← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

🐽 Chapter 9

မလှမ်းမကမ်းတွင် အသားခုတ်နေသဖြင့် သစ်သားစဉ်းတီ တုံးမှာ တုန်ခါနေ၏။ ဟော်ချန်ယဲ့၏သန်မာသော လက် မောင်းများပေါ်ရှိ ကြွက်သားများနှင့် သွေးကြောများမှာ တင်းမာနေကာ သူ့အကြည့်မှာလည်း ကိုင်ထားသော ဓားကဲ့သို့ပင် အေးစက်နေလေသည်။

သူ့နားထဲတွင် ကလေးများ၏ကဗျာသီဆိုသံများ အဆက် မပြတ် ကြားနေရသော်လည်း သူက ခေါင်းပင်မမော့ခဲ့ပေ။ ယင်းအရာများကို နားထောင်ရသည်မှာ အသားကျနေ၍ လား၊ သို့မဟုတ် ဆောင်းဦးရောက်မှ စာရင်းရှင်းရန် ကြံရွယ်ထား၍လား ဆိုသည်ကိုတော့ မသိနိုင်ပေ။

ယွီရွေ့ကျူး ဘေးမှကြည့်နေရင်း အကြောင်းပြချက်မရှိဘဲ ဒေါသထွက်လာရသည်။

ဟော်ချန်ယဲ့က သူမကို ဆက်ဆံစဉ်က အလွန်ရက်စက်ခဲ့ပြီး၊ ယခု ဤကလေးများကို ရင်ဆိုင်ရချိန်တွင် အဘယ်ကြောင့် တုံ့ပြန်မှုမရှိရသနည်း။ သူတို့ကို မရိုက်နှက်နိုင်လို့လားဟု တွေးကာ စိတ်တိုနေမိသည်။

တကယ်ကို မုန်းစရာကောင်းလှ၏။

သူမ သွားကိုကြိတ်ကာ ဟော်ချန်ယဲ့၏ ခွဲခြားဆက်ဆံတတ်သော သဘောထားကို မကျေမနပ်ဖြစ်နေမိသည်။ မျက်နှာ ပျက်လျက် ခေတ္တရပ်နေစဉ် ဟော်ချန်ယဲ့က တစ်ခုခုကို ခံစားမိသကဲ့သို့ ခေါင်းမော့လာလေသည်။

သူ့ရှေ့တွင် ရပ်နေသော ယွီရွေ့ကျူးကို မြင်သောအခါ သူ့မျက်နှာထားမှာ အရင်ကထက် သိပ်ပြီး ထူးထူးခြားခြား ပြောင်းလဲမသွားပေ။

ဟော်ချန်ယဲ့ ခံစားချက်မဲ့စွာ ပြောလိုက်လေသည်။

"မင်း ဘာလို့ ဒီရောက်လာတာလဲ"

ယွီရွေ့ကျူး နှာမှုတ်လိုက်ပြီး ဆိုင်ရှေ့သို့ အမြန်လျှောက်သွားကာ မျက်နှာလေးရှုံ့လျက် သူ့ကို စိုက်ကြည့်လိုက်သည်။

"ဘာလို့ လာလို့မရရမှာလဲ၊ ရှင်က ကျွန်မယောက်ျားလေ၊ ဒါက ရှင့်ဝက်သားဆိုင်ဆိုတော့ ကျွန်မမိသားစုပိုင်တဲ့ ဆိုင်ပဲပေါ့၊ ကိုယ့်ဆိုင်ကိုယ်လာကြည့်တာကို သတင်းပို့ဖို့ လိုသေးလို့လား"

သူမ၏သဘောထားမှာ တကယ်ပင် မှန်ကန်နေသည့်အလား ရှိလှ၏။ ဖြူဖွေးနုနယ်သော မျက်နှာလေးပေါ်ရှိ လှပတောက် ပသည့် မျက်လုံးများမှာ ဖန်ပုတီးလုံးလေးများကဲ့သို့ အလင်း ပြန်နေလေသည်။

