← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

🐽 Chapter 29

ဝက်ကလီစာများကို ကိုင်တွယ်ဖြေရှင်းရသည်မှာ စင်စစ် ပင်ပန်းသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပေသည်။ ထို့ပြင် အသားနှပ်ရန်အလို့ငှာ ယွီရွေ့ကျူးသည် ဟင်းခတ်အမွှေးအ ကြိုင်များ၊ သကြားခဲနှင့် အခြားပစ္စည်းများကိုသွားရောက်ဝယ်ယူခဲ့ပြီး ပြန်လည်ရောက်ရှိသောအခါ အချိန်အတော်ကြာ အလုပ်များနေခဲ့သည်။

ဒယ်အိုးကြီးအတွင်း၌ ဟင်းများ နှပ်နေပြီး၊ အိုးအောက်ခြေရှိ ထင်းများမှာ တဖျစ်ဖျစ် မြည်သံထွက်ပေါ်နေ၏။

ကံကောင်းထောက်မစွာဖြင့် အပြင်ဘက် ကျေးလက်ဒေသတွင် မြေသားမီးဖိုတစ်ခု ရှိနေပြီး၊ ထိုအရာသည် နွေရာသီ၌ ဟင်းချက်ရန် အထူးသီးသန့် ထားရှိခြင်းဖြစ်သောကြောင့် အိမ်အတွင်း၌ ပူအိုက်ခြင်းမရှိပေ။

ယွီရွေ့ကျူးသည် အောက်ခြေမီးကို အနည်းငယ်ချန်ထားကာ ဖြည်းညင်းစွာ ချက်ပြုတ်နေရင်း၊ ယခင်နေ့ မြို့နယ်သို့ သွားမည့်ကိစ္စများကို စဉ်းစားနေ၏။

ယင်းနောက် ဟော်ချန်ယဲ့ အား နေ့လယ်စာ စားသုံးရန် သူမ ပြန်လာမည် မဟုတ်ကြောင်း၊ ညဘက်တွင်လည်း ပြန်လာမည့် အချိန်အတိအကျမရှိကြောင်းကိုပင် သတိပေးလိုက်ပြီး၊ သူ့အား အရင်စားနှင့်ရန် ပြောကြားလိုက်၏။

သူမ ဤသို့ ပြောကြားနေစဉ်အတွင်း ဟော်ချန်ယဲ့သည် သူမအား ပြန်လည်ဖြေကြားရန် အချိန်အတော်ကြာ ယူခဲ့ပေသည်။

"အင်း၊ သိပြီ"

အသံမှာ ပုံမှန်ထက် အနည်းငယ် ပိုမိုအေးစက်နေဟန် ရှိပေသည်။

ယွီရွေ့ကျူး အံ့အားသင့်သွားပြီး ဟော်ချန်ယဲ့အား ကြည့်ရန် မျက်တောင်ပင့်၍ ကြည့်လိုက်သော်လည်း၊ ညအမှောင်ထုအတွင်း၌ သူ့ မည်းနက်သော မျက်လုံးများမှ မည်သည့် အမူအရာကိုမျှ မမြင်တွေ့ရပေ။

ဤသည်မှာ သူမ၏ စိတ်ကူးယဉ်မှုလောဟူ၍ မသိသော် လည်း၊ သူမ အမြဲတမ်းထူးဆန်းသည်ဟု ခံစားနေရ၏။

အပြင်ဘက်၌ အသားနှပ်အိုးကြီးမှာ မီးတောက်နေပြီး၊ ယွီရွေ့ကျူးသည် အနည်းငယ် အိပ်ငိုက်လာကာ လက်ကိုမြှောက်၍ သမ်းဝေလိုက်ပေသည်။ ခုံအသေးလေးတစ်ခုပေါ်တွင် ထိုင်၍ အိုးအောက်ခြေရှိ မီးတောက်ကို ကြည့်နေရင်း၊ ပြတင်းပေါက်သို့ အလိုအလျောက် တစ်ချက်လှမ်းကြည့်လိုက်မိ၏။

