← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

🐽 Chapter 3

ယွီရွေ့ကျူးနှင့် နာမည်တူသော မူလကိုယ်ပိုင်ရှင်မှာ အစစ် အမှန် အချစ်ရူးတစ်ယောက်ပင်။

သူမက ပညာတတ်များကို သဘောကျသဖြင့် ရွာမှ တက္ကသိုလ်ဝင်ခွင့်ရသွားသော လူငယ်လေး စုန့်ချင်းရှန်းကို ချစ်ကြိုက်သွားခဲ့၏။

စုန့်ချင်းရှန်းက တက္ကသိုလ်ဝင်ခွင့်ရပြီး မြို့နယ်ထဲတွင် ကြိုးကြိုးစားစား ပညာသင်ယူနေချိန်တွင်၊ သူမကလည်း အိမ်အကူတစ်ယောက်ကဲ့သို့ နာမည်မရှိ၊ နေရာမရဘဲ စုန့်ချင်းရှန်းအတွက် အဝတ်လျှော်၊ ထမင်းဟင်းချက်ပေးရင်း အခါအား လျော်စွာ သွားရောက် ပြုစုစောင့်ရှောက်ပေးခဲ့လေသည်။

မူလက ယွီမိသားစု၏မိဘများမှာ စုန့်ချင်းရှန်းက တက္ကသိုလ်တွင် အောင်မြင်မည်ဖြစ်ပြီး မိသားစုနှစ်စုကြား လက်ထပ်လိုက်လျှင် ကောင်းလိမ့်မည်ဟု ထင်ထားခဲ့ကြသော်လည်း၊ မူလကိုယ်ပိုင်ရှင်က စုန့်ချင်းရှန်းကို ဤမျှကာလကြာအောင် ပင်ပင်ပန်းပန်း ပြုစုစောင့်ရှောက်ပေးခဲ့ရလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

အမှန်တွင် စုန့်မိသားစုအခြေအနေမှာ သိပ်မကောင်းလှပေ။ အိမ်များမှာလည်း ဟောင်းနွမ်းပျက်စီးနေသော်လည်း စုန့်မိသားစု၏ မိဘများက ၎င်းတို့သား တက္ကသိုလ်ဝင်ခွင့်ရသည်ကို အားကိုးကာ မောက်မာလာကြလေတော့သည်။

စုန့်မိခင်က ယွီဖခင်နှင့် မိခင်ရှေ့တွင် မထီမဲ့မြင်ကြည့်ကာ ပြောလိုက်၏။

"အဲ့ဒါက ရှင်တို့ရဲ့ကျူးအာလေးက ငါတို့ မိသားစုရဲ့ ချင်းရှန်းကို လာပြုစုနေတာလေ၊ ငါတို့ ချင်းရှန်းနဲ့ ဘာဆိုင်လို့လဲ၊ ငါတို့ ချင်းရှန်းက ဒီဆင်းရဲတဲ့ချောက်ထဲကနေ ပျံထွက်သွားတော့မှာ၊ ကျူးအာက ဘွဲ့လက်မှတ်လည်းမရှိ၊ အခြေအနေလည်းမရှိဘူး၊ ရုပ်လေး နည်းနည်းချောရုံနဲ့ ထမင်းစားလို့ရတာမှ မဟုတ်တာ၊ ငါတို့ မိသားစုရဲ့ချင်းရှန်း သူနဲ့က တစ်လမ်းတည်း သွားရမယ့်လူတွေ မဟုတ်ဘူး"

စုန့်ဖခင်က ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ဆေးလိပ်ကြမ်း သောက်နေပြီး၊ ယွီ ဖခင်နှင့် မိခင်တို့ ယူလာသော လက်ဆောင်များကို တစ်ချက်ပင် မကြည့်ဘဲ ထောက်ခံလိုက်လေသည်။