ဟော်ချန်ယဲ့ အကြည့်လွှဲသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

ဘေးတွင်ရှိသော ရှဲ့ချီမှာမူ ဤမရီးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ အတင်းအဖျင်းစကားများထဲမှ နာမည်ကြီးနေသူကို လူကိုယ်တိုင် မြင်လိုက်ရချိန်တွင် ယွီရွေ့ကျူး၏ ရုပ်ရည်ကြောင့် အံ့သြသွားသလို၊ သူမ စကားများကြောင့်လည်းကြောင်အမ်းသွားရသည်။

ရှဲ့ချီမှာ စိတ်ထဲမှ လန့်သွားပြီး ခေါင်းထဲတွင် ရှုပ်ထွေးသွားလေသည်။

ယွီရွေ့ကျူး၏ ပင်ကိုယ်စရိုက်မှာ သူထင်ထားသည်နှင့် ကွာခြားနေပြီး၊ ဟော်ချန်ယဲ့ကို ဤကဲ့သို့ ရဲရဲတင်းတင်းပြောရဲသူမှာ သူမတစ်ယောက်သာ ရှိမည်ဟုလည်း အံ့သြနေမိ သည်။

ထို့ကြောင့် သူက ရုတ်တရက်စကားပြောရပ်သွားပြီး အချိန်အတော်ကြာ အောင့်ထားပြီးမှ အနေခက်စွာ နှုတ်ဆက်လိုက်ရ၏။

"မရီး၊ မရီး"

"အင်း"

ဟော်ချန်ယဲ့၏အေးစက်သော အကြည့်ကို ရင်ဆိုင်ရင်း သူမက တစ်လမ်းလုံးသယ်လာသော ထမင်းဘူးကို လက်ထဲတွင် မြှောက်ပြကာ ပြုံးပြီး ပြောလိုက်သည်။

"ကျွန်မ နောက်မကျသေးဘူးမလား၊ ရှင့်အတွက် ထမင်းလာပို့တာလေ"

သူမက အရပ် ၁.၉ မီတာကျော်ရှိသော ဟော်ချန်ယဲ့ကို သဘာဝကျကျ တွန်းတိုက်ကာ ဆိုင်အတွင်းသို့ တိုးဝင်သွားလေသည်။

စဉ်းတီတုံးနှင့် အနောက်ဘက်နံရံကြားတွင် အသားကိုင်ရန်နှင့် ငွေသိမ်းရန် လျှောက်လမ်းတစ်ခုရှိသည်။

ပုံမှန်အားဖြင့် ဟော်ချန်ယဲ့နှင့် ရှဲ့ချီတို့သာ ရှိတတ်သော်လည်း ယခုမူ လူတစ်ယောက် ပိုလာခဲ့ပြီဖြစ်သည်။

ယွီရွေ့ကျူး အနောက်ဘက်တွင် နေရာတစ်ခု ရှာတွေ့သွားပြီး ထမင်းဘူးကို တင်ကာ ပြုံးရွှင်စွာ ဖွင့်လိုက်လေသည်။

ရှဲ့ချီ မနေနိုင်ဘဲ အာမေဍိတ်သံ ထွက်သွား၏။

"ဝိုး"

ဟော်ချန်ယဲ့ နှာခေါင်းက လှုပ်ရှားသွားပြီး ယွီရွေ့ကျူးချက်ထားသော အစားအစာများ၏ ယခင်ကဲ့သို့ တူညီသောအနံ့ကို ရလိုက်လေသည်။

သူလည်း ယနေ့အတွက် ထမင်းယူလာခဲ့သည်။ ရာသီဥတုက ပူအိုက်သဖြင့် နွေရာသီတွင် ထမင်းနှင့်ဟင်းများကို ပူပူနွေး နွေးစားစရာ မလိုဘဲ မနက်ပိုင်းက ပူနွေးနေသော ထမင်းများမှာ နေ့လယ်တွင်စားသည့်အခါ အနည်းငယ် နွေးနေဆဲပင်။