သူမသည် ရေချိုးပြီးခါစဖြစ်သဖြင့် ယခုအခါ ဟော်ချန်ယဲ့ အလှည့်သို့ရောက်ရှိလာပြီ ဖြစ်သည်။

အထွေထွေပစ္စည်းများ ထားရှိသော အရှေ့ဘက်အခန်း၏ လိုက်ကာများကို ဆွဲချထားပြီး၊ ပြတင်းပေါက်မှန်ကို တင်းကျပ်စွာ ဖုံးအုပ်ထားသဖြင့် အိမ်အတွင်းရှိ မည်သည့် လှုပ်ရှားမှုကိုမျှ အပြင်ဘက်မှမမြင်နိုင်ပေ။

သိသာထင်ရှားသည်မှာ ဤသည်မှာ ပြီးခဲ့သည့်အကြိမ်က သူမသည် တစ်ဝက်တစ်ပျက်၌ ကျူးကျော်ဝင်ရောက်ခဲ့ခြင်းကြောင့် ဟော်ချန်ယဲ့ အား ရေချိုးသည့်နေရာ၌ နက်နဲသော အရိပ်အယောင်တစ်ခု ကျန်ရစ်စေခဲ့သဖြင့်၊ သူသည် ဤမျှတိုင်အောင် သတိထားနေရခြင်းဖြစ်ပေသည်။

ယွီရွေ့ကျူး သည် ဒေါသထွက်သွားရကာ ရယ်လည်း ရယ်ချင်သွားသဖြင့် တီးတိုးရေရွတ်လိုက်ပေတော့သည်။

"သတိထားဦး"

သူမ လက်အတွင်းရှိ ယပ်တောင်မှာ လှည့်ပတ်သွားပြီး အိုးအောက်ခြေသို့ ရိုက်ခတ်လိုက်ပေသည်။

ဟော်ချန်ယဲ့သည် ရေချိုးခြင်းကို အလွန်လျှင်မြန်စွာလုပ် ဆောင်တတ်သူဖြစ်၏။ တိုက်ပွဲဝင်ရေချိုးခြင်းဟုပင် ခေါ်ဆိုနိုင်ပေသည်။ ယွီရွေ့ကျူးကဲ့သို့ ပစ္စည်းများကို သေချာစွာ ဂရုတစိုက် လိမ်းကျံပြီး ဟိုဟိုဒီဒီ အချိန်ဆွဲနေခြင်းမျိုးနှင့် မတူညီပေ။

သူ ထွက်လာသောအခါ ဆံပင်များမှာ တစ်ဝက်ခန့် စိုစွတ်နေသေးပြီး၊ လက်တစ်ဖက်ဖြင့် ဆံပင်ပေါ်ရှိ တဘက်ကို ဖိထားကာ၊ ရှုပ်ပွနေသော ဆံပင်ဖျားများမှာ သူ့မျက်ခုံးနှင့် မျက်လုံးများကို ဖုံးအုပ်ထား၏။

ရင်အုပ်ကြွက်သားများ၏ အကောက်အကြောင်းများမှာ အလွန် သိသာထင်ရှားလှပြီး သူ့တုတ်ခိုင်သော ကိုယ်လုံး ကိုယ်ပေါက်ကိုပုံဖော်ပေးနေလေသည်။

ယွီရွေ့ကျူး ထိုနေရာ၌ ထိုင်နေရင်း စိတ်အတွင်းမှ အော်ဟစ်လိုက်မိပြီး၊ မျက်လုံးကိုမှေးကာ သူ့အား ခေါ်လိုက်ပေသည်။

"ဟော်ချန်ယဲ့၊ ထင်းမလောက်တော့ဘူး၊ ကျွန်မကို နည်းနည်းလောက် ထပ်ပေးပါဦး”

ဟော်ချန်ယဲ့သည် ဆံပင်ပေါ်၌ လက်ကို ပွတ်သပ်နေရင်း မည်သို့မျှ ပြန်လည်မပြောဘဲ၊ သူမအတွက် ထင်းသွားရောက်ခွဲရန် တိတ်ဆိတ်စွာ တုံ့ပြန်လိုက်၏။