"ပြောတာ မှန်တယ်၊ မင်းတို့ မိသားစုရဲ့ ရွေ့ကျူးက မြို့ပေါ်တက်ပြီး ချင်းရှန်းကို သွားပြုစုဖို့ ကိုယ့်သဘောနဲ့ကိုယ် လုပ်ခဲ့တာလေ၊ ငါတို့က သူ့ကို သွားပါလို့ တောင်းဆိုခဲ့တာမှ မဟုတ်တာ၊ ရွေ့ကျူးက ဒီလောက်နှစ်တွေအကြာကြီး ချင်းရှန်းကို ပြုစုပေးခဲ့တာ မလွယ်ပါဘူး၊ တကယ်လို့ စာရင်းရှင်းရမယ်၊ အဆင်မပြေဘူးဆိုရင် ငါတို့ မိသားစုက ငွေနည်းနည်းပါးပါး ပေးလိုက်ပါ့မယ်၊ ချင်းရှန်းကို ပြုစုဖို့ အိမ်အကူ ငှားတယ်လို့ပဲ သဘောထားလိုက်ပါ၊ ဒါပေမယ့် လက်ထပ်ဖို့ဆိုရင်တော့ ဒါလောက်နဲ့ မလုံလောက်ဘူး၊ ပြီးတော့ ဒီကိစ္စကြောင့် ငါတို့သားကို အနစ်နာခံစရာ အကြောင်းမှမရှိတာ"

သူတို့ပြောသည့် စကားများမှာ အလွန်အရုပ်ဆိုးလွန်းလှသဖြင့်၊ ယွီဖခင်နှင့် မိခင်တို့မှာ အပြုံးမျက်နှာဖြင့် လာခဲ့ကြသော်လည်း ပြန်သွားသည့်အခါတွင်မူ ဒေါသထွက်ကာ စိတ်တိုနေကြပြီး၊ မတရားခံရသလိုခံစားရကာ ရှက်ရွံ့နေကြရ၏။

အိမ်ပြန်ရောက်သည့်အခါ မူလကိုယ်ပိုင်ရှင်ကို အသုံးမကျဘူးဟု တိတ်တဆိတ် ဆဲဆိုကြပြီး၊ စုန့်ချင်းရှန်းနောက်တကောက်ကောက်လိုက်ကာ သူတစ်ပါးကိုပြုစုစောင့်ရှောက်ပေးနေရသော်လည်း အသိအမှတ်မပြုခံရသည့်အပြင် အခြားသူများ၏အလကားနေရင်း လှောင်ပြောင်ခြင်းကိုသာ ခံလိုက်ရလေသည်။

သူမက မြို့ပေါ်တက်ပြီး စုန့်ချင်းရှန်းကိုပြုစုစောင့်ရှောက်နေကြောင်း ရွာထဲရှိ လူတိုင်းနီးပါးသိကြသော်လည်း၊ ယခုအခါ စုန့်မိသားစုက လက်ထပ်ရန် ငြင်းဆန်လိုက်လေပြီ။

ဤအခြေအနေတွင် ဘေးရွာမှဟော်ချန်ယဲ့က မိဘနှစ်ပါး နှုတ်ကတိဖြင့် သဘောတူထားခဲ့သော ကလေးစေ့စပ်ပွဲကို အကောင်အထည်ဖော်ရန် သူတို့ထံ ရောက်လာလေသည်။

သို့သော် မူလကိုယ်ပိုင်ရှင်က ဤလက်ထပ်ပွဲကို မကျေနပ်ခဲ့ပေ။ သူမ နှလုံးသားထဲတွင် စုန့်ချင်းရှန်းသာ အပြည့်ရှိနေပြီး၊ ဟော်ချန်ယဲ့အား ကြည့်ရသည်မှာ အလွန်ကြောက်စရာကောင်းကာ မျက်နှာပေါ်တွင်လည်း အမာရွတ်များရှိနေသဖြင့် သူမ၏စုန့်ချင်းရှန်းနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။

အစပိုင်းတွင် မူလကိုယ်ပိုင်ရှင်က မလက်ထပ်ချင်ဘူးဟု ငိုယိုအော်ဟစ်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် ဘာမျှလုပ်၍မရမှန်း သိလာသောအခါ မင်္ဂလာဆောင်သည့်နေရာမှ တိတ်တ ဆိတ်ထွက်ပြေးပြီး စုန့်ချင်းရှန်းကို သွားရှာရန် ကြံစည်လေတော့သည်။

မထင်မှတ်ဘဲ မင်္ဂလာဦးညတွင် သူမက နောက်ဖေးပြတင်း ပေါက်မှကျော်တက်ကာ ထွက်ပြေးရန် ပြင်နေစဉ် ဟော်ချန်ယဲ့နှင့် ပက်ပင်းတိုးလေတော့၏။