သို့သော် ယွီရွေ့ကျူး၏ဟင်းနှင့်ယှဉ်လျှင် အတော်လေး သနားစရာ ကောင်းနေတော့သည်။

ပစ္စည်းရှားပါးသော ဤခေတ်တွင် ဟော်ချန်ယဲ့က ဝက်သတ်သမား ဖြစ်သဖြင့် ယွီရွေ့ကျူးမှာ ဆီနှင့် အသားပါသော အစားအစာများကို စားခွင့်ရစေ၏။

သူမက အိမ်တွင် သန့်စင်ထားသော အရိုးအချို့ကို ထုတ်ယူလိုက်ရာ အသားအကြွင်းအကျန်နှင့် ကြွက်သားအရိုးများသာ ကျန်ရှိတော့ပြီးနောက်၊ အိမ်ရှိ သိုလှောင်ထားသည်များကိုကြည့်ရှုကာ မုန်ညင်းချဉ်ထုပ်တစ်ခုကိုထုတ်ယူပြီးဆေးကြော နယ်ဖတ်ကာ အမြှောင်းလေးများလှီး၍ အိုးထဲတွင် ပြုတ်လိုက်လေသည်။

အသားနည်းလွန်းမည်ကို စိုးရိမ်သဖြင့် သူမက ဝက်သားသုံးထပ်သား အနည်းငယ်ထပ်လှီးထည့်ကာ အိုးထဲမှ မချခင် ကြက်သွန်ဖြူထောင်းနှင့် ကြက်သွန်မြိတ် အနည်းငယ် ဖြူးလိုက်လေသည်။

ယွီရွေ့ကျူးက ထမင်းဘူးထဲသို့ အသားများကို အထူးရွေးထည့်ကာ အရိုးကြီးများပေါ်ရှိ အသားအကြွင်းအကျန်များနှင့် အကြောများကို ခွာယူပြီး အရသာရှိသော ချဉ်ပေါင်ရွက်များနှင့် ရောနှောထားသည့် ချဉ်ပေါင်ရွက် ဟင်းရည်ကိုအပေါ်မှ ဆမ်းလိုက်လေသည်။ တစ်လမ်းလုံး အဖုံးပိတ်လာခဲ့သော် လည်း ယွီရွေ့ကျူးမှာ ထမင်းဘူး ဟနေသောနေရာမှ လွင့်ပျံ့လာသော အသားနံ့သင်းသင်းလေးကိုရနေဆဲပင်။

ယွီရွေ့ကျူး လမ်းမေးလာစဉ်ကပင် လူအများအပြားမှာ တံတွေးမြိုချကာ နှုတ်ခမ်းထောင့်များကိုသုတ်ရင်း သူမကို လမ်းညွှန်ခဲ့ကြရသည်။

ထို့အပြင် မနေ့ကကျန်သော ခရမ်းသီးကို ဝက်ဆီဖတ်များဖြင့် အစာသွပ်ကာ ပြောင်းဖူးမှုန့်နှင့် ခေါက်ဆွဲများကို သိုလှောင်ရုံမှယူ၍ ပြောင်းဖူးမှုန့် ပေါက်စီများ လုပ်လိုက်လေသည်။

အိုးထဲတွင် ဝက်ဆီများ ပူလာသောအခါ ပြောင်းဖူးမှုန့် ပေါက်စီများကို အိုးထဲသို့ တစ်ခုပြီးတစ်ခုထည့်ကာ မျက်နှာ ပြင်ရွှေရောင်သန်းပြီး ကြွပ်ရွလာသည်အထိ ဆီဖြင့် ကြော်ပြီးနောက် ဆယ်ယူလိုက်လေသည်။

ဟော်ချန်ယဲ့က အစားများမှန်း သိသဖြင့် သူမက ခုနစ်ခု၊ ရှစ်ခုခန့် ကြော်လာခဲ့ပြီး သူမ စားရန်နှစ်ခုချန်ထားကာ ကျန်သည်များကို ယူလာခဲ၏။

စားရန် မလောက်မည်ကို စိုးရိမ်သဖြင့် ထမင်းကိုလည်း ပန်းကန်လုံးကြီးဖြင့် အပြည့်ထည့်လာခဲ့သည်။