သူ ထင်းခွဲပြီး ယူဆောင်လာသောအခါ၊ ဆံပင်များမှာ အနည်းငယ် ရှည်လျားပြီး စိုစွတ်နေသည့် အခြေအနေ၌ မျက်စိစူး၍လားမသိပေ။ ဟော်ချန်ယဲ့ မျက်မှောင်ကြုတ်လိုက်ပြီး၊ ကျယ်ဝန်းသောလက်ဝါးဖြင့် ဆံပင်များကို နောက်ဘက်သို့ ဆွဲတင်ကာ ခေါင်းနောက်၌ ညှပ်ထားလိုက်သဖြင့်၊ သူ့မျက်နှာပေါ်ရှိ အမာရွတ်အပါအဝင် မျက်နှာတစ်ခုလုံးကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရပေသည်။

ပထမအကြိမ် မြင်တွေ့ခဲ့ရသည်မှာ မင်္ဂလာဦးညက ဖြစ်၏။ သူသည် သူမအား ခြိမ်းခြောက်ပြီး လိမ္မာသောကလေးငယ်တစ်ဦးကို ခြောက်လှန့်သကဲ့သို့ အေးစက်သော မျက်နှာထားဖြင့် ပြသခဲ့ဖူးသည်။

ယွီရွေ့ကျူး ၏ မျက်လုံးထဲ၌မူ မျက်ခွံပေါ်ရှိ ဤအမာရွတ်မှာ အဘယ်မျှတိုင်အောင် ဆွဲဆောင်မှုရှိသည်ကို လူတိုင်း သိရှိနိုင်ပေသည်။

ယခုအခါ ပိုရှင်းလင်း ထင်ရှားလာခဲ့ပြီ ဖြစ်သည်။

ယွီရွေ့ကျူးသည် သူမ မေးစေ့ကို လက်ဖြင့်ထောက်ကာ ခုံပေါ်၌ ထိုင်နေပြီး၊ ဟော်ချန်ယဲ့မှာ သူမဘေးတွင် ဆောင့် ကြောင့်ထိုင်ကာ ကြမ်းတမ်းသော လက်ဝါးဖြင့် ထင်းများကို ကောက်ယူ၍ အေးစက်သောမျက်နှာဖြင့် အိုးအောက်ခြေသို့ ထည့်ပေးနေ၏။

နွေရာသီ၌ ဤမီးဖိုမှာ အလွန် ပူပြင်းလှပေသည်။ ညဘက်တွင် လေအေးများ တိုက်ခတ်နေသော်လည်း ပါးပြင်များမှာ မီးဖိုအပူရှိန်ကြောင့် ပူနွေးလာမည် ဖြစ်သည်။

ဟော်ချန်ယဲ့ မှာမူ မည်သို့မျှ မခံစားရဟန် ရှိပြီး၊ သူ့ မျက်လုံးများကို အနည်းငယ် နှိမ့်ချထားကာ ပါးပြင်ပေါ်ရှိ အမာရွတ်ကို ပေါ်လွင်စေပြီးနောက် သူ့ မျက်နှာအမူအရာမှာ ပိုအေးစက်လာလေသည်။

အမာရွတ်၏အရောင်မှာ အသားအရောင်ထက် အနည်းငယ် ပိုမိုရင့်သော်လည်း အရှည်လိုက်ဖြစ်ပြီး၊ မျက်ခွံကို ဖြတ်ကာ မျက်လုံးအောက်အထိ ပြေးနေ၏။ ချုပ်ထားသော အရာများ မရှိဘဲ ပွန်းပဲ့ဒဏ်ရာ သို့မဟုတ် တိုက်မိသော ဒဏ်ရာကဲ့သို့ ဖြစ်သဖြင့် ကြည့်ရသည်မှာ ရိုင်းစိုင်းသော ပုံသဏ္ဌာန်မပေါက်ပေ။

