← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

🐽 Chapter 5

မင်္ဂလာဆောင်ပြီး ဒုတိယနေ့တွင် ယွီရွေ့ကျူးမှာ မူလက အိပ်ရာထဲတွင် ကွေးနေချင်သေးသည်။

ယခင်က နွားတစ်ကောင်၊ မြင်းတစ်ကောင်လို ပင်ပန်းပြီး သေမတတ် ဖြစ်ခဲ့ရသဖြင့်၊ ယခုအခါတွင် နောက်ဆုံးတော့ အနားယူရန် အခွင့်အရေး ရလာပြီဖြစ်ရာ သေချာလေး အနားမယူဘဲ မနေနိုင်ပေ။

သို့သော် မနက်စောစော သူမ ဇိမ်ကျကျ အိပ်မောကျနေစဉ် ရုတ်တရက် လျစ်လျူရှု၍မရနိုင်သော အကြည့်တစ်ချက်ကို ခံစားလိုက်ရလေသည်။

တရားခံမှာ ဟော်ချန်းယဲ့ပင်။

ယွီရွေ့ကျူးက ဝေဝေဝါးဝါးဖြင့် ခေါင်းမော့ကြည့်လိုက်ရာ ထိုအေးစက်ပြီး မှိုင်းညို့နေသော အကြည့်များနှင့် ဆုံမိသွားချိန်တွင် သူမကိုယ်လေး တုန်တက်သွားပြီး အိပ်ချင်စိတ်များလည်း ချက်ချင်းလွင့်ပြယ်သွားကာ ချက်ချင်း နိုးကြားလာလေတော့သည်။

ဟော်ချန်ယဲ့က မနေ့ညက မပြီးပြတ်သေးသည်များကို အဆုံးသတ်ရန် သူမကို လာဆွဲခေါ်ခြင်းပင်။

ထိုကိစ္စမှာ ယွီရွေ့ကျူးကို သူမမိဘအိမ်ပြန်ပို့ပြီး ကွာရှင်းရန် ဖြစ်သည်။

သူတစ်ယောက်တည်း နေလေ့ရှိသောအိမ်ထဲ ရုတ်တရက် မိန်းမတစ်ယောက် ရောက်လာခြင်းက သူ့ကို နေမထိထိုင် မသာ ဖြစ်စေသည်။

မနေ့ညက တားဆီးထားသည့် နယ်နိမိတ်ကလည်း မည်သည့် အကျိုးသက်ရောက်မှုမှ မပေးနိုင်ခဲ့ပေ။

ယွီရွေ့ကျူး၏အိပ်စက်ပုံမှာ တကယ်ပင် ဆိုးရွားလွန်းလှသည်။ အကယ်၍ သူမ အိပ်မောကျနေသည်မှာ အစစ်အမှန်ဖြစ်ကြောင်း သေချာအောင် သူသာ အကြာကြီး စိုက်မကြည့်ခဲ့မိပါက သူမ ဟန်ဆောင်နေသည်ဟုပင် သံသယဝင်မိမည်ဖြစ်သည်။

မဟုတ်လျှင် သူမက ညသန်းခေါင်ကြီး အိပ်ပျော်သွားပြီး သူတို့နှစ်ယောက်ကြား ကုတင်ကိုပိတ်ဆို့ထားသည့် စောင်ကိုဖက်လျက် သူ့ ရင်ခွင်ထဲသို့ ရုတ်တရက် လိမ့်ဝင်လာသည့် အချက်အား မည်သို့နားလည်နိုင်မည်နည်း။

မနေ့ညက အဖြစ်အပျက်ဆိုးများကို ပြန်တွေးမိပြီး ဟော်ချန်ယဲ့မျက်နှာမှာ ပိုမှိုင်းညို့သွားလေသည်။

သူ နှုတ်ခမ်းကိုစေ့ကာ အေးစက်စွာပြောလိုက်၏။

"ထတော့၊ မင်းကို စက်ဘီးနဲ့ ပြန်ပို့ပေးမယ် ပစ္စည်းတွေ သိမ်း၊ ပြန်ရောက်ရင် ကွာရှင်းကြမယ်"

ဆေးခန်းတွင် ဒဏ်ရာကို ပတ်တီးစည်းပြီး သေချာဆေးထည့်ထားကာ၊ အရေပြားပွန်းပဲ့သွားသည်မို့ အိပ်လိုက်လျှင် သက်သာသွားလောက်ပြီ ဖြစ်သော်လည်း၊ ဤအချိန်၌ သူမနှင့် ပတ်သက်မှုကို ရှင်းရှင်းလင်းလင်း ဖြတ်တောက်ချင်နေသည့် ဟော်ချန်ယဲ့၏အေးစက်စက် ပုံစံကို ရင်ဆိုင်ရချိန်မှာတော့ ယွီရွေ့ကျူးက စက္ကန့်အနည်းငယ်လောက်စဉ်းစားလိုက်ပြီး ရုတ်တရက် ခေါင်းကိုအမြန်ကိုင် ညည်းတွားလိုက်လေသည်။