မူလကိုယ်ပိုင်ရှင်ကိုယ်တိုင်က ဟော်ချန်ယဲ့ကို မုန်းတီးနေပြီး၊ အခြေအနေကောင်းများ ဖျက်ဆီးခံရကာ အိမ်ထောင်ပြုခြင်းမှ မလွတ်မြောက်နိုင်တော့သဖြင့် ပို၍ပင် ဒေါသထွက်သွားကာ ဟော်ချန်ယဲ့၏ မျက်နှာတည့်တည့်အား လက်ညှိုးငေါက်ငေါက်ထိုးလျက် ဆဲဆိုလေတော့သည်။

"ရုပ်ဆိုးအကျည်းတန်ကောင်ကြီး၊ ငါ့အနား မလာနဲ့"

ဟော်ချန်ယဲ့ ရပ်တန့်သွား၏။

မူလကိုယ်ပိုင်ရှင်မှာ ဒေါသထွက်နေဆဲဖြစ်ပြီး အကြောင်းမဲ့ သောင်းကျန်းနေလေသည်။

"နင့်လို လူမျိုးက ဖားပြုပ်က ဟင်္သာကိုမှန်းနေတာပဲ၊ ရုပ်ကလည်း ဒီလောက် ကြောက်စရာကောင်းတာကို မိန်းမ ယူချင်နေသေးတယ်၊ ဘာ ကလေးစေ့စပ်ပွဲလဲ၊ နင့်ရွာမှာ နင့်ဘာသာ မိန်းမရှာမရလို့ ငါ့ကို လာကြံစည်နေတာ၊ ဖွီး"

"ငါ နင့်ကို နည်းနည်းလေးမှ မကြိုက်ဘူး၊ နင်က ငါ့ရဲ့အစ်ကိုချင်းရှန်းနဲ့ဆို အများကြီးကွာတယ်၊ သူက အရည်အချင်းရှိပြီး ရုပ်ချောတယ်၊ တက္ကသိုလ်ကဘွဲ့ရပြီးရင် အနာဂတ်က သာယာနေမှာ၊ နင်က ဝက်သတ်တဲ့ ရုပ်ဆိုးကောင်ပဲ"

သူမက ဟော်ချန်ယဲ့ကို ရုပ်ဆိုးသည်ဟု အကြိမ်ကြိမ် ဆဲဆိုပြီး ပြောလေလေ ဒေါသပိုထွက်လေလေဖြစ်လာ၏။

"အဲ့ဒီ အမာရွတ်ကြီးက ကင်းခြေများနဲ့ တူတယ်၊ ကြည့်ရတာ ကြောက်စရာကောင်းပြီး ပျင်းရိတဲ့ ဝက်ကြီးနဲ့ တူတယ်၊ အရင်က နင် ငါ့အိမ်ကို တင်တောင်းငွေနဲ့ ပစ္စည်းတွေ လလာပေးတုန်းက၊ နင့်ကိုမြင်တာနဲ့ ငါ့ရင်ထဲမှာ တစ်ဆို့သွားရတာ၊ နင်က ရုပ်ဆိုးတယ်၊ အဲ့ဒီ အမာရွတ်ကြီးက ပိုတောင်ရုပ်ဆိုးသေးတယ်၊ ရုပ်ဆိုးတယ်၊ ရုပ်ဆိုးတယ်"

ဆဲဆိုရုံဖြင့် ကျေနပ်မသွားဘဲ မူလကိုယ်ပိုင်ရှင်က အတင်း အဓမ္မဆွဲငင်ကာ လက်ဆွဲကြိုး၊ မှန်၊ အဝတ်ချိတ်၊ လက်ဖက် ရည်ပန်းကန် အစရှိသည်တို့ကို ကြမ်းပြင်ပေါ်သို့ ရမ်းသန်း ပစ်ပေါက်ခွဲလေတော့သည်။

မကြာမီပင် အခန်းထဲတွင် ရှုပ်ပွသွားပြီး ကြမ်းပြင်ပေါ်တွင် အမှိုက်သရိုက်များ၊ မှန်ကွဲစများနှင့် ကြွေပန်းကန်ကွဲစများ ပြန့်ကျဲသွားလေ၏။