အနည်းဆုံးတော့ ဟော်ချန်ယဲ့၏ မျက်လုံးများမှာ အလွန် လှပပေသည်။ မက်မွန်ပွင့်မျက်လုံးကဲ့သို့လှပပြီး မျက်တောင်များမှာလည်း အလွန်ရှည်လျားလှ၏။ သို့သော် ဤအမာရွတ်က ရိုင်းစိုင်းသော အသွင်ကိုသာ တိုးစေခြင်းဖြစ်သည်။

သူ၏ အမာရွတ်ကို ရွာအတွင်းရှိ လူတိုင်းက အဘယ်ကြောင့် အရုပ်ဆိုးသည်ဟု ထင်မြင်ကြသည်ကို ယွီရွေ့ကျူး သိပ်နားမလည်ပေ။ သူသည် ဤအမာရွတ်ကြောင့် ရိုင်းစိုင်းသော လူဆိုးတစ်ဦး ဖြစ်သွားသကဲ့သို့ပင်။

ဟော်ချန်ယဲ့ သည် အဘယ်မကောင်းမှုကိုမျှ မပြုလုပ်ခဲ့ပေ။ အများဆုံးအနေဖြင့် သူသည် အေးစက်သော သွင်ပြင်လက္ခဏာရှိပြီး ကြည့်ရသည်မှာ ရိုင်းစိုင်းရုံမျှသာ။

နားမလည်နိုင် ဖြစ်နေသဖြင့် ယွီရွေ့ကျူး ၏ မျက်လုံးများမှာ ဟော်ချန်ယဲ့ ၏ အမာရွတ်ကို အနည်းငယ် ငေးမောစွာစိုက်ကြည့်နေမိလေသည်။

ထင်းများမှာ ပေါက်ကွဲသံများ ထွက်ပေါ်နေပြီး မီးဖိုမှာလည်း ပူပြင်းနေ၏။ ဟော်ချန်ယဲ့သည် နှုတ်ခမ်းကို တင်းကျပ်စွာ စေ့ထားပြီး တည်ငြိမ်နေစေရန် ကြိုးစားနေပေသည်။

သို့သော် ထင်းများကို ကိုင်ထားသော သူ့ လက်မှာ တင်းမာနေပြီ ဖြစ်ရာ၊ သူ့ စိတ်နှလုံးမှာ မျက်နှာပေါ်၌ ပေါ်လွင်နေသကဲ့ သို့ မတည်ငြိမ်ကြောင်း ဆိုလိုပေသည်။

ယွီရွေ့ကျူး အကြည့်မှာ အလွန်သိသာထင်ရှားလွန်းလှ၏။

သူမသည် မိမိအားကြည့်နေသည်ကို သူ သိရှိနေသည်။

အတိအကျဆိုရသော် မိမိ၏အမာရွတ်ကို ကြည့်နေခြင်းဖြစ်ပေသည်။

🐽 Chapter 30

ထိုအကြည့်မှာ အရာဝတ္ထုတစ်ခုကဲ့သို့ ပြောင်းလဲသွားသကဲ့သို့ ပူလောင်မှုမှာ သူ့ မျက်နှာပေါ်သို့ ကျရောက်လာသဖြင့်၊ အမာရွတ်ကို ယားယံပြီး မခံမရပ်နိုင်အောင် ပူလောင်သွားစေပေသည်။

ဟော်ချန်ယဲ့ အမုန်းဆုံးသော အရာမှာ အခြားသူများက မိမိအား အာရုံစိုက်ကြည့်သည့်အခါ မျက်နှာပေါ်ရှိ အမာရွတ်များကို ကြည့်ခြင်းပင်။

ယခုအချိန်၌ သူသည် အထူးသဖြင့် နေရခက်နေ၏။ ရေချိုးပြီးနောက် ဆံပင်များကို မတင်လိုက်ခြင်းဖြင့် အမာရွတ်များကို ဖော်ပြလိုက်ခြင်းမှာ ဆံပင်များက မျက်စိစူးလွန်းခြင်းကြောင့်သာမက၊ ယွီရွေ့ကျူး မနက်ဖြန် မြို့နယ်သို့ သွားမည်ကို သူ သိရှိသောကြောင့်လည်းဖြစ်သည်။