"အာ့၊ အာ့"

ဟော်ချန်ယဲ့ မျက်မှောင်ကြုတ်သွား၏။

"ဘာဖြစ်တာလဲ"

ယွီရွေ့ကျူး မကျေမနပ်ဖြင့် ပြောလိုက်သည်။

"မသိဘူး၊ မနေ့ညက ရထားတဲ့ဒဏ်ရာ မပျောက်သေးလို့နေမှာ၊ အရမ်းနာနေတာပဲ၊ ဒီပုံစံအတိုင်းပြန်သွားရင် ဖေဖေနဲ့ မေမေ စိတ်ပူနေကြလိမ့်မယ်၊ ဒီလို တစ်လမ်းလုံးဆောင့်ပြီး ပြန်သွားရင် ကျွန်မခေါင်းက ပိုပြီးနေလို့မကောင်း ဖြစ်လာနိုင်တယ်"

ယွီရွေ့ကျူး စကားတွေ အများကြီးပြောပြီးနောက် အခြေ အနေကို ကြည့်ကာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်၏။

"အနည်းဆုံးတော့ ဒဏ်ရာတွေ သက်သာအောင် နားရဦးမယ်မလား"

ဟော်ချန်ယဲ့ နှာခေါင်းရှုံ့လိုက်လေသည်။

"မင်းဒဏ်ရာက မင်းဘာသာဖြစ်တာ၊ ငါနဲ့ ဘာဆိုင်လို့လဲ၊ ပြီးတော့ အရင်က ကွာရှင်းချင်တယ်လို့ပြောခဲ့တာလည်း မင်းပဲလေ၊ အခု ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးတော့ မင်း ဝမ်းသာသင့်တာပေါ့"

ယွီရွေ့ကျူး တိုးတိုးလေး ရေရွတ်လိုက်၏။

"ဒါပေမယ့် ကျွန်မ အခုမကွာရှင်းချင်တော့ဘူး"

ဟော်ချန်ယဲ့ သေချာ မကြားလိုက်သဖြင့် မျက်မှောင်ကြုတ်သွားသည်။

"မင်း ဘာပြောလိုက်တာ"

"ဘာမှမဟုတ်ပါဘူး၊ အို့ ခေါင်းကိုက်လိုက်တာ၊ အခု လုံးဝ လှုပ်လို့ မရသေးဘူး၊ ဦးနှောက်ထိသွားရင် ဘယ်လိုလုပ်မလဲ၊ တခြားသူတွေက အိမ်တွင်းအကြမ်းဖက်မှုလို့ အထင်လွဲသွားမှာကိုမလိုချင်တာကိုမပြောနဲ့ဦး၊ အပြင်ထွက်ရင်ဘယ်လောက်တောင် ကြည့်ရဆိုးမလဲ၊ ရက်နည်းနည်းလောက် နားလိုက်ရင်တော့ ပိုကောင်းလာနိုင်တယ်၊ အာ့"

ယွီရွေ့ကျူးက အိပ်ရာထဲလှဲနေပြီး ခေါင်းကို ကိုင်ထားကာ ဟော်ချန်ယဲ့ ကွာရှင်းမည့်အကြောင်းပြောသည်ကို မကြားချင်ယောင်ဆောင်ပြီး အဆက်မပြတ် ညည်းညူကာ ဆူညံနေလေတော့သည်။

ဟော်ချန်ယဲ့က သူမကို အထက်စီးမှ ကြည့်နေပြီး ထိုစကားများကို ကြားသောအခါ သူ့ မျက်နှာမှာ မှိုင်းညို့သွားကာ မျက်မှောင်ကြုတ်ထားသည်မှာ ယင်ကောင်တစ်ကောင်ကို ညှစ်သတ်ထားနိုင်လောက်အောင် တွန့်ချိုးနေ၏။

သူက နာမည်ဂုဏ်သတင်းကို လုံးဝဂရုစိုက်သော်လည်း လူတစ်ယောက်က အချိန်တိုအတွင်း ဤမျှလောက်ပြောင်းလဲသွားနိုင်သည်ကို ယုံကြည်ရန်ခက်ခဲနေလေသည်။

