← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

🐽 Chapter 19

ဟော်ချန်ယဲ့က ယွီရွေ့ကျူးသည် မိမိကွယ်ရာတွင် မည်သို့ တွေးနေသည်ကို မသိချေ။ သူက ရေအပူချိန်ကို ချိန်ညှိကာ တံကါးကို ပိတ်လိုက်ပြီး အဝတ်အစား ကြယ်သီးများကို တစ်လုံးချင်းစီ ဖြုတ်ကာ ရေချိုးစည်ပိုင်းထဲတွင် စိမ်လိုက်လေသည်။

အဝတ်အစား ချွတ်ချိန်တွင် ဟော်ချန်ယဲ့က တံခါးဆီသို့ အရိပ်အယောင်မပြဘဲ တစ်ချက်ကြည့်လိုက်ပြီး တံခါးကို တင်းကျပ်စွာ ပိတ်ထားကြောင်းနှင့် လိုက်ကာများကိုလည်း ပိတ်ထားကြောင်း သေချာစေပြီးနောက် အကြည့်ကို ပြန်ရုပ်လိုက်၏။

တံခါးအပြင်ဘက်တွင် မည်သည့် လှုပ်ရှားမှုမျှ မရှိပေ။ ရေအပူချိန်မှာ အလွန် သင့်တော်ပြီး ဟော်ချန်ယဲ့ ရေချိုးစည်ပိုင်းထဲတွင် စိမ်လိုက်ချိန်တွင် ဤအရာမှာ အရင်က သူ အလွန် ရင်းနှီးကျွမ်းဝင်ခဲ့သော အရာဖြစ်သည်မှာ သိသာထင်ရှားသော်လည်း အကြောင်းပြချက်မရှိဘဲ အရင်က အသုံးပြုခဲ့စဉ်ကနှင့် ကွာခြားနေသကဲ့သို့ ခံစားရလေသည်။

သူ ဤရေချိုးစည်ပိုင်းကို ရွှေ့တုန်းက အောက်တွင် ရေများ ရှိနေသေးသလို အထဲတွင်လည်း စိုနေဆဲဖြစ်သည်။ ဒါက ယွီရွေ့ကျူး အရင်ရေချိုးပြီးနောက် ခြေရာလက်ရာများ ကျန်ခဲ့ခြင်းဖြစ်မည်။

ယခုအချိန်တွင် သူ မျက်လုံးမှိတ်ကာ ထိုအထဲတွင် စိမ်နေပြီး နှာခေါင်းက ပုံမှန်မဟုတ်သော တစ်ခုခုကို အနံ့ရနေသကဲ့သို့ ဖြစ်နေလေသည်။

အနည်းငယ် မွှေးပျံ့နေပြီး ပန်းပွင့်ဖတ်များကဲ့သို့ ဖြစ်သော် လည်း ကွာခြားကာ အလွန်မွှေးကြိုင်နေသည်။

ယွီရွေ့ကျူးရဲ့ အနံ့နဲ့ တူနေသည်ဟု သူတွေးမိသွားသည်။

ဟော်ချန်ယဲ့က မျက်လုံးကို ချက်ချင်းဖွင့်လိုက်ပြီး လက်ဝါးများကို ဆုပ်ကာ ပါးလွှာသော နှုတ်ခမ်းများကို စေ့လိုက်လေသည်။

ရက်အနည်းငယ်အတွင်း ယွီရွေ့ကျူးက အိမ်၏အစိတ်အ ပိုင်းတိုင်းတွင် အရာများရှိနေပုံရပြီး ဤရေချိုးစည်ပိုင်းတွင်ပင် သူမ၏ အနံ့က ပိုများနေလေသည်။

ဟော်ချန်ယဲ့ အနည်းငယ် စိတ်ရှုပ်သွားသော်လည်း ဤရေချိုးစည်ပိုင်းကို သူတစ်ယောက်တည်း အသုံးပြုခြင်း မဟုတ်သဖြင့် ဘာမျှ မပြောနိုင်တော့ဘဲ စိတ်ထဲရှိ ခံစားချက်များကို မြိုသိပ်ထားကာ မျက်မှောင်ကြုတ်လျက် ထိုအထဲတွင် ဆက်လက် စိမ်နေလိုက်၏။

ထိုအချိန်တွင် တံခါးကို ခေါက်လိုက်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။

တံခါးအပြင်ဘက်မှ ယွီရွေ့ကျူး၏ ပေါ့ပါးသော အသံက ဆက်တိုက် ထွက်ပေါ်လာ၏။

"ဟော်ချန်ယဲ့၊ ကျွန်မ ခုလေးတင် ပစ္စည်းတစ်ခု ရှင့်အတွက် ယူပေးဖို့ မေ့သွားတယ်၊ ကျွန်မ ဝင်လာခဲ့မယ်နော်"

