အခန်း (၁၃-၁၄)
Vol. 2 Ch. 13-14
🐽 Chapter 13
ဟော်ချန်ယဲ့နှင့် ရှဲ့ချီတို့သည် နံနက်စောစောကတည်းက စက်ဘီးတွန်းလာသော ယွီရွေ့ကျူးအား မြင်လိုက်ရလေ၏။ သူ့စက်ဘီးအား ယွီရွေ့ကျူးတော်တော်လေး ကျွမ်းကျင်စွာ အသုံးပြုနိုင်လေသည်။
ဟော်ချန်ယဲ့က မျက်လုံးကို အနည်းငယ်ပင့်ကာ သူမကို ခေတ္တမျှ ကြည့်လိုက်ပြီးနောက် သူမ နောက်ခုံပေါ်ရှိ ဒယ်အိုး ကြီးပေါ် သူ့အကြည့်များရပ်တန့်သွားလေသည်။
ရှဲ့ချီမှာ လေထဲတွင် ပျံ့လွင့်နေသော သင်းပျံ့သည့်အနံ့လေးကို အားကုန်ရှူရှိုက်လိုက်ရာ အနည်းငယ် ရင်းနှီးနေသလို ခံစားရပြီး သွားရည်ကျလာသည်အား မထိန်းနိုင်တော့ပေ။
"အစ်ကိုဟော်၊ ဒါ ဘာအနံ့လဲ၊ မရီး လုပ်လာတာလား"
ဉာဏ်ကောင်းသော ဟော်ချန်ယဲ့က ဤသည်မှာ မနေ့ညက အသားနှပ်ထားသော ဝက်သားအိုးဖြစ်ကြောင်းတစ်ချက်ကြည့်ရုံဖြင့်သိလိုက်ပြီး အထဲတွင် ဘာတွေပါမည်ကိုလည်း ခန့်မှန်းနိုင်လေ၏။ သူ စကားမပြောရသေးခင်မှာပင် ယွီရွေ့ကျူး စက်ဘီးကို ပြုံးလျက်တွန်းလာလေသည်။
"ငါ ဝက်ကလီစာ နည်းနည်းလောက် နှပ်လာတာလေ၊ အထဲမှာ အစုံပါတယ်"
ရှဲ့ချီမှာ ကြောင်အမ်းသွားရ၏။
"ဒီလောက်အများကြီးကို ကျနော်တို့ကိုစားဖို့ ပေးတာလား"
ယွီရွေ့ကျူး ပြုံးကာ သူ့ကို တစ်ချက်ကြည့်လိုက်လေသည်။
"လှလှလေး စိတ်ကူးယဉ်နေလိုက်၊ ဒါ ရောင်းဖို့လေ"
ယွီရွေ့ကျူးရုပ်ရည်သွင်ပြင်မှာ တကယ်လှပကြောင်းပြောရပေမည်။ သူမ၏ အသားအရေမှာ ဆိတ်နို့ဖြင့် စိမ်ထားသကဲ့ သို့ဖြူဖွေးနုနယ်နေပြီး မျက်လုံးကို အနည်းငယ်ပင့်ကာ လှမ်းကြည့်လိုက်ချိန်တွင် အနည်းငယ် ကော့တက်နေသော မျက်လုံးထောင့်များနှင့် မျက်ခုံးများက သူမ မျက်လုံးများ လှုပ်မရှားသွားချိန်တွင် ပြင်းထန်သော ဆွဲဆောင်မှုတစ်ခုရှိနေသကဲ့သို့ပင်။
ယွီရွေ့ကျူး၏ ကိုယ်ရည်ကိုယ်သွေးနှင့် အကျင့်စရိုက်ဆိုးများကို အစောကြီးကတည်းက သိထားသော ရှဲ့ချီပင်လျှင် မနေနိုင်ဘဲ ကြောင်အမ်းသွားကာ သူမကို အကြိမ်အနည်းငယ် ထပ်မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားရလေသည်။
ယွီရွေ့ကျူးက အကျင့်စရိုက်ဆိုးပေမယ့် တကယ်လှတာပဲ ဟု သူ တွေးလိုက်မိသည်။
ဘုရားက တကယ်မျက်စိမပါဘူးပဲ။ ဒီလို မုန်းစရာကောင်းတဲ့ အကျင့်စရိုက်မျိုးကို ဒီလိုပန်းပွင့်လေးလိုလှပတဲ့ မျက်နှာမျိုး မှာ ပေးထားရတယ်လို့။
