အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
🐽 Chapter 11
ဘေးနားရှိ ရှဲ့ချီမှာ ယွီရွေ့ကျူး၏ ရုတ်တရက် အသည်းယားစရာ ချွဲနွဲ့မှုကြောင့် တစ်ကိုယ်လုံး အရည်ပျော်ကျမတတ် ဖြစ်သွားကာ မျက်နှာတစ်ခုလုံး နီရဲတက်လာလေသည်။
ဟော်ချန်ယဲ့၏ မျက်နှာထားမှာလည်း ပြောင်းလဲသွားပြီး ယွီရွေ့ကျူးကို အမြန်လှည့်ကြည့်လိုက်သည်။ သူ တစ်ခုခုပြောချင်သော်လည်း အမျိုးသမီးရှိနေသေးသဖြင့် စကားကို မြိုသိပ်ထားလိုက်ရသည်။ သူ ယွီရွေ့ကျူးလက်နှင့် အတူတကွ ထပ်ရက်သားဖြစ်နေသော လက်ဖဝါးကို ငုံ့ကြည့်လိုက်သည်။
သူ၏လက်မှာ ခွန်အားအပြည့်ရှိပြီး ကြမ်းတမ်းကာကျယ် ဝန်းလှသည်။ ဂျုံရောင်သန်းနေသော လက်ဖဝါးပေါ်တွင် အစိမ်းရောင်သွေးကြောများနှင့် အဆစ်အမြစ်များက ထင်ရှားနေသည်။ ယွီရွေ့ကျူး၏လက်လေးမှာမူ ဖြူဖွေးနူးညံ့ကာ သေးငယ်လှသဖြင့် သူ့လက်နှင့် ယှဉ်လိုက်လျှင် သိသိသာသာ အရောင်ကွဲပြားမှုကို ဖြစ်ပေါ်စေသည်။
ဟော်ချန်ယဲ့မှာ ယွီရွေ့ကျူးထံမှ နွေးထွေးမှုကို ခံစားနေရပြီး သူမ၏လက်ဖဝါးလေးက သူ၏လက်ဖမိုးကို ဖုံးလွှမ်းထားလေသည်။ သူက မျက်မှောင်ကြုတ်ကာ လက်ကို အမြန်ရုပ်လိုက်သည်။ သူ့လက်က ပေါင်ဘေးသို့ ကျသွားပြီးနောက် ခေတ္တမျှ ကွေးထားမိကာ လက်ချောင်းများက ကြမ်းတမ်းသော အဝတ်စဖြင့် ချုပ်ထားသည့် ခါးစည်းပေါ်တွင် ပွတ်သပ်နေမိလေသည်။
ယွီရွေ့ကျူးက သူ့ကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်ပြီး ဟော်ချန်ယဲ့၏လက်ကို ဖယ်ရန် လက်မြှောက်လိုက်ကာ အုပ်ထားသော သံဇလုံကို မလိုက်သည်။ ဝက်ကလီစာများကို ဇလုံထဲသို့ ထည့်ရန် ကိရိယာများကို သဘာဝကျကျ ကိုင်တွယ်လိုက်ပုံမှာ အချိန်မရွေး ယူသွားတော့မည့်ပုံပေါက်နေလေသည်။
ထိုအမျိုးသမီးမှာ ဘေးမှနေ၍ စိုးရိမ်နေပုံရပြီး သူမ မျက်နှာမှာ သဘာဝမကျဘဲ ဟော်ချန်ယဲ့ကိုကြည့်ကာ အတင်းပြုံးပြလိုက်သည်။
"ရှောင်ဟော်၊ လူငယ်တွေက ဒါကို ဝမ်းသာအားရ စားတယ်ဆိုတာ ငါ တစ်ခါမှမကြားဖူးပါဘူး၊ ပြီးတော့ ဒါက ဆေးကြောရတာလည်း ရှုပ်တယ်၊ နင် သေချာပေါက် ကောင်းကောင်းလုပ်တတ်မှာ မဟုတ်ဘူး၊ ပစ္စည်းတွေ အလကားဖြစ်သွားရင် မကောင်းပါဘူး၊ နင် တကယ်စားချင်ရင် ငါ့ကိုသာ ပေးလိုက်လေ၊ ငါ လုပ်ပြီးရင် နင့်ကို ဝေပေးမယ်၊ ဒါဆို အဆင်လည်းပြေတယ်၊ ရှုပ်လည်း မရှုပ်တော့ဘူး၊ ငါလည်း အရမ်းမပင်ပန်းပါဘူး"
ရှဲ့ချီက ရယ်မောကာ ဝင်ပြောလိုက်သည်။
"အဲ့ဒါက သိပ်မကောင်းပါဘူး အစ်မရယ်၊ ဒါက ရောင်းဖို့လေ၊ အစ်မ တကယ်နှမြောတယ်ဆိုရင် ဝယ်ပြီးမှ ပြန်လုပ်လိုက်ပေါ့"