ယွီရွေ့ကျူး၏ အသံမှာ အလွန် နူးညံ့သော်လည်း ဟော်ချန်ယဲ့က မျက်လုံးများကို ချက်ချင်းပင့်လိုက်ပြီး ရေချိုးစည် ပိုင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေသည်။

ယခုအချိန်တွင် သူက ရေချိုးစည်ပိုင်းထဲတွင် စိမ်နေပြီး ဘာမျှ ဝတ်ဆင်မထားသေးသဖြင့် မျက်နှာမှာ ချက်ချင်းမှိုင်းညို့သွားကာ အေးစက်သော အသံဖြင့် တားဆီးရန် ကြိုးစားလိုက်၏။

"နေဦး..."

ထိုအချိန်၌ အနီးအနားရှိ ကျောက်မိုင်းမှ ဟိန်းထွက်လာသော အသံတစ်ခု ထွက်ပေါ်လာပြီး သူ့အသံကို ဖုံးလွှမ်းသွားလေသည်။

ဟော်ချန်ယဲ့က ယွီရွေ့ကျူးသည် မိမိ၏ငြင်းဆိုမှုကိုကြား လိုက်သလား မသေချာသဖြင့် နောက်တစ်ကြိမ် ပြောရန် ပြင်လိုက်စဉ် တံခါးပွင့်လာသည်ကို တွေ့လိုက်ရ၏။

ယွီရွေ့ကျူး တံခါးကို တွန်းဖွင့်ကာ ဝင်လာလေသည်။ အငွေ့တထောင်းထောင်း ထနေသော အခန်းထဲတွင် အပူချိန်မှာ မြင့်မားနေပြီး သူမက ဝင်လာသည်နှင့် တပြိုင်နက် ဘယ်ညာ နှစ်ချက်ခန့် ကြည့်လိုက်ကာ အကြည့်ကို ရေပုံးထဲသို့ဖြည်း ညင်းစွာ နှိမ့်ချလိုက်လေသည်။

ဟော်ချန်ယဲ့၏ ခုခံကာကွယ်သည့် ပုံစံကို မြင်သောအခါ ယွီရွေ့ကျူးက အသံထွက်ကာ ရယ်မောလိုက်၏။

"ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ၊ ကျွန်မတို့က လင်မယားတွေလေ၊ ကျွန်မက ရှင့်ကို ပစ္စည်းလာပေးရုံသက်သက်ပါ၊ တခြား ဘာမှမဟုတ်ပါဘူး"

ဟော်ချန်ယဲ့၏ ကြွက်သားများမှာ တစ်ကိုယ်လုံး တင်းမာနေပြီး သူမ စကားများကြောင့် သတိဝီရိယကို မလျှော့ချသည်ကိုမြင်သောအခါ ယွီရွေ့ကျူးက အနည်းငယ် တိုးကပ်သွားပြီး အနီရောင် နှုတ်ခမ်းများက ကော့တက်သွားလေသည်။

"ဒါမှမဟုတ် ရှင်က ကျွန်မ တစ်ခုခု လုပ်ဖို့ တကယ် မျှော်လင့်နေတာလား"

ဟော်ချန်ယဲ့၏ ခန္ဓာကိုယ်မှာ သစ်သားရေပုံးထဲတွင် စိမ်ထားပြီး အငွေ့တထောင်းထောင်း ထနေသော အရေပြားမှာ အနည်းငယ် နီရဲကာ ပူနေလေသည်။

ယွီရွေ့ကျူးက ရေပုံးကို ငုံ့ကြည့်လိုက်ရာ မှောင်မည်းနေပြီး တဘက်တစ်ထည်ဖြင့် ဖုံးအုပ်ထားသဖြင့် သူ၏ အသွင် အပြင်ကို သေချာမမြင်ရဘဲ ညှပ်ရိုးအနည်းငယ်သာ အပြင်ဘက်သို့ ထွက်နေလေသည်။

သူမ လက်ချောင်းထိပ်လေးများက ဟော်ချန်ယဲ့လည်ပင်းပေါ်သို့ ဖြည်းညင်းစွာ ကျရောက်သွားပြီး အနည်းငယ်အေးစက်သော အထိအတွေ့က ယခုအချိန်တွင် မျက်နှာပူနေသော ဟော်ချန်ယဲ့ကို ရှင်းလင်းစွာ ခံစားရစေ၏။

သူ တစ်ကိုယ်လုံး တုန်ရီသွားပြီး မှိုင်းညို့နေသော မျက်ဝန်းများက ယခုအချိန်တွင် ပိုပြင်းထန်နေလေသည်။

ပူနွေးပြီး ကျယ်ဝန်းသော လက်ဝါးကြီးတစ်ခုက ရေပုံးထဲမှ ရုတ်တရက် ထွက်လာကာ ယွီရွေ့ကျူး၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်လေသည်။

