တောင်ကြားများကိုဖြတ် သန်းကာ သွားလာရသည်မှာ မလွယ်ကူလှပေ။
ယွီပါးပါးကလည်း သူမ ဤနေရာတွင် ဒုက္ခရောက်မည်ကို စိုးရိမ်ပူပန်ခြင်းမရှိပေ။ မူလပိုင်ရှင်နှင့် စုန့်ချင်းရှန်းတို့ ဇာတ် လမ်းမှာ အလွန်ရှက်ဖွယ်ကောင်းပြီး ရွာထဲတွင် သူ့ကိုမျက်နှာမပြရဲအောင် ဖြစ်စေခဲ့သည်ဟု သူ ခံစားခဲ့ရပုံပေါ် သည်။
ထို့ကြောင့် သူမကို ရှင်းလင်းပစ်ရန်အတွက် အိမ်ထောင်ချပေးရန် တစ်စုံတစ်ယောက်ကို အလျင်စလို ရှာဖွေခဲ့ခြင်းဖြစ်မည်။
ယွီရွေ့ကျူးက ဖခင်ဖြစ်သူကို မနှစ်သက်သော်လည်း သူမ မိခင်နှင့် အစ်မဖြစ်သူ ယွီရှားတို့ကမူ သူမအပေါ် အတော်လေး ကောင်းမွန်သည်။
ယွီရွေ့ကျူး မျက်နှာအမူအရာကို မြင်သောအခါ ဟော်ချန်ယဲ့က ထပ်မံ၍ မပြောတော့ပေ။ သို့သော် တိုက်ဆိုင်လွန်း၍လားမသိ ယွီရွေ့ကျူး အစ်မဖြစ်သူ ယွီရှားနာမည်ကို ရေရွတ်ချိန်မှာပင် ရှေ့ဘက်ဆိုင်ခန်းထဲမှ ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး အစ်မဖြစ်သူ ယွီရှား အသံကို ဝေဝါးစွာ ကြားလိုက်ရသည်
ယွီရွေ့ကျူး မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်မိပြီး ဟော်ချန်ယဲ့နှင့် အကြည့်ချင်း ဖလှယ်ကာ ကိုင်ထားသော ပစ္စည်းကိုအမြန်ချထားပြီး ဘာဖြစ်နေသည်ကိုဟု ကြည့်ရန် ဆိုင်ထဲသို့ ဝင်သွားသည်။
ဆိုင်ထဲတွင် အစ်မဖြစ်သူ ယွီရှားသာမက ခဲအိုဖြစ်သူ ကျောက်ကျစ်ဖန်ပါ ရောက်နေသည်။
ယွီမိသားစုဝင်များအားလုံးမှာ ရုပ်ရည်သန့်ပြန့်ကြပြီး သူမ အစ်မဖြစ်သူ ယွီရှားမှာလည်း သူမနှင့် အနည်းငယ်တူသော် လည်း မျက်နှာပေါက်မှာ ပိုနူးညံ့သိမ်မွေ့ကာ ရင့်ကျက်တည်ငြိမ်မှု ရှိသည်။
သူမ ရှည်လျားသော ဆံပင်များကို စည်းနှောင်ထားပြီး သူမကို တစ်ခါမျှ မမြင်ဖူးသော ဆိုင်ဝန်ထမ်းများပင်လျှင် မျက် နှာအသွင်အပြင်ကို ကြည့်ကာ ယွီရွေ့ကျူးနှင့် ဆွေမျိုးတော်စပ်ကြောင်း ဝေဝါးစွာ ခန့်မှန်းနိုင်သည်။
ရှဲ့ယင်းယန်က ယွီရှားကိုရေတစ်ခွက် လှမ်းပေးရာ ယွီရှားက အလျင်အမြန် ယူလိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့် ကျေးဇူး တင်စကား ဆိုသည်။
သူတို့ အနောက်ဘက်ရှိ လိုက်ကာ ပွင့်သွားပြီး ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ ထွက်လာသောအခါ ယွီရှား မျက်လုံးများမှာ ပိုတောက်ပသွားတော့သည်။
သူမက ယွီရွေ့ကျူးကို ပြုံးပြသည်။
"ကျူးအာ..."