ယွီရွေ့ကျူး ထွက်သွားတော့မည် ဖြစ်သဖြင့် သူမ အကြည့်ကို ဂရုစိုက်စရာမလိုသကဲ့သို့၊ သူမက အမာရွတ်ကိုမြင်ရလျှင် ကြောက်ရွံ့မည်လောဟူ၍လည်း သူ တွေးတောနေစရာ မလိုတော့ပေ။

သို့သော် သူမသည် မိမိမျက်နှာကို ဤမျှတိုင်အောင်ဗြောင်ကျကျဆက်လက် စိုက်ကြည့်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ဟော်ချန်ယဲ့ သည် ထင်းများကို ဆုပ်ကိုင်ကာ သူ့ ပါးလွှာ သော နှုတ်ခမ်းများကိုစေ့လိုက်လေသည်။

သူမသည် မိမိအား စိတ်အတွင်း၌ လှောင်ပြောင် သရော်ကာ မုန်းတီးနေမည်မှာ သေချာလှပေသည်။

မင်္ဂလာဦးညတုန်းက ကဲ့သို့ပင် ဖြစ်ပေတော့သည်။

"အဲ့ဒီ အမာရွတ်ကြီးက ကင်းခြေများကြီးနဲ့တူတယ်၊ ကြည့်ရတာ ကြောက်စရာကောင်းပြီး ပျင်းရိတဲ့ဝက်ကြီးနဲ့ တူတယ်”

"အရင်က နင် ငါ့အိမ်ကိုတင်တောင်းငွေနဲ့ ပစ္စည်းတွေ လာပေးတုန်းက နင့်ကိုမြင်တာနဲ့ ငါ့ရင်ထဲမှာ တစ်တစ်ဆို့ဆို့ကြီး ဖြစ်သွားရတာ”

"နင်က ရုပ်ဆိုးတယ်၊ အဲ့ဒီ အမာရွတ်ကြီးကပိုတောင် ရုပ်ဆိုးသေးတယ်၊ ရုပ်ဆိုးတယ်၊ ရုပ်ဆိုးတယ်”

အလွန်တင်းမာသော စိတ်ခံစားချက်များမှာ သူ့စိတ်နှလုံးအတွင်း၌ ရုတ်တရက်ပေါ်ပေါက်လာပြီး ဟော်ချန်ယဲ့သည် မတ်တတ်ရပ်ကာ အေးစက်သောမျက်နှာဖြင့် အခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ပြုလေ၏။

မထင်မှတ်ဘဲဘေးရှိ ယွီရွေ့ကျူး မှာ မျက်နှာကို မော့ကာ သူ့အား အချိန်အတော်ကြာ ကြည့်ရှုနေပြီးနောက်၊ ထိုအချိန်၌ သူ့ထံသို့ ရုတ်တရက် လက်ကို လှမ်း၍ သူ့ ပါးပြင်ကို ထိတွေ့လိုဟန် ရှိပေသည်။

သူ့ အမာရွတ်ကို ထိတွေ့လိုခြင်း ဖြစ်ပေသည်။

ဟော်ချန်ယဲ့ စိတ်အားဆက်လက်ဖိနှိပ်ထား၍ မရတော့ဘဲ လက်ကိုမြှောက်ကာ ယွီရွေ့ကျူး လက်ကောက်ဝတ်ကို ဖမ်းဆုပ်၍ သူမအား တားဆီးလိုက်လေသည်။ သူ့မျက်လုံးများမှာ ပိုအေးစက်လာပြီး မည်းနက်သော မျက်လုံးတစ်စုံမှာ မှင်ရည်ကဲ့သို့ ပြစ်ချွဲနေကာ ယွီရွေ့ကျူးကို လေးနက်စွာ စိုက်ကြည့်လိုက်ပေ၏။

"မင်း ဘာလုပ်နေတာလဲ"

ဟော်ချန်ယဲ့၏ တုံ့ပြန်မှုမှာ ဤမျှတိုင်အောင် ပြင်းထန်လိမ့် မည်ဟု ယွီရွေ့ကျူး မထင်မှတ်ထားခဲ့ပေ။ သူမ လက်မှာ ဖမ်းဆုပ်ခြင်း ခံထားရသော်လည်း၊ သူမသည် မကြောက်ရွံ့ဘဲ မျက်တောင်လေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပေ၏။