အချိန်အတော်ကြာ ပြောပြီးသည့်တိုင် သူမက အလကားလိုချင်သည့် စိတ်ကူးကို မစွန့်လွှတ်သေးပေ။ အမျိုးသမီးမှာ အနည်းငယ် ဒေါသထွက်လာပြီး သူမ၏လေသံမှာ အပြစ် တင်သလိုလို၊ ချော့မော့သလိုလို ဖြစ်လာသည်။
"အို၊ ကိုယ့်မိန်းမဆိုတော့လည်း ကွာတာပေါ့လေ၊ ငါက နင်တို့ အိမ်နီးချင်းတွေနဲ့ နှစ်ပေါင်းများစွာအတူနေလာတာ၊ နောက် ဆုံးတော့လည်း လက်ထပ်ခါစ ချွေးမလေးကို မမီပါဘူး၊ ရှောင်ဟော်၊ ရှောင်ချီ၊ နင်တို့က အစ်မကို တကယ်စိတ်ပျက်အောင်လုပ်တာပဲ"
ရှဲ့ချီ ပြုံးပြီး သူမကို ကြည့်လိုက်သည်။
"အစ်မကလည်း ဘာတွေပြောနေတာလဲ၊ ငါတို့ရွာမှာ အိမ်နီးချင်းတွေ အများကြီးရှိတာ၊ ငါတို့ စီးပွားရေးလုပ်ပြီး တစ်အိမ်တက်ဆင်း လိုက်ပို့ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ၊ ပြီးတော့ အိမ်နီးချင်းနဲ့ ကိုယ့်မိန်းမကို ယှဉ်ရင် ကိုယ့်မိန်းမက ပိုအရေးကြီးတာပေါ့၊ ဒါက သဘာဝပဲ မဟုတ်ဘူးလား၊ မရီးနဲ့ အစ်ကိုဟော်က မိသားစုတွေလေ၊ မရီးစားချင်တာကို အရင်ဦးစားပေးရမှာပေါ့"
ယွီရွေ့ကျူး မျက်လုံးများ မှေးကြည့်လိုက်ပြီး ရှဲ့ချီ၏စကားများမှာ ထူးဆန်းသော်လည်း နားထောင်ကောင်းသည်ဟု တွေးလိုက်မိသည်။ ဘေးရှိ ဟော်ချန်ယဲ့မှာ မျက်မှောင် အနည်းငယ်ကြုတ်လိုက်သော်လည်း ဤအခြေအနေတွင် သူက ရှဲ့ချီ၏စကားကို မငြင်းဆန်ခဲ့ပေ။ သို့သော် သူက ဤကဲ့သို့ အဓိပ္ပာယ်မရှိသော စကားများကို ပြောရသည်ကို မကြိုက်သဖြင့် သူ့သဘောထားမှာ ပြတ်သားနေလေသည်။
မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးကို ခပ်စူးစူးကြည့်ကာ ဟော်ချန်ယဲ့၏အမာရွတ်ရှိသော မျက်နှာက အနည်းငယ်မော့လာလေသည်။
"ခင်ဗျား ဝယ်ချင်ရင် ဝယ်သွား၊ အလကားတော့ မပေးနိုင်ဘူး"
သူက အရပ်ရှည်ပြီးသားဖြစ်သည့်အပြင် ထိုအမာရွတ်နှင့်အတူ လူများကို ပြင်းထန်သော ဖိအားပေးနိုင်စွမ်းရှိလေသည်။ သူက အရမ်းကြီးလေးနက်သော စကားမျိုး မပြောခဲ့သော်လည်း မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီး ခန္ဓာကိုယ်လေးပင် တုန်ရီသွားလေသည်။
ဟော်ချန်ယဲ့၏ သဘောထားမှာ ပြတ်သားကြောင်း သူမ သိသွားပြီဖြစ်၍ ဟော်ချန်ယဲ့ကို အနည်းငယ် ကြောက်လန့်သွားကာ ထပ်မံ၍ ဘာမျှ မပြောတော့ပေ။ ယွီရွေ့ကျူး ဤသည်ကို မြင်သောအခါ နှုတ်ခမ်းမဲ့လိုက်ပြီး ပစ္စည်းများကို သူမရှေ့သို့ တင်လိုက်လေသည်။