မူလကိုယ်ပိုင်ရှင်က ဝမ်းသာသွားပြီး နောက်ဖေးပြတင်း ပေါက်ဘောင်ပေါ်သို့ တက်ရန်ပြင်လိုက်ကာ ဟော်ချန်ယဲ့ကို ရွံရှာသော မျက်နှာဖြင့် ကြည့်လိုက်သည်။

"ငါ နင်နဲ့ အတူမနေဘူး၊ ငါ့ရဲ့ အစ်ကိုချင်းရှန်းဆီ သွားမှာ၊ လက်မှတ်ထိုးထားရင်လည်း ဘာဖြစ်လဲ၊ အဆိုးဆုံးကတော့ နောက်ပိုင်းကျရင် ငါတို့ ကွာရှင်းကြတာပေါ့၊ ဒီလိုဖြစ်နေရင်တောင် ငါ့ရဲ့ချင်းရှန်းအစ်ကိုက ငါ့ကို ရွံမှာမဟုတ်ဘူး၊ ငါနဲ့နင်က ဘယ်တော့မှ ဖြစ်နိုင်မှာမဟုတ်ဘူး"

သူမ ပြောပြီးသည်နှင့် ပြတင်းပေါက်မှ ခုန်ချကာ ထွက်ပြေးရန် ပြင်လိုက်သော်လည်း ဟော်ချန်ယဲ့က သူမကို လေးနက်သော အကြည့်ဖြင့် အချိန်အတော်ကြာစိုက်ကြည့်နေပြီး အသံလည်း မထွက်၊ တားဆီးခြင်းလည်း မပြုခဲ့ပေ။

သို့သော် တိုက်တိုက်ဆိုင်ဆိုင်ပင် ယနေ့ ဝတ်ဆင်ထားသော မင်္ဂလာဝတ်စုံမှာ အလွန်ကျပ်နေပြီး မူလကိုယ်ပိုင်ရှင်၏ စကတ်မှာ တက်သည့်အခါတွင် အလွန် အဟန့်အတား ဖြစ်နေကာ သူမ၏ လက်များမှာလည်း လက်ဖက်ရည်အိုးမှ ထွက်လာသော ရေများ စွန်းပေနေလေသည်။

မူလကိုယ်ပိုင်ရှင်သည် တန်းပြီး သတိလစ်သွားလေ၏။

ပို၍ ကြောက်စရာကောင်းသည်မှာ အရင်က သူမကိုယ်တိုင် ခွဲထားခဲ့သည့် ကြွေပန်းကန်ကွဲစများနှင့် မှန်ကွဲစများ ရှိနေပြီး ပြုတ်ကျသွားသည့်အခါ နောက်စေ့ကို တိုက်မိကာ သွေးထွက်သွားခြင်းပင် ဖြစ်ပေသည်။

နိုးလာပြီးနောက်တွင်တော့ ယွီရွေ့ကျူး ဖြစ်နေလေပြီ။

ယွီရွေ့ကျူးမှာ ထိုကဲ့သို့ ရှုပ်ထွေးပြီး အချက်အလက်များစွာ ပါဝင်သော အိပ်မက်တစ်ခုကို မက်ခဲ့ရပြီး နိုးလာချိန်တွင် သူမ၏ နောက်စေ့မှ နာကျင်နေသည်မှာ အံ့သြစရာ မဟုတ်ကြောင်း သူမကိုယ်သူမ တိတ်တဆိတ် ပြောလိုက်မိ၏။

သူမက ခေါင်းထဲသို့ ထိုမှန်ကွဲစများ မဝင်သွားခဲ့သည်မှာ ကံကောင်းခြင်းပင် ဖြစ်ပေသည်။

ယခင်က ဟော်ချန်ယဲ့ကို အိမ်တွင်းအကြမ်းဖက်တတ်သူဟု ထင်ခဲ့ပြီး စိတ်ထဲတွင် ဆဲဆိုခဲ့သော်လည်း ရလဒ်မှာတော့ အရာအားလုံးက မူလကိုယ်ပိုင်ရှင် ကိုယ်တိုင် လုပ်ခဲ့သည်ချည်းသာ။