"ရှင့်မျက်နှာပေါ်က အမာရွတ်ကို ကိုင်ကြည့်ချင်လို့"

ဟိုချန်ယဲ့ မဲ့ပြုံး ပြုံးလိုက်လေသည်။

ယခင်က မင်္ဂလာဦးည၌ သူမသည် သူ့အား ပျင်းရိသော ဝက်ကြီးတစ်ကောင်ကဲ့သို့ ဆဲဆိုခဲ့သော်လည်း၊ ယခုမူ သူ့ အမာ ရွတ်များကို ကိုယ်တိုင်ကိုယ်ကျထိတွေ့ရဲနေပြီ ဖြစ်သည်။ ရွံရှာဖွယ်ရာကောင်းသည်ဟု ခံစားရမည်ကို မကြောက်ရွံ့သလော။

သူ့ သည်းခံနိုင်စွမ်းမှာ ကုန်ဆုံးသွားပြီ ဖြစ်သဖြင့် တည်ငြိမ်သော မျက်နှာထားဖြင့်ပြောကြားလိုက်ပေ၏။

"ထင်းတွေ ငါ မင်းအတွက် ခွဲပေးပြီးပြီဆိုတော့ ဘာမှလုပ်စရာမရှိရင် ငါ့ကို လာမနှောင့်ယှက်နဲ့"

ထို့ပြင် မိမိ၏ အနားမှ ခပ်ဝေးဝေး၌ နေပေးစေလိုသည်။ စင်စစ်ထွက်ခွာသွားရန် ပြင်ဆင်နေပြီဖြစ်ရာ၊ နောင်အခါ၌ ပြန်မလာပါနှင့်တော့။

"ရှင် အရမ်းရိုင်းစိုင်းတာပဲ"

ယွီရွေ့ကျူး မျက်လုံးလွှာများကို သိမ်မွေ့စွာပင့်၍ ဟော်ချန်ယဲ့၏လေးနက်သော မျက်နှာကို တစ်ချက် ကြည့်ရှုလိုက်ရာ၊ အနည်းငယ် မသာမယာ ဖြစ်သွားလေ၏။

သူမ မတ်တတ်ရပ်လိုက်ပြီး ဟော်ချန်ယဲ့ သတိမထားမိသော အချိန်၌ သူ့ ရင်ခွင်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်ထိုင်လိုက်လေသည်။ သူမ၏ပေါင်များက သူါ ခြေထောက်များကို ဖိထား၍၊ သူမ၏သွယ်လျသော လက်မောင်းများကမူ ဟော်ချန်ယဲ့ လည်ပင်းကို ရစ်ပတ်ထားလေ၏။

လှပ၍ဆွဲဆောင်မှုရှိသော မျက်လုံးများမှာ အနည်းငယ်ကော့တက်နေပြီး၊ သူမ မျက်လုံးအစုံမှာ ရေကဲ့သို့တောက်ပနေကာ အနီရောင် နှုတ်ခမ်းလွှာများကလည်း ကော့တက်နေပေသည်။

"မျက်နှာပေါ်မှာ အမာရွတ်ရှိတာ အဲ့လောက်တောင် အံ့ဩစရာကောင်းလား၊ အရမ်းရိုင်းတာပဲ၊ ပေးတောင် မထိဘူး၊ ကျွန်မက ရှင့်မိန်းမလေ၊ ရှင် ကျွန်မကို ပေးမထိရင် ဘယ်သူ့ကို ထိစေချင်လို့လဲ”

ဟော်ချန်ယဲ့ ဦးနှောက်မှာ လုံးဝ ဗလာဖြစ်လုနီးပါးပင်။

သူ့မည်းနက်သော မျက်လုံးများမှာ အေးစက်စွာ အောက်သို့ လျှောဆင်းသွားပြီး ယွီရွေ့ကျူး ကို ငုံ့ကြည့်လိုက်ရာ၊ သူမ၏ ကြောင်မျက်လုံးလေးများနှင့် ဆုံမိသွားသည့်အချိန်၌ သူသည် ရှားရှားပါးပါး တိတ်ဆိတ်သွားကာ အသက်ရှူကြပ်သွားပြီး လက်ဝါးများကို ပြင်းထန်စွာ ဆုပ်ကိုင်လိုက်လေသည်။