ဟော်ချန်ယဲ့က အေးစက်စွာ ပြောလိုက်၏။

"မင်း အရင် ထွက်သွား"

ယွီရွေ့ကျူးက သူ့ကို မလန့်သွားဘဲပြုံးကာ ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး လက်ကောက်ဝတ်ကို ဆွဲကာ ဒေါသတကြီး ပြောလိုက်လေသည်။

"ရှင် ကျွန်မကို နာအောင်လုပ်တယ် ဟော်ချန်ယဲ့၊ ကျွန်မက ရှင့်ကို ကျောသုတ်ပေးမလို့ပါ၊ ထိတောင်မထိရသေးဘူး၊ ရှင်က ကျွန်မကို အော်နေတယ်"

သူမက လက်ဝါးကို တိတ်တဆိတ် လှည့်ကာ သွယ်လျသော လက်ချောင်းလေးများဖြင့် ဟော်ချန်ယဲ့၏ လက်ဝါးကို ကုတ်လိုက်၏။

သူသည် ယွီရွေ့ကျူး၏ အရှက်မရှိမှုကို အပြစ်တင်ချင်ပြီး သူမ ရုတ်တရက် ကျူးကျော်ဝင်ရောက်လာမှုကို အပြစ်တင်ချင်သော်လည်း ယွီရွေ့ကျူးက သူ၏ လက်ဝါးကို ဤကဲ့သို့ ကုတ်လိုက်သဖြင့် မျက်ဝန်းများ ပြင်းထန်စွာ တုန်ခါသွားကာ အဆိပ်သင့်သွားသကဲ့သို့ လက်ကို အမြန်လွှတ်ပေးလိုက်လေသည်။

ဟော်ချန်ယဲ့၏ မျက်နှာမှာ ရေနွေးငွေ့ကြောင့်လား ဘာကြောင့်လဲ မသိရချေ။

နားရွက်များက အနည်းငယ်နီရဲနေပြီး မျက်နှာမှာ ဒေါသကြောင့် နီမြန်းနေကာ မှိုင်းညို့နေသောမျက်လုံးများက ယွီရွေ့ကျူးကိုတည့်တည့် စိုက်ကြည့်နေပြီး ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည်ဖြစ်နေလေသည်။

"ယွီရွေ့ကျူး၊ မင်း”

ယွီရွေ့ကျူး သူ့ကို ဆက်မစတော့ပေ။

ဟော်ချန်ယဲ့ အရမ်းဒေါသထွက်ပြီး သူမကို စကားမပြောတော့လျှင် နောင်ကျလျှင် ပျင်းစရာကောင်းမှာကို သူမ ကြောက်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ယွီရွေ့ကျူးက နောက်သို့ တစ်လှမ်းဆုတ်ကာ အနည်းငယ် ပြုံးလိုက်ပြီး လက်ထဲရှိ ပစ္စည်းများကို သေသပ်လှပစွာ ကမ်းပေးလိုက်၏။

"ဟုတ်ပါပြီ၊ တကယ်တော့ ကျွန်မက ရှင့်ကို ပစ္စည်းလာပေးတာ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ တစ်ခုက ကိုယ်တိုက်ဖို့၊ နောက်တစ်ခုက ခေါင်းလျှော်ဖို့၊ မွှေးတယ်၊ ရှင် အရင်က သုံးခဲ့တဲ့ ပစ္စည်းတွေက အရမ်းရိုးရှင်းလွန်းလို့ မနေ့က ကျွန်မ ဝယ်လာတာ၊ ရှင် စမ်းသုံးကြည့်လို့ ရတယ်"

အိမ်မှာ ရှင်းလင်းရေးလုပ်တုန်းက ဟော်ချန်ယဲ့၏ကြမ်းတမ်း သော အသုံးအဆောင်များကိုမြင်ရတော့ သူမ မည်မျှ လန့်သွားလဲဆိုသည်ကို ဘုရားသခင်ပဲ သိပေလိမ့်မည်။

ဒီခေတ်က ၈၀ ပြည့်လွန်နှစ်တွေဆိုတာ သိပေမယ့် တခြားဘယ်သူမှ ဤမျှကြမ်းတမ်သည့် ဘဝမျိုးတွင် မနေကြချေ။ တဘက်တွေက ဖြူဖွေးပြီး အရောင်လွင့်နေကာ အချို့နေရာများတွင် ပေါက်ပြဲနေပြီး အဝတ်လျှော်ဖို့ ဆပ်ပြာမှုန့်တစ်ထုပ်မှလွဲ ပစ္စည်းတွေကို ဆေးကြောစရာ ဘာမှမရှိချေ။