ရှဲ့ချီ စိတ်ထဲတွင် တီးတိုးရေရွတ်နေရင်း ယွီရွေ့ကျူး စကားအဓိပ္ပာယ်ကို ရုတ်တရက်သဘောပေါက်သွားကာ သူ့မျက် လုံးများ ချက်ချင်းပြူးကျယ်သွားလေသည်။
ဝက်ကလီစာ ရောင်းမလို့လား။
ယွီရွေ့ကျူး သူတို့ဆိုင်ဘေးတွင် စက်ဘီးကို ရပ်လိုက်ပြီးနောက် သူတို့အနောက်ဘက်ရှိ သိုလှောင်ရုံထဲသို့ ဝင်ကာ အသုံးမပြုသော ခွေးခြေခုံတစ်ခုကို ယူလာလေ၏။ ယင်းနောက်၌ စက်ဘီးပေါ်ရှိ ဒယ်အိုးကြီးကို ခွေးခြေခုံပေါ်သို့ တင်ရန် သူမက သူတို့ကို သဘာဝကျကျ ခိုင်းစေလိုက်လေသည်။ ၎င်းကို သူတို့၏ဝက်သားဆိုင်ဘေးတွင် ချထားလိုက်လေ၏။
မည်သို့ပင်ဆိုစေ လူတိုင်း၏ အရသာခံစားမှုမှာ မတူညီကြပေ။ ထို့ပြင် ဝက်ကလီစာကို သန့်ရှင်းရေးလုပ်ခြင်းသည် မလွယ်ကူပေ။ အရင်က အမျိုးသမီးပြောခဲ့သလိုပဲ ယွီရွေ့ကျူးက သေချာပေါက် ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ဘူးဟုသာ သူတို့ ထင်ကြသည်။
သို့သော် အိုးအဖုံးကို ဖွင့်လိုက်ပြီးနောက် တစ်ခဏအတွင်း မျက်နှာဆီသို့ ရိုက်ခတ်လာသော အငွေ့တထောင်းထောင်း ထနေသည့် မွှေးရနံ့ကြောင့် ရှဲ့ချီ၏ ခန္ဓာကိုယ်က အရာအားလုံးထက် ပိုရိုးသားနေပြီး သူက တံတွေးကို ဦးစွာ မြိုချလိုက်လေသည်။
ဟုတ်ပြီ၊ အရမ်းမွှေးတာပဲ။
ဤအသားနှပ်ထားသော ဟင်းအိုးကြီးကို ယွီရွေ့ကျူးက အချိန်အတော်ကြာ အသားနှပ်ထားခဲ့ခြင်း ဖြစ်၏။ ဝက်ကလီစာနှပ်သည့် နည်းလမ်းများကိုလည်း ယွီရွေ့ကျူး အရင်က သင်ယူခဲ့ဖူးပြီး ညှီနံ့ပျောက်စေသော ပါဝင်ပစ္စည်းများနှင့် ဟင်းခတ်အမွှေးအကြိုင်များ အပါအဝင် ၎င်းတို့ကို ဈေးထဲတွင် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်လံကြည့်ရှုကာ အသင့်တော်ဆုံးနှင့် အနံ့အပြင်းဆုံးများကို ရွေးချယ်ဝယ်ယူခဲ့ခြင်း ဖြစ်လေသည်။
ဤအရာများကို ကိုင်တွယ်ဖြေရှင်းရသည်မှာ တကယ်ကို ပင်ပန်းလှသည်။ အထူးသဖြင့် ညစ်ပတ်ပြီး ရှုပ်ထွေးသည့် အူများကဲ့သို့ အရာများကို အကြိမ်များစွာ သန့်ရှင်းရေး လုပ်ရန်လိုအပ်သည်။
သို့သော် ယွီရွေ့ကျူးက အလုပ်ရှုပ်သည်ကို မကြောက်ပေ။ ယခု သူမက ဤကဲ့သို့ စိမ်းသက်တဲ့ နေရာမျိုးသို့ရုတ်တရက် ရောက်လာပြီး အကြောင်းပြချက်မရှိဘဲ တခြားသူတစ်ယောက်ရဲ့ မိန်းမ ဖြစ်လာရသည့်အခါ၊ သူမအတွက် လက်ထဲမှာ ပိုက်ဆံနည်းနည်းပါးပါး ကိုင်ထားတာလောက် ဘေးကင်းလုံခြုံမှုပေးနိုင်သည့်အရာ ဘာမျှမရှိပေ။ ဤအသားနှပ်ထားသည့် ဟင်းအိုးက ယွီရွေ့ကျူး သူမကိုယ်သူမအတွက် ပိုက်ဆံနည်းနည်းရှာဖို့ စမ်းသပ်လုပ်ကြည့်တဲ့ ထုတ်ကုန်တစ်ခုသာ။