ယွီရွေ့ကျူး ယခင်ကကဲ့သို့ပင် သူ့ရင်ခွင်အတွင်း၌ ထိုင်နေပြီး၊ ယခင်ကကဲ့သို့ပင် သူ့အား စိုက်ကြည့်နေပေသည်။ သို့သော် ယခင်က သူ့ အမာရွတ်များကိုသာ ကြည့်ရှုခဲ့ခြင်းနှင့် မတူညီဘဲ၊ ယခုမူ သူမသည် သူ့မျက်လုံးများနှင့် ပါးလွှာသော နှုတ်ခမ်းလွှာများကို ကြည့်ရှုနေခြင်းဖြစ်၏။

သူမ အကြည့်မှာ သူ့ ပါးပြင်တစ်ခွင်သို့ ပျံ့လွင့်ပြေးလွှားသွားသကဲ့သို့ပင် ရှိတော့သည်။

ရေချိုးပြီးနောက် မွှေးရနံ့မှာ အထူးသဖြင့် ပြင်းထန်နေပြီး သူမ၏ ခန္ဓာကိုယ်ထံမှ လွင့်ပျံလာကာ သူ့ နှာခေါင်းအတွင်းသို့ ဝင်ရောက်လာလေသည်။ အနည်းငယ်စိုစွတ်နေသော ဆံပင်ဖျားများမှ စိုစွတ်သောထောင့်စွန်းများနှင့် အဝတ်အစားများပေါ်သို့ ရေစက်များ ကျဆင်းနေသည်မှာကား ပြောဖွယ်ရာပင် မရှိတော့ချေ။

ယွီရွေ့ကျူး၏ ခန္ဓာကိုယ်မှာ အလွန်နူးညံ့လှပေသည်။ ဤသည်မှာ ဟော်ချန်ယဲ့ သိရှိခဲ့သည့် ပထမဦးဆုံးနေ့ မဟုတ်ပေ။ မိုးကြိုးမုန်တိုင်းကြောင့် သူမ အိပ်ပျော်နေသည့် အချိန်၌သာ သူ ထိတွေ့နိုင်ခဲ့သော်လည်း၊ ယခုအခါ အပြင်ဘက် ခြံဝင်းအတွင်း၌မူ သူမသည် သူ့ရင်ခွင်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်ထိုင်ကာ၊ သူ့ လည်ပင်းကို ချိတ်၍ အနားသို့ တိုးကပ်လာပေသည်။

ဟော်ချန်ယဲ့၏တုတ်ခိုင်သော လက်မောင်းများမှာ တင်းမာနေပြီး သူ့ အသက်ရှူသံများမှာ အနည်းငယ် မြန်ဆန်နေကာ၊ မျက်မှောင်ကြုတ်၍ နောက်သို့ မှီလိုက်ရင်း အံကို တင်းတင်းကြိတ်လိုက်လေတော့သည်။

"ယွီရွေ့ကျူး၊ လွှတ်၊ ဒါ ခြံထဲမှာနော်"

သူမသည် မနက်ဖြန်၌ စုန့်ချင်းရှန်းကို ရှာဖွေရန် မြို့နယ်သို့ သွားရောက်တော့မည် မဟုတ်သလော။ အကယ်၍ သူမသည် ခြံဝင်းအတွင်း၌ ၎င်းနှင့် ဤမျှတိုင်အောင် နီးကပ်နေသည်ကို မတော်တဆ တစ်ယောက်ယောက် မြင်တွေ့သွားလျှင်သော် လည်းကောင်း၊ သတင်းပျံ့နှံ့သွားလျှင်သော်လည်းကောင်း စုန့်ချင်းရှန်း သိရှိသွားမည်ကို မကြောက်ရွံ့သလော။