ဆပ်ပြာနှင့် ခေါင်းလျှော်ရည် နှစ်မျိုးလုံးကို ယွီရွေ့ကျူးက မူလကိုယ်ပိုင်ရှင်၏ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ဤအရာများမှာ ဈေးမပေါသဖြင့် ဝယ်ယူချိန်တွင် အနည်း ငယ်နာကျင်ခဲ့သော်လည်း အသားနှပ်များက မကြာမီ ငွေရှာပေးနိုင်တော့မည်ဟု တွေးမိသောအခါ သူမ မနှမြောတော့ပေ။

အသားနှပ်ရောင်း၍ ရလာသော ငွေစက္ကူများကို တွေးမိပြီး ယွီရွေ့ကျူးက ရယ်မောလိုက်ကာ သပ်ရပ်စွာလှည့်ထွက်သွားပြီး ဟော်ချန်ယဲ့ကို တံခါးပိတ်ရန် ကူညီပေးခဲ့၏။

သူမက ရိုးရှင်းစွာလမ်းလျှောက် ထွက်သွားပြီး ဟော်ချန်ယဲ့ကို ထိုနေရာတွင် ချန်ထားခဲ့၏။ သူက ရေချိုးစည်ပိုင်းထဲတွင် စိမ်လျက် ခံစားချက်မဲ့ကာ တောင့်တင်းနေပြီး အချိန်အတော်ကြာမှ သတိပြန်ဝင်လာကာ မျက်နှာမှာ တင်းကျပ်စွာ ကျုံ့သွားပြီး စည်ပိုင်းအားလက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားလေတော့သည်။

ဟော်ချန်ယဲ့က ရှုပ်ထွေးသော ခံစားချက်ဖြင့် သက်ပြင်းပြင်းပြင်း ချလိုက်ပြီး ယွီရွေ့ကျူး ယူလာပေးသော လက်တစ် ကမ်းရှိ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာကို တစ်ချက်ကြည့်လိုက်၏။

ဆပ်ပြာမှာ လက်ဝါးထဲတွင် အနည်းငယ် စိုစွတ်နေပြီး အမြှုပ်အနည်းငယ် ထွက်ကာ အနံ့တစ်မျိုးထွက်ပေါ်နေပြီး အရင်က သူ အသုံးပြုခဲ့သည်နှင့် ကွာခြားလှပေသည်။

ဘေးရှိ ခေါင်းလျှော်ရည်မှ ယွီရွေ့ကျူး၏မွှေးရနံ့ကို ဝိုးတ ဝါးထုတ်လွှင့်နေပြီး ယခင်စည်ပိုင်းထဲရှိ အနံ့နှင့် တူညီသော အနံ့ပင်။

သူ့စိတ်ခံစားချက်မှာ အကြောင်းပြချက်မရှိဘဲ ပိုစိတ်ရှုပ်လာလေသည်။

ယွီရွေ့ကျူး သူ့ကို တဖြည်းဖြည်း ချုပ်ကိုင်လာသလိုမျိုး ခံစားနေရ၏။

ဒါက တမင်သက်သက်လား၊ ဒါမှမဟုတ် သူ့ရဲ့ စိတ်ကူးယဉ်မှုများလား ဆိုသည်ကို သူ မဝေခွဲနိုင်တော့ပေ။

🐽 Chapter 20

ဟော်ချန်ယဲ့ အသံအနည်းငယ်ကြားရုံမျှဖြင့် မျက်လုံးများကို အမြန်ပင့်ကြည့်လိုက်သော်လည်း မီးဖိုချောင်အတွင်းမှ ရေခတ်သံနှင့် ထင်းပေါက်သံမှလွဲ၍ ကျန်အရာအားလုံးမှာ အလွန်တိတ်ဆိတ်နေလေ၏။ ယွီရွေ့ကျူးမှာလည်း တံခါးကို ထပ်မံအတင်းတွန်းမဝင်လာခဲ့ပေ။

ဟော်ချန်ယဲ့ သူ့အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ပြီး ရေပုံးအနားသတ်ကို ဆုပ်ကိုင်ထားသော လက်များကိုလည်း နောက်ဆုံး၌ ဖြည်းဖြည်းချင်း လျှော့ချလိုက်လေသည်။

သူ့ရင်ထဲမှ ခံစားချက်များကို မည်သို့မျှ ဖော်ပြ၍မရနိုင်တော့ပေ။

သို့သော် ယွီရွေ့ကျူးမှာမူ သူ့ကို တမင်သက်သက် ကျီစယ်နေပုံရပြီး သူ အနည်းငယ် တည်ငြိမ်သွားသည်နှင့်တစ်ပြိုင်နက် ရုတ်တရက် ထပ်ပြောလိုက်ပြန်သည်။