ထမင်းဘူးကို ဖွင့်လိုက်သည်နှင့် ကြွပ်ရွပြီး ရွှေရောင်သန်းနေသော ပေါက်စီများ၊ ဆီနှင့် အသားနံ့များ သင်းပျံ့နေသော ချဉ်ပေါင်ရွက်ဖြင့် ပြုတ်ထားသည့် အရိုးကြီးများက လူများကို အလွန် ပြင်းထန်သော အမြင်အာရုံ ထိတွေ့မှုကို ပေးစွမ်းနိုင်ပြီး မွှေးကြိုင်သော အနံ့များက ပတ်ဝန်းကျင်သို့ လွင့်ပျံ့သွားတော့သည်။

ဟော်ချန်ယဲ့နှင့် ရှဲ့ချီတို့သာမက ဘေးပတ်ဝန်းကျင်ရှိ ဈေးသည်များပင် ချက်ချင်း သတိထားမိသွားကြသည်။

ရှဲ့ချီမှာ သွားရည်ကျလာပြီး ဤထမင်းဘူးမှာ ယွီရွေ့ကျူး ဟော်ချန်ယဲ့အတွက် ယူလာပေးသည်ကို သိရှိနေသော်လည်း တံတွေးများကို ဆက်တိုက်မြိုချနေမိတော့သည်။

"အရိုးတွေက၊ ဝိုး၊ မရီး၊ ဒါက အရမ်းမွှေးတာပဲ"

ယွီရွေ့ကျူးက သူ့ကိုကြည့်ကာ ဟော်ချန်ယဲ့၏ သူငယ်ချင်း သို့မဟုတ် ဝန်ထမ်းဖြစ်မည်ဟုခန့်မှန်းပြီး ပေါက်စီတစ်လုံး ကမ်းပေးလိုက်လေသည်။

"နင်လည်း စားလေ၊ ငါ အများကြီး ယူလာတယ်"

ရှဲ့ချီ အရင်က ယွီရွေ့ကျူးအကြောင်း မကောင်းသတင်းများ အများကြီးကြားခဲ့ရပြီး၊ ယခင်က ဟော်ချန်ယဲ့ရှေ့၌ သူမ၏ သတင်းစကား အနည်းငယ်ကို ပြောခဲ့ဖူးသော်လည်း ယခု ကမ်းပေးလာသော ရွှေရောင်သန်းပြီး ကြွပ်ရွနေတဲ့ ပြောင်းဖူးမှုန့် ပေါက်စီတွေကို ကြည့်ရင်း သူက တိုးတိုးလေးချောင်း ဟန့်လိုက်သည်။

ထို့နောက် သူ အမြန်လှမ်းယူကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် မရီး"

ဟော်ချန်ယဲ့ အစားအစာများကို ဖြုန်းတီးရန် ဝန်လေးသဖြင့် သူ့ ထမင်းဘူးကို ကိုင်ထားလျက် အေးစက်သောမျက်နှာ ထားဖြင့် ပြောလိုက်၏။

"ငါ ဒါကို စားလို့ရတယ်၊ နောက်ဆို ထမင်းလာပို့ဖို့မလိုဘူး၊ မင်းဘာသာ မင်း စားပါ၊ အသွားအပြန်ကလည်းမနီးဘူးလေ"

ယွီရွေ့ကျူး မကြားသလို ပြုလုပ်ကာ သူ့အေးစက်နေသော ထမင်းဘူးကို ဆွဲယူလိုက်ပြီး ရွှေရောင်သန်းကာကြွပ်ရွနေသော ပေါက်စီတစ်ခုကို လက်နောက်ပြန်ကမ်းပေးလိုက်သည်။

"ဒါကို အရင်စားပါ၊ အေးသွားရင် အရသာမရှိတော့ဘူး၊ ရှင့်ရဲ့ ထမင်းဘူးကို ကျွန်မယူသွားပြီး ညဘက်ကျမှ ပူပူနွေးနွေး ပေးမယ်၊ ထမင်းအေးတွေချည်း စားနေရင် အစာအိမ်မကောင်းဖြစ်လိမ့်မယ်"