ယွီရွေ့ကျူးက သူ့အား နည်းမျိုးစုံဖြင့် အပြစ်ရှာခဲ့ဖူးသည်။ သူ့ မျက်နှာပေါ်တွင် အမာရွတ်များရှိနေသည်ကို ရွံရှာခဲ့ပြီး၊ ဝက်သတ်သမား ဖြစ်သဖြင့် ဆေးကြော၍ မရနိုင်သော ဝက်နံ့များရှိနေသည်ကို ရွံရှာခဲ့ကာ ယဉ်ကျေးပြီး အလားအလာရှိသော အစ်ကိုချင်းရှန်းဆိုသူနှင့် နှိုင်းယှဉ်လျှင် ပညာအရည် အချင်းနှင့် အနာဂတ်မရှိပုံများကို ပြောဆိုကျိန်းမောင်းခဲ့သူ ဖြစ်သည်။

သူမက သူ့မျက်နှာတည့်တည့် လက်ညှိုးထိုးလျက် ရုပ်ဆိုး သည်ဟု ဆဲဆိုခဲ့သည်မှာ သိသာထင်ရှားပြီး အခြားသူနှင့် ခိုးရာလိုက်ပြေးရန် ပြတင်းပေါက်မှ ခုန်ချကာထွက်ပြေးရန်ပင် ဝန်မလေးခဲ့ပေ။

သို့သော် ယခုအခါတွင် သူက ကိုယ်တိုင်ကွာရှင်းရန် တောင်းဆိုသည်ကို သူမက ငြင်းဆိုကာ နေမကောင်းဟန်ဆောင်ပြီး သူ့စကားကို လျစ်လျူရှုနေလေသည်။

အကယ်၍ သူ ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ခဲ့ရလျှင် ဤသူများမှာ မတူညီသော လူနှစ်ယောက်ဟုပင် ဟော်ချန်ယဲ့ ထင်မိလိမ့်မည် ဖြစ်၏။

သူ့ မှိုင်းညို့နေသော မျက်လုံးများက ယွီရွေ့ကျူး၏မျက်နှာပေါ်သို့ စေ့စေ့စပ်စပ် ဖြတ်သန်းသွားပြီး သူမ မျက်နှာအမူ အရာ အပြောင်းအလဲတိုင်းကို သံသယအပြည့်ဖြင့် သေချာစွာ အကဲခတ်နေလေသည်။ ယင်းနောက် မည်သည့်စကားမျှ မဆိုဘဲ ဟော်ချန်ယဲ့က အေးစက်စွာ အကြည့်လွှဲသွားလေတော့သည်။

"မင်း သဘောပဲ"

သူ့ သဘောထားမှာ အေးစက်နေသော်လည်း ယွီရွေ့ကျူးမှာ သက်ပြင်းချလိုက်နိုင်လေသည်။

ယခုအခါတွင် ကွာရှင်းပြီးနောက် မိဘအိမ် ပြန်သွားရန်မှာ ကောင်းသော ဆုံးဖြတ်ချက်ဟု ယွီရွေ့ကျူး တကယ် မထင်ပေ။

ဟော်ချန်ယဲ့က မင်္ဂလာဦးညတွင် မူလကိုယ်ပိုင်ရှင်၏စကားများကို ကြားပြီးမှသာ သူမနှင့် စုန့်ချင်းရှန်းအကြောင်းကို သိရှိခဲ့ရခြင်းဖြစ်၏။ ဆိုလိုသည်မှာ ရွာနှစ်ရွာမှာ အနည်းငယ် ဝေးကွာပြီး သတင်းများက ထိုမျှလောက် အမြန်မပျံ့နှံ့ခဲ့သလို မိသားစုနှစ်စုကလည်း ပုံမှန်အားဖြင့် အဆက်အသွယ် မရှိခဲ့ပေ။

ဤအခြေအနေတွင် မူလကိုယ်ပိုင်ရှင်၏မိဘများက မူလကိုယ်ပိုင်ရှင်၏ ရုန်းကန်မှုများနှင့် ကန့်ကွက်မှုများ ရှိနေသော် လည်း သိပ်မရင်းနှီးသော ဤမိသားစုနှင့် အလျင်စလိုလက်ညထပ်ပေးနိုင်ခဲ့သည်မှာ မူလကိုယ်ပိုင်ရှင်၏မိဘများက မည်သို့သော လူစားမျိုးဖြစ်သည်ကို ပြောရန်ခက်ခဲလှသည်။

ယွီရွေ့ကျူးက မျက်နှာသစ်ရန် ခန်ပေါ်မှ ဆင်းလာချိန်တွင် ဟော်ချန်ယဲ့၏အရိပ်အယောင်ကို မတွေ့ရပေ။ သို့သော် အခန်းထဲသို့ ပြန်ဝင်ကာ မျက်နှာသုတ်ပြီး ဆံပင်ဖြီးရန် ပြင်ချိန် ခန်ပေါ်တွင် တင်ထားသော အသစ်စက်စက်သွားတိုက်ဘဆေးနှင့် သွားတိုက်တံများကို တွေ့လိုက်ရလေသည်။