နွေရာသီ လေပြေများ တိုက်ခတ်လာပြီး အသားနှပ်ထားသော အသားနံ့များကို လမ်းတလျှောက် သယ်ဆောင်လာရာ ပတ်ဝန်းကျင် လမ်းဘေးတွင် လမ်းလျှောက်နေသော ရွာသားများမှာ ချက်ချင်း ရပ်တန့်သွားကြပြီး သူတို့ထဲမှ အများအပြားက မျက်နှာကိုမော့ကာ နှာခေါင်းရှုံ့ပြီး အနံ့ခံကြည့်ကြလေ၏။
"အရမ်းမွှေးတာပဲ"
"ဘာအနံ့လဲ"
ယွီရွေ့ကျူး မထွက်လာခင်ကမှ အိုးကို အပူပေးထားသဖြင့် ဟင်းရည်အရောင်မှာ ရင့်နေပြီး အထဲရှိ အသားနှပ်ထားသော အသားများမှာ အလွန်ပျစ်နှစ်သောအရည်များအဖြစ်ပြောင်း လဲသွားကာ အပေါ်မှ ဂျယ်လီကိုပင် ခံစားနေရသကဲ့သို့ပင် ရှိချေသည်။ သူမ မွှေလိုက်သည့် လှုပ်ရှားမှုနှင့်အတူ အနံ့မှာ ပိုမို ပြင်းထန်လာလေ၏။
ယွီရွေ့ကျူး အချိန်အတော်ကြာ စောင့်နေခဲ့ရသော ရှဲ့ချီနှင့် ဟော်ချန်ယဲ့တို့အား အသားနှပ်ထားသော ဝက်ခြေထောက် တစ်ဝက်ခန့်စီကို စိတ်ရှည်စွာဖြင့် ပေးလိုက်လေသည်။
ရှဲ့ချီမှာ အင်မတန် အရသာရှိလွန်းသဖြင့် စကားပင် မပြောနိုင်တော့ဘဲ အဆက်မပြတ် စားသောက်နေပြီး နောက်ဆုံး လက်ချောင်းကိုပင် အချိန်အတော်ကြာအောင် စုပ်နေရလေ ၏။ မွှေးကြိုင်ပြီး အရသာရှိကာ ညှီနံ့ လုံးဝမရှိဘဲ အသားက မွှေးကြိုင်နေသဖြင့် နံဘေးနား၌ လူသေသွားလျှင်ပင် သိမည်မဟုတ်ပေ။
ဟော်ချန်ယဲ့မှာ ပုံမှန်အားဖြင့် အစားအသောက်ကြီးသူတစ်ယောက် ဖြစ်သော်လည်း ယခုအခါတွင် ယွီရွေ့ကျူး ပေးသည့် ဝက်ခြေထောက်ကို ဝါးစားကာ ပါးစပ်ထဲသို့ နှစ်ခါ သုံးခါဖြင့် ထည့်လိုက်ပြီး ယွီရွေ့ကျူးဘေးရှိ ဒယ်အိုးကြီးကို မှိုင်းညို့နေသော မျက်လုံးများဖြင့် အရိပ်အယောင်မပြဘဲ တစ်ချက်ကြည့်လိုက်လေသည်။
အင်း၊ ထမင်းနည်းနည်းလောက်ရှိရင် သိပ်ကောင်းမှာပဲ၊ ဟင်းရည်ကလည်း အရသာရှိမှာသေချာတယ်။ လေးပန်းကန်လောက် စားနိုင်မယ်ထင်တယ်။
ယွီရွေ့ကျူး သူတို့ကို ကြည့်ကာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။
"အဆင်ပြေရဲ့လား"
ရှဲ့ချီ လက်မထောင်ပြလိုက်လေသည်။ ယွီရွေ့ကျူးမှထံ ဤကဲ့သို့သော လက်ရာမျိုးရှိမည်ဟု သူ မထင်ထားခဲ့ပေ။
သူ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ စုန့်ချင်းရှန်း ငနဲကောင်မှာ မြို့ထဲ တကယ်အဆင်ပြေနေပုံပင်။ ယွီရွေ့ကျူးလိုလက်ရာကောင်းတဲ့သူက နေ့တိုင်း ပြုစုစောင့်ရှောက်ပေးနေမှတော့ မြို့ထဲကနေ တောကို ပြန်မလာချင်တာ အံ့သြစရာမရှိပေ။