"စကားမစပ် ဟော်ချန်ယဲ့၊ ခုနက မေးဖို့ မေ့သွားလို့၊ ရှင့်ကို ရေချိုးရင်း ချေးတွန်းပေးဖို့ အကူအညီလိုဦးမလား"

ပြုံးရွှင်ပြီး သွက်လက်သော အသံမှာ ဟော်ချန်ယဲ့နှင့် အလွန်နီးကပ်နေပြီး တံခါးအပြင်ဘက်၌သာ ရပ်နေသကဲ့သို့ရှိလေ ၏။

ဟော်ချန်ယဲ့ အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

"မလိုဘူး"

"မဝင်လာနဲ့"

သူ တမင်တကာအလေးပေး၍ မှာကြားလိုက်လေ၏။ အပြင်ဘက်ရှိ ယွီရွေ့ကျူး ခပ်ဖွဖွလေး ရယ်မောလိုက်၏။

"ကျွန်မက တခြား ရည်ရွယ်ချက်မရှိပါဘူး၊ ခန္ဓာကိုယ်မှာ ကြွက်သားရှိတဲ့သူတွေက ကျောဘက်ကို ကိုယ့်ဘာသာ ချေးတွန်းရတာ သိပ်အဆင်မပြေဘူးလို့ ကြားဖူးလို့လေ၊ ဘာလို့လဲဆိုတော့ ကျောဘက်က အရေပြားကို သူတို့ မမှီကြဘူးလေ၊ ဒါကြောင့် ကူညီပေးချင်ရုံပါ"

သူမ၏ ခြေသံများသည် အမြန်ထွက်ပေါ်လာပြီး တကယ်ပင် အိမ်ထဲသို့ ပြန်ဝင်သွားသည့် ပုံစံမျိုးဖြစ်လေသည်။ အိမ်အတွင်း၌မူ ဟော်ချန်ယဲ့ တစ်ယောက်တည်း ရေပုံးထဲတွင် စိမ်ရင်း ခံစားချက်မဲ့စွာဖြင့် အတွေးထဲ နစ်နေခဲ့လေ၏။

ကျောဘက်ကို မမှီဘူးတဲ့လား။

ရေပုံးထဲမှ ရေအပူချိန်မှာ အနေတော်ဖြစ်ပြီး ဟော်ချန်ယဲ့၏ ဂျုံရောင်အသားအရေမှာ ရေစိမ်ထားသဖြင့် အနည်းငယ် နီမြန်းနေကာ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ကြွက်သားများမှာ တင်းမာသွားပြီး ချောမွေ့ကာ သန်မာသောကြွက် သားများပေါ်တွင် ရေစက်များမှာ လိမ့်ဆင်းနေလေသည်။

ရေစက်များသည် စိုစွတ်နေသော ဆံပင်ဖျားများမှ တစ်လမ်းလုံး လျှောဆင်းလာပြီး သူ့ရင်ဘတ်မှ သန်မာသော ကြွက် သားများ၊ ဝမ်းဗိုက်မှ ကြွက်သား ၈ တုံးများနှင့် ခါးဘေးရှိ ကြွက်သားလိုင်းများပေါ်မှတစ်ဆင့် ရေချိုးကန်ထဲရှိ ရေများနှင့် အမြန် ရောနှောသွားလေ၏။

ဟော်ချန်ယဲ့ မျက်မှောင်ကြုတ်ကာ သူ့လက်များကို ကျော ဘက်သို့ စမ်းကြည့်လိုက်လေသည်။

ထို့နောက် တကယ်ပင် မမှီကြောင်း သူ သိလိုက်ရ၏။ ကြွက် သားများမှာ အလွန်ကြီးမားလွန်းသဖြင့် လက်မောင်းကို အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် လက်မောင်းကြွက်သားများပါ တင်းမာလာပြီး ကြွက်သားကြီးလေလေ ပိုအဆင်မပြေလေဖြစ်နေလေသည်။

သူ အတော်ကြာအောင် စမ်းကြည့်နေပြီးမှ ဤသို့သော ကလေးဆန်သည့် အပြုအမူကို ခံစားချက်မဲ့စွာဖြင့်ပင် အမြန် လက်လျှော့လိုက်လေ၏။

သူသည် အဘယ်ကြောင့် ယွီရွေ့ကျူး၏ စကားကို တကယ် နားထောင်ကာ အလေးအနက် ထားနေမိပါသနည်း။ ဤနေရာလေး မမှီရုံမျှသာဖြစ်ပြီး မရလျှင်လည်း ချေးမတွန်းတော့ဘဲ နေရုံသာ၊ ကိရိယာများ အသုံးပြု၍ ရသည်ကိုလည်း မေ့နေမိလေသည်။