ရှေးခေတ်က ဝမ်ပေါင်ချွမ်းသည် တောဟင်းရွက်များကို တူးကာ မီးဖိုအေးကြီးကို စောင့်မျှော်ခဲ့သော်လည်း၊ ယခုအခါတွင်မူ အခြားသူများအတွက် အိမ်အကူအဖြစ် ပင်ပင်ပန်းပန်း လုပ်ကိုင်ပေးကာ နေ့ရောညပါ စုန့်ချင်းရှန်း၏ဇနီးအဖြစ် လက်ထပ်ရန် မျှော်လင့်နေသော်လည်း နောက်ဆုံးတွင်တော့ မျှော်လင့်ချက်တွေ အချည်းနှီး ဖြစ်သွားရသည့် မူလကိုယ် ပိုင်ရှင် တစ်ယောက် ရှိနေလေသည်။

အရာအားလုံးက အတုအယောင်တွေ ဖြစ်သော်လည်း မူလကိုယ်ပိုင်ရှင်က စုန့်ချင်းရှန်းအတွက် နွားတစ်ကောင်၊ မြင်းတစ်ကောင်လို အလုပ်လုပ်ပေးခဲ့ရသည့် နှစ်တွေကတော့ အစစ်အမှန်တွေ ဖြစ်၏။

အချစ်ရူးများ ပြစ်ဒဏ်ကျခံရမည်ဟု အားလုံးက ပြောကြသော်လည်းး၊ သူမနားမထောင်ခဲ့‌ပေ။ ယခုတော့ ရလဒ်ကို ကြည့်လိုက်စမ်းပါ။

သူမ နိုးလာပြီးနောက် ဟော်ချန်ယဲ့မှာ အဘယ့်ကြောင့် ဤမျှထူးဆန်းသည့် သဘောထားမျိုး ရှိနေရသနည်း။ အေးစက် စက်ပုံစံနှင့် သူမအား မိဘအိမ်ပြန်ပို့ကာ ကွာရှင်းချင်နေရသနည်းဆိုသည်မှာ အံ့သြဖွယ်မကောင်းတော့ပေ။

သေချာတာပေါ့။ ဤသည်က မူလကိုယ်ပိုင်ရှင် အလိုရှိသည့်အရာပင်။

သို့သော် ယခု ယွီရွေ့ကျူးက မကွာရှင်းချင်ပေ။ သူမက လူယုတ်မာ စုန့်ချင်းရှန်းကို မုန်းတီးရုံသာမက ဟော်ချန်ယဲ့ရဲ့ ခန္ဓာကိုယ်ကိုပါ မက်မောနေသေးသည်။

ယွီရွေ့ကျူးက မူလကိုယ်ပိုင်ရှင်မှာ လုံးဝ မျက်စိမပါဘူးဟု ခံစားရပြီး၊ သူမက အချစ်ရူးတစ်ယောက် ဖြစ်ရုံသာမက လက်ခံရရှိသော မှတ်ဉာဏ်များအရ စုန့်ချင်းရှန်းမှာ ကြက်ပေါက်လေးလို ပိန်လှီနေပြီး ရုပ်ရည်ကလည်း သာမန်သာဖြစ်ကာ ဟော်ချန်ယဲ့ထက် အများကြီး ညံ့ဖျင်းနေလေသည်။

ဟော်ချန်ယဲ့မှာ တောင့်တင်းခိုင်မာပြီး ကြွက်သားများ အပြည့်ရှိကာ အသားညိုညိုမှာလည်း ဆွဲဆောင်မှု အပြည့်ရှိပြီး ပါးပြင်ပေါ်တွင်လည်း အမာရွတ်တစ်ခု ရှိနေသေး၏။

ယွီရွေ့ကျူးအတွက်တော့ ဤအမာရွတ်မှာ အရုပ်ဆိုးသည် မဟုတ်ဘဲ တိုက်ပွဲဝင် ဒဏ်ရာတစ်ခုလို ရင့်ကျက်သော ယောက်ျားတစ်ယောက်၏ ဆွဲဆောင်မှုအပြည့်ရှိပြီး အထူး သဖြင့် လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိလေသည်။

🐽 Chapter 4

ဟော်ချန်ယဲ့မှာ လုံးဝပင် ယွီရွေ့ကျူး၏ ပျော့ကွက်ကိုထိမိသည့်သူဖြစ်ကာ တစ်ဖက်လူမှာ သူမ၏ အကြိုက်နှင့် ကွက်တိဖြစ်သည်ဟု ခံစားလိုက်ရ၏။