ရှဲ့ချီအား အံ့သြစေသည်မှာ ယွီရွေ့ကျူးက ဤအသားနှပ်ထားသည့် ဝက်သားအိုးကြီးကို သေသေချာချာလုပ်လာသော်ငြား သူမက ကိုယ်တိုင်ကိုယ်ကျရောင်းချမယ့် ရည်ရွယ်ချက် ရှိပုံမပေါ်ခြင်း ဖြစ်လေသည်။
သူမက ဘေးနားမှာ ခွေးခြေခုံတစ်ခု ရှာပြီး ထိုင်ကာ အိုးကို တစ်ခါတစ်ရံ ဖြည်းညင်းစွာ မွှေနေပြီးနောက် ကတ်ကြေးကို သုံးကာ ဝက်ကလီစာများကို ဖြည်းညင်းစွာ ကောက်ယူပြီး တစ်ခုချင်းစီကို အနည်းငယ်စီဖြတ်ကာ အသားနှပ်ရည်ထဲတွင် စိမ်ထားလေသည်။
ရှဲ့ချီမှာ နားမလည်နိုင်ဖြစ်ကာ ပါးစပ်ထဲရှိ တံတွေးများကို မြိုချလိုက်ပြီး အသားနံ့ကြောင့် အနီးကပ် မှိုင်းမိနေသော သူ့ဦးနှောက်ထဲတွင် တောက်တောက်စဉ်းထားသော အသားကို စားချင်စိတ်များ ရပ်တန့်သွားလေ၏။
ရုတ်တရက် အသားဆိုင်သို့ အသားလာဝယ်သည့် ဧည့်သည်များ ရောက်လာလေသည်။
သူတို့ရွာမှ ကျောက်ကျစ်ဟွာ အမည်ရှိသော အန်တီကျောက် ဖြစ်၏။ သူမက ကျောက်မီးသွေးဖိုတွင် အလုပ်လုပ်သဖြင့် ရွာရှိ အခြားသူများထက် အတော်လေး အခြေအနေကောင်း မွန်ကာ ပုံမှန်အားဖြင့် အသားဆိုင်သို့ အသားလာဝယ်လေ့ ရှိသည်။
အန်တီကျောက်၏ယောက်ျားက နောက်ဆုံးတော့ပြန်ရောက် လာသဖြင့် သူမ ပြန်သွားပြီး အရသာရှိသည့် တစ်ခုခုလုပ် စားရန် အသားကစ်တီ၀က်ခန့် လာဖြတ်ခြင်း ဖြစ်လေသည်။
သူမက အဝေးကြီးကတည်းက ဤနေရာမှ မွှေးပျံ့သည့် အနံ့ကို ရခဲ့ပြီး အနီးသို့ ရောက်လာချိန်တွင် သူမ တစ်ခါမှ မမြင်ဖူးသည့်၊ အသားအရေ ဖြူဖွေးပြီး ရုပ်ရည်လှပသည့် မိန်းကလေးတစ်ယောက်က အသားဆိုင်ဘေးတွင် ဈေးခင်းထားသည်ကို တွေ့လိုက်ရလေသည်။
ကျောက်ကျစ်ဟွာက တံတွေးမြိုချလိုက်၏။ သူမက ဟော်ချန်ယဲ့ကို ပိုက်ဆံပေးလိုက်ပြီး အသားယူကာ အမြန်ထွက်သွားမည်ဟု တွေးလိုက်လေသည်။ အိမ်ရှိ ပိုက်ဆံများအားလုံးကို သူမယောက်ျားက ရှာဖွေထားခြင်းဖြစ်ပြီး သူမက အပိုမသုံးရဲပေ။ ယောက်ျားဖြစ်သူ ပြန်မလာလျှင် သူမနှင့် ကလေးများကစားရန်ပင် နှမြောနေမည် ဖြစ်လေသည်။
သူ့လက်ထဲရှိ ဓားက ကျောက်ကျစ်ဟွာ ရွေးချယ်ထားသော အသားကို နှစ်ချက် သုံးချက်ဖြင့် လျင်မြန်စွာဖြတ်တောက်လိုက်ပြီး ချိန်ခွင်ပေါ်သို့ ပစ်တင်လိုက်ရာ ကစ်တီ၀က် ကွက်တိဖြစ်ပြီး အပိုအလိုမရှိပေ။ ဘေးရှိ ရှဲ့ချီက အသားအိတ်ကို အမြန်ယူကာ ကျောက်ကျစ်ဟွာထံ ကမ်းပေးရန် ပြင်လိုက်သော်လည်း ယွီရွေ့ကျူးက ရုတ်တရက် တိုးဝင်လာလေသည်။