သူမအပေါ် ဆက်ဆံရေး မကောင်းဘဲ သူမကို မမြင်ချင်သော်ဘလည်း ဤကိစ္စများနှင့် ပတ်သက်လာလျှင် ဟော်ချန်ယဲ့က အတော်လေး တွေးတောပေးတတ်ချေသည်။

မှန်ရှေ့တွင် ဆံပင်ဖြီးနေစဉ် ယွီရွေ့ကျူးက ဘယ်ညာကြည့်လိုက်ရာ မှန်ထဲတွင် အလွန် ရင်းနှီးကျွမ်းဝင်ပြီး ဆွဲဆောင်မှုရှိသော မျက်နှာတစ်ခု ရှိနေလေသည်။ မေးစေ့လေးက ချွန်နေပြီး အသားအရေက နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေကာ အပေါ်သို့ ကော့တက်နေသော မြေခွေးမျက်လုံးလေးများက စိုစွတ်ပြီး လှပနေကာ အနီရောင် နှုတ်ခမ်းလေးများကလည်း ပြည့်စုံပြီး အရည်ရွှမ်းနေလေ၏။

မူလကိုယ်ပိုင်ရှင်၏ မျက်နှာက ယွီရွေ့ကျူး ကိုယ်ပိုင်မျက်နှာနှင့် ကွက်တိတူနေသည်။

ဤအချက်ကို ယွီရွေ့ကျူးက မှတ်ဉာဏ်များ ကူးစက်လာစဉ်ကတည်းက သိထားသော်လည်း မှန်ထဲတွင် ပြန်ကြည့်လိုက်သည့်အခါ အလွန်အံ့သြဖွယ်ကောင်းနေဆဲပင်။

အမှန်ပင် လုံးဝတစ်ထပ်တည်းကျနေ၏။

မျက်လုံးထောင့်များနှင့် နားရွက်ပေါ်ရှိ အနီရောင် မှဲ့နှစ်လုံးပင် ကွက်တိ တူနေလေသည်။ သူမက ပွတ်ကြည့်သော်လည်း ဖျက်၍မရပေ၊ သွေးကဲ့သို့ နီရဲနေပြီး အလွန်လှပလှ၏။

ဤမျှ လှပသော မျက်နှာလေးကို ပိုင်ဆိုင်ထားပါလျက် မူလပိုင်ရှင်သည် စုန့်ချင်းရှန်းအတွက် အဝတ်လျှော်၊ ထမင်းဟင်းချက်ပေးကာ နွားတစ်ကောင်၊ မြင်းတစ်ကောင်လို အလုပ်လုပ်ပေးခဲ့သည်မှာ စိတ်ကူးကြည့်၍ပင် မရပေ။ အမှန်ပင် အချစ်ရူးတစ်ယောက်ပါပေ။

ယွီရွေ့ကျူး သက်ပြင်းချလိုက်ပြီး ဟော်ချန်ယဲ့ သိမ်းဆည်းထားပြီးဖြစ်သည်ကို မြင်သဖြင့် ထမင်းစားပွဲတွင် ထိုင်ကာ ဟင်းလျာများကို ကြည့်လိုက်လေသည်။

မင်္ဂလာဆောင်ပြီး ဒုတိယနေ့တွင် ဟင်းလျာများအားလုံးမှာ ယမန်နေ့က မင်္ဂလာဆောင်မှကျန်ခဲ့သော ဟင်းလျာများသာ ဖြစ်၏။ ဟော်ချန်ယဲ့၏ဝက်သားသတ်သမား အလုပ်ကြောင့် ကံကောင်းထောက်မကာ ဟင်းသီးဟင်းရွက်များတွင် အခြားသူများထက် ဆီနှင့်ရေ အနည်းငယ် ပိုများနေသော်လည်း အနည်းငယ်မျှသာ။

ကျန်ခဲ့သော ဟင်းလျာ အိုးကြီးတစ်လုံးတွင် ဂေါ်ဖီထုပ်များနှင့် သက်သက်လွတ် ဟင်းလျာများသာ အများစုဖြစ်ပြီး တစ်ခါတစ်ရံမှသာ အသားအနည်းငယ် ပါဝင်ကာ အဖြူရောင် အဆီခဲများသာ ဖြစ်သဖြင့် စားရန်မပြောနှင့် ကြည့်ရုံနှင့်ပင် အီစိမ့်နေသဖြင့် စားချင်စိတ်မရှိလှပေ။

ယွီရွေ့ကျူးက အသားများကို ရှောင်ကာ ဟင်းအနည်းငယ်ကို စားကြည့်လိုက်ရာ အရသာက တကယ်ပင် အံ့သြစရာကောင်းလောက်အောင် ဆိုးရွားလှ၏။ အစားအသောက်နဲ့ အသားကို အလကားဖြုန်းတီးလိုက်သလိုပင်။