အေးမြသည့် ညအချိန်အခါတွင် ဟော်ချန်ယဲ့မှာ ခန်ပေါ်၌ မျက်လုံးမှိတ်ကာ လှဲနေပြီး နွေရာသီဖြစ်သဖြင့် စောင်ပါးပါးလေး တစ်ထည်ကိုသာ ခြုံထားလေသည်။

ယခင်က တစ်ယောက်တည်း နေထိုင်ခဲ့သည့် အိမ်တွင် ရုတ်တရက် လူများ ပိုများလာသဖြင့် ဟော်ချန်ယဲ့ အနည်းငယ် အသားမကျသလို ဖြစ်နေ၏။

အိမ်ပြင်တွင်လည်း မီးပုံးနီများကို ချိတ်ဆွဲထားသေးသည်။

ထိုအရာများမှာ ယနေ့ မင်္ဂလာဆောင်အတွက် ခြံဝင်းကို အလှဆင်ရန် ချိတ်ဆွဲထားခြင်းဖြစ်သည်။

ယခင်က သိပ်မစဉ်းစားခဲ့သော်ငြား ယခုတွင် မီးပုံးက အနီရောင် မှိန်ပျပျ အလင်းရောင်လေးတွေ ထွက်ပေါ်နေပြီး နံရံထက် မဖြုတ်ရသေးသည့် အနီရောင် မင်္ဂလာစာတန်းများ၊ ပိုးသားစများနှင့် ပေါင်းစပ်လိုက်သည့်အခါ၊ မူလကတိတ်ဆိတ် ငြိမ်သက်နေသည့် အခန်းထဲရှိ လေထုမှာ ရုတ်တရက် ပြောင်းလဲသွားသလိုပင်။

ဟော်ချန်ယဲ့က နှုတ်ခမ်းကိုစေ့လျက် အလိုအလျောက် တစ်ဖက်သို့ လှည့်လိုက်ရာ အခန်းထဲမှ ယွီရွေ့ကျူး၏ တတွတ်တွတ် ပြောနေသော အသံကို ကြားလိုက်ရလေသည်။

အသံလာရာကို ကြည့်လိုက်သည့်အခါ သူမက လန့်နေသကဲ့သို့ နှာခေါင်းသံလေးနဲ့ တအင်းအင်း အော်လျက် မျက်မှောင်ကြုတ်ထားကာ အိပ်မက်ဆိုး မက်နေသလိုဖြစ်နေ၏။

မှိုင်းညို့ညို့လရောင်က အခန်းထဲသို့ ဖြာကျလာပြီး ယွီရွေ့ကျူး၏ အသွင်အပြင်ကို ထင်ရှားလာစေကာ သူမ၏ အနီရောင် မင်္ဂလာဝတ်စုံကို ချွတ်ထားသဖြင့် ပါးလွှာသော အတွင်းခံအင်္ကျီကို မြင်နေရလေ၏။

ယွီရွေ့ကျူးမှာ အလွန်အအိပ်ကြမ်းပြီး စောင်အပြင်သို့ ထွက်နေသည့် လက်တစ်ဖက်မှာလရောင်အောက်တွင် နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေလေသည်။

အခန်းထဲ၌လည်း မိန်းမတစ်ယောက်၏ အငွေ့အသက်နှင့် ရနံ့တို့ ပိုများလာသလိုပင်။

ဟော်ချန်ယဲ့က နှာခေါင်းရှုံ့ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိ၏။

သူက မျက်လုံးမှိတ်ကာ အမြန်အိပ်ပျော်ချင်နေပြီး မနက်ဖြန် မနက်ရောက်သည့်အခါ ယွီရွေ့ကျူးအား သူမမိဘအိမ်သို့ ပြန်ပို့လိုက်လျှင် အရာအားလုံး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်သွားပြီး ယခင်က ပုံမှန်ဘဝဆီသို့ ပြန်ရောက်သွားမည်ဟု တွေးနေလေ၏။

သို့သော် သူမျက်လုံးမှိတ်လိုက်သော်လည်း ခန်၏အခြားတစ်ဖက်တွင် အိပ်နေသော ယွီရွေ့ကျူးက နိုးလာလေသည်။