တချို့လူများက ပေါင်းသင်းဆက်ဆံရေးကောင်း၏၊၊ စကားပြောကောင်း၏၊ ဧည့်သည်များနှင့် စကားစမြည်ပြောနိုင်၍ စီးပွားရေးကောင်းကြသည်။ တချို့လူများကတော့ စကားပြော သိပ်မကျွမ်းကျင်၍ နှိုင်းယှဉ်ကြည့်လျှင် ပိုဆိုး သည်။
ရှဲ့ချီနဲ့ ဟော်ချန်ယဲ့တို့က လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ဥပမာနှစ်ခုပင်။ သို့သော် ယွီရွေ့ကျူးကတော့ သူတို့နှင့် မတူချေ။ သူမ မျက်နှာမှာတောက်ပနေပြီး ကျောက်ကျစ်ဟွာကို ပန်းတစ်ပွင့်ကဲ့သို့ ပြုံးပြလိုက်ရာ အလင်းရောင် အားနည်းသော ဝက်သားဆိုင်နေရာလေးမှာ သူမကြောင့် လင်းထိန်သွားသကဲ့သို့ပင် ဖြစ်နေတော့သည်။
🐽 Chapter 14
သူမက ကျောက်ကျစ်ဟွာ၏လက်ကို ကိုင်လိုက်ပြီး သူမ၏ စကားပြောဟန်မှာ ကြင်နာပြီး သဘာဝကျကာ မရင်းနှီးသော ဧည့်သည်များကို ရင်ဆိုင်ရသည့် ဈေးသည်တစ်ယောက်နှင့် မတူဘဲ အချိန်အတော်ကြာ သိကျွမ်းခဲ့သော ဆွေမျိုးများ၊ သူငယ်ချင်းများနှင့် တူနေလေသည်။ သူမ ကျောက်ကျစ်ဟွာကိုစကားအနည်းငယ်ဖြင့် မြှောက်ပင့်လိုက်ပြီး တစ်ခဏအတွင်း ချီးမွမ်းခန်းဖွင့်လိုက်ရာ ကျောက်ကျစ်ဟွာ၏ မျက်နှာမှာ နီရဲသွားလေ၏။
သူမက ပြုံးကာ ဝက်ကလီစာများကိုကောက်ယူပြီး အပိုင်းအနည်းငယ်စီ ဖြတ်ကာ ထုပ်ပိုးပြီး ကျောက်ကျစ်ဟွာထံ ကမ်းပေးလိုက်လေသည်။
"အန်တီ၊ အန်တီက ကျွန်မတို့ ဝက်သားဆိုင်ရဲ့ဖောက်သည်ဟောင်းဆိုတာ ကျွန်မ သိပါတယ်။ အန်တီက ရွာမှာ နှစ်ပေါင်းများစွာ နေလာခဲ့တာဆိုတော့ ကျွန်မတို့ ချန်ယဲ့ရဲ့ ဝက်သားဆိုင်ကို အမြဲတမ်း အားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။ ဒါ ကျွန်မတို့ရဲ့ထုတ်ကုန်သစ်ပါ၊ အန်တီ မြည်းကြည့်ဖို့ ပေးတာပါ။ နောက်လည်း ခဏခဏလာခဲ့ပါဦးနော်"
ကျောက်ကျစ်ဟွာက ဘယ်တုန်းကများ ဒီလို အခြေအနေမျိုး ကြုံဖူးလို့လဲ။ အသားကတန်ဖိုးကြီးပြီး ပုံမှန်ရက်တွေမှာ ဆီနဲ့ ရေနည်းနည်းပါသည့် အစားအစာဝယ်စားရန်ပင် အချိန်အကြာကြီး စဉ်းစားရသည်။ သို့သော် ဤဝက်ကလီစာမှာ အရမ်းမွှေးနေကာ အရသာရှိမှန်း သိသာလှသည်။ ယွီရွေ့ကျူး သူမအား ပိုက်ဆံမတောင်းဘဲ အလကားတောင် ပေးလိုက်သေး၏။ များများစားစား မဟုတ်သော်လည်း ဒါကပင် အလွန်ကြည်နူးစရာဖြစ်နေသည်။
ယွီရွေ့ကျူးစကားကို ယဉ်ယဉ်ကျေးကျေး ပြောပြီး သူမကို ပြုံးလျက် ပစ္စည်းများပေးလိုက်သဖြင့် ကျောက်ကျစ်ဟွာမှာ အလွန်ကြည်နူးသွားလေသည်။