ယွီရွေ့ကျူးက ခက်ခက်ခဲခဲ စားနေရချိန်တွင် ဟော်ချန်ယဲ့ကမူ လျင်မြန်စွာနှင့် အများအပြား စားသောက်နေလေသည်။ ထမင်းပန်းကန်လုံးကြီး တစ်လုံးကို ပါးစပ်ထဲသို့လျင်မြန်စွာ သွင်းလိုက်ပြီး ထမင်းထပ်ထည့်ကာ သုံးပန်းကန် ဆက်တိုက် စားပြီးမှသာ နှုတ်ခမ်းထောင့်များကို သုတ်ကာ ထမင်းပန်းကန်နှင့် တူများကို သိမ်းဆည်းရန်ထလိုက်သည်။

🐽 Chapter 6

သူသည် သူ့ဆိုင်တွင် အသားသွားရောင်းရမည် ဖြစ်သည်။ မင်္ဂလာမဆောင်မီကပင် သူတို့မိသားစုသည် ဝက်များစွာ မွေးမြူထားပြီး သူသည် ဝက်သတ်ရာတွင် ကျွမ်းကျင်ကြောင်း ကြားဖူးသည်။ ဤအလုပ်မှာ ခွန်အားစိုက်ရသည့် အလုပ်ဖြစ်သဖြင့် သူ အများကြီးစားသည်မှာ ပုံမှန်ဖြစ်သော် လည်း ဟော်ချန်ယဲ့စားနိုင်သည့် ပမာဏကတော့ ယွီရွေ့ကျူးအတွက် အံ့သြစရာကောင်းနေဆဲဖြစ်သည်။

ဟော်ချန်ယဲ့ အလုပ်သွားလုပ်ချိန်တွင် ယွီရွေ့ကျူးကျန်ခဲ့သော ဟင်းလျာအိုးကို ကြည့်လိုက်ရာ သူမ တကယ် မစားနိုင်တော့သဖြင့် တူများကို စားပွဲပေါ်သို့ပုတ်ချလိုက်လေသည်။

"မဖြစ်ဘူး၊ တစ်ခုခုတော့ လုပ်မှဖြစ်မယ်၊ စားလို့ရတဲ့ အစား အစာတွေဆိုရင် အဆင်ပြေပါတယ်၊ ဘဝမှာ နောက်ဆုံးလုပ်သင့်တာက ကိုယ့်ပါးစပ်ကို မကောင်းမကန်းဆက်ဆံတာပဲ"

ကံမကောင်းစွာပင် ယွီရွေ့ကျူးက ရည်မှန်းချက်ကြီးမားသော်လည်း ခေါင်းလှည့်ကြည့်လိုက်ရာ ကျေးလက်ဒေသရှိ ခန် ဒယ်အိုးကြီးနှစ်လုံးကို မြင်လိုက်ရသဖြင့် အောက်ခြေရှိ မီးဖိုတွင်းကြောင့် အလွန်အခက်တွေ့သွားလေသည်။ သူမက ဂက်စ်အိုးတွေ၊ ဂက်စ်မီးဖိုတွေနဲ့ တခြားအရာတွေကိုတော့ သုံးတတ်သော်လည်း ဤကဲ့သို့ မီးဖိုမျိုးကို မည်သို့ မီးမွှေးရမှန်း မသိပေ။

ဟော်ချန်ယဲ့၏ဝက်သားဆိုင်မှာ ရွာတွင် တစ်ခုတည်းသော ဝက်သားဆိုင်ဖြစ်ပြီး မနက်စောစော ဝက်ကို သတ်ပြီးနောက် ဟော်ချန်ယဲ့က အသားများကိုခွဲဝေရန် အလုပ်ရှုပ်နေလေသည်။ ဆိုင်ရှိ တစ်ရွာတည်းသား သူငယ်ချင်းဖြစ်သူ ဝက်သတ်သမား ရှဲ့ချီမှအသားဖြတ်နေရင်း သူ့ကို နောက်ပြောင်လိုက်၏။

"အစ်ကိုဟော်၊ မနေ့ကမှ မင်္ဂလာဆောင်ထားတာ၊ ဒီနေ့ အရမ်းစောစော ရောက်လာတာပဲ၊ ခဏလောက် ထပ်မနေဘူးလား၊ မနေ့က မင်္ဂလာဆောင်တာ သတို့သမီးက လှတယ်၊ အစ်ကိုဟော် အရမ်းကံကောင်းတာပဲ၊ မအံ့သြတော့ပါဘူး ဟားဟား"

ဟော်ချန်ယဲ့ မျက်လုံးပင့်ကြည့်လိုက်သည်။

"ဘာကို မအံ့သြတာလဲ"