သူမက အသက်ပြင်းပြင်းရှူကာ မျက်နှာကို ကုတ်ပြီး နဖူးကို ကိုင်လိုက်ကာ ဟိုလှည့်ဒီလှည့်ဖြင့် ဘာတွေပြောနေမှန်းမသိ တတွတ်တွတ် ရေရွတ်နေလေသည်။

အရမ်း ဆူညံတာပဲ၊ သူမ ငြိမ်ငြိမ်လေး မနေနိုင်ဘူးလား။

ဟော်ချန်ယဲ့က အိပ်ချင်နေသော်လည်း သူ့ နားများက ဘေးနားရှိ ယွီရွေ့ကျူး၏ အသံအားလုံးကို နားထောင်နေမိလေသည်။

အလိုအလျောက်ပင် ဟော်ချန်ယဲ့က မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်မိ၏။

သူ့ထံမှ ထွက်လာသော အသံမှာ ယွီရွေ့ကျူး၏ တတွတ် တွတ် ရေရွတ်သံလောက် မကျယ်သော်လည်း ယွီရွေ့ကျူး၏ လှုပ်ရှားမှုများနှင့် အသံများ ရပ်တန့်သွားလေသည်။

ဟော်ချန်ယဲ့ ဝမ်းသာလို့မဆုံးသေးခင် အရူးလုပ်ရပ်တစ်ခုကို လုပ်မိသွားကြောင်း မကြာမီ သဘောပေါက်သွားလေသည်။

ယွီရွေ့ကျူး နိုးလာခဲ့ပြီဖြစ်သည်။

သူမက ထွန်စက်တစ်စီး နတ်ဝင်ပူးသွားသလိုမျိုး ညည်းညူငိုယိုကာ သူ့ထံ ပြေးဝင်လာပြီး သူမ လက်ကို သူ့ ရင်ဘတ်ပေါ် တင်ကာ အကြိမ်အနည်းငယ်ပွတ်သပ်လိုက်လေသည်။ ယင်းနောက်၌ သူ့ ရင်ဘတ်ပေါ်သို့ သူမ ခေါင်းကမှီကျလာတော့သည်။

သူမ၏ သွယ်လျဖြူဖွေးသော လက်မောင်းများက သူ့ခါးအား တင်းတင်းကျပ်ကျပ်ဖက်ထားလျက် သူမ၏ နူးညံ့သော ဝမ်းဗိုက်က မြွေတစ်ကောင်ကဲ့သို့ သူ့ကိုရစ်ပတ်ထားကာ သူ့ ဗိုက်ကြွက်သားများကို အနီးကပ်ပွတ်သပ်နေလေသည်။

ဟော်ချန်ယဲ့က လန့်ဖျပ်သွားပြီး စိတ်မရှည်စွာဖြင့်အသံထွက် လာကာ ယခင်က အိပ်ချင်ယောင်ဆောင်ပြီး မျက်လုံးမှိတ်ထားသည့်အချိန်ကကဲ့သို့ တည်ငြိမ်မနေတော့ဘဲ လန့်သွားသဖြင့် လက်မြှောက်ကာ ယွီရွေ့ကျူးကို တွန်းထုတ်ရန် ပြင်လိုက်လေ၏။

သို့သော် ယွီရွေ့ကျူးက သူ့ကို အဆက်မပြတ်နှောင့်ယှက်နေပြီး သူ့ ရင်ခွင်ထဲတွင် ပွတ်သပ်နေကာ သူမ အသံမှာ နူးညံ့ပြီး အနည်းငယ် သနားစရာကောင်းအောင် ချွဲနွဲ့နေလေသည်။

"ယောက်ျား... ခုနက အိပ်မက်ဆိုးမက်တယ်၊ အရမ်းကြောက်စရာကောင်းတာပဲ၊ ကျွန်မ ဘာအိပ်မက်မက်လဲဆိုတာ ရှင် သေချာပေါက် သိမှာမဟုတ်ဘူး၊ ကျွန်မ အရမ်းနေလို့မကောင်းဘူး၊ ရှင် ကျွန်မကို နှစ်သိမ့်ပေးဖို့ လိုတယ်၊ ရှင် ကျွန်မကို ချော့ပါလား"