အမှန်တွင် အထုပ်သေးသေးလေး တစ်ထုပ်သာဖြစ်သော် လည်း နှလုံး၊ အသည်း၊ အဆုတ်၊ ကျောက်ကပ်၊ အူနှင့် သရက်ရွက် စသည်ဖြင့် အစုံအလင် ပါဝင်လေသည်။ ယွီရွေ့ကျူးက ပစ္စည်းများနည်းနေသည်ကို မြင်သဖြင့် ဟော်ချန်ယဲ့ဆိုင်မှ ဝက်အမြီးအချို့နှင့် ဝက်ခြေထောက်အချို့ကို ပေါ်တင်ပင် ထပ်ထည့်လိုက်လေသည်။
'အင်း၊ အခုမှ ပြည့်လျှံသွားတော့တယ်'
ဤအရာအားလုံးကို လုပ်ပြီးနောက် ယွီရွေ့ကျူးကမျက်နှာ ချင်းဆိုင်ရှိ အမျိုးသမီးကို ပျင်းရိစွာ ကြည့်ကာ ပြုံးလိုက်လေသည်။
"အစ်မ၊ စိတ်မပူပါနဲ့ ပစ္စည်းတွေ သေချာပေါက် အလကားဖြစ်သွားမှာ မဟုတ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ဒီဝက်ကလီစာက ကောင်းတဲ့အရာပဲ၊ ရောင်းရင်တောင် ပိုက်ဆံအများကြီး ရတာလေ၊ ကျွန်မ သေချာပေါက် ကောင်းကောင်းလုပ်မှာပါ"
ထို့နောက် ဆက်ပြောလိုက်သည်။
"အရသာက ဘယ်လိုပဲဖြစ်ဖြစ် ဗိုက်ထဲရောက်သွားရင်တော့ အလကားမဖြစ်တော့ပါဘူး၊ ပြီးတော့ ကျွန်မတို့ဗိုက်ထဲ ရောက်သွားရင် အနည်းဆုံးတော့ တခြားသူများကို ကွယ်ရာမှာ မကောင်းပြောမှာ မဟုတ်ဘူးလေ၊ အစ်မ ဘယ်လိုထင်လဲ"
ယွီရွေ့ကျူးက ကလေးကို ကဗျာဆိုရန် သွေးထိုးပေးမှုနှင့် ဟော်ချန်ယဲ့ကို စောင်းမြောင်းပြောဆိုမှုအတွက် အမျိုးသမီးကို ပေါ်တင်ပင် စွပ်စွဲလိုက်ခြင်း ဖြစ်သည်။ ဇာတ်ကြောင်းက ရှင်းလင်းစွာ ပြောင်းပြန်ဖြစ်သွားသဖြင့် အမျိုးသမီး၏ မျက်နှာမှာ တစ်ခဏအတွင်း ပြာရာမှနီသွားကာ တစ်ခုခု ပြောချင်သော်လည်း ငြင်းဆိုရန် မလွယ်ကူသဖြင့် နောက်ဆုံးတွင် မျက်နှာကို လက်နှင့်အုပ်ကာ ကလေးကိုဆွဲပြီး အရှက်တကွဲ အမြန်ထွက်ခွာသွားလေတော့သည်။
ဤသည်ကို မြင်သောအခါ ရှဲ့ချီက မနေနိုင်ဘဲ ရယ်မောကာ ချီးကျူးလိုက်လေသည်။
"မရီးက တကယ် ပြောတတ်တာပဲ၊ နှုတ်သွက်လိုက်တာ၊ ဘာပဲဖြစ်ဖြစ် အားလုံးက အိမ်နီးချင်းတွေဆိုတော့ အစ်ကိုဟော်နဲ့ ကျွန်တော်က ဘာမှမပြောနိုင်ဘူးလေ၊ မရီးရဲ့ စကားကြောင့် ကျွန်တော် တကယ်ကို လွတ်လပ်ပေါ့ပါးသွားတာပဲ"
ယွီရွေ့ကျူးက ပြုံးကာ ဘာမျှမပြောဘဲ စားပြီးသွားချိန်တွင် ထမင်းဘူးနှင့် ဝက်ကလီစာများကို ယူသွားလေသည်။
"ဒီဟာကို သူမကို ပေးလိုက်တာထက် ကျွန်မကို ပေးလိုက်တာက ပိုကောင်းပါတယ်၊ ဒီည နှပ်ထားပြီး မနက်ဖြန် ရှင်တို့ကို နည်းနည်း ပေးမယ်လေ"
ရှဲ့ချီက ယွီရွေ့ကျူး အရင်က ဝက်ကလီစာ စားချင်သည်ဟု ပြောခဲ့ခြင်းမှာ လူများကို ခြောက်လှန့်ရန် တမင်သက်သက် လုပ်ခဲ့ခြင်းဟု ထင်ခဲ့သော်လည်း သူမက တကယ်လုပ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဒီပစ္စည်းတွေ တကယ်ပဲ အလကားဖြစ်သွားမှာ မဟုတ်ဘူးလား။