သူမ ပြောဟန်မှာ လက်ထပ်ထားခါစ ဇနီးသည်တစ်ယောက်ကဲ့သို့ ဖြစ်နေသဖြင့် ဟော်ချန်ယဲ့မှာ ထူးဆန်းသလို ခံစားရပြီး သူမကို အကဲခတ်သလို ကြည့်လိုက်မိသည်။

ထို့နောက်မှ အသာထိုင်ကာ စားလေတော့သည်။

အငွေ့တထောင်းထောင်း ထနေသောကြွပ်ရွသည့် ပေါက်စီများက အေးစက်နေသော ဟင်းများထက် သဘာဝကျကျ ပို၍ အရသာရှိလှ၏။ အစားအစာများ အလဟဿ မဖြစ်တော့ကြောင်း သိရသဖြင့် ဟော်ချန်ယဲ့ စိတ်သက်သာရာရသွားလေသည်။

ပြောင်းဖူးမှုန့် ပေါက်စီကို တစ်ကိုက် ကိုက်လိုက်ရာ ကြွပ်ရွသော ခရမ်းသီးအသားများနှင့် ရောနှောနေသော ဆီအကြွင်း အကျန်များက မွှေးကြိုင်ပြီး ကြွပ်ရွနေကာ ပါးစပ်ထဲသို့ အမြန်မထည့်လိုက်လျှင် အရည်များက သူ့လက်ချောင်းများပေါ်သို့ စီးကျသွားမည် ဖြစ်သည်။

အရသာကြောင့် ဟော်ချန်ယဲ့ အနည်းငယ် အံ့သြသွားရသည်။

ဤအစားအသောက်များက လွန်စွာအရသာရှိပြီး ပြီးခဲ့တဲ့ အစားအစာရဲ့ ကြွပ်ရွတဲ့ အနံ့နဲ့ မတူပေ။ ယွီရွေ့ကျူးမှာ ဟင်းချက် အတော်လက်စွမ်းရှိသည်ဟု သူ မှတ်ချက်ချမိသည်။

နေရောင်က တောက်ပနေပြီး ဝက်သားဆိုင် အနီးတွင် လူအနည်းငယ်သာ ရှိကာ ထမင်းစားချိန် ရောက်နေပြီဖြစ်သည့်အတွက် ပတ်ဝန်းကျင်ရှိ လူများမှာ အနံ့ကြောင့် သွားရည်ကျနေကြစဉ် ဟော်ချန်ယဲ့တို့မှာမူ မြိန်ယှက်စွာ စားနေကြလေသည်။

ယွီရွေ့ကျူးက ဆိုင်ပတ်လည်တွင် လက်နောက်ပစ်ကာ လမ်းလျှောက်ရင်း သူတို့ စားပြီးသွားလျှင် ထမင်းဘူးများကို ယူသွားမည်ဟုစဉ်းစားနေမိသည်။

ဆိုင်၏ အနောက်ဘက်တွင် အခန်းတစ်ခန်းရှိပြီး တစ်ဝက်ကို သိုလှောင်ရုံအဖြစ် အသုံးပြုကာ ကျန်တစ်ဝက်ကို အသားများနှင့် ကိရိယာများသိမ်းဆည်းရန် အသုံးပြုလေသည်။

အသားဆိုင်ကို နေရောင်ကာကွယ်ရန်တဲတစ်ခုဖြင့် ထောက် ထားပြီး မျက်နှာချင်းဆိုင်တွင် ဟင်းသီးဟင်းရွက်များ ရောင်းချသော တောင်သူလယ်သမား ဈေးတစ်ခု ရှိလေသည်။

အသားဆိုင်ဘေးတွင် ဆိုင်မရှိဘဲ လမ်းသာ ရှိလေသည်။

ယွီရွေ့ကျူးက ထိုနေရာတွင် ခေါက်တုံ့ခေါက်ပြန် လမ်း လျှောက်နေပြီး ဟိုဟိုဒီဒီ ကြည့်ကာတွေးလေလေ သူမ၏ မျက်လုံးများက ပိုတောက်ပလာလေလေဖြစ်သည်။