ရှဲ့ချီ မျက်စိတစ်ချက် မှိတ်ပြလိုက်၏။

"မနေ့က အရမ်းကြမ်းတမ်းခဲ့တာကို မအံ့သြပါဘူး၊ ဆေးခန်းတောင် သွားရသေးတယ်၊ အစ်ကိုဟော်က ခွန်အားတွေ အများကြီးရှိပြီး အရပ်ရှည်ပြီး တောင့်တင်းတယ်လို့ ပြောကြပေမယ့် ဒီကိစ္စမှာတော့ ခွန်အားအကုန်သုံးလို့မရဘူးလေ၊ အစ်ကို့မိန်းမက နုနုနယ်နယ်လေးကို"

ဟော်ချန်ယဲ့မှာ ဆွံ့အသွားလေသည်။ သူ ခေတ္တမျှ တိတ်ဆိတ်သွားပြီး ရုတ်တရက် မဲ့ပြုံး ပြုံးလိုက်လေ၏။

သူ မအံ့သြတော့ပေ။ မနက်စောစော ထလာတုန်း၊ လမ်းမှာတွေ့ရသည့် လူများကထူးဆန်းတဲ့ မျက်နှာအမူအရာတွေ ဖြစ်နေတာ၊ တခြားကိစ္စကြောင့်လို့ ထင်နေတာ၊ တကယ်တော့ ဒါကြောင့်ဖြစ်နေတာလား။

သူ ခေါင်းမမော့ဘဲ အေးစက်စွာပြောလိုက်သည်။

"အရမ်းတွေးနေပြီ၊ ယွီရွေ့ကျူး ဒဏ်ရာရသွားလို့ ဆေးရုံလိုက်ပို့ပေးတာ"

"အဲ့ဒါကလွဲရင် မင်္ဂလာဦးညမှာ ဘယ်လိုလုပ် ဒဏ်ရာရနိုင်မှာလဲ၊ နေပါဦး၊ ဒဏ်ရာရတယ်၊ ရန်ဖြစ်ကြတာလား၊ အစ်ကိုဟော်၊ အစ်ကို့မိန်းမအကြောင်း သိတယ်မလား"

ရှဲ့ချီ အသံတိုးတိုးဖြင့် ပြောလိုက်၏။

"ဒီကိစ္စက ရှုပ်ရှက်ခတ်နေတာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် အကြမ်း ဖက်လို့တော့ မရဘူးလေ၊ ဘေးရွာက တ‌ရွေ့လက်ထပ်လိုက်တဲ့ မိန်းမကလည်း တာတုန်းရွာကပဲလို့ကြားတယ်၊ မရီးက တခြားရွာက လူတစ်ယောက်နဲ့ မြို့မှာ ချစ်သူရှိခဲ့ဖူးတယ်ဆိုပဲ၊ အဆင်မပြေလို့သာ အစ်ကိုဟော်နဲ့ အတူရှိသွားတာတဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် အိမ်တွင်းအကြမ်းဖက်မှုတော့ ကျူးလွန်လို့ မရဘူးလေ"

"ငါ ဘယ်တော့မှ အိမ်တွင်းအကြမ်းဖက်မှု မလုပ်ဘူး။"

ဟော်ချန်ယဲ့ မျက်လုံးများက မှိုင်းညို့နေသည်။

"မင်း သူ့ကို မရီးလို့ ခေါ်စရာမလိုဘူး၊ ငါတို့ အတူတူနေလို့မရဘူး၊ လက်ထပ်ဖို့လည်း မသင့်တော်ဘူး၊ နောက်နှစ်ရက်နေရင် ပြန်သွားတဲ့အခါ ကွာရှင်းကြမယ်"

ရှဲ့ချီ ကြောင်အမ်းသွားလေတော့သည်။

ဒီနေ့ အရောင်းအဝယ် သိပ်မကောင်းပေ၊ နေကလည်း တအားပူသည်။ ရွာထဲက မိသားစုအချို့ မကြာသေးမီကမှ လက်ထပ်ခဲ့ကြပြီး ရွာသားများမှာ ဆီနှင့်ရေ အနည်းငယ် စားသုံးခဲ့ကြသဖြင့် ဝက်သားအပေါ် တောင့်တမှုမှာ ထိုမျှလောက် မကြီးမားတော့ပေ။

တစ်ခါတစ်ရံမှသာ လုပ်ငန်းအနည်းငယ် ဖြစ်လာသော်လည်း ကံကောင်းထောက်မစွာ ယနေ့တွင် ဝက်သားအများအပြား မဖြတ်ရသဖြင့် တော်သေး၏။ မဟုတ်လျှင် နွေရာသီတွင် ဝက်သားများ အလွယ်တကူပုပ်သိုးသွားနိုင်လေသည်။