ရှဲ့ချီက တုံ့ဆိုင်းနေသော်လည်း အောင့်ထားပြီး စကားမပြောခဲ့ပေ။ ယွီရွေ့ကျူးက ထိုပစ္စည်းများကို ဈေးသို့ ယူသွားသည်ကို ကြည့်ရင်း သူမက ဟင်းရည်အတွက် ဟင်းခတ်အမွှေးအ ကြိုင်များကို သွားရွေးချယ်နေပုံရလေသည်။
ဆိုင်တွင် သူနှင့် ဟော်ချန်ယဲ့သာ ကျန်ခဲ့ပြီး ရှဲ့ချီက အနည်း ငယ်အံ့သြစွာဖြင့် အပြုံးတစ်ခုကို ဖျစ်ညှစ်ပြုံးလိုက်ပြီး ပြောလာသည်။
"မရီးက ကျွန်တော် တွေးထားတာနဲ့ တခြားစီပဲ၊ သူမက ဒီနေ့ တော်တော်လေး မိုက်နေတယ်၊ အဲ့ဒီ ကောလာဟလတွေက အတုတွေ ဖြစ်နိုင်တယ်နော်၊ လူတွေက တကယ် ကြောက်စရာကောင်းတာပဲ"
ယွီရွေ့ကျူးနှင့် ပတ်သက်ပြီး သူကြားခဲ့ရသည့် ကောလဟာလများက အပျက်သဘောဆောင်တာချည်း ဖြစ်သည်။ ဥပမာအားဖြင့် ဂျစ်ကန်ကန်နိုင်ပြီး စိတ်ကြီးသည်၊ စုန့်ချင်းရှန်းအကြောင်းသာ စိတ်ထဲရှိသည်၊ တစ်ဖက်လူနောက် လိုက်ပြီး အဝတ်လျှော်၊ ထမင်းချက်ပေးသည်၊ ရွာထဲက လူအများနှင့် ဆက်ဆံရေး မကောင်းဟု ဆိုကြသည်။
မည်မျှပင်လှစေကာမူ သူမနှင့် စုန့်ချင်းရှန်း အကြောင်းများကြောင့် ရွာထဲမှ မည်သူကမှ သူမကို မယူရဲကြပေ။ သို့သော် ယနေ့ ရှဲ့ချီ မြင်တွေ့ခဲ့ရသည့် ယွီရွေ့ကျူးကမူ ကောလဟာလများနှင့် ကွာခြားနေသည်။
သူမက တက်ကြွလှုပ်ရှားပြီး စိတ်သဘောထား ကောင်းပုံရသည်။ ဟင်းချက်ကောင်းရုံသာမက စကားပြော ထက်မြက်ပြီး ဟာသဉာဏ်လည်းရှိသည်။ ဟော်ချန်ယဲ့အပေါ် သူမ၏ သဘောထားမှာလည်း အလွန်သက်သောင့်သက်သာရှိလှသည်။
ဟော်ချန်ယဲ့က လမ်းဆုံတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသော ယွီရွေ့ကျူး၏ကျောပြင်ကို စိုက်ကြည့်နေပြီး အချိန်အတော်ကြာမှ ဖြည်းညင်းစွာ ပြောလိုက်လေသည်။
"မင်းက ငါ့ရဲ့ မင်္ဂလာဦးညမှာ ဘာဖြစ်ခဲ့လဲဆိုတာကို မေးချင်နေတာ မဟုတ်လား၊ မင်းထက်စောပြီး ယွီရွေ့ကျူးအကြောင်းကို ငါ သိခဲ့တယ်၊ အဲ့ဒီညကပေါ့"
သူက မင်္ဂလာဦးညတွင် ယွီရွေ့ကျူးက သူ့ကို ဆဲဆိုခဲ့ပြီး မင်္ဂလာပွဲမှ ထွက်ပြေးရန် ပြတင်းပေါက်မှ ခုန်ချရာတွင် ဒဏ်ရာရခဲ့သဖြင့် ဆေးခန်းသို့ ပို့လိုက်ရကြောင်းကို ပေါ့ပေါ့ပါးပါး ပြောပြလိုက်လေသည်။
ရှဲ့ချီမှာ ကြောင်အမ်းသွားလေသည်။
"ဟင်၊ ဒါဆို သူမ၊ အခု သူမက ဟန်ဆောင်နေတာ ဖြစ်နိုင်မလား၊ အစ်ကိုဟော် သတိလက်လွတ်ဖြစ်မယ့်အချိန်ကို စောင့်ပြီးမှ ထွက်ပြေးဖို့လား"
ဟော်ချန်ယဲ့ ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။
"ငါ သူမကို မိဘအိမ်ပြန်ပို့ပြီး ကွာရှင်းမယ်လို့ ပြောခဲ့တယ်၊ သူမရဲ့ ဆန္ဒကို ဆန့်ကျင်ဖို့ ငါ တစ်ခါမှ မတွေးဖူးဘူး။ ဒါပေမယ့် သူမက ငြင်းခဲ့တယ်"