ဆိုင်ဘေးရှိ နေရာလွတ်တွင် တခြားတစ်ခုခုထပ်ရောင်းလျှင် ကောင်းမည်ဟု သူမ တွေးနေမိခြင်းဖြစ်သည်။

🐽 Chapter 10

ဟော်ချန်ယဲ့၏ ဝက်သားဆိုင်နှင့် နေရာချင်းထိစပ်နေရာ တစ်ယောက်ဆီကနေ တစ်ယောက် ဧည့်သည်တွေကို ဆွဲဆောင်နိုင်ပြီး ပစ္စည်းရောင်းရလျှင် အဆင်ပြေနိုင်သည်။

သို့သော် ဘာရောင်းလျှင် ကောင်းမည်နည်း။

သူမက ဖြူဖွေးသွယ်လျသော လက်ချောင်းလေးဖြင့် နှုတ်ခမ်းကို ဖိကာ အလေးအနက် တွေးတောနေလေသည်။

ထိုစဉ် အမျိုးသမီးတစ်ဦး ဆိုင်ရှေ့သို့ ရောက်လာကာ ဟိုဒီဒီ လာကြည့်လေသည်။

ဟော်ချန်ယဲ့နှင့် ရှဲ့ချီတို့လည်း စားလက်စကို ထားကာ ဧည့်သည်ကို ကြိုဆိုရန်ထရပ်လိုက်ကြသည်။

စီးပွားရေးလုပ်လျှင် ဤကဲ့သို့သာ။ အစားစားချိန်၊ နားချိန် ပုံသေမရှိပဲ ထမင်းစားရင်းတမ်းလန်း ဧည့်သည်ရောက်လာလျှင် စီးပွားရေးထလုပ်ရတာက ပုံမှန်သာ။

"တစ်ခုခု ဝယ်မလို့လား”

အမျိုးသမီးက ဆိုင်ကိုဝေ့ကြည့်ပြီး သူမ အကြည့်ကရုတ်တ ရက် ရပ်တန့်သွားကာ ဝမ်းသာအားရ ပြောလိုက်လေသည်။

"ရှောင်ဟော်၊ မင်း ဒီဝက်ကလီစာတွေကို လိုသေးလား၊ ဒါတွေက ရောင်းရခက်တယ်၊ လူတွေလည်း သိပ်မစားကြတော့ ယူသွားရင် အလကားဖြစ်မှာပဲ၊ ငါ့ကိုပဲ ပေးလိုက်ပါလား"

ရှဲ့ချီ ရယ်မောကာ မေးလိုက်သည်။

"အစ်မက ဒါကို ဝယ်စားမလို့လား"

အမျိုးသမီးက ပြုံးကာ လက်ယမ်းပြလိုက်၏။

"အို၊ ငါတို့က ရင်းနှီးတာပဲလေ၊ နင် ဘာပဲပြောပြော ငါ ကူညီဖြေရှင်းပေးပါ့မယ်၊ ကျေးဇူးတင်စရာ မလိုပါဘူး၊ ငါတို့က နှစ်ပေါင်းများစွာ အိမ်နီးချင်းတွေဖြစ်ခဲ့တာလေ၊ ရှောင်ဟိုနဲ့ရှောင်ဟော်နဲ့ ရှောင်ချီတို့လည်း ငါ့ကိုမြင်ပြီး ကြီးပြင်းလာကြတာပဲ၊ ငါတို့ကြားမှာ ဘယ်လိုသံယောဇဉ်မျိုး ရှိလဲဆိုတာ သိသားပဲ”

သူမက ရူးကြောင်ကြောင်လုပ်ပြီး ဝက်ကလီစာပုံကို လှမ်းယူရန် ပြင်လိုက်လေသည်။

ဟော်ချန်ယဲ့၏အသားဆိုင်ရှိ သစ်သားပြားမှာ ကျယ်ဝန်းပြီး ရှည်လျားကာ ထိုအမျိုးသမီးမှာ ခြေဖျားထောက်လုနီးပါး ဖြစ်နေပြီး ၎င်းကို လှမ်းယူရန် အလွန် ကြိုးစားအားထုတ်နေရကာ သူမ လက်မောင်းများကို အလွန်ရှည်အောင် ဆန့်တန်းထားပြီး သူမ မျက်လုံးများက တောက်ပနေလေသည်။