အသားများကို သိမ်းဆည်းရန် အအေးခန်း သို့မဟုတ် အခြား ပြုပြင်ထုတ်လုပ်သည့် နည်းလမ်းများအား စဉ်းစားရမည်။ အသားစိမ်းရောင်းသည်ကိုသာ အားကိုးနေ၍မရဟု ဟော်ချန်ယဲ့က မျက်မှောင်ကြုတ်ကာ တွေးတောနေစဉ် မနက်ခင်းမှာ တိတ်တဆိတ် ကုန်ဆုံးသွားလေသည်။

မင်္ဂလာဆောင်ပြီး ဒုတိယနေ့တွင် အလောတကြီးထွက်လာခဲ့ရာ ဟော်ချန်ယဲ့ ထမင်းဘူးယူလာရန် မေ့သွားခဲ့သဖြင့် အိမ်နှင့် သိပ်မဝေးသော အသားဆိုင်သို့ ရိုးရှင်းစွာသွားခဲ့ပြီး နေ့လယ်တွင် မနေ့ကကျန်ခဲ့သော ဟင်းလျာများကို အပူပေးစားရန် အိမ်ပြန်လာခဲ့လေ၏။

အိမ်ပြန်ရောက်ချိန်တွင် နေ့လယ်ခန့် ရှိနေပြီဖြစ်ပြီး ယွီရွေ့ကျူး စားပြီးပြီဟု သူထင်ထားခဲ့သော်လည်း သူ အိမ်ပြန်ရောက်ချိန်တွင် သူမက တံခါးဝတွင် ကုန်းကုန်းကွကွဖြင့် ထပ်ခါတလဲလဲ တစ်ခုခုကိုလုပ်နေကာ ရံဖန်ရံခါ ချောင်းဆိုးသံ အနည်းငယ် ထွက်ပေါ်နေလေသည်။ ဟော်ချန်ယဲ့ ရပ်တန့်သွား၏။

သူ့ ခြေသံကို ကြားလိုက်ပုံရပြီး ဒယ်အိုးအောက်ခြေ မီးဖိုတွင်းရှေ့တွင် ကုန်းကုန်းကွကွလုပ်နေသော ယွီရွေ့ကျူးက မျက်နှာကို မော့လိုက်ရာ သူမ၏ လှပသော မျက်လုံးများက ဆွဲဆောင်မှုရှိစွာ အပေါ်သို့ ကော့တက်နေပြီး အရည်လဲ့ကာ သူ့ကို စိုက်ကြည့်နေလေသည်။ မျက်လုံးချင်းဆုံသွားသော အခါ ဟော်ချန်ယဲ့က ဦးစွာ မျက်မှောင်ကြုတ်လိုက်၏။

"ငါ ထမင်းဘူးမေ့သွားလို့"

သူ ပြန်လာရသည့် အကြောင်းရင်းကို ရှင်းပြချင်ခဲ့သော် လည်း စကားမဆုံးခင် ယွီရွေ့ကျူး စကားစပြောလိုက်လေသည်။ သူမက သူ့ကို အလွန် သဘာဝကျကျခေါ်လိုက်၏။

"ဟော်ချန်ယဲ့၊ ထင်းက မလောက်ဘူးဖြစ်နေတယ်၊ ရှင် သွားခွဲပေးပါလား၊ ကျွန်မ မခွဲတတ်ဘူး"

ယွီရွေ့ကျူးက သူမ လက်ကို ဆန့်ထုတ်ပြရင်း ကလေးတစ်ယောက်လို ညည်းညူလိုက်လေသည်။

"ကြည့်ပါဦး၊ ကျွန်မလက်တွေ နီရဲနေပြီ"

ဟော်ချန်ယဲ့ ငုံ့ကြည့်လိုက်ရာ တကယ်ပင်ဖြစ်နေသည်။

ယွီရွေ့ကျူး လက်များက ဖြူဖွေးပြီး အသားအရေက နူးညံ့သဖြင့် သူမ လက်ဝါးပေါ်ရှိ အနီရောင်အရာများက အသား အရေပေါ်တွင် အထူးသတိပြုမိစရာ ဖြစ်နေ၏။ သူ့ သွယ်လျသောလက်ချောင်းလေးများ၏ ထိပ်များက အနည်းငယ် နီရဲနေလေသည်။

သူ့အိမ်ရှိ ပုဆိန်မှာအသုံးပြုခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး သိပ်မထက်တော့သဖြင့် ထင်းကိုခွဲရန် ခွန်အားအနည်းငယ် လိုအပ်လေသည်။ ရှဲ့ချီကဲ့သို့ လူငယ်တစ်ယောက်ပင် အားအင်စိုက်ရသည်ဖြစ်ရာ ယွီရွေ့ကျူးကဲ့သို့ ခွန်အားစိုက်ရသည့် အလုပ်မျိုး တစ်ခါမှ မလုပ်ဖူးသည်မှာ သိသာထင်ရှားသော လူတစ်ယောက်အတွက်တော့ ပြောစရာပင် မလိုတော့ပေ။