ဟော်ချန်ယဲ့ နှုတ်ခမ်းကိုစေ့ကာ စိတ်တိုတိုနှင့် မျက်မှောင် ကြုတ်လိုက်၏။

အသက်ကြီးလာလေ ကလေးဆန်လာလေပါတကား။

အိမ်အပြင်ဘက်၌မူ ယွီရွေ့ကျူး ဘေးခန်းမှ လှုပ်ရှားမှုကို တိတ်တိတ်လေး နားစွင့်နေပြီး ဟော်ချန်ယဲ့၏အသံ ထပ်မံမကြားရတော့သည့်အခါ မျက်ခုံးပင့်လိုက်လေသည်။ သူမ၏ အနီရောင် နှုတ်ခမ်းလေးများသည် အနည်းငယ်ကော့တက်သွား၏။

"တကယ်ကို ပျင်းစရာကောင်းတာပဲ၊ ကျောလေးတိုက်ပေးမယ်ဆိုတာကိုတောင် ကျေးဇူးမတင်တတ်ဘူး"

သူမ လက်ကို ဖြန့်လိုက်ပြီး ခုနက ဝင်သွားစဉ်က မြင်လိုက်ရသည့် အကြည့်နှစ်ချက်ကို ပြန်တွေးနေမိလေ၏။ ရေမျက်နှာ ပြင်ပေါ်တွင် သိပ်ရှင်းရှင်းလင်းလင်း မမြင်လိုက်ရသဖြင့် ဘာတွေဖြစ်နေသည်ကို သူမ မသိရှိပေ။

ယခုခေတ် လူမမြင်ရဘဲ လက်ထပ်ပေးစားသည့် စနစ်မှာ တကယ်ပင် ဆိုးရွားလှပြီး မိမိ၏ဖူးစာရှင် အခြေအနေမှာ မည်သို့ရှိသည်ကိုပင် မသိဘဲ ဤအတိုင်း လက်ထပ်လိုက်ရလေသည်။

အကယ်၍ အဖော်က ကျန်းမာရေး ကောင်းလျှင်တော့ တော်သေးသည်၊ မတော်လိုများ တစ်ခုခုချို့ယွင်းနေပါက မည်သို့လုပ်မည်နည်း။

ယွီရွေ့ကျူး ယောကျ်ားတစ်ယောက်၏ နှာခေါင်းကြီးလျှင် တစ်နေရာရာ၌ ပိုသန်မာသည်ဟု ကြားဖူးသည်ကို သတိရသွားလေ၏။

ဟော်ချန်ယဲ့၏နှာတံမှာ တော်တော်လေးမြင့်သဖြင့် ဘာပြဿနာမှ မရှိလောက်ပါဟု တွေးမိ၏။

သို့သော်လည်း ဤစကားမှာ အမြဲတမ်း မှန်သည်မှ မဟုတ်ဘဲ လုပ်ကြံပြောထားခြင်းလည်းဖြစ်နိုင်ကာ သစ်ပင်ကြီးအောက် ၌ ငရုတ်သီးပုလေးများ ဖြစ်နေသည်မျိုးလည်း ရှိနိုင်ပေသည်။

မူလကိုယ်ပိုင်ရှင်ကြောင့်ဟု အကြောင်းပြချက် ရှိနေသော် လည်း သူမကဲ့သို့ လှပသော မိန်းကလေးတစ်ဦးက သူနှင့် တစ်အိပ်ရာတည်း အတူအိပ်နေသည်ကို သူသည် ဘာစကားမှ မပြောဘဲ စက်ဆုပ်သကဲ့သို့ တွန်းထုတ်နေကာ အမြဲတမ်းလည်း သူမကို အေးစက်စက်နှင့် ကြည့်နေလေ၏။

အကယ်၍ တစ်ခုခု ချို့ယွင်းနေလျှင် တကယ်ပြဿနာရှိနေသလား။

ယွီရွေ့ကျူးအမူအရာမှာ သိမ်မွေ့သွားပြီး အရှေ့ဘက် အခန်းကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။

နှမြောစရာကောင်းလှသည်၊ အထဲဝင်၍ အခြေအနေကို သွားကြည့်၍လည်း မရ၊ စစ်ဆေး၍လည်း မရပေ။

ဟေး၊ လူအချင်းချင်းကြားမှာ ဒီလောက်လေးတောင် ဘာလို့ ယုံကြည်မှု မရှိရတာလဲ။

ကျွန်မကို သူခိုးလိုမျိုး စောင့်ကြည့်နေတာက မကောင်းဘူး၊ လုံးဝ မကောင်းဘူးနော်။

ယွီရွေ့ကျူး ခေါင်းခါလိုက်ပြီး ရေတစ်ခွက် ငှဲ့သောက်ကာ လှည့်၍ အိုးအတွင်းမှ အစားအစာအားလုံးကို စားပွဲပေါ် တင်လိုက်လေ၏။