ဟော်ချန်ယဲ့က သူ့ ရင်ခွင်ထဲမှ မိန်းမကို ငုံ့ကြည့်လိုက်ရာ သူ့ ခေါင်းထဲတွင် မေးခွန်းသင်္ကေတများ အပြည့်ဖြစ်နေပြီး သူ အိပ်မက်မက်နေသလားဟုပင် တွေးမိသွားလေသည်။

မဟုတ်ရင် သူအား ရုပ်ဆိုးသည်ဟု ရွံရှာကာဆဲဆိုခဲ့သည့် ယွီရွေ့ကျူးက ယခုအချိန်၌ သူ့ရင်ခွင်ထဲလှဲကာ ချွဲနွဲ့နေခြင်းကို မြင်နေရသနည်း။

သူမ ချွဲနွဲ့ရမယ့်သူက သူ မဟုတ်သင့်ဘူးလေ၊ သူထက် အဆပေါင်းများစွာ သာသည့် စုန့်ချင်းရှန်းသာဖြစ်သင့်သည်။

ခဏလောက် အိပ်ပျော်သွားပြီးနောက်မှာ သူမရဲ့ မျက်နှာက ပြောင်းလဲသွားတာလား၊ ဒါမှမဟုတ် သူ့ကို တမင်သက်သက် စနေတာလား၊ ဒါမှမဟုတ် သူ့ကို မြှူဆွယ်နေတာလား။

ဟော်ချန်ယဲ့၏ မျက်နှာမှာ အေးစက်သွားပြီး သူမနှင့် အချိန် ဖြုန်းနေရန် အချိန်မရှိသဖြင့် ယွီရွေ့ကျူး၏လက်များအား ချက်ချင်းဆိုသလို ဖယ်ရှားလိုက်ကာ သူမကို ဖိထားပြီး သူမ ခုတင်ပေါ်သို့ ပြန်တွန်းပို့လိုက်လေ၏။

သူက လူနှစ်ယောက်၏ အိပ်ရာကြားတွင် စောင်ထူထူတစ်ထည်ကိုပင် ထပ်ထည့်လိုက်ပြီး ယွီရွေ့ကျူးကို လုံးဝ ပိတ်ဆို့ထားရန် နယ်နိမိတ်အဖြစ်အသုံးပြုလိုက်လေသည်။

ယွီရွေ့ကျူးထပြီး သူ့အား နောက်ထပ် တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ဟော်ချန်ယဲ့က အေးစက်သော မျက်နှာ ထားဖြင့် ဆံပင်ကို သပ်တင်လိုက်ရာ ယွီရွေ့ကျူး ရှေ့တွင် အမာရွတ်ရှိသော မျက်နှာတစ်ဝက်ကို ရှင်းလင်းစွာ ဖော်ပြလိုက်လေတော့၏။

သို့မှသာ သူမ နိုးလာပြီး သူမ ရင်ဆိုင်နေရသည့် မျက်နှာက မည်သို့ပုံစံရှိသည်အား မြင်နိုင်မှာဖြစ်ပြီး သူ့အား နောက်တစ်ကြိမ် နှောင့်ယှက်ရဲမည် ဟုတ်မဟုတ် သိနိုင်မည်ဖြစ်သည်။

ယွီရွေ့ကျူး၏ ခန္ဓာကိုယ်မှာ အမှန်ပင်တောင့်တင်းသွားပြီး သူ့အား ကြောင်အမ်းအမ်းဖြင့် ကြည့်နေလေသည်။

ဤသည်မှာ သူ့ မျက်နှာထက်ရှိ အမာရွတ်များကို မြင်တွေ့ရသည့်အခါ အခြားသူများ၏ ပုံမှန်တုံ့ပြန်မှုပင်။

ဟော်ချန်ယဲ့က အေးစက်စွာ နှာမှုတ်လိုက်ပြီး စိတ်မရှည်စွာဖြင့် အိပ်ရာပေါ်သို့ ပြန်လှဲလိုက်လေ၏။

သူ့ အိပ်ရာပေါ်သို့ ဖြည်းညင်းစွာ ပြန်လှဲပြီးနောက် နီရဲနေသည့်မျက်နှာဖြင့် ယွီရွေ့ကျူး တိုးတိုးလေး ပြောလိုက်သည့် စကားကိုတော့ သူ မကြားလိုက်ပေ။

"အရမ်းချောတာပဲ”

All Chapters