ဟော်ချန်ယဲ့က သူမကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောဘဲ နံရံတွင် ထောင်ထားသော ပုဆိန်ကိုယူကာ ခြံထဲတွင် ထင်းသွားခွဲလေတော့သည်။

မင်္ဂလာဆောင်အတွက် ပြင်ဆင်မှုများကြောင့် အိမ်၌ ထင်းမပေါက်ရသေးသလို ရေစည်ထဲမှာလည်း ရေမရှိသေးပေ။ သို့သော် ဤအလုပ်များသည် ဟော်ချန်ယဲ့အတွက်တော့ အလွန်ရိုးရှင်းလှ၏။

ယွီရွေ့ကျူး၏ လက်ထဲတွင် အလွန်ပင်ပန်းခက်ခဲလှသော ထင်းများမှာ သူ့ အားစိုက်ထုတ်မှုမလိုဘဲ အလွယ်တကူ ကွဲသွားလေသည်။

ယွီရွေ့ကျူးသည် မီးကို တစ်ဝက်တစ်ပျက်သာ မွှေးနိုင်သေးပြီး ဒယ်အိုးအောက်ခြေတွင် မီးခိုးများအပြည့်ဖြစ်နေကာ သူမက ခဏလောက် ယပ်ခတ်နေစဉ် သူမနားထဲတွင် ဟော်ချန်ယဲ့ ထင်းခွဲနေသော အသံများပြည့်နှက်နေသဖြင့် ခေါင်းမော့ကာ လှမ်းကြည့်လိုက်လေ၏။

"ခွပ်"

တစ်ချက်ပြီး တစ်ချက်~

နေ့လယ်ခင်း နေရောင်ခြည်က နွေးထွေးစွာ ထွန်းလင်းနေပြီး ဟော်ချန်ယဲ့က အပြာရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားကာ ထင်းခွဲနေစဉ် သူ့ ကြွက်သားများက တင်းမာနေလေသည်။ မူလက အံဝင်ခွင်ကျဖြစ်နေသော အင်္ကျီမှာ လှုပ်ရှားမှုကြောင့် အနည်းငယ် လိပ်တက်သွားပြီး ဂျုံရောင် ဗိုက်ကြွက်သားများကို အနည်းငယ် ဖော်ပြနေကာ အဝတ်အစားတစ်ခုလုံးမှာ တင်းကျပ်သွားပြီး သူ့ အလွန် ထင်ရှားလှသော ကြွက်သား ကောက်ကြောင်းများကို ပုံဖော်ပေးနေလေသည်။

ဟော်ချန်ယဲ့က မြန်မြန်ဆန်ဆန်ပင် ခွဲထားသော ထင်းများကို ခြင်းတောင်းထဲသို့ လျင်မြန်စွာ ထည့်ကာ ယွီရွေ့ကျူးထံသို့ ယူဆောင်လာလေသည်။ သူက ထူးထူးခြားခြား တစ်ခုခု လုပ်ပေးလိုက်သည်ဟု မခံစားရဘဲ သူ့ မျက်နှာအမူအရာမှာ တည်ငြိမ်နေလေ၏။

"ရပြီ"

ယွီရွေ့ကျူးက သူ့ ကြွက်သားများကို ကြည့်ကာ အနည်းငယ် ကြောင်အမ်းသွားပြီး အတန်ကြာမှ ခေါင်းမော့ကာ သူမ၏ တောက်ပသော မျက်လုံးများဖြင့် ချီးကျူးလိုက်လေသည်။

"ဟော်ချန်ယဲ့၊ ရှင် အရမ်းတော်တာပဲ၊ ရှင့်မှာ ခွန်အားတွေ အများကြီး ရှိတာပဲ"

ဟော်ချန်ယဲ့ မျက်နှာအမူအရာမှာ အနည်းငယ်လှုပ်ရှားသွားပြီး သူမက သူ့ကို တမင်သက်သက် လှောင်ပြောင်နေသည်ဟု တစ်ခဏမျှ ထင်မိသွားလေသည်။ သို့မဟုတ်ပါက ထင်း ပေါက်ရုံလောက် ရိုးရှင်းသည့် ကိစ္စလေးအတွက် သူ့အား အဘယ့်ကြောင့် ဤကဲ့သို့ အမူအရာဖြင့် ချီးကျူးနေရမည်နည်း။

သို့သော် ယွီရွေ့ကျူး၏ ရိုးသားတောက်ပသော မျက်လုံးများကိုကြည့်ရင်း ဟော်ချန်ယဲ့က ရှားရှားပါးပါး တုံ့ဆိုင်းသွားကာ တိတ်ဆိတ်သွားလေတော့သည်။

All Chapters