သူမသည် ဟော်ချန်ယဲ့ ရင်ခွင်အတွင်း၌ ထိုင်နေပြီး၊ သူမ၏ လက်မောင်းများမှာ ဟော်ချန်ယဲ့လည်ပင်းကို ချိတ်ထားကာ မျက်နှာပေါ်၌ အပြုံးတစ်ခု ရှိနေပေသည်။ သူမလက်ဝါးများမှာ သူ့ ကော်လံတစ်လျှောက် ပြေးလွှားသွားပြီး၊ သူ့နောက် ကျောနှင့် လည်ပင်းအတွင်းသို့ ဆန့်ထုတ်လိုက်လေ၏။

ယင်းနောက် သူမက ထပ်မံ၍ပြောကြားလိုက်ပေ၏။

"ဟော်ချန်ယဲ့၊ ရှင်က အရမ်းအေးစက်ပုံပေါက်ပေမဲ့ ရှင့်ရဲ့ ဒေါသကလည်း အရမ်းဆိုးပြီး ချဉ်းကပ်ဖို့ မလွယ်ဘူးဆိုတာ ကျွန်မ သိလိုက်ရပြီ၊ ဒါပေမဲ့ ရှင့်ခန္ဓာကိုယ်နဲ့ ရှင့်အသားအရေကတော့ ရှင်ပြသနေတဲ့ ပုံစံနဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ"

"ရှင့်ခန္ဓာကိုယ်က ပူတယ်၊ ရှင့်အသားအရေက ပူတယ်၊ မီးဖိုလေးတစ်ခုလိုပဲ"

"ဆောင်းရာသီမှာ ရှင့်ကို ဒီလိုထိရင် အရမ်းနွေးထွေးမှာပဲ"

"ကြွက်သားလိုင်းတွေကလည်း အရမ်းလှတယ်”

ယွီရွေ့ကျူးသည် မျက်လုံးများကို မှေး၍ ကြည့်ရှုလိုက်ရာ ပိုမို ရဲတင်းလာပြီး၊ ဟော်ချန်ယဲ့ အသားအရောင်မှာ ပိုမိုနီရဲလာသည်ကို ကြည့်ရှုနေလေ၏။ ဟော်ချန်ယဲ့ မျက်မှောင်များ ကျုံ့သွားကာ တဖြည်းဖြည်းနှာမှုတ်သံများ ထွက်ပေါ်လာပြီး၊ သူမ၏ လက်ကို ဖမ်းဆုပ်ရန် မျက်နှာပျက်သွားသည်ကိုလည်းကြည့်ရှုနေပေသည်။ ရုပ်ဆိုးသော မျက်နှာဖြစ်သော် လည်း သူ့နဖူးတွင် ချွေးများထွက်ပေါ်လာကာ တစ်စုံတစ်ခုကို ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေလေ၏။

နောက်ကြောင်းပြန်၍ စဉ်းစားကြည့်လျှင်၊ ဟော်ချန်ယဲ့သည် နှစ်ပေါင်းများစွာအတွင်း ကြင်ဖော်ရှာဖွေရန် တစ်ခါမျှမတွေး တောခဲ့ဖူးပေ။ သူမသည် ဟော်ချန်ယဲ့ ဤမျှတိုင်အောင် အနီးကပ် ထိတွေ့ဖူးသည့် ပထမဦးဆုံးသော အမျိုးသမီး ဖြစ်ပေသည်။

ယွီရွေ့ကျူး သည် သူမ၏တင်ပါးများ အောက်မှ ခန္ဓာကိုယ်ကို သိမ်မွေ့စွာ တစ်ချက်ကြည့်ရှုလိုက်၏။

"အင်း......”

ယခင်က ဟော်ချန်ယဲ့၌ ပြဿနာရှိနိုင်သည်ဟု သံသယရှိခဲ့သော စကားအားပြန်လည်ရုပ်သိမ်းလိုက်ပေသည်။

သူက တော်တော်လေး စိတ်အားထက်သန်ပြီး၊ သာမန် စိတ်အားထက်သန်မှုမျိုးမဟုတ်ပုံရပေ။

All Chapters