ဟော်ချန်ယဲ့က ယွီရွေ့ကျူးကို မိဘအိမ် ပြန်သွားရန် မတား ဆီးခဲ့သလို သူမကို လွတ်လပ်ခွင့်ပေးရန် ကွာရှင်းဖို့ကိုပင် ဦးဆောင် တောင်းဆိုခဲ့လေသည်။ သို့သော် ယွီရွေ့ကျူး၏ သဘောထားက တကယ်ကို ထူးဆန်းနေသည်။ ညဘက်တွင် သူမက သူ့ကို ဆဲဆိုခဲ့သော်လည်း အိပ်ပျော်သွားပြီးနောက် တွင်မူ အလွန် အေးချမ်းသွားပြီး သူ့နှင့်အတူ နေချင်သည့်ပုံစံမျိုး ဖြစ်ကာ ကွာရှင်းရန်လည်း စိတ်ကူးမရှိပုံပေါ်သည်။
နားမလည်နိုင်စရာ၊ တကယ်ကို ထူးဆန်းနေသည်။ ရှဲ့ချီမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ဟော်ချန်ယဲ့အတွက် မိန်းမရရန်မှာ တကယ်ကို ခက်ခဲလွန်းသည်ဟုသာ ခံစားရလေသည်။
သူက တီးတိုးရေရွတ်လိုက်သည်။
🐽 Chapter 12
"ဒီလိုမှန်းသိရင် မိဘတွေစေ့စပ်ပေးထားတဲ့သူကို သွားမရှာသင့်ဘူး။ ဘယ်သူကမှ အစ်ကိုဟော်ကို အတင်းအကျပ် မတိုက်တွန်းခဲ့ပါဘူး။ အခု ချင်စုလန်က စိတ်ပူစရာ မလိုတော့ပေမယ့် ယွီရွေ့ကျူးက ပြဿနာ ပြန်ရှာနေပြီ၊ အစ်ကိုဟော်က တကယ်ပဲ"
ချင်စုလန် ဟူသည့် နာမည်ကို ပြောလိုက်ချိန်တွင် ရှဲ့ချီ၏ အသံမှာ သိသိသာသာ တိုးသွားလေသည်။ ဟော်ချန်ယဲ့၏ မျက်နှာအမူအရာမှာ မပြောင်းလဲဘဲ အသားစဉ်းတီတုံးကိုသာ ရှင်းလင်းရန် ခေါင်းငုံ့လိုက်လေသည်။ ရှဲ့ချီက သက်ပြင်းအနည်းငယ်ချလိုက်ပြီး ယွီရွေ့ကျူးအပေါ် သူ၏ သဘောကျမှုမှာ တဖြည်းဖြည်း လျော့ကျသွားလေသည်။
သူသည် ငယ်စဉ်ကတည်းက ဟော်ချန်ယဲ့၏ နောက်လိုက်ဖြစ်ခဲ့ပြီး ကြီးလာသောအခါတွင်လည်း ဟော်ချန်ယဲ့က သူ့ကို ကာကွယ်ပေးခဲ့သဖြင့် ယခုဘဝကို ရရှိခဲ့ခြင်း ဖြစ်သည်။
သူ့အတွက်မူ မင်္ဂလာဦးညက ယွီရွေ့ကျူးပြောခဲ့သည့် ကြမ်းတမ်းသော စကားများ၊ ဟော်ချန်ယဲ့၏ အမာရွတ်များကို ရွံရှာလှောင်ပြောင်ခဲ့သည့် စကားများက သူမအပေါ် ထားရှိသည့် သဘောကျမှုကို သုညအထိ ကျဆင်းစေရန် လုံလောက်နေပြီဖြစ်သည်။
သူတိုက အစ်ကိုဟော် ဘယ်လိုလူမျိုးလဲဆိုတာ လုံးဝ နားမလည်ကြပေ။ အားလုံးက လူတစ်ယောက်ကို အပြင်ပန်းသဏ္ဍာန်နှင့်သာ ဆုံးဖြတ်ကြပြီး အဆိုးမြင်စိတ်ဖြင့် ခန့်မှန်းကြသည်။ သို့သော် ရွာတစ်ရွာလုံးတွင် အကောင်းဆုံးလူမှာ ဟော်ချန်ယဲ့ဖြစ်သည်ကို သူသိသည်။
ရှဲ့ချီက မျက်မှောင်ကြုတ်ကာ ဝက်သားများကို ရှင်းလင်းနေရင်း စိတ်မသက်မသာ ဖြစ်နေလေသည်။
ဘေးရှိ ဟော်ချန်ယဲ့က မျက်မှောင်ကြုတ်ကာ ဈေးလမ်းဆုံသို့ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သော်လည်း ယွီရွေ့ကျူးမှာ ထိုနေရာတွင် မရှိတော့ပေ။ မိုးချုပ်သောအခါ ဟော်ချန်ယဲ့က ဆိုင်တံခါးကို သော့ခတ်ပြီး အိမ်သို့ လမ်းလျှောက်ပြန်လာခဲ့သည်။