"အစ်မ၊ ဒီကို ဘာကိစ္စ ရှိလို့လဲ"
ယွီရွေ့ကျူးက လျင်မြန်စွာ ရှေ့သို့တိုးသွားပြီး ယွီရှားနှင့် နှုတ်ဆက်စကားဆိုသည်။
ယွီရှားနှင့် ကျောက်ကျစ်ဖန်တို့မှာ လက်ထပ်ပြီးကတည်းက မြို့ထဲတွင် နေထိုင်ကြပြီး သူတို့ အိမ်မှာလည်း သူမတို့ ဆိုင်နှင့် အတော်လေး နီးကပ်နိုင်ကြောင်း သူမ နောက်ကျမှ သတိထားမိသည်။
ထင်သည့်အတိုင်းပင် ယွီရှားက နှုတ်ခမ်းကို စေ့ကာ ရှက်ကိုး ရှက်ကန်းဖြင့် ပြောလာသည်။
"ကျူးအာ မြို့မှာ ဆိုင်ဖွင့်ထားတယ်ဆိုတာ အစ်မ ကြားထားတာကြာပြီ၊ အစ်မက အမြဲတမ်း လာကြည့်ပြီး နင် ဘယ်လိုနေလဲ သိချင်ခဲ့တာ၊ ဒါပေမဲ့ နေ့ခင်းဘက်ဆို အစ်မရော နင့် ယောက်ဖပါ စက်ရုံမှာ အလုပ်လုပ်ရပြီး ညဘက်ဆို နင်က အမြဲတမ်း အိမ်ပြန်သွားတော့ အစ်မ မလာဖြစ်ခဲ့ဘူး
ဒီနေ့တော့ အစ်မတို့ နှစ်ယောက်စလုံး အလုပ်နားလို့ နင့်ဆီ လာကြည့်ဖို့ အချိန်ရသွားတာ၊ မြို့က ဝက်သားနှပ်ဆိုင်မှာ ပြဿနာဖြစ်တယ်ဆိုတာ ကြားတော့ အစ်မ နင့်အတွက် အရမ်းစိတ်ပူနေခဲ့တာ၊ ကံကောင်းလို့ နင် ဘာမှမဖြစ်တာ၊ ကျူးအာ... နင် တကယ် ကံကောင်းတာပဲ"
သူမက ကျယ်ဝန်းလှသော ဝက်သားနှပ်ဆိုင်ကြီးနှင့် အထဲရှိ ဝန်ထမ်းအနည်းငယ်ကို လှမ်းကြည့်ပြီး စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ပေ။
ယနေ့ခေတ် လူအများစုက တည်ငြိမ်သော စက်ရုံအလုပ်တစ်ခုက ဆိုင်ဖွင့်ရသည့် ရှုပ်ထွေးမှုများထက် ပိုကောင်းသည်ဟု ယုံကြည်ကြသော်လည်း ယွီရွေ့ကျူး ဆိုင်မှာ အရောင်းအ ဝယ်ကောင်းပြီး ကြီးကျယ်ခမ်းနားသည်ဟု ယွီရှားထင်မိသည်။
ကိုယ်တိုင်သူဌေးဖြစ်ခြင်းက ငွေပိုရကာ ကြီးကြပ်ကွပ်ကဲမှု နည်းပါးပြီး သက်တောင့်သက်သာနှင့် လွတ်လပ်သော ဘဝကို ရရှိစေသည်ဖြစ်ရာ စက်ရုံတွင် အလုပ်လုပ်ရသည်ထက် အဆပေါင်းများစွာ ပိုကောင်းလှသည်။