ညနေခင်းတွင် သူမသည် ကျန်နေသည့် အသားနှပ်ကို ပြန်နွှေးပြီး ခရမ်းသီး ငရုတ်သီးကြော်နှင့် သခွားသီးအသုပ်တို့ဖြင့် စားပွဲပေါ်၌ အငွေ့တထောင်းထောင်း ဖြစ်နေလေသည်။ ဟင်းများသည် ရိုးရှင်းသော်လည်း အားလုံးမှာ အမှန်ပင် ခံတွင်းမြိန်စရာများ ဖြစ်ကြ၏။

ယွီရွေ့ကျူး ကိုယ်တိုင်လည်း တစ်နေ့လုံး အလုပ်များနေသဖြင့် ယခုအခါ ဗိုက်ဆာနေပြီ ဖြစ်ရာ ဟော်ချန်ယဲ့မှာလည်း ဆေးကြောနေဆဲဖြစ်သဖြင့် သူမ အရင်စားလိုက်လေသည်။

ဟော်ချန်ယဲ့ ရေချိုးခန်းမှ ထွက်လာသည့်အခါ သူ့ဆံပင်များသည် စိုနေပြီး ရေစက်များ ကျနေဆဲဖြစ်ကာ တဘက်နှင့် အုပ်၍ ဖြည်းဖြည်းချင်း သုတ်နေလေ၏။

သူ အနောက်ဘက် အခန်းထဲသို့ တံခါးတွန်းဝင်လိုက်သည့်အခါ အစားအသောက်နံ့များ ရလိုက်ပြီး ယွီရွေ့ကျူး ခန်ပေါ်တွင် ထိုင်ကာ နောက်ဆုံး ထမင်းတစ်လုတ်ကို စားနေသည်ကို တွေ့လိုက်ရ၏။

သူမ ခေါင်းမော့ပြီး ခပ်ဖွဖွလေး ပြုံးလိုက်ကာပြောလာသည်။

"ရေချိုးပြီးပြီလား၊ ကျွန်မ ဗိုက်ဆာလို့ အရင်စားလိုက်ပြီ၊ ရှင့်အတွက် ချန်ထားပေးတယ်၊ စားလိုက်တော့"

“အင်း”

ဟော်ချန်ယဲ့လည်း အမှန်ကို ဗိုက်ဆာနေသဖြင့် သူ လက်ခံကြောင်း အသံပြုကာ စားပွဲ၌ ထိုင်စားလိုက်လေသည်။

ပြောရမည်ဆိုလျှင် ယွီရွေ့ကျူးရောက်လာကတည်းက အိမ် ၏စားသောက်မှုမှာ တကယ်ပင် သိသိသာသာ ပြောင်းလဲသွားခဲ့လေ၏။

ယခုဆိုလျှင် စားပွဲပေါ်၌ လတ်ဆတ်ပြီး အရသာရှိသော ဟင်းလျာများဖြင့် ပြည့်နေကာ ဟော်ချန်ယဲ့မှာ ထမင်းအများကြီး စားနိုင်သူဖြစ်သဖြင့် အများကြီးစားလိုက်ရာတွင် သူ့အရသာခံအာရုံများမှာ အထူးကျေနပ်သွားလေသည်။

ရေချိုးပြီးနောက် အလွန် ဗိုက်ဆာနေ၍လား မသိသော်လည်း ယွီရွေ့ကျူး ချန်ထားပေးသော အစားအစာများသည် သူ စားရန် မလောက်ငှသကဲ့သို့ ဖြစ်နေလေ၏။

ယွီရွေ့ကျူး သူ ထမင်းတစ်ပန်းကန်ပြီး တစ်ပန်းကန် ခပ်စားနေသည်ကို ကြည့်နေမိသည်။ ခရမ်းသီးကြော် ပန်းကန်ကုန်သွားပြီး ဟင်းရည်ကိုလည်း မချန်ဘဲ ဟော်ချန်ယဲ့က ထမင်းပန်းကန်ထဲ တိုက်ရိုက် လောင်းထည့်ကာ စေးကပ်နေသည့် အသားနှပ်ရည်များနှင့် ရောနယ်လိုက်လေသည်။

သခွားသီးအသုပ်မှာမူ ယွီရွေ့ကျူး သခွားသီးကို အမျှင်လေးများ လှီး၍ ကြက်သွန်ဖြူထောင်းထည့်ကာ ပြုတ်ထားသော ခေါက်ဆွဲဖတ် အနည်းငယ် ထည့်ထားခြင်းဖြစ်၏။

ယခုခေတ်တွင် ခေါက်ဆွဲအနုများ မရှိသေးပုံရသော်လည်း ဤအကြမ်းဖတ်မှာလည်း အရသာရှိပြီး အချဉ်အစပ် ယနယ်ထားသဖြင့် ခံတွင်းမြိန်စေကာ စားလေ စားချင်လေ ဖြစ်နေလေသည်။