ပြန်ရောက်သောအခါ ခြံထဲသို့ မဝင်ခင်ကတည်းက နှပ်ထားသော မွှေးပျံ့သည့် အနံ့ကို ရလိုက်သည်။ ယွီရွေ့ကျူးက တကယ်ပင် ဝက်ကလီစာများကို နှပ်ထားခြင်းဖြစ်သည်။ အရာအားလုံးကို သူမ ရှင်းလင်းထားကာ ကျေးလက်ဒေသသုံး သံဒယ်အိုးထဲတွင် ဆူပွက်နေပြီး ဟင်းရည်မှာ နီရဲတောက်ပနေကာ မွှေးကြိုင်လှသည်။
ယွီရွေ့ကျူးက မြေကြီးပေါ်တွင် ကုန်းကုန်းကွကွ ထိုင်ကာ ထင်းများကို မွှေနေလေသည်။ သူမက အရမ်းထက်မြက်သည်။ ပထမဆုံးအကြိမ်တွင် မီးခိုးများကြောင့် သူမမျက်နှာလေး မည်းသွားသော်လည်း ဒုတိယအကြိမ်တွင်မူ ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်နေပြီ ဖြစ်သည်။
ဒယ်အိုးအောက်ခြေရှိ ထင်းများမှာ မီးသွေးခဲများအဖြစ် လောင်ကျွမ်းနေပြီး မီးဖိုထဲတွင် အပြည့်အဝ မငြိမ်းသေးသော မီးသွေးနီ အနည်းငယ် ရှိနေသေးသည်။ ဟော်ချန်ယဲ့ ပြန်လာသည်ကို မြင်သောအခါ သူမက ခေါင်းစောင်းကာ မျက်နှာကို မော့လိုက်ပြီး တောက်ပသောအပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"အာ၊ ပြန်ရောက်ပြီလား၊ မီးသွေးပေါ်မှာ အာလူးနည်းနည်း ဖုတ်ထားတယ်၊ ရှင် စားချင်လား၊ အရမ်းမွှေးတယ်နော်၊ ပြီးတော့ နှပ်ထားတဲ့ ဝက်သားတွေထဲမှာ အသားချည်းပဲ ထည့်ရမှာ နှမြောစရာကောင်းလို့ သက်သက်လွတ် ဟင်းသီးဟင်း ရွက် တချို့လည်း ရှာထည့်ထားတယ်။ ညကျရင် ငါတို့ အဲ့ဒါကို ဟင်းအနေနဲ့ စားကြမယ်၊ တော်တော်လေးအရသာရှိတယ်"
သူမက အမြန်ထရပ်ကာ ဒူးပေါ်ရှိ ဖုန်များကို ခါလိုက်ပြီး လက်ဆေးကာ ဟင်းခူးရန် ပြင်ဆင်လိုက်လေသည်။
ဟော်ချန်ယဲ့ "အင်း"
ဟော်ချန်ယဲ့ တိုတိုတုတ်တုတ်သာ ပြန်ပြောလိုက်သည်။
ဒယ်အိုးဘေးတွင် သစ်သားခြင်းတောင်းငယ်လေးတစ်ခု တင်ထားပြီး ၎င်းထဲတွင် ဖုတ်ပြီးသား အာလူးအချို့ရှိနေသည်။ အာလူးအချိုမျက်နှာပြင်တွင် ပြာများ တစ်လွှာ ဖုံးအုပ်နေလေသည်။
ဟော်ချန်ယဲ့က ခြင်းတောင်းကိုယူကာ အိမ်ထဲသို့ ဝင်ရန် ပြင်လိုက်စဉ် ပူနွေးသော လေပြေတစ်ခုနှင့်အတူ ကျက်ပြီးသား အစားအစာများ၏ အနံ့က သူ၏မျက်နှာဆီသို့ တိုက်ခတ်လာသည်။ ကျက်ပြီးသား အစားအစာများကို ခန်ပေါ်ရှိသစ်သားစားပွဲပေါ်တွင် တင်ထားသည်။
ယခင်က သူတစ်ယောက်တည်း နေထိုင်ခဲ့သည့် ဤအခန်းထဲတွင် ရုတ်တရက် အသက်ဝင်သော အငွေ့အသက်များ ပိုများလာသကဲ့သို့ ခံစားရသည်။ အိမ်ထဲသို့ဝင်မည့် ခြေလှမ်းများက အနည်းငယ် တုံ့ဆိုင်းသွားပြီး ဟော်ချန်ယဲ့ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။