ဝက်ကလီစာပုံမှာ ထုပ်ပိုးထားခြင်းမရှိဘဲ ထိုနေရာတွင် ပုံနေသော်လည်း ထိုအမျိုးသမီးက သူမ လက်များ ညစ်ပတ်သွားမည်ဟုမထင်ပေ။

သူမ ယူတော့မည်ကို မြင်လိုက်ရသဖြင့် ဟော်ချန်ယဲ့က ချက်ချင်းဆိုသလို ဘေးရှိသံဇလုံဖြင့် ဝက်ကလီစာများကို အုပ်ကာ သူ့ဘက်သို့ ဆွဲယူလိုက်သည်။

အမျိုးသမီးမှာ ကြောင်အမ်းသွားပြီး မျက်နှာမှာ ချက်ချင်း ပျက်သွားတော့သည်။ယခင်က အပြုံးမှာ မကျေနပ်မှုအဖြစ် ပြောင်းလဲသွားလေသည်။

"ရှောင်ဟော်၊ နင် ဘာလုပ်တာလဲ၊ ငါက ဝက်ကလီစာတောင်း တာလေ၊ နင့်ပုံစံကို ကြည့်ဦး၊ သာမန်လူက ဝက်ကလီစာကို မစားဘူး၊ ပြီးတော့ ပုံမှန်အားဖြင့် ဘယ်သူမှလည်း မဝယ်ကြဘူး၊ တခြားသူတွေကို ပေးရင်လည်း အလကားဖြစ်မှာပဲ၊ ငါတို့ နှစ်ပေါင်းများစွာ အိမ်နီးချင်းတွေ ဖြစ်ခဲ့ကြတာ၊ ငါ့ကို ပေးလိုက်တာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား၊ ငါတို့ ဆက်ဆံရေးက နွေးထွေးနေတာ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား၊ နင်က ဘာလို့ ဒီလိုဖြစ်နေရတာလဲ၊ ဝက်ကလီစာလေး နည်းနည်းပေးဖို့တောင် နှမြောနေတယ်၊ နင့်မှာ အသိတရား မရှိဘူးလား"

ဟော်ချန်ယဲ့က မျက်လုံးဝင်ကာ သူမကို တစ်ချက်ကြည့်လိုက်ပြီး တိုတိုတုတ်တုတ်ပင် ပြောလိုက်၏။

"ငါ ရောင်းမလို့"

"အို၊ နင် ဘာရောင်းမှာလဲ၊ ငါကလွဲရင် ဘယ်သူက ဒါကို ချက်ပြုတ်တတ်မှာလဲ၊ ကောင်းကောင်း မလုပ်တတ်ရင် နံသွားမှာပဲ၊ ဘယ်လောက်တောင် နှမြောစရာကောင်းလိုက်လဲ”

ဟော်ချန်ယဲ့ ဘာမျှမပြောမီ ဘေးတွင် ရှင်းလင်းစွာမြင်တွေ့နေရသော ယွီရွေ့ကျူးက ရယ်စရာကောင်းသည်ဟု ထင်သဖြင့် ရယ်မောလိုက်လေသည်။

ဤခေတ်တွင် အိမ်တိုင်းမှာ ကလေးအများကြီးမွေးကြပြီး ထိုလောက် လူများများကို ကျွေးမွေးဖို့က မလွယ်ကူ‌ချေ။ ဝက်တွေကိုကျွေးဖို့ ပိုလျှံနေတဲ့ အစားအစာလည်း မရှိပေ။

တစ်ယောက်ယောက်က ဝက်ပေါက်လေးတွေ ဝယ်ပြီးအစာ ကျွေးရန် နှမြောခဲ့လျှင် ဝက်ပေါက်လေးတွေက တစ်နှစ်ပတ်လုံး ပိန်လှီပြီး သေးငယ်နေမှာဖြစ်သည်။