ဒါက ဟော်ချန်ယဲ့ရဲ့လက်ထပ်ခါစ မိန်းမလေးပဲ၊ ဒီချွေးမလေးက တကယ်ကောင်းသည်ဟု စိတ်ထဲ၌တွေးလိုက်မိ၏။ ကျောက်ကျစ်ဟွာက ကျေးလက်စကားဖြင့် ကျေးဇူးတင်စကား အကြိမ်ကြိမ်ပြောပြီးနောက် ဝက်သားဆိုင်မှ ရှက်ရွံ့စွာ ထွက်ခွာသွားချိန်တွင် ယွီရွေ့ကျူးက ရှဲ့ချီ၏သံသယဖြစ်ဖွယ် အကြည့်ကိုရရှိလိုက်လေသည်။
ရှဲ့ချီ နားမလည်နိုင်ဘဲ သူ့အသားများ အလွန်နာကျင်သွားသလို ခံစားလိုက်ရ၏။
"မရီး၊ ဒါက ရောင်းဖို့ အသားနှပ်လာတာ မဟုတ်ဘူးလား၊ မနေ့ကတော့ တခြားသူတွေကိုပေးဖို့ နှမြောနေပြီး ဒီနေ့ကျတော့ အန်တီကျောက်ကို အလကားပေးလိုက်တာလား၊ ဘယ်လောက် နှမြောစရာကောင်းလိုက်လဲ၊ ဒီလောက် အရသာရှိတဲ့ဟာတွေကို မရောင်းရမှာ ကြောက်ရင် ကျနော်ကိုသာ ပေးလိုက်ပါ၊ ကျနော် စားနိုင်ပါတယ်"
ယွီရွေ့ကျူး သူ့ကို နောက်ပြောင်သည့် မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
"ဘာလို့လဲ၊ နင်က အရင်က တခြားသူတွေအတွက် ဝက်ကလီစာတွေ ပေးခဲ့ဖူးလို့ ငါက တခြားသူတွေကို ပိုပေးလိုက်တာကို နှမြောနေတာလား"
သူမ အလွန် တည်ငြိမ်နေလေ၏။
"စိတ်မပူပါနဲ့၊ နောက်မှ ငါ ကြည့်ရှင်းလိုက်မယ်"
ရှဲ့ချီက တိုးတိုးလေး ချောင်းဟန့်လိုက်ပြီး ငြင်းဆိုချင်သော် လည်း ဘာမျှ မပြောနိုင်တော့ဘဲ ယွီရွေ့ကျူး၏ ပုံစံကို ကြည့်ကာ အလွန် သိချင်စိတ်ပြင်းပြနေပြီး သူမ မည်သည်ကို စောင့်နေသည်ကို မသိပေ။
ဟော်ချန်ယဲ့ သူမကို တစ်ချက်ကြည့်လိုက်သော်လည်း သူ့စိတ်ထဲတွင်တော့ အလွန်ရှင်းလင်းစွာ သိနေလေသည်။
ထင်သည့်အတိုင်းပင်၊ ယွီရွေ့ကျူး ဤစကားပြောပြီး မကြာခင်မှာပဲ အိုးထဲက အသားနှပ်ထားတဲ့ အသားတွေကို အကြိမ်အနည်းငယ်လောက်သာ မွှေလိုက်ရသေး၏။ ကျောက်ကျစ်ဟွာက သူမရဲ့ အင်္ကျီလက်တွေကို နီရဲနေအောင်ပွတ်ရင်း ပြန်ရောက်လာလေသည်။ ရှဲ့ချီမှာ ကြောင်အမ်းသွားရသည်။
"အန်တီကျောက်၊ ဝက်သားထပ်လိုလို့လား၊ ဒါမှမဟုတ် အရင်က ကျွန်တော်တို့ ရောင်းလိုက်တဲ့ ဝက်သားမှာ ပြဿနာ တစ်ခုခု ရှိလို့လား"
ကျောက်ကျစ်ဟွာ လက်ယမ်းကာ ပြောလိုက်၏။
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး"
သူမမျက်နှာမှာ ပိုနီရဲလာပြီး ဘေးရှိ ယွီရွေ့ကျူးကို မော့မကြည့်ဘဲ မနေနိုင်တော့ပေ။
"ငါ့အိမ်သားတွေက ပုံမှန်ဆိုရင် အရက်လေးနည်းနည်းသောက်ရတာ ကြိုက်တယ်လေ၊ နောက်ဆုံးတော့ သူ ပြန်ရောက်လာပြီဆိုတော့ ငါ ဂရုမစိုက်နိုင်တော့ဘူး၊ ခုနက ငါ ယူ သွားတဲ့ အသားနှပ်နည်းနည်းက အရသာရှိတယ်လို့ သူက ပြောတယ်၊ အဲ့ဒါ ငါ၊ ငါ ပြန်ယူသွားဖို့ နည်းနည်းလောက်ထပ်ဝယ်ချင်လို့ပါ"