ယွီရွေ့ကျူးက သူမခူးလာသော ဟင်းလျာများနှင့်အတူ အနောက်မှနေ၍ သူ့ကို အိမ်ထဲသို့ တွန်းပို့လိုက်ပြီး ပြုံးကာ စကားစပြောလေသည်။
"နေ့လယ်က ပြောင်းဖူးမှုန့် ပေါက်စီ စားရတာ ဘယ်လိုနေလဲ၊ ရှင် ကြိုက်တယ်ဆိုရင် နောက်တစ်ခါ ပိုလုပ်ပေးမယ်၊ နေ့လယ်က ရှင့်အတွက် ယူလာပေးပြီး ကျန်တဲ့နှစ်ခုကို ကျွန်မ စားလိုက်တယ်၊ ညစာအတွက်တော့ မရှိတော့ဘူး၊ အခု ဒါတွေနဲ့ပဲစားထားလိုက်နော်၊ မနက်ဖြန်ကျမှ ကျွန်မပိုလုပ်ထားပေးမယ်”
ဟော်ချန်ယဲ့က စားပွဲပေါ်ရှိ ခမ်းနားသော အစားအစာများကို တစ်ချက်ကြည့်လိုက်သည်။
"လုံလောက်ပြီ၊ အများကြီး ဖြစ်နေပြီ"
ပြောင်းဖူးပေါက်စီနှင့် ချဉ်ဖတ်ကိုသာ ခပ်ပေါ့ပေါ့ စားခဲ့ရသော အစားအစာများနှင့် ယှဉ်လျှင် သူ့ရှေ့က ဟင်းလျာများမှာ ပွဲတော်ကြီးသဖွယ် ဖြစ်နေသည်။
"အိုကေ"
ယွီရွေ့ကျူးက နှုတ်ခမ်းထောင့်များကို ကွေးလိုက်ပြီး ထမင်းတစ်ပန်းကန်ကိုယူကာ ခန်ပေါ်သို တက်ပြီးနောက် ဟော်ချန်ယဲ့၏မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ ထို့နောက် သူမ ချက်ထားသော အစားအစာများကို နည်းနည်းချင်းစီ စတင် စားသောက်လေတော့သည်။
အထူးသဖြင့် နှပ်ထားသော ဟင်းလျာများကို သူမက အဓိက အာရုံစိုက် စားသုံးလေသည်။
ဟင်းပစ္စည်းနည်းနေသောကြောင့် ယွီရွေ့ကျူးက ၎င်းထဲတွင် ပဲတောင့်အချို့၊ အာလူးပြားများနှင့် ကြက်ဥများ၊ ထို့အပြင် သူမ ရှာတွေ့သော ရေစိမ်ထားသည့် မှိုခြောက်အချို့ကိုပါ ထည့်ထားခြင်းဖြစ်သည်။
'အင်း၊ အာလူးပြားတွေက ကြွပ်ရွနေပြီး မှိုတွေကလည်း အရမ်းအရသာရှိတာပဲ'
ဟော်ချန်ယဲ့က နှစ်ဖတ်ခမျှ စားပြီးနောက် နှပ်ထားသော ကြက်ဥများကို ကြည့်ကာပြောလိုက်သည်။
"နောက်တစ်ခါ ဒီလောက် အများကြီးမလုပ်နဲ့"
ဤခေတ်ကာလတွင် ကြက်ဥမှာ အလွန်တန်ဖိုးရှိသော အရာဖြစ်သည်။ မီးဖွားပြီးစ လူများအတွက် ခန္ဓာကိုယ်ကိုအား ဖြည့်ရန် လိုအပ်တဲ့အချိန်မှသာ တန်ဖိုးထားပြီး ကျွေးလေ့ရှိကြသည်။ ဤကြက်ဥများမှာ မူလက သူ ဈေးတွင် သွားရောင်းရန် သိမ်းထားခြင်းဖြစ်သည်။ ယွီရွေ့ကျူးက ဒေါသမထွက်ဘဲ သူ့ကို ပြုံးလျက် ဆက်မေးလိုက်သည်။
"အရသာ ဘယ်လိုနေလဲ? အရသာရှိလား"
ဟော်ချန်ယဲ့က အနည်းငယ် ရပ်တန့်သွားပြီး ရိုးသားစွာ ခေါင်းညိတ်ပြလိုက်လေသည်။ ယွီရွေ့ကျူးက အသံထွက်လိုက်ပြီး ပျော်ရွှင်သွားသည်။ သူမ၏ နှုတိခမ်းများကို ပျော်ရွှင်စွာ ပင့်လိုက်လေသည်။
"မနက်ဖြန် ကျွန်မ ရှင့်ကို ပြောစရာ တစ်ခုရှိတယ်"
'အခု ဘာလို့ ပြောမရတာလဲ'