ယွီရွေ့ကျူး သခွားသီးသုပ်ကို အနည်းငယ်မျှသာ စားလိုက်ရပြီး ကျန်သည့် ပန်းကန်အကြီးကြီးကို ဟော်ချန်ယဲ့ကသာ အကုန်စားလိုက်လေ၏။

ထမင်းအနည်းငယ် စားပြီးနောက် သူ မျက်လုံးပင့်ကြည့်ပြီး ယွီရွေ့ကျူးကို သူ့မည်းနက်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ မေးလိုက်၏။

"တခြား ဘာရှိသေးလဲ"

ယွီရွေ့ကျူးမှာ ဆွံ့အသွားရ၏။

ပင်ပန်းသည့် အလုပ်လုပ်ရသူများသည် ဤမျှအထိ အစားကြီးသည်လား သို့မဟုတ် ဟော်ချန်ယဲ့ တစ်ယောက်တည်းသာ ဤမျှ စားနိုင်သည်လား မသိတော့ပေ။

သူမ သူ့ကို တစ်ချက်ကြည့်ပြီး သူမ၏ထမင်းပန်းကန်ကို ဟော်ချန်ယဲ့ဘက်သို့ ဖြည်းဖြည်းချင်း တွန်းပေးလိုက်သည်။

"ကျွန်မ ဒီတစ်ပန်းကန် မကုန်သေးဘူး၊ ရှင် ယူမလား"

ယွီရွေ့ကျူး အစားနည်းသူဖြစ်ပြီး ဗိုက်ဆာနေသော်လည်း သူမ စားနိုင်သည်မှာ အနည်းငယ်မျှသာ ဖြစ်ကာ ယနေ့တွင် သူမ အလွန် ဗိုက်ဆာသည်ဟု ထင်သဖြင့် အနည်းငယ် ပိုခပ်မိခြင်း ဖြစ်လေသည်။

ရလဒ်အနေဖြင့် ထမင်းတစ်ဝက် ကျန်နေ၏။

မူလကမူ ဤထမင်းကျန်ကို မနက်ဖြန်မှ စားမည်ဟု စဉ်းစားထားသော်လည်း ယနေ့ ဟော်ချန်ယဲ့မှာ ဗိုက်မဝသေးသည့် ပုံစံပေါ်သဖြင့် သူ့အား ပေးလိုက်ရလေသည်။

ဟော်ချန်ယဲ့ ခေတ္တ ရပ်တန့်သွားလေသည်။

တခြားသူ စားလက်စ အကြွင်းအကျန်ကို စားရန်မှာ လူအများစု လက်မခံနိုင်သော ကိစ္စဖြစ်ပြီး သူနှင့် ယွီရွေ့ကျူးကြားရှိ ဆက်ဆံရေးတွင်ဆိုလျှင် ပို၍ပင် ပြောစရာ မလိုတော့ပေ။

မိဘနှင့် လူကြီးများမှလွဲ၍ ယောကျ်ားနှင့် မိန်းမကြားတွင် တစ်ယောက်၏ အကြွင်းအကျန်ကို တစ်ယောက်က စားသည်မှာ သဘာဝကျကျပင် ရင်းနှီးလွန်းသည့် ခံစားချက် ပါနေသဖြင့် ဟော်ချန်ယဲ့အတွက်မူ သိပ်၍ လက်ခံနိုင်စရာ မရှိပေ။

သူ တခြားသူ၏ အကြွင်းအကျန်ကို တစ်ခါမျှ မစားဖူးခဲ့ပေ။

သို့သော် သူ ယနေ့ အတော်လေး ဗိုက်ဆာနေပြီး တကယ်ကို ဗိုက်မဝသေးသည့်အပြင် ယွီရွေ့ကျူး၏ ထမင်းတစ်ဝက်မှာလည်း မညစ်ပတ်ဘဲ သန့်ရှင်းနေလေ၏။

ဟော်ချန်ယဲ့ မျက်မှောင်ကြုတ်ကာ အနည်းငယ် တွေဝေသွား၏။

သူ ထမင်းကို ဘာစကားမျှ မပြောဘဲ စိုက်ကြည့်နေသည်ကို မြင်လျှင် ယွီရွေ့ကျူး နှုတ်ခမ်းကို အနည်းငယ် ပင့်လိုက်ပြီး တမင်သက်သက် ပြောလိုက်သည်။

"ဒါမှ မလောက်သေးရင်၊ ကျွန်မ ရှင့်အတွက် မုန့် တစ်ခု ထပ်ဖုတ်ပေးရမလား"

"မလိုဘူး”

All Chapters