ဒီလို အခြေအနေမျိုးတွင် ဤဆီနှင့် ရေနည်းနည်းလေးကပင် အင်မတန် ရှားပါးလာ၏။ ဝက်များက တကယ်ပဲ ကိုင်တွယ်ရခက်သော်ငြား သူတို့က ဝက်သားတွေဖြစ်သည်။

အသားဆိုသည်မှာ အလွန်ရှားပါးလှရာ ဟော်ချန်ယဲ့က တစ်ဖက်လူကို အလကားပေးရန် အကြောင်းမရှိပေ။

အထူးသဖြင့် ထိုအမျိုးသမီးဘေးရှိ ကောင်လေးကို ယွီရွေ့ကျူး ကြည့်လိုက်သောအခါ လမ်းဆုံတွင် ကဗျာဆိုခဲ့သော ကလေးဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူက မျက်လုံးများ ကလယ်ကလယ်ဖြင့် ဟိုဟိုဒီဒီ ကြည့်နေလေသည်။ ထိုအမျိုးသမီးနှင့် ကလေးမှာ သားအမိများဖြစ်နေ၏။

ထို 'အမာရွတ်မျက်နှာ' ဆိုသည့် ကလေးကဗျာမှာ စဉ်းစားကြည့်ပါက လူကြီးတွေ သင်ပေးထားခြင်းမဟုတ်ပါက ကလေးများက ဤကဲ့သို့ ရှုပ်ထွေးနေတဲ့ ကိစ္စအများကြီးကို သိနိုင်မည်နည်း။

လူကြီးများက ဟော်ချန်ယဲ့ကို ကွယ်ရာတွင် မကောင်းပြောပြီး လှောင်ပြောင်ရန် ကလေးများကို သင်ပေးထားခြင်း ဖြစ်မည်ဟု သူမ သိလိုက်သည်။ ယခုမူ ရှက်ရကောင်းမှန်းမသိဘဲ လာတောင်းနေကြခြင်းပင်။

ဟော်ချန်ယဲ့ မပေးသည့်အခါ သူက မကျေမနပ်ဖြစ်တဲ့ ပုံစံကိုတောင် ပြနေသေး၏။

သူတို့ကို ဘယ်သူက အလိုလိုက်အကြိုက်ဆောင်ပေးနေရမှာလဲ။

ယွီရွေ့ကျူး ဟော်ချန်ယဲ့လက်ကို မြဲမြဲကိုင်ထားလိုက်သည်။ သူမလက်ဝါးက ပေါ့ပါးစွာကျလာသကဲ့သို့ ထင်ရသော် လည်း တကယ်တမ်းတွင်မူ ဟော်ချန်ယဲ့၏လက်ဝါးကို အတူတကွ ဖိထားကာ ဝက်ကလီစာများပါရှိသော သံဇလုံကို တင်းကျပ်စွာ ဖိထားလိုက်လေသည်။

ကောင်းသည့်အခြင်းအရာမဟုတ်သော်ငြား တဖက်လူမှာ ဤမျှ ဆိုးရွားသည့်သဘောထားမျိုးရှိနေပါလျက် ဗြောင်ကျကျ တောင်းဆိုချင်နေသေး၏။ သူမ လုံးဝမပေးနိုင်ပေ။

သူမက နူးညံ့ပြီး သိမ်မွေ့ကာ၊ ချွဲနွဲ့သောအသံဖြင့် ပြောလိုက်လေသည်။

"ယောက်ျား၊ ကျွန်မလည်း ဝက်ကလီစာ စားချင်တယ်၊ လက် ထပ်ပြီး ပထမနှစ်ရက်မှာ အိမ်မှာစားစရာ ဘာမှမရှိတာ ရှင် သိတယ်မလား ၊ ရှင် ကျွန်မကို အချစ်ဆုံးပဲမလား၊ ဒါကို ကျွန်မ လိုချင်တယ်၊ တခြားသူတွေကို မပေးနဲ့နော်”

All Chapters