ယွီရွေ့ကျူး အံ့သြသွားဟန်ဆောင်ကာ သူမ၏ မျက်လုံးများက ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားလေသည်။
"ဟုတ်ကဲ့ပါ အန်တီ၊ ဒါပေမယ့် ကျွန်မ ခုမှ ဒါကို ထုတ်ရောင်းတာဆိုတော့ ဖောက်သည်ဟောင်းတွေကို အကျိုးခံစားခွင့် နည်းနည်းပေးချင်လို့ပါ၊ ကျွန်မက ရောင်းတဲ့နေရာမှာ အတွေ့အကြုံ သိပ်မရှိဘူး၊ အန်တီ ဝယ်မယ်ဆိုရင် ကျွန်မ တတ်နိုင်သလောက် အများကြီးပေးပါ့မယ်၊ လာပါ၊ အန်တီ ဘာလိုချင်လဲ ကြည့်လိုက်ပါဦး။ ဝက်ခြေထောက်၊ ဝက်အသည်း၊ ဝက်အဆုတ်၊ ဝက်နှလုံး၊ အူ အကုန်လုံးရပါတယ်"
သူမက ၎င်းတို့ကို ဇွန်းဖြင့် တစ်ခုချင်းစီ ခပ်ယူကာ ကျောက်ကျစ်ဟွာကို ပြသလိုက်လေသည်။ ကျောက်ကျစ်ဟွာက အနီးသို့ တိုးလာပြီး သွားရည်မကျဘဲ မနေနိုင်တော့ဘဲ လက်ယမ်းပြလိုက်၏။
"ငါ့ကို တစ်မျိုးနည်းနည်းစီသာ ပေးပါ၊ အများကြီးမပေးနဲ့နော်၊ ခုနတုန်းလည်း အလကားထည့်ပေးခဲ့သေးတယ်လေ၊ အများကြီးဆိုရင် ငါ အားနာလို့ပါ"
ယွီရွေ့ကျူး ပြုံးကာ ပြန်ပြောလိုက်လေသည်။
"အဲ့လို ဘယ်ရပါ့မလဲ အန်တီရယ်၊ ကျွန်မတို့က အတူတူ မနေဘူးဆိုပေမယ့် ကိုယ့်မိသားစုတွေလိုပဲလေ၊ ပြီးတော့ အန်တီက ကျွန်မတို့ ဝက်သားဆိုင်ရဲ့ စီးပွားရေးကို အရင်ကတည်း က အားပေးခဲ့တာပဲ မဟုတ်လား"
သူမက တစ်မျိုးနည်းနည်းစီ ဖြတ်ယူပြီး အိတ်ထဲသို့ ထည့်လိုက်ကာ အသားနှပ်ရည်တစ်ဇွန်း ခပ်ထည့်လိုက်ပြီး ကျောက်ကျစ်ဟွာကို သတိပေးရန် မမေ့ခဲ့ပေ။
"အန်တီ၊ ဒီဟင်းရည်ကို မကြိုက်တာမရှိဘူးဆိုရင် ထမင်းပေါ် ဆမ်းစားလိုက်ပါ၊ အရမ်းမွှေးတာနော်၊ ကျွန်မ အန်တီ့ကို ပိုပေးလိုက်မယ်နော်"
ကျောက်ကျစ်ဟွာ အားနာစွာဖြင့် ဟန့်လိုက်သော်လည်း လက်ကမူ လှမ်းယူပြီးသား ဖြစ်နေ၏။
"ဟေ၊ တော်ပြီ၊ တော်ပြီ"
သူမမှာ ဤအသားနှပ်ရည်နှင့် နှပ်ထားသော အသားများ ဖိတ်ကျသွားမည်ကိုစိုးရိမ်သဖြင့် လက်နှစ်ဖက်ဖြင့် အမြန်လှမ်းယူလိုက်ပြီး အစွန်းမှကျလာသော ဟင်းရည်ပေါ်တွင် လက်ချောင်းများကို သုတ်ကာ လှည့်ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။ အရမ်း အရသာရှိလွန်းသဖြင့် သူမ မျက်လုံးများ ကျဉ်းမြောင်းသွားလေ၏။
မွှေးတယ်၊ အရမ်းမွှေးတာပဲ။