ဟော်ချန်ယဲ့က တွေးမိကာ သူမကို ထူးဆန်းစွာ တစ်ချက်ကြည့်လိုက်သည်။ တစ်ခုခုကို တွေးမိကာ သူ့မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး မျက်မှောင် ကြုတ်သွားလေသည်။
အိပ်မက်မက်ခြင်းမရှိဘဲ တစ်ညလုံး အိပ်ပျော်သွားပြီးနောက် ယနေ့ညတွင် ယွီရွေ့ကျူးမှာ အိပ်ပျော်နေစဉ် အလွန်တိတ် ဆိတ်နေပြီး ဟော်ချန်ယဲ့၏ အိပ်ရာထဲသို့ လှိမ့်မဝင်လာသဖြင့် ဟော်ချန်ယဲ့က သူမကို အကြိမ်အနည်းငယ် ခိုးကြည့်မိလေသည်။
နောက်တစ်နေ့ နေ့လယ် ထမင်းပို့ချိန်တွင် ယွီရွေ့ကျူးက စက်ဘီးတစ်စီးဖြင့် နှပ်ထားသော ဝက်ကလီစာ အိုးကြီး၊ ဟင်းရည်နှင့် အသားများအပါအဝင် မနေ့က သူတို မစားဖြစ်ခဲ့သော သက်သက်လွတ် ဟင်းသီးဟင်းရွက် အချိုကို ယူလာခဲ့လေသည်။
နှပ်ထားသော အသားနံ့မှာ အလွန် ပြင်းထန်ပြီး အထူးသဖြင့် ယွီရွေ့ကျူးက အထူး ထပ်မံ အပူပေးထား သဖြင့် သူမက စက်ဘီးဖြင့် တစ်လမ်းလုံး သယ်လာရာ အနံ့များကတစ်လမ်းလုံး ပျံ့နှံ့သွား၏။ ဖြတ်သွားသော ရွာသားအများအပြားက နောက်လှည့်ကြည့်ကာ အနံ့ခံကြည့်ကြလေသည်။
"အရမ်း မွှေးတာပဲ”
"အဲ့ဒါက ဘာလဲ၊ အရမ်း မွှေးတာပဲ”
ဝက်သားဆိုင်သို့ ရောက်ခါနီးတွင် ယွီရွေ့ကျူးက လမ်းပေါ်၌ အခြားသူများနှင့် ကစားနေသော ကလေးကို မြင်လိုက်သည်။ မနေ့က ကလေးကဗျာ ဆိုခဲ့သော ကောင်လေး ဖြစ်သည်။ သူက ဤပြင်းထန်သော အနံ့ကို ရရှိသည်နှင့် ယွီရွေ့ကျူးဆီသို့ တောက်ပသော မျက်လုံးများဖြင့် ပြေးလာကာ တောင်းဆိုလေသည်။
"အန်တီ၊ အရမ်းမွှေးတာပဲ၊ ဒါ ဘာလဲ၊ ကျွန်တော် မြည်းကြည့်လို့ ရမလား၊ ကျွန်တော် နည်းနည်းလေးပဲ မြည်းကြည့်ရုံပါ"
မနေ့က အမျိုးသမီးကဲ့သို့ ကလေး၏ သဘာဝကျသော တောင်းဆိုသည့် ဟန်အမူအရာကို ကြည့်ရင်း ယွီရွေ့ကျူးက ဒေါသမထွက်ဘဲ အနည်းငယ် ပြုံးလိုက်သည်။
"ရပါတယ်၊ အိုးထဲမှာ နှပ်ထားတဲ့ ဝက်သားရှိတယ်၊ နင်က နောက်နောင် မနေ့က ကလေးကဗျာကို ပြန်မဆိုတော့ဘူး၊ ချန်ယဲ့ဦးလေးကိုလည်း ကွယ်ရာမှာ မကောင်းမပြောတော့ဘူးလို့ ကတိပေးရင် ငါ နင့်ကို နည်းနည်း ပေးမယ်"
ကလေးက ဘာမှမစဉ်းစားဘဲ သွားရည်များကျကာ အမြန်ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ အန်တီ၊ ကျွန်တော် လိမ္မာပါတယ်၊ ပြန်မဆိုတော့ပါဘူး"
"နင် ဆိုလို့ရတယ်၊ ဒါပေမယ့် စာသားပြောင်းရမယ်"
ယွီရွေ့ကျူးက စက်ဘီးကို ရပ်လိုက်ပြီး သူ့အတွက် ဝက်အဆုတ်နှင့် အူအချို့ကို ဖဲ့ပေးကာ သူမ အစောကတည်းက ပြင်ဆင်ထားသော စာရွက်ကို ကလေးထံသို့ ကမ်းပေးလိုက်သည်။
"ဒါကို ဆို"
ကလေးမှာ စာရွက်ကိုကြည့်ကာ ကြောင်အမ်းသွားရလေတော့သည်။