ယခင်က အိမ်တွင် အမြဲတမ်း စိတ်ကောက်၊ ပြဿနာရှာတတ်ပြီး စုန့်ချင်းရှန်းနောက်သို့ တကောက်ကောက်လိုက်ကာ ၎င်းကို အလိုလိုက်အကြိုက်ဆောင်ခဲ့သော ယွီရွေ့ကျူးက ယခု ကဲ့သို့ အောင်မြင်လာလိမ့်မည်ဟု သူမ တစ်ခါမျှ မထင်မှတ်ထားခဲ့ပေ။
ယွီရွေ့ကျူး ဝက်သားနှပ်ဆိုင် အကြောင်းကို ပထမဆုံး စသိချိန်တွင် ယွီရှား လုံးဝမယုံကြည်နိုင်ခဲ့ပေ။ ယခု ကိုယ်တိုင် ကိုယ်ကျ မျက်မြင်ကိုယ်တွေ့ မြင်ရမှသာ သူမ အမှန်တကယ် ယုံကြည်သွားတော့သည်။
သူမ ညီမလေးမှာ အံ့မခန်းပါပင်။
ယွီရှားနှင့် မတူဘဲ သူမ ဘေးတွင် ထိုင်နေသော ကျောက်ကျစ်ဖန်ကမူ ခြေချိတ်ထိုင်ကာ ဆိုင်ကို မထီမဲ့မြင် အကြည့်ဖြင့် အကဲခတ်နေသည်။
ဤသည်မှာ သူတို့ စက်ရုံပတ်ဝန်းကျင်နှင့် အလွန်ကွာခြားလှသည်။ ဤမျှ သေးငယ်သော ဆိုင်လေးကငွေဘယ်လောက်များရနိုင်မည်နည်း။
အပြင်က လူများက အပိုတွေ လျှောက်ပြောနေကြခြင်းသာ ဖြစ်မည်။ စက်ရုံတွင် ပုံမှန်ဝင်ငွေ ရှိသူများနှင့် နှိုင်းယှဉ်လျှင် ယွီရွေ့ကျူးမှာ အချိန်ဖြုန်းနေခြင်းသာ ဖြစ်သည်။
မှတ်ဉာဏ်ထဲရှိ ဆူညံပြီး အလိုလိုက်ခံထားရသော ခယ်မဖြစ်သူက ယောက်ျားစစ်စစ်ဖြစ်သော သူ့ထက် ပိုမိုအထင်ကြီးလောက်စရာတစ်ခုခုကို လုပ်နိုင်လိမ့်မည်ဟု မယုံကြည်ဘဲ ယွီရွေ့ကျူးကို အထင်အမြင်သေးမိသည်။
ကျောက်ကျစ်ဖန်က ယွီရွေ့ကျူးကို သရော်လှောင်ပြောင်ရန်နှင့် သူမ အလွန်အမင်း မောက်မာမနေစေရန် အလိုအ လျောက်ပင် စောင်းမြောင်းပြောဆိုချင်စိတ်ပေါ်လာသည်။
သို့သော် သူ ဘာမှမပြောနိုင်သေးမီ ယွီရွေ့ကျူး နောက်ကွယ်ရှိ အရပ်ရှည်ရှည်နှင့် ကြွက်သားအပြည့်အစုံရှိသော ဟော်ချန်ယဲ့ အပေါ်သို့ အကြည့်များ ကျရောက်သွားချိန်တွင် သူ့ မျက်နှာအမူအရာမှာ တောင့်တင်းသွားရသည်။
ကျေးလက်ရှိ ရေကန်ထဲမှ ရွှံ့များနှင့် ရေများထဲတွင် နစ်မြုပ်သွားခဲ့ရသည့် ခံစားချက်နှင့် ဆံပင်ဆွဲခံရကာ အရိုက်ခံရသည့် နာကျင်မှုများက မှတ်ဉာဏ်ထဲသို့ လျင်မြန်စွာ စီးဆင်းလာသည်။
ကျောက်ကျစ်ဖန် : ချီး...
ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားကာ သူ အလိုအလျောက်ပင် ချိတ်ထားသော ခြေထောက်များကိုချပြီး မတ်မတ် ထိုင်မိသည်။ နဖူးထက်တွင်လည်း ချွေးသီးချွေးပေါက်များ ထွက်လာတော့သည်။
စကားပြောကောင်းနေကြသော ယွီရွေ့ကျူးနှင့် ယွီရှားတို့မှာ သူ့ ကိုယ်ဟန်အနေအထားကို သတိမထားမိကြပေ။
ဟော်ချန်ယဲ့ တစ်ယောက်သာလျှင် သူ့ကို စကားတစ်ခွန်းမျှ မဆိုဘဲ အဓိပ္ပာယ်ပါပါ အကြည့်တစ်ချက်ဖြင့် လှမ်းကြည့် သည်။
ယွီရှားမှာ အလွန်ပျော်ရွှင်နေသည်။ သူမက ယွီရွေ့ကျူး လက်ကို ဆုပ်ကိုင်ကာ နူးညံ့စွာ ပြောသည်။
"ကျူးအာ၊ အစ်မတို့ အလုပ်ချိန် ပြောင်းလိုက်ပြီ၊ အခုကစပြီး အစ်မတို့ သုံးဆိုင်း အလုပ်လုပ်ရမှာဆိုတော့ အိမ်မှာ အချိန်ပိုရလာမယ်၊ ပြီးတော့ အစ်မလည်း မင်းဆီ ခဏခဏလာကြည့်လို့ ရပြီပေါ့"
သူမက ခါးကိုင်းကာ ယွီရွေ့ကျူးကို ပစ္စည်းပုံကြီးတစ်ခုကို အားစိုက်ပြီး ကမ်းပေးသည်။
"ဒါတွေက အရင်က အစ်မ လုပ်ထားတဲ့ ဟင်းသီးဟင်းရွက် ချဉ်ဖတ်တွေ၊ ပြီးတော့ ဒါတွေက အစ်မ လှန်းထားတဲ့ ပဲသီးခြောက်နဲ့ အာလူးတွေ၊ နှပ်စားရင် ကောင်းတယ်၊ ပြီးတော့ ဒါက တောင်ပေါ်က ခူးလာတဲ့ မှိုတွေ၊ ဟိုတစ်ခေါက် မိုးရွာတုန်းက အများကြီး ခူးခဲ့တာ၊ ဒါနဲ့ ဒါနဲ့..."
ယွီရှားကမူ တောင်ပေါ်ထွက် ပစ္စည်းများနှင့် သူမကိုယ်တိုင် အခြောက်ခံထားသော ပစ္စည်းများစွာကို ဆွဲထုတ်လိုက်ရာ ပစ္စည်းပုံကြီးမှာ သူမ တစ်အိမ်လုံးကို သယ်လာသည့်အလား များပြားလှသည်။
သူမမှာ ဟော်ချန်ယဲ့အပေါ် သိပ်ပြီး အမြင်မကြည်လှသဖြင့် ယွီရွေ့ကျူးက အိမ်တွင် သူတို့ ဆက်ဆံရေးကို ထိခိုက်စေမည့် အရာတစ်ခုခုကိုပြုလုပ်မိမည်ကို စိုးရိမ်သည်။
ထို့ကြောင့် ယွီရှားက သူမ အိမ်တွင် သိမ်းဆည်းထားသော ပစ္စည်းများအားလုံးကို ယူဆောင်လာခဲ့ပြီး ယွီရွေ့ကျူးကို တိုးတိုးလေး အကြံဉာဏ်ပေးကာ အပြင်တွင် စီးပွားရေးလုပ်ငန်းများနှင့် အလုပ်ရှုပ်နေချိန်၌ မိသားစုကို ဂရုစိုက်ရန် မမေ့ဖို့ သတိပေးသည်။
ယွီရှားမှာ ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ အိမ်ထောင်ရေးကို နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်နေခြင်းဖြစ်သည်။
ယွီရွေ့ကျူးက ဤသည်မှာ စေတနာကြောင့် ဖြစ်ကြောင်း သိသဖြင့် ဘာမှ မပြောခဲ့ပေ။
အကယ်၍ မကြာသေးမီက အိမ်ရှိ အဝတ်လျှော်ခြင်း၊ ဟင်းချက်ခြင်းနှင့် အိမ်မှုကိစ္စ အားလုံးကို ဟော်ချန်ယဲ့ကသာပြု လုပ်ပေးနေကြောင်း ယွီရှား သိသွားပါက ပိုလို့ပင်အံ့သြသွားလိမ့်မည်။