သူမက အမြဲတမ်းပြုံးရွှင်နေပြီး နူးညံ့သိမ်မွေ့သော ယွီရွေ့ကျူးကို နောက်လှည့်ကြည့်လိုက်ပြီး ဟော်ချန်ယဲ့ လက်ထပ်ခားသော ဤချွေးမလေးက စိတ်သဘောထား တကယ်ကောင်းပြီး လူကောင်းတစ်ယောက်ဖြစ်ကာ သူမကို ပစ္စည်းများအလုံအလောက်ပေးခဲ့သဖြင့် တကယ်ကောင်းမွန်သော မိန်းကလေးတစ်ယောက်ဟု တွေးလိုက်မိလေသည်။ ယွီရွေ့ကျူးအပေါ် အမြင်ကောင်းများဖြင့် သူမက အသားနှပ်ထားသောအသားများကို ဂရုတစိုက် ယူဆောင်ကာ ပြန်သွားလေ၏။
ရှဲ့ချီမှာ ဤအရာအားလုံးကြောင့် ကြောင်အမ်းသွားလေသည်။
ကျောက်ကျစ်ဟွာမှာ ရွာ၌ နာမည်ကြီးသည့် ချွေတာစု ဆောင်းသူ တစ်ယောက်မှန်းသိထားလေသည်။ အသား ကစ်တီဝက်သားဝယ်ရန် ပုံသေကုန်ကျစရိတ်မှလွဲ၍ ပုံမှန်ဆိုရင် အဝတ်အစားနှင့် ဖိနပ်လေးဝယ်ဖို့ပင် သူမက နှမြောတတ် သည်။ သို့သော် ယခု သူမက ယွီရွေ့ကျူး၏ဝက်ကလီစာကို ပိုက်ဆံပေးပြီး ဝယ်သွားသည်လေ။
ရှဲ့ချီ အံ့သြနေစဉ် နောက်ထပ် ဖောက်သည်တစ်ယောက် သူ့ရှေ့တွင် ပေါ်လာပြီး ဘေးရှိ ယွီရွေ့ကျူးက လှမ်းကြည့်ရန် မျက်လုံးများကို ပေါ့ပေါ့ပါးပါး ပင့်လိုက်ပြီးနောက် ရင်းနှီးကျွမ်းဝင်သော အပြုံးတစ်ခုကိုပြသလိုက်လေသည်။ သူမက ဤဖောက်သည်ကိုလည်း အရင်ကဂရုစိုက်ပြီးပြီဟု ပြောချင်နေသလိုပါပဲ။
ရှဲ့ချီမှာ စကားထစ်မသွားဘဲ မနေနိုင်တော့ပေ။ ဒါက တကယ်ကို အံ့သြစရာကောင်းလှ၏။
မွန်းလွဲပိုင်းတွင် ယွီရွေ့ကျူး ထွက်သွားချိန်၌ ထိုဝက်ကလီစာများအားလုံးကို သူမက ရောင်းချကာ လက်ဆောင်ပေးပြီးသွားလေပြီ။
ရှဲ့ချီက သူမ ပိုက်ဆံရေနေသည်ကို ကြည့်ရင်း အလွန်မနာလိုဖြစ်ကာ မနေနိုင်တော့ပေ။ ယွီရွေ့ကျူး တော်တော်လေး သဘာဝကျလှသည်။ ပိုက်ဆံများကို တစ်ရွက်ချင်းစီသေသေချာချာ ရေတွက်ပြီးနောက် ဟော်ချန်ယဲ့၏ ဆိုင်မှာ ရွေးချယ်မှုများစလုပ်ပြီး နောက်ဆုံးတော့ ဝက်ကလီစာနဲ့ အသားတွေ ပိုယူပြီးထွက်သွားလေ၏။
ရှဲ့ချီ ယနေ့ ယွီရွေ့ကျူး ရောင်းခဲ့တဲ့ အသားနှပ်ထားတဲ့ ဝက်သားကရတဲ့ ပိုက်ဆံများအား မည်သို့ခွဲဝေမည်နည်းဟု စိတ်ထဲ တွေးနေစဥ် ရုတ်တရက် သူ့နားထဲ အနီးအနားက ကလေးကဗျာသံတွေကို ကြားလိုက်ရလေသည်။ သူ ဒေါသထွက်သွား၏။
"အစ်ကိုဟော်၊ ဒီကလေးတွေက တကယ် စိတ်အနှောင့် အယှက် ဖြစ်စရာကောင်းတာပဲ၊ နေ့တိုင်း ဒါတွေကို ဆိုနေတာပဲ၊ မရဘူး၊ ကျွန်တော် ဒီကလေးတွေကို ပညာပေးမှဖြစ်မယ်"
သို့သော် သူ မလှုပ်ရှားခင်မှာပင် ကလေးကဗျာ၏အကြောင်း အရာကို ကြားလိုက်ရချိန်တွင် သူ ချက်ချင်းကြောင်အမ်းသွားလေသည်။ ဘေးရှိ ဟော်ချန်ယဲ့လည်း ခေါင်းမော့လာပြီး သူ့မျက်နှာအမူအရာက အနည်းငယ်ရပ်တန့်သွားလေ၏။